အပိုင်း(၈) ။ ။ ဇန်းညာ။
'အရင်ဆုံး ဝေးနိုင်သမျှ ဝေးဝေးမှာ နေရမယ်'
ဂွမ်ထက်ဂျူက အလိုလိုသိစိတ်ကို လိုက်နာရန် ပြင်ဆင်နေစဉ် အင်္ကျီအတွင်းမှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ ဟိရိုဆခမိုတို၏ ဖုန်းက အပြင်အိတ်ကပ်ထဲတွင် ရှိနေသဖြင့် ထိုတုန်ခါမှုက ဌာနချုပ်ကို ဆက်သွယ်ရန် အသုံးပြုသည့် ဖုန်းမှ လာခြင်းဖြစ်မည်။
အဖွဲ့မှူးလင်မ်က သူနှင့်အတူ ဤမစ်ရှင်တွင် ပါဝင်မည့် ပါတနာ၏ ဓာတ်ပုံကို ပေးပို့မည်ဟု ပြောခဲ့သည်။ ဂွမ်ထက်ဂျူက သူ၏ အင်္ကျီထဲက ဖုန်းကို ထုတ်လိုက်သည်။ သူ ထင်ထားသလိုပင်၊ အဖွဲ့မှူးလင်မ်က ဓာတ်ပုံတစ်ပုံ ပေးပို့ထားသည်။
ဂွမ်ထက်ဂျူ ချက်ချင်း ဒေါင်းလုတ်ဆွဲကာ ကြည့်နေလေသည်။ တစ်စက္ကန့်၊ နှစ်စက္ကန့် ... သုံးစက္ကန့် ကြာပြီးနောက် သူ စောင့်မျှော်နေသော ဓာတ်ပုံက အပြည့်ပေါ်လာခဲ့၏။
"ဟမ်? အဲဒါ ငါပုံပဲ"
တစ်စုံတစ်ယောက်၏ အသံက ရုတ်တရက် ထွက်ပေါ်လာရာ သူ့လက်မှ ဖုန်းပင် ပြုတ်ကျမတတ် ဖြစ်သွားခဲ့သည်။
ဂွမ်ထက်ဂျူက မျက်လုံးများ ဝေ့ကာ ကြမ်းပြင်ကို ကြည့်လိုက်၏။ အရိပ်ကြီးတစ်ခုက သူ့ နောက်ကွယ်တွင် ရောက်ရှိနေချေပြီ။ နောက်လှည့် ကြည့်စရာမလိုဘဲ မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။ အားကောင်းသော သစ်သားနံ့က အသက်ရှူလမ်းကြောင်း တစ်ခုလုံးတွင် အပြည့်အသိပ် ဖြစ်နေခဲ့ပြီ။
စောင့်မျှော်နေသော ဂက်ဇ်ပရွမ် ကိုယ်စားလှယ်ကလည်း အားလုံး စားသောက် ပြီးစီးသွားသည်အထိ ပေါ်မလာခဲ့ချေ။ ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့မှာ အတန်ကြာ အတူတကွ စောင့်ဆိုင်းလျက် စားသောက် စကားပြောပြီးနောက် လမ်းခွဲခဲ့ကြ၏။
ဂျပန် ကိုယ်စားလှယ်အဖွဲ့ ကလည်း ရှည်လျားသော လေယာဉ်ခရီးစဉ်ကြောင့် ပင်ပန်းနွမ်းနယ်နေသဖြင့် သူတို့၏ အခန်းများသို့ ပြန်သွားခဲ့ကြသည်။ ထို့ကြောင့် ဂွမ်ထက်ဂျူ ခန့်မှန်းထားသည့် အချိန်ထက် စောစီးစွာ အလုပ်များ ပြီးစီးသွားခဲ့သည်။
သို့သော်
‘တကယ် ပြဿနာက အခုမှ စတာ...’
