no

Font
Theme

အခန်း ၁ - ခမ်းခမ်းနားနား မင်္ဂလာပွဲ

မနက်စောစောအချိန် ဖြစ်သောကြောင့် ကောင်းကင်ကြီးတစ်ခုလုံး အနည်းငယ် တောက်ပနေပြီ ဖြစ်သည်။ ဆောင်းအလယ် ရောက်နေပြီဖြစ်၍ လေကလည်း အေးစက်နေသည်။ တည်းခိုဆောင်၏ ပြတင်းပေါက်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားသော်လည်း လေအေးများက တံခါးအဟလေးများမှတစ်ဆင့် ဝင်ရောက်လာနေဆဲ ဖြစ်သည်။

လဲ့ကျစ်က မိန်းကလေးအစေခံများနှင့် အခမ်းအနားမှူးမော့မော့ နိုးလာသည်အထိ အိပ်ရာပေါ်တွင် လဲလျောင်းကာ အိပ်ပျော်ဟန်ဆောင်နေခဲ့သည်။ ထိုလူများ ရောက်လာချိန်တွင် သူမကို သပ်သပ်ရပ်ရပ် ဖီးလိမ်းပြင်ဆင်ပေးပြီး သင့်တင့်စွာ ဝတ်ဆင်ပေးခဲ့ကြသည်။

ကြေးဝါမှန်ပြင်တွင် နူးညံ့သိမ်မွေ့လှပပြီး ခေါင်ရမ်းပန်းနှင့် ဆင်တူသော မျက်နှာလေးတစ်ခု ပေါ်လာရန် အချိန်အကြာကြီး မယူလိုက်ရချေ။ ဖမ်းစားနိုင်ဆုံးအရာက သူမ၏ ညှို့ဓာတ်အပြည့်နှင့် ဆွဲဆောင်မှုရှိသော မြေခွေးမလေး၏ မျက်ဝန်းကဲ့သို့ မျက်လုံးလေးတစ်စုံသာ ဖြစ်သည်။

အခမ်းအနားမှူးမော့မော့၏ မျက်နှာတွင် ပျော်ရွှင်နေသည့် အပြုံးတစ်ခု အမြဲရှိနေသလို မိန်းကလေးအစေခံ လီယောင်ကလည်း သူမအတွက် သစ်တော်သီးဟင်းရည် တစ်ပန်းကန် ယူလာပေးခဲ့သည်။ မကြာသေးမီက အလွန်အေးပြီး ခြောက်သွေ့နေသောကြောင့် လဲ့ကျစ်၏ လည်ချောင်းမှာ မကြာခဏ ခြောက်သွေ့ကာ ချောင်းဆိုးပြီး အသံပင် အက်ရှရှ ဖြစ်နေခဲ့သည်။

'ဒါပေမဲ့ ဒီနေ့တော့ ငါ လုံးဝ ချောင်းဆိုးလို့ မဖြစ်ဘူး။'

သူမက ပြတင်းပေါက်ဘက်သို့ ငေးနေကြည့်ရင်း သစ်တော်သီးဟင်းရည်ကို ဖြည်းဖြည်းချင်း တစ်ငုံစီ သောက်နေခဲ့သည်။

ပူနွေးသော နေရောင်က တဖြည်းဖြည်း ပိုတောက်ပလာပြီး ခြံဝင်းတစ်ခုလုံးကို လင်းလက်သွားစေသည်။ တည်းခိုစခန်းရှိ အလုပ်ကြမ်းသမားများနှင့် ကျေးကျွန်များအားလုံးလည်း နိုးထလာကြပြီ ဖြစ်သည်။ ခဏအကြာတွင် ပေါ့ပါးသော ခြေသံများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အချို့က တိုးတိုးလေး စကားပြောနေကြသည်။

“ဟေး... အခန်းထဲက မင်းသမီးလေးက ထိုက်ဇီအတွက်လို့ နင် ထင်လား”

(ထိုက်ဇီ* – အိမ်ရှေ့စံမင်းသား)

“အဓိပ္ပာယ်မရှိတာတွေ၊ ဘာပဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲကို ဘုရင်မင်းမြတ် ချီးမြှင့်ခဲ့တာနော်၊ မင်း ဘယ်လိုပဲပြောပြော သူက ထိုက်ဇီဖေးပဲ”

(ထိုက်ဇီဖေး* – အိမ်ရှေ့စံမင်းသား၏ဇနီး)

“အဲလို ပြောလို့ ရပါ့မလား၊ ဘယ်သူကများ အရှင်အိမ်ရှေ့စံရဲ့ အပြုအမူတွေကို ခန့်မှန်းနိုင်လို့လဲ”

“အဲဒါတော့ မှန်တယ်၊ သူက ကျောက်စိမ်းလို နူးညံ့သိမ်မွေ့တဲ့ တတိယမင်းသားနဲ့ မတူဘူး”

သူတို့၏ ဆွေးနွေးမှုများ ပြီးသွားချိန်တွင် လဲ့ကျစ်၏ မျက်နှာမှ ခပ်ဖျော့ဖျော့ အပြုံးလေးက မပျက်မယွင်း ရှိနေသေးသော်လည်း သူမ၏ မျက်ဝန်းများတွင် ရွံရှာနေသည့် အရိပ်အယောင်များ ပေါ်လာသည်။

'ကျိုးနွံတဲ့ လူကြီးလူကောင်းတဲ့လား။ ကျောက်စိမ်းလို နူးညံ့တယ်တဲ့လား။ သြော်....'

ရုတ်တရက် လီယောင်က သူမဘက်သို့ လျှောက်လာပြီး တိုးတိုးလေး ပြောလာခဲ့သည်။

“သခင်မလေး၊ တတိယမင်းသား ရောက်လာပါတယ်”

ထိုစကားကို ကြားလိုက်ချိန်တွင် လဲ့ကျစ် အနည်းငယ် မှင်သက်သွားရသည်။ တစ်လကျော်သွားသည်အထိ သူမ ဤအခေါ်အဝေါ်ကို သိပ်မရင်းနှီးသေးပေ။

'လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်လုံးလုံး သူမကို အားလုံးက “မင်းသမီးလေး” လို့ပဲ ခေါ်ဝေါ်ခဲ့ကြတာ မဟုတ်ဘူးလား။ ဒါပေမဲ့ အခုအချိန်မှာတော့ တာ့လီတိုင်းပြည်က မရှိတော့ဘူး’

'မဟုတ်ဘူး။ ငါ ဒီကိစ္စကို ထပ် မတွေးသင့်တော့ဘူး'

လဲ့ကျစ်က သူမကိုယ်သူမ အတွေးများထဲမှ အတင်းပြန်ဆွဲထုတ်လိုက်သည်။ လီယောင်နှင့် အခမ်းအနားမှူးမော့မော့တို့က အခန်းတွင်းမှ တိတ်တဆိတ် ထွက်သွားကြပြီးနောက် သူမနောက်မှ ရင်းနှီးသော ခြေသံတစ်ခု ထွက်ပေါ်လာသည်။

ယနေ့တွင် သူက တာ့ချီ၏ ဧကရာဇ်၊ ဧကရီတို့နှင့်အတူ ကောင်းချီးမင်္ဂလာအတွက် ဆုတောင်းရန် ဟော်ကူဘုရားကျောင်းသို့ လိုက်ပါသွားသင့်သည်။ သို့သော် လဲ့ကျစ်ကတော့ သူ ယနေ့ ရောက်လာမည်ကို သေချာပေါက် သိနေခဲ့သည်။ အမှတ်ရစရာများကြောင့် မျက်လုံးများမှ စိုစွတ်မှုကို ထိန်းချုပ်ကာ လဲ့ကျစ်တစ်ယောက် နောက်သို့ လှည့်ပြီး ပုံမှန်အတိုင်း ပြုံးပြလိုက်သည်။

အစိမ်းရင့်ရောင် ချည်ထည်ဝတ်ထားသည့် အမျိုးသားတစ်ဦးက အခန်းထဲသို့ ဝင်လာပြီး ဆောင်းလေအေးကို သယ်ဆောင်လာသည်။ အေးစက်သောလေက သူမ၏ နှာခေါင်းနှင့် ပါးစပ်သို့ တိုးဝင်လာသဖြင့် လဲ့ကျစ်၏ လည်ချောင်းပင် နာကျင်လာရသည်။ သူမ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်ကာ အကြိမ်အနည်းငယ် ချောင်းဆိုးရန် ခေါင်းငုံ့ထားလိုက်သည်။

သူမ ချောင်းဆိုးနေသည်ကို မြင်လိုက်ချိန်တွင် ထိုအမျိုးသားက တံခါးကို အမြန်ပိတ်ပြီး သူမဆီသို့ ကမန်းကတမ်း လျှောက်လာသည်။

“ကျစ်ကျစ်၊ မင်း အဆင်ပြေရဲ့လား”

လဲ့ကျစ် မော့ကြည့်လိုက်ရာ သူ၏ချောမောသော မျက်နှာက သူမအနားသို့ ကပ်လျက် ရောက်ရှိနေလေသည်။

ဤမျက်နှာပေါ်က အသွင်အပြင်များထဲတွင် ဘယ်အရာက အမှတ်ရစရာအကောင်းဆုံးလဲဟု ပြောရန်ခက်သော်လည်း ပေါင်းစည်းလိုက်လျှင်တော့ အမှန်တကယ် မမေ့နိုင်စရာ သွင်ပြင်တစ်ခု ဖြစ်နေခဲ့သည်။

‘ဒါက သူမ ၁၂ နှစ်ကြာ မြင်တွေ့ခဲ့ရတဲ့ မျက်နှာပဲ’

“ကျွန်မ အဆင်ပြေပါတယ် အစ်ကိုအားရှ”

လဲ့ကျစ်က နူးညံ့သောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ဟော်ရှ၏မျက်နှာတွင် အံ့အားသင့်သွားသော အကြည့်များ ပေါ်လာသည်။ သူမထံမှ ‘အစ်ကို’ ဟူသော ခေါ်သံကို မကြားရသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယနေ့တွင် ထိုအသံကို နားထောင်ရသည်က တစ်သက်တာလုံး ဝေးကွာနေသကဲ့သို့ ခံစားရသည်။ သူ့နှလုံးသားလည်း အနည်းငယ် တုန်လှုပ်သွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ ထို့နောက် သူက အမှတ်မဲ့ ပြန်မေးလာခဲ့သည်။

“မင်း ငါ့ကို မုန်းနေတာလား”

လဲ့ကျစ်၏ တွန့်နေသော နှုတ်ခမ်းထောင့်များက ထိုနေရာတွင်ပင် ရပ်တန့်သွားသည်။ အချိန်ခဏကြာပြီးနောက် သူမက သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဉ်းကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“ကျွန်မ ရှင့်ကို မုန်းခဲ့ဖူးတယ်”

သွယ်လျသော အနက်ရောင် မျက်တောင်များက သူမ၏ မှိုင်းဝေနေသော မျက်လုံးများကို ဖုံးလွှမ်းပေးထားပြီး မျက်လုံးအောက်ခြေမှ အလင်းတန်းများကိုပါ ဖုံးအုပ်ပေးထားသည်။ ဤအဖြေက အလွန်ပါးနပ်လွန်းလှသည်။

‘မမုန်းဘူးဆိုတဲ့ မုသာဝါဒလည်း မဟုတ်ခဲ့သလို ဆက်ပြီး မုန်းတီးနေတယ်လို့လည်း မပြောနိုင်တော့ဘူး။ မုန်းခဲ့ဖူးတယ်၊ ဆိုလိုတာက တချိန်က သူ့ကို မုန်းခဲ့ပေမယ့် ခုတော့ အားလုံးပြီးသွားပြီ။’

“ကျစ်ကျစ်...”

သူ၏ နူးညံ့သိမ်မွေ့သော အသံက အနည်းငယ် တုန်ယင်နေသည်။ လဲ့ကျစ်က မျက်လွှာများကို ပြန်ပင့်လိုက်ပြီး အပြုံးဖြင့် ခေါင်းခါပြလိုက်သည်။

“ဒါပေမဲ့ ဒီလထဲမှာ ကျွန်မ တော်တော်နားလည်သွားပြီ။ ကျွန်မ အစ်ကိုအားရှကို အပြစ်တင်ချင်တယ်၊ ဒါပေမဲ့ အစ်ကို့ရဲ့ အခက်အခဲကိုလည်း ကျွန်မ နားလည်ပါတယ်”

နွေးထွေးမှုတစ်ခုက သူ့နှလုံးသားထဲသို့ စီးဝင်သွားသောကြောင့် နောက်ဆုံးတွင် ဟော်ရှ၏ မျက်လုံးထဲ၌ အပြုံးတစ်ခု စွန်းထင်းလာခဲ့သည်။

'သေချာတာပေါ့၊ သူရဲ့ကျစ်ကျစ်က အရင်လို နူးညံ့သိမ်မွေ့တဲ့ ကျစ်ကျစ် ဖြစ်နေဆဲပဲ၊ တာ့လီတိုင်းပြည် ပျက်သုန်းသွားတဲ့နေ့က နီရဲနေတဲ့ မျက်လုံးတွေနဲ့ ရှိုက်ကြီးတငင် ငိုကြွေးရင်း သူ့ကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ကြိမ်းမောင်းနေတဲ့ ကျစ်ကျစ်ရဲ့ ပုံရိပ်က အခုတော့ အိပ်မက်တစ်ခု ဖြစ်သွားပြီ’ ‘

‘သူတို့က ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အထိ ဆယ့်နှစ်နှစ်ကြာ အတူကြီးပြင်းလာခဲ့တဲ့ ငယ်ကျွမ်းဆွေတွေ ဖြစ်ခဲ့ကြပြီး လဲ့ကျစ်ရဲ့ ဆံထိုးတင်အခမ်းအနားမှာ တာ့လီရဲ့ ဘုရင်မင်းမြတ်က သူ့ကို သမက်တော်အဖြစ် ရည်ရွယ်ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့.... သူမ လက်ထပ်တော့မှာ သူ ခံစားချက် မရှိသလို ကြည့်ရှုနေခဲ့ရတယ်။’

အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံက ဟော်ရှ၏ မျက်လုံးများကို အနှောင့်အယှက် ပေးနေပြီး သူမ၏ အလွန်လှပသော မျက်နှာက သူ့နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

‘သူ့အိမ်မက်ထဲမှာလို သူမကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး ပွတ်သပ်နေချင်တယ်။ သူမကို အရမ်းချစ်ချင်နေတဲ့စိတ်ကူးရိုင်းတွေက သူ့အရိုးတွေထဲကနေ ထွက်နေတဲ့ တက်မက်မှုဆန္ဒတွေပါ… အဲ့ဒါက အကြိမ်ပေါင်းများစွာ... မရေမတွက်နိုင်လောက်အောင် ပေါ်လာဖူးတဲ့ စိတ်ကူးအိပ်မက်တွေပဲ...’

‘ဒါပေမယ့် လက်တွေ့မှာတော့ သူ ဘာမှ မတတ်နိုင်တော့ဘူး’

ဟော်ရှက မျက်လုံးထောင့်မှတစ်ဆင့် လဲ့ကျစ်၏ ဗလာကျင်းနေသော ညာဘက်နားရွက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မှန်တင်ခုံအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး စားပွဲပေါ်ရှိ မြောက်ပင်လယ်ဘက်မှ ရောက်လာသည့် အနီရောင်မဟူရာ နားဆွဲလေးကို ကောက်ယူကာ သူမအတွက် ရွေးချယ်ပေးလိုက်သည်။

ထို့နောက် သူက ချစ်ခင်သော မျက်လုံးများဖြင့် သူမရှေ့တွင် ထိုင်ချလိုက်ပြီး နူးနူးညံ့ညံ့ ပြောလာသည်။

“ကျစ်ကျစ်၊ ထိုက်ဇီကို ဆွဲချဖို့ ကိုယ့်ကို ကူညီပေးပါ၊ မင်းက အနာဂတ်မှာ ကိုယ့်ရဲ့ တစ်ဦးတည်းသော ဧကရီ ဖြစ်လာမှာပါ”

လဲ့ကျစ်က သူ့၏ချစ်ခင်မှုများ ပြည့်နှက်နေသည့် မျက်လုံးများအောက်တွင် ရှိနေသော သူ လျှို့ဝှက်ထားသည့် ရည်မှန်းချက်များနှင့် အနိုင်ယူရန် စိတ်အားထက်သန်မှုများကို မြင်နိုင်ခဲ့သည်။ အတိအကျပြောရလျှင် သူမက လူတိုင်းသဘောကျနှစ်သက်နိုင်သော မျက်နှာလေးရှိသည့်သူ့လက်ထဲမှ စစ်တုရင်အပိုင်းအစလေးတစ်ခုသာ ဖြစ်သည်။

‘အဲဒါကို သူ့အတွက် လမ်းရှင်းဖို့ သုံးမှာလေ....’

သို့တိုင်အောင် လဲ့ကျစ်က အပြုံးဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

ထိုစကားကို ကြားပြီးနောက် ဟော်ရှ၏မျက်နှာ ရွှင်လန်းတက်ကြွလာသည်ကို သူမ မြင်လိုက်ရသည်။ ထို့နောက် သူက ပြန်ထရပ်လိုက်ပြီး သူမကို ပွေ့ဖက်ထားချင်ပုံဖြင့် သူ့လက်မောင်းများကို ဖွင့်ကာ သူမ အနားသို့ တိုးကပ်လာသည်။

လဲ့ကျစ်က သူမ၏ဗိုက်ထဲမှ ရုတ်တရက် နာကျင်လာသလို ခံစားလိုက်ရသည်။

‘ရွံစရာကောင်းလိုက်တာ.....အော်ဂလီတောင် ဆန်တယ်...’

ကံကောင်းထောက်မစွာဖြင့် အပြင်မှ လူတစ်ယောက်က တံခါးကို တိုးတိုးလေး ခေါက်ကာ သတင်းပို့လာခဲ့သည်။

"တတိယမင်းသား၊ အရှင်မင်းသား အခု ပြန်မထွက်ရင် ဘုရင်မင်းမြတ်နဲ့ ဧကရီက သံသယဖြစ်သွားလိမ့်မယ်"

ဟော်ရှ၏မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး သူ့လက်များကို မကျေမနပ် ပြန်ချလိုက်သည်။ ယနေ့တွင် သူက သူမကိုတွေ့ရန်အတွက် ဟူကော်ဘုရားကျောင်းမှ ခိုးထွက်လာခဲ့ခြင်း ဖြစ်သောကြောင့် ယခုအချိန်တွင် သူ နှောင့်နှေးနေ၍ မရတော့ပေ။

"ဒါဆို ကိုယ် အရင်သွားတော့မယ်"

သူ့မျက်နှာက စိုးရိမ်တကြီး ဖြစ်နေပုံရသည်။

“မင်းကိုမင်း ကာကွယ်ရမယ်နော်၊ ဟော်တူ... သူက ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေကောင်"

လဲ့ကျစ်က ခဏလောက် ထိတ်လန့်သွားပုံရပြီးမှ ခေါင်းညိတ် တုံ့ပြန်လိုက်သည်။

.......။.......။......

လဲ့ကျစ်က ယပ်တောင်အဝိုင်းလေးကို ကိုင်ထားရင်း အခမ်းအနားမှူးမော့မော့နှင့် လီယောင်၏အကူအညီဖြင့် အခန်းတွင်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ပူနွေးသော နေရောင်ခြည်က တောက်ပစွာ ထွန်းလင်းနေပြီး သူမရှေ့ရှိ ယပ်တောင်အဝိုင်းလေးကိုပင် ရောင်ပြန်ဟပ်နေသည်။ လဲ့ကျစ်က ယပ်တောင်ပေါ်မှ ရွှေချည်ဖြင့် ထိုးထားသည့် ပျံသန်းနေသော အချစ်ငှက်ကလေးတစ်စုံကို ဘာအမူအရာမှ မရှိဘဲ စိုက်ကြည့်နေသည်။ ပန်းထိုးသူ၏ပန်းထိုးလက်ရာ အလွန်ကောင်းမွန်သည်ကို တွေ့မြင်နိုင်ပြီး ယပ်‌တောင်ပေါ်တွင် အချစ်ငှက်နှစ်ကောင်ကြားရှိ ခံစားချက်များကို အပြည့်အ၀ ထုတ်ဖော်ပြသနိုင်ခဲ့သည်။

လဲ့ကျစ်က အခုမှ အသိဝင်လာပုံရသည်။

‘သူမ အိမ်ထောင်ပြုခဲ့တာ....’

‘ဒီနေ့က သူမ မင်္ဂလာဆောင်တဲ့နေလေ.... ဒါပေမယ့် ပျော်ရွှင်မှုက ဘယ်မှာလဲ....’

“သခင်မလေး...ခြေလှမ်းတွေကို ဂရုစိုက်ပါ”

လီယောင်၏သတိပေးချက်က သူမ၏အတွေးများကို ပြန်ထွက်သွားစေခဲ့သည်။ လဲ့ကျစ်က ရွှေနီရောင်ရစ်ငှက်ပုံပါသော ဝေါယာဉ်နှင့် ကြီးကျယ်ခမ်းနားသော တော်ဝင် အပြင်အဆင်များပါသည့် မင်္ဂလာဆောင်လှည့်လည်အခမ်းအနားကို ယပ်တောင်မှတဆင့် ကြည့်နေခဲ့သည်။

ချီတိုင်းပြည်၏ဧကရီက ထိုက်ဇီ၏မင်္ဂလာဆောင်အတွက် ကောင်းချီးများရရန် ဆုတောင်းဖို့ ဟူကော်ဘုရားကျောင်းသို့သွားရန် အထူးရွေးချယ်ခဲ့သည်။

သူမက မန်ချူးမင်းဆက်ရဲ့ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေ အပါအဝင် သာမန်ပြည်သူတွေကို ထိုက်ဇီက တန်ဖိုးထားမခံရကြောင်း ရှင်းရှင်းလင်းလင်း ပြောပြဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလား?

လဲ့ကျစ် တာ့ချီသို့ ရောက်လာသည်မှာ တစ်လကျော်လောက်သာ ရှိသေးပြီး ထိုက်ဇီ၏ အကြောင်းကို သိပ်မသိခဲ့ရပေ။ အစေခံများဆီမှ သူ့ညာဘက်ခြေထောက်တွင် ပြဿနာ ရှိနေကြောင်းနှင့် သူ့၏ထူးခြားသော စိတ်နေစိတ်ထားများအကြောင်း ကြားဖူးရုံမှလွဲ၍ သူ့အကြောင်းကို သူမ ဘာမှ မသိခဲ့ရပေ။ ထို့အပြင် ဟော်ရှ၏ ထပ်ခါတလဲလဲ အလေးအနက် သတိပေးချက်များကိုတော့ သူမ ကြားဖူးခဲ့သေးသည်။

‘တကယ်တော့ သူမ မေးတောင် မမေးရဲခဲ့တာပါ။ သူမလို စစ်ရှုံးသွားတဲ့ လက်အောက်ခံတိုင်းပြည်က မင်းသမီးလေးက စည်းကမ်းတွေကို ကျော်လွန်လို့ မရဘူး။ နာခံမှုရှိရှိ လိုက်နာဖို့ပဲ လိုအပ်တယ်။’

လဲ့ကျစ် ရစ်ငှက်ပုံစံဝေါယာဥ်ပေါ်တွင် ထိုင်လိုက်သည်နှင့် စီတန်းလှည့်လည်တန်းက ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

တည်းခိုစခန်းက မြို့တော်၏အပြင်ဘက်တွင် ရှိနေပြီး မြို့တံခါးသို့ ဝင်ရန် အချိန်အတော်ကြာခဲ့သည်။ ခမ်းနားသောပုတီးစေ့ကန့်လန့်ကာများက ရစ်ငှက်ပုံစံဝေါယာဥ်၏ ဘေးနှစ်ဖက်တွင် တွဲလောင်းကျနေသည်။ လဲ့ကျစ်က ဘေးနှစ်ဖက်တွင် ရပ်နေသော လူများကို ဖျတ်ခနဲ ငုံ့ကြည့်လိုက်သည်။ သူတို့က မင်္ဂလာစီတန်းလှည့်လယ်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

လှောင်ပြောင်ရယ်မောခြင်းနှင့် သနားခြင်းတို့ အပါအဝင် သူတို့၏ မျက်နှာများတွင် မတူညီသော အမူအရာများ ရှိကြသည်။ သေချာနေသည်ကတော့ ပွဲလမ်းသဘင်၏တောက်ပသော အရောင်နှင့် ပျော်ရွှင်မှုများ လုံးဝ ရှိမနေခဲ့ပေ။

ထိုအရာက လွန်ခဲ့သော တစ်လ ဟော်ရှ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ချိန်နှင့် အလွန်ကွာခြားနေလေသည်။

ထိုအချိန်တွင် သူမက သွေးများဖြင့် ဖုံးလွှမ်းနေသော နောက်ဆုံး ရထားလုံးပေါ်တွင် ထိုင်နေခဲ့သည်။ အပြင်ဘက်မှ တတိယမင်းသား၏ အောင်ပွဲခံပြန်လာခြင်းအတွက် ဂုဏ်ပြုသော အသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာချိန်တွင် သူမ၏မျက်လုံးများက နီရဲသထက် နီရဲလာခဲ့သည်။

ရထားလုံး၏ ကန့်လန့်ကာက ရထားလုံးနှင့်အတူ ယိမ်းထိုးသွားချိန်တွင် သူမ အပြင်ကို လှမ်းကြည့်လိုက်သည်။ လူများစွာတို့က သူတို့၏မျက်နှာပေါ်မှ ရွှင်လန်းမှုနှင့် မာန်မာနတို့ကို လျှို့ဝှက်မထားကြချေ။

‘အဲဒါက အောင်ပွဲခံနိုင်တဲ့ တိုင်းပြည်ရဲ့ ဂုဏ်ယူစရာအချိန်ပေါ့လေ....’

လဲ့ကျစ်က အကြည့်လွှဲလိုက်ပြီး သူမ၏မျက်နှာက အရောင်ပိုဖျော့လာခဲ့သည်။

ရစ်ငှက်ပုံစံဝေါယာဥ်က လမ်းမကြီးကို ဖြတ်သွားကာ နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ပြီး နောက်ဆုံးတွင် ဝတ်ပြုအခမ်းအနားခန်းမရှေ့၌ ရပ်သွားခဲ့သည်။

လဲ့ကျစ်က လီယောင်၏လက်ကို ဆုပ်ကိုင်ထားပြီး ရစ်ငှက်ပုံစံဝေါယာဥ်ပေါ်မှ ဆင်းလိုက်သည်။

ထိုအချိန်တွင် ရုပ်ရည်ချောမောသော ကိုယ်ရံတော်တစ်ဦးက လျင်မြန်သော အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာကာ သူမနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။

“ကျွန်တော်က အန်းရွှယ်ပါ၊ ထိုက်ဇီဖေးကို အရိုအသေပေးပါတယ်။ ထိုက်ဇီရဲ့ ခြေထောက်က အဆင်မပြေတဲ့အတွက် သူ အခမ်းအနားကို လာမှာ မဟုတ်ဘူးလို့ ထိုက်ဇီဖေးကို သတင်းပို့ခိုင်းလိုက်ပါတယ်”

မင်္ဂလာဆောင်သည့်နေ့တွင် သတို့သား ပေါ်မလာခြင်းက သာမန်အမျိုးသမီးများအတွက်ပင် အရှက်ရစရာ ဖြစ်သည်။ ထိုစကားကို ကြားပြီးနောက် ဘေးဘက်ရှိ လီယောင်က မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း လဲ့ကျစ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"ရပါတယ်၊ ကိစ္စမရှိပါဘူး"

ထိုကဲ့သို့ တုံ့ပြန်မှုက အန်းရွှယ်ကို မှင်သက်သွားစေသော်လည်း ခဏအကြာတွင် သူက ထိုတွေဝေမှုမှ ပြန်သတိဝင်သွားပုံဖြင့် ခေါင်းညိတ်ကာ အရိုအသေပေးပြီး ပြန်ထွက်ခွာသွားခဲ့သည်။

‘အရှက်တရားလား? တခြားအမျိုးသမီးတွေအတွက်တော့ အရှက်ရစရာ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် သူမအတွက်တော့ အကြီးမားဆုံး အရှက်တရားကို ခံစားခဲ့ရပြီးပြီလေ။ ဒီလောက်နဲ့ မခံစားရတော့ဘူး။’

‘သူမအတွက်တော့ ထိုက်ဇီ မလာတာ ပိုတောင် ကောင်းသေးတယ်။ မဟုတ်ရင် တစ်ခုခု မှားသွားမလားဆိုပြီး သူမ စိတ်ပူနေရလိမ့်မယ်။’

လဲ့ကျစ်က သက်ပြင်းတစ်ချက်ချကာ စင်မြင့်ပေါ်သို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာရင်း ထိပ်ဆုံး၌ ရပ်နေလိုက်သည်။ သူမက အောက်ဘက်မှ ရာနှင့်ချီသော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ငုံ့ကြည့်လိုက်ပြီး သူတို့က ဘာအမူအရာမှ မရှိဘဲ ဝတ်ပြုအခမ်းအနားကို နားထောင်နေကြသည်။ ထိုနောက် အားလုံးက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြပြန်သည်။

ဧကရာဇ်၊ ဧကရီနှင့် ထိုက်ဇီတို့ မပါသော ဘွဲ့အပ်နှင်းသည့်အခမ်းအနားကို သူမတစ်ယောက်တည်း ပြီးမြောက်စေခဲ့သည်။

.......။.......။......

အရှေ့နန်းတော်၏ သတို့သမီးအခန်းတွင် အနီရောင်ဖယောင်းတိုင်များ တဖျပ်ဖျပ် ခတ်နေပြီး အခန်းတစ်ခုလုံး မွှေးရနံ့များဖြင့် ပြည့်နေသည်။

လဲ့ကျစ်က မင်္ဂလာကုတင်ပေါ်တွင် ထိုင်နေရင်း အပြင်ဘက်ရှိ မင်္ဂလာပွဲမှ ထွက်လာသော အသံကို မျက်လုံးဗလာဖြင့် နားထောင်နေခဲ့သည်။

သူမက လီယောင်ကို ထွက်သွားဖို့ ပြောလိုက်သည်။

လီယောင်က ယခုလအတွင်း သူမအား ဂရုတစိုက် ပြုစုပေးခဲ့ပြီး သူမအတွက် စဉ်းစားပေးနေသော်လည်း သူမက ဟော်ရှ သူမကို ပြုစုရန် စေလွှတ်ခံရသူ ဖြစ်သည်။

‘သူမက လီယောင်ကို ဘယ်လို ယုံနိုင်မှာလဲ?’

နောက်ဆုံးတွင် တိတ်ဆိတ်ပြီး အထီးကျန်ဆန်သည့် အိပ်ခန်းကျယ်ကြီးထဲ၌ သူမတစ်ယောက်တည်းကျန်နေခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် အပြင်ဘက်မှ သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ လဲ့ကျစ်က သူမ၏ဘေးတွင် ချထားသည့် ယပ်တောင်အဝိုင်းလေးကို အမြန်ကောက်ကိုင်လိုက်ပြီး သူမ၏မျက်နှာကို အုပ်ထားလိုက်သည်။

တံခါးပိတ်သံကို မကြားမချင်း သူမ၏ငြိမ်သက်နေသော နှလုံးသားက တုန်လှုပ်နေပြန်သည်။ ဟော်တူ ဝင်လာမှန်း သူမ သိနေသောကြောင့် ဖြစ်သည်။

ယပ်တောင်အဝိုင်းလေးကို ကိုင်ထားသည့် သူမ၏လက်ကလည်း မသိစိတ်ကြောင့် တုန်နေခဲ့သည်။

"အဲဒါကို ကိုင်ထားရတာ မပင်ပန်းဘူးလား?"

ကြည်လင်အေးမြသော အသံက ရယ်မောသံနှင့်အတူ ရောက်ရှိလာသည်။

သူ ထိုသို့ပြောလိုက်သည့်အတွက် လဲ့ကျစ်က ယပ်တောင်အဝိုင်းလေးကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။ သူမက မျက်လွှာချထားပြီး သူ့ကို တိုက်ရိုက်မကြည့်ဝံ့ဘဲ သူမ၏မျက်လုံးကို အနည်းငယ်သာ ပင့်ကြည့်လိုက်သည်။

သူ တကယ် မတ်တပ်ရပ်နေတာလား?

လဲ့ကျစ်တစ်ယောက် ကြက်သေသေသွားရသည်။

သူမ ထင်ထားခဲ့တာက သူ့ခြေထောက်ဒဏ်ရာက အရမ်းပြင်းထန်ပြီး သူက ဘီးတပ်ထိုင်ခုံပေါ်မှာပဲ နေရမယ်လို့ပေါ့...

သို့သော် သူက လှပသော အဖြူရောင် ကျောက်စိမ်းတုတ်ကောက်ကိုသာ ညာဘက်လက်ဖြင့် ထောက်ထားသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် စောင်းနေပြီး တုတ်ကောက်ထိပ်ပေါ်မှ သူ့လက်ခုံက အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ အဖြူရောင် ကျောက်စိမ်းထက် မနိမ့်ကျပေ။

"လာထိုင်"

လဲ့ကျစ်၏ နှလုံးသားက အနည်းငယ် တုန်လှုပ်နေပြီး သူမ ဖြည်းညှင်းစွာ ထရပ်ကာ မင်္ဂလာပွဲစားပွဲ၌ ဝင်ထိုင်လိုက်သည်။ သို့သော် အစမှ အဆုံးအထိ သူ့ကို မော့မကြည့်ဝံ့ပေ။ ထိုအခြေအနေက အရိုးများ သိသိသာသာ ပေါ်နေသည့် လက်တစ်ဖက်က ပဲနီစွပ်ပြုတ်တစ်ခွက်ကို သူမရှေ့ကို မပို့လိုက်ခင် အချိန်အထိသာ ဖြစ်သည်။

သူမ ခဏတာ တုန်လှုပ်သွားပြီးနောက် ၎င်းကို ယူရန် လက်ဆန့်လိုက်သည်။ သူမ ကျေးဇူးတင်စကားဆိုရင်း သူမ၏မျက်လုံးများကို ပင့်ကြည့်လိုက်ရာ သူ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

လဲ့ကျစ်က အစောပိုင်းကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ တာ့ချီ၏ဧကရာဇ်နှင့် ဟော်ရှ၏အသွင်အပြင်ကို အကဲဖြတ်ကြည့်လျှင် ဟော်တူက ရုပ်ဆိုးမည် မဟုတ်ပေ။ သို့သော် သူက ပန်းချီဆရာတစ်ဦး သရုပ်ဖော်ထားသကဲ့သို့ စွန့်ပစ်ခံထားရသော မသေမျိုးပုံစံကို အမှန်တကယ် ပိုင်ဆိုင်နိုင်လိမ့်မည်ဟုတော့ သူမ လုံးဝ မတွေးထားခဲ့မိပေ။

‘သူက သေမျိုးတွေနဲ့ မတူဘူးလေ....’

‘သူ့နှာတံက ဖြောင့်စင်းနေပြီး နှုတ်ခမ်းလေးတွေက ပါးလွှာပေမယ့် နည်းနည်းလေး မို့ဖောင်းနေသေးတယ်။ မမေ့နိုင်စရာအကောင်းဆုံးကတော့ သူ့ရဲ့မက်မွန်ပွင့်ပုံမျက်လုံးတွေပဲ၊ ရီဝေဝေ ဖြစ်နေပုံပေါ်ပေမယ့် မူးနေတာမျိုးလည်း’ မဟုတ်ပြန်ဘူး...’

မင်္ဂလာဆောင်ညတွင်ပင် သူ့တစ်ကိုယ်လုံး၌ အရက်နံ့ဟူ၍ တစိုးတစိမှ မရှိပေ၊ ထိုအစား လန်းဆန်းသော ရနံ့ဖျော့ဖျော့တစ်ခုသာ ရနေခဲ့သည်။ လဲ့ကျစ် ယခင်က ထိုအနံ့မျိုးကို မရခဲ့ဖူးပေ။

သူမ သူ့ကို အကြာကြီး စိုက်ကြည့်နေခဲ့မိသောကြောင့် ဖြစ်နိုင်ပြီး ဟော်တူက သူ့နှုတ်ခမ်းပေါ်မှ ခပ်ဖျော့ဖျော့အပြုံးကို မပျက်မယွင်းစေဘဲ သူမအား ပြန်ပြုံးပြနေသည်ကို သူမ တွေ့လိုက်ရသည်။ လဲ့ကျစ်က ခေါင်းငုံ့ကာ ငွေဇွန်းတစ်ချောင်းကို ကောက်ယူလိုက်ပြီး ပဲနီဟင်းရည်ကို သောက်လိုက်သည်။ သို့သော်လည်း သူ့ကို တိတ်တိတ်လေး ခိုးကြည့်ရန် သူမ၏မျက်‌လုံးများကို ခနခန မော့နေမိသေးသည်။

ဟော်တူ၏ စားသောက်သည့် အမူအရာက ကောင်းမွန်ပြီး သူ၏လှုပ်ရှားမှုကလည်း သေသပ်သည်။ ခဏအကြာတွင် သူက ငွေဇွန်းကို ပြန်ချလိုက်သည်။

လဲ့ကျစ်၏နှလုံးသားကလည်း တင်းမာနေသောကြောင့် သူမ အစာစားချင်စိတ်မရှိဖြစ်နေကာ ဇွန်းကို ပြန်ချလိုက်သည်။

‘ပြီးတော့... ဘာဆက်လုပ်ရမလဲ...’

‘မင်္ဂလာ သေရည် သောက်ရမှာလား...???? ရင်းနှီးမှုယူရမှာလား....???’

သို့သော်လည်း ဟော်တူထံတွင် ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး မတွေ့ရပေ။ သူက တုတ်ကောက်ဖြင့် ရေချိုးခန်းဆီသို့ လျှောက်သွားနေပြန်သည်။

ခဏအကြာတွင် သူက အနီရောင်တောက်တောက် အိပ်ရာဝင်ဝတ်စုံကို ဝတ်ကာ အပြင်သို့ ထွက်လာပြီး သူမကို မကြည့်ဘဲ မင်္ဂလာကုတင်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

လဲ့ကျစ်က အံ့အားသင့်သွားပြီး သူမလည်း ရေချိုးခန်းသို့သွားကာ လေးလံသော မင်္ဂလာဝတ်စုံကို ပြောင်းလဲပြီးနောက် ရိုးရိုးရှင်းရှင်း ပြောင်းလဲဝတ်ဆင်လိုက်သည်။

ဤမျှလောက်ကြီးမားသော အရှေ့နန်းတော်၏ မြင့်မြတ်သော ထိုက်ဇီတွင် အနီးကပ်ပြုစုနေသော အစေခံ သို့မဟုတ် မိန်းမစိုးပင် မရှိသည်ကို သူမ ထူးဆန်းစွာ ခံစားလိုက်ရသည်။

‘သူက ပြုစုခံရတာကို မကြိုက်လို့ ဖြစ်နိုင်လား?’

သူမ ပြန်ထွက်လာသောအချိန်တွင် ဟော်တူက မင်္ဂလာကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်လျက် အာရုံစူးစိုက်စွာ ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။

‘မင်္ဂလာဦးညရဲ့ သတို့သမီးအခန်းမှာ.... သူ... တကယ် စာအုပ်ဖတ်နေတာလား?’

လဲ့ကျစ်တစ်ယောက် အံ့ဩသွားရပြန်သည်။

လွန်ခဲ့သည့်သုံးရက်က သူမ သင်ယူခဲ့သည့်အရာများကိုလည်း သူမ၏စိတ်ထဲမှ ပြန်တွေးနေခဲ့သည်။ နန်းတော်မှ ထိုက်ဇီ၏မင်္ဂလာပွဲအတွက် သူမကို ကျင့်ဝတ်များ သင်ကြားပေးရန် မော့မော့များကို အထူးစေလွှတ်ခဲ့သည်။ မော့မော့များက တာ့ချီ၏ တော်ဝင်ကျင့်ဝတ်များအပြင် သတို့သမီးအခန်း၏မင်္ဂလာဦးညတွင် သူမ အာရုံစိုက်သင့်သည့်အရာအားလုံးကို အသေးစိတ် ပြောပြခဲ့သည်။

‘ဥပမာ- ခင်ပွန်းကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်မလဲ? ခင်ပွန်းလိုချင်တာကို ပေးနိုင်အောင် ဘယ်လို လုပ်ရမလဲ.. စတာတွေပေါ့..’

ထိုအကြောင်းကို တွေးမိပြီးနောက် သူမ၏မျက်လုံးများက နည်းနည်းနာလာပြီး ပါးပြင်များလည်း ပူလောင်လာသည်။

သို့သော် သူမ နောက်ပြန်မဆုတ်နိုင်ပေ။ ယခုအချိန်တွင် ဂုဏ်သိက္ခာက သူမအတွက် အလွန်ကြီးမားလှသည်။ သူမ သူ့အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်ကာ လှပသော အပြုံးကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ဟော်တူက သူမ၏အတွေးကို ရိပ်မိသွားပုံရသည်။ သူက သူမကို မျက်လုံးပြူးကြည့်လိုက်ပြီး အဝေးဆီသို့ လက်ညှိုးညွှန်ပြလာခဲ့သည်။

လဲ့ကျစ်က သူ့အကြည့်၏ဦးတည်ရာကို လိုက်ကြည့်လိုက်ရာ နွေးထွေးမှုရရန် ချန်ထားသည့် အခန်းက သူမမြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။

‘သူ သူမကို အနွေးခန်းမှာ အိပ်ခိုင်းမှာလား?’

လဲ့ကျစ်က သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်ပြီး ပြန်လှည့်ကာ အနွေးခန်းဆီသို့ လျှောက်သွားလိုက်သည်။

သူမ လှည့်ထွက်လိုက်ချိန်တွင် သူမနောက်မှ လူက သူ့နှုတ်ခမ်းများကို ဖိထားပြီး သူ့မျက်နှာပေါ်တွင် လှောင်ပြောင်မှုတစ်ခု ပေါ်လာခဲ့သည်။ သူက သူ့လက်ချောင်းကြားထဲမှ အလွန်ပါးလွှာသည့် ငွေရောင်အပ်တစ်ချောင်းကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက လဲ့ကျစ်၏ခြေလှမ်းများကို စိုက်ကြည့်နေကာ ရေတွက်နေသည်။

"တစ်လှမ်း၊ နှစ်လှမ်း..."

သူ တတိယခြေလှမ်းကို ရေတွက်တော့မည့်အချိန်တွင် သူ့လက်ချောင်းများကလည်း အပ်ကို လုံးဝ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီ ဖြစ်သည်။

သို့သော် လဲ့ကျစ်က ရပ်တန့်လိုက်သည်။ သူမက ရှေ့သို့ နှစ်လှမ်းမျှသာ လျှောက်ပြီးနောက် နောက်ပြန်လှည့်ကာ လျှောက်လာပြန်သည်။

သူမက ဟော်တူရှေ့တွင် ရပ်လိုက်ပြီး သူ၏အမူအရာကင်းမဲ့နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမက ပေါ့ပေါ့ပါးပါး ပြုံးနေပြီး သူမ၏မြေခွေးမျက်ဝန်းတစ်စုံက စကားပြောနိုင်ပုံပေါ်သည်။

ဟော်တူက ညင်ညင်သာသာ ပြုံးကာ မေးမြန်းလိုက်သည်။

"မင်းက ငါနဲ့အတူ အိပ်ချင်တာလား?"

လဲ့ကျစ်တစ်ယောက် အံ့သြသွားရပြန်သည်။

‘သူ့လေသံက ပေါ့ပေါ့ပါးပါး ဖြစ်ပြီး သူ့ကိုယ်သူ "ဒီမင်းသား" လို့တောင် မသုံးဘူး။’

လဲ့ကျစ် ညင်သာစွာ ခေါင်းညိတ်ပြပြီး တိုးတိုးလေး ပြန်တုံ့ပြန်လိုက်သည်။

ထို့နောက် ဟော်တူက လက်နှစ်ဘက်လုံးကို သူမဆီသို့ ဖြန့်ပေးကာ သူ့၏အဖြူရောင်လက်ဖဝါးများကို ပေါ်လွင်စေလိုက်သည်။

လဲ့ကျစ်က အသက်ပြင်းပြင်းရှူကာ မျက်လွှာချလိုက်ပြီး အနည်းငယ်တုန်နေသော သူမလက်များကို သူ့လက်ဖဝါးပေါ်သို့ တင်လိုက်သည်။ ချွေးအနည်းငယ်ထွက်နေသော သူမ၏ လက်ဖဝါးများက အေးစက်သောအရာတစ်ခုကို ထိမိသွားသည်။

"ဒါပေမယ့် အဲဒါက နာမှာနော်"

ကြည်လင်အေးမြသော အသံက သူမနားထဲသို့ တိုးဝင်လာသည်။ မော့မော့အိုကြီးများ၏ သွန်သင်ချက်များနှင့် ထိုရုပ်ပုံစာအုပ်များရှိ ကွက်ကွက်ကွင်းကွင်းပုံများက သူမအတွေးထဲသို့ စိမ့်ဝင်လာသည်။ ထို့နောက် သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။ သို့သော် သူမ၏နှလုံးသားက ချက်ချင်း တုန်ခါသွားပြီး သူမ၏မျက်နှာငယ်လေးက လရောင်ကဲ့သို့ ဖျော့တော့တော့ဖြစ်နေလေသည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment