အခန်း (၂၀)
ရှစ်ရှူးနင်၏ တည်ကြည်လွန်းသော လေသံကြောင့် ရဲ့ကျင်မုန့် အနည်းငယ် ထိတ်လန့်သွားမိသည်။
သူ(မ)သည် မျက်လုံးဝိုင်းကြီးများဖြင့် ရှစ်ရှူးနင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိ၏။
ရှစ်ရှူးနင်လည်း ရုတ်တရက် သတိဝင်လာပြီး ရင်ခုန်သွား၏။ သူသည် ချစ်စရာကောင်းသော ဤဝတုတ်မလေးကို တစ်ခါမှ ဤကဲ့သို့သော မျက်နှာထား၊ ဤကဲ့သို့သော လေသံမျိုးနှင့် မပြောဖူးခဲ့ပေ။
အကယ်၍ သူ(မ)က သူ့ကို အကြမ်းဖက်သမားဟု ထင်မှတ်သွားပြီး နောက်ပိုင်း အဖက်မလုပ်တော့လျှင် မည်သို့ လုပ်ရမည်နည်း။
ရှစ်ရှူးနင် ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်နေစဉ်မှာပင် ရဲ့ကျင်မုန့်၏ တုန်ရီနေသော အသံလေး ထွက်ပေါ်လာခဲ့သည်။
"တကယ်... တကယ်ကို ယောက်ျားပီသလိုက်တာ။"
ရှစ်ရှူးနင် : !!!!
သူ မေ့သွားခဲ့သည်။ ဤဝတုတ်မလေးက ယောက်ျားပီသပြီး ထွားကျိုင်းသန်မာသည့် အမျိုးသားမျိုးကို သဘောကျတတ်သည်ဆိုသည်ကိုပင်။
ဟုတ်သည်။ ရဲ့ကျင်မုန့်၏ ပုံစံသည် နူးညံ့ပြီး ချစ်စရာကောင်းသည့် အသွင်အပြင်ရှိသော်လည်း သူ(မ)သည် ယောက်ျားပီသမှုအပြည့်ရှိသည့် အမျိုးသားများကို အလွန်အမင်း သဘောကျနှစ်သက်လေသည်။
ရှစ်ရှူးနင်အနေဖြင့် ရဲ့ကျင်မုန့်၏ ထို "အကြိုက်" ကို ပထမဆုံး သိခဲ့ရသည်မှာ ရဲ့ကျင်မုန့် အထက်တန်းဒုတိယနှစ်နှင့် ရှစ်ရှူးနင် တက္ကသိုလ်ပထမနှစ်တုန်းက ဖြစ်သည်။
ထိုစဉ်က စီးပွားရေးတက္ကသိုလ်မှ ကြီးမှူးကျင်းပသည့် ဒုတိယနှစ်နှင့် ပထမနှစ်များအကြား ဘတ်စကက်ဘော ပြိုင်ပွဲတစ်ခု၌ပင်။ ရဲ့ကျင်မုန့်က ရှစ်ရှူးနင်နှင့် ဟယ်ကျွင်းထင်တို့ကို အားပေးရန် ရောက်လာခဲ့ရာ ရှစ်ရှူးနင်သည်လည်း ရဲ့ကျင်မုန့်၏ အရှေ့တွင် အစွမ်းပြချင်နေခဲ့သည်။
သို့သော်လည်း ဒုတိယနှစ်အသင်းမှ ကျောင်းလက်ရွေးစင် ဘတ်စကက်ဘောကစားသမားတစ်ဦးက အလွန်တော်နေသဖြင့် ပထမနှစ်အသင်းသည် လွယ်ကူစွာပင် ရှုံးနိမ့်သွားခဲ့သည်။
ရှစ်ရှူးနင်က အားပေးမှုကို မျှော်လင့်လျက် ရဲ့ကျင်မုန့်၏ အနားသို့ သွားလိုက်သောအခါ ရဲ့ကျင်မုန့်၏ မျက်လုံးများမှာ ထိုဒုတိယနှစ်အသင်းမှ ကစားသမားဆီသို့သာ မမှိတ်မသုန် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
အထူးသဖြင့် ထိုဒုတိယနှစ်မှ ကစားသမားက ချွေးသုတ်ရန်အတွက် အင်္ကျီကို မ,တင်လိုက်သည့်အခါတွင် သူ၏ 8-packs ဝမ်းဗိုက်ကြွက်သားများ ပေါ်လာပြီး ရဲ့ကျင်မုန့်တစ်ယောက် အရှက်မရှိစွာဖြင့် နှာခေါင်းသွေးများ ထွက်လာခဲ့သေး၏။
ရှစ်ရှူးနင်က ဘာမှမစဉ်းစားနေတော့ဘဲ သူ၏ ချွေးသုတ်ပဝါဖြင့် ရဲ့ကျင်မုန့်၏ မျက်နှာကို အုပ်ကာ အတင်းသုတ်ပေးပြီးနောက် သူ(မ)ကို ဆွဲခေါ်သွားခဲ့သည်။
ရှစ်ရှူးနင်သည် ရဲ့ကျင်မုန့်ကို ကျောင်းဝင်းထဲရှိ ရေကန်ငယ်လေးနားသို့ ခေါ်သွားပြီး ခုံတန်းပေါ်တွင် ထိုင်ခိုင်းကာ တိတ်တဆိတ် စိုက်ကြည့်နေမိသည်။ သို့သော်လည်း ရဲ့ကျင်မုန့်ကတော့ ရှစ်ရှူးနင်၏ ဝမ်းဗိုက်ကိုသာ ငေးကြည့်နေပြီး သူ၏ အင်္ကျီအောက်တွင်လည်း ထိုကစားသမားကဲ့သို့ ဝမ်းဗိုက်ကြွက်သားများ ရှိ၊ မရှိကို သိချင်နေပုံပင်။
အကြည့်ခံနေရသဖြင့် ရှစ်ရှူးနင်လည်း အနည်းငယ် စိတ်မလုံဖြစ်လာတော့သည်။ နေ့တိုင်း စားသောက်ပျော်ပါးနေသည့် ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်အနေဖြင့် သူ့တွင် ထိုသို့သော ကြွက်သားများ မရှိနေနိုင်ပေ။ ဗိုက်မပူနေသည်ကပင် တော်လွန်းနေပြီ ဖြစ်သည်။
သို့သော်လည်း သူက ဆူပူသည့်သဖွယ် ပြောလိုက်သေး၏။
"မင်း တခြားယောက်ျားလေးတွေကို ဒီလိုမျိုး စိုက်မကြည့်သင့်ဘူး။ မိန်းကလေးတစ်ယောက်က လူကြားထဲမှာ နှာခေါင်းသွေးထွက်နေတယ်ဆိုတာ ဘယ်လိုပုံစံမျိုးပေါက်နေလဲ တွေးကြည့်ပါဦး။"
ရဲ့ကျင်မုန့်လည်း သူ(မ)၏ ခုနက အပြုအမူအတွက် အရှက်ရသွားကာ ဘာမှမပြောရဲတော့ဘဲ နှာခေါင်းကိုသာ ပွတ်နေမိတော့သည်။
ယခု ထိုအကြောင်းကို ပြန်တွေးမိရင်း ရှစ်ရှူးနင် သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ တော်ပါသေးသည်။ ယခုဆိုလျှင် သူ့တွင်လည်း 8-pack ဝမ်းဗိုက်ကြွက်သားများ ရှိနေလေပြီ။ ထိုသို့သာမဟုတ်လျှင် ဤမြေခွေးမလေးကို သူ မည်သို့မျှ ဖမ်းစားနိုင်မည် မဟုတ်ပေ။
ရှစ်ရှူးနင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရဲ့ကျင်မုန့်၏ နူးညံ့သော ဆံပင်လေးများကို ပွတ်သပ်ကာ အသာအယာ ပြောလိုက်သည်။
"အိမ်ပြန်ပို့ပေးမယ်။"
ရဲ့ကျင်မုန့်က နာခံစွာ ခေါင်းညိတ်ပြ၏။ ထို့နောက် ရှစ်ရှူးနင်က သူ(မ)ကို ထိုင်ခုံခါးပတ် ပတ်ပေးရန် ခန္ဓာကိုယ်ကို ကိုင်းလိုက်သောအခါ သံပရာနံ့သင်းသင်းလေးက သူ(မ)၏ နှာခေါင်းနားတွင် ဝေ့ဝဲသွားခဲ့သည်။ ထိုအနံ့မှာ သူ(မ)၏ အကြိုက်ဆုံးအနံ့ပင်။ ရဲ့ကျင်မုန့်၏ နှလုံးခုန်သံမှာ ထိန်းမရအောင် ခုန်ပေါက်သွားရတော့၏။
နွေးထွေးသော ထွက်သက်များက ပါးပြင်ပေါ်သို့ ကျရောက်လာသဖြင့် ရှစ်ရှူးနင်၏ နားရွက်ဖျားများသည်လည်း တဖြည်းဖြည်း နီမြန်းလာခဲ့လေသည်။ ရဲ့ကျင်မုန့်ကို ခါးပတ်ပတ်ပေးပြီးနောက် သူသည် ဒရိုင်ဘာခုံသို့ ချက်ချင်း ပြန်ဆုတ်လိုက်သည်။
မျက်လုံးထောင့်မှနေ၍ ရဲ့ကျင်မုန့်ကို လှမ်းခိုးကြည့်လိုက်ရာ သူ(မ)သည်လည်း ရှက်သွေးဖြန်းနေသည်ကို မြင်လိုက်ရသဖြင့် ရှစ်ရှူးနင်၏ စိတ်အခြေအနေမှာ ရုတ်တရက်ဆိုသလို အလွန်တက်ကြွသွားတော့သည်။
ရှစ်ရှူးနင်သည် ကားကို စက်နှိုးကာ ကျောင်းဂိတ်ဝမှ ဖြည်းဖြည်းချင်း မောင်းထွက်ခဲ့လိုက်၏။
ကားထဲရှိ လေထုအနေအထားမှာတော့ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ရဲ့ကျင်မုန့်သည် သူ(မ)၏ မြန်ဆန်လှသော နှလုံးခုန်သံကိုသာ ကြားနေရသည်။ ဘာကြောင့်မှန်းမသိဘဲ သူ(မ)၏ နှလုံးသားသည် သူ(မ)၏ ထိန်းချုပ်မှုအောက်တွင် မရှိနေတော့သလို ခံစားရသည်။ အသက်ကို ပြင်းပြင်းရှူကြည့်သည့်တိုင် စိတ်က မငြိမ်ကျသွားပေ။
ထိုအနေခက်မှုကို ဖြေဖျောက်ရန်အတွက် ရဲ့ကျင်မုန့်မှာ သူ(မ)၏ ဖုန်းကို ထုတ်ကာ ဗီဒီယိုတိုလေးများကို ကြည့်နေလိုက်လေသည်။
[စကားသုံးခွန်း ပြောလိုက်ရုံနဲ့ ယောက်ျားတစ်ယောက်က ကျွန်မအတွက် ယွမ်ငွေတစ်သိန်းရှစ်သောင်း သုံးလိုက်တယ်...]
[မိန်းကလေးတွေက ချွဲနွဲ့တတ်ရမယ်။ ယောက်ျားတွေက အိမ်မှုကိစ္စလုပ်ပြီး စိတ်ချမ်းသာအောင် ထားတတ်ရမယ်...]
[ရှောင်မေ့ဆိုတဲ့ ကောင်မလေးက သူ(မ)နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ အိမ်နီးချင်းကောင်လေး ရှောင်ရွှမ်ကို ချစ်မိသွားခဲ့တယ်...]
ရဲ့ကျင်မုန့်လည်း လန့်ဖျပ်သွားပြီး ဖုန်းကို ချက်ချင်း ပိတ်ပစ်လိုက်တော့သည်။ သူ(မ)၏ နှလုံးခုန်သံမှာ ယခင်ကထက်ပင် ပိုမိုမြန်ဆန်လာသလို ခံစားလိုက်ရသည်။
'မဟုတ်ပါဘူး... ငါက အဲဒီလိုမျိုး မဟုတ်ပါဘူး။ လျှောက်မပြောနေနဲ့။'
ရှစ်ရှူးနင်သည် ကားမောင်းနေရင်းနှင့် ရဲ့ကျင်မုန့်၏ အပြုအမူများကို အကဲခတ်နေခဲ့သည်။ သူ(မ)၏ ပျာပျာသလဲ ဖုန်းပိတ်ပစ်လိုက်သည့်ပုံစံမှာ သူ့အတွက်တော့ အလွန်ပင် ချစ်စရာကောင်းနေခဲ့သည်။
"ဝတုတ်မလေး။"
ရှစ်ရှူးနင်က ရုတ်တရက် လှမ်းခေါ်လိုက်သည့်အတွက် ရဲ့ကျင်မုန့်တစ်ယောက် လန့်ဖျပ်သွားပြီး လက်ထဲမှ ဖုန်းပင် လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
ရှစ်ရှူးနင်လည်း မျက်ခုံးတစ်ဖက်ကို ပင့်ပြရင်း ပြုံးလျက် ပြောလိုက်၏။
"ဟားဟား... ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ။ ငါက မင်းကို မကိုက်စားပါဘူး။"
"ဘယ်... ဘယ်သူက ပျာယာခတ်လို့လဲ။ အစ်ကိုက ရုတ်တရက်ကြီး စကားပြောလိုက်လို့ လန့်သွားတာပါ။"
ရဲ့ကျင်မုန့်က လေသံမာမာဖြင့် ပြန်ခံပြောလိုက်သည်။
ရှစ်ရှူးနင်က ရယ်မောရင်း ဆိုလိုက်ပြန်သည်။
"အင်းပါ... အင်းပါ... ငါ မှားတာပါ။ ငါက ရုတ်တရက်ကြီး စကားထပြောလိုက်ပြီး ဝတုတ်မလေးကို လန့်အောင် လုပ်မိသွားတယ်၊ တောင်းပန်ပါတယ်နော်။"
ထို့နောက် သူက အကဲခတ်သည့်သဘောဖြင့် မေးလိုက်၏။
"ဒါနဲ့... ဝတုတ်မလေးမှာရော သဘောကျနေတဲ့ ကောင်လေး ရှိနေပြီလား။"
***
Aurora Novel Translation Team