ဂွမ်ထက်ဂျူက အခန်းထဲသို့ မဝင်နိုင်သေးဘဲ တံခါးရှေ့တွင် ငြိမ်သက်စွာ ရပ်နေမိသည်။ ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး တံခါးကို ခပ်ဖြည်းဖြည်း ဖွင့်ကာ အခန်းထဲကို ချောင်းကြည့်လိုက်၏။
တံခါး အဟလေးမှ ကြည့်ရင်း ပြတင်းပေါက်ဘေးရှိ စားပွဲဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် လူသတ်သမားက ကုလားထိုင် လက်တန်းပေါ်တွင် ထိုင်နေလျက် ပြတင်းပေါက်ကို သက်တောင့်သက်သာ ငေးကြည့်နေသည်။
သူ၏ ကျယ်ပြန့်သော ပခုံးများနှင့် ဖြောင့်တန်းသော နောက်ကျောတစ်လျှောက်တွင် အားကောင်းသော အရှိန်အဝါတစ်ခု စီးဆင်းနေသလိုပင်။ သူ့အား ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသည်ကို သတိပြုမိသွားပုံရကာ ခေါင်းလှည့်လာလေသည်။
ရွှေဝါရောင် ဆံပင်များက နေရောင်ခြည်နှင့် ရောယှက်ကာ တောက်ပနေကြသည်။ မျက်ခုံးများက ရှည်လျားပြီး နူးညံ့ပုံပေါ်သော်လည်း ခံ့ညားမှုတမျိုး ရှိနေသလိုပင်။ ပင်လယ်ပြာကဲ့သို့ မျက်လုံးအိမ်များက ကြည်လင်နေသော်ငြား အတိမ်အနက်ကို မသိနိုင်အောင် လျှို့ဝှက်ဆန်းကြယ်နေ၏။ မနိမ့်လွန်း မမြင့်လွန်းသော နှာတံချွန်ချွန်က ဆွဲဆောင်အားကောင်းသော နှုတ်ခမ်းတစ်စုံ ရှိရာသို့ ဆက်ကြည့်မိစေရန် လမ်းညွှန်နေကြသည်။
ထိုတော့မှ ထိုလူ၏ မျက်နှာထပ်တွင် အပြုံးတစ်ခု ရှိနေကြောင်း ဂွမ်ထက်ဂျူ တွေ့လိုက်ရသည်။
တောက်ပစွာ ပြုံးရယ်နေသော်လည်း တင်းမာမှုက မပြေသေးသည်မှာ သိသာလှသည်။ လူ့မျက်လုံးများက လိမ်ညာ၍ မရသောကြောင့် အပြုံးက ထိုလူ၏ အပေါ်ယံ ဟန်ဆောင်ထားမှုသာ ဖြစ်လေသည်။
ဂွမ်ထက်ဂျူ မျက်နှာတစ်ခုလုံးကို စုံစုံစေ့စေ့ ကြည့်ပြီးနောက် ဆွဲဆောင်မှု ရှိလွန်းသည့် မျက်နှာထက်တွင် သနားညှာတာသည့် အရိပ်အယောင် တစိုးတစိမျှ မမြင်မိပေ။ ထိုသူနှင့် မျက်လုံးချင်း ဆုံမိသောအခါ ပတ်ဝန်းကျင်ရှိ လေမော်လီကျူးများပင် အေးခဲသွားသလို အေးစက်မှုတို့က ပြင်းထန်းလွန်းလေသည်။
ထိုမျက်လုံးလှလှလေးတွင် လူသားဆန်မှုများ ပျောက်ဆုံးနေကာ သားကောင်ကို စောင့်ကြည့်နေသော ကျားရိုင်း တစ်ကောင်အလား...
ထိုလူက တံခါးဝတွင် တောင့်တောင့်ကြီး ရပ်နေသော ဂွမ်ထက်ဂျူကို စေ့စေ့ကြည့်ကာ "ဝင်ခဲ့ပါ အားမနာပါနဲ့" ဟု နွေးထွေးစွာ ဖိတ်ခေါ်နေ၏။
ဧည့်သည်နှင့် အခန်းရှင်က ပြောင်းပြန် ဖြစ်သွားလေပြီ။ ဂွမ်ထက်ဂျူက ခေါင်းညိတ်လိုက်ပြီး ကုတ်အင်္ကျီကို ချွတ်လိုက်စဉ် မျက်နှာကို ရုတ်ခြည်း လွှဲလိုက်မိသည်။ ဆေးပြင်းလိပ်နံ့ပြင်းပြင်းက သူ့နှာခေါင်းတွင်း တိုးဝင်လာသောကြောင့်ပင်။
ဆေးရွက်ကြီးအနံ့က ဂွမ်ထက်ဂျူနှင့် မစိမ်းသော်လည်း ထိုလူထံမှရသည့် အနံ့ကတော့ သူ့အား မသက်မသာ ဖြစ်စေသည်။ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ပုံရိပ်များကြောင့် ယခုလို ဖြစ်နေခဲ့ခြင်းလား မပြောတတ်ချေ။
တစ်ဖက်လူက ဂွမ်ထက်ဂျူ၏ မျက်နှာပေါ်ရှိ မနှစ်မြို့မှုကို မသိသလို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလာသည်။
"ဇန်းညာပါ"
ဂွမ်ထက်ဂျူက အရှေ့ရှိ ဇန်းညာ၏ လက်ကို စိုက်ကြည့်နေသည်။
'လူတစ်ယောက်ရဲ့ မျက်လုံးကို ထိုးဖောက်ပြီး လည်ပင်းညှစ်သတ်ခဲ့တဲ့လက်...'
ထိုအတွေးက သူ၏ခေါင်းထဲ ရုတ်တရက် ပေါ်လာခဲ့ကာ မသိမသာပင် တုန်ယင်သွားမိသည်။
ထိုစဉ် ရှည်လျားပြီး ဖြူဖွေးသော လက်ချောင်းများက ဂွမ်ထက်ဂျူ၏ ဘယ်ဘက်ရင်အုံရှေ့ ရောက်ရှိလာကြ၏။ ဂွမ်ထက်ဂျူမှာ အသက်မရှူနိုင်ဘဲ လက်ချောင်းဖြူဖြူများ၏ လှုပ်ရှားမှုကို ကြည့်နေမိသည်။ ထိုလက်ချောင်းများက ဂွမ်ထက်ဂျူအား လှောင်ပြောင်နေသလို လှုပ်ယမ်းပြလိုက်ကာ ဆုတ်ခွာသွားလေသည်။
ထို့နောက် ဇန်းညာက ခပ်ဟဟ ရယ်လိုက်ပြီး
"မင်း သိပ်ပျော်နေပုံမရဘူးပဲ"
"ဘာလို့ မပျော်ရမှာလဲ၊ ဒါပေမဲ့ မင်းကို လေးငါးချက်လောက် ထိုးခွင့်ရရင်တော့ ပိုပျော်မိမှာပဲ"
ဂွမ်ထက်ဂျူက အံကြိတ်သံနှင့် ဆိုလိုက်သည်။
ဇန်းညာက အပြုံးမပျက်ဘဲ ရှိနေခဲ့ပြီး
"ဒါနဲ့ မင်းနာမည်က ဘာလဲ"
"မင်း သိပါတယ်"
"အသံထွက်ဖို့ ခက်တယ်လေ၊ တခြား ခေါ်လို့ကောင်းတဲ့ နာမည် မရှိဘူးလား"
"ခက်ရင် မခေါ်နဲ့"
"......"
တုံးတိတိ အဖြေကြောင့် ဇန်းညာက ဂွမ်ထက်ဂျူအား စူးစူးရှရှ စိုက်ကြည့်လိုက်သည်။ ဇန်းညာ၏ နှုတ်ခမ်းထက်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး မျက်လုံးများတွင် ထူးဆန်းသော အငွေ့အသက် တချို့ ရှိနေ၏။
သူတို့ကြားတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြန်လေသည်။
ခဏအကြာတွင် ဇန်းညာက စကားစလိုက်သည်။
"မင်း ရဲစခန်းရောက်သွားတယ်လို့ ကြားတယ်"
ဇန်းညာက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မေ့သွားသကဲ့သို့ ရယ်ရယ်မောမော ဆိုလိုက်သည်။
‘သိရင်လဲ ဘာလို့မေးနေသေးလဲ သောက်ရူးကောင်ရေ’
ဂွမ်ထက်ဂျူက မည်သည့်အဖြေမျှ မပေးဘဲ သတိကြီးကြီးထားကာ စောင့်ကြည့်နေသည်။
