အပိုင်း(၁၆)
လင်ယိက ဟော့မျန်မျန်ကို အောက်ထပ်ခေါ်သွားသည့်အချိန်တွင်တော့ ပြောင်းဖူးကိတ်မုန့်က ပေါင်းလို့ပြီးနေလေပြီ။
လတ်လတ်ဆတ်ဆတ် ပေါင်းထားသည့် ပြောင်းဖူးကိတ်မုန့်က အငွေ့တထောင်းထောင်းနှင့် ပူနေဆဲဖြစ်ပြီး လေထဲတွင်လည်း ပြောင်းဖူးကိတ်မုန့်၏ ချိုမြိန်သည့် ရနံ့တို့ဖြင့် ပြည့်နှက်နေခဲ့၏။
လင်ယိက တစ်ခုလှမ်းယူလိုက်ကာ ဟော့မျန်မျန်ကိုမူ သေးသေးလေးတစ်ခု ဖဲ့ပေးလိုက်သည်။
သူက ကျန်နေသည့် ကိတ်မုန့်ကို ကိုင်ပြီး တစ်ကိုက်ကိုက်စားလိုက်ရာ ချက်ချင်းဆိုသလိုပင် အံ့အားသင့်စွာ အသံပြုလိုက်မိ၏။
ပြောင်းဖူးကိတ်မုန့်က လွန်စွာ အရသာရှိလှသည်။
သူတို့ မုန့်ဖုတ်ဆိုဒါကို ထည့်လိုက်သည့်အတွက် ပြောင်းဖူးကိတ်မုန့်က နူးညံ့ကာ ပွရွနေပြီး ကြက်ဥနှင့် ခရင်မ်ကို ရောနှောထားသည့် ရနံ့လည်း သင်းပျံ့နေသည်။ ၎င်းက ကိတ်မုန့်နှင့် တူပါသော်ငြား ချိုအီနေခြင်းမရှိသည့်အတွက် စားရသည်မှာ စိတ်ကျေနပ်ဖွယ်ကောင်း၏။
လင်ယိက တစ်ကိုက်ပြီးတစ်ကိုက် ဆက်တိုက်စားနေလိုက်သည်။
ဟော့မျန်မျန်လည်း သူကိုင်ထားသည့် ပြောင်းဖူးကိတ်မုန့်ကို စားကြည့်လိုက်၏။ ထို့နောက် သူ့မျက်လုံးကြီးများက ရုတ်ခြည်း တောက်ပလာရတော့သည်။
အရမ်းချိုတာပဲ။
[အား… ငါ အခုမှ ထမင်းစားပြီးသွားတာလေ။ ဒါပေမဲ့ ထပ်ဆာလာပြန်ပြီ။]
[ဒီပြောင်းဖူးကိတ်မုန့်ကို ငါ ဘယ်မှာဝယ်လို့ရလဲ။]
[စူပါမားကတ်တွေမှာ ရမှာပေါ့။ ဒါပေမဲ့ အခုမှ လတ်လတ်ဆတ်ဆတ် ပေါင်းထားတာက ပိုကောင်းမယ် ထင်တယ်။]
ရှန်ဖုန်းက ကြမ်းတမ်းသည့် အစေ့အဆန်များအား ဘယ်သောအခါကမှ မကြိုက်ခဲ့ဖူးသလို ဤပြောင်းဖူးကိတ်မုန့်ကိုလည်း စားရန် အစီအစဉ်မရှိခဲ့ပေ။
သို့သော်လည်း လင်ယိ ကောင်းကောင်းစားနေသည်ကို မြင်တော့ သူ မမေးဘဲ မနေနိုင်တော့ပါချေ။
“ပြောင်းဖူးကိတ်မုန့်က တကယ် စားလို့ကောင်းတာလား။”
လင်ယိ၏ပါးစပ်က ပြည့်နေသောကြောင့် သူ ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြနိုင်သည်။
သို့ရာတွင် ရှန်ဖုန်းကတော့ သူ့ပါးစပ်မှ အဖြေတစ်ခု ရအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရ၏။ သူက ထပ်မေးလာသည်။
“တကယ် ကောင်းတာလား။”
လင်ယိ: “…..”
သူက အပိုင်းတစ်ပိုင်းကို ချိုးဖဲ့လိုက်ပြီး ကြည့်ပင်မကြည့်ဘဲနှင့် ရှန်ဖုန်း၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်ပေးလိုက်ရာ ရှန်ဖုန်းမှာ တိတ်ဆိတ်သွားရတော့၏။
ရှန်ဖုန်း: “အွန်း… အွန်း….”
လင်ယိရဲ့ပုံစံက နူးညံ့ပြီး၊ အားနည်းတဲ့ပုံပေါက်နေတာကို သူက ဘာလို့ လက်တွေ့မှာ ဒီလောက်အထိ ကြမ်းတမ်းနိုင်ရတာလဲ။
[ဟားဟားဟား… တော်တယ် လင်ယိ။]
[ငါတို့လင်ယိကောက အရမ်းတော်တာပဲ။]
ပြောင်းဖူးကိတ်မုန့်တစ်ဖဲ့ကို အတင်းကျွေးခံလိုက်ရပြီးနောက်တွင်တော့ ရှန်ဖုန်းသည်လည်း ထိုကိတ်မုန့်မှာ အမှန်တကယ် အရသာရှိလှကြောင်း တွေ့ရှိလိုက်ရသည်။
စားဖို့ငြင်းဆန်နေခဲ့သည့်သူက အခုတော့ တိတ်တဆိတ်နှင့် သူ့အတွက် တစ်ခုလှမ်းယူလိုက်သည်။
ကြည့်ရှုသူများက ဤမြင်ကွင်းကြောင့် ရယ်မိသွားကြရ၏။
[“မစားဘူးဆိုတဲ့ လူတွေကပဲ သဘောကျသွားကြတာ” ဆိုတဲ့ နိယာမက ဘယ်တော့မှ မရှုံးဘူး။]
[ရှန်ဖုန်းက တကယ် tsundere တစ်ယောက်ပဲ။]
ထိုအချိန်မှာပင် မရပ်မနား စကားပြောလေ့ရှိသော ရှောင်နျန်ကောင်းက သူ့အရည်အချင်းကို ပြသဖို့ ပြင်ဆင်နေလေသည်။ သူက ပြောင်းဖူးကိတ်မုန့်ကြီးကို ကိုင်ကာ ပြောလာ၏။
“ကြည့်ထားနော်၊ ကျွန်တော် ဒီကိတ်မုန့်တစ်ခုလုံးကို တစ်ခါတည်းနဲ့ မျိုချပြမယ်။”
သူ့အဖေဖြစ်သူ ကျိုးခယ်က သူ့မျက်နှာကို အုပ်ထားလိုက်ပြီး ဤကလေးက သည်လောက်အထိ အရှက်အကြောက်ကင်းသည့် ဗီဇအား မည်သူ့ထံမှ ရလာခဲ့မှန်း သိချင်နေခဲ့သည်။
လူတိုင်း၏အာရုံက သူ့ထံသို့ ရောက်လာမည်ကို စိုးရိမ်သဖြင့် သူ နောက်ဆုတ်ရန် ကြိုးစားလိုက်၏။
လူတိုင်းက ရှောင်နျန်ကောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးလိုက်ပြီး သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
ဤသည်ကို မြင်သည့် ရှောင်နျန်ကောင်းကမူ ပြောင်းဖူးကိတ်မုန့်အား သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။
ထို့နောက်… သူ နင်သွားခဲ့၏။
သူက နင်နေရင်းနှင့်တောင် ဆက်ပြီး သရုပ်ဆောင်နေသေးသည်။
“ကယ်… ကယ်ကြပါဦး။ တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတယ်။”
သူ ထိုစာသားကို မည်သည့်တီဗီဒရာမာထဲတွင် မြင်လာခဲ့မှန်းတော့ မသေချာပါပေ။
လူတိုင်းက ရယ်မောကျသွားခဲ့ကြသည်။
ကျိုးခယ်ကတော့ ရယ်လည်းရယ်ချင်သလို၊ စိတ်လည်းတိုနေခဲ့သည်။ သူက သားဖြစ်သူကို ရေတစ်ခွက် မြန်မြန်ပေးလိုက်သည်။
[အားအားအား… ငါ အခုလိုအခြေအနေလေးကို အရမ်းကြိုက်တာပဲ။]
[ဒီအစီအစဉ်က ထမင်းစားချိန်မှာ ကြည့်ဖို့ အရမ်းသင့်တော်တာပဲ။]
အရသာရှိသည့် အစားအစာများအား မြည်းစမ်း၍ ပြီးသွားသည့်အခါ သူတို့က အနီးအနားရှိ စျေးသို့ ဦးတည်သွားလိုက်ကြသည်။ ယနေ့ သူတို့၏တာဝန်က ပြောင်းဖူးကိတ်မုန့်များအားလုံးကို ရောင်းချရန်ပင်။
မိသားစုတိုင်းက ဝေစုတစ်စုစီ ရရှိပြီး သူတို့၏ဝေစုကို ရောင်းချရန် တာဝန်ကျ၏။
သူတို့က အနီးအနားရှိ စျေးထဲသို့ အလျင်အမြန် ရောက်သွားခဲ့ကြသည်။
လင်ယိက လူများသည့်နေရာကို ရွေးချယ်လိုက်ပြီး ပြောင်းဖူးကိတ်မုန့်များ ထည့်ထားသည့် အပူထိန်းဘူးကို ထုတ်လိုက်သည်။
သူက သူ့ဘေးတွင် ရှိနေသည့် ဟော့မျန်မျန်ကို ပြောလိုက်သည်။
“မျန်မျန်၊ ဒီပြောင်းဖူးကိတ်မုန့်ကို အတူတူ ရောင်းကြရအောင်။”
ဟော့မျန်မျန်က လေးနက်စွာပင် ခေါင်းညိတ်လာ၏။
ပင်ဂွင်းဝတ်စုံဝတ်ထားသောကြောင့် သူ ခေါင်းညိတ်လိုက်တိုင်း ဝဝကစ်ကစ်နှင့် အင်မတန်မှ ချစ်စဖွယ်ကောင်းသည့် ပင်ဂွင်းလေးတစ်ကောင်ဖြင့် တူနေ၏။
သူ၏ ချစ်စရာကောင်းမှုက တကယ်ကို ထိရောက်မှုရှိခဲ့သည်လေ။
မိနစ်ပိုင်းလေးအတွင်းမှာပင် လူအုပ်ကြီးတစ်အုပ်က အနားသို့ စုဝေးလာခဲ့ကြပြီး ဟော့မျန်မျန်လေးအား ချစ်စရာကောင်းသည်ဟု ပြောနေကြသည်။
“ကလေးလေးက အရမ်းချစ်စရာကောင်းတာပဲကွယ်။ သားလေးက ဒီမှာ ဘာလုပ်နေတာလဲ။”
“ကလေးလေး၊ ဒီမှာ တစ်ခုခု လာရောင်းတာလား။”
"..."
ဟော့မျန်မျန်သည် ယခင်က သည်လောက်များပြားသော လူများ၏ ဝန်းရံထားခြင်းကို တစ်ခါမှ မကြုံခဲ့ဖူးသဖြင့် အနည်းငယ် ပျာယာခတ်သွားရ၏။ သူ လင်ယိကို ရှာဖို့အတွက် အမြန်လှည့်ကြည့်လိုက်သည်။
ထိုအချိန်မှာပင် လင်ယိက ပြောင်းဖူးကိတ်မုန့်ထည့်ထားသည့် ဒုတိယမြောက်ဘူးကို သယ်လာကာ ကောင်တာပေါ်တင်လိုက်သည်။
နောက်ဆုံးတော့ ထိုနေရာ၌ လွန်စွာ ချောမောသည့် လူတစ်ယောက် ရှိနေသေးမှန်း လူအုပ်ကြီးက သတိထားမိသွားခဲ့ကြ၏။
ယနေ့တွင် လင်ယိက လွတ်လွတ်လပ်လပ်ရှိရန်အတွက် မီးခိုးရောင် အားကစားဝတ်စုံကို ဝတ်ထားခဲ့သည်။
သူသည် နဂိုကတည်းက အသားဖြူသူဖြစ်၏။ သို့သော်လည်း မီးခိုရောင်က သူ့အား ပိုပြီး ဖြူဖွေးစေကာ နူးညံ့သိမ်မွေ့ဟန်ပေါက်စေသည်။
အရေးကြီးဆုံးမှာတော့ သူက အင်မတန်ကိုမှ ချောမောလှခြင်းပင်။ သူ့မျက်ဝန်းတောက်တောက်များက ကြည်လင်သည့် စမ်းချောင်းတစ်ခု (သို့မဟုတ်) ကြယ်တာရာများဖြင့် ပြည့်နှက်နေသည့် ညကောင်းကင်ယံတစ်ခုအလား ညှို့ယူဖမ်းစားနိုင်စွမ်းရှိကာ ခံစားချက်ပြင်းထန်လှ၏။
အမျိုးသမီးနှစ်ယောက်က ရုတ်ခြည်း မျက်နှာနီမြန်းသွားကြလေသည်။
ဒီလူက ဘာလို့ ဒီလောက်ချောနေရတာလဲ။
“…..”
ဘေးက ကြည့်ရှုနေသူများမှာ လင်ယိကိုတော့ ဘာမှမလုပ်နိုင်ကြသော်ငြား ကလေးလေးကိုတော့ ချစ်စနိုး စနောက်နိုင်ခဲ့သည်။
သို့ပေသည့် ဟော့မျန်မျန်က တခြားကလေးများနှင့် မတူမှန်း မည်သူက သိပါမည်နည်း။ သူက ထိတွေ့ခံရသည်ကို သဘောမကျသူဖြစ်ပြီး လင်ယိနားမှာသာ ရပ်လို့နေ၏။ ပင်ဂွင်းလေးတစ်ကောင်က ပင်ဂွင်းအကြီးတစ်ကောင်ကို တွယ်ကပ်ကာ လုံခြုံမှုရှာဖွေနေသည့်နှယ်။
ဟော့မျန်မျန်က တစ်မူထူးခြားပုံရသည်ကို ဘေးမှ ရပ်ကြည့်နေသူများက သတိထားမိသွားခဲ့ကြသည်။ သို့ဖြစ်၍ သူ့မျက်နှာကို ထိချင်စိတ်အား ချုပ်တည်းလိုက်ကြပြီး သူတို့ ဓာတ်ပုံရိုက်လို့ရမလားဟု မေးလာကြတော့သည်။
လင်ယိက ပြုံးကာ ဆိုလိုက်သည်။
“ဓာတ်ပုံရိုက်လို့ ရပါတယ်။ ဒါပေမဲ့ ပြောင်းဖူးကိတ်မုန့်တော့ ဝယ်ရမှာပါ။”
ဘေးမှရပ်ကြည့်နေသူများ: “ကျွန်မတို့ ဝယ်ပါ့မယ်။”
[ဟားဟား… ငါသာ အဲဒီနေရာမှာရှိနေရင် သူတို့ထက် ပိုစိတ်လှုပ်ရှားနေမိမယ် ထင်တယ်။]
[ငါရောပဲ၊ ငါဆိုရင် အော်တောင် အော်မိလောက်တယ်။]
[ငါတို့မျန်မျန်လေးက အထိခံရတာကို တကယ် သဘောမကျဘူး။]
[ဟုတ်တယ်၊ ရှိုးစကတည်းက ငါ သတိထားမိတယ်။ သူက တစ်ယောက်တည်းနေပြီး သူ့ဖေဖေလေးကိုပဲ ရှာနေတာ။]
[မျန်မျန်က သူ့ဖေဖေလေးကိုဆို အရမ်းအားကိုးမှန်း အသိသာကြီးနော်။]
ဟော့မျန်မျန်လေးကို လာဘ်ကောင်အဖြစ် အသုံးချပြီး လင်ယိမှာ ပြောင်းဖူးကိတ်မုန့်ကို အဆင်ပြေပြေ ရောင်းချနိုင်ခဲ့သည်။ နှစ်မိနစ်အတွင်းမှာပင် ကိတ်မုန့်နှစ်ဘူးစလုံး ကုန်သွားခဲ့၏။
နောက်ကျမှ ရောက်လာသူများက နောင်တရနေကြဟန်ဖြင့် လင်ယိအား နောက်တစ်ခါ ပြန်လာဦးမည်လားဟုပင် မေးမြန်းကြသေးသည်။ နောက်တစ်ခါ သူ ပြန်လာပါက သူတို့ အားပေးမည် ဖြစ်ကြောင်း ကတိပေးကြ၏။
လင်ယိနှင့် ဟော့မျန်မျန်တို့က သူတို့တာဝန်ကို ဦးစွာ ပြီးမြောက်သွားခဲ့သဖြင့် ယခုအခါ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီပင်။
သို့ဖြစ်ရာ လင်ယိက ဟော့မျန်မျန်ကို စျေးထဲတွင် လျှောက်ပတ်ရန် ခေါ်သွားလိုက်သည်။
သူတို့ လမ်းဆုံတစ်ခုကို ရောက်သည့်အခါမှာတော့ တိုဟူးပူတင်းရောင်းနေသည့် လူတစ်ယောက်က သူတို့ကို လှမ်းခေါ်လာ၏။
“တို့ဟူးပူတင်း တစ်ပန်းကန်လောက် စားကြည့်ပါဦး။ စျေးမများပါဘူး။ တစ်ပန်းကန်ကို ၅ ယွမ်ပဲ။”
လင်ယိတစ်ယောက် တို့ဟူးပူတင်းမစားရသည်က အတော်ကြာနေပြီဖြစ်ရာ တစ်ပန်းကန်လောက် ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
သို့ပေသည့် သူ အနီးသို့ ရောက်သွားချိန်တွင်တော့ ဈေးသည်၏ လှည်းပေါ်၌ သကြားများရှိနေသည်ကို သတိထားမိလိုက်၏။
သူ မျက်ခုံးပင့်လိုက်မိသည်။
“အချိုလား။”
ထို့နောက် သူက လက်ယမ်းပြလိုက်ပြီး
“ကျေးဇူးပါ၊ ကျွန်တော် မဝယ်တော့ပါဘူး။”
[မင်းက ဘယ်လိုလုပ်ပြီး တို့ဟူးပူတင်းအချိုကို မကြိုက်ရတာလဲ။]
[တို့ဟူးပူတင်းအချိုက အကောင်းဆုံးပဲ။]
[သဘောတူတယ်။ တို့ဟူးပူတင်းအချိုက ဂျယ်လီလိုပဲ။ အရမ်းအရသာရှိတယ်။]
[မဟုတ်ဘူး၊ ငါတော့ တို့ဟူးပူတင်းအချိုကို မကြိုက်ဘူး။]
[ငါရောပဲ မကြိုက်ဘူး။]
[ငါတော့ တို့ဟူးပူတင်းအငန်အတွက် မဲပေးတယ်။ တို့ဟူးပူတင်းက ငန်သင့်တယ်။]
များမကြာမီမှာပင် မှတ်ချက်ကဏ္ဍ၌ တို့ဟူးပူတင်းက ချိုသင့်လား၊ ငန်သင့်လားဆိုသည့် အငြင်းပွားခြင်းတို့ဖြင့် ပေါက်ကွဲထွက်သွားပါတော့သည်။
ဘယ်သောအခါမှ အဆုံးသတ်ကို ရောက်နိုင်မည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။
တို့ဟူးပူတင်းအချိုကို ငြင်းဆန်လိုက်ပြီးသည့်နောက်တွင်တော့ လင်ယိက ဟော့မျန်မျန်နှင့်အတူ ပြန်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း ဈေးသည်က အော်ခေါ်လာ၏။
“ဟေ့…လူငယ်လေး၊ မသွားပါသေးနဲ့ဦး။ တို့ဟူးပူတင်းအငန်လိုချင်ရင်လည်း ငါ့မှာ ရှိတယ်။”
လင်ယိက မျက်ခုံးပင့်လိုက်သည်။
“ခင်ဗျားရဲ့ စီးပွားရေးက အကုန်စုံနေတာပဲနော်။”
ဈေးသည်က ပြုံးလိုက်သည်။
“ပိုက်ဆံရှာဖို့ပဲ မဟုတ်လား။ ငါ့ဆီမှာ တို့ဟူးပူတင်းအငန်မရှိရင် မင်းတို့လိုဧည့်သည်တွေကို ဆုံးရှုံးသွားမှာပေါ့။”
လင်ယိ ပြုံးလိုက်မိသည်။
“ကောင်းပြီ၊ ဒီနေ့ ခင်ဗျားရဲ့စီးပွားရေးကို ကျွန်တော် အားပေးလိုက်မယ်။ နောက်ကျရင် တခြားသူတွေကိုလည်း ခေါ်လာခဲ့မယ်လေ။”
သူ ရှိုးမှ ဧည့်သည်များနှင့် ဝန်ထမ်းများအား စုဝေးကာ မြည်းခိုင်းကြည့်၍ရသည်။
ဈေးသည်က ပျော်ရွှင်သွားခဲ့၏။
“ကောင်းတာပေါ့၊ ငါ မင်းကို အလကား တစ်ပန်းကန် ပေးလိုက်မယ်။”
လင်ယိ: “ကျေးဇူးပါ။”
ဈေးသည်: “ရပါတယ်၊ ငါတို့မှာ တွေ့ဖို့ ကံပါလာတဲ့ပုံပဲ။”
သူတို့က ဟိုအကြောင်း၊ သည်အကြောင်း ပြောနေခဲ့ကြသည်။
[ငါသာ လင်ယိလို လူမှုဆက်ဆံရေးကောင်းရင် အများကြီး အောင်မြင်ခဲ့မှာပဲ။]
[လူမှုဆက်ဆံရေးကြောက်တဲ့သူလေး မနာလိုဖြစ်နေပါပြီနော်။]
[လင်ယိက ငါ့ရဲ့အိုင်ဒေါပဲ။ သူက တခြားသူတွေနဲ့ စကားပြောရင် အရမ်းတည်ငြိမ်တယ်။ ပြီးတော့ နားထောင်တဲ့လူက သတိမထားမိခင်မှာတောင် သူ ပြောတာတွေကို ယုံကြည်မိသွားနိုင်တယ်၊ ဟုတ်တယ်မလား။]
[မာနကြီးတဲ့ ရှန်ဖုန်းက လင်ယိကို ဘာလို့ အထူးတလည် ဆက်ဆံနေမှန်း ငါ နားလည်သွားပြီ။ တချို့လူတွေမှာ ရှင်းပြလို့မရတဲ့ အရှိန်အဝါတစ်ခု ရှိနေပြီးတော့ သူတို့က မင်းကို ပိုနီးကပ်ချင်လာအောင် လုပ်နိုင်တယ်။]
[ဟဲဟဲ… လင်ယိရဲ့ ပရိသတ်လေးကတော့ အခု စိတ်ကြီးဝင်စပြုလာပါပြီ။]
အဆုံးတွင်တော့ လင်ယိက တို့ဟူးပူတင်း နှစ်ပန်းကန် ရလိုက်၏။ တစ်ခုက အချိုဖြစ်ပြီး၊ တစ်ခုက အငန်ပင်။
ဈေးသည်က အချိုတစ်ခုကို မြည်းစမ်းကြည့်ဖို့ဆိုကာ အတင်းပေးခဲ့ခြင်းပင်။ သို့ဖြစ်ရာ သူလည်း ကြင်နာမှုကို မငြင်းဆန်နိုင်ခဲ့ပေ။
လင်ယိက တို့ဟူးပူတင်း နှစ်ပန်းကန်လုံးကို ကိုင်ထားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ဟော့မျန်မျန်ကို ကြည့်လိုက်သည်။
“မျန်မျန်၊ မင်း ဘယ်အရသာကို စားကြည့်ချင်လဲ။”
ဟော့မျန်မျန်က နှစ်ပန်းကန်လုံးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်၏။
သူ တို့ဟူးပူတင်းကို တစ်ခါမှ မစားဖူးသေးသဖြင့် အရသာကွာခြားချက်ကိုလည်း မသိရှိပါ။
ဤသည်ကို မြင်တော့ လင်ယိက တိုက်ရိုက်သာ ပြောလိုက်သည်။
“နှစ်မျိုးလုံး စားကြည့်ရင်ရော။”
ထိုစကားကို ကြားသည်နှင့် ဟော့မျန်မျန်က သူ့လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး အချိုနှင့်တစ်ခုကို ဇွန်းအပြည့် ခပ်ယူကာ စားလိုက်သည်။ ထို့နောက် အငန်နှင့်တစ်ခုကို ဇွန်းအပြည့်ခပ်ယူကာ ထပ်စားလိုက်ပြန်၏။
ထို့နောက် သူက အငန်တစ်ခုကို ညွှန်ပြလာသည်။
“ဒီတစ်ခု။”
လင်ယိက ချက်ချင်း ပြုံးကာ ပြောလိုက်မိသည်။
“ထင်ထားတဲ့အတိုင်း ငါ့သားလေးပဲ။ ရွေးတာ တော်တယ်။”
တို့ဟူးပူတင်းအငန်က အကောင်းဆုံးပဲ။
သို့ရာတွင် အချိုနှင့်တစ်ခုကို သူ မြည်းစမ်းကြည့်လိုက်ရာ ထိုတစ်ခုသည်လည်း အတော်လေး ကောင်းပြီး ချိုမြိန်ကာ ဂျယ်လီနှင့် တူလှကြောင်း တွေ့ရှိခဲ့ရ၏။
သို့ပေသည့် သူ ရွေးချယ်ရမည်ဆိုပါက အငန်အရသာကိုသာ ရွေးချယ်ဖြစ်လိမ့်မည်။
သူက တို့ဟူးပူတင်းအငန်ကို အခိုင်အမာ ထောက်ခံသူပင်။
သူတို့ တို့ဟူးပူတင်းကို စားလို့ပြီးသွားသည့်အခါ သားအဖနှစ်ယောက်က ဆက်ပြီး လျှောက်ပတ်နေခဲ့ကြသည်။
ထိုအချိန် သူတို့မြစ်ဘေးသို့ ရောက်ရှိသွားခဲ့ကြ၏။
မြစ်ဘေးရှိ မိုးမခပင်အောက်၌ အဘိုးအိုတချို့က စစ်တုရင်ကစားနေကြသည်။
ဘာမှလုပ်စရာမရှိသည့် လင်ယိကမူ သူတို့ဘေးတွင် ခဏရပ်ကြည့်နေလိုက်သည်။
ဟော့မျန်မျန်က စစ်တုရင်အကြောင်းကို နားမလည်ပါပေ။ သို့ဖြစ်၍ သူက လင်ယိနှင့် ခဏလောက် ကြည့်နေပြီးသည့်နောက်တွင်တော့ မလှမ်းမကမ်းရှိ ပန်းခင်းပြင်ပေါ်တွင် သွားထိုင်လိုက်၏။
မမျှော်လင့်စွာဖြင့် အတန်ကြာထိုင်နေပြီးသည့်နောက် သူ ငိုက်မျဉ်းလာခဲ့ရသည်။
သူက နိုးနိုးကြားကြား နေဖို့ရန်အတွက် မျက်တောင်ကို အကြိမ်ကြိမ်ခတ်နေခဲ့၏။
သို့ရာတွင် စက္ကန့်အနည်းငယ်ခန့် မျက်တောင်ခတ်နေပြီးနောက်၌ သူ့ခေါင်းလေးက စောင်းသွားလျက် အိပ်မောကျသွားခဲ့သည်။
ထိုအခိုက်အတန့်၌ သူ့ပခုံးထက်သို့ ငှက်ကလေးတစ်ကောင်က လာနားလေသည်။
လင်ယိ လှည့်ကြည့်လိုက်ချိန်တွင် ကာတွန်းစာအုပ်ထဲမှ ခုန်ထွက်လာသည့် မြင်ကွင်းလေးတစ်ခုကို မြင်လိုက်ရသည်။
ပင်ဂွင်းဝတ်စုံဝတ်ထားပြီး ပန်းဆီရောင်သန်းနေသည့် နှုတ်ခမ်းနှင့် ဖြူဖွေးနေသည့် သွားလေးတို့ ရှိသည့် ဟော့မျန်မျန်က သူ့ခေါင်းကို စောင်းလျက် အိပ်ပျော်နေလေသည်။
သူ့ပခုံးထက်တွင်လည်း အမွေးပွပွနှင့် ငှက်ကလေးတစ်ကောင်က တိတ်တဆိတ် နားလို့နေ၏။
လင်ယိက ထိုမြင်ကွင်းကို သဘောကျစွာနှင့် ခဏမျှ ကြည့်ရှုနေမိသည်။ ထို့နောက် သူ့ဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်။
ဖျတ်ခနဲအသံတစ်ချက်နှင့်အတူ ထိုအခိုက်အတန့်လေးအား ရိုက်ယူနိုင်ခဲ့၏။
ဤမြင်ကွင်းကို ထာဝရသိမ်းထားနိုင်တော့မည်ပင်။
[အား… ကယ်ကြပါဦး။ ချစ်စရာကောင်းလွန်းလို့ ငါ သေတော့မယ်။]
[လင်ယိနဲ့ မျန်မျန်ရဲ့ အဖွဲ့ကို ပါချင်ရင် ဘယ်လိုလုပ်ရမလဲ။ ငါ တကယ် သူတို့နဲ့အတူ နေချင်တယ်။]
[ဒီနေ့ရဲ့ အချိုဓာတ်ကတော့ ကန့်သတ်ချက်ကို ကျော်လွန်သွားပါပြီ။]
***
Aurora Novel Translation Team