အခန်း (၂၈) ပထမကမ္ဘာ
ထိုမိန်းကလေး၏ မျက်နှာတွင် ဒေါသနှင့် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေသည်။ သူမသည် ထိုလက်ကို ခါထုတ်ပစ်ရင်း ကျန်းပိုင်ချီကို သူမ အနောက်သို့ ဆွဲပို့ကာ ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးလိုက်သည်။
“သူ့ကို လက်ဖျားနဲ့တောင် မထိနဲ့!" ဆုန်ကျူယောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျန်းပိုင်ချီသည် ထိုမိန်းကလေး၏ ကျောပြင်ကို ကြည့်ကာ မျက်တောင် ခတ်လိုက်သည်။
ကနဦး အထူးဝင်ခွင့်ရ ကျောင်းသားသည် ဆုန်ကျူယောင်ကို မြင်လိုက်ရသောအခါ ဆွံ့အသွားပြီး တုန်တုန်ရင်ရင် အော်ခေါ်လိုက်သည်။
“စီနီ... စီနီယာအစ်မ...”
“မင်းတို့အားလုံး ရပ်ကြစမ်း" ဆုန်ကျူယောင်က အမိန့်ပေးလိုက်သည်။
သူမ၏ အသံသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူအုပ်ကြီး၏ ဆူညံသံများကို မကျော်လွန်နိုင်ဘဲ နစ်မြုပ်သွားခဲ့သော်လည်း အပြင်ဘက်နားတွင် ရှိနေသော လူအချို့၏ နားထဲသို့ ပျံ့လွင့်သွားခဲ့သည်။
“စီနီယာအစ်မပဲ"
“စီနီယာအစ်မဆုန် ပြန်လာပြီ"
“ငါ သိသားပဲ၊ အဲဒီလူတွေက လူလိမ်တွေ။ စီနီယာအစ်မက ငါတို့ကို ပစ်မထားပါဘူး"
“ရပ်ကြတော့၊ စီနီယာအစ်မ ပြန်လာပြီ"
ထိုအသံများ တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့သွားရာ၊ ကျောင်းသားများသည် ဝေခွဲမရမှု၊ ထိတ်လန့်အံ့ဩမှုများဖြင့် ခေါင်းမော့ကြည့်လာကြပြီး နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ ဝမ်းသာအားရ ဖြစ်သွားကြပြီးနောက် ထိုနေရာတစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်မှုများဖြင့် ဖုံးလွှမ်းသွားသည်။ ဆုန်ကျူယောင်သည် ဒဏ်ရာအနည်းနှင့်အများ ရထားကြသော ၎င်းတို့၏ မျက်နှာများကို ကြည့်ကာ ဒေါသ၊ နာကျင်မှုနှင့် စိတ်ပျက်မှုများ ရောပြန်းနေသည့် ခံစားချက်ကို ခံစားလိုက်ရသဖြင့် ကျောင်းသားများသည် သူမ၏ အကြည့်ကို ရှောင်လွှဲကာ ခေါင်းငုံ့သွားကြသည်။
“စီနီယာအစ်မ" မင်ရှု့သည် လူအုပ်ထဲမှ တိုးထွက်လာသည်။ သူမ၏ အင်္ကျီအဖြူ အောက်အနားများ စကတ်ထဲမှ ကျွတ်ထွက်ကာ ပြဲနေပြီး ရှုပ်ပွနေသော ဆံပင်များသည်လည်း ကြက်ခြံပမာဖြစ်နေ၍ ဆံပင်ဘယ်နှစ်ပင် ဆွဲနှုတ်ခံလိုက်ရသည် မသိပေ။
“စီနီယာ နောက်ဆုံးတော့ ပြန်လာပြီ။ အားလုံးက စီနီယာ ပြန်မလာတော့ဘူး ထင်နေကြတာ။ ဒီရက်ပိုင်း ကျောင်းထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ စီနီယာ မသိဘူး...”
မင်ရှု့က စက်သေနတ်ပစ်သလို တတွတ်တွတ်ဖြင့် အမြန်ရှင်းပြလိုက်ရာ၊ ဆုန်ကျူယောင်က သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါတွေအားလုံးကို အစ်မ သိပြီးသားပါ"
သူမ လှည့်ကြည့်လိုက်သောအခါ ကျောင်းသားသမဂ္ဂမှ လူတစ်စုသည် ၎င်းတို့ထံ လျှောက်လှမ်းလာကြောင်း တွေ့လိုက်ရသည်။ ကျင်းယွီနှင့် ကျင်းယောင်တို့ ဦးဆောင်လာသော ထိုလူစုသည် တစ်ကိုယ်လုံး ရွှေရောင်ဝင်းပနေသကဲ့သို့ အထက်တန်းလွှာ လူ့အဖွဲ့အစည်း၏ သားနားလှသော အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ ၎င်းတို့သည် မိမိတို့ဘက်မှ ဖရိုဖရဲနှင့် နွမ်းပါးနေသော ဆယ်ကျော်သက် လူငယ်လေးများနှင့် လုံးဝ ခြားနားသော ကမ္ဘာတစ်ခုမှ လူများပမာ။
“ကြက်ပေါက်ကလေးတွေက နောက်ဆုံးတော့ ကြက်မိခင်ကြီးကို စောင့်ရကျိုးနပ်သွားတာပေါ့" ကျင်းယောင်က အရိုင်းဆန်သော အပြုံးဖြင့် ပြောလိုက်သည်။
“အစားခံရမယ့်ကောင်တွေကတော့ အစားခံရဦးမှာပဲ နှမြောဖို့ကောင်းလိုက်တာ။ ပြောရရင်တော့ သူလည်း ကြက်မိခင်ကြီးသာသာပဲလေ" ကျင်းယွီက အေးစက်စွာ ပြောလိုက်သည်။
“ဒါက နင်တို့ ငါ့ကို မြင်စေချင်တဲ့ မြင်ကွင်းလား" ဆုန်ကျူယောင်က မေးလိုက်သည်။
“စိတ်လှုပ်ရှားဖို့မကောင်းဘူးလား။ မင်းတို့ပြောပြောနေတဲ့ ဆင်းရဲသားတွေရဲ့ သိက္ခာဆိုတာ ဒီထက်မပိုပါဘူး။ ပိုက်ဆံအတွက်ဆိုရင် သူတို့က ကျေးဇူးရှင်ကိုတောင် သစ္စာဖောက်နိုင်သလို ဘေးကနေလည်း လက်ပိုက်ကြည့်နေနိုင်တယ်၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ရန်သူလို တုံ့ပြန်နိုင်ကြတယ်။ မင်း ကာကွယ်ပေးနေတဲ့လူတွေက ဘာမှတန်ဖိုးမရှိတဲ့ ကောင်တွေပဲ"
“ဒီလိုဆိုရင်တောင် မင်းက သူတို့ဘက်ကနေ ဆက်ရပ်တည်ပေးဦးမှာလား" ကျင်းယွီက သူတော်ကောင်းယောင်ဆောင်ကာ ပြုံးလိုက်သည်။
“တကယ်တော့ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီအဆင့်အတန်းကို အစောကြီးကတည်းက ဖြတ်ကျော်ပြီး ငါတို့ထဲက လူတစ်ယောက် ဖြစ်လာနိုင်တာ ကြာပေါ့။ ဘာလို့ မတူညီတဲ့ အဆင့်အတန်း၊ မတူညီတဲ့ ကမ္ဘာကလူတွေနဲ့ အချိန်ဖြုန်းနေမှာလဲ။ သူတို့ကို စွန့်ပစ်ပြီး ငါတို့ဆီ လာခဲ့ပါ"
အထူးဝင်ခွင့်ရ ကျောင်းသားများသည် ဆုန်ကျူယောင်ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်ကြသည်။ လီကျောက်ကမူ ကျိုးရှု့ချန်းတစ်ယောက် တစ်ချိန်လုံး ခေါင်းငုံ့ထားပြီး ဆုန်ကျူယောင် ပြန်ရောက်လာခြင်းကိုမူ ဘာတုံ့ပြန်မှုမျှ သိပ်မပြသကြောင်း သတိထားမိလိုက်သည်။
ဆုန်ကျူယောင်က အထင်အမြင်သေးမှု အပြည့်ဖြင့် ပြောလိုက်သည်။
“သွားစမ်းပါ"
ကျင်းယွီ၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားသည်။
ဖုမေလင်းက ဒေါသထွက်သွားပြီး ချက်ချင်းပင် အရှေ့တိုးလာသည်။
“နင်တော်တော် အရှက်မရှိတာပဲ။ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက နင့်ကို ယဉ်ယဉ်ကျေးကျေး ပြောနေတာနဲ့ နင်က ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတာလား။ နင်သတ္တိရှိရင် နင့်လူတွေကို ခေါ်ပြီး အခုချက်ချင်း ကျောင်းက ထွက်သွားလိုက်လေ"
ဆုန်ကျူယောင်က သူမကို စိုက်ကြည့်လိုက်သည်။
“ဘာလဲ။ ငါ နင့်ကို သေချာ ပြောလိုက်မယ်၊ ကရုဏာသက်ဖို့ တောင်းပန်နေလည်း အလကားပဲ။ နင် ဒူးထောက်ရင်တောင် နင့်ဒူးက အဲ့လောက်မတန်ဘူး"
ဆုန်ကျူယောင်က အထူးဝင်ခွင့်ရ ကျောင်းသားများဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ ပစ္စည်းတွေ သွားသိမ်းကြတော့"
“ဘာ....”
“ဘာ... ဘာကို ဆိုလိုတာလဲ...”
“ငါ နံပါတ်တစ် အထက်တန်းကျောင်းနဲ့ သဘောတူညီချက် ရထားပြီးပြီ။ မင်းတို့အားလုံး အဲဒီကျောင်းကို ပြောင်းရမယ်။ ပစ္စည်းတွေ သွားသိမ်းကြတော့၊ ငါတို့ ဒီကနေ ထွက်သွားကြမယ်" ဆုန်ကျူယောင်က ပြောလိုက်သည်။
ထိုနေရာတစ်ခုလုံးတွင် ပင့်သက်ရှိုက်သံများဖြင့် ပြည့်နှက်သွားသည်။ အချို့လူများက မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကြပြီး၊ ကျိုးရှုချန်းသည်လည်း ခေါင်းမော့ကြည့်လာသည်။
နံပါတ်တစ် အထက်တန်းကျောင်းလား။
နံပါတ်တစ်အထက်တန်းကျောင်းဟူသည် မြို့ထဲမှ အကောင်းဆုံး အစိုးရအထက်တန်းကျောင်းဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် အောင်ချက်နှုန်းအရ နိုင်ငံအတွင်းရှိ ထိပ်တန်း အထက်တန်းကျောင်းကြီးများထဲတွင် အဆင့် (၁၁) ရှိသည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။
ငါတို့ တကယ်ပဲ ဒီနေရာကနေ ထွက်သွားနိုင်ပြီလား။ ဘယ်မှန်းမသိတဲ့ နေရာကို မဟုတ်ဘဲ နံပါတ်တစ် အထက်တန်းကျောင်းကို ပြောင်းရွှေ့ရမှာလား။ အားလုံး အတူတူ သွားရမှာတဲ့လား။ ငါတို့ ဒီကျောင်းမှာ နောက်ထပ် သည်းခံနေစရာမလိုတော့ဘူးပေါ့။ ငါတို့ရဲ့ ဂုဏ်သိက္ခာတွေလည်း နောက်ထပ် အနင်းခြေခံရမှာ မဟုတ်တော့ဘူးပေါ့ ဟုတ်လား?
လီကျောက်သည် စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းမိုးလာပြီး မျက်ရည်များ စီးကျလာသည်။ ဆုန်ကျူယောင် ရှိနေသရွေ့ မျှော်လင့်ချက် ရှိလိမ့်မည်ဟု သူမ သိနေခဲ့သည်။ ယခုအခါတွင်မူ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များဘက်မှ ထိတ်လန့်အံ့ဩရမည့် အလှည့်သို့ ရောက်လာခဲ့သည်။
ဘာလဲ... ဆုန်ကျူယောင်က အထူးဝင်ခွင့်ရ ကျောင်းသားတွေကို တကယ် ခေါ်ထုတ်သွားဖို့ ပြင်ဆင်ထားတာလား။
ကျင်းယွီသည် ဘီးတပ်ကုလားထိုင်၏ လက်ကိုင်တန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဆုန်ကျူယောင်ကို အကျည်းတန်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ သူမဘက်မှ ကရုဏာသက်ရန် တောင်းပန်လာမည့်အချိန်၊ ထိုအထူးဝင်ခွင့်ရ ကျောင်းသားများအတွက် သူမ၏ နိမ့်ကျလှသော ခေါင်းကို ငုံ့ချလာမည့်အချိန်ကို သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမသည် ဤမျှပြတ်သားလွန်းသော လုပ်ရပ်ကို ပြုလုပ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူက အထူးဝင်ခွင့်ရ ကျောင်းသားအားလုံးကို ခေါ်ထုတ်သွားချင်နေတာပဲ။
[ဟားဟားဟားဟား၊ ဒါကို တွေးမထားမိဘူးမလား၊ ငတုံးတွေ]
[ပြီးတော့ ဆုန်ကျူယောင်ကို တောင်းပန်ခိုင်းချင်နေသေးတယ်၊ အံ့ဩသွားလား? ထိတ်လန့်သွားလား? ဟားဟားဟား]
[ဟားဟား၊ သူတို့ မျက်နှာတွေက တကယ် အဖိုးမဖြတ်နိုင်လောက်အောင်ပဲ။ သူတို့အားလုံး သေမတတ် ကြောက်သွားကြပြီ]
[ဆုန်ကျူယောင်က အရမ်းစိုးမိုးလွန်းတာပဲ၊ အရမ်း သဘောကျဖို့ကောင်းတယ်!!!]
[ဟားဟားဟားဟားဟား]
ကျင်းယောင်ပင် မှင်သက်သွားပြီး၊ ၎င်းတို့ကို မည်သည့် ကြောက်ရွံ့မှုမျှ မပြသသေးသော ဆုန်ကျူယောင်၏ မျက်ဝန်းများကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် ချီးကျူးအားကျသော အရိပ်အမြွက်တစ်ခု ဖြတ်ပြေးသွားသည်။ မင်ရှု့သည် ထိတ်လန့်မှုကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
ငါ အခု ဘာကြားလိုက်ရတာလဲ။ ချီးပဲ...။ ငါမှာတော့ နေရာလေးတစ်ခုကို မနည်းရှာပြီး၊ အထူးဝင်ခွင့်ရ ကျောင်းသားတွေကို ဆုန်ကျူယောင်အပေါ် မှီခိုအားထားစိတ်ဝင်အောင် မနည်း ဦးနှောက်ဆေးထားရတာ။
ရည်ရွယ်ချက်မှာ ဆုန်ကျူယောင်ကို ကိုယ်ကျင့်သိက္ခာဖြင့် ပြန်ပေးဆွဲရင်း ထိုကျောင်းသားများ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီးနောက် ဆုန်ကျူယောင်ကို ဆန့်ကျင်လာစေရန်နှင့်၊ ၎င်းတို့၏ မုန်းတီးမှုများ သူမထံ စုပြုံရောက်ရှိလာစေရန် ဖြစ်သည်။ ထိုကျောင်းသားများထဲမှ တစ်ယောက် နှစ်ယောက်ခန့်က ဆုန်ကျူယောင်ကို ဆန့်ကျင်သွားလျှင်ပင် သူမအတွက် စိန်ခေါ်မှုများ ဖန်တီးနိုင်လိမ့်မည်ဟု မင်ရှု့ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရလဒ်အနေဖြင့်….။
ဆုန်ကျူယောင်... နင့်ကိုလေ၊ ငါ နင့်ကို ဒူးထောက်ပါတယ် ဒေါက်တာဆုန်ရယ်။ ငါ နင့်ကို နောက်ဆို စိန်မခေါ်ရဲတော့ပါဘူး။
ဆုန်ကျူယောင်က ကျင်းခယ့်အကယ်ဒမီမှ အထူးဝင်ခွင့်ရ ကျောင်းသားအားလုံးကို တိုက်ရိုက် ကျောင်းပြောင်းပေးလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ဤအကွက်သည် အမှန်တကယ် ပြတ်သားလွန်းလှသည်။ ကျင်းခယ့်အကယ်ဒမီအနေဖြင့် အထူးဝင်ခွင့်ရ ကျောင်းသားအားလုံးကို တစ်ပြိုင်နက်တည်း အမှန်တကယ် ထုတ်ပယ်ပစ်နိုင်ပါ့မလား။ နောက်ထပ် သုံးလအကြာတွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် မည်သို့ပြုလုပ်မည်နည်း။ ၎င်းတို့သည် ကျောင်း၏ အောင်ချက်နှုန်းကို စိတ်မဝင်စားတော့ခြင်းဖြစ်သလော။ ကာလရှည် ပြိုင်ဘက်ဖြစ်ခဲ့သည့် စိန့်မေရီ အကယ်ဒမီသည်လည်း အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်သည်။
ဒီလို အလိုလိုက်ခံထားရတဲ့ အပေါ်ယံ ရွှေမှုန်ကြဲ ကျောင်းသားတွေနဲ့ဆိုရင် ဒီကျောင်းရဲ့ အောင်ချက်နှုန်းက ဘယ်လောက်အထိ မြင့်မားနိုင်မှာမို့လို့လဲ။
ကျင်းယွီသည် ထိုအထူးဝင်ခွင့်ရ ကျောင်းသားများကို ဖယ်ရှားပစ်ချင်လျှင်ပင် တဖြည်းဖြည်းချင်းသာ လုပ်ဆောင်သင့်သည်။ ထို့ကြောင့် တတိယနှစ်က စီနီယာ ကျောင်းသားအားလုံးသည် ဖယ်ရှားရမည့် စာရင်းထဲတွင် လုံးဝ မပါဝင်ခဲ့ပေ။ ရလဒ်အနေဖြင့်၊ ဆုန်ကျူယောင်ဘက်မှ ဤသို့ လှုပ်ရှားလာခဲ့သည်။