no

Font
Theme

အခန်း ၂ တစ်အိပ်ရာတည်း

ညဥ့်နက်နေပြီဖြစ်သော်လည်း အိပ်ခန်းဆောင်ထဲမှ အနည်းငယ် သည်းခံထိန်းချုပ်ထားဟန်တူသည့် တိုးညှင်းသော ငိုညည်းသံတစ်ခု ထွက်ပေါ်လာသည်။ ခန်းမအပြင်ဘက်တွင် စောင့်နေသော ကျေးကျွန်များကတော့ မျက်တောင်ပင် မခတ်ရဲကြဘဲ မသိကျိုးနွံပြုနေကြသည်။

‘မြင့်မြတ်တဲ့ထိုက်ဇီရဲ့ ကိစ္စတွေကို ပြောဖို့ ဘယ်သူက သတ္တိရှိမှာလဲ?’

လဲ့ကျစ်က သတို့သမီး ခုတင်၏ အပြင်ဘက်တွင် လှဲလျောင်းနေပြီး သူမ၏ နီရဲနေသော မျက်လုံးများမှ မျက်ရည်များ စီးကျလာနေသည်။ သို့သော်လည်း သူမက ထိုမျက်ရည်များကို သုတ်ရန် သူမလက်ကို မမြှောက်ခဲ့ပေ။ အတိအကျပြောရလျှင် သူမ လက် မမြှောက်နိုင်တော့ခြင်းသာ ဖြစ်သည်။

ဟော်တူ၏ "နာမှာနော်" ဟူသော အဓိပ္ပာယ်ကို သူမ နောက်ဆုံးမှ သဘောပေါက်ခဲ့ရသည်။ သို့သော် ထိုအရာက သူမ မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေသည်။

သူက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏လက်ကို လိမ်ရန် ရုတ်တရက် အားထုတ်လိုက်ခြင်းသာ ဖြစ်သည်။ သူမလက်မှ အဆစ်များကလည်း မူလနေရာမှ လျောထွက်ကာ နေရာရွေ့သွားတော့သည်။

‘အရမ်းနာတယ်၊ တကယ်ကို အရမ်းနာတယ်...’

သူမ မငိုချင်စေသော်လည်း နာကျင်လွန်းသောကြောင့် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာတော့သည်။

သူမကို နာကျင်စေသည့် တရားခံကတော့ ယခုအချိန်တွင် ကုတင်၏အတွင်းဘက်၌ လဲလျောင်းနေပြီး သူမကို နောက်ကျောပေးကာ သူမဘေးတွင် အိပ်နေပြီ ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် နှစ်ယောက်လုံး စကားမပြောဖြစ်ကြချေ။

လဲ့ကျစ်က ဟော်တူ အိပ်ပျော်နေသည်ဟု ထင်ခဲ့သော်လည်း သူမကတော့ အိပ်မပျော်နိုင်သေးပေ။ သူမ၏အဆစ်လွဲနေသော လက်မောင်းက အလွန်နာကျင်နေပြီး သူမ၏ခန္ဓာကိုယ်တွင်လည်း စောင်တစ်ထည်ပင် မရှိချေ။

မင်္ဂလာအိပ်ရာက အလွန်ကြီးမားပြီး ခေါက်ထားသော မင်္ဂလာစောင်များကို မင်္ဂလာခုတင်၏ အတွင်းဘက်စွန်းတွင် သပ်သပ်ရပ်ရပ် ချထားသည်။ သူမ၏လက်နှစ်ဖက်ကို ဆွဲလိမ်ပြီးနောက် ဟော်တူက စောင်တစ်ထည်ကို ဆွဲယူကာ သူ့ကိုယ်သူ လွှမ်းခြုံထားသော်လည်း သူမကို ဖုံးအုပ်ပေးလောက်မည့် ကြင်နာမှုအရိပ်အယောင်ကိုတော့ မပြခဲ့ပေ။

‘ကြင်နာမှုလား? သူ့မှာ အဲ့ဒီအရာ ရှိမှာမို့လား?????’

လဲ့ကျစ်က ခါးသီးသောစိတ် မုန်းတီးသော မျက်လုံးများဖြင့် သူမ၏ခေါင်းကို အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အိပ်လို့ မရဘူးလား?"

လဲ့ကျစ်တစ်ယောက် အံ့သြတုန်လှုပ်သွားပြီး ထိုလူက ခေါင်းအနောက်ဘက်တွင် မျက်လုံးများ ရှိနေသလားဟုပင် တွေးလိုက်မိသည်။

သူမ၏အဖြေကို မကြားရသောကြောင့် ဟော်တူက ပျင်းပျင်းရိရိလေသံဖြင့် ဆက်ပြောလာခဲ့သည်။

"မင်း ဒီအိပ်ယာကို ကျင့်သားမရရင် အနွေးခန်းမှာ သွားအိပ်"

လဲ့ကျစ်က ခုတင်ပေါ်သို့ လှဲချလိုက်ပြီး ခုတင်ကန့်လန့်ကာက အနည်းငယ် ယိမ်းထိုးသွားသည်။ ဟော်တူက သူ့လက်ကို ညင်ညင်သာသာ ဝှေ့ယမ်းလိုက်ရာ ခုတင်၏ကန့်လန့်ကာနှစ်စက အောက်သို့ ပြုတ်ကျပြီး ပိတ်သွားတော့သည်။ သို့သော်လည်း အလယ်တွင် ကွက်လပ်တစ်ခု ရှိနေသေးသည်။

အပြင်ဘက်မှ အနီရောင်ဖယောင်းတိုင်များက မငြိမ်းသွားဘဲ တောက်ပနေခဲ့သည်။ အိမ်ရှေ့စံ၏ မင်္ဂလာဦးညတွင် မင်္ဂလာဖယောင်းတိုင်များ အရုဏ်တက်သည်အထိ မငြိမ်းစေရဘူးဟူသော ထုံးတမ်းစဉ်လာကိုတော့ လိုက်နာနေဆဲပင်။

