အပိုင်း(၁၇)
လင်ယိက လူအိုကြီးနှစ်ယောက် စစ်တုရင်ကစားသည်ကို ကြည့်နေခဲ့သည်။
ထိုတစ်လျှောက်လုံး၌ သူ တိတ်ဆိတ်နေခဲ့ပါသော်ငြား ကစားပွဲကိုတော့ ရှင်းရှင်းလင်းလင်း နားလည်နေကာ ထုတ်ပြောစရာမလိုဘဲ အရာအားလုံးကို မြင်တွေ့ခဲ့ပါသည်ဟူသော အပြုံးမျိုးကိုလည်း ဆင်မြန်းထား၏။
သူတို့၏ စကားဝိုင်းမှတစ်ဆင့် သူတို့၏နာမည်ကို သူ သိခဲ့ရသည်။ တစ်ယောက်က လောင်ကျန်းဟု ခေါ်ပြီး နောက်တစ်ယောက်က လောင်လီဖြစ်၏။
ဤအချိန်မှာပင် ဦးလေးလီက လင်ယိကို ပြောလာသည်။
“လူငယ်လေး၊ မင်းကြည့်နေတာ ကြာပြီ။ မင်းရော ဆော့ချင်လို့လား။”
လင်ယိ ပြုံးလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်တော်က ဒီအတိုင်း ကြည့်ရုံပါပဲ။”
ဦးလေးလီက ဆက်ပြောလာသည်။
“လာပါ၊ ဦးလေးတို့နဲ့ လာဆော့။ ဦးလေး လက်ဖက်ရည်ဖျော်ဖို့ စတိုးဆိုင်ကို ရေသွားဝယ်ဦးမယ်။”
ထိုသို့ ပြောရင်း သူက လက်ဖက်ရည်ခွက်ကို ကိုင်ကာ မတ်တတ်ထရပ်လိုက်သည်။
ဤသည်ကို မြင်တော့ လင်ယိက ဆက်မငြင်းတော့ဘဲ စစ်တုရင်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
ထိုအချိန်တွင် လင်ယိနှင့် ကစားတော့မည့် ဦးလေးကျန်းက မေးလာ၏။
“လူငယ်လေး… မင်းရဲ့ စစ်တုရင်ကစားတဲ့ အရည်အချင်းက ဘယ်လိုနေလဲ။”
လင်ယိက ခေတ္တမျှစဉ်းစားကာ ပြန်ဖြေလိုက်သည်။
“အဆင်ပြေပါတယ်။ ကျွန်တော် အရင်က နှစ်ခေါက်သုံးခေါက်လောက်တော့ ကစားဖူးတယ်။”
ယခင်ဘဝ၌ သူ့အဘိုးက စစ်တုရင်ကစားရသည်ကို နှစ်ခြိုက်သူဖြစ်သဖြင့် ကစားရန်အတွက် သူ့ကို မကြာခဏ ဖိတ်ခေါ်လေ့ရှိ၏။
သူ့အဘိုးက ဉာဏ်ပညာရှိကာ ကြင်နာတတ်သည့် အဘိုးအိုတစ်ယောက်ပင်။ သူက အမြဲတစေ ယပ်တောင်ကိုင်ထားပြီး သူ့ကိုယ်သူ ညင်ညင်သာသာ ခတ်နေလေ့ရှိသည်။ သူသည် လူငယ်မျိုးဆက်များကို ကြင်နာစွာနှင့် စကားပြောပေးကာ သူ့မျက်နှာထက်၌လည်း နွေးထွေးမှုအပြည့်ရှိသူဖြစ်၏။
သူက လက်ဖက်ရည်သောက်ကာ ပန်းခြံထဲတွင် လမ်းလျှောက်ရင်း သူ့နေ့ရက်များကို ကုန်ဆုံးစေလေ့ရှိသည်။
လင်ယိက သူ့အဘိုး၏ လွှမ်းမိုးမှုအောက်၌ ကြီးပြင်းလာခဲ့ပြီး တည်ငြိမ်သော ပြောဆိုပြုမူပုံနှင့် အေးဆေးတည်ငြိမ်သော သဘောထားကို အမွေဆက်ခံထားခဲ့သည်။
သို့ပေသည့် လင်ယိ လမ်းလွဲသွားခဲ့သည့် အချိန်ကာလတစ်ခု ရှိခဲ့၏။
ထိုအချိန်၌ သူက အင်မတန် ရည်မှန်းချက်ကြီးသူဖြစ်သည်။ သူသည် သူ့အရည်အချင်းကို အားကိုးအားထားပြုကာ အောင်မြင်မှုရဖို့အတွက် နေ့ရောညပါ အလုပ်လုပ်ပြီး ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းလောကကြီးထဲသို့ ဇောက်ချဝင်ရောက်သွားခဲ့သည်။
အဆုံးတွင်တော့ သူ့ရည်မှန်းချက်ပန်းတိုင်များကို သူ အောင်မြင်နိုင်ခဲ့သည်။ သို့ရာတွင် သူ့အသက်ကိုတော့ ပေးဆပ်လိုက်ရ၏။
ဘဝဆိုသည်မှာ တကယ်ကို ခန့်မှန်း၍မရနိုင်ပေ။
ယခုတော့ လင်ယိနှင့် ဦးလေးကျန်းတို့၏ စစ်တုရင်ကစားပွဲက စတင်လေပြီ။
တရုတ်စစ်တုရင်က လူတစ်ယောက်၏ စစ်တုရင်ကစားနိုင်စွမ်းကို ထင်ဟပ်စေနိုင်၏။ တစ်ချက်မှားသွားသည်နှင့် လုံးဝ ရှုံးနိမ့်သွားစေနိုင်သည်။
ထို့ကြောင့် ကစားသမားများက ကစားရုပ်တစ်ခုကို ရွေ့လျားခြင်းမပြုမီ သူတို့၏ မျက်ခုံးများကို တွန့်ကွေးကာ နက်နက်နဲနဲ စဉ်းစားလေ့ရှိကြသည်။
မည်သို့ပင်ဆိုစေ လင်ယိကတော့ တခြားကစားသူများနှင့် မတူပါချေ။
သူသည် ပေါ့ပေါ့ပါးပါးထိုင်နေပြီး သူ့အမူအရာကလည်း ပြေလျော့နေကာ ပြိုင်ဘက်၏အလှည့်ပြီးသွားပါက ကစားရုပ်တစ်ခုကို လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ ပြီးနောက် သူတို့၏ နောက်ထပ်လှုပ်ရှားမှုကို တည်ငြိမ်စွာနှင့် စောင့်နေလေ၏။
ဤသည်က သူ၏ တည်ငြိမ်အေးဆေးမှုနှင့် အတွေးအခေါ်မြန်ဆန်မှုတို့အား ပြသနေသည်။
[ဝိုး… လင်ယိက စစ်တုရင်ကစားတာ ဒီလောက်တောင် တော်တယ်ပေါ့။]
[လင်ယိရဲ့စွမ်းရည်ကို မှတ်ချက်ပေးနိုင်လောက်အောင်အထိ တရုတ်စစ်တုရင်ကို နားလည်တဲ့သူများ ရှိကြလား။]
[ငါပြောနိုင်တာကတော့ အခု မြင်တွေ့နေတဲ့ပုံအရ လင်ယိက သေချာပေါက် နိုင်လိမ့်မယ်။]
[လင်ယိက အရမ်းတော်တာပဲ။]
မှန်၏။ အင်တာနက်အသုံးပြုသူများ ခန့်မှန်းထားသည့်အတိုင်း လင်ယိက ထိုဂိမ်းကို အနိုင်ရရှိသွားခဲ့သည်။
ဦးလေးကျန်းကမူ အံ့အားသင့်သွားပုံရပြီး မယုံကြည်နိုင်စွာနှင့် ဘုတ်ပြားကို စိုက်ကြည့်နေလေသည်။
သူက အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ဖြစ်ပြီး သူနှင့် အရည်အချင်းတူသည့် ပြိုင်ဘက်ကို ရှာရသည်မှာလည်း လွန်စွာ ခက်ခဲလှ၏။ သို့တိုင် ယနေ့တွင်တော့ သူက လူငယ်လေးတစ်ယောက်ဆီမှာ ရှုံးနိမ့်သွားခဲ့ချေပြီ။
လက်ဖက်ရည်နှင့်အတူ ပြန်လာခဲ့သည့် ဦးလေးလီက ရယ်လိုက်သည်။
“လောင်ကျန်း၊ ဒီတစ်ပွဲမှာ မင်းရှုံးသွားပြီ။”
ခေါင်းမာကာ မာနကြီးသည့် ဦးလေးကျန်းက အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ထံ၌ ရှုံးနိမ့်သွားသည်ကို လက်မခံနိုင်ခဲ့ပေ။ သူက ချက်ချင်း စိန်ခေါ်လိုက်သည်။
“လူငယ်လေး၊ နောက်တစ်ပွဲ ကစားရဲလား။”
လင်ယိက စိတ်လိုလက်ရ ရယ်လိုက်မိသည်။
“ကောင်းပါပြီ။”
ဒုတိယပွဲစဉ်က အလျင်အမြန် စတင်ခဲ့တော့သည်။
သို့သော်လည်း ယခုတွင်တော့ ကြည့်ရှုသူတချို့က စုဝေးလာခဲ့ပြီး ဂိမ်းကို အာရုံစူးစိုက်ကာ ကြည့်နေခဲ့ကြ၏။
ပထမပွဲစဉ်တွင် ရှုံးနိမ့်သွားခဲ့သည့် ဦးလေးကျန်းက သည်တစ်ကြိမ်မှာတော့ ပိုသတိထားနေခဲ့ပြီး လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို လေးလေးနက်နက် တွေးတောကစားနေခဲ့သည်။
လင်ယိမှာတော့ ယခင်ကလိုသာ တည်ငြိမ်မြဲတည်ငြိမ်နေဆဲပင်။
သူက မြန်မြန်လှုပ်ရှားရုံတင်မကဘဲ ရဲရဲရင့်ရင့် ကစားခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေမည့် လှုပ်ရှားမှုများအား ပြုလုပ်နေခဲ့သည်။
လင်ယိ၏ လှုပ်ရှားမှုတစ်ခု အပြီးတွင်တော့ ကြည့်ရှုနေသူတစ်ယောက်က မှတ်ချက်ပြုလာသည်။
“လူငယ်လေး၊ မင်းက အရမ်းနမော်နမဲ့နိုင်တာပဲ။”
သတိပေးပြီးနောက်တွင်တော့ ထိုလူက ဂိမ်းကစားနေချိန်၌ စကားမပြောရဟူသည့် ယဉ်ကျေးမှုကို သတိရသွားကာ တိတ်ဆိတ်သွားသော်ငြား လင်ယိ ရှုံးနိမ့်လိမ့်မည်ဟု ယုံကြည်ထားကာ သိပ်ပြီး အားမရဖြစ်နေပုံပေါ်၏။
လင်ယိကမူ အရာအားလုံးကို ထိန်းချုပ်ထားသည့်ဟန်ဖြင့် တည်ငြိမ်သောအမူအရာကို ဆက်ထိန်းထားခဲ့ကာ ပြုံးရုံသာပြုံးနေလိုက်သည်။
လင်ယိ၏ လှုပ်ရှားမှုကို မြင်သည့်အခါ ဦးလေးကျန်းမှာ လင်ယိက အမှားလုပ်မိပြီဟု ယုံကြည်လိုက်ကာ လင်ယိ၏ ကစားရုပ်တစ်ရုပ်ကို သိမ်းလိုက်တော့၏။
ကစားရုပ်တစ်ခု ဆုံးရှုံးရပြီးသည့်နောက်တွင်တော့ လင်ယိက မတုန်မလှုပ်ပါဘဲ နောက်ထပ်ရွှေ့ကွက်တစ်ခုကို ရွှေ့လိုက်သည်။
ဦးလေးကျန်းကလည်း နောက်မှ လိုက်လာခဲ့သည်။
ထို့နောက် လှုပ်ရှားမှုအနည်းငယ်လေးနှင့် ဘုတ်ပြားပေါ်ရှိအခြေအနေက သိသိသာသာကို ပြောင်းလဲလို့လာသည်။ လင်ယိ၏ ရွှေ့ကွက်တိုင်းက တိကျမှန်ကန်ပြီး ဦးလေးကျန်းကို အကျဉ်းအကျပ်ထဲ ရောက်သွားစေသည်။
ဦးလေးကျန်း၏ မျက်လုံးများက ပြူးကျယ်သွားကာ ပြောစရာမဲ့နေ၏။
လင်ယိက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ကစားရုပ်တစ်ခုကို ယူလိုက်ကာ ချလိုက်၍ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“Checkmate”
သူ့လေသံထဲ၌ နိုင်သွားသောကြောင့် ပျော်ရွှင်နေသည့်အပြင် မျှော်လင့်ထားသည့်အတိုင်းပါပဲဟူသည့် ခံစားချက်ကိုလည်း ဖော်ပြထား၏။
လင်ယိက ထင်ရှားပြီး ဆွဲဆောင်မှုရှိသည့် ရုပ်ရည်သွင်ပြင်ရှိသူ ဖြစ်ကာ သူ့မျက်လုံးမှာလည်း အတောက်ပဆုံးသော ကြယ်တစ်လုံးနှင့် တူ၏။ သူ၏ အပြုံးတိုင်းနှင့် မျက်မှောင်ကြုတ်မှုတိုင်းက တောက်ပလို့နေသည်။ သို့ပေသည့် သည်အချိန်မှာတော့ သူ့အကြည့်၌ အသက်အရွယ်နှင့် မကိုက်ညီသည့် တည်ငြိမ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
သူ၏ ထင်ရှားသည့် ရုပ်ရည်သွင်ပြင်နှင့် တည်ငြိမ်သည့် အမူအရာတို့ကို ပေါင်းစပ်လိုက်ရာ ဖော်ပြလို့မရနိုင်သည့် ခံစားချက်ကို ပေးစွမ်းလာပြီး သူ၏လှုပ်ရှားမှုတိုင်းမှာ ညှို့ယူဖမ်းစားနိုင်စွမ်းရှိလေ၏။
[အာ၊ အခုအချိန်မှာ လင်ယိ အရမ်းကြည့်ကောင်းနေတယ်လို့ ထင်တဲ့သူများ ရှိလား။]
[ဘယ်သူက မထင်မှာလဲ။ ငါဆို အခု အဆုတ်ကွဲမတတ် အော်နေတာ။]
[ဘုရားရေ… ဒီလူက ဘယ်လိုလုပ် ဒီလောက်အထိ ဆွဲဆောင်မှုရှိရတာလဲ။]
[အခုကစပြီးတော့ ငါက သူ့ပရိသတ်ပဲ။ လင်ယိက ငါအကြိုက်ဆုံးလူ ဖြစ်လာပြီ။]
ဦးလေးကျန်းကတော့ သူ မှားသွားခဲ့သည့်နေရာကို နားမလည်နိုင်တော့ဘဲ စစ်တုရင်ဘုတ်ကိုသာ စိုက်ကြည့်နေ၏။ သူက ကြောင်အမ်းစွာနှင့် သူ့အမှားကို နားလည်နိုင်ရန် ရုန်းကန်နေရဆဲပင်။
ဦးလေးလီက လက်ဖက်ရည်တစ်ငုံသောက်ကာ ပြုံးလိုက်သည်။
“လုပ်စမ်းပါ၊ လောင်ကျန်းရယ်။ မင်း လက်မခံချင်ရင်တောင် ရလဒ်က ဆုံးဖြတ်ပြီးသားပဲ။”
ဦးလေးကျန်းက လက်ခံရန် ငြင်းဆန်နေဆဲ။
“နောက်ဆုံးတစ်ပွဲလောက်။”
လင်ယိက လက်ခံလိုက်သည်။
“ဟုတ်ပြီလေ။”
များမကြာမီမှာပင် တတိယမြောက်ကစားပွဲက စတင်ခဲ့သည်။
လင်ယိက ထပ်နိုင်သွားပြန်၏။
သုံးပွဲဆက်တိုက် ရှုံးသွားပြီးသည့်နောက်မှာတော့ ဦးလေးကျန်းသည် အမှန်ပင် သူ့စစ်တုရင်စွမ်းရည်က လင်ယိထက် ညံ့ကြောင်း လက်ခံလိုက်ရသည်။
သူက လင်ယိကို ကြည့်ကာ ပြောလေသည်။
“လူငယ်လေး… မင်းရဲ့စိတ်က အရမ်းထက်မြက်တာပဲ။ ဆက်ကြိုးစားထား၊ မင်းမှာ တောက်ပတဲ့ အနာဂတ် ရှိတယ်။”
လင်ယိက ခပ်ဖျော့ဖျော့ ပြုးလိုက်ပြီး
“ကျေးဇူးပါ၊ ကျွန်တော် တတ်နိုင်သလောက်တော့ ကြိုးစားပါ့မယ်။”
သူ ဤသို့ ပြောခဲ့သော်ငြား သူ့ကိုယ်သူ အဆုံးအစွန်အထိရောက်အောင်တော့ ထပ်တွန်းပို့မည် မဟုတ်ပေ။ ပြောရလျှင် သူ့ယခင်ဘဝ၌ အသည်းအသန် အလုပ်ကြိုးစားခဲ့ပြီး အလွန်ပင်ပန်းမှုကြောင့် အသက်နှစ်ဆယ်စွန်းစွန်းမှာတင် သေဆုံးသွားခဲ့ရသည်။
ဤဘဝတွင် ပြန်မွေးဖွားလာပြီးနောက် သူ့အမြင်က ပိုပွင့်လင်းလာ၏။
အရေးအကြီးဆုံးမှာမူ ဤဘဝက သူ့ယခင်ဘဝနှင့် ကွာခြားလှသည်။
လက်ရှိဘဝတွင်မူ သူ့ထံ၌ ခင်ပွန်းသည်တစ်ယောက် ရှိ၏။ ထိုသူမှာ ဩဇာအာဏာကြီးမားသူဖြစ်ကာ သူ့အား လစဉ်မုန့်ဖိုးအဖြစ် ယွမ် ၅ မီလီယံ ပေးနေသည်။ သူ နောက်ထပ် ရုန်းကန်နေစရာ မလိုတော့ချေ။
ဤအကြောင်းကို တွေးမိတိုင်း လင်ယိခမျာ မရယ်ဘဲ မနေနိုင်ပါပေ။
ထိုအချိန်မှာပင် လူအုပ်ထဲမှ တစ်ယောက်က မေးလာ၏။
“လူငယ်လေး၊ မင်းမှာ ကောင်မလေး ရှိလား။”
ထိုမေးခွန်းက ဆံပင်များကို စုချည်နှောင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ထံမှ မေးလာခြင်းပင်။
သူ(မ)သည် လင်ယိ၏ ချောမောလှသော ရုပ်ရည်နှင့် ထက်မြက်သောဉာဏ်ရည်တို့ကြောင့် အထင်ကြီးစွာဖြင့် စူးစမ်းလေ့လာနေခဲ့ခြင်း ဖြစ်သည်။ သူက အလွန်ကောင်းမွန်သော သမက်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု တွေးတောနေခဲ့သည်။ သို့ဖြစ်၍ သူ(မ)က လျင်မြန်စွာ မေးလိုက်ခြင်းပင်။
လင်ယိက ဤသို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ထို့နောက် သူ ဘာမှပြန်မပြောရသေးမီမှာပင် ထိုအမျိုးသမီးက ဆက်ပြောလာသည်။
“အန်တီ့ဆီမှာ သမီးလေးတစ်ယောက် ရှိတယ်။ မင်းနဲ့ ရွယ်တူလောက်ပဲ။ အခုတော့ နိုင်ငံခြားမှာ စာသင်နေတယ်။ သူ(မ)က သိပ်မကြာခင် ပြန်လာတော့မှာလေ။”
လင်ယိ: “ကျွန်တော်…”
နောက်ထပ် အမျိုးသမီးတစ်ယောက်က ဝင်ပြောလာသည်။
“အောက်ထပ်မှာလည်း မင်းနဲ့သင့်တော်မဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ သူ(မ)က ကျောင်းဆရာမ။ အရမ်းတိတ်ဆိတ်ပြီးတော့ နူးညံ့တယ်။”
ရုတ်တရက်ဆိုသလို လူအတော်များများက လင်ယိအား အလားအလာကောင်းသည့် အိမ်ထောင်ဖက်နှင့် မိတ်ဆက်ပေးရန် ယှဉ်ပြိုင်နေကြသည်။
အထူးသဖြင့် ခေတ်မီတိုးတက်သည့် လူတစ်ယောက်ဆိုလျှင် သူ့အား အမျိုးသားကို နှစ်သက်သည်လား သို့မဟုတ် အမျိုးသမီးကို ပိုနှစ်သက်သည်လားဟုပင် မေးမြန်းလာခဲ့၏။ ပြီးနောက် သူက နှစ်မျိုးလုံးနှင့် မိတ်ဆက်ပေးမည်ဟု ကမ်းလှမ်းလာသည်။
လင်ယိ: “….”
ဤဦးလေးများနှင့် အန်တီများ၏ စိတ်အားထက်သန်မှုကြောင့် လင်ယိတစ်ယောက် အံ့အားသင့်သွားရသည်။
[ဟားဟားဟား.. ကယ်ကြပါဦး။ ဒီမြင်ကွင်းက အရမ်းကြောက်စရာကောင်းတာပဲ။]
[လင်ယိ လမ်းပျောက်နေတဲ့ပုံစံကို မြင်ရခဲတယ်။]
[သူ အရင်က ဒါမျိုး မကြုံဖူးလောက်ဘူး ထင်တယ်။]
[ဟားဟားဟား… ငါ ရယ်လို့ သေတော့မယ်။]
ထိုအချိန်၌ အိပ်ပျော်နေသည့် ဟော့မျန်မျန်က စကားသံများကြောင့် နိုးလာခဲ့သည်။
သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဘာဖြစ်နေမှန်း နားမလည်စွာဖြင့် သူ့ဖေဖေလေးကို ကြည့်လိုက်သည်။
အစပိုင်းမှာတော့ လူအုပ်ကြီးက သူ့ဖေဖေလေးကို မည်သည့်အကြောင်းအရာများ ပြောနေကြမှန်း သူ နားမလည်ခဲ့ချေ။
သို့သော် နားထောင်နေရင်းနှင့် သူ၏လှပသည့် မျက်လုံးများက ပြူးကျယ်သွားရ၏။
သူတို့က သူ့ဖေဖေလေးကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားနေကြသလိုပဲ။
ဟော့မျန်မျန်: “….”
ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ။
သူ့ဖေဖေလေးက သူ့ဖေဖေနဲ့ လက်ထပ်ပြီးသားလေ။
ဟော့မျန်မျန်က ပန်းခင်းပေါ်မှ မကြံစဖူးအမြန်နှုန်းဖြင့် လျှောဆင်းသွားခဲ့ပြီး သူ၏ ခြေထောက်တိုတိုလေးများဖြင့် လူအုပ်ကြားထဲ တိုးဝှေ့ဝင်သွားကာ သူ့ဖေဖေလေးထံသို့ ရောက်ရှိနိုင်ခဲ့သည်။
သူ့ဖေဖေလေးကို သူ ကာကွယ်ဖို့ လိုတယ်။
လူတိုင်း၏အာရုံက ရုတ်တရက် ထွက်ပေါ်လာသည့် ကောင်လေးပေါ်သို့ ကျရောက်သွားလေသည်။
လူတစ်ယောက်က ဟော့မျန်မျန်ကို ကြည့်ကာ ပြောလာသည်။
“ချစ်စရာကောင်းလိုက်တဲ့ ကလေး။ ဘယ်သူ့ရဲ့ ကလေးလဲ။”
ဟော့မျန်မျန်ကို မြင်သည်နှင့် လင်ယိက စိတ်သက်သာရာရသွားဟန်ဖြင့် အသက်ရှူထုတ်လိုက်သည်။
သူက ဟော့မျန်မျန်ကို သူ့ပေါင်ထက်သို့ ပွေ့တင်လိုက်ပြီး လူအုပ်ကြီးကို ပြုံးပြလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ကလေးပါ။ ချစ်စရာကောင်းတယ်မလား။”
လူအုပ်ကြီး: “မင်းမှာ ကလေးရှိတယ်ပေါ့။”
မထင်ရဘူးရော။
လင်ယိက ဘွဲ့ရထားသည့် ကောလိပ်ကျောင်းသားတစ်ဦးနှင့် ပိုတူနေ၏။
ထိုအချိန်တွင် လင်ယိက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် စောစော လက်ထပ်လိုက်တာပါ။ ဒါကြောင့် ခင်ဗျားတို့ရဲ့ စေတနာနဲ့ ကမ်းလှမ်းမှုတွေကို ကျွန်တော် လက်မခံနိုင်တော့ပါဘူး။”
ပြီးနောက် သူက နောက်ပြောင်ကျီစယ်သလို ထပ်ဖြည့်ပြောလိုက်သည်။
“အနာဂတ်မှာ ကျွန်တော် လိုအပ်ရင်တော့ ခင်ဗျားတို့ကို လာရှာပါ့မယ်။”
လူတိုင်းက တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။ သူက အိမ်ထောင်ကျပြီးသားဖြစ်ကာ ကလေးပါရှိနေသဖြင့် လက်လျှော့ရုံကလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။
[ဟားဟားဟား…အရမ်းရယ်ရတာပဲ။]
[ဦးလေးတွေနဲ့ အန်တီတွေက အရမ်း စိတ်အားထက်သန်ကြတာပဲ။]
[ဒါနဲ့ လင်ယိရဲ့ လက်တွဲဖော်က ဘယ်သူလဲ။ တစ်ယောက်မှ အဲဒါကို မသိကြသေးဘူးနော်။]
[ငါလည်း မသိဘူး။ ဘာသတင်းမှ မကြားရသေးဘူး။]
[သတင်းစုံတဲ့ အင်တာနက်အသုံးပြုသူတို့ရေ၊ အားလုံး ပိုကြိုးစားပေးကြပါ။ လင်ယိ ဘယ်သူနဲ့ လက်ထပ်ထားမှန်း ငါ သိချင်ပါတယ်။ မဟုတ်ရင် ငါတို့က နောက်ကျရင် သူ့ကို ဘယ်လိုခိုးရတော့မှာလဲ။]
[မဖြစ်နိုင်တာ၊ လင်ယိက ငါ့ယောက်ျားပဲ။]
[သူက ငါ့ဟာ။]
[ဟားဟားဟား… မင်းတို့အားလုံးက အရှက်မရှိတဲ့ သူခိုးတွေပဲ။]
စိတ်အားထက်သန်နေကြသည့် ဦးလေးနှင့် အန်တီတို့ထံမှ အောင်မြင်စွာ လွတ်မြောက်သွားပြီးနောက်တွင်တော့ လင်ယိက ဟော့မျန်မျန်ကို ပြန်ခေါ်သွားခဲ့ပြီး တခြားဧည့်သည်များကို သွားရှာခဲ့သည်။
ဟော့မျန်မျန်က စိတ်သက်သာရာရဟန်ဖြင့် သူ့ရင်ဘတ်ကို ပုတ်လျက် အသက်ရှူထုတ်လိုက်၏။
ဟူး~ဘုရားမလို့၊ သူ့ဖေဖေလေးကို အလုမခံလိုက်ရတာ။
သူက လင်ယိအပေါ်၌ ပို၍ မှီခိုအားထားလာခဲ့ပြီး ခဏလေးတောင် မခွဲနိုင်သည့် အမြီးတစ်ချောင်းလို သူ့နောက်လိုက်နေမိမှန်းလည်း သတိမထားမိခဲ့ရှာပေ။
မကြာမီမှာပင် သူတို့က တခြားဧည့်သည်များနှင့် ပြန်တွေ့ခဲ့ကြတော့သည်။
လင်ယိက ချက်ချင်းပင် တို့ဟူးပူတင်းရောင်းသည့်လှည်းကို အကြံပြုပေးခဲ့သည်။ သူသည် အငန်အရသာနှင့် အချိုအရသာ နှစ်မျိုးလုံး ရရှိနိုင်ကြောင်းလည်း ပြောပြပေးလိုက်ကာ စိတ်ဝင်စားသူတိုင်းကို ဝယ်စားကြည့်ရန် ဖိတ်ခေါ်လိုက်၏။
မည်သို့ပင်ဆိုစေ သူက ရောင်းချသူအား ဖောက်သည်များနှင့် မိတ်ဆက်ပေးမည်ဟု ကတိပေးထားခဲ့သည်ကို မှတ်မိနေပါသေးသည်။
လင်ယိက သူ ပေးထားသည့်ကတိကို တည်သည့်သူမျိုး ဖြစ်၏။
သူ ကတိမပေးရသေးလျှင် အဆင်ပြေပါသော်ငြား သူ ကတိပေးလိုက်သည်နှင့် ခြွင်းချက်မရှိ အပြည့်အဝ ဖြည့်ဆည်းပေးမည် ဖြစ်သည်။
သို့ဖြစ်၍ ယခင်ဘဝ၌ ရင်းနှီမြှုပ်နှံမှုဘဏ်လုပ်ငန်းရှိ လူအများက သူ့ကို ယုံကြည်ကာ သူပြောသည်များကို လိုက်နာရန် ဆန္ဒရှိခဲ့ကြခြင်းပင်။
ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် လင်ယိကို မသိသူက မရှိသလောက်ဖြစ်ပြီး အားလုံးကလည်း သူနှင့်အလုပ်လုပ်ရန် စိတ်အားထက်သန်ကြသည်။
ဤသို့ ဆွဲဆောင်မှုရှိသည့် လူတစ်ယောက်က မည်သည့်နေရာကို သွားစေကာမူ လူများက လေးစားအားကျကြ၏။
[ဝါး… ရင်ထဲထိသွားပြီ။ ငါထင်ထားတာက ဈေးသည်တစ်ယောက်နဲ့ လုပ်ထားတဲ့ ကတိကို လင်ယိက မေ့သွားလောက်ပြီပေါ့။ ဒါပေမဲ့ သူက တစ်ချိန်လုံး မှတ်ထားခဲ့တယ်။]
[ယုံကြည်ရတဲ့ လူတစ်ယောက်က အရမ်းကို တန်ဖိုးရှိတယ်။]
[လင်ယိက ငါ့ရဲ့အိုင်ဒေါပဲ။]
လူကြီးများ စကားပြောနေစဉ် ဟော့မျန်မျန်က မလှမ်းမကမ်းတစ်နေရာ၌ စိတ်ကူးယဉ်နေ၏။
သူသည် နူးညံ့ပြီး ချစ်စဖွယ်ကောင်းသော ကြွေရုပ်တစ်ရုပ်နှင့် တူကာ သူ့ဆံပင်များကလည်း ပွရောင်းရောင်းဖြစ်နေသောကြောင့် သူ့အား ကျက်သရေရှိသလို ချစ်စရာကောင်းသည့်ပုံလည်း ပေါက်သွားစေသည်။
ထိုနေရာ၌သာရပ်ပြီး စိတ်ကူးယဉ်နေသည့်သူ့ပုံစံက ပိုလို့တောင် ချစ်စဖွယ်ကောင်းလှ၏။
ထိုအခိုက်အတန့်တွင် တစ်နေရာရာမှ ကြောင်ပူဖောင်းတစ်လုံးက ပျံဝဲလာလေသည်။
ကြောင်ပူဖောင်းလေးက ဟော့မျန်မျန်ဘေးမှာ ပျံသွားခဲ့ပြီး သူ၏ ခေါင်းသေးသေးလေးကို ဝင်တိုက်မိသွားသည်။
အစပိုင်းမှာတော့ ဟော့မျန်မျန်က သတိမထားမိခဲ့ပါ။ သူ့ခေါင်းကို အကြိမ်ရေအနည်းငယ်လောက် လာထပ်တိုက်ပြီးမှသာ သတိထားမိသွား၏။
ဟော့မျန်မျန်က စိတ်ရှုပ်ထွေးစွာနှင့် လှည့်ကြည့်လိုက်ရာ ပူဖောင်းကို တွေ့လိုက်ရသည်။
သူ့မျက်ဝန်းများက ရုတ်ခြည်း တောက်ပလာရ၏။ မိုးပျံပူဖောင်း၏ ကြိုးကို ဆွဲရန်အတွက် သူ၏ ဝဝကစ်ကစ်လက်ကလေးကို ဆန့်ထုတ်လိုက်မိသည်။
ပူဖောင်းကို ဆုပ်ကိုင်လိုက်ပြီးသည့်နောက် သူက လင်ယိနှင့် မျှဝေလိုခဲ့သဖြင့် ကလေးအသံနှင့် ခေါ်လိုက်သည်။
“ဖေဖေလေး… သားကို ကြည့်ပါဦး။”
လင်ယိ လှည့်ကြည့်လိုက်စဉ် ဟော့မျန်မျန်က ပူဖောင်းကို ကိုင်ထားလျက် သူ့အား ချိုမြိန်စွာနှင့် ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ သူ့ပါးပြင်ထက်၌လည်း ပျားရည်ပမာ နွေးထွေးသည့် ပါးချိုင့်လေးများ ရှိလို့နေ၏။
လင်ယိခမျာ မပြုံးဘဲ မနေနိုင်တော့ပါ။ သူ ဟော့မျန်မျန်ကို မေးလိုက်သည်။
“မင်း ပူဖောင်းကို ဘယ်ကနေရတာလဲ။”
ဟော့မျန်မျန်က သူ၏ကြီးမားသည့် မျက်လုံးများကို ဖွင့်လိုက်ပြီး အပြစ်ကင်းစင်စွာပင် ပြောသည်။
“သားမသိဘူး၊ သူ လမ်းပျောက်နေတာ ဖြစ်မယ်။”
လင်ယိက ပြုံးကာ ပြောလိုက်သည်။
“ဒါဆိုလည်း မင်းနဲ့အတူ အိမ်ကို ယူသွားလိုက်။”
ဟော့မျန်မျန်၏ မျက်လုံးများက လခြမ်းကွေးပမာ ကွေးတက်သွားခဲ့ပြီး
“ဟုတ်ကဲ့~”
သူနဲ့အတူ အိမ်ကို ယူသွားမယ်။
[ဒါက ဘယ်လို anime မြင်ကွင်းမျိုးပါလိမ့်။ အရမ်းချစ်စရာကောင်းတာပဲ၊ ငါ အော်မိပြီ။]
[ငါ့ရဲ့နှလုံးသားတော့ အရည်ပျော်နေပါပြီ။ ဒီအခိုက်အတန့်မှာ ငါ့ရဲ့ ပြဿနာတွေအားလုံးက ပျောက်ကွယ်သွားပြီ။]
[ငါတို့ရဲ့ မျန်မျန်လေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာရမယ်နော်။]
***
Aurora Novel Translation Team