အခန်း (၁၉)
"ဟွန့်... ကျွန်မက ဘယ်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ နေလို့လဲ။"
ရဲ့ကျင်မုန့်က ရှစ်ရှူးနင်ကို ပြန်လည်တုံ့ပြန်လိုက်သည်။
"ဝမ်ဝမ်... နောက်ကျရင် ကျောင်းမှာ ဘာအခက်အခဲပဲကြုံကြုံ ငါ့ကို လာရှာလို့ရတယ်နော်။ ငါက တကယ် အရည်အချင်းရှိတဲ့သူပါ။ မေဂျာဘာသာရပ်တွေမှာလည်း အမှတ်ကောင်းတယ် သိလား။ စာမေးပွဲနီးရင် အရေးကြီးတဲ့ အချက်အလက်တွေကိုတောင် ငါ ဝိုင်းကူမှတ်ပေးလို့ရတယ်။"
ရဲ့ကျင်မုန့်က 'ငါ့ကိုသာယုံ၊ လုံးဝ အဆင်ပြေစေရမယ်' ဆိုသော ယုံကြည်ချက်အပြည့်ရှိသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
ညစာစားပြီးနောက် အချိန်လည်း အတော်လင့်နေပြီ ဖြစ်သဖြင့် ရွှီဝမ်ဝမ် ကျောင်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ရဲ့ကျင်မုန့်က ရွှီဝမ်ဝမ်ကို ကျောင်းအထိ လိုက်ပို့ချင်နေပြီး ရှစ်ရှူးနင်တစ်ယောက်တည်းသာလျှင် အရက်မသောက်ထားသူ ဖြစ်သဖြင့် သူကပင် ဒရိုင်ဘာအဖြစ် တာဝန်ယူလိုက်ရသည်။
"ဝမ်ဝမ်... ပိတ်ရက်က နှစ်ရက်တောင် ကျန်သေးတာပဲ။ နင် ကျောင်းမှာ ဘာလုပ်စရာရှိလို့လဲ။ ငါ့ဆီလာပြီး အတူတူ ပျော်ရအောင်လေ။"
ကားပေါ်တွင် ရွှီဝမ်ဝမ်၏ဘေး၌ ထိုင်နေသော ရဲ့ကျင်မုန့်က နူးညံ့သော အသံလေးဖြင့် မေးလိုက်သည်။
"အာ... ရပါတယ်၊ မုန့်မုန့်ရယ်။"
ရွှီဝမ်ဝမ်က ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။
"ပိတ်ရက်ကလည်း ကုန်တော့မှာဆိုတော့ အတန်းတွေ ပြန်တက်ရတော့မယ်လေ။ ဒီနှစ်ရက်အတွင်း ဖတ်စာတွေကို ပြန်နွှေးဖို့ စိတ်ကူးထားလို့ ကျောင်းအပြင်ကို မထွက်တော့ဘူးဆိုပြီး ဆုံးဖြတ်ထားတာ။"
သူ(မ)သည် ပထမဆုံး ပြန်လည်မွေးဖွားလာသည့်အချိန်က ရဲ့ကျင်မုန့်၏ မကောင်းသော အကြံအစည်များကို ကာကွယ်ရန်အတွက် ရဲ့မိသားစုနှင့် နီးစပ်အောင်နေရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါတွင်မူ အရာအားလုံးက ယခင်ဘဝနှင့် ကွဲပြားနေလေပြီ။
ဤအပြိုင်ကမ္ဘာထဲရှိ သူ(မ)၏ ဖြစ်တည်မှုက ယခင်ဘဝနှင့် တူ၊ မတူကိုပင် သူ(မ) သေချာမသိတော့ပေ။
ထို့ပြင် ယနေ့တွေ့ကြုံခဲ့ရသော ရဲ့ကျင်ချန်နှင့် တခြားသူများ၏ သူ(မ)အပေါ် ကြည့်သည့် အကြည့်များသည်လည်း အနည်းငယ် ထူးခြားနေသည်ဟု ရွှီဝမ်ဝမ် ခံစားနေရသည်။ ၎င်းက သူ(မ)ကို ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ခံစားရစေပြီး သူ(မ)သည် ရဲ့ကျင်မုန့်အနားသို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်နေသည်ဟု သူတို့ သံသယဝင်နေပုံရသည်။
ထို့ကြောင့် ရွှီဝမ်ဝမ်အနေဖြင့် သူတို့နှင့် ဆုံတွေ့ရမည့် အခွင့်အရေးကို အနည်းဆုံးဖြစ်အောင် လျှော့ချထားခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုစကားကို ကြားသောအခါ ရဲ့ကျင်မုန့် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သူ(မ)က ဝမ်ဝမ်ကို ကစားကွင်း ခေါ်သွားချင်နေခဲ့သော်လည်း မတတ်နိုင်တော့ပေ။
သို့သော်လည်း သူ(မ)က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"အင်းပါ... အဲဒါဆိုရင်လည်း ဝမ်ဝမ် စာသေချာလုပ်နော်။ သိချင်တာရှိရင် ငါ့ဆီ စာပို့ဖို့ မမေ့နဲ့ဦး။"
မကြာခင်မှာပင် ကားလေးသည် ဟိုင်မြို့တော်တက္ကသိုလ်ဂိတ်ဝသို့ ဆိုက်ရောက်လာခဲ့သည်။
မူလက ရဲ့ကျင်မုန့်သည် ရွှီဝမ်ဝမ်ကို အဆောင်ရှေ့အထိ လိုက်ပို့ရန် စိတ်ကူးထားခဲ့သော်လည်း ရွှီဝမ်ဝမ်က ငြင်းလိုက်သည်။
အကြောင်းမှာ ရှစ်ရှူးနင်သည် နောက်ကြည့်မှန်မှတစ်ဆင့် သူ(မ)ကို စိုက်ကြည့်နေသည်ဟု ခံစားနေရသဖြင့် ရွှီဝမ်ဝမ်တစ်ယောက် အလွန်နေရခက်နေသောကြောင့်ပင်။ ထို့ကြောင့် သူ(မ)က ကျောင်း၏ ညခင်းအလှကို ကြည့်ချင်သေးသည်ဟု အကြောင်းပြလိုက်ရာ ရဲ့ကျင်မုန့်လည်း လက်လျှော့လိုက်ရတော့သည်။
"ဒါဆို ငါ အဆောင်ကို အရင်ပြန်နှင့်တော့မယ်နော်။ လမ်းမှာ ဂရုစိုက်သွားကြဦး။"
ရွှီဝမ်ဝမ် ကားပေါ်မှ ဆင်းလိုက်ပြီး အထဲမှ လူများကို နှုတ်ဆက်လိုက်သည်။
"အင်းအင်း... ဝမ်ဝမ်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်။"
ရဲ့ကျင်မုန့်က မှာကြားလိုက်သည်။
"သိပါပြီ။"
ရွှီဝမ်ဝမ်က လက်ပြနှုတ်ဆက်ပြီး ကျောင်းထဲသို့ လှည့်ထွက်သွားတော့၏။
"အရှေ့ခုံမှာ လာထိုင်။"
ရှစ်ရှူးနင်က နောက်ခုံတွင် ကျန်နေသေးသည့် ရဲ့ကျင်မုန့်ကို လှည့်ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ဪ... ဟုတ်ကဲ့။"
ရဲ့ကျင်မုန့်က နောက်ခုံမှတစ်ဆင့် ရှေ့ခုံသို့ ချက်ချင်းပင် ပြောင်းထိုင်လိုက်သည်။
"အစ်ကိုရှူးနင်... အစ်ကိုတို့က ဝမ်ဝမ်ကို သဘောမကျကြဘူးလားဟင်။"
ရဲ့ကျင်မုန့်က တိုးတိုးလေး မေးလိုက်သည်။
သူ(မ)၏ပုံစံမှာ အစားအသောက်အပေါ်တွင်သာ အာရုံရောက်နေသည်ဟု ထင်ခဲ့ရသော်လည်း အမှန်တကယ်တော့ သူ(မ)သည်လည်း လူအ,တစ်ယောက် မဟုတ်ပေ။ ပတ်ဝန်းကျင်၏ အခြေအနေ ပြောင်းလဲသွားသည်ကို သူ(မ) ခံစားမိ၏။
ရှစ်ရှူးနင်က သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အင်း... ဒုတိယအစ်ကိုက ပြောတယ်၊ အဲဒီမိန်းကလေး ရွှီဝမ်ဝမ်က မင်းအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတဲ့ပုံပဲတဲ့။ သူ(မ)က မင်းကို နာကျင်အောင် လုပ်မှာကို ငါတို့ စိုးရိမ်နေတာ။"
ရဲ့ကျင်မုန့်သည် ငယ်စဉ်ကတည်းက ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်းခံခဲ့ရသူ ဖြစ်ပြီး စာရွက်ဖြူလေးတစ်ရွက်လိုပင် စင်ကြယ်လွန်းလှသည်။ သူတို့က သူ(မ)ကို အလွန် အလိုလိုက်ထားကြသဖြင့် တစ်ယောက်ယောက်က သူ(မ)ကို လှည့်ဖြားရန် ကြံစည်ခဲ့လျှင်ပင် သူတို့က အရင်ဆုံး စစ်ဆေးတွေ့ရှိသွားတတ်သည်။
ထို့ကြောင့် ရဲ့ကျင်မုန့်အနေဖြင့် မကောင်းသော ရည်ရွယ်ချက်နှင့် သူ(မ)ထံ ချဉ်းကပ်လာသူမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သို့သော် ရွှီဝမ်ဝမ်ကတော့ ခြွင်းချက် ဖြစ်နေလေသည်။
"ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ ဝမ်ဝမ်က လူဆိုးမဟုတ်ဘူးလို့ ခံစားရတယ်။ ပြီးတော့ သူ(မ)ကို ကြည့်မိတိုင်း ဘာကြောင့်မှန်း မသိဘူး၊ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိလာတယ်။"
ရဲ့ကျင်မုန့်က မျက်နှာလေးညှိုးလျက် အားငယ်စွာ ပြောလိုက်သည်။
"ကျွန်မ ဘာလို့ ဒီလိုခံစားချက်မျိုး ဖြစ်နေရတာလဲ မသိဘူး။ သူ(မ)ရဲ့ အချက်အလက်တွေကို ဖတ်ကြည့်ပြီးတော့ သူ(မ)မှာ မိသားစုလည်းမရှိဘဲ တစ်ယောက်တည်း အထီးကျန်စွာ ရုန်းကန်နေခဲ့ရတာကို သိသွားလို့လည်း ဖြစ်နိုင်သလို ခက်ခဲတဲ့ အခြေအနေတွေကြားကနေ စာကို ကြိုးကြိုးစားစား သင်ယူနေတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စစ်သင်တန်းမှာတုန်းက တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေတဲ့ သူ(မ)ရဲ့ မျက်ဝန်းတွေထဲမှာ ဘယ်လိုမှ မပျောက်ပျက်သွားတဲ့ အထီးကျန်ပုံရိပ်တွေကို မြင်ခဲ့ရလို့လည်း ဖြစ်နိုင်တယ်။"
"ဒီနေ့ ရှောင်းကျန့်ရန်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စမှာလည်း ဝမ်ဝမ်က ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဝမ်ဝမ်ကို အထင်သေးကြလို့သာ သူ(မ)က အနိုင်ကျင့်ခံရတာလေ။ ဒါကြောင့် သူ(မ)က သူစိမ်းတွေအပေါ်ကို ခုခံချင်တဲ့စိတ်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အကာအကွယ်တစ်ခု တည်ဆောက်ထားတာလို့ပဲ ကျွန်မ ထင်တယ်။ အဲဒါကြောင့်ပဲ အစတုန်းက ကျွန်မအပေါ် မဖော်ရွေခဲ့တာ ဖြစ်မှာပါ။ ပြီးတော့ အခုဆို ဝမ်ဝမ်က ကျွန်မကို အေးတိအေးစက် အကြည့်တွေနဲ့ မကြည့်တော့ဘူး။ သူ(မ)လည်း ကျွန်မရဲ့စေတနာကို ခံစားမိသွားလို့နေမှာပေါ့။ ဒါကြောင့် ကျွန်မတို့တွေက တကယ့်သူငယ်ချင်းကောင်းတွေ ဖြစ်လာကြမှာ။"
ရဲ့ကျင်မုန့်က ရှစ်ရှူးနင်ကို ပြတ်သားသော မျက်ဝန်းများဖြင့် ကြည့်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။
"အစ်ကိုရှူးနင်... ဝမ်ဝမ်နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ အစွဲမထားပါနဲ့နော်၊ ဟုတ်ပြီလား။"
ရှစ်ရှူးနင်လည်း အရှုံးပေးသည့်နှယ် သက်ပြင်းချလိုက်မိသည်။
"ကောင်းပါပြီ... စိတ်မပူပါနဲ့၊ မုန့်မုန့်။ သူ(မ)က မင်းကို နာကျင်အောင် မလုပ်သရွေ့ ငါတို့ကလည်း သူ(မ)ကို ဘာမှလုပ်မှာမဟုတ်ဘူးလို့ ကတိပေးပါတယ်။ ဒါပေမဲ့..."
သူ့လေသံက ရုတ်တရက် တည်ကြည်သွားပြီး မျက်ဝန်းထဲတွင်လည်း အေးစက်စက်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"တကယ်လို့ သူ(မ)က မင်းရဲ့ ဆံပင်လေးတစ်ပင်လောက်ကိုတောင် ထိခိုက်အောင် လုပ်ဖို့ ကြံရွယ်လာခဲ့ရင်တော့ ငါ လုံးဝ ညှာတာပေးနေမှာ မဟုတ်ဘူးနော်။"
***
Aurora Novel Translation Team