ဇန်းညာက ဂရုမစိုက်ဟန်ဖြင့် မီနီဘားဆီသို့ လျှောက်သွားလိုက်သည်။ သူက အအေးခန်းထဲမှ အရက်ပုလင်းများ ကြားမှ ဝီစကီတစ်လုံးကို ရွေးထုတ်လိုက်သည်။
ထို့နောက် ခပ်ပြုံးပြုံး မျက်နှာထားဖြင့် "မင်း ငါ့ကို ဒီလောက် သတိထားစရာ မလိုပါဘူး၊ ငါက အန္တရာယ်ထဲရောက်နေတဲ့ ပါတနာတစ်ယောက်ကို ကူညီရုံပါပဲ"
သို့တိုင် ဂွမ်ထက်ဂျူက သတိကြီးကြီး ထားနေဆဲပင်။
"မင်း ငါ့နောက်ကို ဘယ်အချိန်ကတည်းက လိုက်နေတာလဲ"
"ဘယ်အချိန်ကတည်းကလဲ ဟုတ်လား... အစကတည်းကပေါ့"
'လေဆိပ်ကတည်းက ရှိနေခဲ့တာလား'
'ငါ့ကို ဆက်သွယ်ဖို့ အချိန်ကောင်းကို စောင့်ပြီးမှ ကယ်ခဲ့တယ် သဘောလား၊ ဒါဆို အဲဒီတုန်းက သူ့ရဲ့ အထောက်အထားကို ဘာလို့ မဖော်ထုတ်ခဲ့တာလဲ'
ဇန်းညာက ဂွမ်ထက်ဂျူ၏ အတွေးများကို သိနေသကဲ့သို့ ရုတ်တရက် ပြုံးလိုက်ပြီး
"ဌာနချုပ်က ငါ့ကို ဒီနေ့အထိ စောင့်ဆိုင်းဖို့ ပြောထားတာ၊ အဲဒီနေ့က မင်း အဲလို ရှက်စရာကောင်းတဲ့ပုံစံနဲ့ အဖမ်းမခံရဘူးဆိုရင် ငါ ပေါ်လာစရာ အကြောင်းမရှိဘူး"
ဇန်းညာက ပြောဆိုရင်း ဝီစကီကို တစ်ကျိုက်မော့လိုက်သည်။
ဂွမ်ထက်ဂျူ အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သော ရှက်ရွံ့မှုက တစ်ဖန် ပြန်ပေါ်လာခဲ့ရသည်။ သာမန်မဟုတ်သော... လူ့ခွန်အားကို ကျော်လွန်သူဟု ထင်ထားခဲ့သူမှာ သူ၏ လုပ်ဖော်ကိုင်ဖက် ပါတနာတစ်ယောက် ဖြစ်နေ၏။ ထိုအချက်က ဂွမ်ထက်ဂျူ၏မာနကို အလွန် ထိခိုက်စေသည်။
"ပထမဆုံး တွေ့ဆုံမှုတွေက တကယ် မမေ့နိုင်စရာပဲ... မင်းက လူတစ်ယောက်ရဲ့ မျက်လုံးကို ဘယ်လို ရက်ရက်စက်စက် ထိုးဖောက်ရလဲဆိုတာတောင် ပြခဲ့သေးတယ်"
ဂွမ်ထက်ဂျူက ပမာမခန့် ဆိုလိုက်သည်။
'ငါက သူ့ခွန်အားကို မယှဥ်နိုင်တာနဲ့ဘဲ ရှုံးသွားပြီလို့ တွေးနေစရာ မလိုပါဘူး၊ သူနဲ့ငါက တစ်ဖွဲ့တည်းပဲလေ'
ထိုအချက် တစ်ခုတည်းက သူ၏ ကြောက်ရွံ့မှုကို လွင့်စင်သွားစေခဲ့သည်။ ဇန်းညာက မျှော်လင့်မထားသော ဝေဖန်မှုအား လှောင်ပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
"ဘာလဲ မင်းက ငြိမ်းချမ်းရေးဝါဒီလား"
[T/N : ငြိမ်းချမ်းရေးဝါဒီ = အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ယုံကြည်သူ / နားလည်မှုနဲ့ ဖြေရှင်းရန် ယုံကြည်သူ]
"ငါက သေသေသပ်သပ်ပဲ ကြိုက်တယ်"
"သေနတ်ပစ်သလို သေသပ်ပြီး ထိရောက်တာလား။ ဒါမှမဟုတ် ဗုံးခွဲတာလား... အဲဒါတွေဆို ပျော်စရာ မကောင်းဘူး"
ဇန်းညာက ခနဲ့လိုက်သည်။
"မင်း စဉ်းစားကြည့်လေ၊ လူတိုင်းက ထူးခြားချင်ကြတာပဲ၊ လူတိုင်းက သူတို့ရဲ့ နောက်ဆုံးထွက်သက်ကို တတ်နိုင်သမျှ မြင့်မြတ်စေချင်ကြတာ... သူတို့ သေဆုံးမှုက ဆောင်းပါးတစ်ပုဒ်ရဲ့ထောင့်မှာ 'ပစ်သတ်ခံရခြင်း' လို့ ပါလာရင် ဘယ်လောက် အားနာစရာကောင်းလိုက်မလဲ၊ 'စိတ္တဇဆန်ဆန် မျက်လုံးဖောက်သတ်ခံရခြင်း' ဆိုတဲ့ ခေါင်းစီးနဲ့သာပါလာရင် သူတို့အတွက် ဘယ်လောက် ဂုဏ်ရှိလိုက်မလဲ..."
"ဒါဆင်ခြေပဲ၊ ယုတ်မာတဲ့ လုပ်ရပ်ကို မျှတသလို ပြောချင်နေတဲ့ စိတ်ရောဂါသည်တစ်ယောက်ရဲ့ ဆင်ခြေ"
ဂွမ်ထက်ဂျူက ရွဲ့စောင်းကာ လှောင်ပြောင်လိုက်၏။
"တစ်နေ့ကျ ငါ မင်းလက်ထဲ ရောက်သွားရင် ငါ့ကို လူသားဆန်ဆန် ချက်ချင်း သတ်ပေးပါ"
"အင်း... နည်းနည်းတော့ ခက်ခဲနိုင်ပေမဲ့ ငါ စဉ်းစားပေးပါမယ်"
ဇန်းညာက တစ်စုံတစ်ရာကို စဉ်းစားဟန်ဖြင့် စကား ခဏရပ်လိုက်ပြီး
"သိပ်လဲ မစိုးရိမ်ပါနဲ့၊ မင်း ငါ့ကို မထိခိုက်လာရင် ဒါမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး... ငါက ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်ရမှာပဲလေ"
"မင်းက ငြိမ်းချမ်းရေးဝါဒီမို့လား"
ဂွမ်ထက်ဂျူက ဇန်ညာ၏ ခနဲ့စကားဖြင့်သာ ပြန်လည် တုံ့ပြန်လိုက်သည်။ ဇန်းညာက ခပ်ဟဟ ရယ်မောလိုက်ပြီး သူ သောက်နေသော ဝီစကီပုလင်းကို ဂွမ်ထက်ဂျူဘက် ပစ်ပေးလိုက်သည်။ ထိုပုလင်းက တစ်ဝက်ကျော်ခန့် ဗလာ ဖြစ်နေလေပြီ။ ဂွမ်ထက်ဂျူက ဟန်မဆောင်နိုင်ဘဲ ကျန်ရှိသော ဝီစကီအားလုံးကို မော့ချလိုက်သည်။
ထိုအချိန်တွင် ဂွမ်ထက်ဂျူ ချွတ်ထားသော ကုတ်အင်္ကျီအတွင်းမှ ဖုန်းမြည်လာသည်။ သူက ပုလင်းအလွတ်ကို ချလိုက်ပြီး ဖုန်းကို ထုတ်ကိုင်လိုက်၏။ ယခုတစ်ကြိမ်တွင်လည်း ဌာနချုပ်မှ ဓာတ်ပုံတစ်ပုံ ပေးပို့လာခဲ့သည်။ ခဏတာ စောင့်ဆိုင်းပြီးနောက် ရှုသိုးသုန်မှုန်သော မျက်နှာထားရှိသည့် အမည်မသိ ရုရှားလူမျိုးတစ်ယောက်ပုံ ပေါ်လာခဲ့သည်။
'ဆိုက်ခ် ဘော့ဒါနော့ဗ်လား'
ဂွမ်ထက်ဂျူ မရေမရာ ဖြစ်နေစဉ် ဇန်းညာက ရုတ်တရက် ရောက်လာပြီး ဖုန်းကို လှမ်းယူလိုက်သည်။
"ဒီလူကို သတိထားဖို့ ငါ့ကို ပြောထားတယ်... မင်း သူ့ကို သိလား"
ဇန်းညာက ဓာတ်ပုံကို သေချာကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"သိတာပေါ့။ သိပ်သိတာပေါ့"
"သူက ဘယ်လိုလူလဲ"
"သူ့ကို မထိတာ ပိုကောင်းတယ်၊ သူ့ကို သွားထိမိရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"
"မော်ဂန် သေတာက ဒီလူနဲ့ ပတ်သက်နေတာလား"
"မော်ဂန်က... ဪ ဟိုအမေရိကန်ကောင်ကို ပြောတာလား၊ အင်း အဲဒီ ဆိုက်ကိုရဲ့ လှည့်ကွက်လည်း ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ဟုတ်မယ်၊ စိတ်မပူပါနဲ့... မင်းက ဒီကို လက်စားချေဖို့လာတာ မဟုတ်ပါဘူး၊ သူ့ကို လွှတ်ထားလိုက်ပါ၊ သူလဲ လုပ်စရာရှိတာ လုပ်လိမ့်မယ်၊ ငါတို့လဲ လုပ်စရာရှိတာ လုပ်ကြမယ်"
"မင်းတောင် သူ့ကို ဆိုက်ကိုလို့ ခေါ်တာဆိုတော့ အဲလူက တော်တော် ခန့်မှန်းရခက်တဲ့လူ ဖြစ်ပုံပဲ"
ဇန်းညာက ခပ်ဟဟသာ ရယ်မောလိုက်သည်။ ဇန်းညာက ဆိုက်ခ်ဘော့ဒါနော့ဗ် ဖြစ်လျှင်ပင် ဂွမ်ထက်ဂျူ ပိုယုံနိုင်ဦးမည်။ ဇန်းညာလိုလူမျိုးက ထိုလူအား ဆိုက်ကိုဟု ခေါ်လိမ့်မည်ဟုပင် တွေးမထားခဲ့မိပေ။
'ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ပါဝင်တာက အကူအညီ မဖြစ်ရင် ရှောင်လိုက်တာ အကောင်းဆုံးပဲ၊ ငါ မတွေ့ဖူးတဲ့ လူတစ်ယောက်ကို စိုးရိမ်စရာတော့ မလိုပါဘူး၊ လောလောဆယ်တော့ မစ်ရှင်ကိုပဲ အာရုံစိုက်ရမယ်'
"မင်း ဒီက အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ငွေကြေးစီးဆင်းမှုကို ကောင်းကောင်း သိတယ်လို့ ငါ ကြားထားတယ် ဟုတ်တယ်မလား"
"ဟုတ်တယ်၊ မင်း လိုချင်ရင် ငါ အချိန်မရွေး စာရင်းလုပ်ပေးလို့ရတယ်"
သူ၏ ယုံကြည်မှုရှိသော အသွင်က ကြွားဝါနေခြင်း ဟုတ်ပုံမရပေ။ ဂွမ်ထက်ဂျူက သက်ပြင်းချလိုက်ပြီး ညွှန်ကြားချက်များ ပေးလိုက်သည်။
"ပထမဆုံးအနေနဲ့ လက်နက်မှောင်ခို ရောင်းဝယ်တာတွေနဲ့ ပတ်သက်တဲ့သူတွေ ရှာပေး၊ သူတို့က ရင်းနှီးမြှုပ်နှံသူတွေ၊ စွန့်ဦးတီထွင်သူတွေ ဒါမှမဟုတ် စီးပွားရေးသမားတွေ ဖြစ်ရမယ်၊ အန်နာစတေးရှားကို တွေ့ဖို့ဆိုရင် ဦးအောင် လှုပ်ရှားမှရမယ်"
ထိုအမည်ကို ကြားသော် ဇန်းညာ၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။ သို့သော် ဂွမ်ထက်ဂျူ သတိမပြုမိခဲ့ပေ။
ဇန်းညာက ခေါင်းညိတ်လိုက်ပြီး နားလည်သွားပုံရကာ ချက်ချင်း ထရပ်လိုက်သည်။
"ဒါဆို မနက်ဖြန် ပြင်ဆင်မှုတွေ ပြီးအောင်လုပ်ပြီး ဆက်ပြောကြတာပေါ့"
ဂွမ်ထက်ဂျူက မတ်တပ်ရပ်ပြီး ဇန်းညာ၏ အနောက်မှ လိုက်သွားလိုက်သည်။ ဂွမ်ထက်ဂျူက ဇန်းညာကိုသာမက သူ၏ ထူးခြားသော ကိုယ်ပိုင်အနံ့ကိုပါ မောင်းထုတ်ရန် ရည်ရွယ်ထားသည့်အလား အနီးကပ် လိုက်ပါသွားသည်။
သူက လက်လှမ်းကာ တံခါးကို ဆွဲဖွင့်ပေးလိုက်သလို ဇန်းညာကလည်း အေးအေးလူလူ ထွက်သွားလိုက်သည်။ ဂွမ်ထက်ဂျူက "မနက်ဖြန် တွေ့မယ်" ဟု ပြောပြီးနောက် တံခါးဆွဲပိတ်လိုက်သော်လည်း ပိတ်မရခဲ့ချေ။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ဇန်းညာ၏ ဖိနပ်ထိပ်ဖျားက တံခါးကြားတွင် ကာဆီးထားခြင်းပင်။
ဂွမ်ထက်ဂျူက မကျေမနပ် အမူအရာဖြင့် ဇန်းညာကို မော့ကြည့်လိုက်၏။ ဇန်းညာက ခေါင်းငုံ့ကြည့်လိုက်ရာ နှစ်ဦးသား အကြည့်ချင်း ဆုံသွားခဲ့သည်။
"ဒီမျက်နှာဖုံးကို ဖြည်းဖြည်းချင်း ချွတ်ကြတာပေါ့"
ဇန်းညာက အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။ ထို့နောက် ခြောက်ကပ်ကပ် ရယ်မောက ဓာတ်လှေကားဆီသို့ လျှောက်သွားတော့သည်။
ဂွမ်ထက်ဂျူက ထိုလူအား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိသည်။ ဓာတ်လှေကားတံခါး ပိတ်သည်အထိ ကြည့်နေပြီးမှသာ တံခါးဆွဲပိတ်လိုက်၏။
...
ဓာတ်လှေကားတံခါးက လျင်မြန်စွာ ပွင့်သွားသည်။ အမျိုးသားတစ်ဦးက အတွင်း၌ ရပ်နေပြီး ဇန်းညာကို လှမ်းကြည့်လိုက်၏။ ဇန်းညာက အကြည့်တစ်ချက်သာပေးလိုက်ပြီး သူ့အား နောက်ကျောပေးကာ ရပ်လိုက်လေသည်။ ဓာတ်လှေကားက ပထမထပ်သို့ လျင်မြန်စွာ ဆင်းသွားစဉ် နောက်မှ အမျိုးသားက ရုတ်တရက် ပြောလိုက်သည်။
"ငါ ဘာလုပ်ရမလဲ"
ဇန်းညာက အထပ်နံပါတ်များကို ကြည့်ရင်း တစ်စုံတစ်ရာကို စဉ်းစားနေ၏။ ခဏအကြာတွင် သူက အေးစက်စက် လေသံဖြင့်...
"အားလုံးကို ဖောက်ခွဲပစ်လိုက်၊ ပုန်းစရာ နေရာတစ်ခုတောင် မကျန်စေနဲ့"
***
မနက်ခင်း။
ဟိုတယ်ခန်း၏ တံခါးခေါင်းလောင်းက ရုတ်တရက် မြည်လာခဲ့သည်။ ဂွမ်ထက်ဂျူက မျက်နှာပေါ်ရှိ မျက်နှာဖုံးကို စစ်ဆေးပြီး နာရီကို ကြည့်လိုက်၏။ မနက် ၈ နာရီသာ ရှိသေးသဖြင့် ဟိုတယ်က သန့်ရှင်းရေး ရောက်လာမည့် အချိန်က အနည်းငယ် လိုသေးသည်။
"ဇန်းညာလား... ဒီကောင်က အချိုးမပြေပေမဲ့ အလုပ်တော့ ကြိုးစားပုံပဲ"
ဂွမ်ထက်ဂျူက အတွေးများဖြင့် တံခါးဆီကို လျှောက်သွားလိုက်သည်။ ထိုစဉ် အပြင်ဘက်မှ ရုတ်တရက် စကားပြောလာသည်။
"အခန်းဝန်ဆောင်မှုပါ"
ဂွမ်ထက်ဂျူက သံသယဖြင့် တံခါးကို ဖွင့်လိုက်သော်လည်း သူ နားကြားမှားခဲ့ပုံ မရပေ။ အစားအသောက်များ တင်ထားသော လှည်းတစ်စီးက အခန်းရှေ့ စင်္ကြံတွင် ရှိနေ၏။ ဟိုတယ်ယူနီဖောင်းဝတ်ထားသော ဝန်ထမ်းက သူ့အား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ဂွမ်ထက်ဂျူက စင်္ကြံတစ်လျှောက်ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။ မနက်စောစော ဖြစ်နေသေးရာ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေ၏။
ဟိုတယ်ဝန်ထမ်းက အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီးနောက် "ကျွန်တော် ဝင်လာလို့ရမလား"
"ခင်ဗျား အခန်းမှားလာပုံပဲ"
"မမှားပါဘူး။ ဒါက အခန်းနံပါတ် ၉၁၁ မှန်ပါတယ်"
"ဒါပေမဲ့ ကျုပ် အခန်းဝန်ဆောင်မှု မမှာထားမိဘူး"
"ဪ တခြားတစ်ယောက်က တောင်းဆိုထားတာပါ"
"တခြားတစ်ယောက်လား... ဟိုကောင်များလား"
"ဂက်ဇ်ပရွမ် ကိုယ်စားလှယ်တစ်ယောက်ပါ ဆရာ"
"ဪ"
ဂွမ်ထက်ဂျူက ထိုဆိုက်ကိုကောင်ကို အရင် တွေးလိုက်မိသည့်အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ရယ်ချင်သွားမိသည်။
'အဲကောင်က ပါတနာ ဖြစ်ပေမဲ့ လူသတ်သမားနဲ့ ဘာမှမခြားဘူး၊ ဒါကို ငါက သူ့ဆီက ဘာတွေ မျှော်လင့်နေသေးတာတုန်း'
'ဂက်ဇ်ပရွမ် ကိုယ်စားလှယ်က မှာပေးတာဆိုတော့ မနေ့က ဖြစ်ပျက်ခဲ့တာအတွက် တောင်းပန်တဲ့ သဘောလား၊ ငါ ငြင်းလိုက်ပြန်ရင်လည်း မကောင်းဘူး'
ဂွမ်ထက်ဂျူက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် "ဝင်ခဲ့ပါ"
ဝန်ထမ်းက အနည်းငယ် ခါးညွှတ်ပြီး လှည်းကို ညင်သာစွာ အထဲသို့ တွန်းလိုက်သည်။ အစားအစာများကို ပြတင်းပေါက်ဘေးရှိ စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ထားပြီးနောက် လိုအပ်တာရှိပါက ခေါ်ရန်ပြောကာ ထွက်ခွာသွားခဲ့သည်။
အစားအစာများကို သတ္တုအုပ်ဆောင်းဖြင့် သန့်သန့်ရှင်းရှင်း ဖုံးအုပ်ထားသော်လည်း ရုရှားရိုးရာ ဘောရှ့်ခ် (Borscht) ဟင်းပွဲ၊ ဆန်းဒဝစ်၊ ကြက်ဥပြုတ်၊ သစ်သီးများအပြင် ကော်ဖီနံသင်းသင်းလေး၏ အနံ့ကိုပါ ရနေသည်။
ဂွမ်ထက်ဂျူက စားပွဲဆီသို့ လှမ်းကြည့်လိုက်ရာ ကတ်ပြားတစ်ခု ထောင်ထားသည်ကို တွေ့လိုက်ရ၏။
"နှုတ်ဆက်စာလား"
သူက ထိုကတ်ပြားအား ဆွဲကြည့်လိုက်ပြီးနောက် မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ်သွားတော့သည်။
"သေစမ်း"
ထိုကတ်ပြားပေါ်တွင် စာလုံး တစ်လုံးတည်းသာ ရေးထား၏။
ဘွန်းး(Boom)