no

Font
Theme

အပိုင်း (၁၉)

လင်ယိက ထိုပြိုင်ပွဲတွင် အနိုင်ရရှိသွားသောကြောင့် ဆိုင်ရှင်ဖြစ်သူက သူ့ကို ဆုတစ်ခု ပေးခဲ့သည်။

ဆိုင်ရှင်က LCD တီဗီတစ်လုံးကို လက်ညှိုးထိုးပြရင်း လင်ယိကို ပြောလိုက်၏။

"ဒါက ကျွန်တော်တို့ဆိုင်ရဲ့ နောက်ဆုံးပေါ် မော်ဒယ်ပါ။ တန်ဖိုးကတော့ ယွမ်တစ်ထောင်ကျော်ပါတယ်။ အခုတော့ ခင်ဗျားအပိုင် ဖြစ်သွားပါပြီဗျ။"

လင်ယိက ထိုတီဗီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

"ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အတွက် တီဗီက သိပ်မလိုပါဘူး။"

သူသည် လက်ရှိတွင် ရိုက်ကူးရေးလုပ်နေရင်းတန်းလန်း ဖြစ်နေသဖြင့် တီဗီတစ်လုံး မလိုအပ်သလို သူ့အိမ်သို့ ပြန်ရောက်လျှင်လည်း ဗီလာတွင် ထိုကဲ့သို့သော ပစ္စည်းမျိုးက လိုလေသေးမရှိ ပြည့်စုံပြီးသား ဖြစ်ပေသည်။

ဆိုင်ရှင်မှာ ခေါင်းတကုတ်ကုတ် ဖြစ်သွားရသည်။

"ဒါပေမဲ့ ကျွန်တော်တို့မှာဆုက ဒါပဲရှိတာ..."

ထိုစဉ် ဆိုင်ရှင်၏ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။

"ဒီလိုလုပ်ရင်ရော။ တီဗီအစား ထီလက်မှတ်တစ်စောင်ပဲ ပေးလိုက်မယ်။ ဒါက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ကျွန်တော် ဝယ်ထားတာပါ။ ဆုပေါက်၊ မပေါက် မစစ်ရသေးဘူး။ ဒါကိုပဲ ယူသွားလိုက်ပါ၊ ပေါက်တာ၊ မပေါက်တာကတော့ ကံတရားပေါ့... ဘယ်လိုလဲ။"

ထီလက်မှတ်ဆိုသည်မှာ ဘာမှမရခြင်းလည်း ဖြစ်သွားနိုင်သလို သန်းနှင့်ချီသော ဆုကြီးများကိုလည်း ပိုင်ဆိုင်သွားနိုင်သည့် ခန့်မှန်းရခက်သော အရာပင်။

အဓိကမှာ ရင်ခုန်စိတ်လှုပ်ရှားရမှုပင် ဖြစ်သည်။

လင်ယိလည်း စိတ်ဝင်စားသွားရပြီး ထီလက်မှတ်ကို ယူကာ လက်ထဲတွင် လှည့်ကစားရင်း ပြုံးလျက် ပြောလိုက်သည်။

"ကောင်းပြီလေ... သဘောတူတယ်။"

ထို့ကြောင့် လူစုမှာ လင်ယိနောက်သို့ လိုက်ပါလာကာ အနီးနားရှိ ထီဆုငွေထုတ်ပေးသည့် နေရာသို့ ရောက်ရှိလာကြသည်။

[အမှန်အတိုင်း ပြောရရင် ထီပေါက်ဖို့ အခွင့်အရေးက အရမ်းနည်းတယ်။]

[တစ်ခါမှ မပေါက်ဖူးတဲ့ လူတွေကတော့ တိတ်တိတ်လေးပဲ ဘေးကနေ ဖြတ်သွားကြတာပေါ့။]

[လင်ယိရဲ့ ထီလက်မှတ်ကရော ဘယ်လိုဖြစ်မလဲ မသိဘူး။ အများဆုံး ယွမ်တစ်ရာ၊ နှစ်ရာလောက်ပဲ ပေါက်လောက်တယ်။]

မကြာမီပင် သူတို့ ထီဆုငွေထုတ်ပေးသည့်ဌာနသို့ ရောက်ရှိသွားကြသည်။ လင်ယိက ဝန်ထမ်းထံသို့ ထီလက်မှတ်ကို ကမ်းပေးလိုက်ပြီး မေးလိုက်၏။

"ဒါလေး တစ်ချက်လောက် စစ်ပေးလို့ရမလား ခင်ဗျာ။"

ဝန်ထမ်းဖြစ်သူက ချက်ချင်းပင် ပြုံးရွှင်သွားပြီး ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်ရှင်၊ လူကြီးမင်းက ယွမ်တစ်သောင်းဆုပေါက်ပါတယ်။"

လင်ယိ မျက်ခုံးတစ်ချက် ပင့်သွား၏။

"ဝါး။"

တခြားဧည့်သည်များမှာ မယုံနိုင်ဟန်ဖြင့် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။

တကယ်ကြီး ပေါက်သွားတာလား။

ဘယ်လိုတောင် ကံကောင်းရတာလဲ။

[ဘုရားရေ... ယွမ်တစ်သောင်းတောင်။ အခိုက်အတန့်ကြီးတစ်ခုကို ငါ မျက်မြင်တွေ့လိုက်ရတာပဲ။]

[လင်ယိရဲ့ကံကတော့ တကယ်ကို ရှယ်ပဲ။ ယွမ်တစ်ထောင်တန်တီဗီကို လဲလိုက်တာ ယွမ်တစ်သောင်း ရသွားတယ်ဟေ့။]

[လင်ယိရဲ့ကံကောင်းခြင်းတွေကို နည်းနည်းလောက် ခွဲယူချင်လိုက်တာ။]

[လင်ယိရဲ့ ကံက ကောင်းကင်ဘုံကနေ ကောင်းချီးပေးခံထားရတာပဲ။]

အမြဲတမ်း ပေါ့ပေါ့ပါးပါးနှင့် ရက်ရောတတ်သော လင်ယိက လက်ထဲမှ ထီလက်မှတ်ကို ကြည့်ကာ ကျန်ရှိသော ဧည့်သည်များကို ပြောလိုက်သည်။

"ဒီည ညစာကို ကျွန်တော် ဒကာခံပါ့မယ်။ စိတ်ကြိုက်သာ စားကြနော်။ ဘာမှ အားနာနေဖို့မလိုဘူး။"

ရှန်ဖုန်းမှာ အံ့ဩတုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး အားတက်သရော ပြောလိုက်တော့သည်။

"အားနာတဲ့သူက ရူးနေလို့ပဲနေမှာ။ ငါတော့ ဗိုက်ကားအောင် စားပစ်လိုက်ဦးမယ်။"

ကျောက်ကျင်းနှင့် ကျိုးခယ်တို့ကလည်း ယနေ့ည စားပွဲတော်ကို ပျော်ပျော်ပါးပါး ဆင်နွှဲကြမည်ဟု ဆိုကြ၏။

ဟဲ့နျန်တစ်ယောက်သာလျှင် စိတ်မသက်မသာဖြစ်နေမှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

အခြေအနေက ဤသို့ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ မူလက သူသည် လင်ယိကို အသုံးချပြီး လူထင်ပေါ်လုပ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် လင်ယိကသာ တောက်ပသွားပြီး သူကတော့ ကိုယ့်ရှူးကိုယ်ပတ်သလို ဖြစ်သွားခဲ့ရသည်။

မကြာမီတွင် သူတို့အားလုံးသည် အနီးနားရှိ အကင်ဆိုင်လေးသို့ ရောက်ရှိလာကြသည်။

ထိုဆိုင်လေးမှာ လူနေတိုက်တန်းလျားများအောက်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရပ်ကွက်အတွင်းမှ ဒေသခံများကို အဓိက ရောင်းချသဖြင့် အမြဲတမ်း စည်ကားနေတတ်သည်။

လင်ယိနှင့် တခြားသူများမှာ အဝေးကပင် အကင်နံ့ကို ရနေကြပြီ ဖြစ်သည်။

ဆိုင်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ လူတိုင်း၏အစာစားချင်စိတ်မှာ ပိုမိုတိုးပွားလာတော့သည်။

ဆိုင်လေးမှာ သေးငယ်ပြီး စားပွဲအနည်းငယ်သာ ခင်းကျင်းထားကာ ဆိုင်ရှင်လင်မယားနှစ်ဦးက သူတို့အလုပ်များနှင့် သူတို့အလုပ်ရှုပ်နေကြ၏။

ရောင်းအားမှာ အလွန်ကောင်းမွန်လှသည်။ အချို့က ပါဆယ်ထုတ်သွားကြသလို အချို့ကတော့ ဆိုင်ထဲတွင် ထိုင်ရင်း စကားတပြောပြောနှင့် မြိန်ရေရှက်ရေ စားသောက်နေကြသည်။

ထိုအချိန်တွင် ဆိုင်ပိုင်ရှင်သည် စားပွဲတစ်ခုက ဧည့်သည်များအတွက် အကင်များကို ကင်ပေးနေလေသည်။

ဆိုင်ရှင်ဖြစ်သူက ရဲရဲတောက်နေသည့် မီးသွေးမီးဖိုပေါ်တွင် အကင်များကို ကျွမ်းကျင်စွာ လှန်ပေးနေပြီး ရံဖန်ရံခါ ဟင်းခတ်မှုန့်များကို ဖြူးလိုက်သည်မှာ ရှောရှောရှူရှူပင်။ အကင်များမှ ဆီများကျလာသဖြင့် တရှဲရှဲ အသံများနှင့်အတူ မွှေးရနံ့များက ပျံ့လွင့်လို့နေ၏။

လင်ယိတို့အဖွဲ့သည် နောက်ဆုံးကျန်ရှိသော စားပွဲတစ်လုံးတွင် နေရာယူကာ စားစရာများကို မှာယူလိုက်ကြသည်။

မကြာမီပင် အကင်တချို့ ရောက်ရှိလာသည်။ အသားကင်၏ မွှေးရနံ့နှင့် ဟင်းခတ်အမွှေးအကြိုင်များ ပေါင်းစပ်သွားမှုက လူတိုင်း၏လျှာဖျားကို လှုံ့ဆော်နေတော့သည်။

လင်ယိက အမဲသားကင်တစ်ချောင်းကို ယူကာ မြည်းကြည့်လိုက်ပြီးနောက် ကျေနပ်သည့် အမူအရာဖြင့် မျက်ခုံးပင့်လိုက်သည်။

လူနေတိုက်တန်းလျားအောက်ရှိ ဆိုင်ဟောင်းလေးများ၏ လက်ရာမှာ တကယ်ပင် စိတ်မပျက်စေဘဲ ထူးကဲသော အရသာကို ပေးစွမ်းနိုင်လှသည်။ ဒေသခံများ အဘယ်ကြောင့် အမြဲလာစားကြသည်ကိုပင် သူ နားလည်သွားရတော့သည်။

လူကြီးများက အကင်စားနေကြချိန်တွင် ကလေးငယ်များကတော့ ထမင်းကြော်နှင့် တန်ယွမ်(တရုတ်ရိုးရာ ဆန်မုန့်လုံးအချို)များကို စားနေကြသည်။

ထိုစဉ် ဟော့မျန်မျန်ကလည်း တန်ယွမ်စားနေသည်။

သူက တခြားကလေးများကဲ့သို့ ဆော့ကစားမနေဘဲ ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကာ ပန်းကန်သေးသေးလေးတစ်လုံးကို ကိုင်လျက် ဇွန်းဖြင့် ခပ်စားနေသည်။

မုန့်လုံးလေးကို ဇွန်းဖြင့် မ၍ ဖြည်းဖြည်းချင်း မှုတ်ပြီးမှ ပါးစပ်ထဲထည့်ကာ ဂရုတစိုက် ဝါးစားနေသည်။

[အိုး... မျန်မျန်လေးက စားနေတဲ့အချိန်မှာတောင် ဘာလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲ။]

[ဟားဟား၊ မျန်မျန်လေး တန်ယွမ်စားနေတာက သိပ္ပံသုတေသနတစ်ခု လုပ်နေတဲ့အတိုင်းပဲနော်။ အရမ်းကို အာရုံစိုက်ပြီး စားနေတာ။]

လူတိုင်းက အစားအသောက်တွင် အာရုံရောက်နေစဉ် ဦးလေးနှင့်တူဖြစ်သည့် ရှန်ဖုန်းနှင့် စုန့်ယွီထောင်တို့မှာမူ စကားများကြတော့သည်။ အကြောင်းမှာ ဆိုင်တွင် နောက်ဆုံးကျန်ရှိသော ဝက်ဦးနှောက်မီးကင်ကို သူတို့နှစ်ယောက်လုံး စားချင်နေကြသောကြောင့် ဖြစ်သည်။

ရှန်ဖုန်းနှင့် စုန့်ယွီထောင်တို့သည် နောက်ဆုံးကျန်ရှိသော ဝက်ဦးနှောက်မီးကင်ကို မည်သူစားရသင့်သည်ဟူသော အချက်အပေါ် အချေအတင် စကားများနေကြသည်။

ရှန်ဖုန်းက လက်တံရှည်သည်ကို အခွင့်ကောင်းယူကာ ဝက်ဦးနှောက်မီးကင်ဘူးကို သူ့ဆီ အရင်ဆွဲယူလိုက်သည်။

စုန့်ယွီထောင်ကလည်း ချက်ချင်းပင် ကန့်ကွက်ကာ ထိုင်ခုံပေါ်မှ ခုန်ဆင်းပြီး ရှန်ဖုန်းအနားသို့ သွား၍ လုပါတော့သည်။

"ကျွန်တော် စားမှာ။"

ရှန်ဖုန်းက ဘူးကို မြဲမြဲကိုင်ထားရင်း ပြောလိုက်သည်။

"ဒီကလေးစုတ်လေးကတော့၊ မင်းက ဘာလို့စားမှာလဲ။ လူကြီးကို ရိုသေရမယ်ဆိုတာ မသိဘူးလား။ ငါက မင်းရဲ့ ဦးလေးနော်။"

စုန့်ယွီထောင်ကလည်း အရှုံးမပေးဘဲ ပြန်ပြောလိုက်သည်။

"ကိုယ့်တူနဲ့တောင် အစာလုစားတဲ့ ဦးလေးက ဘယ်လိုဦးလေးမျိုးလဲ။"

ရှန်ဖုန်းကတော့ လူကြီးဖြစ်သော်လည်း အရှက်မရှိဘဲ ပြန်အော်လိုက်သည်။

"မင်း ငါ့ကို ဦးလေးလို့ မသတ်မှတ်ချင်လည်းနေ။"

နှစ်ယောက်သား အချေအတင် ဖြစ်နေကြသဖြင့် ကျောက်ကျင်းက ကြားထဲမှ ဖျန်ဖြေပေးသော်လည်း မည်သူမှ နားမထောင်ကြပေ။

[ဟားဟားဟား... ဒီတူဝရီးနဲ့တော့ ရယ်ရလွန်းလို့ အူတက်တော့မှာပဲ။]

[ရှန်ဖုန်းကတော့ ထုံးစံအတိုင်းပဲ၊ ကလေးနဲ့တောင် ရန်ဖြစ်နေသေးတယ်။]

[ရှန်ဖုန်းရဲ့ ဘယ်တော့မှ အလျှော့မပေးတတ်တဲ့ အကျင့်ကို စဉ်းစားကြည့်ရင် သူ ကလေးတစ်ယောက်နဲ့ အချေအတင် စကားများနေတာကို မအံ့ဩမိတော့ဘူး။]

သူတို့နှစ်ဦးကို ဖျန်ဖြေ၍ မရတော့သဖြင့် ကျောက်ကျင်းက လင်ယိဘက်လှည့်ကာ အကူအညီ တောင်းလိုက်သည်။

"လင်ယိ၊ ခင်ဗျား တစ်ခုခုပြောကြည့်ပါဦး။"

လင်ယိသာ ဝင်ပြောလျှင် အခြေအနေသည် ငြိမ်သက်သွားလိမ့်မည်ဟု သူ့အလိုလို ခံစားနေရသည်။

လင်ယိမှာ ကန်စွန်းဥခွံကင်ကို အေးအေးလူလူ စားနေရင်းမှ ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။

"ဘာကိုဖျန်ဖြေနေမှာလဲ။ သူတို့ကိုက ရန်ဖြစ်ချင်နေတာကို၊ လွှတ်ပေးထားလိုက်ပေါ့။"

ကျောက်ကျင်းမှာ ဆွံ့အသွားခဲ့ရသည်။

"..."

တကယ်ကြီး ဒီလိုပဲ လွှတ်ထားရမှာလား။

ကံကောင်းထောက်မစွာဖြင့် လင်ယိက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့က ဝက်ဦးနှောက်မီးကင်တစ်ပွဲတည်းအတွက်နဲ့ ဘာလို့ အသည်းအသန် လုနေကြတာလဲ နားမလည်တော့ဘူး။ လူတွေပြောကြတာတော့ ကိုယ်ခန္ဓာရဲ့ ဘယ်အစိတ်အပိုင်းက အားနည်းနေလဲ၊ အဲဒီကိုယ်အားနည်းနေတဲ့ အစိတ်အပိုင်းနဲ့ တူတဲ့အရာကို စားပေးလိုက်ရင် ပြန်အားပြည့်လာတယ်တဲ့။ သူတို့လည်း ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ဝက်ဦးနှောက်စားဖို့ လိုနေတယ်လို့ ထင်နေကြတာလား မသိဘူး။"

ထိုစကားအဆုံးတွင် စားပွဲဝိုင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

ရှန်ဖုန်း: "..."

စုန့်ယွီထောင်: "..."

သူတို့က ဦးနှောက်ဖွံ့ဖြိုးဖို့ လိုနေတဲ့သူတွေလား။

ရှန်ဖုန်းက ချက်ချင်းပင် ဝက်ဦးနှောက်ကင်ကို စုန့်ယွီထောင်ထံ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ရော့၊ မင်းပဲ ယူစားလိုက်တော့။ မင်းအတွက် ပိုလိုအပ်မယ် ထင်တယ်။"

စုန့်ယွီထောင်က နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားကာ ငြင်းလိုက်သည်။

"မစားဘူး။"

သူက သူ့မူလနေရာသို့ အမြန်ပြန်ပြေးသွားကာ ဝက်ဦးနှောက်ကင်နှင့် အဝေးဆုံးတွင်သာ နေနေတော့သည်။

ရှန်ဖုန်းကလည်း အနှီဝက်ဦးနှောက်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ မာန်ပါပါဖြင့် ပြောလိုက်သည်။

"ငါလည်း ဒါစားဖို့ မလိုပါဘူး။ စားချင်တဲ့သူ ယူစားလိုက်တော့။"

ထိုသို့ဆိုကာ အခြားအကင်တစ်ခုကို ကောက်စားရင်း သူ့ဦးနှောက်မှာ ဖွံ့ဖြိုးရန် မလိုကြောင်း သက်သေပြနေလိုက်တော့သည်။

ခုနကတင် အသည်းအသန် ရန်ဖြစ်နေကြသူ နှစ်ဦးမှာ ချက်ချင်း ငြိမ်သွားကြသဖြင့် ဘေးနားက လူများမှာ အံ့အားသင့်ကုန်ကြတော့သည်။

[လင်ယိရဲ့ ကိုင်တွယ်ဖြေရှင်းပုံကတော့ တကယ်လန်းတယ်ဟေ့။]

[ဟားဟားဟား၊ ဒီပြဿနာရှာတဲ့နှစ်ယောက်ကို နိုင်တာ လင်ယိပဲ ရှိတယ်။]

[ဒီအဖွဲ့ကတော့ လင်ယိသာ မပါရင် မလွယ်ဘူးနော်။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment