အခန်း (၂၉) ပထမကမ္ဘာ
ကျင်းယွီသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရှုံ့တွလာပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်း သူတို့ကို မင်း သဘောကျ ခေါ်သွားလို့ရမယ် ထင်နေတာလား"
“နင်ပဲ သူတို့ကို ထွက်သွားခိုင်းခဲ့တာ မဟုတ်ဘူးလား" ဆုန်ကျူယောင်က ပြန်လည်ချေပလိုက်သည်။
“ငါ ထွက်သွားစေချင်တဲ့အချိန်ကျမှ သူတို့ ထွက်သွားလို့ရမယ်။ ငါ မထွက်သွားစေချင်ဘူးဆိုရင်တော့ ဘယ်သူမှ ထွက်မသွားရဘူး" ကျင်းယွီက ပြန်ပြောလိုက်သည်။
အထူးဝင်ခွင့်ရ ကျောင်းသားများသည် ကျင်းယွီကို ဒေါသတကြီး စိုက်ကြည့်နေလာသည်။ ရန်ပွဲဖြစ်ပြီး စိတ်လွတ်ကိုယ်လွတ် ပေါက်ကွဲပြီးခါမှ ဆုန်ကျူယောင် ပြန်လည်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့၏ ပြိုလဲလုဆဲဆဲ ကမ္ဘာကြီး ခေတ္တရပ်တန့်သွားခဲ့ပြီး မျှော်လင့်ချက် ရောင်ခြည်တစ်ခုသည် စိတ်ပျက်အားငယ်မှုနှင့် အမှောင်ထု ဖုံးလွှမ်းနေသော ၎င်းတို့၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားများ ပြန်လည်ပွင့်လန်းလာပြီးနောက်၊ ကျင်းယွီသည် ၎င်းတို့ကို ဆပ်ကပ်ထဲမှ မျောက်များကဲ့သို့ တမင်တကာ တစ်ယောက်နှင့်တစ်ယောက် ရန်တိုက်ပေးကာ ကစားနေခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အားလုံး သဘောပေါက်သွားကြသည်။ ပြီးနောက် ၎င်းတို့ကလည်း သူ၏ ထောင်ချောက်ထဲသို့ တည့်တည့်ကြီး တိုးဝင်သွားခဲ့ကြသည်။
လီကျောက်သည် မျက်နှာဖြူဖျော့စွာဖြင့် ဆုန်ကျူယောင်အနားသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။
“စီနီယာအစ်မ... ညီမတို့မှာက ကျောင်းနဲ့ ချုပ်ထားတဲ့ သဘောတူညီချက် ရှိတယ်...”
ကျင်းခယ့်အကယ်ဒမီသည် ဤအထူးဝင်ခွင့်ရ ကျောင်းသားများကို ပိုက်ဆံအမြောက်အမြား ထောက်ပံ့ပေးခဲ့ခြင်းမှာ အလှူဒါန သဘောမျိုးကြောင့်မဟုတ်ဘဲ ကျောင်း၏ တက္ကသိုလ်ဝင်ခွင့် အောင်ချက်နှုန်းကို မြှင့်တင်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ဤကျောင်းသားများ လမ်းခုလတ်တွင် ကျောင်းမပြောင်းရန်၊ စာမေးပွဲတွင် အမှတ်မကျရန် သို့မဟုတ် နာမည်ကြီး တက္ကသိုလ်တစ်ခုခုသို့ ဝင်ခွင့်မရဘဲ နောက်ကျမကျန်ခဲ့စေရန်အတွက် ကျောင်းဝင်ကတည်းက သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ ထိုစာချုပ်တွင် အကယ်၍ ၎င်းတို့သာ ပညာသင်နှစ်ဝက်အတွင်း ကျောင်းပြောင်းခြင်း၊ စာမေးပွဲအမှတ်များ သိသိသာသာ ကျဆင်းခြင်း သို့မဟုတ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရလဒ်မကောင်းခြင်းများ ရှိခဲ့ပါက အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ၎င်းတို့သည် သုံးနှစ်တာကာလအတွင်း ကျောင်းမှ ရရှိခဲ့သမျှ အရာအားလုံးကို ပြန်လည်ပေးချေရမည် ဖြစ်သည်။ ထို့ကြောင့် ကျောင်းဘက်က ၎င်းတို့ကို ထုတ်ပယ်ပိုင်ခွင့် အာဏာရှိသော်လည်း၊ ကျောင်းသားများ ကိုယ်တိုင်ကမူ မိမိသဘောဖြင့် ကျောင်းထွက်ခွင့် မရှိပေ။
“အစ်မ သိပါတယ်" ဆုန်ကျူယောင်က သူမ၏ ဖုန်းကို အိတ်ကပ်ထဲမှ အေးအေးဆေးဆေး ထုတ်ယူလိုက်ရာ၊ ဖုန်းမျက်နှာပြင်ပေါ်တွင် အသံဖမ်းယူနေသည့် အခြေအနေ ပေါ်နေသည်။ သူမသည် ကျင်းယွီကို မည်သည့်ခံစားချက်မျှမပါဘဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျင်းခယ့်အကယ်ဒမီက အထူးဝင်ခွင့်ရကျောင်းသားတွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တွေကိုသာ လူထုဆီ ချပြလိုက်ရင် ဒီကျောင်းနဲ့ ရှင်တို့ မိသားစုပါ ပြည်သူလူထုဆီက ပြင်းထန်တဲ့ ဝေဖန်မှုကို ခံရလိမ့်မယ်။ ရှင့်တို့ရဲ့ သဘောတူညီချက်က ဥပဒေအရ အကျုံးဝင်နိုင်ပေမယ့် ရှင့်တို့ ဒီကျောင်းသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းတာ၊ တမင်တကာ နာကျင်အောင်လုပ်တာ၊ အကျပ်ကိုင်တာနဲ့ စိတ်ပိုင်းဆိုင်ရာ စော်ကားတာတွေကို နှိုင်းယှဉ်ကြည့်ရင်... တရားသူကြီးက ဘယ်လို စီရင်ချက်မျိုး ချမှတ်မယ်ထင်လဲ၊ ရှင် စမ်းကြည့်ချင်လား"
သက်သေခံရန် လိုအပ်သည့် အထူးဝင်ခွင့်ရ ကျောင်းသားအနည်းငယ်နှင့်အတူ ဆုန်ကျူယောင်၏ သက်သေထွက်ဆိုချက်၊ ၎င်းအပြင် အသံဖမ်းယူထားသည့် သက်သေအထောက်အထားများ ပေါင်းစပ်လိုက်ပါက၊ ကျင်းခယ့်အကယ်ဒမီ၏ အရှုပ်တော်ပုံသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟိုးလေးတကျော်ဖြစ်ကာ သတင်းစာမျက်နှာများတွင် နေရာယူလာမည် ဖြစ်သည်။ သို့သော် အကြီးမားဆုံး ဆုံးရှုံးမည့်သူမှာ ဘာမှဆုံးရှုံးစရာ မရှိတော့သည့် အထူးဝင်ခွင့်ရ ကျောင်းသားများ မဟုတ်ပေ။ ကျင်းယွီ၏ မျက်နှာသည် ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ သူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“မင်း သူတို့ဘက်ကနေ အရာအားလုံးကို ဖြေရှင်းပေးနိုင်ခဲ့ရင်တောင် သူတို့ကို ဒီအတိုင်း ခေါ်သွားလို့ရမယ် ထင်နေတာလား။ နားထောင်ကြ၊ ဒီမှာပဲ ဆက်နေဖို့ ရွေးချယ်တဲ့လူတွေကို ငါ့ဘက်က ပညာသင်ဆု နှစ်ဆ တိုးပေးမယ်"
သူသည် ၎င်းတို့၏ အားနည်းချက်ဖြစ်သော ဆင်းရဲမွဲတေမှုကို အသေအချာ သိထားသည်။ မပြည့်စုံသော လူတစ်စုသည် ငွေကြေး၏ မက်လုံးကို မည်သို့ တွန်းလှန်နိုင်မည်နည်း။ သူ ယခင်က ၎င်းတို့ကို လှည့်စားခဲ့လျှင်ပင် မည်သို့အရေးကြီးမည်နည်း။ ပိုက်ဆံ ပိုပေးလိုက်မည်ဆိုလျှင် အရာအားလုံး ပြေလည်သွားမည် မဟုတ်လေသလော။ ၎င်းတို့ ယခင်က ကြုံတွေ့ခဲ့ရသမျှ ပြဿနာအားလုံးသည် ကျင်းခယ့်အကယ်ဒမီမှ ထွက်သွားပါက၊ ထောက်ပံ့ကြေးမရှိတော့မည့်အချက်ကို စိုးရိမ်နေခြင်းကြောင့် မဟုတ်လေသလော။
[အခုအချိန်အထိတောင် လူတွေကို စော်ကားဖို့ ပိုက်ဆံကို သုံးနေတုန်းပဲ။ ကျင်းယွီက တကယ် ရွံစရာကောင်းတယ်၊ ငါ သည်းမခံနိုင်တော့ဘူး!]
[သူ့မျက်နှာကို ပိုက်ဆံနဲ့လုပ်ထားတဲ့ အုတ်ခဲနဲ့သာ ကောက်ထုပစ်လိုက်ချင်တော့တယ၊ အား…!!!]
[ဒါပေမယ့် ဒီမက်လုံးက တကယ်လည်း ပြင်းထန်တယ်။ ငါသာဆိုရင်လည်း... ဒီမှာပဲ ဆက်နေမိမလားမသိဘူး]
[ကျေးဇူးပြုပြီး ဆက်မနေကြပါနဲ့၊ ကလေးတို့ရေ... မင်းတို့ရဲ့ သိက္ခာကို စွန့်မပစ်ကြပါနဲ့။ မားမားမတ်မတ် ရပ်တည်ကြစမ်းပါ၊ မင်းတို့ရဲ့ စီနီယာအစ်မ ကျူယောင်က မင်းတို့အတွက် အရာအားလုံးကို စီစဉ်ပေးပြီးသားပါ!]
အထူးဝင်ခွင့်ရ ကျောင်းသားများသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ အကြည့်ချင်း ဖလှယ်ပြီးနောက် စိတ်မသက်မသာဖြစ်မှုနှင့် ရှုပ်ထွေးလှသော ခံစားချက်များ ပြန်လည် ပျံ့နှံ့သွားခဲ့ပြန်သည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ၎င်းတို့သည် ကျင်းယွီ၏ ကစားခြင်းခံခဲ့ရသဖြင့် ကိုယ်ကျိုးအတွက် တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကာ သိက္ခာတရားများကို စွန့်လွှတ်ခဲ့ကြသည်။ ၎င်းတို့သည် မကြာသေးမီကပင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြသေးသည်။ ယခုအခါ နံပါတ်တစ်အထက်တန်းကျောင်းသို့ အတူတူ ပြောင်းရွှေ့ကြလျှင်ပင် ပျော်စရာကောင်းသည့် အတွေ့အကြုံမျိုး ရလိမ့်မည်ဟု အာမမခံနိုင်ပေ။ အကယ်၍ ဆုန်ကျူယောင်သာ ၎င်းတို့၏ စရိုက်အမှန်ကို သိသွားခဲ့လျှင် ၎င်းတို့ကို ကူညီဖို့ နေနေသာသာ လှည့်ပင် ကြည့်မည် မဟုတ်ပေ။
ဒါက တကယ်... ရှက်ဖို့ကောင်းလွန်းတယ်
မိမိတို့ကိုယ်တိုင်ပင် မိမိတို့၏ လုပ်ရပ်များအတွက် ထိတ်လန့်မိသည်။ ၎င်းတို့သည် အခြေခံအားဖြင့် ဤမျှအထိ ရုပ်ဆိုးလှသော သတ္တဝါများ ဖြစ်ကြသလော။ အကျပ်အတည်း ကြုံလာရသည့် အချိန်တွင် ဤမျှအထိ အောက်တန်းကျသွားကြသလား။ ဆုန်ကျူယောင်သည် ထိုအသက်ရှူကျပ်ဖွယ် တိတ်ဆိတ်မှုကြီးအတွင်း စင်မြင့်ထက်သို့ လျှောက်လှမ်းသွားသည်။ အားလုံးက သူမကို မော့မကြည့်ဘဲ မနေနိုင်ကြပေ။
“အားလုံးပဲ... အစ်မမှာ ဒီကျောင်းရဲ့ အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိပါဘူး။ အစ်မတို့ တစ်ယောက်ချင်းစီက ဘဝတစ်လျှောက်လုံး ရွေးချယ်စရာပေါင်းများစွာနဲ့ ရင်ဆိုင်ရမှာ၊ အစ်မကတော့ မင်းတို့အတွက် အခြားရွေးချယ်စရာ လမ်းကြောင်းတစ်ခုရှိအောင် အစွမ်းကုန် လုပ်ဆောင်ပေးရုံပါပဲ။ ဘယ်လို ဆက်လျှောက်မလဲဆိုတာကိုတော့ အစ်မဘက်က ဆုံးဖြတ်ချက် မချပေးပါဘူး။ အစ်မက ကျင်းခယ့်အကယ်ဒမီမှာ ထာဝရ ရှိနေမှာ မဟုတ်သလို၊ မင်းတို့ကလည်း အမြဲတမ်း သူတစ်ပါးရဲ့ အကူအညီကိုပဲ မျှော်လင့်နေလို့မရဘူး။ အချို့အခွင့်အရေးတွေက တစ်ကြိမ်ပဲ လာတတ်တာမို့လို့ ဆုံးဖြတ်ချက် မချခင် သေချာ စဉ်းစားကြဖို့ တိုက်တွန်းချင်ပါတယ်၊ မင်းတို့ဘက်က ဘယ်လိုပဲ ရွေးချယ်ပါစေ အစ်မက လက်ခံမှာပါ"
ဆုန်ကျူယောင်၏ အသံသည် ညင်သာပြီး ပြတ်သားလှရာ၊ ၎င်းတို့၏ နှလုံးသားထဲအထိ စီးဆင်းသွားသည့် စမ်းရေအလား စိတ်ကို တည်ငြိမ်စေသော စွမ်းအင်များ ပါဝင်နေသည်။
“အစ်မ မျှော်လင့်တာတစ်ခုကတော့... ဒီတစ်ခုကို မှတ်မိနေဖို့ပါပဲ။ တကယ်လို့ ကောင်းကင်ကြီး မှောင်မိုက်သွားခဲ့ရင်တောင် အမှောင်ရိပ်ထဲမှာပဲ ရှင်သန်အောင် နေပါ၊ တကယ်လို့ အမှန်တရားကို ဖွင့်ဟပြောဆိုတာက မင်းတို့ကို အန္တရာယ်ဖြစ်စေမယ်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ နေသွားပါ၊ တကယ်လို့ မင်းတို့မှာ လင်းလက်တောက်ပနိုင်တဲ့ အစွမ်းမရှိဘူးလို့ ခံစားရရင် ထောင့်တစ်နေရာမှာပဲ ပုန်းကွယ်နေပါ။ ဒါပေမယ့် ဒီလိုအမှောင်ထုထဲမှာ နေသားကျသွားရုံနဲ့ အမှောင်ထုဘက်ကနေ ကာကွယ်တိုက်ခိုက်ပေးဖို့ မလုပ်လိုက်ပါနဲ့၊ ကိုယ့်ရဲ့ အလျှော့ပေးမှုမှာ သာယာမနေပါနဲ့၊ ကိုယ့်ထက် ပိုသတ္တိရှိပြီး တက်ကြွတဲ့လူတွေကိုလည်း လှောင်ပြောင်တာမျိုး မလုပ်ပါနဲ့။ အစ်မတို့တွေ ဖုန်မှုန့်တွေလို နိမ့်ကျနိုင်ပေမယ့် လောက်ကောင်တွေလိုတော့ စိတ်ဓာတ်တွေ ကွေးကောက်မနေသင့်ဘူး"
သူမ၏ စကားများ ပဲ့တင်ထပ်သွားသည်နှင့်အမျှ သူမ၏ အကြည့်များ အချို့သော အထူးဝင်ခွင့်ရ ကျောင်းသားများဆီ ရောက်ရှိသွားသည်။ ထိုလူများသည် ခဏမျှ ကြောင်အသွားပြီးနောက် ရှက်ရွံ့စွာဖြင့် ခေါင်းကို အောက်သို့ ငုံ့ချလိုက်ကြသည်။ သူမ သိနေခဲ့သည်၊ ၎င်းတို့သည် ယခုရက်ပိုင်းအတွင်း ကိုယ့်ကိုယ်ကျိုးအတွက် မည်ကဲ့သို့သော မိစ္ဆာကောင်များ ဖြစ်သွားခဲ့သည်ကို သူမ သိနေခဲ့သည်။ သို့သော် ထိုအရာကို သိနေပါလျက်နှင့် သူမက ယခုတိုင် ငဲ့ညှာနေဆဲဖြစ်ပြီး ထိုအချက်ကြောင့် ၎င်းတို့ကို စွန့်ပစ်မသွားခဲ့ပေ…
ထိုမိန်းကလေးသည် နေရောင်ခြည်အောက်တွင် မတ်မတ်ရပ်ပြီး နေမင်းကြီးထက်ပင် ပိုမိုလင်းလက်တောက်ပနေပုံရသည်။ သူမ၏ အဝတ်အစားများ လေတိုက်ခတ်မှုကြောင့် လှုပ်ခတ်သွားပုံ သို့မဟုတ် သူမ၏ ဆံနွယ်လေးများ လေထဲတွင် ဝဲပျံနေပုံမှာ အလွန်ကြည့်ကောင်းလွန်းလှပြီး နုနယ်ပျော့ပျောင်းသော်လည်း ခန့်ညားထည်ဝါသော အလှတရားတစ်ခုအလားပင်။ မျက်လုံးအားလုံး သူမထံတွင် စူးစိုက်နေပြီး ထိုခဏ၌ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ ကျန်းပိုင်ချီ၏ မှောင်မှိုင်ပြီး အသက်မဲ့နေသော မျက်ဝန်းများတွင်ပင် သူမထံမှ ဖြာထွက်လာသော လင်းလက်မှုများ ရောင်ပြန်ဟပ်နေသည်။
[ငါတို့ဟာ ဖုန်မှုန့်တွေလို နိမ့်ကျနိုင်ပေမယ့် လောက်ကောင်တွေလိုတော့ စိတ်ဓာတ်တွေ ကွေးကောက်မနေသင့်ဘူး!]
[အို... ဘုရားသခင်၊ ဆုန်ကျူယောင်က တကယ် တောက်ပလွန်းတယ်။ အရမ်းအံ့ဩဖို့ကောင်းတာပဲ!]
[အား... ငါ သူ့ကို တော်တော် သဘောကျနေမိပြီ၊ အား!!!]
[မှတ်စုစာအုပ်ထဲ ချရေးထားလိုက်ပြီ!!!]
[ဒီလို စကားမျိုး ပြောနိုင်တဲ့လူက စိတ်အလိုလိုက်ပြီး သူတစ်ပါးကို မုဒိမ်းကျင့်မယ့်လူမျိုး လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီလို စွပ်စွဲချက်က ဆုန်ကျူယောင်ကို စော်ကားနေတာပဲ!]
[ငါ ဂရုမစိုက်ဘူး၊ ငါကတော့ ဆုန်ကျူယောင်ကို မဲပေးမှာ။ ဆုန်ကျူယောက်က သူ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေကို ထောင်ထဲမှာ ကုန်ဆုံးရမယ့်လူမျိုး မဟုတ်ဘူး!]
[ဒါပေမယ့် သူက ဘာလုပ်ပိုင်ခွင့်နဲ့ ဒီလူတွေကို ဒုတိယအကြိမ် အခွင့်အရေး ပေးရတာလဲ။ နာကျင်ခံစားခဲ့ရတာ ကျိုးရှုချန်းလေ၊ သူက ကြောင်သူတော်ဆန်လွန်းတယ်။ ဆုပေး လာဘ်ပေး စည်းမျဉ်းတွေကို လျစ်လျူရှုထားတာပဲ။ သူတစ်ပါးအပေါ် ထားတဲ့ သူ့ရဲ့ကြင်နာမှုနဲ့ နူးညံ့မှုတွေက ကျိုးရှုချန်းအတွက်တော့ ဓားတစ်စင်းလိုပဲ ဖြစ်လိမ့်မယ်]
[ကျိုးရှုချန်းက တကယ် သနားဖို့ကောင်းပါတယ်]
[ဒါပေမယ့် အဲဒီကျောင်းသားတွေမှာလည်း အခက်အခဲတွေ ရှိကြတာပဲ မဟုတ်ဘူးလား။ သိက္ခာဆိုတာ ဘာလဲ၊ မိဘတွေရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက်ဆိုရင် ဒူးထောက်ပြီး လျှောက်ဖို့တောင် အသင့်ပဲလို့ ပြောခဲ့တဲ့ ကောင်လေးကို ငါ အမြဲမှတ်မိနေတယ်။ အရေးကြီးတဲ့ အချိန်မျိုး၊ ရွေးချယ်မှုတစ်ခု လုပ်ရမယ့်အချိန် ကိုယ့်အတွက် ပိုအရေးကြီးတဲ့သူကို ရွေးချယ်ကြတာပဲ မဟုတ်ဘူးလား။ သူတို့ကို ဘာလို့ အခွင့်အရေး မပေးနိုင်ရမှာလဲ။ ဒီအတွေ့အကြုံနဲ့ သင်ခန်းစာက သူတို့ကို အနာဂတ်မှာ ပိုကောင်းတဲ့ လူတွေဖြစ်အောင် ပုံသွင်းပေးနိုင်လောက်တယ်လေ၊ မဟုတ်ဘူးလား?]