အခန်း (၁၆)
"တောင်းပန်တယ်တဲ့လား။ တောင်းပန်တာကသာ အသုံးဝင်နေမယ်ဆိုရင် ရဲတွေက ဘာလုပ်ဖို့ ရှိနေတော့မှာလဲ။"
ရဲ့ကျင်မုန့်က အေးစက်စက် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ပြီးတော့ မိန်းကလေးရှောင်း မတရားစွပ်စွဲခဲ့တာက ငါ့ကို မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။"
ရွှီဝမ်ဝမ်သည် သူ(မ)ရှေ့ရှိ အသားဖြူဝင်းသော ရဲ့ကျင်မုန့်ကို ကြည့်မိလိုက်ရင်း အကြောင်းတစ်ခုကြောင့် ငေးမောမိသွားသည်။
ယခင်ဘဝတုန်းက ရဲ့ကျင်မုန့်နှင့် ရှောင်းကျန့်ရန်တို့သည် အမှန်တကယ်ကို မတည့်ခဲ့ကြပေ။ ရဲ့မိသားစု၏ အချစ်ကို မခံရသည့်အကြောင်းနှင့် ပတ်သက်၍ ရှောင်းကျန့်ရန်က ရဲ့ကျင်မုန့်ကို လှောင်ပြောင်ခဲ့သလို ရှောင်းမိသားစု၏ အရှိန်အဝါ ကျဆင်းလာခြင်းကိုလည်း ရဲ့ကျင်မုန့်က ပြန်လည်နှိမ့်ချပြောဆိုတတ်သည်။
သို့သော်လည်း သူ(မ)ကို အနိုင်ကျင့်သည့် နေရာတွင်တော့ ထိုနှစ်ယောက်လုံးက တူညီကြပေသည်။ အကြောင်းမှာ ရှောင်းကျန့်ရန်ကလည်း ဟယ်ကျွင်းထင်ကို ကြိုက်နေခဲ့သောကြောင့်ပင်။
သို့ရာတွင် ယခုဘဝတွင်မူ သူ(မ)ကို ကာကွယ်ရန်အတွက် သူ(မ)အရှေ့မှနေ၍ မာန်ဖီပြနေသည့် ရဲ့ကျင်မုန့်ကို ကြည့်ရင်း ရွှီဝမ်ဝမ်၏ ရင်ထဲတွင် ရှုပ်ထွေးသည့် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်လာတော့သည်။
ရွှီဝမ်ဝမ် ငေးကြည့်နေသည်ကို မြင်သောအခါ ရဲ့ကျင်မုန့်က သူ(မ) လန့်သွားသည်ဟု ထင်မှတ်သွားပြီး ရွှီဝမ်ဝမ်ကို အားပေးသည့်သဘောဖြင့် လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေသည်။
လက်ဖဝါးဆီမှ နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက် ရွှီဝမ်ဝမ်၏ အတွေးများမှာလည်း ချက်ချင်း ပြန်လည်တည်ငြိမ်သွားတော့၏။
သူ(မ)သည် ရဲ့ကျင်မုန့်၏ မျက်ဝန်းကို ကြည့်ကာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်။"
ရဲ့ကျင်မုန့်လည်း မှင်တက်သွားရ၏။
ဝမ်ဝမ်သည် သူ(မ)ကို အေးစက်စက် ပြုံးပြခြင်း မဟုတ်ဘဲ ပထမဆုံးအကြိမ်အဖြစ် နွေးနွေးထွေးထွေး ပြုံးပြလိုက်ခြင်းပင်။
'ဘယ်လိုလုပ်ရမလဲ၊ အရမ်းပျော်လွန်းလို့ ပတ်ချာလည်နေအောင် ကခုန်ပစ်လိုက်ချင်တော့တယ်။'
"မိန်းကလေးရဲ့... ဒါဆို ကျွန်မကို ဘယ်လိုလုပ်စေချင်တာလဲ ပြောပါဦး။"
ရှောင်းကျန့်ရန်လည်း ရင်ထဲမှ မကျေနပ်ချက်များကို အောင့်အည်းသည်းခံရင်း သက်ပြင်းတစ်ချက်ချကာ မေးလိုက်သည်။
ရဲ့ကျင်မုန့်က စိတ်လှုပ်ရှားနေရာမှ သတိဝင်လာပြီး ရွှီဝမ်ဝမ်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဝမ်ဝမ်... နင်ကရော ဘယ်လိုလုပ်စေချင်လဲ။"
ရွှီဝမ်ဝမ် ခဏကြာအောင် စဉ်းစားလိုက်ပြီးမှ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ဒီဆိုင်က ဝန်ထမ်းတွေက သူတို့ရဲ့တာဝန်ကို အရမ်းပေါ့လျော့လွန်းတယ်လို့ ခံစားရတယ်။ ချမ်းသာတဲ့သူဆို လိုက်ဖားကြပြီး သာမန်လို ဝတ်စားထားတဲ့သူဆိုရင်တော့ အထင်အမြင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ လူတန်းစား ခွဲခြားတတ်တဲ့ သူတို့ရဲ့ အကျင့်က အရမ်းကို သိသာလွန်းနေတယ်။ ဒါက မိန်းကလေးရှောင်းတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ရဲ့လုပ်ငန်းစုကိုပါ အရှက်ရစေတယ် မဟုတ်ဘူးလား။"
ထိုစကားကို ကြားသည်နှင့် ရဲ့ကျင်မုန့် သူ(မ)နဖူးကို သူ(မ) ပြန်ရိုက်လိုက်မိသည်။ မှန်သည်။ ဤသည်က သူ(မ)တို့ ရဲ့မိသားစုပိုင်သည့် စျေးဝယ်စင်တာ ဖြစ်သည့်အတွက် မည်သည့်ဆိုင်မှ ဝန်ထမ်းမဆို ဖောက်သည်ကို စော်ကားသည်ဆိုပါက စင်တာတစ်ခုလုံး နာမည်ပျက်မည်မှာ အသေအချာပင်။
ရဲ့ကျင်မုန့်က ချက်ချင်း ဖုန်းထုတ်ကာ သူ(မ)၏ အစ်ကိုဖြစ်သူထံ ဆက်လိုက်ပြီး ဖြစ်ခဲ့သမျှ အကြောင်းစုံကို ရဲ့ကျင်ချန်ထံ ပြောပြလိုက်တော့သည်။
နှစ်မိနစ်ပင် မပြည့်သေးခင်မှာပင် ရဲ့ကျင်ချန်၊ ရှစ်ရှူးနင်နှင့် တခြားသူများ XJ အရောင်းဆိုင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာကြ၏။
စျေးဝယ်စင်တာ၏ မန်နေဂျာကလည်း အပြေးအလွှား ရောက်လာခဲ့သည်။
သူ(မ)အစ်ကို ရောက်လာသည်ကို မြင်သည်နှင့် ရဲ့ကျင်မုန့်က ကြမ်းပြင်ပေါ်မှ ရွှီဝမ်ဝမ်၏ အိတ်ကို ကောက်ယူကာ ရွှီဝမ်ဝမ်ကို ရဲ့ကျင်ချန်၏ အနားသို့ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် ရှောင်းကျန့်ရန်ဘက်ကို လက်ညှိုးထိုးကာ ဒေါသတကြီး တိုင်တောပြောဆိုမိ၏။
"အစ်ကို၊ သူတို့ပဲ... ဝမ်ဝမ်ကို ဘယ်လိုတွေ လုပ်ထားလဲ ကြည့်ပါဦး။"
"ဥက္ကဋ္ဌရဲ့... ဒါက အထင်လွဲတာပါ၊ တကယ်ကို အထင်လွဲတာပါ..."
ရဲ့ကျင်ချန် ရောက်လာသည်ကို မြင်သောအခါ ရှောင်းကျန့်ရန်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး အခြေအနေများအားလုံး ပိုဆိုးကုန်မှန်း သိကာ ကပျာကယာ ရှင်းပြလာသည်။
ရဲ့ကျင်ချန်ကတော့ သူ(မ)ကို အရေးပင်မလုပ်ဘဲ စင်တာမန်နေဂျာကိုသာ တည်ကြည်စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။
"ဒီမှာရှိတဲ့ အရောင်းဆိုင်တွေရဲ့ အရည်အသွေးက ဒီလောက်တောင် အဆင့်အတန်းနိမ့်နေတာလား။"
ထိတ်လန့်နေသော မန်နေဂျာဖြစ်သူလည်း ချက်ချင်းဆိုသလို ရှေ့တိုးလာပြီး အံကြိတ်ကာ ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်၊ ဥက္ကဋ္ဌရဲ့... ဒီကိစ္စကို ကျွန်တော် ချက်ချင်း ဖြေရှင်းလိုက်ပါ့မယ်။"
"မိန်းကလေးရွှီ... ခံစားခဲ့ရတဲ့ စိတ်အနှောင့်အယှက်တွေအတွက် ကျွန်တော် တကယ်ကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှု အားနည်းသွားတာပါ။ ဒီကိစ္စကို ပြတ်ပြတ်သားသား အရေးယူသွားမှာမို့လို့ မိန်းကလေးဘက်ကရော ဘယ်လိုတောင်းဆိုချက်မျိုး ရှိပါသေးလဲ။"
မန်နေဂျာဖြစ်သူက ရွှီဝမ်ဝမ်ကို ယဉ်ကျေးစွာ မေးလိုက်သည်။
ရွှီဝမ်ဝမ်က ရဲ့ကျင်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ မန်နေဂျာဘက်သို့ အကြည့်လွှဲလိုက်မိသည်။
"ကျွန်မမှာ တခြားတောင်းဆိုချက်တော့ မရှိပါဘူး။ နောက်နောင် ဒီလို ခွဲခြားဆက်ဆံတတ်တဲ့ အရောင်းဆိုင်တွေနဲ့ ဝန်ထမ်းတွေကို ထပ်မတွေ့ချင်တော့ရုံပါပဲ။"
"သေချာတာပေါ့... စိတ်ချပါခင်ဗျာ။"
မန်နေဂျာက ထိုသို့ ပြောရင်း သူ၏ လက်ဆွဲအိတ်ထဲမှ ကတ်ပြားတစ်ခုကို ထုတ်ပေးလိုက်သည်။
"ဒါက ကျွန်တော်တို့ စျေးဝယ်စင်တာမှာ တစ်သက်တာ အခမဲ့ခံစားနိုင်မယ့် Diamond Membership Card ပါ။ ဒီစင်တာတစ်ခုလုံးမှာ အထူးအခွင့်အရေးတွေကို ခံစားနိုင်မှာမို့လို့ ကျွန်တော်တို့ရဲ့ တောင်းပန်မှုအဖြစ် ဒါလေးကို လက်ခံပေးပါနော်။"
ယွင်ဟိုင်စျေးဝယ်စင်တာ၏ Diamond Membership card ပိုင်ရှင်သည် ဖျော်ဖြေရေးအဆောက်အအုံအားလုံးကို အခမဲ့ဝင်ရောက်ခွင့်၊ အဆာပြေမုန့်နှင့် အချိုရည်များကို အခမဲ့သုံးဆောင်ခွင့်အပြင် ဈေးဝယ်ခြင်းနှင့် စားသောက်ခြင်းများတွင် ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျှော့စျေးရနိုင်မည် ဖြစ်သည်။
အရေးကြီးဆုံးအချက်က ထိုကတ်မှာ တစ်ကြိမ်တည်းဖြင့် ငွေကျပ် ၅ သန်းအထက် သုံးစွဲသူများကိုသာ ထုတ်ပေးခြင်းဖြစ်ပြီး အမှန်တကယ် ချမ်းသာသူများသာ ပိုင်ဆိုင်နိုင်ကြခြင်းပင်။
ရွှီဝမ်ဝမ် ငြင်းပယ်ရန် ပြင်လိုက်စဉ်မှာပင် ရဲ့ကျင်မုန့်က ထိုအဖွဲ့ဝင်ကတ်ကို လှမ်းယူကာ ရွှီဝမ်ဝမ်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး နူးညံ့စွာ ဖျောင်းဖျပြောဆိုလိုက်သည်။
"ဝမ်ဝမ်... ယူထားလိုက်ပါ။ နောက်ကျရင် နင် ဒီကို လာလည်လို့ရတာပေါ့။ ၆ ထပ်မှာဆိုရင် ပျော်စရာတွေ အများကြီးရှိတယ်။ တကယ်တန်တယ်၊ သိလား။"
"ဒါပေမဲ့ ငါ..."
"... ဒါပေမဲ့တွေ လုပ်မနေပါနဲ့တော့။ သွားကြစို့၊ တခြားပျော်စရာကောင်းတဲ့ နေရာတွေ ငါ ခေါ်သွားပေးမယ်။ ကျန်တာတွေကိုတော့ ငါ့အစ်ကိုနဲ့ပဲ လွှဲထားလိုက်တော့။"
ရဲ့ကျင်မုန့်သည် ရွှီဝမ်ဝမ်၏လက်ကို ဆွဲကာ XJ အရောင်းဆိုင်ထဲမှ ထွက်လာခဲ့ပြီး ရှစ်ရှူးနင်ကလည်း သူ(မ)တို့အနောက်မှ လိုက်လာခဲ့သည်။
ရဲ့ကျင်ချန်သည်လည်း စင်တာမန်နေဂျာနှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် ရှစ်ရွှမ်း၊ ဟယ်ကျွင်းထင်တို့နှင့်အတူ ရဲ့ကျင်မုန့်တို့နောက်သို့ လိုက်သွားခဲ့တော့သည်။
တစ်ဖက်တွင်လည်း အရေးလုပ်ခြင်းမခံခဲ့ရသော ရှောင်းကျန့်ရန်မှာ ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် သတိပြန်ဝင်လာခဲ့လေသည်။
"ဖေဖေ..."
"ငါ့ကို ဖေဖေလို့ လာခေါ်မနေနဲ့။ မင်း ဘယ်လိုပြဿနာတွေ ရှာထားလဲ ကြည့်လိုက်ဦး။ ယွင်ဟိုင်စျေးဝယ်စင်တာမှာ အရောင်းဆိုင်ဖွင့်ခွင့်ရဖို့ ငါ တော်တော်လေး ကြိုးစားခဲ့ရတာ။ အခုတော့ မင်းက အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ အခုချက်ချင်း အိမ်ပြန်လာခဲ့။"
ဖေဖေရှောင်းက အော်ဟစ်ဆဲဆိုပြီးနောက် ဖုန်းချသွားခဲ့သည်။
ရှောင်းကျန့်ရန်လည်း အလန့်တကြားဖြင့် မျက်လုံးများ အပေါ်လန်သွားပြီး ထိုနေရာမှာတင် မေ့လဲသွားလေတော့သည်။
ရဲ့ကျင်မုန့်က ရွှီဝမ်ဝမ်ကို ခုံတန်းတစ်ခုတွင် ထိုင်ခိုင်းလိုက်ပြီးနောက် နားမလည်နိုင်သလို မေးလိုက်၏။
"ဝမ်ဝမ်... နင်က ဘာလို့ XJ အရောင်းဆိုင်ကို သွားတာလဲ။ အဲဒီက အင်္ကျီတွေက အရမ်းကြည့်ရဆိုးတာ။ နင် အဲဒါတွေကို တကယ် ကြိုက်လို့တော့ မဟုတ်ပါဘူးနော်။"
ရွှီဝမ်ဝမ်က ပြုံးလိုက်ပြီး ယွင်ဟိုင်စင်တာကို လာရသည့် အကြောင်းရင်းကို ရဲ့ကျင်မုန့်ထံ ပြောပြလိုက်လေသည်။
ထို့နောက် သူ(မ)က ဆက်ပြောလိုက်ပြန်၏။
"XJ ရဲ့ အင်္ကျီဒီဇိုင်းတွေက ဒီလောက်အထိ... ထူးခြားနေလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့မိဘူးလေ။"
ထိုစကားကို ကြားသောအခါ ရဲ့ကျင်မုန့်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး မာန်အပြည့်ဖြင့် ပြောဆိုလိုက်၏။
"ဖက်ရှင်နဲ့ ဒီဇိုင်းပိုင်းမှာဆိုရင် ငါတို့ ရဲ့မိသားစုက အကောင်းဆုံးပဲ။ ခဏနေရင် နင့်ကို ငါ လိုက်ပြမယ်၊ လုံးဝ စိတ်မပျက်ရစေဘူးနော်။"
ရဲ့ကျင်မုန့်၏ မာန်တက်နေသော ပုံစံလေးကို ကြည့်လိုက်ပြီးနောက် ရွှီဝမ်ဝမ်က စိတ်ကို တည်ငြိမ်အောင်ထားကာ သူ(မ)၏ နှုတ်ခမ်းလေးကို ဖိလိုက်ရင်း ပြောလိုက်လေသည်။
"မုန့်မုန့်... ကျေးဇူးတင်ပါတယ်။"
***
Aurora Novel Translation Team