အပိုင်း(၁၈)
မကြာမီမှာတော့ ဟဲ့နျန်သည် ဝန်ထမ်းများထံမှတစ်ဆင့် လင်ယိ ကစားခဲ့သည့် စစ်တုရင်ကစားပွဲအကြောင်းကို သိလိုက်ရသည်။
လင်ယိက စစ်တုရင်ကစားရာ၌ အင်မတန် ကျွမ်းကျင်လှကြောင်းကို သူ ကြားသိခဲ့ရပြီး သုံးပွဲဆက်တိုက်ပင် အနိုင်ရရှိခဲ့ကာ လူအများထံမှ ချီးကျူးခံခဲ့ရကြောင်းကိုလည်း သိရှိလိုက်ရသည်။
ဤအကြောင်းကို ကြားတော့ ဟဲ့နျန်တစ်ယောက် အံကို တင်းတင်းကြိတ်လိုက်မိ၏။
အခုတလော လင်ယိက ဘာလို့ သူ ထင်ထားတာထက် ကျော်လွန်တာတွေကိုပဲ လုပ်နေရတာလဲ။
အရင်က သူ သိကျွမ်းခဲ့သည့် လင်ယိက ရှက်ကြောက်တတ်ကာ လူသိများသည့်သူ မဟုတ်ပေ။
သူ၏ ထူးချွန်မှုများကို ပေါ်လွင်စေရန်အတွက် ဤအခွင့်အရေးကို သူ အသုံးချခဲ့၏။ လူများက ပိုမိုထင်ရှားနိုင်ရန်အတွက် နှိုင်းယှဉ်မှုများကို လိုအပ်ပေသည်။
သို့ရာတွင် ယခုတွင်တော့ ကိစ္စများစွာက ကွဲပြားသွားခဲ့လေပြီ။
လင်ယိက အောက်ကျို့မခံတော့ဘဲ တည်ငြိမ်ကာ ယုံကြည်မှုရှိရှိပြုမူခဲ့ပြီး သူ၏ အင်အားကြီးသော အရှိန်အဝါကို ဖော်ထုတ်ပြသလာတော့သည်။ အရေးအကြီးဆုံးအနေဖြင့် ထိုသူက သူ၏ အထင်ကြီးလောက်စရာကောင်းသည့် စွမ်းရည်များကို ဆက်တိုက် ထုတ်ပြနေခြင်းပင်။
ကြည့်ပင်မကြည့်ဘဲနှင့်တောင် အွန်လိုင်းပေါ်ရှိ လင်ယိနှင့် ပတ်သက်သည့် ထင်မြင်ချက်များက ပြောင်းလဲသွားမည်ဆိုသည်ကို ဟဲ့နျန် သိရှိနိုင်သည်။ လူများစွာက လင်ယိကို စကြိုက်လာကြတော့မည်ပင်။
ဤအကြောင်းကို စဉ်းစားမိသည်နှင့် ဟဲ့နျန်ခမျာ စိတ်မသက်မသာဖြစ်သွားရ၏။
မိသားစုတွင် အထူးချွန်ဆုံးက ဟဲ့နျန် ဖြစ်နေပါလျက် အဘယ်ကြောင့် လင်ယိက ပိုပြီး အာရုံစိုက်ခံရမည်နည်း။ သူကသာ တခြားသူများ၏ စံပြပုဂ္ဂိုလ်ဖြစ်သင့်သည်လေ။ လင်ယိက ဘာကြောင့်များ လူအများ၏အာရုံကို ဆွဲဆောင်နေရသနည်း။
နောင်အနာဂတ်တွင် မိသားစုတွေ့ဆုံပွဲများ၌ လူအများ၏ အာရုံစိုက်မှုကို မရရှိနိုင်တော့ဟူသည့် အတွေးကို ဟဲ့နျန်တစ်ယောက် တွေးတောင်မတွေးရဲပါ။
ထို့ပြင် ဖျော်ဖြေရေးလောကတွင် သူတို့နှစ်ယောက်က ဆွေမျိုးများဖြစ်နေသည့်တိုင် ကမ္ဘာခြားနေသည်ဟု ပြင်ပလူများက နှိုင်းယှဉ်လေ့ရှိကြသည်။
ဟဲ့နျန်က ထိပ်ဆုံးတွင် ရှိနေသူ ဖြစ်သောကြောင့် လင်ယိကို သူ့ထက် ကျော်သွားခွင့်ပြုမည် မဟုတ်ပါချေ။
သို့ဖြစ်၍ လူတိုင်းက လမ်းတစ်လျှောက် အေးအေးလူလူ လျှောက်ပတ်နေကြစဉ်တွင် ဟဲ့နျန်ခမျာမှာတော့ သူ့အရည်အချင်းများကို ထုတ်ပြဖို့အတွက် အခွင့်အရေးရှာနေခဲ့၏။
နောက်ဆုံးမှာတော့ အခွင့်အရေးက ရောက်ရှိလို့လာခဲ့သည်။
သူတို့ လမ်းတစ်လမ်းသို့ ရောက်သွားသည့်အချိန်မှာတော့ ပြိုင်ပွဲတစ်ခု ကျင်းပနေသည့် ဆိုင်တစ်ဆိုင် ရှိနေ၏။
စတိုးဆိုင်၏ အိုင်ဒီယာက ဆန်းသစ်လှသည်။ ပါဝင်သူများက သင်္ချာပုစ္ဆာခြောက်ပုဒ်ကို သုံးစက္ကန့်အတွင်း ဖြေရှင်းရမည် ဖြစ်သည်။ ပုစ္ဆာခြောက်ပုဒ်လုံးကို မှန်အောင် ဖြေရှင်းနိုင်ပါက ဆုတစ်ဆုရရှိမည်ပင်။
ပြိုင်ပွဲကျင်းပပုံမှာ ပွဲတော်ဆန်ဆန်နှင့် လူများကို ဆွဲဆောင်ရန် ပြင်ဆင်ထားသောကြောင့် လင်ယိနှင့် တခြားသူများက သတိထားမိသော်ငြား မကြာမီမှာပင် စိတ်ဝင်စားမှု မရှိကြတော့။
ထိုအခိုက်အတန့်၌ ဟဲ့နျန်က လူတိုင်းကို ခေါ်လာ၏။
“ဒီဂိမ်းကို အတူတူ ဆော့ကြရအောင်။ ကျွန်တော် အရင် သွားမယ်။”
သူက ဆော့ချင်နေသောကြောင့် တခြားဧည့်သည်များလည်း သဘာဝတကျပင် သူ့ကို စောင့်နေရတော့သည်။
မကြာမီမှာပင် ဆိုင်ရှင်ဖြစ်သူက ဟဲ့နျန်ထံသို့ ချဉ်းကပ်လာခဲ့သည်။
“ဟယ်လို… မင်း ကစားချင်လို့လား။”
ဟဲ့နျန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဘယ်လို သင်္ချာပုစ္ဆာမျိုးတွေ ရှိမှာလဲ။”
ဆိုင်ရှင်က မလှမ်းမကမ်းရှိ မျက်နှာပြင်ကြီးတစ်ခုကို လက်ညှိုးထိုးပြကာ ရှင်းပြလာသည်။
“ခဏနေကျရင် ဒီမျက်နှာပြင်ပေါ်မှာ ပုစ္ဆာခြောက်ပုဒ်ပေါ်လာလိမ့်မယ်။ ပုစ္ဆာတိုင်းက ဂဏန်းနှစ်လုံးချင်း မြှောက်ရတဲ့ ပုစ္ဆာတွေချည်းပဲ။ မေးခွန်းတစ်ခု ဖြေဖို့အတွက် သုံးစက္ကန့်အချိန်ရှိတယ်။ မင်းခြောက်ပုဒ်လုံး မှန်အောင်ဖြေနိုင်ရင် ဆုရလိမ့်မယ်။ ဂဏန်းနှစ်လုံးပါတဲ့ မြှောက်ကိန်းက အခြေခံအဆင့်ပဲ။ ဒါပေမဲ့ ဂဏန်းနှစ်လုံးနဲ့ ဂဏန်းသုံးလုံးကို မြှောက်ရတဲ့ ပုစ္ဆာတွေလည်း ရှိတယ်။ အဆင့်အမျိုးမျိုးကို ဆုအမျိုးမျိုး ရှိပါတယ်။ ဘယ်အဆင့်အထိ ခက်ခဲတာကို မင်း ရွေးချယ်မှာလဲ။”
ဟဲ့နျန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး သတိကြီးစွာပင် ပြောလိုက်သည်။
“ဂဏန်းနှစ်လုံးမြှောက်တာကို ယူမယ်။”
သူ၏ စိတ်ပိုင်းဆိုင်ရာတွက်ချက်နိုင်စွမ်းက မမြင့်မားသောကြောင့် ပိုလွယ်ကူသည်ကိုသာ သူ ရွေးချယ်ခဲ့သည်။
ထို့ပြင် လင်ယိ၏ စိတ်ပိုင်းတွက်ချက်နိုင်မှုက ပိုဆိုးလိမ့်ဦးမည်ဟု သူ ယုံကြည်၏။
ထိုအချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဟဲ့နျန်၏ ပရိသတ်များက အားပေးနေကြလေသည်။
[ငါတို့ရဲ့ နျန်နျန်က အရမ်းတော်တာပဲ။]
[အမှန်ပဲ။ လှုပ်ရှားမှုတွေမှာ ပါဝင်တာတောင် သူက ပညာရေးနဲ့ ပတ်သက်တာကို ရွေးချယ်သေးတယ်။ သူက နေရာတိုင်းမှာ သင်ယူနေတော့တာပဲ။]
[ဖျော်ဖြေရေးလောကမှာ တကယ့်ပညာရှင်က ဘယ်သူလဲဆိုတာ ထပ်ပြောစရာကို မလိုတော့ဘူး။]
[ဟဲ့နျန်က ကြင်နာရုံတင်မကပဲ ဗဟုသုတလည်း ကြွယ်ဝသေးတယ်။ သူက တကယ့် ရတနာလေးပဲ။]
များမကြာမီမှာပင် ဟဲ့နျန်က မေးခွန်းများကို စတင်ဖြေကြားတော့သည်။
ပထမဦးစွာ မျက်နှာပြင်တွင် ပထမဆုံးမေးခွန်းကို ပြလာခဲ့သည်။
“58 * 96 =”
ထို့နောက် အပေါ်ဘက်ထောင့်မှာ ရှိနေသည့် အချိန်ရေတွက်မှုက စတင်လာတော့သည်။
3, 2…
ဟဲ့နျန်က တောင့်တောင့်ကြီးနှင့် စဉ်းစားနေခဲ့ပြီး နောက်ဆုံးတစ်စက္ကန့်လေးမှာတင် ဖြေလိုက်သည်။
“5568”
ဆိုင်ရှင်က လေထုကို တက်ကြွလာအောင် လုပ်နေခဲ့၏။
“ကောင်းပါပြီ။ 5568 ဟုတ်၊ မဟုတ် ကြည့်လိုက်ကြရအောင်။”
သူက ရီမုတ်ကွန်ထရိုးကို နှိပ်လိုက်ရာ မျက်နှာပြင်ပေါ်၌ 5568 ဟု ပြနေလေသည်။
သူသည် စိတ်လှုပ်ရှားစွာပင် သူ့လက်ကို မြှောက်လိုက်ပြီး
“ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်ကို ဂုဏ်ယူပါတယ်။ ပထမမေးခွန်းကို မှန်သွားပါပြီ။”
ဟဲ့နျန်က သက်ပြင်းချလိုက်သည်။
မှတ်ချက်ပေးသည့် နေရာတွင်လည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပေါက်ကွဲသွားတော့၏။
[အား… နျန်နျန်က အရမ်းတော်တာပဲ။]
[နောက်ထပ် မေးခွန်းငါးပုဒ်ပဲ ကျန်တော့တယ်၊ နျန်နျန် ကြိုးစားထား။]
ထို့နောက် ဒုတိယမေးခွန်းက မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
“73 * 82 =”
ဟဲ့နျန်က မျက်မှောင်ကြုတ်လျက် စဉ်းစားနေခဲ့ပြီး အချိန်မီ ပြန်ဖြေလိုက်သည်။
“5886”
ဆိုင်ရှင်က ရီမုတ်ကွန်ထရိုးကို ထပ်နှိပ်လိုက်ပြန်သည်။
“5886 ဟုတ်၊ မဟုတ် ကြည့်လိုက်ရအောင်။”
မျက်နှာပြင်ပေါ်၌ 5986 ဟု ပြနေ၏။
ထိုနံပါတ်များကို မြင်တော့ ဟဲ့နျန်၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
သူ ဘယ်လိုလုပ်ပြီး ဒုတိယမေးခွန်းကို မှားဖြေနိုင်ရတာလဲ။
ဆိုင်ရှင်ကလည်း ပြောလာ၏။
“အိုး… နှမြောစရာပဲ။ နီးစပ်နေတာကို။”
တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များကလည်း သူ့ကို အလျင်စလို နှစ်သိမ့်ပေးနေကြတော့သည်။
[အဆင်ပြေပါတယ် နျန်နျန်။ မင်း ကောင်းကောင်း လုပ်ခဲ့ပါတယ်။ ပုစ္ဆာကိုက အရမ်း ခက်နေတာ။]
[အမှန်ပဲ။ ဂဏန်းနှစ်လုံးကို သုံးစက္ကန့်အတွင်း မြှောက်ရမှာလေ။ လူဘယ်နှယောက်က လုပ်နိုင်မှာမို့လို့လဲ။]
ဟဲ့နျန်က သူ လိုချင်သည့် ထိတ်လန့်ဖွယ်ရလဒ်ကို မရရှိခဲ့သဖြင့် စိတ်ပျက်နေခဲ့သည်။
သို့သော်လည်း သူ တစ်ခုတော့ သိ၏။ သူ့ထက် ညံ့သည့်သူကို ရှာကာ ယှဉ်ကြည့်လိုက်ပါက သူ့ကို ထူးချွန်ဟန်ပေါက်စေလိမ့်မည်။
ပြီးတော့ လင်ယိက သူ့ထက် ဆိုးသည့်သူ ဖြစ်၏။
ဤသို့တွေးရင်းနှင့် သူက လင်ယိထံသို့ လျှောက်သွားကာ ဖိတ်ခေါ်လိုက်သည်။
“အစ်ကို၊ မင်းရော စမ်းကြည့်ပါလား။”
လင်ယိက သည်လိုလှုပ်ရှားမှုများကို စိတ်မဝင်စားသဖြင့် အေးစက်စက်သာ ငြင်းပယ်လိုက်သည်။
“ကျေးဇူးပဲ၊ မစမ်းကြည့်တော့ဘူး။”
ဟဲ့နျန်က သူ့ကို တွန်းအားပေးဖို့ ကြိုးစားလိုက်၏။
“အပျော်သက်သက်ပဲလေ၊ ခင်ဗျား ဆုရရင်လည်း ရနိုင်မှာပေါ့။ ခင်ဗျားက ပြိုင်ဖို့ကို ကြောက်နေတာလား။”
လင်ယိက အေးစက်စက်နှင့် ဟဲ့နျန်ကို ကြည့်လိုက်သည်။
ထိုအချိန်၌ ရှန်ဖုန်းက ကြားဖြတ်ပြောလိုက်၏။
“သူ ပြိုင်ချင်ရင် ပြိုင်မယ်၊ သူ မပြိုင်ချင်ရင် မပြိုင်ဘူးပေါ့။ မင်းနဲ့ ဘာဆိုင်လို့လဲ။”
ဟဲ့နျန်: “….”
သူသည် ဒေါသတကြီးနှင့် အံကြိတ်နေသော်ငြား သူ့အသံကတော့ အပြစ်ကင်းစင်နေဆဲပင်။
“ဒီပြိုင်ပွဲလေးက စိတ်ဝင်စားစရာကောင်းလို့ ကျွန်တော်က အစ်ကိုနဲ့ မျှဝေချင်ရုံပါ။”
သူ ဤသို့ ပြောတိုင်း သူ့လေသံက မရိုးသားသည့်ပုံပေါက်နေ၏။
ရှန်ဖုန်းက ပျို့အန်ချင်စွာဖြင့် မျက်လုံးကို လှန်လိုက်မိသည်။
သို့ရာတွင် ဟဲ့နျန်၏ ပရိသတ်များက သဘောကျစွာနှင့် စတင်အော်ဟစ်လာကြလေသည်။
[လင်ယိက ကျေးဇူးမသိတတ်တဲ့သူပဲ။ ဖျော်ဖြေရေးလောကမှာ နျန်နျန်က သူ့ကို အမြဲကူညီပေးခဲ့တာကို၊ သူက အခုတော့ နျန်နျန်ကို ဒီလိုဆက်ဆံနေတယ်ပေါ့။]
[လင်ယိက တုံးတော့ မေးခွန်း မဖြေနိုင်မှာကို ကြောက်နေတာလား။ ဒါကြောင့်မလို့ လိပ်လိုမျိုး ပုန်းနေတာ နေမှာပေါ့။]
[လင်ယိက အကျင့်စာရိတ္တနိမ့်ကျရုံတင်မကပဲ ဉာဏ်ရည်ပိုင်းမှာလည်း ပြဿနာရှိနေတဲ့ပုံပဲ။]
လင်ယိက ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိသေးသည်ကို မြင်တော့ ဟဲ့နျန်က ဆိုင်ပိုင်ရှင်ကို တိုက်ရိုက်ပြောလိုက်သည်။
“သူဌေး… စမ်းကြည့်ချင်တဲ့သူ တစ်ယောက် ရှိသေးတယ်။”
ရှန်ဖုန်းမှာ ဟဲ့နျန်၏ အရှက်မရှိသော အပြုအမူကြောင့် အံ့အားသင့်သွားခဲ့ရတော့၏။
လင်ယိကမူ တည်ငြိမ်မြဲတည်ငြိမ်နေဆဲသာ။ သူသည် အေးစက်စက်နှင့် ဟဲ့နျန်ကို ကြည့်လိုက်ပြီး
“ကောင်းပြီလေ။ ငါ ပြိုင်မယ်။”
ရှန်ဖုန်းက သူ့ကို အမြန်တားရန် ကြိုးစားလာခဲ့သည်။
“စိတ်လိုက်မာန်ပါမလုပ်နဲ့။”
သူ့အမြင်အရတော့ ဤမေးခွန်းများက တော်တော်လေးကို ခက်ခဲလှ၏။
လင်ယိ မဖြေနိုင်ရင် သူ့ကိုယ်သူ အရှက်ခွဲမိမှာ မဟုတ်ဘူးလား။
သူတို့၏ ပထမဆုံး တွေ့ဆုံခြင်းက စိတ်ကျေနပ်ဖွယ်မကောင်းသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ရှန်ဖုန်းက လင်ယိကို သူ့လူများထဲမှ တစ်ယောက်ဟု သတ်မှတ်ထားပြီးသားပင်။
သူသည် ဒေါသထွက်လွယ်သော်လည်း သူ့လူများအပေါ်၌မူ သစ္စာရှိပါသေး၏။
ထိုအချိန်မှာပင် လင်ယိက သူ့ကို ပြုံးပြကာ မျက်ခုံးပင့်လိုက်သည်။
“မင်းက ငါ့ကို ဒီလောက်အထိ အထင်သေးတယ်ပေါ့။”
သူ ပြုံးလိုက်သည့်အခါမှာတော့ သူ၏ တောက်ပနေသည့် ယုံကြည်မှုများနှင့် တည်ငြိမ်အေးဆေးမှုက ထွက်ပေါ်လာကာ သူ့မျက်နှာတစ်ပြင်လုံးအား တက်ကြွလန်းဆန်းဟန်ပေါက်စေသည်။
လင်ယိ၏ အပြုံးကို စိုက်ကြည့်ရင်းနှင့် ရှန်ဖုန်း၏မျက်နှာက နီမြန်းလုနီးနီး ဖြစ်လာခဲ့၏။
သူသည် အတွင်းစိတ်ထဲမှ တိတ်တိတ်ကလေး ကျိန်ဆဲလိုက်မိသည်။ ထို့နောက် မျက်နှာနီမြန်းမလာစေရန်နှင့် စိတ်အေးအောင်လုပ်ရန်အတွက် အဝေးသို့ လျှောက်ထွက်သွားလိုက်သည်။
များမကြာမီမှာပင် လင်ယိက မေးခွန်းများကို စတင်ဖြေကြားပါတော့သည်။
လင်ယိက ဆိုင်ရှင်ဖြစ်သူကို တိုက်ရိုက် ပြောလိုက်သည်။
“အစောတုန်းကဟာက အရမ်းလွယ်လွန်းတယ်။ ကျွန်တော့်ကို ပိုခက်တာပေး။ ဂဏန်းနှစ်လုံးကို ဂဏန်းသုံးလုံးနဲ့ မြှောက်တာပေးပါ။”
သူ၏ ထုတ်ပြန်ချက်ကြောင့် လူတိုင်းက အံ့အားသင့်သွားကြ၏။
ဂဏန်းနှစ်လုံးကို ဂဏန်းသုံးလုံးနဲ့ မြှောက်တာလား။ ပြီးတော့ သုံးစက္ကန့်အတွင်း ဖြေရမှာလေ။
ဒါက အရမ်းခက်လွန်းမနေဘူးလား။
ဟဲ့နျန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
အရမ်းလွယ်တယ်တဲ့လား။ ဒါက သူ့ကို စော်ကားလိုက်တာလား။
ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ။ လင်ယိက သေချာပေါက် ဖြေနိုင်မှာ မဟုတ်ဘူး။
ဆိုင်ရှင်က အံ့ဩတကြီးနှင့် လင်ယိကို ကြည့်ကာ အတည်ပြုလာသည်။
“ဂဏန်းနှစ်လုံးကို ဂဏန်းသုံးလုံးနဲ့ မြှောက်မယ်ဆိုတာ သေချာလား။ အဲဒါက အရမ်းခက်တာနော်။”
လင်ယိက မျက်ခုံးပင့်လျက် ခပ်တည်တည်သာ ရပ်နေပြီး
“ဘယ်လောက်ခက်နိုင်မှာမလို့လဲ။”
သူ့စကားများ၌ ငယ်ရွယ်ကာ မာနထောင်လွှားနေသည့် အရိပ်အယောင်များ ပါရှိနေသဖြင့် သူ့ကို ပို၍ပင် တောက်ပလာစေ၏။
ရှိနေကြသူတိုင်းက အံ့အားသင့်သွားကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း မှတ်ချက်များဖြင့် ပြည့်နှက်နေ၏။
[အာ.. ဘယ်သူ နားလည်ကြလဲ။ လင်ယိ အဲဒီလိုပြောလိုက်တော့ ငါ့ဒူးက လုံးဝ ထောက်ကျသွားတယ်။]
[လင်ယိက တကယ့် ဘော့စ်တစ်ယောက်ပဲ။ သူ့လှုပ်ရှားမှုတိုင်းက သူ့ကို ဆွဲဆောင်မှုပိုရှိစေပြီး အရှိန်အဝါပိုကြီးစေတယ်။]
[ငါ သူ့ကို အရမ်းချစ်တာပဲ၊ အားးးးးး။]
မကြာမီမှာပင် လင်ယိက မေးခွန်းများကို စတင်ဖြေကြားတော့သည်။
မျက်နှာပြင်ပေါ်၌ ပထမဆုံးမေးခွန်းက ပြလာခဲ့သည်။
“53 * 369 =”
အချိန်ရေတွက်မှုက စတင်ပြီ ဖြစ်၏။
3, 2...
လင်ယိက တည်ငြိမ်အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။
“19577”
မည်သို့ပင်ဆိုစေ ယခင်ဘဝ၌ သူက ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သဖြင့် နေ့တိုင်း ကိန်းဂဏန်းများကို ကိုင်တွယ်နေခဲ့ရသည်။ ဤသို့ ရိုးရှင်းသည့် တွက်ချက်မှုက သူ့အတွက်တော့ ဘာမှမဟုတ်သေးပေ။
ဘာကြောင့်မှန်း မသိသော်ငြား လင်ယိ၏ မျက်နှာအမူအရာကို ကြည့်ရင်း ဆိုင်ရှင်က ယုံကြည်မှုရှိသွားရသည်။
သူ ရီမုတ်ကွန်ထရိုးကို နှိပ်လိုက်သည်နှင့် လင်ယိ ပြောခဲ့သည့်အတိုင်း မျက်နှာပြင်ပေါ်၌ 19577 ဟူသည့် အဖြေမှန်က ပေါ်လာခဲ့သည်။
ဆိုင်ရှင်က ပို၍ပင် စိတ်လှုပ်ရှားသွားရ၏။
“မှန်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဧည့်သည်ကို ဂုဏ်ယူပါတယ် ခင်ဗျာ။”
ထိုအချိန်၌ သူတို့ကို ကြည့်နေကြသူများက လက်ခုပ်တီးလိုက်ကြသည်။
မည်သို့ပင်ဆိုစေ ယင်းက ဂဏန်းနှစ်ခုကို ဂဏန်းသုံးခုနှင့် မြှောက်ခြင်းဖြစ်ကာ သုံးစက္ကန့်အတွင်း ဖြေရှင်းနိုင်ခဲ့ပြီး အဖြေလည်း မှန်နေခဲ့သည်လေ။
ဘယ်သူက မအံ့ဩဘဲ နေနိုင်မည်နည်း။
မှတ်ချက်ကဏ္ဍ၌ အောင်ပွဲခံမှုတို့ဖြင့် ပေါက်ကွဲသွားတော့၏။
[အား… လင်ယိက အရမ်းအံ့ဩစရာကောင်းတာပဲ။]
[ဒီလိုလူမျိုးကို ပါရမီရှင်လို့ ခေါ်ကြတာလား။]
ဟဲ့နျန်ခမျာ ဤမြင်ကွင်းကို မယုံကြည်နိုင်စွာနှင့် ကြည့်နေခဲ့သည်။
ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ။ လင်ယိက မှန်သွားတယ်ပေါ့။
သူ ဒီအတိုင်း လျှောက်ခန့်မှန်းပြီးတော့ မှန်သွားတာများလား။
ဒုတိယမေးခွန်းက ပေါ်လာခဲ့သည်။
“38 * 562 =”
လင်ယိကတော့ တည်ငြိမ်နေစမြဲ။
“21356”
အတည်ပြုပြီးသည့်နောက် ဆိုင်ရှင်က ကျယ်လောင်စွာ အော်ဟစ်လာ၏။
“ထပ်ပြီး မှန်ပြန်ပါပြီ။”
လူအုပ်ကြီးက အသက်ရှူမှားသွားကြရသည်။
သူ့ရဲ့ စိတ်တွက်နိုင်စွမ်းက ဘယ်လိုလုပ် ဒီလောက်တောင် ကောင်းနေရတာလဲ။
ရှန်ဖုန်းခမျာ လွန်စွာ အံ့အားသင့်မိသွားရသဖြင့် မျက်လုံးများပင် ပြူးထွက်တော့မတတ်ဖြစ်သွားရ၏။
လင်ယိက အရမ်းတော်လွန်းတယ်။
သူ အရမ်းယုံကြည်ချက်ရှိနေတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ။
လင်ယိ မဖြေနိုင်မည်ကို စိုးရိမ်ပြီး သူ့ကိုယ်သူ အရှက်ခွဲမိမည်ကို စိုးရိမ်သည့်အတွက် ဟန့်တားခဲ့သည့်သူက အရူးနှင့်တူလှ၏။ သူ၏ စိုးရိမ်မှုအားလုံးက အချည်းနှီးသာ ဖြစ်နေသည်။
သူ့ဘေးတွင် ရပ်နေသည့် ဟဲ့နျန်၏ မျက်နှာမှာမူ ဖြူဖျော့နေလျက်။
ပထမမေးခွန်းက တိုက်ဆိုင်တာသက်သက်ဆိုရင် ဒုတိယမေးခွန်းလည်း တိုက်ဆိုင်တာ ဖြစ်နိုင်လောက်လား။
လင်ယိရဲ့ စိတ်တွက်နိုင်စွမ်းက သူ့ထက် ပိုကောင်းနေတာများလား။
မဟုတ်ဘူး။ သူ မယုံဘူး။
နောက်ထပ်မေးခွန်း လေးခုကိုလည်း လင်ယိက ခြွင်းချက်မရှိ မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့သည်။
အစပိုင်းမှာ အလွန်အမင်း တိတ်ဆိတ်နေသည့် လူအုပ်ကြီးက ကျယ်လောင်စွာပင် လက်ခုပ်တီးလိုက်ကြလေသည်။
လင်ယိက နတ်ဘုရားတစ်ပါးပဲ။
[အား… ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ စိတ်တွက်နိုင်စွမ်းပါလိမ့်။]
[ငါ့အမေက မေးတယ်၊ ဖုန်းသုံးရင်းနဲ့ ဘာလို့ ဒူးထောက်နေတာလဲတဲ့။]
[လင်ယိ ကျွန်မ ရှင့်ကို ချစ်တယ်။ ရှင်က အရမ်းတော်တာပဲ၊ အား။]
[ခုနတုန်းက လှောင်ပြောင်နေတဲ့ ဟဲ့နျန်ရဲ့ ပရိသတ်တွေက အခု ဘာလို့ မလှောင်ကြတော့တာလဲ။]
[ဟုတ်တယ်၊ ထွက်လာပြီးတော့ တစ်ခုခု ပြောစမ်း။ ဘာလဲ… အ,သွားကြတာလား။]
မှန်၏။ ဟဲ့နျန်၏ ပရိသတ်များ ဘာမှမပြောနိုင်ကြတော့ပေ။ သူတို့၏ မျက်နှာကလည်း ဖြတ်ရိုက်ခံလိုက်ရသဖြင့် ရောင်ကိုင်းနေလေပြီ။
အလားတူပင် ဟဲ့နျန်၏မျက်နှာကလည်း ရောင်ကိုင်းနေသလို ခံစားရ၏။
မူလတွင်တော့ သူက လင်ယိကို သူ့ထက် ညံ့သည့်ပုံပေါက်အောင် လုပ်ကာ သူ့ကိုယ်သူ ပေါ်လွင်စေရန် ရည်ရွယ်ထားခြင်းပင်။ သို့ပေသည့် အခုတွင်တော့ လင်ယိကသာ ပေါ်လွင်သွားခဲ့ပြီး သူကတော့ ရှုံးနိမ့်သွားခဲ့ရသည်။
ထိုအချိန်၌ လင်ယိက သူ့နားမှ ဖြတ်လျှောက်သွားခဲ့သည်။
ဟဲ့နျန်က ချက်ချင်းပင် တောင့်တင်းသွားရပြီး လင်ယိက ထိုအခွင့်ကောင်းကို ယူကာ သူ့အား သရော်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့ရာတွင် လင်ယိက ဖြစ်စဉ်တစ်လျှောက်လုံး၌ သူ့အား လှည့်ပင် မလှည့်ကြည့်လာခဲ့ပါ။
သူ့ကို လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့်ပင်။
တစ်ခါတလေတွင် လူတစ်ယောက်ကို လျစ်လျူရှုလိုက်သည်က အနာကျင်စေဆုံးအရာ ဖြစ်နိုင်၏။
ဟဲ့နျန်၏မျက်နှာက ဖြူဖျော့သွားတော့သည်။
သူသည် အကုန်လုံး ပြင်ဆင်ပြီးမှ စင်ပေါ်သို့ပင် မတက်နိုင်ခဲ့သည့် လူရွှင်တော်တစ်ယောက်အလား ခံစားလိုက်ရ၏။
***
Aurora Novel Translation Team