no

Font
Theme

အပိုင်း (၂၀)

တစ်ဖက်တွင်လည်း လင်ယိက မီးကင်ပြားပေါ်၌ ဝက်သုံးထပ်သားများကို ကင်နေသည်။

ဝက်သားပြားလေးများမှ ဆီများထွက်ကာ တရှဲရှဲ မြည်သံနှင့်အတူ ရွှေအိုရောင်သန်းလာသောအခါ သူ ကောက်ယူလိုက်သည်။ ထို့နောက် ဟင်းခတ်မှုန့်တချို့နှင့် နယ်ကာ ဆလတ်ရွက်ထဲ ထည့်ထုတ်ပြီး ပါးစပ်ထဲသို့ အကုန်အစင် ထည့်သွင်းလိုက်တော့သည်။

သူသည် အလွန် အရသာတွေ့နေသည့်ဟန်ဖြင့် အားရကျေနပ်စွာ ဝါးနေ၏။

ဟော့မျန်မျန်လေးက ဘေးမှနေ၍ သူ့လှုပ်ရှားမှုတိုင်းကို အကဲခတ်နေသည်။ ထို့နောက် သူကိုယ်တိုင်လည်း ဆလတ်ရွက်ဖြင့် ထုတ်စားရန် ကြိုးစားတော့သည်။

သူက စားပွဲပေါ်မှ ဆလတ်ရွက်တစ်ရွက်ကို ယူကာ လက်ဖဝါးပေါ် တင်လိုက်သည်။ ထို့နောက် ထမင်းကြော်ကို ဇွန်းဖြင့် နှစ်ဇွန်းခန့် ခပ်ထည့်လိုက်သည်။

လင်ယိ လုပ်သကဲ့သို့ပင် ခေါင်းလေးငုံ့ကာ ဆလတ်ရွက်ကို အထုပ်လေးဖြစ်အောင် ဂရုတစိုက် ထုတ်ပိုးလိုက်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။

သူ ထုတ်ထားသော အထုပ်မှာ အနည်းငယ် ကြီးနေသဖြင့် တော်တော်လေး အားစိုက်ပြီး တွန်းထည့်လိုက်ရသည်။

သို့နှင့် ပါးစပ်ထဲတော့ ရောက်သွားခဲ့၏။ သို့သော်လည်း ဝါးစားရန် ကြိုးစားသည့်အခါတွင်မူ သူ့ပါးနှစ်ဖက်မှာ ဖောင်းကားထွက်နေပြီး မေးရိုးပင် လှုပ်၍မရတော့ပေ။

ဟော့မျန်မျန်လေးမှာ ကြောင်အသွားရသည်။

သူ့ဖေဖေလေး လုပ်တုန်းကတော့ လွယ်လွယ်လေးပဲ၊ ဘာလို့ သူကျမှ ဝါးလို့မရတော့တာလဲ။

ဟော့မျန်မျန်မှာ အတော်ကြာအောင် ရုန်းကန်နေသော်လည်း ဝါး၍မရသည့်အပြင် သူ့ပါးလေးများပင် နာလာရသည်။

ဟော့မျန်မျန်: "..."

ဝါး...

လင်ယိကတော့ အသားကင်များကို ဆလတ်ရွက်ဖြင့် အေးအေးလူလူ ထုတ်စားနေတုန်းပင်။ ထိုစဉ် သူ့အင်္ကျီလက်ကို လက်ကလေးတစ်ဖက်က လာဆွဲသဖြင့် လှည့်ကြည့်လိုက်ရာ လင်ယိတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။

ထိုအချိန်တွင် ဟော့မျန်မျန်၏ ပါးစပ်ထဲ၌ ဆလတ်ရွက်ထုပ်ကြီးတစ်ထုပ် ရှိနေသဖြင့် ပါးနှစ်ဖက်မှာ ဖောင်းကားနေ၏။

ဖောင်းအိနေသော ပါးလေးများမှာ ပို၍ပင် စူထွက်နေသဖြင့် အစာများအပြည့်ငုံထားသည့် ဟမ်းစတားလေးတစ်ကောင်နှင့် တူနေပြီး အလွန်ပင် ချစ်ဖို့ကောင်းနေတော့သည်။

ဟော့မျန်မျန်က မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် သူ့ကို အသနားခံသလိုမျိုး လှမ်းကြည့်လာသည်။ သို့သော်လည်း လင်ယိကတော့ သူ့ပါးလေးကို လိမ်ဆွဲရင်း ရယ်မောကာ ပြောလိုက်သည်။

"ဒါ ဘယ်က ဟမ်းစတားလေးလဲ။"

ဟော့မျန်မျန်: "..."

ဟမ်းစတားလေး မဟုတ်ပါဘူး၊ ကယ်တင်ရှင် လိုအပ်နေတဲ့ ကလေးလေးပါ။

[ဟားဟားဟား လင်ယိရေ။ မစပါနဲ့တော့၊ ကလေးကို ကူညီလိုက်ပါဦး။]

[ဘုရားရေ... ဒီနေရာလေးကို screenshot ရိုက်ထားမှ။ ပါးဖောင်းဖောင်းနဲ့ မျန်မျန်လေးက တကယ် ချစ်ဖို့ကောင်းလွန်းတယ်။]

နောက်ဆုံးတွင် လင်ယိ၏အကူအညီဖြင့် ဟော့မျန်မျန်မှာ အဆင်ပြေသွားရတော့သည်။ သူသည် နာကျင်နေသော ပါးဖောင်းဖောင်းလေးကို သူ့လက်ကလေးနှစ်ဖက်ဖြင့် ပွတ်ရင်း ဆလတ်ရွက်ထုပ်များကို နောက်နောင်တွင် ဝေးဝေးက ရှောင်မည်ဟု ဆုံးဖြတ်လိုက်မိသည်။ တကယ့်ကို ထိတ်လန့်စရာကောင်းလှပေသည်။

ထို့နောက် ဟော့မျန်မျန်သည် ဆန်အရက်ချိုဖြင့် လုပ်ထားသော ဆန်မုန့်လုံးများကို ဆက်လက်သုံးဆောင်လေရာ နှစ်ပွဲတိတိ ကုန်စင်သွားမှသာ စားသောက်ခြင်းကို ရပ်နားလိုက်၏။

မကြာမီ လူတိုင်းက အသားကင်ကို စိတ်ကြိုက် စားပြီးသွားကြသဖြင့် အလွန်ပင် စိတ်ကျေနပ်နေကြသည်။

ယနေ့ဖြစ်ရပ်များကိုသာ အာရုံရောက်နေပြီး စိတ်ပျံ့လွင့်စွာ စားသောက်နေသော ဟဲ့နျန်မှအပ ကျန်လူများမှာ ကျေနပ်အားရနေကြသည်။

တကယ်တော့ သူ ကောင်းကောင်းစားသည်၊ မစားသည်ကို မည်သူမျှ အရေးမလုပ်ကြပေ။

လင်ယိ ငွေရှင်းရန် သွားသောအခါ ဟော့မျန်မျန်လေးက ထိုင်ခုံပေါ်မှ ဆင်းကာ စောင့်နေလိုက်သည်။

ထိုင်ခုံပေါ်မှ အဆင်းတွင် ဟော့မျန်မျန်မှာ ခေါင်းထဲ၌ ရီဝေဝေ ဖြစ်သွားပြီး သူ့ကိုယ်လုံးလေးမှာလည်း ဟိုယိုင်သည်ယိုင် ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားပေ။

သူက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ရင်း ဘာဖြစ်နေမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေမိသည်။

လင်ယိ ငွေရှင်းပြီး ပြန်လာသောအခါ ဟော့မျန်မျန်လေးတစ်ယောက်တည်း ရပ်နေသည်ကို တွေ့သဖြင့် မေးကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ။"

ဟော့မျန်မျန်က မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ ဇဝေဇဝါဖြစ်နေသော ပုံစံဖြင့် တိုးတိုးလေး မေးလိုက်၏။

"ဖေဖေလေး... သားဘေးက ပစ္စည်းတွေက ဘာလို့ လှုပ်နေတာလဲဟင်။"

လင်ယိ ခဏမျှ ကြောင်သွားပြီးမှ သဘောပေါက်သွားကာ ပြုံးလျက် ငုံ့ကြည့်လိုက်သည်။

"မင်း မူးနေတာလား။"

မျန်မျန်လေးမှာ ခုနက ဆန်အရက်ချိုဖြင့် လုပ်ထားသော ဆန်မုန့်လုံးများကို အများကြီး စားထားသဖြင့် ရီဝေဝေဖြစ်နေခြင်းဖြစ်သည်။

မျန်မျန်လေးက ခေါင်းလေးကို ဖြည်းဖြည်းချင်း စောင်းရင်း

"ဟင်။"

လင်ယိက ရှင်းပြလိုက်သည်။

"ဘေးက ပစ္စည်းတွေ လှုပ်နေတာ မဟုတ်ဘူး၊ မင်းကိုယ်တိုင်က ယိုင်နေတာ။"

သူက ပြောရင်း ဟော့မျန်မျန်၏ ကိုယ်လုံးလေးကို ထိန်းပေးလိုက်သည်။

ဟော့မျန်မျန်က ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"သား မလှုပ်တော့ဘူး။"

သို့ရာတွင် လင်ယိက လက်ကို လွှတ်လိုက်သည်နှင့် သူက အရုပ်လေးကဲ့သို့ ဘယ်ပြန်ညာပြန် ယိုင်နေပြန်သည်။

သို့သော်လည်း ထိုအရုပ်လေးမှာ အလွန်အမင်း ချစ်စရာကောင်းလှပေသည်။ သူ့ပါးလေးများမှာ မက်မွန်သီးလေးကဲ့သို့ ပန်းရောင်သန်းနေပြီး မျက်တောင်ရှည်ကြီးများကလည်း ပုတ်ခတ်ပုတ်ခတ်ဖြင့် အလွန်ပင် ချစ်စရာကောင်းနေသည်။

ဟော့မျန်မျန်သည် ကိုယ်လေးယိုင်သွားသည့် အကြိမ်တိုင်းတွင် ချက်ချင်းပင် ပြန်လည်မတ်မတ်ရပ်ရန် ကြိုးပမ်းနေလေသည်။

ယိုင်လိုက်၊ ပြန်မတ်လိုက် ဖြစ်နေသော ထိုပုံစံလေးကို ကြည့်ရသည်မှာ ချစ်စရာကောင်းသလို တစ်ဖက်တွင်လည်း ရယ်မောဖွယ်ရာ ဖြစ်နေတော့သည်။

လင်ယိသည် ကလေးငယ်တစ်ဦး မူးနေသည့်ပုံစံကို တစ်ခါမျှ မမြင်ဖူးသဖြင့် မအောင့်နိုင်ဘဲ ရယ်မောမိလေသည်။

[ဟားဟားဟား... မျန်မျန်လေးတော့ တကယ်ပဲ မူးသွားပြီ ထင်တယ်။]

[မျန်မျန်လေးရေ... မမရဲ့ ရင်ခွင်ထဲကို လာခဲ့ပါဦးကွယ်။]

ဟော့မျန်မျန်လေး အနည်းငယ် မူးဝေနေပြီဖြစ်ကြောင်း လင်ယိ အတည်ပြုလိုက်ပြီးနောက်၊ ကလေးငယ်၏ လက်ကလေးကို နူးညံ့စွာ ဆုပ်ကိုင်ကာ ခေါ်ဆောင်သွားတော့သည်။

ဟော့မျန်မျန်ကလည်း လင်ယိ၏လက်ကို လိမ္မာပါးနပ်စွာ မြဲမြဲဆုပ်ကိုင်ရင်း ဘေးနားမှနေ၍ တစ်လှမ်းချင်း လိုက်ပါလာသည်။ ကလေးငယ်အတွက်မူ လင်ယိ၏ ဘေးနားတွင် ရှိနေရခြင်းက ကမ္ဘာပေါ်တွင် အလုံခြုံဆုံးသော နေရာတစ်ခုသို့ ရောက်ရှိနေရသကဲ့သို့ပင်။

ထိုအချိန်တွင် ညနေ ခုနစ်နာရီပင် ကျော်လွန်နေပြီဖြစ်ရာ လယ်တဲအိမ်သို့ ပြန်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။

သို့သော်လည်း မြို့ပေါ်သို့ ခဲခဲယဉ်းယဉ်း ရောက်ရှိလာခိုက်တွင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို တစ်ပါတည်း ဝယ်ယူသွားသင့်သည်ဟု အားလုံးက ယူဆကြသည်။

ထို့ကြောင့် မကြာမီပင် လူတိုင်းသည် မိမိတို့အတွက် လိုအပ်သော နေ့စဉ်သုံးပစ္စည်းများကို အသီးသီး ဝယ်ယူရန် လူစုခွဲလိုက်ကြတော့သည်။

လင်ယိတွင် ဝယ်ယူရန် အထူးတလည် ရည်ရွယ်ထားသည့် ပစ္စည်းမျိုး မရှိသဖြင့် ဟော့မျန်မျန်လေးကို ခေါ်ကာ လမ်းမတစ်လျှောက် အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့သည်။

တိုက်ခတ်လာသော ညနေခင်း လေပြည်လေအေးမှာ လန်းဆန်းဖွယ်ကောင်းလှသဖြင့် စိတ်အာရုံကို ကြည်လင်စေ၏။

ထိုနည်းတူ ကျိုးခယ်သည်လည်း ဘာမျှဝယ်ယူရန် အစီအစဉ်မရှိသူ ဖြစ်သည်။

သူသည် ရှောင်နျန်ကောင်းနှင့်အတူ လမ်းမပေါ်တွင် ရပ်နေရင်း မည်သည့်ဘက်သို့ သွားရမည်ကို ဝေခွဲမရ ဖြစ်နေသည်။

ထိုအချိန်တွင် ရှောင်နျန်ကောင်းက လင်ယိနှင့် ဟော့မျန်မျန်တို့ကို လှမ်းမြင်သွားပြီး ချက်ချင်းပင် အသံကျယ်ကြီးဖြင့် အော်ခေါ်လိုက်တော့သည်။

"လင်ယိကော... မျန်မျန်လေး... သားတို့ကို စောင့်ပါဦး။"

ကျိုးခယ်မှာ သူ့သား၏ ပါးစပ်ကို လှမ်းပိတ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သူသည် လင်ယိကို သဘောမကျ၍ မဟုတ်ပေ။ သူ၏ အလွန်အမင်း လူကြောက်တတ်သော စရိုက်ကြောင့် လူအများကြားတွင် အတူတူ လမ်းလျှောက်ခြင်းကဲ့သို့သော လူမှုဆက်ဆံရေးမျိုးကို မကိုင်တွယ်နိုင်ရုံသာ ဖြစ်သည်။

ဖြစ်နိုင်လျှင် သူသည် လိုအပ်သည့်အချိန်တွင် အထဲသို့ ဝင်ပုန်းနေ၍ရသော အခွံပါသည့် လိပ် သို့မဟုတ် ခရုတစ်ကောင်သာ ဖြစ်ချင်မိသည်။ သို့မှသာ တခြားသူများနှင့် ထိတွေ့ဆက်ဆံရခြင်းကို ရှောင်လွှဲနိုင်မည်ပင်။

သို့သော်လည်း ယခုတော့ ရွေးချယ်စရာ မရှိတော့ချေ။ သားဖြစ်သူက လင်ယိကို လှမ်းခေါ်လိုက်ပြီ ဖြစ်၍ သူလည်း ရှိသမျှ သတ္တိကို မွေးကာ ထိုဘက်သို့ လျှောက်သွားလိုက်ရတော့သည်။

ကျိုးခယ် အံ့ဩသွားရသည်မှာ လင်ယိ၏ အနားတွင် ရှိနေရခြင်းက လုံးဝ စိတ်ကျဉ်းကျပ်စရာ မကောင်းဘဲ ထင်မှတ်မထားလောက်အောင် စိတ်ပေါ့ပါးမှုကို ပေးစွမ်းနေခြင်းပင်။

လင်ယိကလည်း သူ့ကို အတင်းအကျပ် စကားလာမပြောပေ။ အစပိုင်းတွင် နှုတ်ဆက်ပြီးသည်နှင့် ညနေခင်း လေပြည်ကို ခံစားရင်း ရှေ့သို့ အေးအေးဆေးဆေး လမ်းလျှောက်နေရုံသာ။

လင်ယိထံတွင် စိတ်ကို တည်ငြိမ်သွားစေနိုင်သည့် ရှင်းပြရခက်သော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသလိုပင်။

ကျိုးခယ်အနေဖြင့် ဤခံစားချက်ကို ခံစားရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ပို၍ပင် သိသိသာသာ ခံစားမိလာသည်။

လင်ယိနှင့်အတူရှိနေရခြင်းက တကယ်ကို စိတ်သက်သောင့်သက်သာရှိလှသည်ဟု သူ နားလည်သွားမိ၏။

သို့သော်လည်း ခေတ္တမျှ စိတ်အေးသွားပြီးနောက် ကျိုးခယ်တစ်ယောက် စိတ်မလုံမလဲ ပြန်ဖြစ်လာပြန်သည်။

လမ်းပေါ်ရှိ လူတချို့က သူတို့ဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေကြသည်ကို သတိပြုမိသွားရာ သူ့လက်နှင့်ခြေများကို ဘယ်နားထားရမှန်း မသိတော့ဘဲ အနေရခက်လာတော့သည်။

ကျိုးခယ်တစ်ယောက် ဘာလုပ်ရမှန်းမသိ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ဘေးနားရှိ လင်ယိ၏ အလွန်တည်ငြိမ်လှသော အမူအရာကို လှည့်ကြည့်လိုက်မိတော့သည်။

ကျိုးခယ်က အားနာနာဖြင့် မေးလိုက်သည်။

"ကျွန်တော်... တစ်ခုလောက် မေးပါရစေ။ ခင်ဗျားက ဘာလို့ တခြားလူတွေရဲ့ အကြည့်တွေကို ဂရုမစိုက်တာလဲ။"

လင်ယိက အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

"လွယ်လွယ်လေးလေ၊ သူတို့မရှိဘူးလို့ပဲ သဘောထားလိုက်ပေါ့။"

ကျိုးခယ်:”…”

သူသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော လေသံဖြင့်

"ဒါပေမဲ့... ကျွန်တော်က အဲဒီလို မလုပ်နိုင်ဘူးဆိုရင်ရော။"

ထိုသို့ ပြောဆိုနေစဉ် သူသည် လင်ယိကို အားကျသော အကြည့်ဖြင့် ကြည့်နေမိသည်။

မည်သည့်အခြေအနေတွင်မဆို အမြဲတမ်း တည်ငြိမ်ရင့်ကျက်ပြီး လွတ်လပ်ပေါ့ပါးလွန်းသည့် လင်ယိ၏ ဟန်ပန်ကို သူ အလွန် လေးစားအားကျမိလေသည်။

လင်ယိက တည်ငြိမ်စွာဖြင့်

"မလုပ်နိုင်လည်း ဘာဖြစ်လဲ။ လူတိုင်းက အတူတူပဲ ဖြစ်နေရမယ်လို့ ဘယ်သူ ပြောလို့လဲ။ ဒီလောကကြီးမှာ လူပေါင်းစုံ ရှိတာပဲလေ။ လူတောတိုးရတာ ကြိုက်တဲ့သူ ရှိသလို ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေချင်တဲ့သူလည်း ရှိမှာပဲ။ ဘာလို့ တခြားလူတစ်ယောက်နဲ့ တူရမှာလဲ။ အဓိကက ကိုယ့်အတွက်ကိုယ် ရှင်သန်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်စေဖို့ပဲ။"

ကျိုးခယ်၏ မျက်ဝန်းများက အနည်းငယ် ဝိုင်းစက်သွားလေသည်။

လင်ယိ၏စကားများက ကျိုးခယ်၏ စိတ်ဒဏ်ရာကို ကုသပေးလိုက်သကဲ့သို့ပင်။

သူသည် အလွန်အမင်း အေးသည့် သူ့စိတ်နေစိတ်ထားကြောင့် အမြဲတမ်း စိတ်အားငယ်ခဲ့ပြီး မိမိကိုယ်ကိုယ် သူတစ်ပါးနှင့် လိုက်လျောညီထွေမနေနိုင်သူဟု ထင်မြင်ခဲ့မိသည်။

သို့သော်လည်း ယခုမူ လင်ယိက သူ့အား လူမှုဆက်ဆံရေး ကောင်းသည်ဖြစ်စေ၊ အေးအေးဆေးဆေး နေတတ်သည်ဖြစ်စေ သူသာ သက်သောင့်သက်သာ ရှိနေသရွေ့ နှစ်မျိုးလုံးမှာ ကောင်းမွန်ပါသည်ဟု ပြောပြခဲ့လေသည်။

ကျိုးခယ်၏ အသံမှာ အနည်းငယ် တုန်ရီနေပြီး

“ကျေး... ကျေးဇူးတင်ပါတယ်။”

[ဝါး... လူမှုဆက်ဆံရေးမှာ ကြောက်ရွံ့တတ်တဲ့ ဒီလူသားလေးတော့ စိတ်ခွန်အားတွေ ပြန်ရသွားပြီ။]

[ကျွန်မလည်း အတူတူပဲ။ ငယ်ငယ်ကတည်းက တစ်ယောက်တည်း နေတတ်လွန်းလို့ လူတွေက ကျွန်မကို လူမှုဆက်ဆံရေး မကောင်းဘူးဆိုပြီး ဝေဖန်ကြတာလေ။ တကယ်တော့ ကျွန်မက တစ်ယောက်တည်း နေရတာကို ပိုကြိုက်ရုံလေးတင်ပါ။ ဒီနေ့တော့ အဲဒါက မမှားဘူးဆိုတာ သိလိုက်ရပြီ။]

[မှန်တယ်၊ လူတွေရဲ့ စရိုက်က တစ်ယောက်နဲ့တစ်ယောက် မတူဘဲ ထူးခြားကြတာပဲကို။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေဖို့ မလိုပါဘူး။]

[ရုံးပိတ်ရက်တွေမှာ အိမ်ထဲမှာပဲ တစ်နေကုန် တစ်ယောက်တည်း နေရတာက ငါ့အတွက်တော့ သီးသန့်ပျော်ရွှင်စရာအချိန်လေးပဲ။]

[ရုတ်တရက် လင်ယိက အရမ်းကို ကြင်နာတတ်တယ်လို့ ငါ ခံစားလိုက်ရတယ်။ သူ့ပုံကို ကြည့်ရတာ အေးတိအေးစက်နိုင်ပေမဲ့ စိတ်ရင်းကတော့ နွေးထွေးပြီး လူတွေရဲ့ စိတ်ဒဏ်ရာကို ကုသပေးနိုင်တဲ့သူပဲ။]

[ကျွန်မရဲ့ခင်ပွန်း လင်ယိက အကောင်းဆုံးပဲ။]

မကြာမီတွင် သူတို့သည် မုန့်ဆီကြော်ရောင်းသည့် ဆိုင်ရှေ့သို့ ရောက်လာကြသည်။

မုန့်ဆီကြော်များမှာ ကြည့်ရုံမျှဖြင့်ပင် အလွန်တရာ ဆွဲဆောင်မှုရှိလှပြီး စားချင်စဖွယ် ဖြစ်နေတော့သည်။

ဆူပွက်နေသော ဆီများဖြင့် ပြည့်နှက်နေသည့် သံအိုးကြီးထဲတွင် ရွှေအိုရောင်သန်းနေသော မုန့်ဆီကြော်အချို့ ရှိနေပြီး မွှေးကြိုင်လှသော ရနံ့များကလည်း ပျံ့လွင့်နေလေသည်။

လင်ယိသည် မုန့်ဆီကြော် မစားရသည်မှာ ကြာပြီဖြစ်သဖြင့် ရုတ်တရက် မြည်းစမ်းကြည့်ချင်စိတ် ပေါ်လာမိသည်။

သူက ဟော့မျန်မျန်ကို မေးလိုက်၏။

“သားလေး၊ မုန့်ဆီကြော် စားမလား။”

ဟော့မျန်မျန်လေးမှာ ယခုအခါ အရက်မူးပြေသွားပြီဖြစ်သဖြင့် ခြေလှမ်းများ ပြန်လည်တည်ငြိမ်လာပြီ ဖြစ်သည်။

သူက ခြေဖျားလေးထောက်ကာ မုန့်အိုးထဲသို့ ချောင်းကြည့်ပြီး

"သားလည်း တစ်ခုစားချင်တယ်~"

ဤသည်ကို မြင်သောအခါ ကျိုးခယ်နှင့် ရှောင်နျန်ကောင်းတို့လည်း တစ်ယောက်တစ်ခုစီ ဝယ်လိုက်ကြတော့သည်။

မကြာမီပင် ဆိုင်ရှင်က မုန့်များကို အိတ်ထဲသို့ ထည့်ကာ ကမ်းပေးလာသည်။

လင်ယိက အိတ်ကို ဖွင့်ကာ တစ်ကိုက်ကိုက်လိုက်၏။

ဤမုန့်ဆီကြော်မှာ အပြင်သားက ရွှေဝါရောင်သန်းကာ ကြွပ်ရွနေပြီး အတွင်းသားကမူ အလွန်ပင် နူးညံ့လှသည်။

ထို့ပြင် အထဲတွင် အသားဌာပနာနှင့် ကြက်သွန်မြိတ်များ ပါဝင်သဖြင့် တစ်ကိုက်ကိုက်လိုက်တိုင်း အသားနှင့် ကြက်သွန်မြိတ်ရနံ့တို့ ရောယှက်ကာ အလွန်တရာ စိတ်ကျေနပ်ဖွယ်အရသာကို ပေးစွမ်းနေသည်။

ဟော့မျန်မျန်လေးက မုန့်ရသွားသောအခါ သူ့မျက်လုံးလေးများက အနည်းငယ် ပြူးသွားရသည်။

ဤမုန့်က အတော်ကြီးလှပေသည်။

သူက မုန့်ဆီကြော်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကြည့်ရာ သူ့မျက်နှာထက်ပင် ပိုကြီးနေသည်ကို တွေ့လိုက်ရသည်။

မုန့်နောက်ကွယ်၌ပင် သူ အလွယ်တကူ ပုန်းနေ၍ရသည်။

ထိုအခါ ဟော့မျန်မျန်လေးက သဘောကျသွားပြီး ကလေးသံလေးဖြင့် ပြောလိုက်သည်။

“ဖေဖေလေး... သားတို့ တူတူပုန်းတမ်း ကစားရအောင်။"

လင်ယိက မုန့်စားရင်း ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ... သွားပုန်းတော့။"

ဟော့မျန်မျန်လေးက ချက်ချင်းပင် မုန့်ဆီကြော်ကို မြှောက်ကာ သူ့မျက်နှာကို ကွယ်ထားလိုက်တော့သည်။

လင်ယိ: "..."

အင်း...

ဟုတ်ပြီလေ။

စက္ကန့်အနည်းငယ်အကြာတွင် လင်ယိက ရှာမတွေ့သလို ဟန်ဆောင်ကာ

"မျန်မျန်လေး ဘယ်ရောက်သွားတာလဲ။ ရှာလို့မတွေ့တော့ပါလား။"

ထိုအခါ မုန့်ဆီကြော်ကြီးနောက်ကွယ်မှ ခေါင်းလုံးလုံးလေး ပြူထွက်လာပြီး

“ဖေဖေလေး၊ သားက ဒီမှာ။"

နှုတ်ခမ်းနီနီ၊ သွားဖွေးဖွေးလေးနှင့် ဟော့မျန်မျန်လေးမှာ ရယ်မောလွန်းသဖြင့် သူ့မျက်လုံးလေးများပင် လခြမ်းကွေးလေးပုံစံ ဖြစ်လာတော့သည်။

"မျန်မျန်လေးက ပုန်းတာ အရမ်းတော်တာပဲ။"

လင်ယိက ချီးကျူးပေးလိုက်ရာ ဟော့မျန်မျန်မှာ အလွန်ပင် ပျော်ရွှင်သွားရပြီး ပြောလိုက်သည်။

"ဒါဆို ဆက်ကစားမယ်နော်။"

“ရတာပေါ့။”

လင်ယိကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ဟော့မျန်မျန်လေးက ခေါင်းလေးပြန်ဝင်သွားပြီး မုန့်ဆီကြော်နောက်ကွယ်တွင် ပုန်းနေပြန်သည်။

သူသည် ကိုယ့်ကိုယ်ကိုယ် ပုန်းရာတွင် တော်လှပြီဟု ထင်ကာ မျက်လုံးလေးများ ကွေးနေအောင် ပြုံးနေရှာသည်။

လင်ယိကလည်း လိုက်လျောညီထွေစွာပင်

"မျန်မျန်လေးရေ... ဖေဖေလေး ထပ်ပြီး ရှာမတွေ့ပြန်ဘူး။"

ထိုသို့ဆိုလိုက်ရာ မုန့်နောက်မှ ဟော့မျန်မျန်က ပြန်ထွက်လာသည်။

"ဒီမှာလေ~"

သူ၏မျက်ဝန်းလေးများမှာ ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။

ထို့နောက် သားအဖနှစ်ယောက်မှာ အချိန်အတော်ကြာအောင် စိတ်အားထက်သန်စွာဖြင့် တူတူပုန်းတမ်းကစားနေကြသည်။

ဤသည်မှာ သေးငယ်သော ကိစ္စလေးတစ်ခုသာ ဖြစ်သော်လည်း သူတို့၏ ရယ်မောသံများမှာမူ အချိန်အတော်ကြာသည်အထိ မရပ်တန့်သွားခဲ့ပေ။

[တကယ်တော့ ငါလည်း မျန်မျန်လေးကို ရှာမတွေ့ဘူးနော်။]

[တိုက်ဆိုင်လိုက်တာ၊ ကျွန်မလည်း အကြာကြီး ရှာနေတာကို မတွေ့ဘူး။]

[ဟားဟား...အားလုံးက တော်တော် ပျော်နေကြတာပဲ။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment