အခန်း (၁၈)
၆ ထပ်ရှိ စားသောက်ဆိုင်၏ သီးသန့်ခန်းအတွင်း၌…
ရဲ့ကျင်ချန်သည် သားရေဆိုဖာခုံပေါ်တွင် သက်သောင့်သက်သာ ထိုင်နေရင်း လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပန်းကန်လုံးကို ပြန်ချလိုက်သည်။ ထို့နောက် အေးအေးဆေးဆေးပင် မေးလိုက်၏။
"ရွှီဝမ်ဝမ်ကို မင်းတို့ ဘယ်လိုမြင်ကြလဲ။"
"ဘာဖြစ်လို့လဲ...ဒုတိယအစ်ကိုက သူ(မ)ကို စိတ်ဝင်စားသွားလို့လား။"
သူ၏စကားကို ကြားသည်နှင့် ရှစ်ရွှမ်းက မော့ကြည့်ရင်း နောက်ပြောင်လိုက်သည်။
အသက်အရွယ်အရဆိုလျှင် ရှစ်ရွှမ်းက ရဲ့ကျင်ချန်ထက် တစ်နှစ်ကြီး၍ အုပ်စုထဲတွင် အကြီးဆုံးဖြစ်သည်။
ရဲ့ကျင်ချန်က ဒုတိယအကြီးဆုံးဖြစ်ပြီး၊ ဟယ်ကျွင်းထင်နှင့် ရှစ်ရှူးနင်က အသက်တူသော်လည်း ဟယ်ကျွင်းထင်က ရှစ်ရှူးနင်ထက် နှစ်လပိုကြီးသဖြင့် တတိယအကြီးဆုံးဖြစ်ကာ ရှစ်ရှုးနင်ကတော့ အငယ်ဆုံးဖြစ်သည်။
"လျှောက်မပြောနဲ့။"
ရဲ့ကျင်ချန်က ရှစ်ရွှမ်းကို စိုက်ကြည့်လိုက်ပြီးနောက် ရဲ့ကျင်မုန့် သူ့ကို ပြောပြထားသမျှကို အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။
"ဒုတိယအစ်ကို ပြောချင်တာက ရွှီဝမ်ဝမ်က မုန့်မုန့်ကို နာကျင်အောင် လုပ်နိုင်တယ်လို့ ဆိုလိုတာလား။"
ထိုစကားကို ကြားသောအခါ ရှစ်ရှူးနင်၏ မျက်ဝန်းများ အေးစက်သွားတော့သည်။ ဤအကြောင်းအရာသာ တကယ်မှန်နေခဲ့လျှင် သူကိုယ်တိုင် ထိုမိန်းကလေးကို ရှင်းပစ်လိုက်ရန် ဝန်လေးနေမည် မဟုတ်ပေ။
"ပထမဆုံးအကြိမ် တွေ့တာဆိုတော့ သိပ်မသေချာသေးဘူး။ ဒါပေမဲ့ သူ(မ)က တော်တော်လေး အေးအေးဆေးဆေးနေတတ်တဲ့ပုံပဲ။"
ရှစ်ရွှမ်းက ရှစ်ရှူးနင်၏ ပခုံးကို ပုတ်ရင်း သုံးသပ်ပြလိုက်သည်။
ဟယ်ကျွင်းထင်ကလည်း မျက်မှောင်ကြုတ်ကာ ခေတ္တစဉ်းစားပြီးမှ သတိထား၍ ပြောလိုက်၏။
"ကျောင်းဖွင့်ခါစ ပထမနှစ်ကျောင်းသားသစ်တွေ ဝင်လာတုန်းက သူ(မ)ကို တစ်ခါတွေ့ဖူးတယ်။ အဲဒီတုန်းက မုန့်မုန့်က သူ(မ)ကို ခေါ်ပြီး အတူတူ ထမင်းစားကြတာ။ အဲဒီတုန်းကဆိုရင် သူ(မ)ကို ကြည့်ရတာ လောကကြီးကို စိတ်ကုန်နေပြီး အရာအားလုံးကို လက်လွှတ်ထားတဲ့ ပုံစံမျိုးလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့ တွေ့ရတာတော့ အဆင်ပြေနေတဲ့ပုံပါပဲ။"
"အင်း... ဒါပေမဲ့ စုံစမ်းကြည့်ရသလောက်ဆိုရင် သူ(မ)နဲ့ နီးစပ်သူတွေပြောစကားအရတော့ သူ(မ)က အရမ်းတက်ကြွပြီး ပွင့်လင်းတဲ့သူမျိုးတဲ့။ အခုလို အေးစက်စက် ပုံစံမျိုးနဲ့ လုံးဝ မဆိုင်နေဘူး။"
ရဲ့ကျင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ပြဿနာက ဘာလဲဆိုတာ ငါ မသိပေမဲ့ မုန့်မုန့်က သူ(မ)နဲ့ သူငယ်ချင်း ဖြစ်ချင်နေတာဆိုတော့ ဆုံးဖြတ်ချက် တစ်ခုခု မချရသေးခင် အရင် အကဲခတ်ကြည့်ဦးမယ်လို့ စိတ်ကူးထားတယ်။"
"ဝတုတ်မလေး မုန့်မုန့်ကတော့ အရမ်းကို ရိုးအလွန်းတာပဲ။"
ရှစ်ရှူးနင်က စိတ်ထဲမှနေ၍ ထိုသို့ တွေးလိုက်ပြီး အခွင့်အရေးရလျှင် မုန့်မုန့်ကို ကောင်းကောင်းသင်ကြားပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ လူဆိုးတွေ လှည့်ဖြားတာကို သူ(မ) မခံရစေရဘူး။
ထိုစဉ် သီးသန့်ခန်းတံခါး ပွင့်သွားပြီး ရဲ့ကျင်မုန့်နှင့် ရွှီဝမ်ဝမ်တို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာကြသည်။
ရွှီဝမ်ဝမ်သည် ယခင်က အင်္ကျီအဟောင်းကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ယခုအခါတွင်မူ သန့်ရှင်းခြောက်သွေ့နေပြီ ဖြစ်ပြီး milk tea ဖိတ်စဉ်ထားသည့် အရိပ်အယောင်များ လုံးဝ မရှိနေတော့ပေ။
"မိန်းကလေးရွှီအတွက် အင်္ကျီမဝယ်ပေးခဲ့ဘူးလား။"
ရဲ့ကျင်ချန်က ရဲ့ကျင်မုန့်ကို နားမလည်သလို ကြည့်လိုက်သည်။
ရဲ့ကျင်မုန့်က နှုတ်ခမ်းလေးစူကာ ပြောလိုက်၏။
"ညီမက ဝမ်ဝမ်အတွက် အရမ်းလှတဲ့ ဂါဝန်လေးတစ်ထည် ရွေးပေးတာကို သူ(မ)က အတင်းငြင်းနေလို့လေ။ အဲဒါနဲ့ပဲ ဆိုင်ကဝန်ထမ်းကို ဝမ်ဝမ်ရဲ့အင်္ကျီကို အထဲယူသွားပြီးတော့ လျှော်ပြီး ခြောက်သွားအောင် လုပ်ခိုင်းလိုက်ရတာ။"
ရွှီဝမ်ဝမ်ကလည်း ခေါင်းညိတ်ပြရင်း ပြောလိုက်၏။
"Milk tea က အစက်လေးနည်းနည်းပဲ စဉ်တာပါ။ သေချာမကြည့်ရင် မသိသာပါဘူး။ ပြီးတော့ စောစောကလည်း အဖွဲ့ဝင်ကတ်ပေးထားတယ်ဆိုတော့ အဲဒါနဲ့တင် တန်ဖိုးရှိနေပါပြီ။ ဒါကြောင့် ထပ်ပြီး ပိုက်ဆံအကုန်မခံစေချင်တော့လို့ပါ။"
"အင်း... ကောင်းပါပြီ။"
ရဲ့ကျင်ချန်လည်း ထိုသို့သာ ရေရွတ်လိုက်ပြီး သူ့ဘေးရှိ လွတ်နေသော ခုံကို ညွှန်ပြလိုက်သည်။
"ထိုင်ပါဦး၊ ဟင်းတွေ လာချပေးဖို့ ဝန်ထမ်းကို ခေါ်လိုက်မယ်။"
ရဲ့ကျင်မုန့်က ရွှီဝမ်ဝမ်၏ လက်ကို ဆွဲကာ ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဝမ်ဝမ်... ဒီက ဟင်းတွေက တကယ်အရသာရှိတာ။ နင် အများကြီးစားရမယ်နော်။"
အင်္ကျီများကို လျှောက်ပတ်ကြည့်ခဲ့ကြပြီးနောက် ရဲ့ကျင်မုန့်လည်း အစာကြေသွားပြီ ဖြစ်သည်။ သူ(မ)သည် သန့်စင်ခန်းလည်း တစ်ခါ သွားခဲ့ပြီးပြီ ဖြစ်သည့်အတွက် ယခုအခါ သူ(မ)၏ ဗိုက်သည် လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေလေပြီ။
မကြာခင်မှာပင် ဟင်းလျာများ ရောက်လာတော့သည်။ ရှစ်ရှူးနင်က ရဲ့ကျင်မုန့်၏ ညာဘက်တွင် ရှိနေပြီး လက်တစ်ဖက်ဖြင့် ရဲ့ကျင်မုန့်အတွက် ဟင်းများခပ်ထည့်ပေးနေသော်လည်း မျက်လုံးထောင့်မှနေ၍ ရွှီဝမ်ဝမ်ကို အကဲခတ်နေခဲ့သေးသည်။
သူသာ ဂရုတစိုက်၍ မကြည့်နေလျှင် ရွှီဝမ်ဝမ်၏ လက်ထဲမှ တူများက ရဲ့ကျင်မုန့်ကို ရန်မူမည့် လက်နက်များ ဖြစ်သွားတော့မည့် အလားပင်။
တခြားသူများကလည်း ရွှီဝမ်ဝမ်ကို စကားစမြည်ပြောဆိုနေကြ၏။
"မင်းနာမည်က ဝမ်ဝမ် ဟုတ်တယ်မလား။ ဘယ်ကလဲ။"
ရှစ်ရွှမ်းက အရင်ဆုံး မေးလိုက်သည်။
"အာ... ကျွန်မအိမ်က လင်းယွင်မြို့နားက ရွာလေးတစ်ရွာမှာပါ။ နာမည်ပြောရင်လည်း စီနီယာတို့ မသိကြလောက်ပါဘူး။"
ရုတ်တရက် မေးခွန်းမေးခံလိုက်ရသဖြင့် ရွှီဝမ်ဝမ် ခေတ္တမှင်တက်သွားပြီးမှ ခပ်ဖျော့ဖျော့လေး ပြုံးကာ ပြန်ဖြေပေးလိုက်သည်။
"လင်းယွင်မြို့က တော်တော်ဝေးတာပဲ။ အဲဒီဘက်က ကျောင်းဝင်ခွင့်ရမှတ်တွေက မြင့်တယ်လို့ ကြားဖူးတယ်။ ဟိုင်တာ့တက္ကသိုလ်ကို တက်ခွင့်ရတယ်ဆိုတော့ မင်းက တကယ် ထူးချွန်တဲ့ ကျောင်းသူပဲ ဖြစ်ရမယ်။"
"အဲဒီလောက်တော့... မဟုတ်ပါဘူး။"
ရွှီဝမ်ဝမ် အနေခက်စွာဖြင့် အနည်းငယ် ပြုံးလိုက်မိသည်။
"မင်းလည်း ဖက်ရှင်ဒီဇိုင်းကို လေ့လာနေတာဆိုတော့... အနာဂတ်အတွက်ရော ဘယ်လိုအစီအစဉ်တွေ ရှိလဲ။"
ရဲ့ကျင်ချန်က ဝိုင်နီကို တစ်ငုံသောက်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။
အနာဂတ်အစီအစဉ်လား။ ရွှီဝမ်ဝမ်၏ တူကို ကိုင်ထားသော လက်များမှာ တင်းခနဲ ဖြစ်သွားရသည်။
ယခင်ဘဝတုန်းက ရွှီဝမ်ဝမ်သည် ဟိုင်မြို့သို့ မလာခင်အထိ ဘာအစီအစဉ်မှ မရှိခဲ့ပေ။ စာတော်နေသရွေ့ ပညာသင်ဆုရနိုင်သည်ဆိုသည့် အချက်ကိုသာ သူ(မ) သိထားခဲ့သည်။ သို့သော်လည်း ယခုဘဝတွင်မူ သူ(မ)၏ စိတ်ထဲ၌ ရှိနေသည့် တစ်ခုတည်းသော အရာမှာ လက်စားချေခြင်းသာ။
သို့သော်လည်း ယခုအချိန်တွင်တော့... ရွှီဝမ်ဝမ်သည် ဝက်ကလေးတစ်ကောင်ကဲ့သို့ အစားအသောက်များကို အားပါးတရ စားနေသည့် ရဲ့ကျင်မုန့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူ(မ)၏ လက်စားချေမည့် အစီအစဉ်မှာ ထင်သလောက် ချောမွေ့မည့်ပုံ မပေါ်တော့ပေ။
သူ(မ)၏ သေးငယ်သော လှုပ်ရှားမှုလေးများကို တခြားသူများ သတိထားမိနေသည်ကိုတော့ ရွှီဝမ်ဝမ် သတိမထားမိခဲ့ချေ။ သူ(မ)သည် စိတ်ကို တည်ငြိမ်အောင်ထားကာ ရဲ့ကျင်ချန်ဘက်သို့ လှည့်၍ ပြောလိုက်၏။
"လောလောဆယ်တော့ ဘာလုပ်ရမလဲဆိုတာ သေချာမသိသေးပါဘူး။ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်ပြီးတော့မှပဲ အစီအစဉ်တစ်ခုခု ဆွဲဖြစ်မယ်လို့ ထင်ပါတယ်။"
ရဲ့ကျင်ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း... တက္ကသိုလ်ပထမနှစ်စတက်ခါစဆိုတော့ အစီအစဉ်မရှိသေးတာက ပုံမှန်ပါပဲ။ အချိန်အတိုင်းအတာတစ်ခုအထိ ကြာသွားရင်တော့ မင်း ဘယ်လိုမျိုး ရှေ့ဆက်သွားချင်လဲဆိုတာ သိလာပါလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ ရွှီဝမ်ဝမ်က ခေါင်းလေးကို ဖြည်းဖြည်းလေး ညိတ်ပြလိုက်သည်။
ရှစ်ရှူးနင်သည်လည်း ခုနက ရွှီဝမ်ဝမ်၏ သေးငယ်သော အမူအရာလေးကို သတိထားမိလိုက်သည်။ သူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး လှောင်ပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေ၏။
"ဂျူနီယာလေးဝမ်ဝမ်က အေးအေးဆေးဆေး နေတတ်ပြီး စကားသိပ်မပြောတဲ့ပုံပဲ။ ငါတို့ရဲ့ အပြောင်းအလဲမြန်လွန်းတဲ့ ဝတုတ်မလေး မုန့်မုန့်နဲ့ တစ်ခန်းတည်း အတူနေရတာ မင်းအတွက် တော်တော်လေး ခက်ခဲမှာပဲနော်။"
ရွှီဝမ်ဝမ်က မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးသည့်သဖွယ် ပြုံးလိုက်ရင်း ပြောလိုက်သည်။
"ဒီလိုမျိူး မရင်းနှီးတဲ့ မြို့အသစ်ကို အခုမှ ရောက်လာတာမို့လို့ စိတ်ထဲမှာ နည်းနည်း မလုံမခြုံ ဖြစ်နေတာလည်း ပါမှာပါ။ အသိမိတ်ဆွေသူငယ်ချင်းတွေလည်း မရှိဘူးဆိုတော့လေ..."
ထိုစကားကို ကြားလိုက်ရသည့်အခါမှ ရဲ့ကျင်မုန့်က မော့ကြည့်လာတော့သည်။ ပါးစပ်ထဲမှ အစားအသောက်များကို ကပျာကယာ မျိုချလိုက်ပြီးနောက် ရွှီဝမ်ဝမ်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။
"ဝမ်ဝမ်... အခုကစပြီး ငါက နင့်ရဲ့ သူငယ်ချင်းပဲ။ စိတ်မပူနဲ့နော်၊ ကျောင်းမှာလည်း ငါက နင့်ကို ကောင်းကောင်း ဂရုစိုက်ပေးမှာ။"
'ငါ၊ ရဲ့ကျင်မုန့်က... ဝမ်ဝမ်ကို အချက်အလက်တွေထဲကလိုမျိုး တက်ကြွလန်းဆန်းတဲ့ မိန်းကလေးတစ်ယောက် ပြန်ဖြစ်လာအောင် ကူညီပေးရမယ်။'
"ကဲပါ... အခြားသူကို ဂရုမစိုက်ခင် ဝက်ကလေးတစ်ကောင်လို စားသောက်နေတဲ့ မင်းကိုယ်မင်းပဲ အရင် ဂရုစိုက်လိုက်ပါဦး။"
ရှစ်ရှူးနင်က အလိုမကျသလို ပြောလိုက်သော်လည်း တစ်ရှူးကို ယူ၍ ရဲ့ကျင်မုန့်၏ နှုတ်ခမ်းထောင့်တွင် စွန်းပေနေသည့် ဆီအစွန်းများကို နူးညံ့စွာ သုတ်ပေးနေပြန်သည်။
'ငါ တကယ်ပဲ နင့်ကို ယုံကြည်လို့ ရပါ့မလား။'
ရဲ့ကျင်မုန့်၏ စကားကို ကြားသောအခါ ရွှီဝမ်ဝမ်သည် အတည်ပြုမေးမြန်းလိုစိတ်များ ဖြစ်ပေါ်လာသော်လည်း အတည်မပြုရဲဘဲ ဖြစ်နေမိသည်။
သို့သော်လည်း သူ(မ)ကိုယ်တိုင်ပင် သတိမပြုမိလိုက်မိချိန်တွင် နာကြည်းချက်များဖြင့် ရစ်ပတ်နေသည့် ခက်ထန်သော သူ(မ)နှလုံးသားလေးမှာတော့ အနည်းငယ် နူးညံ့ပျော့ပျောင်းသွားခဲ့လေပြီ။
***
Aurora Novel Translation Team