ဖယောင်းတိုင်မီးရောင်က ခုတင်အတွင်းသို့ စိမ့်ဝင်နေပြီး အနည်းငယ် လှုပ်ခတ်သွားတတ်သော ခုတင်ကန့်လန့်ကာများနှင့်အတူ ခုတင်အတွင်းရှိ တောက်ပမှုက အမှောင်ထုနှင့် အားပြိုင်ကာ တလှည့်စီ နေရာယူနေကြသည်။

လဲ့ကျစ်က ဟော်တူ၏စကားများထဲမှ အဓိပ္ပာယ်ကို သေသေချာချာ တွေးတောနေခဲ့သည်။ သို့သော် သူ့စကားများထဲမှ ရည်ရွယ်ချက်ကို သူမ မမှန်းဆနိုင်သေးပေ။

သူမ လက်နှစ်ဖက်ကို လိမ်ချိုးခံရပြီး အနွေးခန်းမှာ သွားအိပ်လိုက်ရင် သူမ အရမ်းကို မိုက်မဲလွန်းသလို ဖြစ်သွားမှာ မဟုတ်ဘူးလား?

နောက်ဆုံးတွင် လဲ့ကျစ်က စဉ်းစားခြင်းကို ရပ်တန့်လိုက်ပြီး သူ့ကို လုံးဝ မတုံ့ပြန်တော့ဘဲ သူမ၏ခန္ဓာကိုယ်ကို ခုတင်၏အတွင်းဘက်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ တစ်လက်မစီလောက် လှုပ်ရှားမှုတိုင်းအတွက် အလိမ်ခံထားသောအရိုးမှ ထုံကျင်မှုက တစ်လက်မစာ ထပ်တိုးလာသလို သူမ ခံစားနေရသည်။

သို့သော်လည်း နောက်ဆုံးတွင် သူမ၏မျက်နှာကို ဟော်တူ၏ကျောပြင်ဆီသို့ ညင်ညင်သာသာ ဖိကပ်နိုင်ခဲ့ပြီး သူတို့နှစ်ယောက်ကြားတွင် ညဝတ်အင်္ကျီပါးပါးတခုသာ ခြားနေတော့သည်။

ထိုအပြုအမူက သူမ အနွေးခန်းသို့ မသွားဘူးဟု တိတ်တိတ်ဆိတ်ဆိတ် ပြောနေပုံရပြီး သူမက သူနှင့်အတူ အိပ်ချင်နေသည်ဟု ဆိုလိုသည်။

"လဲ့ကျစ်"

ဤသည်မှာ သူ သူမ၏နာမည်ကို ငြီးငွေ့ဖွယ်လေသံဖြင့် ပထမဆုံးအကြိမ် ခေါ်ခြင်းဖြစ်သော်လည်း အခေါ်ခံရပြီးနောက် လဲ့ကျစ်၏ နှလုံးခုန်သံက စည်တော်ကြီးတီးနေသကဲ့သို့ ဖြစ်လာပြန်သည်။

"ပြဿနာမရှာနဲ့၊ ငြိမ်ငြိမ်နေ"

လဲ့ကျစ် ခဏလောက် တုံ့ဆိုင်းသွားရသည်။ သူက ထိုကဲ့သို့ ပြတ်သားသောလေသံဖြင့် သူမ သူ စိတ်အနှောင့်အယှက်ဖြစ်စေသော တစ်စုံတစ်ရာကို ပြုလုပ်နေသည်ဟု စွပ်စွဲနေပုံရသည်။

ထို့ကြောင့် လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို တွန့်လိုက်ပြီး သူမ၏ နီရဲနေသော မျက်နှာလေးကို နောက်သို့ အနည်းငယ် ပြန်ရွှေ့လိုက်သည်။ ထို့အပြင် ဟော်တူက သူမအား နောက်တစ်ကြိမ် မောင်းထုတ်မည်ကို ကြောက်ရွံ့သောကြောင့် သူမ တိုးတိုးလေး ထပ်ပြောလိုက်သည်။

“ကျွန်မ ဒီမှာပဲ အိပ်မယ်…”

ထိုအရာက သူမ ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဟုတ် မဟုတ် မသေချာသော်လည်း သူမ အလွန်းတိုးညင်းသည့် ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။

ထို့နောက် ဟော်တူက အပြင်ဘက်သို့ မျက်နှာမူကာ သူမကို လှည့်ကြည့်လိုက်သည်။ လဲ့ကျစ်တစ်ယောက် ကြောက်ရွံ့လွန်းသောကြောင့် သူမ၏မျက်လုံးများကို အမြန်မှိတ်ချလိုက်သည်။

အစပိုင်းတွင် သူမ ထိုကဲ့သို့သတ္တိရှိရှိ ပြုမူရဲခြင်းက ဟော်တူ သူမကို ကျောပေးထားသောကြောင့်သာ ဖြစ်သည်။

‘ဒါပေမယ့် အဲ့ဒါက သူမ သူ့ကို မကြောက်ဘူးလို့ မဆိုလိုဘူးလေ။’

‘သူမရဲ့လက်ကို ဆွဲလိမ်ခံလိုက်ရတဲ့အချိန်မှာ ဖြစ်လာတဲ့ ကြောက်စိတ်က အခုထိရှိနေတုန်းပဲ၊ စိတ်ထဲမှာ အရမ်းကြောက်နေမှတော့ သူ့ကို မျက်နှာချင်းဆိုင်ကြည့်ဖို့ ဘယ်မှာ သတ္တိရှိနေမှာတုန်း?’

‘သူနဲ့ အတူအိပ်ဖို့ အတင်းအကြပ် လုပ်နေတာကလည်း သူမစိတ်ထဲမှာ အစီအစဉ်တခု ရှိနေလို့ပါပဲ။ ပြီးတော့ အဲ့အစီအစဥ်က ဖြစ်နိုင်ချေ ရှိ၊ မရှိ ဆိုတာကိုလည်း သူမ အခုချိန်အထိ အဖြေမရှာနိုင်သေးဘူး။’

လဲ့ကျစ်က သူမ၏မျက်လုံးများကို တင်းတင်းမှိတ်ထားသော်လည်း သူမ ဟော်တူ၏အကြည့်ကို ခံစားနိုင်သေးသည်။ သူ၏ စူးစူးရှရှ အကြည့်ကြောင့် သူမ၏ အနက်ရောင်မျက်တောင်လေးများ တုန်လှုပ်နေဆဲ ဖြစ်သည်။ သို့သော် ခဏအကြာတွင် သူမ၏ရှည်လျားသော မျက်တောင်များပင် မလှုပ်နိုင်ကြတော့ချေ။

ဟော်တူက သူမ အိပ်နေသောဘေးသို့ လက်ဖြင့် ခပ်ဆဆ ပုတ်ရုံသာ ပုတ်လိုက်သော်လည်း သူမ သတိလစ်သွားရသည်။

ဟော်တူက သူ့လက်ဖဝါးကို အနည်းငယ် မြှောက်လိုက်ပြီး ခုတင်မှ ကန့်လန့်ကာနှစ်စကို သူ့အတွင်းအားဖြင့် ဖယ်လိုက်သောကြောင့် ကန့်လန့်ကာစများ လွင့်ထွက်သွားသည်။ ထိုအခိုက်အတန့်တွင် ဖယောင်းတိုင်မီးရောင်က အတွင်းသို့ ထင်ထင်ရှားရှား ထိုးဖောက်ဝင်ရောက်လာပြီး လဲ့ကျစ်၏နှင်းရောင်ကဲ့သို့ ပါးပြင်လေးများအား ထူးထူးခြားခြား တောက်ပလာစေသည်။

ဟော်တူ၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။

‘တကယ်တော့ သူမက ကမ္ဘာပေါ်မှာရှိတဲ့ ရှားရှားပါးပါး အလှတရားလေးပဲ။ ကံမကောင်းတာက သူမက ဟော်ရှရဲ့လူ ဖြစ်နေခဲ့တယ်။’

ဟော်တူက သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး သူ့လက်ဖဝါးကို လဲ့ကျစ်၏နှင်းကဲ့သို့ ဖြူဆွတ်နေသော လည်ပင်းပေါ်သို့ တင်လိုက်သည်။ သူ အနည်းငယ် အားစိုက်ထုတ်လိုက်ရုံဖြင့် သူမ ပြန်နိုးလာတော့မည် မဟုတ်ပေ။ အေးစက်နေသော လက်ချောင်းများက ဖြည်းဖြည်းချင်း တင်းကျပ်သွားသော်လည်း ဟော်တူက ရုတ်တရက် ရပ်တန့်လိုက်သည်။

‘သူ သူမ လည်ပင်းကို လိမ်ချိုးလိုက်ရင် သူမရဲ့ခေါင်းက ရွဲ့စောင်းသွားလိမ့်မယ်... အဲဒါဆို အလှလေးရဲ့ သေခြင်းတရားက အရုပ်ဆိုးလွန်းနေတော့မှာပဲ.....’

ဟော်တူက အကောင်းဆုံးသေရမည့်နည်းလမ်းများထဲမှ နည်းလမ်းနှစ်သွယ်လောက်ကို လေးလေးနက်နက် တွေးနေပုံဖြင့် မျက်မှောင်ကြုတ်နေပြန်သည်။

ထိုအချိန်တွင် ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာသည်။

နှင်းဖြူရောင်အမွေးလုံးလေးက မင်္ဂလာခုတင်ပေါ်သို့ ကျွမ်းကျင်စွာ ခုန်တက်လိုက်သော်လည်း သူ့၏ညာဘက်ခြေထောက်က အားနည်းနေပုံရပြီး ခုတင်ပေါ်တွင် ခိုင်မြဲစွာ မရပ်တည်နိုင်ဘဲ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။

ဟော်တူ၏ လျစ်လျူရှုတတ်ပုံရသော မျက်လုံးနက်နက်များထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူက နှင်းဖြူရောင်အမွေးလုံးလေးကို လှမ်းပွေ့ရန် သူ့လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်သည်။ နှင်းဖြူရောင်အမွေးပွပွလုံးလုံးလေးက ထိတ်လန့်သွားပုံဖြင့် အမွေးများ ထောင်ထလာကာ အကြိမ်ပေါင်းများစွာ အော်ဟစ်နေသည်။

“မြောင်... မြောင်...”

"မင်းဘာသာ သတိမထားမိတာကို ဘာလို့ ငါ့ကို လာပြီး စိတ်ဆိုးနေရတာလဲ?"

ဟော်တူက သူ့ခေါင်းလေးကို ညင်ညင်သာသာ ပုတ်ရင်း တိုးတိုးဖွဖွ ပြစ်တင်ရှုံ့ချလိုက်သည်။

နောက်ဆုံးတွင် နှင်းဖြူရောင်အမွေးလုံးလေးက သူ့၏ဦးခေါင်းကို မြှောက်ကာ ဝိုင်းစက်ပြီး အပြစ်ကင်းစင်သော ကြောင်မျက်လုံးလေးများကို ပေါ်လွင်စေလိုက်သည်။ ထိုအရာက နှင်းဖြူရောင်ပါရှန်းကြောင်လေးသာ ဖြစ်သည်။

ဟော်တူက ကြောင်လေးကို ခဏလောက် ကြည့်နေပြီးမှ ရုတ်တရက် သဘောပေါက်သွားပုံရသည်။ သူက မျက်လွှာချကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း တိုးတိုးလေးထပ်ပြောလိုက်သည်။

“ငါ တောင်းပန်ပါတယ်၊ ဒါကို မင်းရဲ့အရုပ်လေးလို့ ငါ ပြောခဲ့တယ်၊ အဲ့တော့ သူ့ရဲ့အသက်နဲ့ သေခြင်းက မင်းရဲ့သဘောအတိုင်းပဲပေါ့”

ထိုသို့ ပြောပြီးသည်နှင့် ဟော်တူက နှင်းဘောလုံးလေးကို လဲ့ကျစ်ဘက်သို့ ချပေးလိုက်ပြီး ကြောင်လေး၏တုံ့ပြန်မှုကို ဂရုတစိုက် စောင့်ကြည့်နေပြန်သည်။

နှင်းဘောလုံးလေးက လဲ့ကျစ်၏မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် သူမ၏လက်မောင်းကို မှီကာ သူမမျက်နှာကိုပင် ပွတ်သပ်နေသေးသည်။ အိပ်ပျော်နေသောလူက တုံ့ပြန်ခြင်း မရှိသည်ကို မြင်လိုက်ရမှ ကြောင်လေးက ပျင်းရိလာပုံဖြင့် သူမ၏ပခုံးပေါ်သို့ လှဲချကာ အိပ်သွားတော့သည်။

ကြောင်လေး၏ ထိုအပြုအမူကြောင့် ဟော်တူတစ်ယောက် သူ့မျက်နှာပေါ်မှ အံ့အားသင့်မှုအရိပ်အယောင်များကို လုံးဝ မထိန်းနိုင်တော့ပေ။

‘ဒီအရာလေးက သူစိမ်းတွေနဲ့ တစ်ခါမှ နီးနီးကပ်ကပ် မနေခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ သူက လဲ့ကျစ်ရဲ့ဘေးမှာ လိမ်လိမ်မာမာ အိပ်နေတယ်ပေါ့။’

ဟော်တူက အမွေးလုံးလေး၏နူးညံသောဦးခေါင်းကို ပုတ်ပေးရန် သူ့လက်ချောင်းထိပ်များကို ဆန့်ထုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါး လှောင်ပြောင်ရယ်မောလိုက်သည်။

“အလကား ထော့ကျိုးလေး”

အချိန်အတော်ကြာပြီးနောက် သူက တိုးတိုးလေး ထပ်ပြောလိုက်ပြန်သည်။

“ကောင်းပြီ”

ဆောင်းည၏အလယ်တွင် အိပ်ခန်းထဲ၌ အနွေးဓာတ်ဟူ၍ တစိုးတစိမျှ ရှိမနေခဲ့ပေ။ အအေးဓာတ်က အရိုးထဲထိ ထိုးဖောက်ဝင်ရောက်နေသော်လည်း အိပ်ခန်းထဲတွင် အပူပေးနိုင်မည့်အရာလည်း မရှိပြန်ပေ။

အိပ်မောကျနေသော နှင်းဖြူရောင်အမွှေးလုံးလေးက အအေးဒဏ်ကြောင့် ရုတ်တရက် တုန်ယင်သွားသည်။ ဟော်တူက ခုတင်နံဘေးမှ မင်္ဂလာဆောင်စောင်ကို အလွယ်တကူ ဆွဲယူကာ ကြောင်လေးပေါ်သို့ အုပ်ပေးလိုက်သည်။ သို့သော် မင်္ဂလာဆောင်စောင်က အလွန်ကြီးမားနေပြီး သူ့ကို ဖုံးမိရန် စောင်၏ထောင့်စွန်းအနည်းငယ်မျှဖြင့် လုံလောက်နေပြီး စောင်၏ကျန်အပိုင်းက လဲ့ကျစ်ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

.......။.........။.......

တာ့ချီသို့ ရောက်လာခဲ့သည့် ဤနေ့ရက်များအတွင်း လဲ့ကျစ် ညတိုင်း အေးချမ်းစွာ အိပ်မပျော်နိုင်ခဲ့ပေ။ သူမ မျက်လုံးမှိတ်လိုက်သည်နှင့် ထိုသွေးထွက်သံယို ဖြစ်နေသည့် ကြောက်စရာပုံရိပ်များက သူမ၏ မျက်လုံးများရှေ့တွင် တခဲနက် ပေါ်လာပေလိမ့်မည်။

ထို့ကြောင့် လဲ့ကျစ်က အိပ်မပျော်နိုင်သည်ထက် အိပ်ပျော်သွားမည်ကို ပိုကြောက်နေခဲ့လာသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် လဲ့ကျစ် နှစ်နှစ်ခြိုက်ခြိုက်နှင့် အကြာကြီး အိပ်မောကျနေခဲ့ပြီး တစ်ညလုံး အိပ်မက်တစ်ခုပင် မမက်ခဲ့ပေ။

ကောင်းကင်က တောက်ပလာပြီး ပူနွေးသည့် နေရောင်ခြည် မြင့်တက်လာသောကြောင့် အပြင်ဘက် ပြတင်းပေါက်မှ လင်းလက်နေသော နေရောင်ခြည်များ ဝင်ရောက်လာပြီး လဲ့ကျစ်၏ပိတ်ထားသောမျက်ခွံများအပေါ် ညင်ညင်သာသာ ထိတွေ့ကျီစယ်နေသည်။ လဲ့ကျစ်၏မျက်ခွံများက အနည်းငယ် တုန်ခါလာပြီး မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသော်လည်း မှုန်ဝါးဝါး အမူအရာများရှိနေဆဲပင်။

ရုတ်တရက် သူမ လည်ပင်းမှ ယားယံသည့်ဝေသနာကို ခံစားလိုက်ရသောကြောင့် လဲ့ကျစ်က သူမ၏ခေါင်းကို စောင်းငဲ့ကြည့်လိုက်ရာ နှင်းဖြူရောင်အမွှေးလုံးလေးက သူမလည်ပင်းအား ပွတ်သပ်နေသည်ကို သူမ တွေ့လိုက်ရသည်။

သူမ နိုးလာသည်ကို မြင်လိုက်ရသော နှင်းဖြူရောင်အမွှေးလုံးလေးကလည်း ပွတ်သပ်မှုကို ရပ်တန့်လိုက်ပြီး မျက်လုံးပြူးကျယ်လေးဖြင့် သူမကို စိုက်ကြည့်နေသည်။

လဲ့ကျစ်က မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ပြုံးလိုက်ကာ သူ့ခေါင်းလေးကို ပွတ်သပ်ပေးရန် သူမ၏လက်ကို မြှောက်ရင်း ချစ်စနိုး လှမ်းမေးလိုက်သည်။

"နင် ဘယ်ကနေ ‌ရောက်လာတာလဲ?"

"မြောင်~"

နှင်းဖြူရောင်အမွှေးလုံးလေးက လဲ့ကျစ်၏လက်ဖဝါးကို သူ့ခေါင်းနှင့် ပွတ်လိုက်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းကာ ထွက်ပြေးသွားသည်။

"ဘာလဲ?"

လဲ့ကျစ်တစ်ယောက် လုံးဝ အိပ်ယာနိုးသွားပြီး ထထိုင်လိုက်ကာ သူမ၏မျက်နှာပေါ်မှ အပြုံးများလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထိုနောက် သူမက တိုးတိုးလေး ထပ်ပြောလိုက်ပြန်သည်။

“နင် ခြေထောက်နာနေတာလား…”

ခဏလောက် ကြောင်တောင်တောင်ဖြစ်နေပြီးမှ လဲ့ကျစ်က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူမ၏ လက်မောင်းကို ရုတ်တရက် ဆတ်ခနဲ မြှောက်လိုက်သည်။

‘သူမလက်တွေ ဘယ်တုန်းက ပိုကောင်းလာတာလဲ?’

ထိုနောက်တွင်မူ တဖြည်းဖြည်း အသိစိတ် ပြန်ဝင်လာသော လဲ့ကျစ်က မရင်းနှီးသော အိပ်ခန်းကျယ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မင်္ဂလာစားပွဲပေါ်ရှိ အထင်ရှားဆုံး အနီရောင်ဖယောင်းတိုင်တစ်စုံက မီးငြိမ်းနေပြီ ဖြစ်သည်။ ပြတင်းပေါက် အပြင်ဘက်မှ နေရောင်က ပိုတောက်ပနေသော်လည်း ခန်းမအပြင်ဘက်တွင် ဘာအသံမှ ရှိမနေခဲ့ပေ။

ထို့နောက် လဲ့ကျစ်က ကုတင်၏အတွင်းဘက်ခြမ်းသို့ လှည့်ကြည့်လိုက်သည်။

ဟော်တူလည်း ရှိနေဆဲဖြစ်ကာ သူက ပျော့ပျောင်းသော ခေါင်းအုံးပေါ် မှီထားပြီး မနေ့ညက စာအုပ်ကလည်း သူ့လက်ထဲတွင် ရှိ‌နေဆဲပင်။

လဲ့ကျစ်က သူ့ညာဘက်ခြေထောက်ကို အမှတ်တမဲ့ လှမ်းကြည့်ကာ သူမ၏နှုတ်ခမ်းလေးကို ကိုက်ထားလိုက်သည်။

‘သူမ အိပ်ရာထတာ အရမ်းနောက်ကျနေပြီ။ သူ့ခြေသလုံးနဲ့ ခြေဖဝါးတွေက အဆင်မပြေ ဖြစ်နေပေမယ့် သူက အတွင်းဘက်မှာ အိပ်နေတာလေ။ သူ သူမကြောင့် ခုတင်ပေါ်ကနေ လုံးဝ မထနိုင်သေးတာ မဟုတ်ဘူးလား?’

‘မမျှော်လင့်ပဲ သူ့လိုဒေါသကြီးတဲ့သူက သူမကို ခုတင်ပေါ်ကနေ တိုက်ရိုက် မတွန်းချလိုက်ဘူးပေါ့။’

လဲ့ကျစ်က ခုတင်ပေါ်မှ အမြန်ထလိုက်သည်။ ထို့နောက် သူမက သူမလက်ကို ဆန့်ထုတ်လိုက်ပြီး ရိုးရိုးသားသား တောင်းပန်လိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်၊ အရှင့်သားကို အကြာကြီးစောင့်စေမိပါတယ်"

ထိုစကားကို ကြားလိုက်ချိန်မှသာ ဟော်တူက သူ့မျက်ခွံများကို ပင့်လာပြီး ငြီးငွေ့နေသည့် အမူအရာဖြင့် စာအုပ်ကို ပြန်ချလိုက်ကာ သူ့လက်ဖဝါးကို တစ်ချက်ပြန်ကြည့်ရင်း ရယ်မောနေပြန်သည်။

"ဘာလဲ... ဒီခြေမသန်တဲ့လူက အိပ်ရာပေါ်ကနေ သူ့ဘာသာသူ မထနိုင်ဘူးလို့ ထိုက်ဇီဖေး ထင်နေတာလား?”

လဲ့ကျစ်က သူမ၏နဖူးပေါ်မှ အေးစက်သော ချွေးများကို သုတ်လိုက်ရင်း စက္ကန့်ပိုင်းအတွင်း သူ့၏တားမြစ်ချက်ကို ထိမိသွားပြီလားဟု တွေးနေကာ သူမ၏လက်ကို ပြန်ချဖို့တောင် ခဏလောက် မေ့သွားခဲ့သည်။

သို့သော် နောက်အခိုက်အတန့်တွင် ဟော်တူက သူ့၏လက်ကို သူမ၏လက်ဖျံပေါ်သို့ အသာအယာတင်ကာ ပြောလာခဲ့သည်။

“တကယ်တော့ ငါ့ဘာသာ မဆင်းနိုင်ဘူး”

ထို့အချိန်မှသာ လဲ့ကျစ်၏ကိုယ်တွင်းမှ ဝိညာဉ်များက နေရာမှန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လဲ့ကျစ်က သူ အိပ်ယာပေါ်မှ ဆင်းနိုင်ရန် ကူညီပေးလိုက်ပြီး ကျောက်စိမ်းဖြူတုတ်ကောက်ပါ ယူပေးလိုက်သည်။

ဟော်တူက တုတ်ကောက်၏အကူအညီနှင့် မတ်တပ်ထရပ်လိုက်ပြီး လဲ့ကျစ်အား အလွန်နူးညံ့သော အပြုံးဖြင့် ကျေးဇူးတင်လိုက်သည်။ ထို့နောက် ရေချိုးခန်းဆီသို့ လျှောက်သွားတော့သည်။

သူ ပြန်ထွက်လာချိန်တွင် လခြမ်းဖြူရောင် ဖဲဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ထားပြီး သူ့လက်မောင်းပေါ်ရှိ အင်္ကျီလက်ပတ်နေရာများတွင် ခေါင်ရမ်းပန်းပုံများ ပန်းထိုး ချုပ်လုပ်ထားသောကြောင့် ထိုဝတ်စုံက သူ၏ရှည်လျားသော အရပ်ကို ပို၍ ရှည်သွားသယောင်ထင်ရစေသည်။

နောက်ဆုံးတွင် သူက အိပ်ခန်းထဲမှ ထွက်သွားပြီး လဲ့ကျစ်လည်း သက်သာရာရသွားရသည်။ လဲ့ကျစ်က သူမ၏ချွေးအနည်းငယ်ထွက်နေသော လက်ဖဝါးများကို ဖြန့်ကာ ကြောင်‌တောင်တောင် စိုက်ကြည့်နေပြန်သည်။

ခဏအကြာတွင် လီယောင်က သူမကို သန့်ရှင်းရေးလုပ်ပေးရန်နှင့် အဝတ်အစား ကူလဲပေးရန် အခန်းထဲသို့ ဝင်လာခဲ့သည်။ လီယောင် သူမ၏ဆံပင်များကို ထုံးဖွဲ့ပေးနေစဥ်အတွင်း လဲ့ကျစ်၏ဗိုက်ထဲမှ အသံများထွက်လာတော့သည်။

မနေ့ကတည်းက လဲ့ကျစ် သစ်တော်သီးစွပ်ပြုတ်နှင့် ပဲနီဟင်းချိုအနည်းငယ်သာ သောက်ခဲ့ရသည်။

"သခင်မ ဗိုက်ဆာနေတာဖြစ်ရမယ်"

လီယောင်က ခေါင်းဆောင်းကို မှန်ကန်စွာ ဝတ်ရန် ကူညီပေးပြီးနောက် သူမ ထရပ်နိုင်ရန် ကူတွဲပေးဖို့ ရှေ့တိုးလာသည်။

"ဒီအစေခံက သခင်မကို ထမင်းစားခန်းဆီ ချက်ချင်းခေါ်သွားပေးပါ့မယ်"

........။.......။......

အရှေ့နန်းတော်၏ အနောက်ဘက် ဝင်းငယ်တစ်ခုတွင် နန်းတော်အမှုထမ်းများစွာ စုရုံးနေသည်။

တယောက်နှင့် တယောက် စကားပြောကာ ရယ်မောရင်း ဆူညံနေသည့်အသံများ အလယ်တွင် အသက်ကြီးပုံရသော မော့မော့တစ်ယောက် ရှိနေခဲ့သည်။ သူမ၏မျက်နှာတွင် အချိန်၏သဲလွန်စများ ထင်ဟပ်နေပြီး နှစ်ပေါင်းများစွာ သည်းခံခဲ့ရသော အခက်အခဲများနှင့် နစ်နာမှုများကို ဖုံးကွယ်ထားဟန်ရှိသည်။ သူမက လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး သူမ၏အမူအရာက အေးစက်နေသလို စကားလည်း မပြောပေ။ ထိုအရာက နန်းတော်ဘက်မှ ကလေးဆန်သော အစေခံမလေးတစ်ယောက် အဝေးမှ အလျင်အမြန် လျှောက်လာသည့် အချိန်အထိသာ ဖြစ်သည်။

"ကျင့်ရှင်း ဘယ်လိုလဲ?"

နန်းတွင်းအထိန်းတော်က ခံ့ညားသော အမူအရာဖြင့် မေးလိုက်ပြီး သူမ၏လေသံမှာပင် အားကောင်းသည့် စွမ်းအင်များ ရှိနေသလို ခံစားရစေသည်။

ကျင့်ရှင်းဟု အခေါ်ခံရသည့် နန်းတွင်းအစေခံလေး၏ပါးပြင်များက နီရဲနေပြီး မောဟိုက်နေလေသည်။ သို့သော် သူမက ခေါင်းငုံ့ကာ တရိုတသေ ပြန်ဖြေလိုက်သည်။

“ကျွန်မ သေသေချာချာ ကြည့်ခဲ့ပါတယ်”

သူမ၏အသက်ရှုသံက မတည်ငြိမ်သေးသလို သူမ၏အသံက ခြင်ဝီနေသလို ဖြစ်နေခဲ့သည်။

"ဒါဆို မြန်မြန်ပြောလေ!"

သူမဘေးမှ အဝါဖျော့ဖျော့ နန်းတွင်းဝတ်စုံဝတ်ထားသော အစေခံတစ်ယောက်က ကျင့်ရှင်း၏လက်မောင်းကို ဆွဲကိုင်ကာ တင်းမာသောအသံဖြင့် ဝင်ပြောလိုက်သည်။

သူမ ပြင်းပြင်းထန်ထန် အဆွဲခံလိုက်ရသောကြောင့် ကျင့်ရှင်း၏မျက်လုံးများ နီရဲလာပြန်သည်။ သူမက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။

“နှင်းဖြူလက်ကိုင်ပုဝါ… နှင်းဖြူလက်ကိုင်ပုဝါက အသစ်အတိုင်းဖြူနေပါသေးတယ်”

"ဟား ဟား!"

နန်းတွင်းအစေခံက ရယ်မောလိုက်ပြီး ကျင့်ရှင်း၏လက်အား ဆုပ်ကိုင်ထားသည့်လက်ကို ချက်ချင်း လွှတ်ပေးလိုက်သည်။ ကျင့်ရှင်းက သူမထံမှ ခြေလှမ်းနှစ်လှမ်းအကွာအထိ နောက်သို့ အမြန်ဆုတ်သွားသည်။

"မော့မော့၊ အဲဒီမင်းသမီးက ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မ ပြောခဲ့သားပဲ... ထိုက်ဇီက သူ(မ)ကို ထိဖို့တောင် တွန့်ဆုတ်နေတာလေ၊ တွေ့လား!?”

"မှန်တယ်! မော့မော့၊ သူ့(မ)က နာမည်ခံပါပဲ၊ မော့မော့ရဲ့အဆင့်အတန်းကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး”

နန်းတော်မှ အစေခံများအားလုံးက တသံတည်းထွက်လာကာ မြှောက်ပင့်စကားများ ပြောနေကြသည်။

ထိုစကားများကို ကြားလိုက်ရချိန်တွင် မော့မော့က မထီမဲ့မြင်အပြုံးဖြင့် လက်ဖက်ရည်သောက်နေရင်း မှတ်ချက်ချလိုက်သည်။

“ငါ အရမ်းအစိုးရိမ်လွန်သွားပုံရတယ်”

သူမက သူမ၏စကားကို ခေတ္တရပ်တန့်ထားပြီးမှ တမင်သက်ပြင်းချကာ ညည်းညူလိုက်ပြန်သည်။

“ဟူး... ငါက အသက်ကြီးပြီလေ...အဲဒါကြောင့် အသုံးမဝင်ဘူး.... အဲ့ဒါက ငါကို အလွယ်တကူ စိတ်ပူတက်လာစေတယ်”

သူမ၏အမူအရာကို မြင်နေရသည့် နန်းတွင်းအစေခံတော်တော်များများက သူမ၏ဆိုလိုရင်းကို တိတ်တဆိတ် သဘောပေါက်သွားကြပြီး သူမ စိတ်ကျေနပ်စေရန် တစ်ယောက်ပြီးတစ်ယောက် ဆက်ချော့မော့နေကြသည်။

နောက်ဆုံးတွင် နန်းတွင်းအထိန်းတော်က ကျေနပ်စွာ ပြုံးလိုက်ပြီး သူမ၏နှလုံးသားထဲမှ ကျောက်တုံးကြီးကို တဖြည်းဖြည်း လွှတ်ချလိုက်ပုံရသည်။

‘သူမက အရှေ့နန်းတော်မှာ ဆယ်နှစ်ကျော် အိမ်မှုကိစ္စတွေကို တာဝန်ယူခဲ့တဲ့ မော့မော့တစ်ယောက်လေ။ ဒီအလုပ်က တကယ်ကို ပျော်စရာကောင်းတဲ့ အလုပ်ပဲ။ ထိုက်ဇီက နန်းတော်အပြင်ဘက်က ထိုက်ဇီစံအိမ်မှာ အကြာကြီး နေထိုင်လေ့ရှိပြီး အရှေ့နန်းတော်ကို ပြန်လာတဲ့အချိန်က ရှားပါးတယ်။’

‘အဲ့တော့ အရှေ့နန်းတော်မှာ သူမက အရာရာကို လက်တွေ့ကျကျ ဆုံးဖြတ်ပေးနိုင်တဲ့သူပဲ။’

‘ဒါကြောင့် ဘုရင်မင်းမြတ်က ထိုက်ဇီကို လက်ထပ်ထိမ်းမြားပေးတဲ့အကြောင်း သိရပြီးတဲ့နောက်မှာ သူမ ထိတ်လန့်နေခဲ့တာလေ။ ထိုက်ဇီဖေး အရှေ့နန်းတော်ကို ဝင်ရောက်လာပြီး ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့တာကြောင့် ထိုက်ဇီနဲ့ ထိုက်ဇီဖေးက ဒီနေရာမှာ အချိန်အတော်ကြာ နေထိုင်ရလိမ့်မယ်။ အဲ့လိုဆိုမှတော့ အရှေ့နန်းတော်ရဲ့ အိမ်မှုကိစ္စတွေအတွက် စီမံခန့်ခွဲမှုအာဏာကို ထိုက်ဇီဖေးဆီ လွှဲပြောင်းပေးရတော့မှာ မဟုတ်ဘူးလား?’

‘သူမ အာဏာရဲ့အကျိုးကျေးဇူးတွေကို ခံစားခဲ့ဖူးပြီးပြီလေ၊ အခုမှ ဒီအာဏာကို ပြန်လွှဲပြောင်းပေးခဲ့ရမယ်ဆိုတော့ သူမ ဘယ်လို ဆန္ဒရှိမှာလဲ?!’

‘ကံကောင်းထောက်မစွာနဲ့ ထိုက်ဇီဖေးက မြင့်မြတ်တဲ့ အဆင့်အတန်း မရှိပဲ လက်အောက်ခံတိုင်းပြည်တစ်ခုရဲ့ မင်းသမီးတစ်ပါး ဖြစ်နေခဲ့တယ်။ သူမရဲ့ မွေးရင်းမိသားစုကို ပြန်အားကိုးစရာ အာဏာမရှိဘူးဆိုတော့ ထိုက်ဇီဖေးက သူမတို့ထက် ဘာမှ သာလွန်နေတာမျိုး မရှိဘူးပေါ့။ ဒီနန်းတော်ထဲမှာ အမျိုးသမီးတစ်ယောက် လေးစားခံရခြင်း ရှိ၊ မရှိက သူမရဲ့မွေးရင်းမိသားစုနဲ့ အဲ့မိသားစုရဲ့စွမ်းအားအပေါ် အများကြီး မူတည်တယ်လေ။’

‘ဒါပေမယ့် သူမ အကြောင်းစုံ စုံစမ်းဖို့ တစ်စုံတစ်ဦးကို စေလွှတ်ပြီးတဲ့နောက်မှာ တာ့လီရဲ့မင်းသမီးလေးက နတ်သမီးလေးတစ်ပါးလို လှပတာကို သူမ သိလိုက်ရတယ်... အဲ့ဒါက သူမကို တစ်ဖန်စိတ်ပျက်သွားစေပြန်တယ်။’

‘တကယ်လို့ ထိုက်ဇီက သူမကို မျက်စိကျသွားရင် အရာအားလုံးက ကွဲပြားသွားလိမ့်မယ်။ သူမရဲ့မိသားစုဘက်က အားကိုးစရာ ဘာမှ မရှိရင်တောင် ထိုက်ဇီက သူမရဲ့ကျောထောက်နောက်ခံ ဖြစ်လာနိုင်တယ်။ အဲ့လို ဖြစ်လာရင် သူမလို အစေခံတစ်ယောက်က ထိုက်ဇီဖေးကို ဘယ်လို ယှဉ်နိုင်ပါ့မလဲ?’

‘ဒါပေမယ့် အခုတော့ နှင်းဖြူလက်ကိုင်ပုဝါက အသစ်အတိုင်းဖြူစင်နေသေးတယ်။ မင်္ဂလာဦးညမှာတောင် ထိုက်ဇီက သူမကို မထိချင်ဘူး။ ဘယ်လောက်တောင် ရွံရှာနေလို့လဲ?’

‘နောက်ဆုံးတော့ သူမရဲ့နှလုံးသားလည်း တည်ငြိမ်သွားရပြီ။’

"မော့မော့၊ မော့မော့"

နန်းတွင်းအစေခံတစ်ယောက်က အပြုံးပြီး လှမ်းခေါ်လိုက်သည်။

"အခု ကျွန်မတို့ ဘာဆက်လုပ်ရမလဲ"

“ထိုက်ဇီဖေး ဘယ်မှာလဲ?"

မော့မော့က ကျင့်ရှင်းကို ထပ်ကြည့်ကာ မေးမြန်းလိုက်သည်။

တစ်ချိန်လုံး ခေါင်းငိုက်စိုက်ကျနေသော ကျင့်ရှင်းက သူမ၏ မျက်လုံးများကို အနည်းငယ် မော့ကာ ပြန်ဖြေလိုက်သည်။

"အခုန ကျွန်မ ရှိနေတုန်းက ထိုက်ဇီဖေးက အဆင်သင့်ဖြစ်နေပြီ၊ သူ(မ) အခု ထမင်းစားခန်းကို သွားနေတာ ဖြစ်နိုင်တယ်”

“ဒါဆိုရင်တော့ ငါတို့က ထိုက်ဇီဖေးအတွက် အရသာရှိလှတဲ့ မနက်စာလေး ပြင်ဆင်ပေးရမှာပေါ့!"

နန်းတော်အစေခံများက တုံ့ပြန်ခြင်း မပြုနိုင်ဘဲ တစ်ခဏတာမျှ အံ့အားသင့်နေကြသည်။ ထို့နောက် ချက်ချင်း ပါးစပ်များကို အုပ်ကာ ရယ်မောလိုက်ကြပြန်သည်။

‘မော့မော့က အသစ်ရောက်လာတဲ့ ထိုက်ဇီဖေးရှေ့မှာ သူမရဲ့စွမ်းအားကို ထုတ်ပြဖို့ စီစဉ်နေပုံရတယ်။’

#######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ဟော်တူ : အလကား ထော့ကျိုးလေး....

နှင်းလုံးလေး : မြောင်, မြောင်? အနာဂတ်မှာ ဘယ်သူက ပိုတန်ဖိုးမဲ့မှာလဲ? (မောက်မာဟန်ဖြင့်)

PS: နှင်းလုံးလေးမှာ နာမည်ရှိတယ် သိပ်မသင့်တော်ပေမယ့်ပေါ့... အမ်းးးးး

PPS: ခြေမသန်တဲ့လူက သူ့မိန်းမရဲ့လက်ကို လိမ်ပြီး နောင်တရသွားတယ်!!! (နောက်တစ်ခါ မရှိတော့ပါဘူး၊ နောက်ဆို သူက သူ့မိန်းမရဲ့ ခွေးဖြစ်သွားလိမ့်မယ်!)

🌟 Thank you 🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment