no

Font
Theme

အခန်း ၃။ ဆိုက်ခ် ဘော့ဒါနော့ဗ် (၁)

ဆိပ်ခံတံတား၏ ထောင့်တစ်နေရာတွင် ကမ်းကပ်ခွင့် မပြုလုပ်ထားသည့် မော်တော်ဘုတ်တစ်စင်း ရပ်နားထားလေသည်။ သို့သော် မည်သူကမျှ တားဆီးစစ်ဆေးခြင်း မလုပ်ကြပေ။ အစိုးရ ရုံးသုံးအတွက် မှတ်ပုံတင်ထားသောကြောင့် လုပ်ရိုးလုပ်စဥ် ခွင့်ပြုချက် တောင်းခံခြင်းနှင့် စစ်ဆေးမှု ခံယူခြင်းများ အားလုံးမှ ကင်းလွတ်ခွင့်ရလေသည်။

ဂွမ်ထက်ဂျူက အေးအေးလူလူပင် သူ၏ခရီးဆောင်အိတ်ကို ယူပြီး အနီးနားရှိ ဂိုဒေါင်တစ်ခုထဲသို့ ဝင်သွားခဲ့၏။ ခဏအကြာ ထိုနေရာမှ ထွက်လာသောအခါ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ပြောင်းလဲ ဝတ်ဆင်ထားပြီး ဖြစ်လေသည်။

ဆိပ်ကမ်းဂိတ်ပေါက်မှ ထွက်လာသောအခါ ညနေစောင်း အချိန်သို့ပင် ရောက်ရှိနေခဲ့လေပြီ။ ကြိုတင် ခေါ်ယူထားသော တက္ကစီတစ်စီးသည် လမ်းမကြီးဘေးတွင် သူ့အား အရန်သင့် စောင့်ဆိုင်းနေခဲ့၏။ ထို့ကြောင့် ကားထဲသို့ တန်းဝင်ကာ ဘူဆန်ဘူတာရုံသို့ ဆက်လက် ထွက်ခွာလာခဲ့သည်။

ဘူတာရုံသို့ ရောက်သည့်အချိန်တွင် ဆိုးလ်သို့ ရထားထွက်ခွာတော့မည့် အကြောင်း ကြေညာနေသံကို ကြားနေရသည်။ KTX ကျည်ဆန်ရထားသည် ထွက်ခွာမည့် အချိန်ထပ် စောစီးစွာ ဆိုက်ရောက်ကာ ရပ်နားထားသော်ငြား ရထားပေါ် မတက်သေးဘဲ အလွမ်းသယ်နေသည့် ခရီးသည်တို့က ကျန်ရှိနေသေးသည်။

ခရီးစဥ်ကြေညာသံ ပေးလိုက်မှ အရေအတွက် မနည်းလှသော လူအုပ်ကြီးက ရထားစင်္ကြံ ပလက်ဖောင်းဆီသို့ ဦးတည် ပြေးလွှားကြတော့သည်။ မပြတ်တမ်း သွားလာနေသော ခရီးသည်များအကြား ဂွမ်ထက်ဂျူလည်း အနီးဆုံး တံခါးမှ ရထားပေါ်သို့ တက်လိုက်ကာ ထိုင်ခုံနံပါတ်ကို စစ်ပြီး ထိုင်လိုက်၏။ ညလယ်ပိုင်း အချိန်သို့ တိုင်ခဲ့ပြီ ဖြစ်၍ ရထားတွဲမှာလည်း တိတ်ဆိတ်နေလေသည်။

"ဒွီ... ဒွီ..."

သူ ထိုင်လိုက်သည်နှင့် သူ့ကုတ်အင်္ကျအတွင်းမှ ဖုန်းက မြည်လာခဲ့သည်။ အလုပ်နှင့် မဆိုင်သော ကိုယ်ပိုင်ကိစ္စများအတွက် အသုံးပြုသော ဖုန်းက မြည်နေခြင်း ဖြစ်သည့်အတွက် အမေထံမှ ခေါ်ဆိုမှုသာ ဖြစ်နိုင်သည်။ ခန့်မှန်းထားသလို အမေ့ထံမှ ဖြစ်နေလေရာ ဂွမ်ထက်ဂျူက သူ့ လည်ချောင်းသူ ရှင်းလင်းကာ ပုံမှန်လေသံဖြစ်အောင်လုပ်ပြီးမှ ဖုန်းကို ကိုင်လိုက်၏။

"ဟုတ်ကဲ့ အမေ၊ သား ခုနကပဲ ရထားပေါ် ရောက်တယ်။ ပွဲပြီးတော့ ရှင်းရလင်းရသေးတာနဲ့တာ ထင်ထားတာထက် နောက်ကျသွားလို့ နောက်ဆုံးရထားပဲ ရတော့တယ်။ ရထားက ပုံမှန်အတိုင်း ဆိုက်တယ်ဆိုရင်တောင် မနက်စောစောမှ ရောက်မှာ၊ အရင် အိပ်ထားနှင့်နော် အမေ။"

ထို့နောက် အလွတ်ရနေပြီ ဖြစ်သော အမေ၏ မေးခွန်းများကို တစ်ခုပြီး တစ်ခု စိတ်ရှည်လက်ရှည် ပြန်ဖြေပေးနေလိုက်သည်။ “ရထားက ဘယ်အချိန် ထွက်မှာလဲ၊ ဘယ်အချိန်လောက် ရောက်မှာလဲ၊ ဘူတာကနေ အိမ်ကို ဘယ်လို ပြန်မလဲ” စသဖြင့်။

တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်မျှသာ တွေ့ရသော သားဖြစ်သူ အိမ်ပြန်လာမည့် နေ့ရက်တို့က ငြီးငွေ့ဖွယ် သူ(မ) ဘဝအတွက် စိတ်လှုပ်ရှား စောင့်ကြိုနေရသည့် အထူးနေ့ရက်လေးများပင်။ ဤသည်ကို နားလည်သော ဂွမ်ထက်ဂျူက အခြား မည်သည့်နေရာမှ မသွားဘဲ အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာမည်ဟု ကတိပေးလိုက်မှသာ ဖုန်းကို ချလိုက်နိုင်ခဲ့သည်။

ဖုန်းချလိုက်သောအခါ နောက်ဆုတ်သွားခဲ့သော ပင်ပန်းနွမ်းနယ်မှုများက ဝင်ရောက် လာကြပြန်သည်။ နွမ်းနယ်နေသည့် ခန္ဓာကိုယ်အတွက် ဂွမ်ထက်ဂျူတစ်ယောက် သက်ပြင်းသာ ချလိုက်မိသည်။

မရှေးမနှောင်းမှာပင် ကျည်ဆန်ရထားက သူ၏ အတက်ဆင်းတံခါးများကို ပိတ်ပြီး ဆိုးလ်သို့ စတင် ထွက်ခွာလေတော့သည်။ ဂွမ်ထက်ဂျူမှာ သူ၏စေးကပ်ကပ် ဖြစ်နေသော ဦးခေါင်းကို ထိုင်ခုံနောက်မှီပေါ် တင်ကာ အနားယူရင်း ကျည်ဆန်ရထား၏ ညင်သာလှသော တုန်ခါမှုကို ခံစားနေမိသည်။

ညအချိန်မို့ ရထားတွဲတိုင်းက တိတ်ဆိတ်နေပြီး တာဝန်ရှိသူက ရပ်နားမည့်ဘူတာများကို တောက်လျှောက် ကြေညာပေးနေခဲ့သည်။ သို့သော် နောက်ဆုံးဘူတာ 'ဆိုးလ်' ဟု မကြေညာနိုင်ခင်မှာဘဲ ကြေညာသူ၏စကားသံမှာ တိခနဲ နေအောင် ဖြတ်တောက်ခံလိုက်ရ၏။ ထို့အတူ ရထားတွဲများထဲရှိ မီးရောင်များကလည်း မှိန်ကျ သွားကြလေသည်။

ရထားအတွင်းရှိ လေပူစက်၏ အပူရှိန်ကြောင့် ဂွမ်ထက်ဂျူ၏ တင်းမာ ကိုက်ခဲနေသော ကြွက်သားတို့က ပြေလျော့သွားကြသည်။ ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်လာသည့်အလျှောက် မျက်လုံးတို့မှာ ရီဝေမှုန်ဝါးလာကာ မျက်တောင်လေးများကလည်း ပေါင်ချိန်တစ်ထောင် ရှိသကဲ့သို့ လေးလံ လာချေသည်။

ဆိုးလ်သို့ ရောက်ဖို့ ၃ နာရီလောက် လိုသေးတယ်။ နည်းနည်းလောက် အိပ်လိုက်ရမလား?

ဂွမ်ထက်ဂျူသည် အိပ်ချင်သည့် စိတ်ကို မတွန်းလှန်နိုင်တော့ဘဲ မျက်လုံးများ မှိတ်လိုက်တော့မည့် အချိန်တွင်

"ဒွီ.. ဒွီ..."

တုန်ခါမှုတစ်ခုက အိတ်ကပ်အတွင်းတွင် ရုတ်ခြည်း ပေါ်ပေါက်လာ၏။ အမေနှင့် စကားပြောရန် အသုံးပြုခဲ့သော ဖုန်းက လက်ထဲတွင် ကိုင်ထားဆဲဖြစ်သည့်အတွက် မြည်နေသော ဖုန်းသည် သေချာပေါက် အလုပ်က ဆက်လာတာ ဖြစ်လိမ့်မည်။

ဂွမ်ထက်ဂျူသည် ထိုဖုန်းကို လျစ်လျူရှုပြီး အိပ်ရန် ကြိုးစား ကြည့်ခဲ့သော်လည်း ဖုန်းက မကိုင်မချင်း ဆက်လက် တုန်ခါနေလေသည်။ တိတ်ဆိတ်နေသော ရထားတွဲတွင် အဆက်မပြတ် ကြားနေသည့် တုန်ခါသံက ခရီးသည်များကို စတင်ကာ စိတ်မသက်မသာ ဖြစ်လာစေ၏။

"ဟူးးး..."

နောက်ဆုံးတွင် ဘေးတိုက် လဲလျောင်းနေသော သူ့ကိုယ်ခန္ဓာကိုယ်ကို တည့်တည့် ပြန်ထိုင်လိုက်ပြီး ဖုန်းကို ကိုင်ရန် ခလုတ်ကို နှိပ်လိုက်ရသည်။

မင်း အခု ဘယ်မှာလဲ?

ဖုန်းကိုင်လိုက်သည်နှင့် မေးလာသူက ထင်ထားသည့်အတိုင်း အဖွဲ့မှူး ‘လင်မ်’ ဖြစ်နေသည်။ ယွန်းဂျုံးဝူသာ ပင်လယ်ရေအောက်တွင် မြုပ်မသွားဘူးဆိုလျှင် မစ်ရှင်လုပ်ဆောင်ချက် အသေးစိတ်ကို အစီရင်ခံ ပြီးလောက်ပြီ။

အဖွဲ့မှူး ‘လင်မ်’ က ဘာလို့ ဖုန်းခေါ်တာလဲ။ ခေါင်းဆောင်ကြီး ကိုယ်တိုင် သူ့ထံမှ ဖုန်းဆက်သွယ်လာတိုင်း ကောင်းသော အရာတစ်ခုမှ မရှိခဲ့ဖူးချေ။

"တစ်ခုခု မှားနေတာလား"

“ငါ မင်းကို ခဏလေး တွေ့ချင်တယ်။”

‘ထင်တဲ့အတိုင်းပဲ။ ခေါ်ဆူမလို့ အပြင် ဘာရှိအုံးမှာလဲ။’

ဂွမ်ထက်ဂျူ တွေးမိသည့် တစ်ခုတည်းသော အရာက ခုနလေးကမှ ပြီးဆုံးသွားသော သူလျှို ဖမ်းဆီးရေး မစ်ရှင်သာ ရှိသည်။ တိတ်တဆိတ် ကိုင်တွယ်ဖြေရှင်းသင့်သော စစ်ဆင်ရေးဖြစ်သော်လည်း မျက်မြင် သက်သေ အများအပြား ရှိသွားခဲ့ရသည်။

အပြစ်မဲ့သော အရပ်သားတစ်ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် အကြောင်းပါဝင်သော အစီရင်ခံစာကို ဖတ်လိုက်ရသည့် အရာရှိကြီးတို့က ထိတ်လန့် သွားနိုင်လောက်သည်။ ထို့အပြင် ကမ်းခြေစောင့်တပ်လည်း ပါဝင်နေသဖြင့် သတင်းတစ်စမှ ထွက်မသွားအောင် လုပ်ရန်မှာ မလွယ်ကူတော့ပေ။

သတင်းထောက်များက အဆိုပါ အဖြစ်အပျက်ကို အနံ့ခံမိပြီးသား ဖြစ်နေနိုင်သည်။ လျှို့ဝှက်အဖွဲ့အစည်းဆိုသည့် အကြောင်းပြချက်ဖြင့် ထိခိုက်နစ်နာမှုကို ဖြေရှင်းချက် မပေးဘဲ လုပ်သည် ဆိုသည့် စွပ်စွဲချက်များ နှင့် မီဒီယာတို့၏ လျှာစောင်းထက်လှသော မေးခွန်းများကို အဖွဲ့မှူးက ဒိုင်ခံ ဖြေရှင်းရတော့မည်။

ယခုမှ ဆင်ခြေပေးလည်း အသုံးမဝင်မှန်း သိသော်လည်း ဂွမ်ထက်ဂျူက သင့်လျော်သည့် အကြောင်းပြချက်တစ်ခုကို ကြိုးစားရှာနေမိ၏။

"အဲတုန်းက အခြေအနေအရ အကောင်းဆုံး လုပ်ခဲ့တာပါ။ ခေါင်းဆောင်းလဲ သိတယ်လေ။"

‘ဟုတ်ပါပြီ။ ဒီကိုလာပြီး စကားနည်းနည်းလောက် ပြောကြရအောင်’

ထိုသို့သော ငြင်းမရသည့် အမိန့်မျိုး မပေးတတ်ပါက တမိုးအောက် ခေါင်းဆောင်ကြီး ‘လင်မ်’ ဖြစ်လာနိုင်မည် မဟုတ်ပေ။

ဒီစစ်ဆင်ရေး မစတင်မီကတည်း မနက်ဖြန်က သူ့အမေ၏ မွေးနေ့ဖြစ်ကြောင်းကို အနှီအဖွဲ့မှူးထံ အကြိမ်ကြိမ် သတိပေးထားခဲ့ပြီး ဖြစ်၏။ အမေတစ်ခု သားတစ်ခုသာ ရှိတော့သည်မို့ သူ ပြန်မလာမချင်း စိတ်ပူကာ စောင့်နေမည့် အမေထံသို့ မဖြစ်မနေ အိမ်ပြန်ရပေမည်။

ကိုရီးယားစစ်ပွဲ ဒုတိယအကြိမ် ဖြစ်ပွားခဲ့လျှင်တောင် သူ့အား အမေထံသို့ သေချာပေါက် ပြန်ပို့ပေးမည်ဟု ဖုန်းထဲကလူကပဲ ကတိ ပေးခဲ့တာ မဟုတ်ဘူးလား။

ဂွမ်ထက်ဂျူက ထိုကတိအား မေ့နေလောက်သူကို ပြန်အစဖော် ပြောလိုက်ရ၏။

"ခေါင်းဆောင်ကြီး မေ့သွားပြီလား? မနက်ဖြန်က ကျွန်တော့်အမေရဲ့ မွေးနေ့လေ။ နားခွင့်လေးတော့ ပေးပါအုံး"

“ငါ မင်းကို အကြာကြီး မဆွဲထားပါဘူး”

မျက်နှာအရည်ထူပြီး အလျှော့မပေးသော အဖွဲ့မှူးကြောင့် ဂွမ်ထက်ဂျူမှာ ငြင်းဆန်စရာ စကား မရှိတော့ပေ။ စိတ်အိုက်အိုက်ဖြင့် သူ၏ စိုနေသော ဆံပင်များကို ထိုးဖွလိုက်လေသည်။ ရထားတွဲ၏ ပြတင်းပေါက် အပြင်ဘက်မှ လျင်မြန်စွာ ဖြတ်သွားသော ရှုခင်းများကို ကြည့်ရင်း အဖွဲ့မှူး ငြင်းမရနိုင်လောက်သည့် စကားဖြင့် ပြန်လည် ချေပလိုက်၏။

"ဒါပေမဲ့ ရထားက သွားနေပြီလေ၊ ကျွန်တော် ဘယ်လိုလုပ် လာလို့ရမှာလဲ"

ထိုအချိန်တွင်ပင်...

သူ့လမ်းကြောင်းပေါ်တွင် အနှောက်အယှက်မရှိ ပြေးနေသော ကျည်ဆန်ရထားက ရုတ်တရက် ရပ်တန့်သွားလေသည်။

သီချင်း နားထောင်သူ၊ မိုဘိုင်း ဂိမ်းကစားသူ၊ စသည့် ကိုယ့်အာရုံဖြင့် ကိုယ်အလုပ်များနေကြသော ခရီးသည်များက ဘာများဖြစ်လို့လဲ ဟူသည့် အမူအယာများဖြင့် တအံ့တသြ ပတ်ဝန်းကျင်ကို ကြည့်ရှု လာကြသည်။

ကျည်ဆန်ရထားသည် ဥမင်လိုဏ်ခေါင်းအတွင်း ရပ်တန့်နေသည်မှာ အချိန်အနည်းငယ် ရှိသွားပြီ ဖြစ်သော်လည်း မည်သည့် ကြေညာချက်မှ မပေးသလို၊ ရထားအမှုထမ်းများလည်း ရောက်လာခြင်း မရှိပေ။

မောင်းနှင်နေစဥ်အတွင်း စက်ချို့ယွင်းမှုက ကျည်ဆန်ရထားတွင်လည်း မကြာခဏ ဖြစ်ပွားတတ်သောကြောင့် ခရီးသည်တစ်ဦးတစ်ယောက်မျှ ပူပင်ကြောင့်ကြခြင်း မဖြစ်ကြချေ။ စပ်စုသည့် လူအချို့က ဟိုကြည့်ဒီကြည့် လုပ်လိုက်သော်ငြား သူတို့၏ စိတ်ဝင်စားမှုတို့က ကြာကြာမခံလိုက်ဘဲ ပြန်လည် အိပ်စက် သွားကြတော့သည်။

‘ဟုတ်တယ် ဘာမှ ကြီးကြီးမားမား မဟုတ်လောက်ပါဘူး’

ဂွမ်ထက်ဂျူလည်း ထိုလူများနည်းတူ ယုံကြည်ထားလိုက်သည်။ သို့သော် ဒီလို စိတ်တထင့်ထင့် ဖြစ်နေသည့် ခံစားချက်မျိုးက တကယ်ဖြစ်လာတတ်သည်။

“ဆင်းတော့၊ မြန်မြန်”

လှည့်ကွက်များဖြင့် ပြည့်နှက်နေသည့် အဖွဲ့မှူး လင်မ်က ပါးနပ်စွာ ညွှန်ကြားလိုက်တော့သည်။ စဥ်းလဲလွန်းလှသည့် မြေခွေးအိုကြီးပါပင်။

ဂွမ်ထက်ဂျူသည် "ဘာဖြစ်တာလဲ" ဟု မေးတော့မလို လုပ်စဉ် စပီကာမှ ကြေညာချက်တစ်ခု ထွက်ပေါ်လာလေသည်။

"ရထားလမ်းပေါ်တွင် ပြဿနာ ရှိနေသောကြောင့် ရထားကို ခဏတာ ရပ်တန့်ထားမှာဖြစ်ပြီး ဖြေရှင်းပြီးတာနဲ့ ချက်ချင်း ထွက်ခွာမှာ ဖြစ်ပါတယ်။ နားလည်‌ပေးကြမယ်လို့ကို မျှော်လင့်ပါတယ်ရှင့်"

' ပြဿနာ ဖြေရှင်းပြီးတာနဲ့ ချက်ချင်း '။ ဆိုလိုသည်မှာ ဂွမ်ထက်ဂျူသည် ညွှန်ကြားချက်များကို မလိုက်နာပါက ရထားသည် ဤနေရာတွင် ကျောက်ချနေမည်ကို ဆိုလိုခြင်း ဖြစ်သည်။

“မင်း ရထားပေါ်က မဆင်းတော့ဘူးလား?”

ချိုသာသည့်စကားသံတွင် ဖိအားပေးမှုတို့က ပါဝင်နေသည်။ ထို့အပြင် ရွှင်မြူးနေသကဲ့သို့ သူ့အလိုအတိုင်း ဖြစ်လာမည့် ပိုင်နိုင်သေချာခြင်း တို့ကိုလည်း ဂွမ်ထက်ဂျူ ခံစားမိနေသည်။

သူ့စိတ်ရှိတိုင်းသာဆိုလျှင် အနှီမြေခွေးအိုကြီး၏ အမိန့်ကို နာခံမည် မဟုတ်သလို အခြားခရီးသွားများကိုလည်း ဂရုစိုက်မည် မဟုတ်ပေ။

သို့သော် ရထား မမောင်းလျှင် ဂွမ်ထက်ဂျူလည်း အိမ်သို့ ပြန်နိုင်မည့် မဟုတ်ပေ။

ဂွမ်ထက်ဂျူ စိတ်တိုလွန်းလို့ ခေါင်းကို ထိုင်ခုံနောက်မှီဖြင့် စောင့်လိုက်၏။ ဖုန်းကို ချပစ်လိုက်ပြီး တစ်မိနစ်ကြာသည်အထိ ‘လင်မ်’ က ပြန်ခေါ်လာခြင်း မရှိသလို၊ ရထားမှာလည်း ထွက်ခွာမည့် အရိပ်အယောင်လည်း မရှိခဲ့ပေ။

မငြင်းဆန်နိုင်တော့သည့် အဆုံးတွင် သက်ပြင်းချကာ ဂွမ်ထက်ဂျူ ထရပ်လိုက်လေသည်။ စတင်လမ်းလျှောက် လိုက်သည်နှင့် အတက်အဆင်းတံခါးက သူ့ကို စောင့်နေသကဲ့သို့ ပွင့်သွားသောကြောင့် ခေါင်းကိုသာ ခါယမ်းလိုက်မိ၏။ ထို့နောက် လှေကားထစ်များမှ ဆင်းကာ ကျောက်စရစ်လမ်းပေါ် လျှောက်လှမ်း သွားလိုက်တော့သည်။

ဂွမ်ထက်ဂျူသည် ရထားနောက်ဘက်သို့ လျှောက်သွားနေရင်းမှ ဖုန်းခေါ်ဆိုလိုက်သည်။ သူ ဥမင်လိုဏ်ခေါင်းမှ ထွက်သည်နှင့် ရပ်နေသော ကျည်ဆန်ရထားသည် စတင်ရွေ့လျားတော့သည်။

ရထားထွက်သွားချိန်တွင် ဂွမ်ထက်ဂျူ၏ ခေါ်ဆိုမှုကို ဖြေကြားလာသည့် "ဟယ်လို" ဟုသော အမေ၏ အသံကို ကြားလိုက်ရ၏။ သူ(မ)၏ အသံသည် အရင်ကထက် ပို၍ လေးပင်နေလေသည်။ ပြန်လာမည်ဟု အသေအချာ ပြောခဲ့သော သားဖြစ်သူက အရေးပေါ်အလုပ်ဟူသော အကြောင်းပြချက်ဖြင့် ကတိကို ချိုးဖောက်ရက်မည်ကို စိုးရိမ်နေလေသည်။

"အမေ၊ ကျွန်တော်ပါ။ ရထားမှာ ပြဿနာရှိလို့ နည်းနည်း နောက်ကျလိမ့်မယ်။”

“မဟုတ်ဘူး၊ ဒီတစ်ခါတော့ ကျွန်တော် သေချာပေါက် ပြန်လာမှာ၊ နည်းနည်းပဲ နောက်ကျမှာပါ။"

လှမ်းနေသည့် ခြေလှမ်းတို့ တုံ့ဆိုင်းသွားပြီး ဂွမ်ထက်ဂျူ နောက်ထပ် စကားကို ဆက်ပြောလိုက်၏။

"ဒါဆို အမေ ဖယောင်းတိုင် မထွန်းနဲ့အုံးနော်၊ ကျွန်တော့်ကို စောင့်နေပါ။"

ဂွမ်ထက်ဂျူသည် စီစဥ်ပေးထားသော ရဟတ်ယာဉ်ဖြင့် လိုက်ပါသွားပြီးနောက် အမျိုးသား ထောက်လှမ်းရေး အဖွဲ့အစည်း(NIS) သို့ ရောက်ရှိသွားခဲ့သည်။ ရဟတ်ယာဉ်ကွင်းတွင် သူ့အား စောင့်ဆိုင်းနေသော ဝန်ထမ်းတစ်ဦးက အရာရှိကြီး နှစ်ဦးရှိရာ ရုံးခန်းသို့ လမ်းညွှန် ခေါ်ဆောင်သွားပေးနေသည်။

သူ့ကို တွေ့ရန် ခေါ်သူမှာ အဖွဲ့မှူး လင်မ် ဖြစ်သော်လည်း ဝန်ထမ်းက လင်မ်၏ ရုံးခန်းသို့ မဟုတ်ဘဲ လက်ထောက်ဒါရိုက်တာ(၁)၏ ရုံးခန်းသို့ ခေါ်ဆောင်လာခြင်းက ဂွမ်ထက်ဂျူကို အတွေးများသွားစေသည်။

[T/N: ဒီနေရာမှာ NIS အကြောင်း ဂူဂယ်လုပ်ထားတာလေး ထည့်ချင်ပါတယ်။

NIS ရဲ့ ဖွဲ့စည်းပုံပါ။

NIS မှာ ဒါရိုက်တာ တစ်ယောက်ရှိပြီး သူ့လက်အောက်မှာ လက်ထောက် ဒါရိုက်တာ ၃ ယောက်ရှိပါတယ်။

လ/ထ ဒါရိုက်တာ(၁) - မြောက်ကိုရီးယားဆိုင်ရာ နှင့် ပင်လယ်ရပ်ခြား သတင်းအချက်အလက်စုဆောင်းရေး

လ/ထ ဒါရိုက်တာ(၂) - ပြည်တွင်းထောက်လှမ်းရေး၊ ကောင်တာထောက်လှမ်းရေး (ပြိုင်ဘက်နိုင်ငံများ၏ ထောက်လှမ်းမှုကို တွန်းလှန်ခြင်း) နှင့် ကွန်မြူနစ်ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုများ။

လ/ထ ဒါရိုက်တာ(၃) - ဆိုင်ဘာလုံခြုံရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း။

လက်ထောက်ဒါရိုက်တာတွေ အောက်မှာ ဌာနခွဲတွေ အများကြီးရှိပြီး ဖွဲ့စည်းပုံကို သေချာ မသိရပါဘူး။

လင်မ်ကို ဒါရိုက်တာ ဆိုပြီး fandom တွေမှာ ရေးထားတာ တွေ့ရပါတယ်ရှင့်။ Novel E-Tran မှာတော့ Manager လို့ ရေးထားပါတယ်။ အေးဂျင့် အဖွဲ့အစည်းအတွက်ကျ သုံးဖို့ မသင့်တော့ဘူးထင်လို့ပါ။ ဒါကြောင့် လင်မ်ရဲ့ ရာထူးကို အဖွဲမှူး/ ဌာနမှူးလို့ပဲ သုံးလိုက်ပါတယ်။ နောက်ပိုင်း အပြောင်းအလဲရှိရင် Note ထည့်ပေးပါ့မယ်ရှင့်။]

လက်ထောက်ဒါရိုက်တာ သုံးဦးသည် အမျိုးသား ထောက်လှမ်းရေး အဖွဲ့အစည်း၏ ထိပ်တန်း အမှုဆောင်များ ဖြစ်ပြီး တစ်ဦးချင်းစီက သီးခြား အလုပ်တာဝန်များကို တာဝန်ယူထားကြပြီး သူတို့၏ လုပ်ပိုင်ခွင့်နှင့် နယ်ပယ်များထက် ကျော်လွန်သော ကိစ္စရပ်များတွင် ပါဝင် စွက်ဖက်ခွင့်မရှိပေ။

ထိုသို့ ဖွဲ့စည်းပုံရှိသည့် အဖွဲ့အစည်းအောက်မှ ဒါဇင်နှင့်ချီသော ဌာနခွဲများက သက်ဆိုင်ရာ လက်ထောက်ဒါရိုက်တာ၏ အမိန့်ကိုသာ လိုက်နာရန်မှာ ထုတ်ပြန်စရာမလိုသည့် စည်းမျဉ်းပင် ဖြစ်သည်။

ထို့ကြောင့် လက်ထောက်ဒါရိုက်တာ(၃)၏ လက်အောက်ရှိ သူလျှိုနှင့် ထောက်လှမ်းရေးလုပ်ငန်းများတွင် ပါဝင်နေသော ဂွမ်ထက်ဂျူနှင့် လင်မ် တို့သည် လက်ထောက်ဒါရိုက်တာ(၁)၏ ရုံးခန်းတွင် တွေ့ဆုံစရာ အကြောင်းမရှိပေ။

‘ဒီမှာ ဘာတွေ ဖြစ်နေတာလဲ?။’

ဂွမ်ထက်ဂျူ၏ ခေါင်းထဲတွင် မေးခွန်းများ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေစဥ် ဝန်ထမ်းက ရုံးခန်းတံခါးကို ခေါက်လိုက်လေသည်။ ဝင်လာရန် ခွင့်ပြုချက်ကို ပေးလိုက်သည့်အသံက အဖွဲ့မှူး ‘လင်မ်’၏ အသံ မဟုတ်ပေ။

ဝန်ထမ်းက ရုံးခန်း တံခါးကို ဂွမ်ထက်ဂျူအတွက် ဖွင့်ပေးလိုက်၏။

ဂွမ်ထက်ဂျူမှာ အထက်အရှိများကို နှုတ်ဆက်ရမည့် ယဥ်ကျေးမှုကိုပင် မေ့သွားပြီး တစ်ဖက်တွင် ထိုင်နေသော လက်ထောက်ဒါရိုက်တာ(၁)ကို ကြည့်လိုက်သည်။ လက်ထောက် ဒါရိုက်တာ(၁)က သူ့ရုံးခန်း သူ့နေရာတွင် ထိုင်နေခြင်းမှာ အံ့သြစရာ ကိစ္စတော့ မဟုတ်ပေ။ သို့သော် သူ ရင်ဆိုင်နေရသော လက်ရှိအခြေအနေမှာ သူတစ်လမ်းလုံး တွေးလာသည်နှင့် ကွာခြားနေသည်။

အကြောင်းမှာ ဂွမ်ထက်ဂျူကို ခေါ်ဆိုခဲ့သော အဖွဲ့မှူး ‘လင်မ်’ သည်လည်း လက်ထောက်ဒါရိုက်တာ(၁)၏ ဘေးတွင် ထိုင်နေသောကြောင့် ဖြစ်သည်။ ဂွမ်ထက်ဂျူက အခြေအနေကို ရှင်းပြပေးရန် စောင့်နေကြောင်း အဖွဲ့မှူး ‘လင်မ်’ ကို တည့်တည့်ကြည့်ကာ အသိပေးလိုက်သော်လည်း အားကိုးရသည့် အဖွဲ့မှူးထံမှ ရှုပ်ထွေးသည့် အပြုံးတစ်ခုသာ ပြန်ရလိုက်၏။

“!!”

ဂွမ်ထက်ဂျူ လူကိုယ်တိုင် ရောက်လာပြီ ဖြစ်သော်လည်း စကားစ မလာကြသေးဘဲ ပြုံးပြုံးကြီး ကြည့်နေကြသည့် အထက်အရာရှိနှစ်ဦးကြောင့် ရုံးခန်းတွင်း လေထုက ထူးဆန်းနေပြီး စိတ်တထင့်ထင့် ဖြစ်လာရပြန်သည်။

ဂွမ်ထက်ဂျူသည် လက်ထောက် ဒါရိုက်တာ(၁)နှင့် အဖွဲ့မှူး လင်မ် တို့ကို ကြည့်လိုက်သည်။ ဂွမ်ထက်ဂျူ၏ စိုးရိမ်မကင်းဖြစ်နေမှုကို လျော့ကျသွားစေရန် လက်ထောက် ဒါရိုက်တာ(၁)က နူးညံ့သော အမူအရာဖြင့် စတင် ပြောဆိုလာလေသည်။

"မင်း ဘူဆန်မှာ မစ်ရှင်ပြီးသွားပြီလို့ ကြားတယ်၊ ဟုတ်လား။"

"ဟုတ်ပါတယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။"

လက်ထောက် ဒါရိုက်တာ(၁) ၏ စကားများ ပြီးဆုံးသည်နှင့် ဂွမ်ထက်ဂျူက တုံ့ပြန်လိုက်သည်။ မစ်ရှင်မှာ ပြည်သူများကြား ရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့သော်လည်း လက်ထောက် ဒါရိုက်တာ(၁)မှ ဂွမ်ထက်ဂျူကို ဆူပူကြိမ်းမောင်းပါက ကို သူ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တာပင်။

လက်ထောက် ဒါရိုက်တာ(၁)နှင့် အဖွဲ့မှူး လင်မ် တို့က ချက်ချင်း ကာကွယ်ပြောဆိုလာသော ဂွမ်ထက်ဂျူကို ကြည့်ပြီး ထူးဆန်းသော အပြုံးများဖြင့် ဆက်ကြည့်နေကြပြန်သည်။ ဂွမ်ထက်ဂျူအတွက် ထိုအကြည့်များက အဆင်ပြေမနေပေ။

"အဲဒါက ငါ မင်းကို ဒီကို ခေါ်ခဲ့တဲ့ အကြောင်းရင်း မဟုတ်ဘူး၊ ဒါအတွက်လဲ စိတ်ပူနေစရာ မလိုပါဘူး။ စစ်ဆင်ရေးကာလမှာ နည်းနည်ပါးပါး ဆူဆူပူပူဖြစ်တာက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားတာနဲ့ ယှဉ်ရင် အရေးမပါပါဘူး။ ဟုတ်တယ်မလား၊ အဖွဲ့မှူး လင်မ်?"

အပြောအဆို ညက်ညောပုံက မြေခွေးအိုကြီးတို့၏ ထုံးစံပင်။

ဂွမ်ထက်ဂျူသည် သံသယများကို မပျောက်သေးဘဲ အဖွဲ့မှူး လင်မ် ကို ကြည့်လိုက်၏။

အပြုံးတစ်ခု ပန်ဆင်ထားသော အဖွဲ့မှူးက ခေါင်းကိုသာ ယမ်းပြလာသဖြင့် ဂွမ်ထက်ဂျူ ပို၍ ရှုပ်ထွေးလာရသည်။

ဘူဆန်တွင် ဖြစ်ပျက်ခဲ့သည် ပြဿနာများ မဟုတ်ပါက၊ ဤမျှ ညဉ့်နက်နေသော အချိန်တွင် သူ့အား ဌာနချုပ်ကို ဘာကြောင့် လာခိုင်းရသလဲ။ ဂွမ်ထက်ဂျူ ဖြစ်နိုင်ခြေတို့ကို စဥ်းစားကြည့်သော်ငြား မည်သည့် ကောက်ချက်ချမှုကိုမျှ မလုပ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် အဖွဲ့မှူး လင်မ်က ဂွမ်ထက်ဂျူကို စိတ်ရှုပ်ထွေးအောင် ထပ်ဖိအားမပေးတော့ဘဲ သူ ကိုင်ထားသော တက်ဘလက်ကို စားပွဲပေါ် တင်လိုက်လေသည်။

"ဘာများလဲ?"

"အရင် ကြည့်လိုက်ပါဦး။"

ဂွမ်ထက်ဂျူသည် ပခုံးတွန့်လိုက်ပြီး တက်ဘလက်ကို ယဥ်ကျေးမှုအရ ကောက်ယူလိုက်ကာ ပထမစာမျက်နှာကို စိတ်မပါလက်မပါ လှန်လိုက်လေသည်။ သတင်းများကို လှန်လှောကာ ကြည့်နေသည့် ပျင်းရိသော အကြည့်တို့မှာ တဖြည်းဖြည်း စိတ်ဝင်တစား ဖြစ်လာကြသည်။

ဂွမ်ထက်ဂျူသည် စာမျက်နှာများကို အောက်သို့ ဆွဲချလိုက်သည်။ အသက်ရှုရန်ပင် မေ့လျော့သွားမိသည်အထိ အချက်အလက်များကို ဖတ်ရှုနေကာ တစ်မျက်နှာများက တစ်မျက်နှာပြီး တစ်မျက်နှာ အလျင်အမြန် ပြောင်းသွားကြသည်။

အဖွဲ့မှူးလင်မ်သည် ထိုလှုပ်ရှားမှုများကို ခဏမျှ အကဲခတ်လိုက်ပြီးမှ ပြောလိုသည့်စကားကို စတင်လိုက်၏။

"ဒါက မကြာသေးခင်ကမှ ရရှိခဲ့တဲ့ အထူးထောက်လှမ်းရေး အချက်အလက်တွေပဲ။ ဒီသတင်းကို သိထားတာတော့ကြာပြီ။ သတင်းက အမှန်ပဲဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားကို ရတာတော့ ဒါက ပထမဆုံးအကြိမ်ပဲ။”

“မင်း မြင်တဲ့အတိုင်းပဲ၊ အဓိကက မြောက်ကိုရီးယားနဲ့ ရုရှားက လွန်ခဲ့တဲ့သုံးနှစ်ကတည်းက လက်နက်အသစ်ကို ပူးပေါင်းဖန်တီးဖို့ စတင်ခဲ့တာ။ ဒီလက်နက်သာ ရသွားရင်က ကမ္ဘာပေါ်က တခြားဘယ်နိုင်ငံမှာမှ မရှိဖူးတဲ့ လက်နင်အင်အားကို ရသွားမှာ။ ဒါဆို ကမ္ဘာ့နိုင်ငံရေးကလည်း ပြောင်းလဲသွားလိမ့်မယ်။”

“အန်နာစတေးရှား”

“အဲဒါက လက်နက်ရဲ့ နာမည်လား၊ လက်နက်ထုတ်လုပ်ဖို့ မြောက်ကိုရီးယားနဲ့ ရုရှားကြားက လျှို့ဝှက် သဘောတူညီချက်လား မသေချာဘူး။ လက်နက်ထုတ်လုပ်သူရဲ့ နာမည်တောင် ဖြစ်နိုင်တယ်။ အခုချိန်မှာ ဒီလက်နက် ပြီးသွားပြီလား မပြီးသေးဘူးလား ဆိုတာလဲ မသိရသေးဘူး။"

လက်ထောက် ဒါရိုက်တာ(၁)နှင့် အဖွဲ့မှူး လင်မ်တို့ ပူးပေါင်းမှု၏ အဓိပ္ပာယ်ကို ဂွမ်ထက်ဂျူ နားလည်သွားခဲ့ပြီ။ အကယ်၍ မြောက်ကိုရီးယားနှင့် ရုရှားတို့သည် ဖျက်ဆီးရေး လက်နက်ဆန်းများကို ပူးပေါင်းဖန်တီးပြီးပါက မည်သူ့ကို အရင်ဆုံး ပြဿနာရှာနိုင်မလဲ။ အများကြီး မစဉ်းစားနေစရာပင်လို ကိုရီးယားနှင့် အမေရိကန် ဖြစ်လိမ့်မည်က သိသာသည်။

"အဲဒီ လက်နက်က ဘာလဲဆိုတာကို သိဖို့ လိုတယ်။ ဒီလက်နက်နဲ့ ပတ်သတ်တဲ့ အချက်အလက် မရှိရင် လက်နက်အင်အား မျှခြေကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ 'အန်နာစတေရှား' မပြီးသေးဘူးဆိုရင်၊ တတ်နိုင်သမျှ အဲဒါ မပေါ်လာအောင် ရပ်တန့်ရမယ်။"

"ကမ္ဘာကြီးနဲ့ လူသားမျိုးတွေရဲ့ ငြိမ်းချမ်းရေးအတွက် ငါတို့ ဘာလုပ်နိုင်ဦးမလဲ။ ကမ္ဘာကြီးမှာ ကြီးကြီးမားမား ဒုက္ခတွေ မကြုံရအောင်လို့ ခိုးယူလိုက်တာကလဲ မကောင်းတာတော့ မဟုတ်ဘူးပေါ့"

[t/n: ကလေးကို ဂျင်းထည့်မလို့ စကားကြီးစကားကျယ် ပြောနေတဲ့ မြေခွေးအိုကြီးတွေ 😡]

ထို့ကြောင့် မြောက်ကိုရီးယားနှင့် ရုရှားတို့ ပူးပေါင်းထားသော လက်နက်ကို ရှာဖွေရန် လိုအပ်သည်။ ဆိုလိုသည်မှာ လက်နက်၏ တည်ဆောက်ပုံ ပုံကြမ်းနှင့် လျှို့ဝှက်ချက်များကို ယူဆောင် လာနိုင်ရမည်။ ထိုအရာများကို မယူနိုင်ပါက အခြားသူများလည်း မရအောင် ဖျက်ဆီးပစ်ရမည်။

‘ဘယ်သူက လုပ်ရမှာလဲ။ ငါလား?’

သူသည် အမျိုးသား ထောက်လှမ်းရေး အဖွဲ့အစည်း(NIS)တွင် အထူးအေးဂျင့်အဖြစ် စတင်လုပ်ကိုင်ကတည်းက ပြည်ပစစ်ဆင်ရေးများသို့ စေလွှတ်ခံရခြင်းမှာ ပုံမှန်လိုပင်။ ပြည်ပစစ်ဆင်ရေးထပ် ကိုရီးယားတွင် တာဝန် ထမ်းဆောင်ရသည့် အချိန်က ပိုများသော်လည်း ပြည်ပတာဝန်ကို လက်ခံရရှိသည်က အထူးအဆန်းတော့ ဖြစ်မနေခဲ့ပေ။

သို့သော် ဤမစ်ရှင်က ရုရှားတွင် လုပ်ဆောင်ရမည်မှန်း အချက်အလက်များအရ သိရှိထားသည်။ ၎င်းနယ်မြေက လျှို့ဝှက်လှုပ်ရှားရန် မဆိုထားနှင့် တစ်ခါမှ ခြေမချဖူးသော နယ်မြေတစ်ခု ဖြစ်နေသည်။

ဂွမ်ထက်ဂျူသည် NIS သို့ စတင် ဝင်ရောက်စဥ်ကတည်းက တရုတ်၊ ပါရှန်းနှင့် ရုရှားဘာသာစကားများကို လေ့ကျင့်သင်ကြားခဲ့သည်။ သူ မော်စကိုသို့ ချက်ချင်း ပြောင်းရွှေ့ရပါလျှင်ပင် ဘာသာ စကားပြောဆိုရာတွင် အခက်အခဲ မရှိနိုင်ပေ။

(ပါရှန်းက အီရန်၊ အာဖဂန်နစ္စတန်၊ တာ့ဂျ်ကစ္စတန်နိုင်ငံသုံး ဘာသာစကားပါ)

သို့သော် စစ်ဆင်ရေးဆိုသည်မှာ ဘာသာစကား ကျွမ်းကျင်ရုံမျှဖြင့် လုပ်ဆောင်နိုင်သည် မဟုတ်ပေ။ ဂွမ်ထက်ဂျူတွင် လိုအပ်နေသည့် အရေးအကြီးဆုံးအချက်က သူ့တွင် ရုရှားနိုင်ငံ၌ မစ်ရှင်တစ်ခုမျှ မလုပ်ဖူးခြင်း ဖြစ်၏။

အေးဂျင့်တစ်ဦးအတွက် နယ်မြေနှင့် အကျွမ်းတဝင်ရှိခြင်းထပ် ဘာက ပိုအရေးကြီးလို့လဲ။ ဤမစ်ရှင်သည် ဂွမ်ထက်ဂျူကို သေနတ်မပါဘဲ စစ်မြေပြင်၏ အလယ်သို့ ခုန်ချရန် တောင်းဆိုခြင်းနှင့် မကွာခြားပေ။

ဤတာဝန်ကို သူ့အား အဘယ်ကြောင့် ပေးအပ်သည်ကို နားမလည်နိုင်တော့ချေ။ ထို့ကြောင့် ဂွမ်ထက်ဂျူက မျက်လုံးလှန်လိုက်ပြီး မကျေနပ်သော အမူအရာဖြင့် အဖွဲ့မှူး’လင်မ်’ ကို ကြည့်လိုက်၏။

အဖွဲ့မှူးက ဂွမ်ထက်ဂျူ ဆိုလိုသည့်ကို နားလည်သကဲ့သို့ ခေါင်းညိတ်လိုက်ပြီး

"တိတိကျကျပြောရရင် ဒီတာဝန်အတွက် မင်းက သင့်တော်တဲ့သူ မဟုတ်ဘူး။"

"ဒါဆိုလဲ သင့်တော်တဲ့သူကို ရှာလိုက်ပါ"

"သေချာပေါက်ပေါ့၊ ငါ သင့်တော်တဲ့သူ ရှာပြီး လွှတ်လဲ လွှတ်လိုက်ပါတယ်။"

"ဒါပေမဲ့?"

အဖွဲ့မှူး’လင်မ်’ ဆက်မပြောဘဲ သူ၏ မျက်ခုံးများကို ကျုံ့ထားလိုက်၏။ လက်ထောက် ဒါရိုက်တာ(၁)ကလည်း မျက်နှာ မသာမယာဖြင့် ခက်ခက်ခဲခဲ ပြုံးနေသည်။ မြေခွေးအိုနှစ်ယောက်က မပြောလာလျှင်တောင် အဖြေက ဘာဖြစ်မည်မှန်း ဂွမ်ထက်ဂျူ ခန့်မှန်းနိုင်သည်။

"အလုပ် မဖြစ်တာလား"

လင်မ် က ခေါင်းညိတ်လိုက်ပြီး ဓာတ်ပုံသုံးပုံကို စားပွဲပေါ် ဖြန့်ချလိုက်သည်။ ပထမဓာတ်ပုံသည် လက်ချောင်း ၁၀ ချောင်း ဖြတ်ထားသော တစ်စုံတစ်ယောက်၏ လက်ဖြစ်ပြီး ရေနူးနေသည့် ဖြူဖြဲဖြဲလက်တစ်ဖက်က ဖူးယောင်နေလေသည်။

အခြားဓာတ်ပုံတစ်ခုတွင် အလောင်းကို အဖြူရောင်အဝတ်ဖြင့် ဖုံးအုပ်ထားပြီး နှဖူးတွင် ထွင်းထုထားသည့် ပုံစံတစ်ခု ရှိနေသည်။ ၎င်းမှာ တက်တူးတစ်ခု ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ အလောင်း၏ အရေပြားအခြေအနေကို ကြည့်ခြင်းအားဖြင့် တက်တူးကို မကြာသေးမီကမှ ပြုလုပ်ထား ပုံရလေသည်။

နောက်ဆုံးဓါတ်ပုံက သပ်ရပ်သော အိုင်ဒီဓာတ်ပုံ တစ်ပုံပင်။ အသေးစိတ် အချက်အလက်များအရ ဤဓါတ်ပုံထဲရှိ လူသည် ရှေ့ဓါတ်ပုံနှစ်ပုံမှ ခန္ဓာကိုယ် အပျက်အစီးများ၏ ပိုင်ရှင် ဖြစ်သည်ဟု ယူဆနိုင်သည်။ ထို့အပြင် ဂွမ်ထက်ဂျူ ဓာတ်ပုံထဲမှ လူကို သိသည်။

"ဒိုမီနစ် မော်ဂန်။ သူက အမေရိကန် ထောက်လှမ်းရေး အေဂျင်စီကနေ ရုရှားကို စေလွှတ်ထားတဲ့ ထိပ်တန်း အေးဂျင့်တစ်ဦးပဲ။ သူ့ကို လွန်ခဲ့တဲ့ လေးရက်က နာရာမြစ်ကမ်းဘေးမှာ သေဆုံးလျက် တွေ့ခဲ့တာ။ အဲဒီအချိန်တုန်းက သူရဲ့ တာဝန်က တစ်ခုတည်းပဲ၊ 'အန်နာစတေရှား' ရဲ့ အထောက်အထားကို ရှာဖို့ပဲ။ သူက ရုရှားက အချက်အလက်ကို စုဆောင်းတဲ့နေရာမှာ အတော်လေး အားကိုးရတဲ့ လူတစ်ယောက်ပဲ၊”

“ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ၊ ရုရှားက သူ့ရဲ့ သေဆုံးမှုကို အမည်မသိ လို့ပဲ သတ်မှတ်လိုက်ကြတယ်။ အထောက်အထားမရှိသူ အဖြစ်ပေါ့၊ မော်ဂန်က ရုရှားကိုသွားဖို့ အခြားအထောက်အထားတစ်ခုခု သုံးခဲ့မှာပဲ။ ဒါကို သူတို့က 'အမည်မသိ' လူတစ်ဦးအဖြစ် ဘာလို့ သတ်မှတ်လိုက်တာလဲ? "

"ဒါဆို ရုရှားတွေက ပိုပြီးတော့တောင် သတိထား စောင့်ကြည့်ကြအုံးမှာ။ ကျွန်တော့်ကို ဘာသွား လုပ်စေချင် နေတာလဲ"

"ငါပြောချင်တာကို မင်း နားလည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ပိုပြီး ကြီးထွားလာအောင် ထားထားလို့ မရတော့ဘူး။ မြောက်ကိုရီးယား ပါဝင်နေတာမို့ ငါတို့နိုင်ငံကိုလည်း ပြဿနာထဲ ဝင်လာမှာက အနှေးနဲ့အမြန်ပဲ။ ဟုတ်တယ်မလား? ဒါကြောင့် ငါတို့ လက်ပိုက်ကြည့်နေလို့ မရဘူး။ ပြီးတော့ မင်းက အေးဂျင့် မော်ဂန်နဲ့ ခုနောက်ဆုံး ကိုရီးယား-အမေရိကန် ပူးပေါင်းလေ့ကျင့်ရေး မှာ သိခဲ့ကြတယ်၊ မဟုတ်လား"

"အတိအကျပြောရရင် တစ်လလောက်ပဲ သိတာပါ။ သူ့နဲ့ အခန်းအတူတူ နေခဲ့ရရုံပဲ။"

ဂွမ်ထက်ဂျူက ဤတာဝန်ကို မလုပ်ချင်မှန်း အဖွဲ့မှူးလင်မ် က ရှင်းရှင်းလင်းလင်းကို သိနေသည်။ ထို့ကြောင့် မစ်ရှင်လက်ခံရအောင် ထွက်ပေါက်ရှာနေသော ဂွမ်ထက်ဂျူ၏ စကားများကို ကျွမ်းကျွမ်းကျင်ကျင် လှည့်ပတ် ပြောဆိုနေလေသည်။

"အဲဒါကြောင့်မို့ ငါက မင်းကို ရွေးခဲ့တာ။ စိတ်ခံစားချက်တွေက တဒင်္ဂအတွင်း ဆင်ခြင်တုံတရား ပျောက်သွားအောင်လုပ်နိုင်တယ်။ မင်းဆို အဲလိုမဖြစ်ဘူး "

[T/N: မြေခွေးကြီးက ထက်ဂျူနဲ့ မော်ဂန် က အသိတွေမို့ ဒီမစ်ရှင်ကို မင်းဆက်လုပ်ပါလို့ ပြောမလို့ ကြံနေပေမဲ့၊ ထက်ဂျူက မရင်နှီးဘူးဆိုတဲ့ ပုံစံမျိုးပြောလိုက်လို့။ ခံစားချက် မထားတတ်တဲ့သူ ဒီမစ်ရှင်နဲ့ သင့်တော်တယ်ဆို ပြီး ပြောင်းပြောလိုက်တာပါ။]

‘တခြားသူ မရှိတော့ဘူးလား’

ဂွမ်ထက်ဂျူက ဒေါသတကြီး ဆန္ဒပြတော့မည့်အချိန်တွင် လက်ထောက်ဒါရိုက်တာ(၁)၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

"ခဏလေး ခွင့်ပြုပါဦး" ဟု ပြောပြီး ဂွမ်ထက်ဂျူကို ကျော်၍ ရုံးခန်း အခန်းပြင်သို့ ထွက်သွားကာ အခန်းတံခါးကိုပင် ပြန်ပိတ်ပေး သွားသေးသည်။

အဖွဲ့မှူး လင်မ်ကလည်း ထိုအချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ ဂွမ်ထက်ဂျူအား ရုတ်ခြည်း အမိန့်ပေးလိုက်၏။

"အေးဂျင့် မော်ဂန်ကိုယ်စား အနာစတေရှားကို သွားရှာပါ။"

မြေခွေးအိုကြီးက သူ၏စကားလှည့်ပတ်ပြောခြင်း ပြဇာတ်ကို အဆုံးသတ်လိုက်ပြီး အမိန့်ဆန်ဆန် ပြတ်သားသော အပြောအဆိုတို့အဖြစ် ပြောင်းလဲလိုက်လေသည်။

ဂွမ်ထက်ဂျူ အဖြေမပေးသေးဘဲ လင်မ်ကို စိုက်ကြည့်ကာ စဥ်းစားနေ၏။

'င့ါကို လွှတ်တာက အကောင်းဆုံး ရွေးချယ်မှုလား။ ငါ့ထပ် ပိုသင့်တော်တဲ့ သူ မရှိတော့လို့လား။ ဒီ ထောက်လှမ်းရေး ဌာနချုပ်ကြီးမှာ ငါဆိုတဲ့ ဂွမ်ထက်ဂျူထပ် ပိုသင့်တော်တဲ့သူ တစ်ယောက်လောက်တော့ ရှိရမယ် မဟုတ်လား။ အေးဂျင့်တွေ အဲလောက်တောင် ရှားပါးနေတာလား။ '

ဦးနှောက်ကို ဖျစ်ညှစ် စဉ်းစားသော်လည်း ခေါင်းထဲ၌ သင့်တော်သော အေးဂျင့် တစ်ယောက်လေးတောင် ပေါ်မလာခဲ့ချေ။

လင်မ် ကလည်း သူ့ဘက်က တရားနည်းလမ်းကျသည်ဟု ယူဆထားသည့်အလား ဂွမ်ထက်ဂျူကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်နေလေသည်။

'ဒါပေါ့။ ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ။ ထိပ်တန်း အေးဂျင့်တစ်ယောက် တစ်ညတည်းနှင့် အသတ်ခံရရုံပဲ။ ဟုတ်တယ်မလား'

ထိုခပ်ရွဲ့ရွဲ့ စကားတို့က ဂွမ်ထက်ဂျူ ပါးစပ်မှ ထွက်တော့မလို ဖြစ်သွားသော်လည်း စောင့်ထိန်းရမည့် ကျင့်ဝတ်တို့အရ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။ ဌာနချုပ်သို့ စရောက်ကတည်းက အဖွဲ့မှူးလင်မ်၏ ညွှန်ပြမှုများအောက်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပြောင် ပြောဆိုနိုင်လောက်အောင် ရင်းနှီးသော်ငြားလည်း သူသည် ခေါင်းဆောင်တစ်ဦး ဖြစ်နေဆဲသာ။ အဖွဲ့ခေါင်းဆောင်က အတင်းအကျပ် တာဝန် ပေးလာပါက ဂွမ်ထက်ဂျူ အနေဖြင့် ခုခံငြင်းဆန်ပိုင်ခွင့် မရှိပေ။

အရိပ်အကဲကို စောင့်ကြည့်နေသည့် လင်မ်က ဂွမ်ထက်ဂျူ၏ ငြင်းဆန်ရန် လက်လျှော့လိုက်သည့် အမူအရာကြောင့် ကျေနပ်စွာ ပြုံးလိုက်လေသည်။

"ငါ အပြည့်အဝ ထောက်ပံ့ပေးမယ်လို့ ကတိပေးတယ်။ မင်းဆန္ဒအတိုင်း အဖွဲ့သားတွေကို စီစဉ်ပေးပါ့မယ်"။

"တစ်ယောက်တည်း လုပ်ရတာ ပိုအဆင်ပြေပါတယ်"။

"ဒီတစ်ခါတော့ မလွယ်ကူလောက်ဘူး။ အတော် ခက်ခဲလိမ့်မယ်။"

"ဒါကို သိနေမှတော့ သေမဲ့စာရင်းထဲ နောက်ထပ်လူတွေ ထပ်မထည့်ပါနဲ့တော့" ဟု ဂွမ်ထက်ဂျူက အေးအေးသက်သာပဲ တုံ့ပြန်လိုက်၏။ လင်မ်ကလည်း ဂွမ်ထက်ဂျူ ထိုသို့ ပြောလာလိမ့်မည်ကို သိနေသကဲ့သို့ ပြုံးလိုက်ပြီး စာရွက်စာတမ်းများပါရှိသော စာအိတ်ထူထူ တစ်အိတ်ကို ထုတ်ပေးလိုက်လေသည်။

ချိပ်ပိတ်ထားသော စာအိတ်ထဲ၌ စာရွက်စာတမ်းမျိုးစုံနှင့် ပတ်စ်ပို့ အတုတစ်ခု ပါဝင်လေသည်။ ပတ်စ်ပို့ကို ဖွင့်လိုက်ရာ မရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရပြီး

"ဟီရို ဆာကာမိုတို”

"ဂျပန် စွမ်းအင် ကုမ္ပဏီတစ်ခုနဲ့ ရုရှားနိုင်ငံပိုင် ဓာတ်ငွေ့ကုမ္ပဏီဖြစ်တဲ့ ဂက်ဇ်ပရွန်ကြားမှာ LNG စက်ရုံ တည်ဆောက်ဖို့ စာချုပ် လက်မှတ်ရေးထိုးခဲ့တယ်။ မျှော်မှန်းထားတဲ့ အမြတ်ငွေတွေကပဲ ကိုရီးယားဝမ် ထရီလီယံချီ ရှိတယ်လို့ ခန့်မှန်းရတယ်။ အဲဒါကြောင့် ရုရှားက စက်ရုံ တည်ဆောက်ဖို့ ပူးပေါင်းချေးငွေအတွက် တာဝန်ယူတဲ့ ဘဏ်တွေ၊ စွမ်းအင်ကုမ္ပဏီ နဲ့ ကုန်သွယ်ရေးကုမ္ပဏီတွေက တာဝန်ရှိသူတွေကို နှစ်နိုင်ငံစာချုပ် လက်မှတ်ရေးထိုးပွဲ တက်ရောက်ဖို့ နဲ့ စက်ရုံတည်ဆောက်မယ့်နေရာကို လေ့လာဖို့ ဖိတ်ထားတယ်။”

”အဲပွဲကို နှစ်နိုင်ငံဝန်ကြီးချုပ်တွေနဲ့ စီးပွားရေးလောကက ခေါင်းဆောင်ပိုင်းကလူတွေ အားလုံးက ပွဲကို တက်ရောက်ကြလိမ့်မယ်။ 'အီတိုချူး' လို့ ခေါ်တဲ့ ကုန်သွယ်ရေး ကုမ္ပဏီက ဒီစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ကြီးကြီးမားမား လုပ်ဆောင်ထားခဲ့တယ်လို့ ကြားထားတယ်။ ဟီရို ဆာကာမိုတိုက အဲကုမ္ပဏီက ဥရောပအပိုင်း အတွက် တာဝန်ရှိသူပဲ။ သူရဲ့ နာမည်က ရုရှားက ဖိတ်ကြားတဲ့ စာရင်းထဲမှာ ပါတယ်။"

ဂွမ်ထက်ဂျူက 'ဟီရို ဆာကာမိုတို'အဖြစ် အသွင်ယူပြီး ရုရှားကို ရုပ်ဖျက်ပြီး ဝင်ရမည်။ အစီအစဉ်ကတော့ အဆိုးရွားကြီး မဟုတ်ပေ။ အကယ်၍ မြောက်ကိုရီးယားနှင့် ရုရှားတို့က လက်နက် ဖန်တီးနေသည်မှာ အမှန်ဖြစ်ပါက ဒီလျှို့ဝှက်ချက်ကို သိနိုင်သည့်သူက ရုရှား၏ ထိပ်ဆုံးပိုင်းမှ ရာထူးကြီးကြီး လူအနည်းငယ်လောက်သာ ရှိနိုင်ပြီး ထိုလူတို့ထံသို့ ချဉ်းကပ်နိုင်ရန်က လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ သို့သော် 'ဟီရို ဆာကာမိုတို'ဆိုပါက အခြေအနေ ပြောင်းလဲသွားလိမ့်မည်။ အကြောင်းမှာ ထိုသူတို့နှင့် တွေ့ဆုံနိုင်ရန် အထူးတလည် ကြိုးစားနေစရာ မလိုတော့သောကြောင့်ပင်။

သို့သော် သတိထားရမည့် အချက်တစ်ခုတော့ ရှိနေသေးသည်။ သူ၏ အထောက်အထားတို့ ဖော်ထုတ် မခံရရန်သာ။ 'ဟီရို ဆာကာမိုတို'အပြင် အခြားအရာရှိများစွာ ကိုလည်း ရုရှားက ဖိတ်ကြားထားခဲ့သောကြောင့် သူတို့ထဲမှ တစ်ဦးဦးက 'ဟီရို ဆာကာမိုတို'ကို သံသယဝင်သွားပါက အစီအစဉ်များ အားလုံး အချည်းနှီး ဖြစ်သွားနိုင်သည်။

ဂွမ်ထက်ဂျူသည် သူ၏မစ်ရှင်ကို စိတ်ကူးဖြင့် လုပ်ဆောင်ကြည့်နေရင်းမှ အေးဂျင့် မော်ဂန်၏ အဆုံးသတ်ကို ထည့်မတွေးဘဲ မနိုင်ခဲ့ပေ။

လင်မ် သည် မစ်ရှင်၏ ခက်ခဲမှုကို တွက်ဆနေသည့် ဂွမ်ထက်ဂျူကို စိတ်အေးစေရန်အောင် လုပ်ဆောင်လိုက်၏။

"စိတ်အေးအေးထား။ ဟီရို ဆာကာမိုတို နောက်တစ်ယောက် ထပ်မပေါ်လာမချင်း မင်းရဲ့ အထောက်အထား ဖော်ထုတ်ခံရနိုင်ခြေ မရှိဘူး။ ဟီရို ဆာကာမိုတိုက ကိုယ်စားလှယ်အဖွဲ့တွေ မလာခင်တစ်ရက် အလိုကတည်းက နိုင်ငံက ထွက်ခွာဖို့ စီစဉ်ထားတာ။ တိုကျိုက အေးဂျင့်တွေက သူ နိုင်ငံက မထွက်သွားနိုင်အောင် တားထားလိမ့်မယ်။"

ဌာနချုပ်၏ ရုပ်ပြောင်းရုပ်လွဲပညာက သူ၏ အမေကိုပင် လှည့်စားနိုင်လောက်အောင် ကောင်းမွန်သဖြင့် သူ့အရပ်ထက် ပုသော ဂျပန်လူမျိုးအသွင် ပြောင်းရန်အတွက်ဆိုလျှင် စိတ်ပူစရာ မလိုအပ်ဟု ထင်ရသည်။ ဟီရို ဆာကာမိုတို၏ အရပ်သည် ၁၈၀ စင်တီမီတာ ဖြစ်ပြီး ဂွမ်ထက်ဂျူက သူ့ထက် ၂ စင်တီမီတာမှ ၃ စင်တီမီတာခန့် ပိုမြင့်သော်ငြားလည်း ထိုမျှ ခြားနားချက် သေးသေးလေးကို မှန်းဆမိနိုင်ဖို့က သတိထား စောင့်ကြည့်နေမှသာ သိနိုင်လိမ့်မည်။ တစ်စုံတစ်ဦးက သံသယဖြစ်လာပါကလည်း ဖိနပ်အတွင်း၌ အခံတစ်ခု ထည့်စီးထားသည်ဟု ပြောလိုက်ရုံသာ။

ပုံမှန် အတိုင်းသာဆိုလျှင် ဂွမ်ထက်ဂျူ ယခုကဲ့သို့ ရှည်ရှည်ဝေးဝေး တွေးတောနေမိမည် မဟုတ်သလို၊ နိုင်ငံတော်မှ ချမှတ်ပေးထားသော ယူနီဖောင်းကို မချွတ်သေးသရွေ့ အထက်အရာရှိ၏ အမိန့်များကို ငြင်းပယ်ပိုင်ခွင့်လည်း မရှိပေ။ သို့သော် 'လုံခြုံမှု မရှိနိုင်' ဟူသော မသိစိတ်က ပေးနေသည့် ခံစားချက်ကြောင့် စိတ်မသက်မသာ ဖြစ်နေကာ မစ်ရှင်ကို အလွယ်တကူ လက်ခံနိုင်စွမ်း မရှိ ဖြစ်နေသည်။

မစ်ရှင်ကို စတင် လုပ်ဆောင်သော အေးဂျင့် မော်ဂန် သေဆုံးသွားခြင်းက သူ့အပေါ် လုံးဝ မသက်ရောက်ဘူးဟု ပြောလျှင် လိမ်ညာခြင်း ဖြစ်လိမ့်မည်။

သို့သော် ထိုအချက်က အေးဂျင့်တစ်ယောက်အနေဖြင့် ပေးသင့်သည့် အကြောင်းပြချက် ဟုတ်မနေ။ ဂွမ်ထက်ဂျူ၏ ပင်ကိုအသိစိတ်က မဖြစ်ပျက်သေးသော အရာတစ်ခုခုအတွက် ဝိုးတဝါး စိုးရိမ်နေခြင်းသာ။

"ဒါက ကမ္ဘာ့နိုင်ငံတွေကြားမှာ အာဏာ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ ဒီကိစ္စ အောင်မြင်သွားရင် မင်းရဲ့ ရာထူးကလဲ ပြောင်းလဲသွားမှာပဲ။"

မတင်မကျ ဖြစ်နေသည့် ဂွမ်ထက်ဂျူ၏ သဘောထားကို လင်မ်က သိနေလေရာ အချိန်ကိုက် တိုက်တွန်း ပြောဆို လိုက်ပြန်၏။ ထို့ကြောင့် ဂွမ်ထက်ဂျူက စကားတစ်လုံးမှ မဆိုဘဲ တည်ကြည် ပြတ်သားသည့် မျက်လုံးများဖြင့် လင်မ်အား တင်းတင်းမာမာ စိုက်ကြည့်လိုက်လေသည်။

လင်မ်က ထုံးစံအတိုင်း ပြုံးတုံ့တုံ့ဖြင့် ဂွမ်ထက်ဂျူအကြည့်ကို ပြန်လည် ရင်ဆိုင်နေကာ မိနစ်အတော်ကြာသည်အထိ နှစ်ဦးသား စကားတစ်လုံးမှ မပြောကြဘဲ အကြည့်စစ်ထိုး နေကြလေ၏။

ခဏအကြာတွင် စာအိတ်ထူထူကို ဂွမ်ထက်ဂျူက ဂျာကင်အင်္ကျီထဲသို့ ထိုးထည့်လိုက်သော်လည်း သူ့ခံယူချက်ကို ရှင်းရှင်းလင်းလင်း သိစေရန် ထပ်ဖြည့် ပြောလိုက်သည်။

"ကျွန်တော် ရာထူးနဲ့ အာဏာကို ဂရုမစိုက်ဘူး။ အဲဒါတွေကို မလိုအပ်တဲ့ ပြိုင်ဆိုင်မှုလို့ပဲ မြင်တယ်"

"ဒါဆို မင်း စိတ်မဝင်စားဘဲနဲ့ ဘာလို့ ဒီမစ်ရှင်ကို လက်ခံခဲ့တာလဲ။"

"ဒါက စီနီယာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ အမိန့်ပဲ။ ကျွန်တော့်လို လက်အောက်ငယ်သားက ငြင်းပယ်ပိုင်ခွင့် ရှိသလား။"

"ဒါ့အပြင် တခြားအကြောင်းပြချက် ရှိသေးလား။"

"ကျွန်တော် ဒီမစ်ရှင်ကိုသာ ငြင်းပယ်လိုက်မယ်ဆိုရင် ရာခိုင်နှုန်းပြည့် အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ အေးဂျင့်ဂုဏ်ပုဒ်က ပျက်စီးသွားမှာပေါ့"

[T/N : အရှုံးမရှိဖူးဘူးတဲ့။ အဲလို ပြောချင်တာထင်တယ်။ ]

"အမှန်ပေါ့"

"ကျွန်တော် သွားလို့ ရပြီလား။"

"အိုး၊ မင်းကို သတိပေးစရာ တစ်ခု ရှိသေးတယ်။"

"ဘာလဲ"

ဂွမ်ထက်ဂျူက စိတ်မရှည်သလို ကြည့်ကာ မေးလိုက်ခြင်းကြောင့် လင်မ်၏ မျက်နှာမှာ တင်းခနဲ ဖြစ်သွားခဲ့သော်လည်း သတိကြီးကြီး ထားကာ ထိန်းညှိလိုက်ပြီး ချက်ချင်း တည်ငြိမ်သွားကာ လေးနက်သောဟန်ဖြင့် ဆက်ပြောလိုက်လေသည်။

" ဆိုက်ခ် ဘော့ဒါနော့ဗ်"

" ဆိုက်ခ် ဘော့ဒါနော့ဗ်? လူနာမည်လား... ဟုတ်ကော ဟုတ်လို့လား"

ဂွမ်ထက်ဂျူ မျက်မှောင်ကြုတ်လျက် ခေါင်းကိုပင် စောင်းကာ တွေးလိုက်မိသည်။

'ဘော့ဒါနော့ဗ်'က ရုရှားနာမည် ဖြစ်နိုင်တယ်။ 'ဆိုက်ခ်' ကတော့ ဘယ်လိုကြည့်ကြည့် နာမည်နဲ့ မတူဘူး။ ဘယ်မိဘက သူတို့ ကလေးကို 'ဆိုက်ကို' လို့ ခေါ်မှာလဲ။

လင်မ် က ဂွမ်ထက်ဂျူ နားကြားမမှားကြောင်း၊ ထိုနာမည် ဖြစ်လာရသည့် အကြောင်းကို ရှင်းပြရလေသည်။

"လူတွေက သူ့နာမည်ရင်းထပ် အဲဒီနာမည်ကို ပိုခေါ်ကြတယ်။"

နာမည်အရင်း ပျောက်ပြီး နာမည်ပြောင်ပဲ ခေါ်ခံရတယ်ဆိုကတည်းက အဲဒီလူက ထိုနာမည်နှင့် လိုက်ဖက်လွန်း၍သာ ဖြစ်မည်။ 'ဆိုက်ကို' ဟု ထည့်ခေါ်ရသည့် ‘ဘော့ဒါနော့ဗ်’ ဆိုသော ရုရှားလူမျိုးက မည်သို့သော လူမျိုး ဖြစ်နိုင်မလဲ။

"ရုရှားမှာတော့ ဒီလူက 'နျူကလီးယပ်(nucleus)' လိုပဲ။"

"'နျူကလီးယပ်(nucleus)' ဆိုတာ 'ဗဟိုချက်' ကို ဆိုလိုတာလား။"

ဂွမ်ထက်ဂျူက ကြားလိုက်သည့် အသံထွက်နှင့် အဓိပ္ပါယ်ကို ဟုတ်မဟုတ် မေးလိုက်၏။ နျူကလီးယပ် တွင် 'ဗဟိုချက်' ၊ 'အချုပ်အခြာ' ဟူသော အဓိပ္ပာယ်အပြင် နောက်ထပ် လုံးဝကွဲပြားသော အဓိပ္ပာယ်တစ်ခုလည်း ရှိနေသေးသည်။ သို့သော် အဘယ်ကြောင့် လူတစ်ဦးကို ထိုသို့သော သေစေတတ်သော လက်နက်တစ်ခုနှင့် နှိုင်းယှဉ် ရသလဲ။

ထို့ကြောင့် လင်မ်ကို အံ့သြစွာ ကြည့်လိုက်သည့်အခါ သူက ပြန်၍ ပြုံးပြလိုက်လေကာ "ဟုတ်တယ်၊ မင်း နားလည်လိုက်သလိုပဲ။" ဟု ထောက်ခံလိုက်၏။

ထိုအဓိပ္ပါယ်က နျူးကလီးယား(nuclear) ဟူသော အဖျက်စွမ်းအင်ကို ဆိုလိုသည်။ ဂွမ်ထက်ဂျူသည် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

'ဆိုက်ကို' ဟု နာမည်တွင်ရုံသာမက နျူကလီးယားဗုံးနှင့် ဥပမာပြုခံရသည့် လူသည် မည်သို့သော လူစားမျိုး ဖြစ်သလဲ စဥ်းစားမိချိန်တွင် မျက်ခုံးများက အလိုအလျောက် ကြုတ်မိသွားကြသည်။

'ဆိုက်ခ် ဘော့ဒါနော့ဗ်' က သူ့ကို စိတ်ရှုပ်ထွေးစေပြီး ယခု လုပ်ဆောင်ရမည့် 'အန်နာစတေးရှား' ကို ရှာဖွေရန် ကိစ္စတွင် အဘယ်ကြောင့် ထည့်သွင်း ပြောဆိုခံရပါသလဲ။

"အဲဒီလူက မော်ဂန်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်နေတာလား။"

"မသေချာဘူး။ ခန့်မှန်းချက်တွေ အများကြီး ရှိပေမဲ့ တိကျတဲ့ သက်သေအထောက်အထားတော့ မရှိဘူး။ ရုရှားရဲ့ ထိပ်သီးတွေကို ချဉ်းကပ်ချင်ရင် ဒီလူနဲ့ ရင်ဆိုင်ရတာကို ရှောင်နိုင်မှာ မဟုတ်ဘူး။ ဗဟိုချက် ဆိုတဲ့ 'နျူကလီးယား' မဟုတ်လို့ သူနဲ့ တွေ့ရင် ထိခိုက်မှု ဖြစ်နိုင်တယ်။ ဒါကြောင့် တွေ့ခဲ့ရင်တောင် ထိပ်တိုက်ရင်ဆိုင်ဖို့ မလုပ်နဲ့။"

စကားအဆုံး၌ မခိုးမခန့် ရယ်သံပေါက်တစ်ခု ထွက်ပေါ်လာလေသည်။ သတိထားဖို့ ပြောလေလေ ထို 'ဆိုက်ကိုကောင်'ကို ဂွမ်ထက်ဂျူက ပိုမို သိလိုစိတ် ဖြစ်မိလေလေပင်။

"ဒေါက် ဒေါက်"

လင်မ်က ဝင်ခွင့်ပြုလိုက်လျှင် ဤနေရာသို့ လမ်းညွှန်ပေးခဲ့သော ဝန်ထမ်းက ရုံးခန်းတွင်းသို့ ဝင်လာလေသည်။ ဤတကြိမ်တွင် ဝန်ထမ်း၏ လက်ထဲ၌ ပန်းစည်းကြီး တစ်စည်းနှင့် ခရီးဆောင်အိတ်တစ်လုံး ရှိနေလေသည်။ ထိုအရာတို့ကို ဂွမ်ထက်ဂျူထံ ပေးအပ်ပြီး ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ အပြင်သို့ ပြန်လည် ထွက်ခွာ သွားလေသည်။

"မင်း လိုအပ်တဲ့ အရာအားလုံးကို ငါ ပြင်ဆင်ထားပြီးပြီ။ အချိန်ကုန် သက်သာအောင်လို့ မင်းအတွက် အထုပ်အပိုးတွေပါ ပြင်ပေးထားတယ်။ လွန်ခဲ့တဲ့ နှစ်လက မင်း အတွင်းခံတွေ ဝယ်ပြီးတော့ ထပ်ဝယ်တဲ့ စာရင်း မရှိတော့လို့။ မင်းအကြိုက်နဲ့ ကိုက်မယ့် အတွင်းခံတွေ သေချာ စီစဥ်ပေးလိုက်တယ်။ ကျေးဇူးတင်ဖို့ မလိုပါဘူး။"

[t/n : ဒီနေရာမှာ ပြောချင်တာက။ ဂွမ်ထက်ဂျူရဲ့ ဘဏ်အကောင့် ငွေအသွားအလာတွေကို လင်မ်က စစ်ဆေးထားတယ်၊ နောက်ကြောင်းလိုက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါကြောင့် အတွင်းခံ ထပ်ဝယ်တဲ့ ငွေပေးချေမှု မတွေ့ဘူးလို့ ပြောချင်တာပါ။ ]

"ကျွန်တော့် အတွင်းခံ အခြေအနေကို ကျွန်တော် သိတာထက် ခင်ဗျားက ပိုသိနေတယ်လား"

"ငါ လုပ်ပေးနိုင်တာ ဒီလောက်ပဲ ရှိတယ်။ ပြီးတော့ ပန်းတွေ အိမ်ကို ယူသွားလိုက်။ ဒီနေ့က မင်းအမေရဲ့ မွေးနေ့လို့ မင်းပြောတာ မှတ်မိတယ်။ ဟုတ်တယ်မလား။"

ဒီလူက ဉာဏ်နီဉာဏ်နက်များပြီး အကွက်ရွေ့တတ်တဲ့သူပဲ။

ဂွမ်ထက်ဂျူ ရင်ထဲက ပြို့တက်လာသည့် စကားကို ပြန်မျိုချလိုက်ပြီး ခပ်ရှင်းရှင်းသာ ပြောလိုက်၏။

"အမေကို ခေါင်းဆောင်က ပေးတဲ့ လက်ဆောင်လို့ ကျွန်တော် ပြောမှာ မဟုတ်ဘူး။ မွေးနေ့ အမီလာနေတဲ့သားကို ဖြတ်ခေါ်သွားတဲ့လူက ပေးလိုက်တာ သိသွားရင် ခေါင်းဆောင်အပေါ် အမြင် ဆိုးရွား သွားလိမ့်မယ်။ အမေ့ရဲ့မွေးနေ့က အခုတောင် အတော်လေး နှောက်ယှက်ခံထားရပြီးပြီ"

"ငါ့အတွက် စဉ်းစားပေးလို့ ကျေးဇူးပါ"

သို့သော် လင်မ်က စိတ်မဆိုးသည့်အပြင် လေပြေလေးလို ချိုအေးသည့် အပြုံးဖြင့် ထပ်မံ သတိပေးလိုက် သေးသည်။

"မသေစေနဲ့!"

ဂွမ်ထက်ဂျူ လှည့်၍ တံခါးဝမှ ထွက်ခွာတော့မည့်ဆဲဆဲတွင် မထင်မှတ်ထားသော စကားကို ကြားလိုက်ရသောကြောင့် တုံ့ဆိုင်းသွားပြီး ခေါင်းကိုသာ ညိတ်ပြလိုက်လေသည်။

လူသူကင်းမဲ့နေသော စင်္ကြံလမ်းတလျှောက် ခရီးဆောင်အိတ်ကို ဆွဲကာ ခပ်ဖြည်းဖြည်း လျှောက် သွားလိုက်သည်။ လမ်းတလျှောက်ရှိ လှုပ်ရှားမှုကို အာရုံခံနိုင်သော မီးလုံးများကို သူ ဖြတ်သွားပြီး နောက်ခဏ၌ မှိတ်သွားကြသည်မှာ သူ့ကို ဝါးမြိုလိုသည့် အမှောင်ထုက တိတ်တဆိတ် ချဥ်းနင်း တိုးကပ်လာသည့်အလား။

"..."

မသိစိတ်၏ လှုံ့ဆော်မှုကြောင့် လှမ်းနေသည့် ခြေလှမ်းကို ရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ့ခေါင်းထပ်က မျက်နှာကျက်မီးကပါ ငြိမ်းကျသွားလေသည်။

သို့ဖြင့် ဂွမ်ထက်ဂျူ၏ ဖြောင့်တန်းနေသော အသွင်သဏ္ဌာန်သည် မှောင်မိုက်မှုထဲသို့ စုံးစုံး နစ်မြုပ်သွားလေသည်...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment