အပိုင်း(၁၁)။ ။ လက်နက်တိုက်။
ဇန်းညာ ထုတ်ယူလိုက်သည်က ဖိတ်ကြားလွှာ တစ်စောင် ဖြစ်လေသည်။
ရုရှား-ဂျပန် သဘောတူစာချုပ်အတွက် ပြုလုပ်သည့် ဂုဏ်ပြုဧည့်ခံပွဲကို တက်ရောက်ခွင့် ဖိတ်စာပင်။ အဆိုပါပွဲကို ‘ကရိမ်လ်’နန်းတော်တွင် ကျင်းပမည် ဖြစ်ကာ ဂျပန် ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ ရုရှားထိပ်တန်း ပုဂ္ဂိုလ်များ တက်ရောက်ကြမည်။
ဂွမ်ထက်ဂျူသည် ဟိရို ဆာကာမိုတို နာမည်ခံပြီး ပွဲသို့ ဝင်ရောက်ရန် စီစဉ်ခဲ့သော်လည်း အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် အစီအစဉ်က ပျက်စီးသွားခဲ့ရသည်။
ထို့အတူ ဂျပန်ကိုယ်စားလှယ်အဖွဲ့ တည်းခိုနေသော ဟိုတယ်၌ မလိုလားအပ်သော အခြေအနေများ ဖြစ်ပေါ်ခဲ့သောကြောင့် ဖိတ်စာပါ ရက်စွဲက ပြောင်းလဲသွားခဲ့သလို တက်ရောက်မည့်သူများအား ရှာဖွေစစ်ဆေးသည့် လုံခြုံရေးဆောင်ရွက်မှုတို့ကလည်း ယခင်ကထက် တင်းကျပ်သွားရသည်။
"ဘယ်လို ဝင်ရမလဲ"
ဂွမ်ထက်ဂျူက လက်ရှိအနေအထားကို သုံးသပ်နေစဥ်မှာပင် ဇန်းညာက ဖိတ်စာကို ပြန်ယူလိုက်၏။
"ဒါက ဟန်ပြပဲ။ တကယ့်ပါတီပွဲက နောက်မှ ကျင်းပမှာ။"
"တကယ့်ပါတီ"
" ‘ကရိမ်လ်’နန်းတော်နဲ့ မလှမ်းမကမ်းမှာ ဘော့ဒါနော့ဗ် မိသားစုပိုင်အိမ်တစ်လုံး ရှိတယ်။ သူတို့ကမှ ဂက်ဇ်ပရွမ်ကို နောက်ကွယ်က ထိန်းချုပ်နေတဲ့သူတွေပဲ။ ဒုတိယသားကလဲ သမ္မတနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ နိုင်ငံတော် အခမ်းအနားပြီးရင် သူတို့ရဲ့ အိမ်ကြီးမှာ ညစာစားပွဲတစ်ခု ဆက်ကျင်းပမယ်လို့ ကြားထားတယ်။ ‘ကရိမ်လ်’နန်းတော်ကို ဖိတ်ကြားမခံရတဲ့သူတွေတောင် လာကြလိမ့်မယ်။”
“မြေအောက်လောကက ခေါင်းဆောင်ကြီးတွေနဲ့ ရုရှားမှာ ဓနအင်အား အကြီးဆုံးဆိုတဲ့လူတွေ လာကြမှာ။ ပိုက်ဆံအတွက်သာဆို ဘာမဆို လုပ်မယ့်သူတွေက ဒီပွဲရဲ့ အဓိကဧည့်သည်တော်တွေပဲ။ သူတို့ဆီက ရတဲ့ သတင်းကမှ တကယ်အသုံးဝင်တဲ့ အချက်အလက် ဖြစ်နိုင်မှာ။ မင်းသာ သူတို့နဲ့ အတူပွဲတက်နိုင်ရင် အန်နာစတေးရှားနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာတွေနိုင်တယ်လေ"
" ဘော့ဒါနော့ဗ် ဆိုတော့ ငါသိတဲ့ ဘော့ဒါနော့ဗ် လား?"
"သိပ်ဟုတ်တာပေါ့"
"မိသားစုဝင် တစ်ယောက်လုံး သေသွားတာတောင် သူတို့က ဒီလို ပါတီပွဲတွေကို လုပ်နေသေးတာလား"
ဂွမ်ထက်ဂျူ နားမလည်နိုင်ဖြစ်ခဲ့ရသည်။ ယခု အချိန်ဆိုရင် ဆိုက်ခ် ဘော့ဒါနော့ဗ်၏ ရုပ်အလောင်းကို ရှာတွေ့သင့်နေပြီ။ နိုင်ငံတော် အခမ်းအနားမို့ မဖြစ်မနေ လုပ်ရမယ် ဆိုလျှင်ပင် အိမ်မှာ ပျော်ပွဲရွှင်ပွဲ ထပ်လုပ်ဖို့ လိုသလား။
"သူ တကယ်သေသွားပြီလို့ မင်းထင်လား"
"သေပြီ မဟုတ်ဘူးလား"
"စိတ်မကောင်းစရာပဲ။ ငါ ကြားတဲ့ သတင်းအရတော့ မြစ်ထဲကနေ အလောင်းနှစ်ခုပဲ ဆယ်လို့ ရသေးတယ်တဲ့"
‘လွယ်လွယ် သတ်နိုင်ခဲ့တယ်လို့ ထင်မိသား’
ဆိုက်ခ် ဘော့ဒါနော့ဗ်နှင့် ပတ်သတ်ပြီး အကြိမ်ပေါင်းများစွာ သတိပေးခံခဲ့ရဖူးသဖြင့် လွတ်မြောက် သွားခြင်းအတွက် ဂွမ်ထက်ဂျူ မအံ့သြမိချေ။
သို့သော် သတိလစ် မေ့မြောနေပြီး သေနတ်ဒဏ်ရာကလည်း သွေးများ ထွက်နေသေးရာ အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးလှသည်။ ထို့ပြင် အေးစက်နေသည့် မြစ်ရေက ကိုယ်အပူချိန်ကို လျင်မြန်စွာ ကျဆင်း စေလိမ့်မည်။
ရှင်သန်ရန် အခွင့်အရေးက သုညနီးပါး ဖြစ်နေသည့် အခြေအနေမျိုးမှာတောင် မသေအောင် ကြံဆောင်နိုင်ခဲ့သည့် ‘ဆိုက်ခ် ဘော့ဒါနော့ဗ်’က ကြားထားသည့်အတိုင်း တကယ်ပဲ သာမန်မဟုတ်သည့် လူတစ်ဦးဆိုတာ သေချာသွားခဲ့ပြီ။
ဆိုက်ခ် ဘော့ဒါနော့ဗ် အသက်ရှင်နေခြင်းက သူ့ကို အချိန်မရွေး ပစ်မှတ်ထားနိုင်သည့် အဓိပ္ပာယ်ပင်။ ဂွမ်ထက်ဂျူ စိတ်ပူပန်သွားသော်လည်း ထိုအတွေးကို မတွေးမိအောင် ကြိုးစားလိုက်၏။
"အဲဒီမှာ အန်နာစတေးရှား နဲ့ ပတ်သက်တဲ့ သဲလွန်စရအောင် ဘယ်လို ရှာရမလဲ"
ဇန်းညာသည် ထိုမေးခွန်းကို ကြိုတင်မျှော်မှန်းထားသည့်အတိုင်း ရုရှားနှင့် ကိုရီးယားနာမည်များစွာ ပါဝင်သည့် စာရင်းတစ်ခုနှင့် သတင်းစာ ဖြတ်ပိုင်းတစ်ခုကို လိပ်ထည့်ထားသည့် အိတ်တစ်လုံးကို ဂွမ်ထက်ဂျူ လက်ထဲသို့ ပေးလိုက်သည်။
ဂွမ်ထက်ဂျူသည် သတင်းစာဖြတ်ပိုင်းတွင် ပါဝင်သော ဆောင်းပါးကို ဂရုတစိုက် ဖတ်ရှုလိုက်၏။ ဆောင်းပါးတစ်ခုစီတွင် အမည်၊ သေဆုံးရသည့် အကြောင်းရင်း၊ နေ့စွဲများကို ရေးသား ဖော်ပြထားလေသည်။
‘သေသွားတဲ့ လူနာမည်တွေကို ရင်းနှီးနေသလိုပဲ’
ဂွမ်ထက်ဂျူ အမည်စာရင်းကို ထပ်မံ ကြည့်လိုက်ရာ သံသယစိတ်က တုန်လှုပ်မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် စာရင်းထဲမှ အမည်အများစုသည် ဆောင်းပါးထဲရှိ အမည်များနှင့် ကိုက်ညီနေသောကြောင့်ပင်။
ထိုအချိန်တွင် ဇန်းညာက ရှင်းပြလာလေသည်။
"ဒီလူတွေက အန်နာစတေးရှားကို တီထွင်တုန်းက ပါဝင်ခဲ့ကြတဲ့သူတွေပဲ။ သူတို့အားလုံးက အခုဆို သေကုန်သွားကြပြီ"
"ဘာလို့ သေသွားကြတာလဲ"
"ဘာလို့ သေကုန်တာလဲ ဆိုတော့"
ဇန်းညာက အရမ်းသိချင်နေသည့် ဂွမ်ထက်ဂျူ၏ အမူအရာကြောင့် ချက်ချင်း မပြောသေးဘဲ ပြီတီတီ အပြုံးတစ်ခုဖြင့် စကားကို ရပ်တန့်ထားလိုက်လေသည်။
ဂွမ်ထက်ဂျူတွင် ထင်ကြေးများစွာ ရှိနေသော်လည်း သူသိသည့် သတင်းအချက်အလက်က နည်းလွန်း၍ ကောက်ချက်တစ်ခုကို ပြတ်ပြတ်သားသား မချရဲချေ။ မေးခွန်းပေါင်းများစွာဖြင့် သူ့အတွေးများက မရေမရာ ဖြစ်နေ၏။ ထို့ကြောင့် တမင် အချိန်ဆွဲနေသည့် အကျင့်ယုတ်ကောင်၏ ဖိနပ်အား ခြေထောက်ဖြင့် သွားတို့လိုက်ကာ မြန်မြန် ပြောလာစေရန် တွန်းအားပေးလိုက်၏။
"အန်နာစတေးရှားရဲ့ အဖျက်စွမ်းအားက ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ အဖျက်စွမ်းအားကြီးတဲ့ သေမင်းတမာန်လက်နက်တစ်ခုပဲ။ သူ့ရဲ့အချက်လက် တော်တော်များများက လျှို့ဝှက်ခံထားရတယ်။ လူတိုင်းက အန်နာစတေးရှား အကြောင်း ပြောနေကြပေမဲ့ ဘယ်လို လက်နက်မျိုးလဲဆိုတာ သိတဲ့သူက နည်းတယ်။”
“လူတွေက ရယ်ရသား။ ဘယ်လို လက်နက်လဲတောင် မသိဘဲ ကြောက်နေကြတာ။ ဘာမှန်းမသိတာကို တွေးကြောက် နေကြတယ်။ အဲဒီလို ဖြစ်နေတာကိုက အန်နာစတေးရှာရဲ့ အားသာချက်ပဲ။ ဒါပေမဲ့ တီထွင်မှု ပြီးစီးသွားရင် သုတေသီတွေက တစ်နေရာစီ ထွက်သွားကြပြီး တစ်ယောက်ယောက်ဆီက အန်နာစတေးရှာအကြောင်းကို သတင်းပေါက်ကြားသွားနိုင်တယ်။”
“အဲဒါမျိုး ဖြစ်လို့ မရဘူးလေ။ အန်နာစတေးရှားဆိုတာက အခုရော၊ နောင်မှာပါ မသိခြင်းက လာတဲ့ ကြောက်ရွံ့မှုတွေနဲ့ လူတွေကို အမြဲ ခြောက်လှန့်ထားနိုင်ရမယ်"
ဂွမ်ထက်ဂျူ မျက်မှောင်ကြုတ်လိုက်မိ၏။
ဇန်းညာ ရှင်းပြနေသည်ကို အပြည့်အစုံ နားမထောင်ရသေးဘဲတောင် 'အန်နာစတေးရှား' နှင့် နာမည်စာရင်းကြားက ဆက်စပ်မှုကို သူ ရိပ်မိလာနေပြီ။ ဇန်းညာကလည်း သူ့အတွေးကို ခေါင်းညိတ် အတည်ပြုလာ၏။
"ဒီလို လက်နက်မျိုး နောက်ထပ် မဖန်တီးနိုင်အောင် သူတို့က အားလုံးကို သုတ်သင်ရှင်းလင်းခဲ့တာပဲ"
ဂွမ်ထက်ဂျူ အချိန်တစ်ခုလောက် စကားမပြောနိုင် ဖြစ်သွားရသည်။ ဤလူများသည် သတင်းခိုးယူခြင်း ဒါမှမဟုတ် သစ္စာဖောက်ခြင်းကြောင့် အသတ်ခံရသည် မဟုတ်ဘဲ အချက်အလက် မပေါက်ကြားစေရန် ကြိုတင်ကာကွယ်မှုအနေဖြင့် သုတ်သင်ခံခဲ့ရခြင်းသာ။
သူသည် တုန်လှုပ်စွာဖြင့် စာရင်းကို ပြန်ကြည့်လိုက်ရာ ထူးခြားချက်တစ်ခုကို သတိပြုမိလိုက်၏။
"ဒါပေမဲ့...!"
"ဟုတ်တယ်၊ တချို့ကတော့ အသက်ရှင်ခဲ့တယ်"
ဘော့ဒါနော့ဗ် မိသားစုဝင်များက စာရင်းတွင် ပါဝင်နေသော်လည်း သူတို့သည် အသက်ရှင်လျက် ကောင်းမွန်စွာ ရှိနေဆဲ ဖြစ်သည်။ အန်နာစတေးရှား တီထွင်မှုတွင် ပါဝင်သူ အများစုက သေဆုံးသွားကြသော်ငြား ဘော့ဒါနော့ဗ် မိသားစုမှာ ယခုချိန်အထိ ကြီးပွားနေကြ၏။
သတ်ဖြတ်မှုများ နောက်ကွယ်က ဖြစ်နိုင်ခြေကို ဆက်စပ် စဥ်းစားမိသွားပြီး ထိတ်လန့်သွားသည့် ဂွမ်ထက်ဂျူ၏ မျက်လုံးများကြောင့် ဇန်းညာ နှုတ်ခမ်းထပ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာကာ ခေါင်းညိတ် လိုက်ပြန်သည်။
ဘော့ဒါနော့ဗ် မိသားစု၏ အန်နာစတေးရှား တီထွင်မှုတွင် ပါဝင်ခဲ့ပြီး သူတို့ကသာ အသက်ရှင် ကျန်ရစ်နေခြင်းက လက်နက်ကို တစ်ဦးတည်း ပိုင်ဆိုင်နိုင်ရန်အတွက် အခြားပညာရှင်များကို ရှင်းလင်းလိုက်ခြင်း ဖြစ်နိုင်သည်။
ဇန်းညာသည် ဂွမ်ထက်ဂျူ၏ တင်းမာနေသော အမူအရာကို စောင့်ကြည့်နေ၏။
"သိလိုက်ရတော့ ပါတီပွဲက နည်းနည်း စိတ်လှုပ်ရှားစရာ ကောင်းလာပြီ မဟုတ်လား"
"အဲဒါ ကျားဂူထဲနော်။ ငါက ကျားဖင်ကို လက်ဗလာနဲ့ ပြေးနှိုက်ရမှာလား"
ဂွမ်ထက်ဂျူက ခေါင်းကို တွင်တွင်ခါရင်း ညည်းညူလိုက်မိသည်။
ဇန်းညာ၏ သတင်းအချက်အလက်များသာ မှန်ကန်ပါက ဘော့ဒါနော့ဗ် မိသားစုသည် အန်နာစတေးရှား တည်နေရာကို သိနိုင်ခြေ မြင့်မားသည်။ သို့သော် ပြဿနာမှာ သူ၏ လက်ရှိ အခြေအနေပင်။ ပါတီပွဲသည် မနက်ဖြန်ည ဖြစ်ပြီး ဇန်းညာမှတစ်ဆင့် ရုံးချုပ်ကို ဆက်သွယ်နိုင်ခဲ့လျှင်တောင် တစ်ရက်အတွင်း လက်နက် ပစ္စည်းကိရိယာ အကူအညီများ ရရှိနိုင်ရန် ခက်ခဲလှသည်။ အသေအချာ ပြင်ဆင်မှုမရှိဘဲ ကျားဂူထဲသို့ အလောတကြီး ပြေးဝင်သွားပါက အရှုံးက သေချာနေသည်။
"ရုံးချုပ်က ဒီလောက် မြန်မြန်ဆန်ဆန် ပြင်ဆင်ပေးနိုင်မယ်လို့ ငါ မထင်ထားဘူး"
ဇန်းညာ ရယ်မောလိုက်ကာ "ထတော့" ဟု ပြောလျက် ဂွမ်ထက်ဂျူ စားထားသည်ကို ရှင်းပေးလိုက်ပြီး ဆိုင်ထဲမှ ထွက်သွားလေသည်။ ခဏအကြာတွင် ဂွမ်ထက်ဂျူ ရှေ့သို့ ပြောင်လက်နေသော အမိုးပွင့်ကား လှလှလေး တစ်စီးက ထိုးရပ်လာ၏။ ကား၏ သပ်ရပ်ကျော့ရှင်းမှုမှာ ပိုင်ရှင်နှင့် အပြိုင် လှပလွန်းနေသည်။
ဇန်းညာက ငေးမောကြည့်နေသော ဂွမ်ထက်ဂျူကို ကားထဲဆီသို့ တွန်းထည့်လိုက်ကာ အမြန်မောင်း ထွက်သွားလိုက်လေသည်။
မိနစ် ၃၀ မှ ၄၀ ခန့် မောင်းပြီးနောက် အထပ်မြင့် မိုးမျှော်တိုက်များ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်၌ လူသူနည်းပါး လာလေသည်။
"ရောက်ပြီ"
ဂွမ်ထက်ဂျူသည် စကားအပို တစ်ခွန်းမှ မမေးဘဲ လိမ်လိမ်မာမာ ကားပေါ်မှ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကိုသာ ကြည့်လိုက်၏။
‘ဂိုဒေါင်တွေ ဘာတွေလဲ မတွေ့ပါဘူး’
“စာအုပ်ဆိုင်” ဟု ရေးထားသော ဆေးပြယ်နေသည့် ဆိုင်ဘုတ်တစ်ခုနှင့် ပြိုကျတော့မလို ဟောင်းနွေးနေသော အဆောက်အဦးတစ်ခုသာ မြင်မိသည်။ ဆိုင်က ပိတ်ထားသည်မှာ ကြာညောင်းနေဟန် တူပြီး စျေးဝယ်သူများလည်း လာရောက်တော့မည် မထင်ပါချေ။
သူသည် ရှပ်တာတံခါးကို မ,တင်၍ ဝင်ရောက်သွားသော ဇန်းညာ နောက်သို့ ဝင်လိုက်သွားလိုက်သည်။ အတွင်းသို့ ရောက်သောအခါ ဇန်းညာက နောက်ထပ် တံခါးတစ်ချပ်ကို ဖွင့်ကာ မှောင်မည်းနေသော လှေကားထစ်များအတိုင်း ဆင်းသွားလေသည်။ ဂွမ်ထက်ဂျူက သူ့အတိုင်း လိုက်ဆင်းသွားရာ ချော်ကျလုနီးနီးပင် ဖြစ်သွားရသေးသည်။ သို့ဖြင့် အမှောင်ထုထဲတွင် နံရံကို ကိုင်ထားလျက် စမ်းတဝါးဝါးဖြင့် လိုက်ဆင်းသွားလိုက်၏။
နောက်ဆုံးတွင် သူ၏ ခြေထောက်များက ညီညာသော ကြမ်းပြင်ပေါ်သို့ ခြေချလိုက်နိုင်ခဲ့သည်။ အခန်းမှာ မှောင်နေသေးသော်လည်း သူ့ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ ထူထပ်နေသည်ကို ခံစားသိနိုင်သည်။ လှုပ်ရှားလိုက်တိုင်း ဖုန်မှုန့်များက သူ့နှာခေါင်းကို ယားကျိကျိ ဖြစ်အောင် လုပ်နေသောကြောင့်ပင်။
ထို့နောက် တစ်ခုခု လွဲမှားနေသေးကြောင်းလည်း သတိပြုမိလိုက်၏။ မြေအောက်ခန်းအတွင်း၌ စာအုပ်အဟောင်းများ၏ အနံ့အသက် လုံးဝ ရှိမနေပေ။
ရုတ်တရက် “ကလစ်” ဆိုသောအသံ နှင့်အတူ သူ၏ မြင်ကွင်းထဲသို့ မီးရောင်က လင်းခနဲ ဝင်ရောက်လာလေသည်။
"......?"
မျက်နှာကျက်မှ မီးရောင်က အခန်းကို အလင်း မှိန်ဖျဖျသာ ပေးနိုင်ကာ မီးဖွင့်ထားသည့်တိုင် အခန်းက အရိပ်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိနေတုန်းသာ။ မြေအောက်ခန်း ပတ်ပတ်လည်တွင် မြင့်မားသော စာအုပ်စင်ကြီးများ ရှိနေသော်လည်း စင်ပေါ်တွင် ဒိုင်ခွက်ဖုန်းဟောင်းတစ်လုံးမှလွဲ၍ ဘာမှမရှိ၊ ဗလာသက်သက်ပင်။
ဂွမ်ထက်ဂျူ မျက်မှောင်ကြုတ်ကာ သံသယများဖြင့် ဇန်းညာကို ကြည့်လိုက်၏။
ဇန်းညာသည် ဂွမ်ထက်ဂျူ၏ အကြည့်ကို ရရှိမှသာ ထိုဖုန်းဆီသို့ ချဉ်းကပ်သွားပြီး ဖုန်းခွက်ကို ကောက်ကိုင်ကာ နံပါတ်စဉ် ၃၊ ၉၊ ၁၊ ၆၊ ၅ ကို တစ်ခုချင်းစီ လှည့်လိုက်လေသည်။ ဖုန်းဒိုင်ခွက်သည် စည်းချက်ညီညီ လည်သွားပြီးနောက် မူလနေရာသို့ ရောက်ရှိသွားသောအခါ စက်သံတစ်ခု မြည်လာခဲ့၏။
ထို့နောက် ဗလာဖြစ်နေသော စာအုပ်စင်များက ဆူညံသံများ ပေးလာပြီး ဖုန်မှုန့်များက အလုံးရင်းလိုက် ထလာတော့သည်။
ဂွမ်ထက်ဂျူမှာ ဖုန်များကြောင့် မျက်လုံး ပိတ်ထားမိပြီး ပြန်ဖွင့်ကြည့်လိုက်သောအခါ စာအုပ်စင်ဟောင်းများသည် ပျောက်ကွယ်သွားခဲ့ပြီး တောက်ပနေသော သံမဏိဗီရိုကြီးတစ်လုံးက အစားထိုးနေရာ ယူထားလေသည်။
ဗီရိုအတွင်းတွင်တော့ သေနတ်အမျိုးမျိုး၊ နည်းပညာမြင့် ကိရိယာများ၊ ဗုံးငယ်လေးများကို သေသေချာချာ သပ်သပ်ရပ်ရပ် စီရီထားသည်ကို တွေ့လိုက်ရ၏။