no

Font
Theme

အခန်း ၅ ကြောင်ထော့ကျိုး

“ကျွန်မ…..”

လဲ့ကျစ်က သူမ၏မျက်လုံးများကို အောက်စိုက်ထားရင်း ပြောစရာ စကား ပျောက်ဆုံးနေခဲ့သည်။ ယခင်တုန်းက သူမ အမြဲ ရယ်မောနေတတ်ပြီး သူတပါး ဒုက္ခရောက်အောင် နောက်‌ပြောင်ရသည်ကို နှစ်သက်ခဲ့သော်လည်း ယခု စာကြောင်းတစ်ကြောင်းကို မဖြေခင် အချိန်တိုင်း ခေါင်းထဲမှ တွေးတောနေရသည်။

ဟော်တူက ငွေဇွန်းကို ကောက်ကိုင်လိုက်ပြီး ဟင်းတစ်ပန်းကန်ကို ဖြည်းညှင်းစွာ ဖြည့်ပြီးမှ သူမဆီသို့ ကမ်းပေးလိုက်သည်။

"မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ဆိုရင် ကိုယ် တောင်းပန်ပါတယ်၊ ကိုယ် ထပ်မလုပ်တော့ပါဘူး"

လဲ့ကျစ်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူ့၏မက်မွန်ပွင့်ပုံ မျက်လုံးများကို ကြည့်လိုက်ရာ သူ့မျက်ဝန်းတွင် ရိုးသားမှုများ ပြည့်နှက်နေသည်။ သူ့မျက်လုံးများတွင် တောင်းပန်မှု အရိပ်အယောင်များ ရှိနေပြီး သူ့မျက်နှာပေါ်တွင် အပြစ်ရှိနေသည့် အရိပ်အယောင်များ ရှိနေပြန်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် လဲ့ကျစ်က လကို ကြည့်ရန် သူ့ပခုံးကို မှီထားရင်း ထိုမြင်ကွင်းကို ပြန်သတိရမိသည့်အချိန်၌ သူမ မရယ်ဘဲ မနေနိုင်ခဲ့ပေ။

‘ဒီလူသားက အားကိုးလောက်ပါပေတယ်.....’

ယခုအချိန်တွင်တော့ ဟော်တူ တွေးနေသည့်အရာကို သူမ မသိနိုင်ခဲ့ပေ။

‘သူမ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ သူ့အနားကို ရောက်လာပါစေ ခုချိန်မှာ အေးအေးဆေးဆေး အသက်ရှူနေနိုင်တာက တကယ်ကို ကြည်နူးဖို့ကောင်းနေပြီ။

သူမက မြန်မြန်ဆန်ဆန်နဲ့ နာကျင်မှုမရှိတဲ့ သေဆုံးဖို့ ထိုက်တန်ပါတယ်လေ’

လဲ့ကျစ်က ဟင်းချိုကို လှမ်းယူရင်း သူ့ကို ပြုံးပြလိုက်ကာ မျက်တောင်ပေကလပ်ပေကလပ်ဖြင့် ပြန်ဖြေလိုက်သည်။

“အရှင့်သားနဲ့ ကျွန်မက ခင်ပွန်းနဲ့ ဇနီးပါ၊ ကျွန်မ အရှင့်ကို အပြစ်မတင်ပါဘူး၊ အရှင့် မစိုးရိမ်ပါနဲ့"

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ပြီး ပို၍ပင် ပြုံးပြနေခဲ့သည်။

ထိုရင်သပ်ရှုမောဖွယ် အလှတရားတွင် မျှော်လင့်ထားသည့်အတိုင်း စကားပြောနိုင်သော ဆွဲဆောင်အပြည့်ဖြင့် မြေခွေးမျက်လုံးတစ်စုံ ရှိနေခဲ့သည်။

‘ဒီကမ္ဘာကြီးမှာ ဘယ်ယောကျာ်းကမှ အဲ့လို အလှတရားရဲ့ပရိယာယ်ကနေ မလွတ်မြောက်နိုင်ပါဘူး...ဟုတ်တယ် မဟုတ်လား။

ဒါပေမယ့် သူက ဒါကို လုံးဝ ရှင်းရှင်းလင်းလင်း သိပြီးသားပါ.....

ပိုလှလေလေ... ပိုပြီး မထိသင့်လေလေ....ပါပဲ။

ဆန္ဒဆိုတာ သူမှာလဲ ရှိတာပါပဲ။

လူတွေမှာ စည်းစိမ်၊ ကျော်ကြားမှု၊ အစာရေစာ၊ အိပ်စက်ခြင်း နဲ့ တဏှာရာဂ ဆိုပြီး တပ်မက်မှုဆန္ဒ ငါးမျိုးရှိတတ်ကြတယ်။ သူ စည်းစိမ်ဥစ္စာနဲ့ ကျော်ကြားမှုကို အလကားလို့ သတ်မှတ်ပြီး လျစ်လျုရှုနိုင်တာ ကာလတွေ အများကြီး ရှိနေခဲ့ပြီ၊ အစားအသောက်နဲ့ အိပ်စက်ခြင်းကိုလည်း သူ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်။

ဒီလို ကြောက်စရာကောင်းတဲ့ တဏှာရာဂတပ်မက်မှုတွေပဲ ကျန်တော့တယ်...

ဟား.....

အခက်အခဲဆိုတာ ဘာလဲ????’

နှစ်ယောက်စလုံးက နေ့လယ်စာကို စိတ်မပါ့တပါ စားလိုက်ကြသည်။ လဲ့ကျစ်ကတော့ ငွေတူကို ပြန်ချပြီးသည့်အချိန်အထိ ဟော်တူတစ်ယောက် သူမ၏အဖြေကို ကျေနပ်မှု ရှိ မရှိ တွေးတောနေဆဲပင်။

"ဗိုက်ပြည့်ပြီလား"

လဲ့ကျစ်က သူမ၏မျက်လုံးများကို ပင့်တင်လိုက်ပြီး ဟော်တူ၏ ပြုံးနေသော မက်မွန်ပွင့် မျက်လုံးများကို ကြည့်လိုက်ကာ အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်သည်။

သူမရှေ့မှလူက စားပွဲပေါ်မှ ငါးဟင်းလျာများကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ရယ်မောနေပြန်သည်။

"ဒါဆို ထော့ကျိုးလေးဟော်နဲ့ အစာလုဖို့ ရန်မဖြစ်နဲ့တော့..... ဟမ်....?"

ထိုစကားက လဲ့ကျစ်ကို အံ့သြသွားစေသည်။

"ဟော်... ထော့ကျိုးလေးလား?"

ဟော်တူ၏ပေါင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေသော နှင်းဖြူလုံးလေးက သူ့မျက်လုံးလေးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သူ့၏ကြောင်မျက်လုံးဝိုင်းဝိုင်းလေးတွင် အံ့ဩမှု အချို့ရှိနေပုံဖြင့် လဲ့ကျစ်ကို လှမ်းကြည့်နေသည်။

ဟော်တူက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး နှင်းဖြူလေး ဆက်အိပ်နေစေရန် သူ့ခေါင်းလေးကို ဖိထားလိုက်သည်။ ထို့နောက် သူက လဲ့ကျစ်ကို မော့ကြည့်ကာ ထော့ကျိုးလေးဟော်ကို ထပ်မံ နှောက်ယှက်မိမည်အား ကြောက်နေပုံဖြင့် တိုးတိုးလေး ပြောပြလာသည်။

“သူ့နာမည်”

ယခု လဲ့ကျစ်တစ်ယောက် ပို၍ပင် ပဟေဋ္ဌိဖြစ်သွားရသည်။

‘အရင်က မသန်စွမ်းသူတွေကို သူမ တွေ့ခဲ့ဖူးတယ်။ တခြားသူတွေရှေ့မှာ သူတို့က ဘယ်လောက်ပဲ အကောင်းမြင်နေပါစေ၊ တခြားသူတွေက သူတို့ရဲ့ မသန်စွမ်းမှုကို မတော်တဆ ပြောမိရင် သူတို့က အတွင်းပိုင်းမှာ မကျေမနပ်ခံစားပြီး စကားမပြောနိုင်ကြတော့ဘူး။

ဟော်တူရဲ့ခြေထောက်ဒဏ်ရာက သူရဲ့တားမြစ်ချက်လို့ သူမ အမြဲတွေးထားခဲ့တယ်။ ဒါပေမယ့် သူက ခြေမသန်ဘူးဆိုတဲ့ စကားလုံးကို ဂရုမစိုက်ဘဲ သူ့ကြောင်ကိုတောင် ဒီလိုနာမည်မျိုး ပေးထားခဲ့တယ်။

ထော့ကျိုးလေးဟော်... နာမည်က နဲနဲတော့....

နှင်းဖြူလုံးလေးက ဘာလို့ ထော့ကျိုးဖြစ်နေမှန်းမသိဘူး...’

"ငါက ခြေထောက်မသန်ဘူးလေ၊ ငါ့ကြောင်က ခြေထောက်ကျိုးနေတာ ပုံမှန်ပဲ"

လဲ့ကျစ်၏ အပြုံးက ချက်ချင်း အေးခဲသွားပြီး သူမ၏ အမူအရာကို ချိန်ညှိရန် အချိန်မရသေးမီတွင် သူမ မျက်လုံးများ မြင့်တက်သွားရသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ဟော်တူ၏ မျက်လုံးများနှင့် သူ့မျက်နှာပေါ်တွင် အပျော်သဘောဖြင့် စနောက်ချင်နေသော အပြုံးများဖြင့် တောက်ပနေသည်ကို သူမ တွေ့လိုက်ရသည်။

နေ့လယ်စာ စားပြီးသည့် နောက်တွင် နှစ်ယောက်စလုံး ငွေတူများကို ချလိုက်သည်ကို မြင်လိုက်ရချိန်တွင်တော့ အပြင်၌ စောင့်နေသည့် အစေခံများက လက်ဖက်ရည်ပူပူ ယူလာပေးသည်။

လဲ့ကျစ် လက်ဖက်ရည်ခွက်ကို အမြန်ကောက်ယူလိုက်ရာ ရင်းနှီးသောရနံ့က သူမ၏နှာခေါင်းဆီသို့ လွင့်ပျံလာသည်။ သူမ ညင်ညင်သာသာ ငုံလိုက်ပြီး သောက်ကြည့်လိုက်ရာ ပြေပြစ်သော အရသာတစ်ခုက ခါးသီးသော အရိပ်အမြွက်အပြည့်ဖြင့် သူမ၏လည်ချောင်းထဲသို့ စိမ့်ဝင်သွားသည်။ သို့သော်လည်း အရသာက တဖြည်းဖြည်း ချိုမြိန်လာသည်။ ဤလက်ဖက်ရည်၏ကျေးဇူးကြောင့် သူမ၏နှလုံးသားထဲမှ တုန်လှုပ်မှုကို ပြန်ထိန်းရန် အချိန်အများကြီးရစေခဲ့သည်။

"ထိုက်ဇီဖေး... ကျွန်မတို့က ထိုက်ဇီဖေး ဘယ်လိုလက်ဖက်ရည်မျိုးကို သောက်ရတာ ကြိုက်လဲဆိုတာ မသိပါဘူး၊ ဒါကြောင့် ထိုက်ဇီဖေးအတွက်လဲ အရှင့်သားရဲ့ စိတ်ကြိုက်လက်ဖက်ရည်ကိုပဲ ပြင်ဆင်ထားတာပါ"

အစေခံက ဦးညွှတ်ရင်း တောင်းပန်နေသည်။

“ထိုက်ဇီဖေး မကြိုက်ရင် ကျွန်မတို့ ချက်ချင်း ပြန်လဲပေးပါ့မယ်”

“လက်ဖက်ရည်က အရမ်းကောင်းပါတယ်... မင်းတို့ အရင်ပြန်ထွက်သွားလို့ ရပြီ"

အစေခံက စိတ်သက်သာရာရသွားဟန်ဖြင့် ချက်ချင်း အရိုအသေပေးပြီး တံခါးအပြင်ဘက်သို့ ပြန်ဆုတ်ခွာသွားသည်။

လဲ့ကျစ်က လက်ဖက်ရည်ခွက်ကို ချကာ ဟော်တူကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

"အရှင့်သားက နောက်နေပြန်ပါပြီ"

ဤသည်မှာ သူ၏ စကားများအပေါ် သူမ၏ တုံ့ပြန်မှု ဖြစ်သည်။

ကနဦး တုန်လှုပ်သွားပြီးနောက် လဲ့ကျစ်က ထော့ကျိုးလေးဟော်အတွက် သူ ပြသခဲ့သည့် စိုးရိမ်မှုကို ပြန်တွေးကြည့်လိုက်ရာ သူ ဟန်ဆောင်နေပုံ မပေါ်ပေ။ ပိုအရေးကြီးသည်က ထော့ကျိုးလေးဟော်က သူနှင့် အလွန်ရင်းနှီးနေခြင်းပင်။ တိရိစ္ဆာန်များ၏ သဘာဝဗီဇက စစ်မှန်မှု အရှိဆုံးဖြစ်သည်။ ဟော်တူသာ သူ့ကို တကယ် နာကျင်စေခဲ့လျှင် သူက ယခုကဲ့သို့ပင် ဟော်တူအပေါ်တွင် ဘယ်တော့မှ စိတ်ဖြောင့်ဖြောင့်ဖြင့် အိပ်စက်နေမည် မဟုတ်ပေ။

ဟော်တူက ဘာမှ ပြန်မပြောဘဲ သူ့ လက်ဖက်ရည်ခွက်ကို ယူပြီး သောက်နေခဲ့သည်။ ထို့နောက် ထမင်းစားခန်းမှ ထွက်သွားရန် ဘီးတပ်ထိုင်ခုံကို ဖြည်းညှင်းစွာ တွန်းလိုက်သည်။ ဘီးတပ်ထိုင်ခုံ တံခါးနားသို့ ရောက်သွားမှ သူက လှောင်ပြောင် သံဖြင့် ပြောလာပြန်သည်။

“မင်း မကြိုက်ရင် ကိုယ့်ကိုကိုယ် အတင်းအကျပ်မလုပ်နဲ့”

လဲ့ကျစ်က ချက်ချင်း နားလည်သွားခဲ့သည်။ သူမ ပြန်တွေးကြည့်လိုက်ရာ သူမ မနက်စာကို ပင်စိမ်းရွက်များ စားခဲ့ရပြီး မျက်မှောင်ကြုတ်မိသည်ကို သူ သိထားပြီးသားဖြစ်သောကြောင့် ယခုဖြစ်နေသည့် သူမ၏အမူအရာက သူ့မျက်လုံးထဲ၌ အတုအယောင် ဆန်နေပုံရသည်။

‘မဟုတ်ဘူး၊ အဲဒါထက်တောင် ပိုနိုင်သေးတယ်။ သူမ နှလုံးသားထဲမှာ သိနေတာတစ်ခုက သူမတို့ရဲ့ လက်ထပ်ပွဲကို ချီဧကရာဇ်က ချီးမြှင့်ပေးခဲ့ပေမယ့် သူမက သူ့အနားမှာ ထားဖို့ ဟော်ရှက စီစဉ်ပေးတဲ့သူဆိုတာကို ဟော်တူက မသိပဲမနေဘူး။ အဲ့ဒါဆို သူက သူမရဲ့ လှုပ်ရှားမှုတိုင်းက ညံ့ဖျင်းတယ်လို့ သတ်မှတ်မှာ မဟုတ်ဘူးလား’

လဲ့ကျစ်တစ်ယောက် ဘယ်ကလာမှန်း မသိသော သတ္တိကို ဆင့်ခေါ်လိုက်ပြီး အလျင်စလို ထလိုက်ကာ သူ့ကို လှမ်းခေါ်လိုက်သည်။

“အရှင့်သား!”

အဖြူရောင် ကျောက်စိမ်း ဘီးတပ်ထိုင်ခုံတွင် ထိုင်နေသူက လှည့်မကြည့်ဘဲ သူ့ညာဖက်လက်ဖဝါးကို လက်ကိုင်ပေါ်တင်လိုက်ပြီး ထိုလက်ကိုင်ကို သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ဖြည်းဖြည်းချင်း စည်းချက်မရှိ ပုတ်နေပြန်သည်။

“ကျွန်မ မကြိုက်တာ မဟုတ်ပါဘူး၊ အစပိုင်းမို့ အရသာကို ကျင့်သားမရ ဖြစ်နေတာပါ၊ ထပ်မြည်းကြည့်လိုက်တော့ အရသာက မတူတော့ဘူး... ဒီလက်ဖက်ရည်က အရမ်းကောင်းတယ်လို့ ထင်ပါတယ်"

သူ မယုံမှန်း သူမ သိသော်လည်း လဲ့ကျစ်ကတော့ ဆက်ပြောနေသေးသည်။ ထိုစကားများက အမှန် ဖြစ်ပြီး အမှား မပါပေ။ လက်ဖက်ရည်ထဲသို့ ပင်စိမ်းရွက်ကို ထည့်သောက်ရခြင်းက တိုက်ရိုက်စားရခြင်းနှင့် မတူပေ။ အစာစားပြီးချိန်တွင် ထိုလက်ဖက်ရည်ကို သောက်ရခြင်းက အစာအိမ်အတွက် အလွန် လန်းဆန်းသွားစေသည်။

‘သူမ တကယ် ကြိုက်တာပါ...’

ထို့အပြင် သူမ၏ နှလုံးသားထဲမှ မှုန်ဝါးနေသော မရေမရာ အစီအစဥ်က ပို၍ ရှင်းရှင်းလင်းလင်း ပုံပေါ်လာသည်။

ဟော်ရှ အပေါ်ထားသော သူမ၏ သဘောထားများ... ဟော်ရှ၏ သူနှင့် သူမ နီးစပ်စေခြင်း၏ ရည်ရွယ်ချက်များ.... သူမ သူ့ကို အားလုံး ပြောပြချင်နေခဲ့သည်။

သို့သော် အချန်မကြသေးပေ။

ယခုအချိန်က အကောင်းဆုံးအချိန် မဟုတ်သေးပေ။

"ကိုယ့် နောက်လိုက်ခဲ့"

ဟော်တူ ဘယ်သွားနေမှန်း မသိဘဲ လဲ့ကျစ်က နွေးထွေးစွာ တုံ့ပြန်လိုက်ပြီး သူ့နောက်ကို အမြန်လိုက်သွားခဲ့သည်။

သူ အိပ်ခန်းထဲသို့မ၀င်မီ လဲ့ကျစ်က သူ နေ့လယ်စာစားပြီး အနားယူချင်နေသည်ဟု ထင်ခဲ့သော်လည်း ဟော်တူက သူ၏ဘီးတပ်ထိုင်ခုံကို ခန်းမအတွင်းရှိ မဟော်ဂနီစားပွဲဆီသို့ လှည့်လိုက်သည်။ လဲ့ကျစ်က သူ့အကြည့်မျဉ်းအတိုင်း တချက်ကြည့်လိုက်သည်။

ထိုမဟော်ဂနီစားပွဲတွင် ဘာမှန်း မသိသော အရာများနှင့် ပြည့်နေလေသည်။ ထိုအရာများက မင်္ဂလာလက်ဆောင်များကဲ့သို့ အသစ်အဆန်းနှင့် ဇိမ်ခံပစ္စည်းများ ဖြစ်နေသည်။

လဲ့ကျစ်က သူ ဘာပြောချင်သည်ကို မှန်းဆနေပြီး သူ့ကို စားပွဲနားသို့ တွန်းပေးလိုက်သည်။

"မင်း ကြိုက်တာ ရွေး"

ရွှေငွေ လက်ဝတ်ရတနာများ၊ ကျောက်မျက်ရတနာများ၊ ထင်ရှားကျော်ကြားသော စာအုပ်များနှင့် ရုပ်ပုံပန်ချီများကြားတွင် ထူးထူးခြားခြား တစ်စုံတစ်ရာ ရှိနေခဲ့သည်။

ထိုအရာက ကျောက်စိမ်းပုလွေဖြူတစ်ချောင်း ဖြစ်သည်။

လဲ့ကျစ်က မသိစိတ်ဖြင့် ထိုကျောက်စိမ်းပုလွေကို ကောက်ယူပြီးမှ တွေဝေနေပြန်သည်။

သူမ၏အစ်မတော်က ထက်မြက်ပြီး ချောမောလှပသူဖြစ်သည်။ သူမက ဇီသာတီးခတ်ရာနှင့် ပုလွေမှုတ်ရာတွင် အကောင်းဆုံးဖြစ်သည်။ ယခင်တုန်းက သူမ အားလပ်သည့်အချိန်တိုင်း လေပြင်းတိုက်သည့် နန်းဆောင်တစ်ခုတွင် ထိုင်ပြီး အစ်မတော်၏ ပုလွေသံကို နားထောင်ကာ ပျင်ပျင်းရိရိ မှိန်းမောနေခဲ့ဖူးသည်။

သူမ၏ ထိုအမူအရာကို လိုက်လိုက်ရသည့် ဟော်တူက တခုခုကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပုံရသည်။ သူက အစေခံများကို ခန်းမထဲသို့ ဝင်လာရန် ခေါ်လိုက်ပြီး ကျန်နေသည့် လက်ဆောင်များ အားလုံးကို စွန့်ပစ်ရန် အမိန့်ပေးလိုက်သည်။

လဲ့ကျစ်က သတိပြန်ဝင်လာပြီး အံ့မခန်းဖြစ်နေသည့် အမူအရာဖြင့် လှမ်းမေးလိုက်သည်။

"အားလုံးကို... ပစ်လိုက်မှာလား?"

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်လိုက်ပြီး သူမလက်ထဲမှ ကျောက်စိမ်းပုလွေကို ဘာမှ မဖြစ်သလို အေးအေးဆေးဆေး လှမ်းယူလိုက်ရင်း ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

“မင်း အကြိုက်ဆုံးအရာက လွဲရင် ကျန်တဲ့အရာအားလုံးက အသုံးမဝင်တော့ဘူး”

သူက စကားပြောပြီးသည့်နှင့် ဘီးတပ်ထိုင်ခုံကို ကုတင်ဆီသို့ တွန်းသွားပြန်သည်။

လဲ့ကျစ်ကတော့ အံ့အားသင့်နေဆဲပင်။

‘ဒီအဖိုးတန်ရတနာတွေက ဘယ်လို အသုံးမဝင်ပဲ နေမှာတုန်း’

‘သူမ နားမလည်ဘူး’

‘သူမ ဟော်တူကို နားမလည်သလို ဟော်တူရဲ့စကားတွေကိုလဲ နားမလည်ဘူး။’

သူမ လှည့်ကြည့်လိုက်ရာ ဟော်တူက မနေ့ညက သူ လှန်ထားသော စာအုပ်ကို ကိုင်ထားဆဲဖြစ်ပြီး ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။ ဟော်တူ၏ပေါင်ပေါ်တွင် အချိန်အတော်ကြာအောင် အိပ်နေသော ထော့ကျိုးလေးဟော်က နိုးလာပြီး အားတက်သရေဖြင့် သူ့၏ မသန်သောခြေထောက်ကို ကုတင်ပေါ်သို့ ဆွဲတင်နေသည်။

လဲ့ကျစ်က ကုတင်နားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူမ ရုတ်တရက် သတိလွတ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

"မင်း အိပ်ချင်နေတာလား?"

ဟော်တူက သူမကို ဖျက်ခနဲ ကြည့်ကာ မေးလိုက်ပြန်သည်။

######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : ဇနီးလေးက အိပ်ချင်လို့လား....

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment