no

Font
Theme

အခန်း (၁၇)

'မုန့်မုန့်... မုန့်မုန့်တဲ့။'

ဟီးဟီး... ဝမ်ဝမ်က သူ(မ)ကို မုန့်မုန့်လို့ ခေါ်လိုက်တာပဲ။ တကယ် ပျော်စရာကြီး။

ရဲ့ကျင်မုန့်သည် အရူးတစ်ယောက်သဖွယ် တခစ်ခစ်ရယ်မောနေပြီးနောက် ရွှီဝမ်ဝမ်၏လက်ကို ကိုင်ကာ သူ(မ)၏ ရင်ဘတ်ကို ပုတ်ပြရင်း ခိုင်မာပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ဝမ်ဝမ်... စိတ်မပူနဲ့နော်။ ငါက နင့်ကို အမြဲတမ်း ကာကွယ်ပေးသွားမှာ။"

"ဟားဟား... မထင်ထားခဲ့ဘူး၊ တကယ်ကို မထင်ထားမိဘူး။ ငါတို့ရဲ့ ဝတုတ်မလေး မုန့်မုန့်က သူ(မ) အသက်လောက် ချစ်ရတဲ့ milk tea နဲ့တောင် တခြားသူကို ပစ်ပေါက်တယ်ပေါ့။"

လှောင်ပြောင်သရော်သံတစ်ခုက သူ(မ)တို့၏ ချစ်စရာကောင်းနေသည့် လေထုကို ဖြိုခွင်းလိုက်သည်။ ရှစ်ရှူးနင်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း သူတို့နှစ်ယောက်နားသို့ လျှောက်လာခဲ့၏။

"ရှစ်ရှူးနင်၊ အရိုက်ခံချင်နေတာလား။"

ထိုစကားကို ကြားသည်နှင့် ရဲ့ကျင်မုန့်တစ်ယောက် ချက်ချင်းဆိုသလို ဒေါသတကြီးနှင့် သူ(မ)ရှေ့မှ လူကို ရိုက်ရန် ပြင်တော့သည်။

သို့သော်လည်း ရှစ်ရှူးနင်က သူ၏နောက်ပစ်ထားသော လက်ကို တည်ငြိမ်စွာဖြင့် ရှေ့သို့ ထုတ်ပြလိုက်ရာ milk tea နှစ်ခွက်က ရဲ့ကျင်မုန့်၏ အရှေ့တွင် ပေါ်လာခဲ့လေသည်။

ရဲ့ကျင်မုန့်၏ ရိုက်ရန် ပြင်နေသောလက်မှာ ချက်ချင်းဆိုသလို လမ်းကြောင်းပြောင်းသွားပြီး ရှစ်ရှူးနင်၏ လက်ထဲမှ milk tea နှစ်ခွက်ကို လှမ်းယူလိုက်၏။

"ကျေးဇူးပါ၊ အစ်ကိုရှူးနင်။"

ရဲ့ကျင်မုန့်က ချက်ချင်းဆိုသလို မျက်နှာချိုသွေးကာ ကြည်လင်သော အသံလေးဖြင့် ပြောလာခဲ့သည်။

ထို့နောက် သူ(မ)က ရွှီဝမ်ဝမ်ကို milk tea တစ်ခွက် ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ဝမ်ဝမ်... ရော့၊ ဒီ milk tea က တကယ် အရသာရှိတာ။"

ရွှီဝမ်ဝမ်လည်း ခေတ္တ စဉ်းစားလိုက်ပြီးမှ လှမ်းယူလိုက်၏။

"ကျေးဇူးပါပဲနော်။"

"ဝမ်ဝမ်... ဒါက ငါပြောပြဖူးတဲ့ အစ်ကိုရှူးနင်လေ။ သူက စစ်မှုထမ်းနေတာကနေ အခုမှ ပြန်ရောက်တာ၊ ငါတို့ထက် ၃ နှစ်ကြီးတယ်။ ဆောင်းဦးလယ်ပွဲတော်ပိတ်ရက်ပြီးရင်တော့ သူလည်း ကျောင်းပြန်တက်ပြီး ဒုတိယနှစ်ကနေ ပြန်စမှာ။"

"အစ်ကိုရှူးနင်... ဒါက ဝမ်ဝမ်၊ ကျွန်မရဲ့ အခန်းဖော်အသစ်လေ၊ သူ(မ)က ကျွန်မရဲ့ ဂျူနီယာ။"

ရဲ့ကျင်မုန့် သူတို့နှစ်ဦးကို ပျော်ရွှင်စွာဖြင့် မိတ်ဆက်ပေးနေခဲ့သည်။

ရှစ်ရှူးနင်လည်း တကယ်ကို စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေမိ၏။

'ဒီမိန်းကလေးက ဘယ်လို မှော်အတတ်မျိုး တတ်မြောက်နေလို့ ရဲ့ကျင်မုန့် အမြတ်တနိုး သောက်တတ်တဲ့ milk tea ကိုတောင် လွှင့်ပစ်ပြီး သူ(မ)ကို ကာကွယ်ပေးစေခဲ့တာပါလိမ့်။'

ရဲ့ကျင်မုန့်သည် အစားအသောက်ကို အလွန်တန်ဖိုးထားတတ်သူဖြစ်ကြောင်း သူ သိထားသည်။ သူ(မ)ကိုယ်တိုင် မှောက်လဲကျလျှင်တောင် လက်ထဲမှ အစားအသောက်ကိုတော့ ဘာမှအဖြစ်မခံနိုင်သူတစ်ယောက်ပင်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ စီနီယာ။"

ရှစ်ရှူးနင် သူ(မ)ကို စိုက်ကြည့်နေသဖြင့် ရွှီဝမ်ဝမ်လည်း တစ်ကိုယ်လုံး ကြက်သီးများထလာသဖြင့် အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ။"

ရှစ်ရှူးနင်ကလည်း ခေါင်းညိတ်ပြ၏။

"မုန့်မုန့်က နည်းနည်းတော့ ဆော့တတ်တယ်။ အဆောင်မှာ ညီမလေးဘက်ကပဲ သူ(မ)ကို ဂရုစိုက်ပေးပါဦး။"

"အာ... ဟုတ်ကဲ့ပါ။"

ရွှီဝမ်ဝမ်က ခေါင်းညိတ်ပြလိုက်၏။

သို့သော်... ဤစကားမျိုးက ရဲ့ကျင်ချန်ကသာ ပြောသင့်သည် မဟုတ်လား။ ဒါမှမဟုတ်...

ရွှီဝမ်ဝမ်က ရှစ်ရှူးနင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ယခင်ဘဝတုန်းက ဤလူကို အားကိုးမရနိုင်သည့်ပုံစံမျိုးဟု သူ(မ) ခံစားခဲ့ရဖူးသည်။ ယခုဘဝတွင်ရော ယခင်အတိုင်းပဲ ဖြစ်နေမလား....

သူ(မ)က ဘေးကို အနည်းငယ် စောင်းကြည့်လိုက်ရာ milk tea ထဲမှ ပုလဲလုံးလေးများကို ပိုက်နှင့် အသည်းအသန် စုပ်သောက်နေသည့် ရဲ့ကျင်မုန့်ကို တွေ့လိုက်ရသည်။ အင်း... သူ(မ)ကတော့ အရမ်း အယုံလွယ်လွန်းတာပဲ။

ထိုအချိန်တွင် ရဲ့ကျင်ချန်နှင့် တခြားသူများ ရောက်လာခဲ့ကြသည်။

"အစ်ကို၊ ဟိုလူတွေကို ရှင်းလိုက်ပြီလား။"

"အင်း... မောင်းထုတ်လိုက်ပြီ။"

ရဲ့ကျင်ချန်က ထိုသို့ ပြန်ဖြေလိုက်ပြီးနောက် ရွှီဝမ်ဝမ်ကို ကြည့်ကာ နက်ရှိုင်းသော်လည်း နားဝင်ချိုသော အသံဖြင့် ပြောလိုက်သည်။

"မင်း အခုလို အနိုင်ကျင့်ခံလိုက်ရတဲ့အတွက် တကယ် စိတ်မကောင်းပါဘူး။"

ရွှီဝမ်ဝမ်၏ နှလုံးသားလေးမှာ အနည်းငယ် တုန်လှုပ်သွားရလေသည်။ သူ(မ)သည် မျက်ဝန်းအိမ်ထဲတွင် ဝေ့တက်လာသော မျက်ရည်စလေးများကို ထိန်းချုပ်လိုက်ပြီး ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်သည်။

"ရပါတယ်... ဥက္ကဋ္ဌရဲ့။"

ရဲ့ကျင်ချန် သူ၏ အရှေ့မှ မိန်းကလေးငယ်ကို ကြည့်လိုက်မိသည်။ ယခင်က ရဲ့ကျင်မုန့်သည် ရွှီဝမ်ဝမ်က သူ(မ)အပေါ် ကောင်းကောင်းမဆက်ဆံကြောင်း သူ့ထံ ပြောပြခဲ့ဖူးသော်လည်း ယခုအချိန်တွင်တော့ ရဲ့ကျင်မုန့်ကိုယ်တိုင်က ခင်ခင်မင်မင် နေချင်နေသည့်အတွက် သူသည်လည်း ညီမဖြစ်သူအတွက် ဤအခွင့်အရေးကို အသုံးချပြီး လူကဲခတ်ပေးရမည်ဟု တွေးလိုက်တော့သည်။

ပတ်ဝန်းကျင်အနေအထားက ရုတ်တရက် တိတ်ဆိတ်သွား၏။ ရဲ့ကျင်ချန်က သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး အားလုံးကို ပြောလိုက်သည်။

"ညစာစားဖို့ အချိန်နီးနေပြီပဲ၊ အပေါ်ထပ်ကို တက်ပြီး အတူတူ သွားစားကြရအောင်။"

သို့သော်လည်း ယခုမှ milk tea တစ်ခွက်ကို အားရပါးရ သောက်ထားသည့် ရဲ့ကျင်မုန့်ကတော့ ရုတ်တရက် မျက်နှာလေးညှိုးငယ်သွားတော့သည်။

"ညစာစားချိန်တောင် ရောက်သွားပြီလား။ အခု ခဏလောက် လျှောက်ကြည့်ကြပြီး နောက်မှ စားကြရအောင်လေ။"

ရဲ့ကျင်မုန့်က အနည်းငယ် မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး အကြံပြုလိုက်သည်။

အားလုံး အံ့သြသွားကြတော့၏။ ပုံမှန်ဆိုလျှင် ထမင်းစားချိန်အတွက် အရင်ဆုံး စိတ်ပြင်းပြနေတတ်သူက ယခု ဘာလို့ မစားချင်ရသည်လဲ။

"ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။"

ရဲ့ကျင်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"မဟုတ်ပါဘူး...ကျွန်မ ခုနက milk tea တစ်ခွက်လုံး သောက်လိုက်မိလို့ အခု ဗိုက်အရမ်းပြည့်သွားတာ။ အခုအချိန် သွားစားရင် အရသာရှိရှိ စားနိုင်တော့မှာ မဟုတ်ဘူး..."

ရဲ့ကျင်မုန့်က နှုတ်ခမ်းလေးစူကာ လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။

အားလုံး တိတ်ဆိတ်သွားကြတော့၏။

"ဟားဟားဟား... ဝတုတ်မလေး မုန့်မုန့်ရယ်။ မင်းကတော့ တကယ် ချစ်စရာကောင်းတာပဲ။"

ရှစ်ရှူးနင်ကတော့ မအောင့်နိုင်တော့ဘဲ အကျယ်ကြီး ရယ်ချလိုက်လေသည်။

တခြားသူများလည်း လိုက်ရယ်ကြ၏။ ပုံမှန်ဆိုလျှင် မျက်နှာသေနှင့် နေတတ်သည့် ဟယ်ကျွင်းထင်၏ နှုတ်ခမ်းထောင့်လေးပင်လျှင် အတန်ငယ် ကွေးတက်သွားခဲ့သည်။

ရဲ့ကျင်ချန်က သူ့လက်ညှိုးဖြင့် ရဲ့ကျင်မုန့်၏ ဦးခေါင်းလေးကို အားပါပါ တစ်ချက်တွန်းကာ ပြောလိုက်၏။

"မင်းကိုယ်မင်းလည်း ကြည့်စမ်းပါဦး။"

ရဲ့ကျင်မုန့်ကတော့ စိတ်အလိုမကျသလို ခံစားလိုက်ရလေသည်။

"မင်းရဲ့ အင်္ကျီက......."

ဟယ်ကျွင်းထင်က ဘေးတွင် ရပ်နေသော ရွှီဝမ်ဝမ်ကို ကြည့်ရင်း လက်ညှိုးထိုးပြကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။

ထိုစကားကြောင့် ရဲ့ကျင်မုန့်လည်း ငုံ့ကြည့်မိလိုက်ပြီး ရွှီဝမ်ဝမ် ဘာမှမသိလိုက်သေးခင်မှာပင် ရဲ့ကျင်မုန့်က အော်ပြောလိုက်လေသည်။

"အာ၊ ဝမ်ဝမ်... ခုနက ငါ milk tea နဲ့ ပစ်ပေါက်လိုက်တုန်းက နင့်အင်္ကျီပေါ်မှာ အရည်တွေစဉ်ကုန်တာပဲ။"

ရွှီဝမ်ဝမ်က ငုံ့ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်၏။

"ရပါတယ်၊ ပြန်ရောက်ရင် လျှော်လိုက်မယ်လေ။"

သို့သော် ရဲ့ကျင်မုန့်ကတော့ ရွှီဝမ်ဝမ်၏ လက်ကို ဆွဲပြီး ပြောလိုက်၏။

"ဝမ်ဝမ်... နင် ပြောတော့ အင်္ကျီဒီဇိုင်းတွေနဲ့ ပုံစံတွေကို ကြည့်ချင်တယ်ဆို။ ငါတို့မိသားစုပိုင်တဲ့ ရဲ့အဝတ်အထည်အရောင်းဆိုင်ကို ခေါ်သွားပေးမယ်။ ဖက်ရှင်ရေစီးကြောင်းကို ဦးဆောင်တယ်ဆိုတာက ဘယ်လိုမျိုးလဲဆိုတာ သေချာပြပေးမယ်။ ပြီးတော့ ငါ အစာကြေသွားအောင် လမ်းလျှောက်ရင်းနဲ့ နင့်အတွက် အင်္ကျီနည်းနည်းလောက် ရွေးပေးမယ်လေ။"

ရွှီဝမ်ဝမ်: သူ(မ)အနေနှင့် ငြင်းနိုင်ပါ့မလား။

ငြင်းဆိုရန် မဖြစ်နိုင်ပေ။ ရဲ့ကျင်မုန့်က သူ(မ)ကို ဒီလိုအခွင့်အရေးမျိုး ပေးပါ့မလား။

ရဲ့ကျင်မုန့်သည် ချက်ချင်းဆိုသလို ရွှီဝမ်ဝမ်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားပြီး သူ(မ)၏ အစ်ကိုများကို လှမ်းအော်ပြောလိုက်သည်။

"အစ်ကိုတို့ စားသောက်ဆိုင်ကို အရင်သွားနှင့်ကြတော့လေ။ ကျွန်မ ဝမ်ဝမ်ကို ခဏလောက် လိုက်ပြလိုက်ဦးမယ်။ ပြီးတော့မှ လိုက်လာခဲ့မယ်နော်။"

သူတို့အမျိုးသားအုပ်စုအနေနှင့်လည်း မိန်းကလေးနှစ်ယောက် ဈေးဝယ်ထွက်နေသည်ကို နောက်မှ လိုက်သွားရန် အဆင်မပြေလှပေ။ သူတို့လည်း ဘာမှမတတ်နိုင်သည့်အတွက် သူ(မ) အလိုကျ လိုက်လုပ်ပေးရုံသာ ရှိတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment