no

Font
Theme

အပိုင်း (၉) ။ ။ "ဘာလို့ မဖယ်သေးတာလဲ။"

ဂွမ်ထက်ဂျူ ကတ်ပြားကို လွှတ်ချပြီး တံခါးဆီသို့ ဦးတည် ပြေးသွားလိုက်သည်။ သူ လက်တလော ကြုံတွေ့ခဲ့ရသော ဖြစ်စဥ်များအရ ခြောက်လှန့်ရုံ လုပ်ဆောင်ခြင်း မဖြစ်နိုင်မှန်း သဘောပေါက်၏။

ထို့ကြောင့် အခြားသော စစ်ဆေးမှုများကိုပင် မလုပ်ဆောင်တော့ဘဲ တစ်ကိုယ်လုံးရှိ ကြွက်သားများကို အားကုန်သုံးလျက် ခုန်လိုက်ပြီး လက်ကိုလည်း တံခါးဆီသို့ ဆန့်တန်းလိုက်သည်။ လက်ချောင်းထိပ်များက တံခါးလက်ကိုင်ကို ထိလိုက်ချိန်မှာပင် သူ့နောက်ဘက်မှ ကျယ်လောက်သော ပေါက်ကွဲသံတစ်ခုက နားစည် ကွဲမတတ် ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်လေး အတွင်း၌ လေထုက လှုပ်ရှားမှု မရှိသလို ငြိမ်သက်သွားသော်လည်း နောက်တစ်စက္ကန့်တွင် ပြင်းထန်သောအားနှင့် ပေါက်ကွဲ ထွက်လာသောကြောင့် ဂွမ်ထက်ဂျူတစ်ယောက် လွင့်စင်သွားကာ နံရံကို အရှိန်ပြင်းပြင်း ဆောင့်မိသွားခဲ့သည်။

စားပွဲ ရှိခဲ့သော ကြမ်းပြင်နေရာက ပြိုကျသွားခဲ့ပြီး ပြတင်းပေါက်မှန်များက ကွဲကြေသွားသလို အတွင်းရှိ ပရိဘောဂများနှင့် ပစ္စည်းများလည်း ပျက်စီးကုန်ကြသည်။ မျက်နှာကျက်တွင် တပ်ဆင်ထားသော အချက်ပေး ခေါင်းလောင်းများက တစ်ပြိုင်နက်တည်း မြည်လာကာ ဟိုတယ် တစ်ခုလုံးတွင် အချက်ပေးသံများဖြင့် ဆူညံသွားတော့သည်။

အချက်ပေးသံကြောင့် ဟိုတယ်အတွင်းရှိ လူများက လန့်ဖြန့်သွားကြ၏။ ဂွမ်ထက်ဂျူလည်း အခြေအနေကို မျက်စိ ရှင်ရှင်ထားကာ ကြည့်နေရလေသည်။

"အားးးးး!"

"အား!"

'အကြမ်းဖက် တိုက်ခိုက်ခံရတာလား' ဟူသော အတွေးမျိုးဖြင့် လူတိုင်း၏ စိတ်မှာ ထိတ်လန့် လာကြပြီး စတင်၍ ရုတ်ရုတ်သည်းသည်း ဖြစ်လာကြသည်။ ဟိုတယ်ဝန်ထမ်းများက ဧည့်သည်များကို စိတ်အေးအေးထားရန် ကြိုးစားနားချသော်ငြား အော်ဟစ်သံများကြား သူတို့၏ အသံက တိုးမပေါက်နိုင်အောင် ရှိနေသည်။

လူတို့သည် အရေးပေါ် ထွက်ပေါက်ဆီသို့ သူ့ထက်ငါ အလုအယက် ပြေးလွှားနေကာ တစ်ယောက်နှင့် တစ်ယောက် တွန်းတိုက်မိကြပြီး လဲကျ သွားသူများပင် ရှိနေ၏။ လဲကျသွားသူတို့ကိုပင် နင်းကျော်သွားကြပြီး ကူညီထူမပေးရန် ကြိုးစားသူ တစ်ယောက်မျှ မရှိချေ။

ကြောက်စိတ်တို့ အစွန်းရောက်သည့်အခါ ဆင်ခြင်တုံတရားက နောက်ဆုတ်သွားကြရ၏။ သို့ဖြင့် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်သော အပျက်အစီးထပ် လူအချင်းချင်း ထိခိုက်မိမှုက ပိုများခဲ့သည်။

ငရဲခန်းလို အခြေအနေမျိုးဖြင့် မနက်ခင်းတစ်ခုကို ဂွမ်ထက်ဂျူ စတင်လိုက်ရပြန်သည်။

မီးသတ်သမားများ ရောက်လာပြီး ဒဏ်ရာရသူများကို ခေါ်ထုတ်ကာ အခြေအနေကို ဖြည်းဖြည်းချင်း ထိန်းချုပ်လိုက်နိုင်သည်။ အခင်းဖြစ်သည့် နေရာကို မီးငြိမ်းသတ်ပြီးနောက် ဗုံးရှင်းလင်းရေးတပ်ဖွဲ့ ရောက်ရှိလာ၏။ သတင်းထောက်များက ဟိုတယ်ကို ဝိုင်းရံပြီး သတင်းကို ထုတ်လွှင့် နေကြလေသည်။

ထိခိုက်ဒဏ်ရာရသူအများစုက ပေါက်ကွဲမှုကြောင့်ထက် ထိတ်လန့်တကြား ထွက်ပြေးမှုကြောင့်သာ ဖြစ်နေပြီး လူနာတင်ယာဉ်များကလည်း ခေါက်တုံ့ခေါက်ပြန် ဆေးရုံသို့ ပို့ဆောင်ပေးနေရသည်။

ရှုပ်ထွေးမှုများကြားမှ အပြင်းထန်ဆုံး ဒဏ်ရာရသူ ဖြစ်သည့် ဂွမ်ထက်ဂျူကမူ ဆေးကုသမှုခံရန် ငြင်းဆန်နေလေသည်။

"ခင်ဗျား သွေးပူနေတုန်းမလို့၊ မနာသေးတာ။ ခဏနေရင် နာလာတော့မှာ အဲ့ခါကျမှ နောင်တရနေမယ်နော်။ ခေါင်းထိထားတာဆိုတော့ CT Scan ချက်ချင်း ရိုက်ဖို့လိုတယ်။ လှဲနေလိုက်ပါဗျာ။"

ကယ်ဆယ်ရေးဝန်ထမ်း၏ ဇွတ်တရွတ် တိုက်တွန်းမှုကြောင့် ဂွမ်ထက်ဂျူသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိ၏။

"ကျွန်တော် အဆင်ပြေပါတယ်။ ကျန်တဲ့သူတွေကိုပဲ သွားကြည့်ပေးလိုက်ပါ။"

"ခင်ဗျားရဲ့ ဆန္ဒကို နားလည်ပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ရမှာပေါ့။ တစ်ခုခုမှားသွားရင် ကျွန်တော်ပဲ တာဝန်ယူရမှာဗျ။"

"သွေးထွက်နေပေမယ့်လည်း အပေါ်ယံ ဒဏ်ရာလောက်ပါပဲ။"

"အဲ့တာကို ဆရာဝန်တွေပဲ စစ်ဆေးပေးပါလိမ့်မယ်ဗျ။"

ဂွမ်ထက်ဂျူ၏ နဖူးတွင် သွေးဆို့နေသော ပေါက်ပြဲဒဏ်ရာတစ်ခု ရှိနေသည်။ လတ်တလောတွင် ပိုးသတ်ဆေးထည့်ပြီး အနာကတ်ပလာစတာ ကပ်ထားလိုက်လျှင် ရသည်။ နောက်မှ ဆေးရုံသို့သွားကာ အချက် အနည်းငယ် ချုပ်ရုံဖြင့် ပြေလည်နိုင်သော ဒဏ်ရာ ဖြစ်သော်လည်း ကယ်ဆယ်ရေးဝန်ထမ်းက သူ့ကို ဆေးကုသမှုခံယူရန် အတင်းအကျပ် တိုက်တွန်းနေ၏။

သူ့ထက် ခေါင်းမာနေသော ကယ်ဆယ်ရေးဝန်ထမ်းကြောင့် ဂွမ်ထက်ဂျူ စိတ်ရှုပ်လာကာ မျက်နှာကို ကုတ်လိုက်ရာမှ ပေါက်ကွဲမှုဒဏ်ကြောင့် ပျက်စီးစပြုနေသော ဘယ်ဘက်မေးစေ့မှ အရေပြားတု တစ်ဖတ်သည် ကွာကျသွားခဲ့၏။ ထိုဖြစ်ရပ်ကို ဝန်ထမ်းများက သတိထားမိလိုက်ကြသည်။

"အဲ့ဒီနေရာလဲ ဒဏ်ရာရထားတာလား စစ်ဆေးကြည့်ရအောင်"

ချဉ်းကပ်လာသော လက်ကို ဂွမ်ထက်ဂျူက လက်ပြန် ရိုက်ထုတ်လိုက်သည်။

ဝန်ထမ်းက ထိုတုံ့ပြန်မှုကြောင့် ဂွမ်ထက်ဂျူက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားသည်ဟု သံသယဝင်လာပြီး အခြားလုပ်ဖော်ကိုင်ဖက်များကို ခေါင်းညိတ် အချက်ပြလိုက်၏။ အခြားဝန်ထမ်း နှစ်ယောက်သည် ဂွမ်ထက်ဂျူကို ဘယ်ညာညှပ်ကိုင်ပြီး လူနာတင်ကားပေါ်သို့ ဆွဲခေါ်သွားကြသည်။

ဂွမ်ထက်ဂျူ စိတ်ထဲမှ ဆဲဆိုသံများကို ထုတ်ပြောနိုင်မည်ဆိုပါက ဗုံးသံထက်ပင် ကျယ်လောင်နေနိုင်သည်။ မနက်စောစော၌ ဗုံးတစ်လုံး လက်ဆောင်ရထားသူအဖို့ စိတ်ပျော်ရွှင်မနေခြင်းက အလွန်တရာ ပုံမှန်ဖြစ်သည်။

ဆေးရုံ ရောက်သွားပါက သူက ဟိရို ဆခမိုတို မဟုတ်ကြောင်း ဖော်ထုတ်ခံရပြီး သူ့အထောက်အထားတို့ ပေါ်ကုန်တော့မည်။ ရုရှားသို့ လာရောက်ရသည့် အဓိကမစ်ရှင်အကြောင်း ရဲများမှ သိသွားခြင်းမျိုး အဖြစ်ခံလို့ မရပေ။

ဘေးနှစ်ဖက်မှ ကိုင်ကာ ခေါ်သွားခံနေရစဥ် လူအုပ်ကြားထဲမှ မြင်ဖူးသော မျက်နှာတစ်ခုကို လှမ်းမြင်လိုက်ရပြီး ထိုမျက်နှာက လျင်မြန်စွာ ပျောက်ကွယ်သွားစဥ် ဂွမ်ထက်ဂျူ၏ နှလုံးခုန်နှုန်း မြန်လာခဲ့သည်။

အဲဒါ သူပဲ...

ရှောင်ရှားရန် အန္တရာယ်အဆင့် သတိပေးခြင်းခံရသော ‘ဆိုက်ခ် ဘော့ဒါနော့ဗ်’

မေးခွန်းများက စိတ်ထဲတွင် ပြည့်နှက်လာ၏။

‘ ဘော့ဒါနော့ဗ် ဆိုတဲ့ကောင်က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ။ တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး။ ရာဇဝတ်ကောင်တွေက အခင်းနေရာကို ပြန်လာကြည့်တတ်တယ် ဆိုတော့... ‘

သူ့အယောင်ဆောင်မှုက ပေါက်ကြားသွားပြီလား။

အန္တရာယ်ရှိသော အရိပ်ကြောင့် ဂွမ်ထက်ဂျူ ဤနေရာမှ အရင်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး ဝန်ထမ်းများနှင့် အသာတကြည် လိုက်သွားလိုက်သည်။ ကော့သေနတ် အပါအဝင် သူ့ပစ္စည်းအားလုံးသည် ပေါက်ကွဲမှုတွင် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၍ ဘော့ဒါနော့ဗ်နှင့် ရင်ဆိုင်ရန် မလုပ်သင့်ဆုံးအချိန် ဖြစ်သည်။

လောလောဆယ် ရှောင်နေပြီး အစီအစဉ်တစ်ခု ရေးဆွဲရန်နှင့် လူကော၊ လက်နက်ပါ အင်အားဖြည့်တင်းရန် လိုအပ်သည့်အတွက် ဂွမ်ထက်ဂျူက ကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ လူနာတင်ယာဉ်ထဲသို့ ဝင်ထိုင်လိုက်လေသည်။

ထိုစဥ် ဘော့ဒါနော့ဗ်သည် ကယ်ဆယ်ရေးဝန်ထမ်း ယောင်ဆောင်ကာ အဖြူရောင်ကုတ်အင်္ကျီနှင့် နှာခေါင်းစည်းကို တပ်ဆင်ပြီး လူနာတင်ယာဥ် အနီးသို့ ချဉ်းကပ်လာ၏။

‘လူတွေ အများကြီးရှိလို့ ဘာမှ မလုပ်ရဲလောက်ဘူး ထင်ထားတာ။ ဘယ်လို အရူးမျိုးပါလိမ့်။ ဆိုက်ကိုကောင်နဲ့ တစ်ကားတည်း အတူမစီးနိုင်ဘူး’

ဘော့ဒါနော့ဗ်က လူနာတင်ယာဉ်၏ ယာဉ်မောင်းတံခါးကို ဖွင့်လိုက်ချိန်၌ ဂွမ်ထက်ဂျူ ကယ်ဆယ်ရေးဝန်ထမ်းများကို တွန်းထုတ်ပြီး တန်းနေအောင် ခုန်ချကာ ထွက်ပြေးတော့သည်။

"အယ်!"

ကယ်ဆယ်ရေးဝန်ထမ်းများက အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ဘော့ဒါနော့ဗ်သည် ယာဉ်မောင်းထိုင်ခုံမှ ထွက်လာပြီး နှာခေါင်းစည်း လွတ်နေသော မျက်လုံးများဖြင့် ဂွမ်ထက်ဂျူကို စူးစိုက် ကြည့်နေလေသည်။

ဂွမ်ထက်ဂျူသည် လူအုပ်ကြားထဲသို့ အတင်း တိုးဝင်သွားသောကြောင့် အော်ဟစ်သံအချို့ ဖြစ်သွားခဲ့သည်။ လူရှုပ်ရှုပ်ကြားထဲသို့ တမင် ပြေးသွားလိုက်ခြင်းမှာ ဘော့ဒါနော့ဗ် သူ့နောက်သို့ အလွယ်တကူ လိုက်လာ၍ မရစေရန် ဖြစ်သည်။ သူ တွက်ဆထားသလိုပင် ဘော့ဒါနော့ဗ်က ဆက်လိုက်မလာဘဲ ပျောက်ကွယ်သွားလေသည်။

ဂွမ်ထက်ဂျူသည် ဟိုတယ်ဧရိယာမှ အပြင်သို့ ထွက်ပြေးလာပြီး လမ်းမကြီးပေါ်သို့ ရောက်လာခဲ့သည်။ ရင်ဆိုင်နေရသည့်သူက ဤမြို့၏ လမ်းများနှင့် ကျွမ်းဝင်သူ ဖြစ်လေရာ သူ ဝေးနိုင်သမျှ ဝေးဝေးသွားနိုင်မှ ဖြစ်မည်။

ဂျစ်ကားတစ်စီးက အရှိန်ပြင်းစွာ သူ့ထံ မောင်းဝင်လာပြီး မှန်နက်များကြားမှ ယာဉ်မောင်းဘေးထိုင်ခုံတွင် ဘော့ဒါနော့ဗ်ကို လှမ်းမြင်လိုက်ရသည်။

“ချီးလိုပဲ!!”

တစ်ချက် ကျိန်ဆဲလိုက်ပြီး ဂျစ်ကား လိုက်ဝင်မလာနိုင်သော ကျဉ်းမြောင်းသည့် လမ်းကြားတစ်ခုထဲသို့ ပြေးဝင်လိုက်၏။ ဂျစ်ကားသည် လမ်းကြားအဝင်ဝတွင် ရပ်တန့်သွားကာ ကားထဲမှ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထွက်လာပြီး ဘော့ဒါနော့ဗ်မှ ခေါင်းညိတ်ပြလိုက်သည်နှင့် ဂွမ်ထက်ဂျူ နောက်သို့ ပြေးလိုက်လာတော့သည်။

ဂျစ်ကားကတော့ ထိုနေရာမှ အရှိန်ဖြင့် ထွက်ခွာသွားခဲ့ပြီး သူ သွားနေသည့် လမ်းထိပ်မှ ပိတ်တားနိုင်ခြေ ရှိသည်။

ဂွမ်ထက်ဂျူသည် ပြေးရင်းလွှားရင်းမှ အသည်းအသန် တွေးတောကြံဆ နေရလေပြီ။

‘ဒီ သောက်ဆိုက်ကိုက ဘာလို့ ငါ့နောက် လိုက်နေရတာလဲ။ ငါ အယောင်ဆောင်ထားတာ မပေါ်သေးဘူးဆိုတော့ ငါက ဟီရို ဆာကာမိုတို ဖြစ်နေတုန်းပဲ။ ဒါဆို ဒီသောက်ကောင်က ရုရှား-ဂျပန် သဘောတူစာချုပ်ကို မကျေနပ်တာလား’

စဥ်းစားရသမျှ သုံးသပ်ချက်များက သူ့အား ပစ်မှတ်ထားရလောက်အောင် ခိုင်လုံမှု မရှိပေ။ သဘောတူစာချုပ်ကို မလိုလားပါက သူ့ထက် အရေးကြီးသော ပုဂ္ဂိုလ်တို့ကို ပစ်မှတ်ထားသင့်သည်။

‘ဒါဆို သူတို့ ပစ်မှတ်ထားတာ ဟိရို ဆခမိုတို မဟုတ်ဘဲ ဂွမ်ထက်ဂျူဆိုတဲ့ ငါလား’

နောက်ဆုံးတွင် ဖြစ်နိုင်ခြေအရှိဆုံး အဖြေတစ်ခုကို ဂွမ်ထက်ဂျူ ကောက်ချက်ချ နိုင်လိုက်သည်။

‘လှေကားကနေ တက်ပြီး ဟိုဘက်တိုက်ကို ခုန်ကူးရမယ်’

လှေကားသို့ ပြေးရန် ကြံစည်နေစဥ်မှာပင် ကျည်ဆန်များက သူ့ဘေးမှ ဖြတ်သန်းသွားကာ ထိုနေရာသို့ ခြောက်လှန့် ပစ်ခတ်လိုက်ရာ အစီအစဉ်ကို စွန့်လွှတ်လိုက်ရ၏။

ဂွမ်ထက်ဂျူ ပြေးလွှားနေခြင်းအား မရပ်တန့်ရဲချေ။ အသက်ပြင်းထန်စွာ ရှူရလွန်း၍ သူ့အဆုတ်များပင် တင်းကျပ် နာကျင်လာခဲ့သည်။ ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ ဂွမ်ထက်ဂျူ လှည့်ပတ်ပြေးနေရပြီး လွတ်မြောက်ရန် လမ်းတစ်စပင် မမြင်ရသေးချေ။

မနက်ခင်း လင်းလင်းချင်းချင်း၌ သေနတ်သံများ ဆူညံနေသော်လည်း မြို့ကြီးက တိတ်ဆိတ်နေ၏။ ရုရှားရဲများ၏ အကျင့်ပျက်မှုနှင့် နှေးကွေးမှုတို့ကို အကြီးအကျယ် ရှုံချနေမိသည်။ ရဲများ ပေါ်လာမည့် အရိပ်အယောင် မတွေ့သေးသည့်အတွက် ဂွမ်ထက်ဂျူ မြစ်ကမ်းဘက်သို့ လမ်းကြောင်း ပြောင်းလိုက်သည်။

ဂွမ်ထက်ဂျူ ပြေးနေသော လမ်းကျဥ်းလေး အရှေ့တွင် ကားများစွာ သွားလာနေသည့် လမ်းမကျယ်ကြီးကို မြင်နေရပြီ။ ထိုနေရာက သူ့လွတ်လမ်း ဖြစ်နိုင်ပြီး ရောက်ရန် အနည်းငယ်သာ လိုတော့သည်။

လမ်းကြားမှ ထွက်လာသောအခါ ဂျစ်ကားတစ်စီးက သူ့အရှေ့တွင် ပိတ်ဆို့ထားနှင့်သည်။ ရှေ့တွင် ဘော့ဒါနော့ဗ်၏ကားက တားဆီးထားပြီး နောက်တွင် လိုက်လံဖမ်းဆီးသူများက နီးကပ်လာနေသည်။

ယာဉ်မောင်းက တံခါး ဖွင့်ကာ ထွက်လာရန် လုပ်နေသဖြင့် ဂွမ်ထက်ဂျူက တံခါးကို တွန်းပိတ်လိုက်သည်။ ယာဥ်မောင်း ဟန်ချက်ပျက်သွားသည့် အချိန်တွင် ကားဘောနပ်ဖုံးပေါ်မှ ကျော်ကာ ကားတစ်ဖက်သို့ ထွက်ပြေး လိုက်လေသည်။ မော်တော်ဆိုင်ကယ်တစ်စီးကလည်း သူ ပြေးဝင်ရန် ကြံစည်ထားသည့် လမ်းဒေါင့်မှ အရှိန်ပြင်းစွာ ဝင်ရောက်လာ၏။

ဆိုင်ကယ်သမားက ဘရိတ်ကို ရုတ်တရက် အုပ်လိုက်ခြင်းကြောင့် တာယာနှင့် ကားလမ်းကြား ပွတ်တိုက်မှု ဖြစ်ပြီး မီးပွားများပင် လွင့်စင်ထွက်လာကြသည်။ ဂွမ်ထက်ဂျူ ကိုယ်တိုင်ပင် ‘ဒီတစ်ခါတော့ ပွဲသိမ်းပြီ’ ဟု မှတ်ယူလိုက်ပြီး အားလျှော့ကာ လှဲချလိုက်လေသည်။

မော်တော်ဆိုင်ကယ်၏ ရှေ့ဘီးသည် သွားကြိမ်းစရာ ပွတ်တိုက်သံပေးလျက် မြေပြင်မှ ချော်ကာ မြောက်တက်လာသည်။ ထိုတစ်ခဏအတွင်း လိုက်လံဖမ်းဆီးသူများပင် ဂွမ်ထက်ဂျူ၏ သေချာနေသည့် ကြံမ္မာဆိုးကို မကြည့်ဝံ့ကြသည့်အလား မျက်လုံးများကို မှိတ်ထားလိုက်ကြ၏။

“ဝုန်း!!”

ကျောချမ်းဖွယ် တိုက်မိသံက သူ့ဘေးနားတွင် မြည်ဟီးသွားသော်လည်း မျှော်လင့်ထားသည့် ထိခိုက်နာကျင်မှုက မဖြစ်လာခဲ့ချေ။

ဂွမ်ထက်ဂျူသည် ဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ဆိုင်ကယ်၏ နောက်ဘီးက သူ၏ နှာခေါင်းထိပ်နားလေးတွင် လည်နေဆဲ ရှိသေးသည်။ ဆိုင်ကယ်က ဂျစ်ကားခေါင်းပိုင်းကို ဝင်တိုက်မိပြီး နောက်ဘီး ထောင်သွားခဲ့သည်။ သို့သော် ဆိုင်ကယ်က အောက်သို့ ပြုတ်ကျ မလာဘဲ ထူးဆန်းစွာ နောက်ဘီးမြောက်လျက် အတန်ကြာရှိနေ၏။

မျက်စိရှေ့က မြင်ကွင်းကြောင့် ဂွမ်ထက်ဂျူ ဘေးသို့ အလိုအလျောက် ရွေ့လိုက်မိသည်။လေ့ကျင့်သား ပြည့်ဝနေသော ကြွက်သားများ၏ အလိုလိုတုံ့ပြန်မှုမျိုးလား၊ ပင်ကိုအသိစိတ်က နှိုးဆော်မှုလား မဆိုနိုင်သော လှုပ်ရှားမှုအပြီးတွင် ဆိုင်ကယ်၏ နောက်ဘီးက အပေါ်သို့ အနည်းငယ် မြင့်တက်သွားပြီးနောက် အသံတစ်ခုပေးကာ ပြန်ပြုတ် ကျလာလေသည်။ အနည်းငယ် နောက်ကျသွားပါက သူ့ခေါင်းမှာ နောက်ဘီး ပြုတ်ကျလာသည့် အရှိန်ကြောင့် ကြေမွသွားလိမ့်မည်။

နောက်ထပ် အသက်ဘေးမှ သီသီလေး လွတ်မြောက် သွားခဲ့ပြန်၏။

ဂွမ်ထက်ဂျူ ဇောချွေးများ ပြန်လာပြီး မျက်ခမ်းစပ်တို့ တဆပ်ဆပ်ခါသွားသည်အထိ စိတ်ထဲ တုန်လှုပ်မိသွားသည်။

ဒီမနက်ကတည်းက သူ့အသက်ကို ဘယ်နှစ်ခါတောင် ခြိမ်းခြောက်ခံရပြီးပြီလဲ။

လဲကျနေသော ဂွမ်ထက်ဂျူကို တစ်စုံတစ်ဦးက ဆွဲ၍ ထူမပေးလိုက်သည်။ ဆိုက်ခ်ဘော့ဒါနော့ဗ်၏ လက်အောက်ငယ်သားတစ်ဦးမှ လာထူပေးခြင်း ဖြစ်ပြီး ဆိုက်ကိုကောင် ဘော့ဒါနော့ဗ်ကိုယ်တိုင်ကလည်း ဂွမ်ထက်ဂျူ၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်ထားလေသည်။

ဆိုက်ကိုကောင်က ပတ်ဝန်းကျင်ကို ကြည့်ပြီး "ပိုပြီး ဆူညံအောင် လုပ်မနေနဲ့တော့၊ ကားထဲကို မြန်မြန် ဝင်လိုက်စမ်း" ဟု ခပ်တိုးတိုး ပြောလိုက်သည်။

စကားသံနှင့်အတူ လက်သီးတစ်လုံးက ဂွမ်ထက်ဂျူ၏ ဝမ်းဗိုက်သို့ ရုတ်တရက် ပြေးဝင်လာခဲ့၏။ ထိတ်လန့်မှုကြောင့် စိတ်ပျံ့လွင့်နေကာ ခွန်အားတို့ လျှော့ချထားမိချိန် ဖြစ်၍ လက်သီးအားက အနည်းအကျဥ်းပင် ဟန့်တားနိုင်လိုက်ခြင်းမရှိဘဲ ဝမ်းဗိုက်ဖြင့် အပြည့်အဝ ခံယူလိုက်ရသည်။

ဘော့ဒါနော့ဗ်က အကူအညီမဲ့နေသော ဂွမ်ထက်ဂျူကို လွယ်လွယ်ကူကူ နောက်ခန်းထိုင်ခုံသို့ ထိုးထည့်လိုက်ပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဂျစ်ကား၏ တံခါးများ တစ်ခုပြီးတစ်ခု ပိတ်သွားကြပြီး မည်သည့်အရေးအခင်းမှ မဖြစ်ခဲ့သလို လမ်းမပေါ်သို့ မောင်းနှင်ထွက်သွားလေသည်။ ထိုအချိန်အထိ ရဲတပ်ဖွဲ့၏ အရေးပေါ် ဥဩဆွဲသံ သဲ့သဲ့လေးပင် မကြားခဲ့ရပေ။

ဒီမြို့ကြီးက ပြန်ပေးဆွဲသမားတွေရဲ့ စားကျက်မြေ ဖြစ်နေတာလား။

ဂွမ်ထက်ဂျူ ထိတ်လန့်နေသော်လည်း အကြောင်းအရင်းမဲ့ ရယ်မောမိလိုက်သည်။

အခု ဘာဆက်ဖြစ်မှာလဲ။ မော်ဂန်လိုပဲ လက်ဆယ်ချောင်းလုံး ဖြတ်ခံရပြီး ရေနစ်သတ်ခံရမှာလား။

အေးဂျင့်တစ်ယောက် ဖြစ်သည်မို့ သူ့အဆုံးသတ်ကို တွေးကြည့်ခဲ့ဖူးသော်လည်း ဒီလို အဆုံးသတ်က မစဉ်းစားဖူးခဲ့သည့် သူ့ဘဝ၏ အဆုံးသတ်တစ်ခုပင်။

ဇန်းညာဆိုတဲ့ အယုတ်တမာက ဘယ်နားသွား သေနေတာလဲ။

ထိုအခိုက်အတန့်တွင် အမြဲတစေ တစ်ကိုယ်တော် လှုပ်ရှားတတ်သည့် ဂွမ်ထက်ဂျူက သူ လုံးဝ ရှုံးနိမ့်ခါနီးအချိန်မှ ပေါ်လာတတ်သည့် အယုတ်တမာ ပါတနာအား ရုတ်တရက် သတိရလိုက်လေသည်။

ဂွမ်ထက်ဂျူ တောင့်တနေသည့် ကယ်တင်ရှင် ဖြစ်လောက်သော ရဟတ်ယာဥ် ပန်ကာအသံတစ်ခုကို အဝေးတစ်နေရာမှ ကြားလိုက်ရ၏။

"သူပဲ!"

ယာဉ်မောင်းဘေးထိုင်ခုံမှ အမျိုးသားက အော်လိုက်၍ ဂွမ်ထက်ဂျူသည် မျက်လုံးလှန်ကာ ပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဂျစ်ကားနှင့် မျက်နှာချင်းဆိုင် ကောင်းကင်တွင် ရဟတ်ယာဉ်တစ်စင်း ပျံသန်းနေသည်။

အမျိုးသားတစ်ဦးသည် ရဟတ်ယာဉ်အပြင်ဘက်သို့ သူ၏ ခြေတံရှည်များကို ဆန့်တန်းကာ ထိုင်နေလေသည်။ အကြောက်အရွံ့ကင်းမဲ့သော ထိုင်နေဟန်ကြောင့် ထိုဝိုးတဝါးလူရိပ်က အရူးကောင် ဇန်းညာ မှလွဲ၍ အခြားလူ မဖြစ်နိုင်ချေ။

ရှေ့ခန်းတွင် ထိုင်နေသော အမျိုးသားက ပြတင်းပေါက်ဖွင့်ကာ ချက်ချင်း ပစ်ခတ်တော့သည်။ ထိုအတောအတွင်း ဆိုက်ခ် ဘော့ဒါနော့ဗ်သည် ထိုင်ခုံအောက်သို့ လက်နှိုက်လိုက်ပြီး ဘဇူကာလောင်ချာ(Bazooka) တစ်ခုကို ဆွဲထုတ်လိုက်ကာ "တံခါးဖွင့်လိုက်" ဟု အမိန့်ပေးလိုက်၏။

ကားနောက်ခန်းမှန်က အဆုံးအထိ ပွင့်သွားချိန်၌ ဘော့ဒါနော့ဗ်က ကိုယ်ခန္ဓာအပေါ်ပိုင်းတစ်ခုလုံးကို ပြတင်းပေါက်မှ ထွက်ကာ ရဟတ်ယာဉ်ကို လောင်ချာဖြင့် တည့်တည့် ချိန်ထားလိုက်လေသည်။

ဘဇူကာလောင်ချာ ဆိုသည်မှာ တင့်ကားများကို ဖျက်ဆီးရန် ထုတ်လုပ်ထားသော ပခုံးထမ်းလောင်ချာ အမျိုးအစားဖြစ်လေရာ ရဟတ်ယာဥ်ကို တည့်တည့် ထိပါက အစရှာမရအောင် ပေါက်ကွဲသွားလိမ့်မည်။

ဂွမ်ထက်ဂျူသည် ဘော့ဒါနော့ဗ်ကို ခုန်အုပ်ကာ တားဆီးနိုင်လိုက်သော်ငြား ကားရှေ့ခန်းမှ သေနတ်တစ်လက်က သူ၏နဖူးတွင် လာချိန်ထားသောကြောင့် ဂွမ်ထက်ဂျူသည် လက်မြှောက်လျက် နောက်ဆုတ်ထားလိုက်ရသည်။

ရဟတ်ယာဥ်ကို ချိန်ရွယ်ထားသည့် ဘဇူကာ၏ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြန်ကန်လာသောအားက ရွေ့လျားနေသော ကားကိုပင် ဘယ်ညာ ယိမ်းယိုင်သွားစေ၏။

လောင်ချာကျည်ဆန် ပြေးဝင်လာသည်နှင့် ရဟတ်ယာဉ်က အမြင့်ကို ပျံတက်ကာ ရှောင်ရှားလိုက်ပေမဲ့ အနီးနားက အဆောက်အဦး၏ မှန်ပြတင်းများကို အမြီးပိုင်းဖြင့် ရိုက်ဆတ်မိသွားလေသည်။ ထိုအတူ ပစ်လွှတ်လိုက်သည့် လောင်ချာကျည်ဆန်က အဆောက်အဦး၏ နံရံသို့သာ ထိမှန်ပေါက်ကွဲသွား၏။

ဂျစ်ကားမှ ပစ်ခတ်မှုအပြီးတွင် ရဟတ်ယာဉ်ကလည်း သူ၏ တိုက်ခိုက်မှုကို စတင် လုပ်ဆောင်လေသည်။

ဇန်းညာသည် လက်ထဲက စက်သေနတ်ခလုတ်ကို မလွှတ်တမ်း ဖိဆွဲထားပြီး တရစပ် ပစ်ခတ်နေသည့်အတွက် ဆိုက်ခ် ဘော့ဒါနော့ဗ်နှင့်အတူ ဂွမ်ထက်ဂျူသည်လည်း ခေါင်းကို ပြားပြားဝပ် ငုံ့ထားရလေသည်။ ယာဉ်မောင်းသည် ရှေ့သို့ မကြည့်ဘဲ ခေါင်းငုံ့လျက် စတီယာရင်ကို ထိန်းကိုင်ထားရ၏။ ကားဘေး ကိုယ်ထည်မှာလည်း ကျည်ဆန်ရာတို့ မနည်းမနော ရှိနေလေပြီ။

ယာဉ်မောင်းသည် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလိုက်မိရာ စတီယာရင်လည်း လိုက်ပါ တိမ်းစောင်းသွားပြီး ကားက လမ်းဘေးသို့ ကပ်သွားလေသည်။ ထို့ကြောင့် သေနတ် ဒဏ်ရာရနေသည့် ယာဉ်မောင်းဘေး ထိုင်ခုံမှ အမျိုးသားက လန့်အော်လိုက်ပြီး စတီယာရင်ကို လှမ်းထိန်းလိုက်သော်ငြား ကားက လမ်းဘေးသံတန်းများကို ဝင်တိုက်ကာ မြစ်ထဲသို့ ပြုတ်ကျ သွားလေတော့၏။

ဂွမ်ထက်ဂျူတစ်ယောက် အော်ဟစ်ရန်ပင် အချိန်မရလိုက်ပါပဲ မြင်ကွင်းက ရုတ်ခြည်း ပြောင်းပြန် ဖြစ်သွားကာ ရေအေးများက သူ၏နှာခေါင်းနှင့် နားများထဲသို့ တဟုန်တိုး ပြေးဝင်လာကြသည်။ သေနတ်ပစ်ခတ်မှုအတွင်း ပျက်စီးထားသော ကားမှန်များမှ မြစ်ရေများက စိမ့်ဝင်လာသည်။

ကားက ရေအောက်သို့ မနှစ်သွားမချင်း ရေတို့က တဝေါဝေါ စီးဝင်လျက် မငြိမ်မသက် ဖြစ်နေသေးသောကြောင့် ဂွမ်ထက်ဂျူ အသက်ရှူအောင့်ပြီး ရေစီးဝင်မှုပြီးသွားသည်အထိ စောင့်ဆိုင်းနေလိုက်သည်။ ခဏအကြာတွင် ကားမှာ အောက်သို့ တစ်စတစ်စ နိမ့်ဆင်းသွားပြီး ရေဖိအားလည်း ပုံမှန်ပြန် ဖြစ်သွားလေသည်။

ဂွမ်ထက်ဂျူသည် သတိလစ်နေသော ဆိုက်ခ် ဘော့ဒါနော့ဗ်ကို တစ်ချက်ကြည့်ပြီးနောက် ထိုသူ၏ ဘက်မှ ပွင့်နေသော ပြတင်းပေါက်မှတဆင့် ဖြည်းဖြည်းချင်း ကူးခတ်ကာ ကားမှ ထွက်ခွာလိုက်သည်။ အောက်သို့ ကျဆင်းနေသော ကားကို စွန့်ခွာမှသာ အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်ဦးမည်။

ထိုအချိန်တွင် ရေအောက်ထဲအထိ ရောက်လာသော သေနတ်တစ်ချက်ကို ကြားလိုက်ရသည့်အတွက် ဂွမ်ထက်ဂျူသည် နောက်ပြန်ဆုတ်ပြီး ကားကိုယ်ထည်အတွင်း ပြန်ပုန်း နေလိုက်ရပြန်သည်။

ရေဝင်နေသော နားစည်တို့က သေနတ်သံ၏ လားရာကို သေချာမကြားနိုင်သော်လည်း ရဟတ်ယာဉ်ပေါ်မှ ပစ်လိုက်သည်ဟု ထင်ရသည်။ ရဟတ်ယာဥ် ဒလက်များမှ လေတိုက်ခတ်မှုကြောင့် ရေမျက်နှာပြင်သည် ပြင်းထန်စွာ လှိုင်းထနေသည်။ တစ်ချိန်တည်းမှာပင် ဂွမ်ထက်ဂျူ အဆုတ်ထဲရှိ အောက်စီဂျင်မှာ ကုန်ဆုံးတော့မည်ဖြစ်ကာ အသက်အောင့် မထားနိုင်တော့ချေ။

ရေအောက်သို့ မိုးသီးများ ကြွေကျသလို တစ်ပေါက်ပေါက် ထိုးကျနေသော ကျည်ဆန်မိုးရပ်တန့် သွားချိန်တွင် ကားရှေ့ခန်းရှိ လူနှစ်ဦးလုံးမှာ ကျည်ဆန် မှန်ခံထားရပြီး အကြောဆွဲလျက် တုန်ခါနေ‌တော့သည်။ သွေးများက ရေထဲတွင် ပျံ့နှံ့လာသဖြင့် ဂွမ်ထက်ဂျူ သေချာမမြင်ရတော့သောကြောင့် ထိုသူနှစ်‌ယောက်ကို လုံးဝ ကူညီနိုင်တော့မည် မဟုတ်ပေ။

‘ငါ ကားထဲမှာ ရှိနေသေးတာ မသိလို့လား။ အကုန်သေ အေးရောဆိုပြီး စက်သေနတ်နဲ့ မဲမဲမြင်ရာ အကုန်ပစ်နေတာလား။’

‘သောက်ရူးကောင်က ငါ့ကိုပါ သတ်ချင်နေတာလား’

စိတ်ထဲမှ မကျေမနပ် ဆဲဆိုနေလျက် နောက်တစ်သုတ် ဝင်လာသော ကျည်ဆန်အတွဲလိုက်ကို ခပ်မြန်မြန် ရှောင်တိမ်းလိုက်ရသည်။

ကျည်ဆန်ကုန်၍ သေနတ်သံ ရပ်တန့်မည့်အချိန်ကို စောင့်ဆိုင်းနေစဥ် လေမရှိတော့သည့် အဆုတ်များက ပေါက်ကွဲတော့မည့်အလား စူးအောင့်နေခဲ့ပြီ။

သေနတ်သံ ရပ်ရပ်ချင်း ရေမျက်နှာပြင်ပေါ်သို့ မတက်နိုင်ပါက ဂွမ်ထက်ဂျူသည် သေနတ်ပစ်ခံရ၍ မသေလျှင်တောင် ရေနစ်သေဆုံးတော့မည်။ ထိုအချိန်တွင် သေနတ်ပစ်ခတ်မှုက ရပ်တန့်သွားပြီး ရေအောက်ရှိ အခြေအနေကို စစ်ဆေးနေသကဲ့သို့ပင်။

ဂွမ်ထက်ဂျူသည် ခြေထောက်ကို ယက်ကန်ပြီး ပြတင်းပေါက်မှ ကူးခတ်ထွက်လာလိုက်သည်။ ရေမျက်နှာပြင်သို့‌ ရောက်ရန် ၃ သို့မဟုတ် ၄ မီတာခန့်သာ ဝေးတော့၏။

ဇန်းညာ ထပ်မံ ပစ်ခတ်ခြင်းမပြုမီ ရေပေါ် ရောက်အောင် တက်ရမည်။ သို့ဖြစ်ရာ ဂွမ်ထက်ဂျူ အားတင်းပြီး ကူးခတ်လျက်ရှိသည်။ အထက်သို့ အနည်းငယ် တက်သွားအောင် ကူးလိုက်နိုင်သော်လည်း ရုတ်တရက် ပြန် ဆွဲချခြင်းခံလိုက်ရသည်။ ဆိုက်ခ် ဘော့ဒါနော့ဗ်က သူ၏ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားခြင်းပင်။

ထိုသူ၏ မျက်လုံးများက ဂွမ်ကွန်ထက်ဂျူကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး မျက်မှောင်ကိုလည်း ကြုတ်ထား၏။ ဘယ်ဘက်လက်မောင်းမှ သွေးနီများ စိမ့်ထွက်နေသောကြောင့် ကျည်ဆန်ကို မရှောင်ဘဲ သူ့နောက်ကို အသည်းအသန် လိုက်လာပုံရ၏။

ဂွမ်ထက်ဂျူသည် ဆိုက်ကိုကောင်၏ မျက်နှာပေါ်ကို ရက်ရက်စက်စက် ကန်ချလိုက်သည်။ တစ်ချက်နှင့် မရသဖြင့် ဆက်တိုက် ကန်ကျောက်လိုက်ခြင်းကြောင့် ဘော့ဒါနော့ဗ်က ခြေကျင်းဝတ်ကို ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်လေသည်။ သို့သော် ဆိုက်ကိုကောင်က ဂွမ်ထက်ဂျူကို လုံးဝ အလျော့ပေးလိုက်ခြင်းတော့ မဟုတ်ပေ။ သူသည် တစ်ယောက်တည်း သေဆုံးရန် မလိုချင်သကဲ့သို့ ဂွမ်ထက်ဂျူ၏ ကော်လာကို လှမ်းဆွဲလာသည်။

ဂွမ်ထက်ဂျူသည် ဆိုက်ကိုကောင်ကို လက်သီးဖြင့် အယောင်ပြ တိုက်ခိုက်လိုက်လေသည်။ ဘော့ဒါနော့ဗ်က လက်သီးချက်ကို ရှောင်တိမ်းသွားစဉ် ဂွမ်ထက်ဂျူက သူ့လည်ပင်းကို တံတောင်ဆစ်ကွေးကြားတွင် တင်းတင်းညှစ်ထားပြီး ဖြည်လို့မရအောင် နောက်လက်တစ်ဖက်ဖြင့် ချုပ်ကိုင်ထား၏။

ဆိုက်ကိုကောင်မှာ ဂွမ်ထက်ဂျူ၏ လက်ကို ဖြုတ်နိုင်ရန် သူ၏ကိုယ်ခန္ဓာတစ်ခုလုံးအားဖြင့် ကြိုးစားရင်း ရုန်းကန်နေရသည်။ သေနတ်ဒဏ်ရာကြောင့် သွေးဆုံးရှုံးထားသည်က တစ်ကြောင်း ရေအောက်တွင် အသက်ရှူမဝသည်က တစ်ကြောင်းကြောင့် ခွန်အားများစွာ မသုံးနိုင်ချေ။

ဂွမ်ထက်ဂျူကိုယ်တိုင်လည်း အောက်စီဂျင် မပြည့်ဝခြင်းကြောင့် ဆိုက်ခ် ဘော့ဒါနော့ဗ်ကို ချုပ်ထားသည့် သူ၏လက်မောင်းများကလည်း အားလျော့နည်းလာသည်။ ဘော့ဒါနော့ဗ်သည် ချုပ်ကိုင်ခံရမှုမှ လွတ်ရန် ခန္ဓာကိုယ်ကို လှည့်ပြီး နောက်ဆုံးအကြိမ် ကြိုးစားလိုက်သော်လည်း အချည်းနှီး ဖြစ်သွားကာ နောက်ဆုံးထွက်သက်နှင့်အတူ လက်ခြေများက အားပျော့လျက် တွဲလောင်းကျ သွားကြသည်။ ဂွမ်ထက်ဂျူသည် သူ့ကို လွှတ်မပေးမီ နောက်ထပ် စက္ကန့်အနည်းငယ် စောင့်ဆိုင်းလိုက်၏။

လှုပ်ရှားမှု မရှိတော့သော ခန္ဓာကိုယ်ကြီးသည် ဖြည်းဖြည်းချင်း ရေအောက်သို့ ကျဆင်းသွား၏။ ရေမွန်းနေသည့် ဖြူရော်ရော် မျက်နှာက တဖြည်းဖြည်း နစ်မြုပ်သွားသည်ကို သေချာအောင် ကြည့်ပြီးမှ ရေပေါ်ကို ပြန်ကန် တက်လာလိုက်သည်။

ဂွမ်ထက်ဂျူ ရေပေါ်သို့ ထွက်နိုင်လိုက်ချိန်တွင် သူ၏ကိုယ်ခန္ဓာတစ်ခုလုံး မနာကျင်သောနေရာ တစ်ခုမျှ မရှိချေ။ အချိန်အတော်ကြာ အောင့်ထားခဲ့သော လေကို ကတိုက်ကရိုက် ပြန်ရှူသွင်းနေရသည်။ လေအေးများကိုသာ အားပြင်းပြင်းဖြင့် ရှူသွင်းလိုက်မိခြင်းကြောင့် ရင်ဘတ်နှင့် လေပြွန်များက စူးအောင့် သွားပြီး မျက်လုံးများပင် ပြူးသွားမိသည်။

အေးစက်နေသည့် မြစ်ရေပေါ် ဖြတ်တိုက်နေသည့်လေ၏ အေးစိမ့်မှုကို ဂွမ်ထက်ဂျူ သတိပြုရန် အချိန်အနည်းငယ် ကြာခဲ့ပြီး သတိထားမိချိန်တွင် ပါးစပ်ဟကာ အမောတကော လေရှူသွင်းနေသည့် နှုတ်ခမ်းများ ပြာလာကာ မေးစေ့များပင် တဂတ်ဂတ် ရိုက်သံပင် မြည်နေလေပြီ။

ရေအေးထဲတွင် ကြာကြာမနေသင့်မှန်း သိသော်လည်း ရေအောက်တိုက်ပွဲအတွင်း ရုန်းကန်ထားရသောကြောင့် ခြေလက်များမှာ မလှုပ်ချင်အောင် အားနည်းနေချေပြီ။ ထို့ကြောင့် တစ်ကိုယ်လုံး အားလျော့ပြီး ရေပေါ်တွင် ကိုယ်ဖော့နေရန်သာ တတ်နိုင်တော့၏။

တစ်စုံတစ်ဦးက ဂွမ်ထက်ဂျူ၏ လည်ဂုတ်ကို ကိုင်ကာ ရေထဲမှ ဆွဲထုတ်လိုက်လေသည်။

"အဟွတ်.. အဟွတ်.."

ကုန်းပေါ် ရောက်ရောက်ချင်း အဆုတ်အတွင်း စုပုံနေသော ရေများကို ကုန်စင်အောင် အန်ထုတ်နေရ၍ ချောင်းအဆက်မပြတ် ဆိုးနေကာ လည်ချောင်း တစ်လျှောက်လုံး နာကျင်စပ်ဖျင်းနေလေသည်။ ချောင်းဆိုးလိုက်တိုင်း ဘော့ဒါနော့ဗ်က ထိုးခဲ့သော ဝမ်းဗိုက်တစ်ဝိုက်က အောင့်အောင့် သွားတတ်သည်။

အတန်အသင့် အဆင်ပြေသွားချိန်မှ ဂွမ်ထက်ဂျူ နာနေသေးသည့် ဝမ်းဗိုက်ကို ဖိကိုင်ထားလျက် ခါးကွေးပြီး ထိုင်လိုက်၏။ ထိုစဥ် သပ်ရပ် ဖြောင့်စင်းနေသော ခြေတံရှည်တစ်စုံကို မျက်စိရှေ့တွင် မြင်လိုက်ရလေသည်။ ဦးချွန်ဖိနပ် ထိပ်ဖျားမှ တဆင့် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်မိသည့်အခါ ထင်ထားသည့်အတိုင်း ဇန်းညာ ဖြစ်နေပြီး မျက်နှာထပ်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခုကိုလည်း ပြုလုပ်ထားသေးသည်။

"အဲတော့ အသက်ရှင်နေသေးတာပေါ့"

"မင်းကျေးဇူးနဲ့ သေတော့မလိုပါပဲ"

ဂွမ်ထက်ဂျူ ထပ်မံ ချောင်းဆိုးလာ၍ အံကို ကြိတ်ထားလိုက်မိသည်။ ခွေးရူးလိုကောင် ရှေ့တွင် သူ့အားနည်းသည့် ပုံစံကို မပြလိုပေ။

"ဟိုလူရော ဘယ်လိုလဲ"

"ရေသရဲလို လာဆွဲနေတာနဲ့ ငရဲကို ပို့ပေးလိုက်ပြီ။"

ဇန်းညာက "မဆိုးဘူးပဲ" ဟု ချီးကျူးသလို ရေရွတ်လိုက်သည်။

ဂွမ်ထက်ဂျူက အရူးကောင်အား စူးစိုက်ကြည့်ပြီးနောက် မတ်တပ်ရပ် လိုက်သည့်အခါ ရေစိုအင်္ကျီများမှ ရေတို့က အောက်သို့ စီးကျလာလေသည်။ ရေနူးနေသည့် အရေပြားတို့မှာ လေအေးကြောင့် အက်ကွဲ တောင့်တင်းလာပြီး ရေဝင်ထားသည့် အဆုတ်က လေရှူသွင်းရှူထုတ်ကို အပြည့်အဝ မလုပ်ဆောင်နိုင်တော့ဘဲ အသက်ရှူ မဝဖြစ်လာသည်။

ယခုအချိန်တွင် မြန်နိုင်သမျှ မြန်မြန် သူ့ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ဆောင်ရမှ ဖြစ်မည်။ ဂွမ်ထက်ဂျူ ဤနေရာမှ ထွက်သွားရန် စတင်လှမ်းလိုက်သော်လည်း ဇန်းညာက သူ့လမ်းကို လာရောက် ပိတ်ဆို့ထားလိုက်၏။

"ထူးဆန်းတဲ့ ပုံပေါက်နေတယ်"

"ဘာလဲ"

ဇန်းညာက သူ့ပါးသူ ပုတ်လိုက် ပြလိုက်ရာ ဂွမ်ထက်ဂျူကလည်း အလိုလို သူ့မျက်နှာကို ကိုင်ကြည့်လိုက်မိ၏။ မျက်နှာအရေပြားတုသည် မနက်ပိုင်းက ဟိုတယ်ခန်းတွင်း ပေါက်ကွဲမှု နှင့် ကားမတော်တဆမှု ဖြစ်ပြီး ကတည်းက စတင်ပေါက်ပြဲနေခဲ့မှန်း သူ သိသည်။ ဂွမ်ထက်ဂျူ သက်ပြင်းသာ ချလိုက်မိပြီး ကွာကျနေသော အရေပြားကို စမ်းကြည့်လိုက်သည်။

ဇန်းညာ၏ မျက်လုံးများက မျက်နှာကို ခပ်ဖွဖွ ကိုင်ကြည့်နေသော ဂွမ်ထက်ဂျူ၏ လက်ချောင်းများနောက် လိုက်ပါ နေလေသည်။ ထူးဆန်းသည်ဟု သတိပေးလာသော်လည်း အမှန်တကယ်တွင် အနှီအရူးကောင်က သူ့၏ မျက်နှာဖုံး ခွာလိုက်လျှင် မည်ကဲ့သို့ ဖြစ်သွားမည်ကို ပို၍ စူးစမ်းချင်နေပုံရ၏။

ဇန်းညာ၏ စိတ်ဝင်စားမှုကို အတိုင်းသား မြင်နေရပေမဲ့ ဂွမ်ထက်ဂျူက သတိမထားမိသလို လုပ်ကာ နွမ်းနယ်နေသည့် ခြေလှမ်းတို့ဖြင့် လျှောက်သွားလိုက်သည်။ ဇန်းညာမှာ ရေခဲမုန့်သည်နောက် လိုက်နေသည့် ကလေးလေးလို အပြေးလေး လိုက်ပါလာပြီး "ဘာလို့ မချွတ်သေးတာလဲ" ဟု မေးနေလေသည်။

ဂွမ်ထက်ဂျူတွင် အားအနည်းငယ် ကျန်နေသေးလျှင်ပင် အရူးကောင်၏ ရယ်စရာကောင်းသော စူးစမ်းမှုကို လှောင်ပြောင်ဦးမည် ဖြစ်သော်လည်း ယခုတော့ လှောင်ရယ်သံပင် မပြုနိုင်ချေ။ ထို့ကြောင့် နောက်က တကောက်ကောက် လိုက်နေသူအား လျစ်လျူရှုပြီး လမ်းမကြီးဆီသို့ အားတင်းလျက် တရွေ့ရွေ့ လှမ်းနေလိုက်၏။

မြစ်တစ်ဖက်မှ တိုက်လာသော လေသည် စိုစွတ်နေသော အဝတ်အစားတို့ကို ဖြတ်ကာ သူ့ကိုယ်ခန္ဓာတစ်ခုလုံးကို ကျရောက်လာခြင်းကြောင့် ရေခဲဝတ်ဖြင့် ပတ်ခံထားရသလို အေးကိုက်နေပြီး သူ၏သွားက တဂတ်ဂတ် အသံ မြည်လာ ပြန်သည်။

ဘေးနားမှ ထပ်ကြပ်မကွာ လိုက်နေသော သားမွေးကုတ်အင်္ကျီအထူကြီးကို ဝတ်ဆင်ထားသည့် ဇန်းညာကို လှမ်းကြည့်လိုက်၏။ သို့ပါသော်လည်း အနှီအရူးကောင်သည် သူ့အကြည့်၏ ဆိုလိုရင်းကို သိလျက် မသိချင်ယောင်ဆောင်ခြင်းလား၊ အေးခဲသွားတော့မလို ဖြစ်နေသည့် ပါတနာအတွက် သူ့ကုတ်အင်္ကျီကို ချွတ်ပေးရလောက်အောင်ထိ စိတ်ထားနူးညံ့သူ မဟုတ်သည်ကြောင့်ပဲလား မခန့်မှန်းနိုင်ချေ။

ဂွမ်ထက်ဂျူကို သူ၏မျက်လုံးပြာပြာများဖြင့် ‘ဘာလဲ’ ဟု မေးနေသလို အူကြောင်ကြောင် ပုံစံဖြင့် ပြန်ကြည့်နေလေသည်။

ဂွမ်ထက်ဂျူသည် သကောင့်သားအား မတောင်းဆိုချင်သောကြောင့် လက်လျှော့လိုက်ပြီး အနားနီးလာသော တက္ကစီတစ်စီးကို လက်ပြလိုက်သည်။ တက္ကစီသည် ဂွမ်ထက်ဂျူနားတွင် ရပ်ရန် လုပ်လိုက်သော်ငြား ရုတ်တရက် အရှိန်ကို ပြန်မြှင့်ကာ သူ့တိုကို ကျော်တက်ကာ ထွက်သွားလေသည်။

သူ့ တစ်ကိုယ်လုံး ရေများ စိုရွဲနေသောကြောင့် ကားနောက်ခန်း ညစ်ပတ်မသွားချင်လို့ မောင်းထွက် သွားတာများလား။ ဒါမှမဟုတ် သူ၏ ကွက်တိကွက်ကျား ဖြစ်နေသော မျက်နှာအရေပြားကြောင့်များလား။

ကား သုံးလေးစီးက ထိုသို့ မောင်းပြေးသွားကြပြီး ဂွမ်ထက်ဂျူက တက္ကစီကို မခေါ်နိုင်သည့်အခါတိုင်း ဇန်းညာက သူ့နောက်မှ တခိခိဖြင့် ရယ်မော နေလေသည်။

‘အရူးကောင် မကူညီချင်လဲ ဝေးဝေးသွားနေပေါ့။ နောက်က လိုက်ပြီး လှောင်နေစရာလိုလို့လား’

ဂွမ်ထက်ဂျူ၏ လက်ချောင်း၊ ခြေချောင်းလေးများပင် အေးခဲပြီး တဖြည်းဖြည်း ထုံကျဉ်လာနေပြီ။

"ငါ ထင်တာတော့ အဲဒါကြောင့်ပဲ"

တချိန်လုံး နောက်က ထိုင်ကြည့်နေသည့် ဇန်းညာပင် မနေနိုင်တော့ဘဲ ပြောလာခဲ့၏။ ဂွမ်ထက်ဂျူသည် ဇန်းညာကို မကြည်သလို ပြန်ကြည့်ရင်း ချွတ်ပစ်ဖို့ကို ငြင်းဆန်နေသည်။

ဇန်းညာသည် သူ၏ လက်ချောင်းထိပ်များဖြင့် ဂွမ်ထက်ဂျူ၏ပါးကို တို့လိုက်ပြီး "ဒီလောက်အထိ ခေါင်းမာဖို့ လိုလို့လား" ဟု မေးလိုက်သည်။

ဂွမ်ထက်ဂျူတွင် မျက်နှာအရေပြားတုကို မချွတ်ပစ်ချင်ရသည့် အကြောင်းအရင်း ကြီးကြီးမားမားလည်း ရှိမနေပေ။ တစ်ကိုယ်လုံးက အေးခဲပြီး သူ့ဦးနှောက်များ အထိပါ အေးစက်နေလေရာ ဘယ်အရာကိုမှ မလုပ်ချင်သလို ဘာမှ မစဥ်းစားချင်ခြင်း သက်သက်သာ ဖြစ်၏။

သို့သော် ဇန်းညာ၏ စိတ်ဝင်စားမှုက ဂွမ်ထက်ဂျူကို စိုးရိမ်လာစေခဲ့သည်။ ဇန်းညာသည် လေတိုက်လိုက်တိုင်း တလှုပ်လှုပ် ဖြစ်နေသော လန်နေသည့် အရေပြားတုကို ထိကြည့်ရန် လက်လှမ်း လာပြန်သည်။

မျက်နှာနားသို့ တစ်စုံတစ်ခုက ချဥ်းကပ်လာကို သိလိုက်သည်နှင့် ဂွမ်ထက်ဂျူသည် အလိုအလျက် နောက်သို့ဆုတ်ကာ ရိုက်ထုတ်လိုက်၏။ ထို့ကြောင့် ဂွမ်ထက်ဂျူဆီသို့ လှမ်းနေသော ဇန်းညာ၏လက်သည် လေထဲတွင် ရပ်တန့်သွားရသည်။

မျက်လုံးပြာတစ်စုံနှင့် မျက်လုံးနက်နက်တစ်စုံက အတန်ကြာအောင် အပြန်အလှန် စိုက်ကြည့်နေကြသည်။ ဇန်းညာ၏မျက်နှာတွင် ယခင်ကလို စနောက်နေသည့် အမူအရာမျိုး မရှိတော့ပေ။ သူ၏ မျက်လုံးများက အနည်းငယ် မှေးကျဥ်းထားပြီး အထူးတလည် စိတ်ဝင်စားသွားဟန်ဖြင့် တောက်ပနေသည်။

"ဘာလို့ ချွတ်ဖို့ ငြင်းနေတာလဲ။"

"မင်းကရော ဘာလို့ အတင်းချွတ် နေရတာလဲ။"

အလွယ်တကူ အလျော့ပေးရိုး ထုံးစံ မရှိသည့် ဂွမ်ထက်ဂျူသည် မကျေမနပ်ဖြင့် ပြန်မေးလိုက်သည်။ ဇန်းညာက စိတ်မရှည်တော့ဘဲ အရေပြားတုကို ဖြုတ်နိုင်ရန် နောက်တစ်ကြိမ် လက်လှမ်း လိုက်ပြန်၏။

"မလုပ်နဲ့" ဟု ပြောလျက် ဇန်းညာ၏ လက်ကောက်ဝတ်ကို တားဆီးလိုက်သလို သူ့ခေါင်းကိုလည်း နောက်သို့ ဆုတ်လိုက်လေသည်။ သို့သော် ဇန်းညာ၏ အခြားလက်တစ်ဖက်သည် လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး သူ၏မေးစေ့ကို ဖမ်းဆုပ်ထားလိုက်သည်။

"...!"

ဇန်းညာ၏ လျင်မြန်သော လှုပ်ရှားမှုကို မတားနိုင်လိုက်ဘဲ တစ်ဝက်တစ်ပျက် ကွာကျနေသော အရေပြားတုမှာ လုံးလုံး ဆွဲခွာခံလိုက်ရ၏။ မျက်နှာပေါ်တွင် အသေအချာ ကပ်ထားသော အရေပြားတုကို အကြမ်းပတမ်း ဆွဲဖြုတ်ခံလိုက်ရသောကြောင့် မျက်နှာတစ်ခုလုံး စပ်ဖျဉ်းသွားပြီး နာကျင်မှုကြောင့် မျက်လုံးပင် စုံမှိတ်ထားလိုက်မိသည်။

ထို့နောက် ဂွမ်ထက်ဂျူ၏ ပိတ်ထားသော မျက်လုံးများသည် ဆဲဆိုသံနှင့် အတူ ပွင့်လာကြ၏။

သို့သော် ဇန်းညာကတော့ ကမ္ဘာပေါ်ရှိ အထူးဆန်းဆုံးသော အရာတစ်ခုကို မြင်လိုက်ရသလို မျက်လုံးများကို အကျယ်ဆုံး ဖွင့်ထားရင်း မျက်တောင်မခတ် ကြည့်နေလေသည်။

ခဏအကြာတွင် ပြာလဲ့လဲမျက်ဝန်းများက ဖြည်းဖြည်းချင်း လှုပ်ရှားသွားပြီး ဂွမ်ထက်ဂျူ၏ မျက်နှာပေါ်ရှိ အစိတ်အပိုင်းတိုင်းကို မှတ်သားနေလေသည်။

‘အယုတ်တမာကောင်!!! မျက်နှာကို ကြည့်ပြီးတော့ တစ်ကိုယ်လုံးကို ကြည့်နေပြန်ပြီ’

ဇန်းညာက ဘာမှန်းမသိသည့် အူကြောင်ကြောင် အပြုံးကို ပြုံးလိုက်ပြန်၏။

‘ဒီအရူးကောင်က ဘာဖြစ်နေတာလဲ။ ငါ့ကို ပုံထဲမှာ မမြင်ဖူးဘူးလား’

သူ့ကို ‘ဟိရို ဆာကာမိုတို’၏ မျက်နှာနှင့် တွေ့နေရခဲ့သောကြောင့် ယခုလို မျက်နှာအစစ်ကို မြင်လိုက်ရချိန်တွင် ထူးဆန်းသလို ဖြစ်သွားနိုင်သည်။ ထို့ပြင် ဓာတ်ပုံထဲ မြင်ရသည်နှင့် အပြင်က တကယ့်လူက အနည်းငယ် ကွာခြားနိုင်သည်။ ထိုသို့ဆိုလျှင်တောင် တစ်နေရာမကျန် စေ့စေ့စပ်စပ် ကြည့်နေရလောက်အောင်ထိ ထူးဆန်း နေလို့လား။

ဇန်းညာ၏ ခေါင်းအစ ခြေအဆုံး ကြည့်ခြင်းကို ခံလိုက်ရသည့် ဂွမ်ထက်ဂျူမှာ သူ့အဝတ်အစားတို့ကို ဖောက်ထွင်းပြီး ခန္ဓာကိုယ်အား ကြည့်နေသလိုပင် ခံစားလိုက်ရ၏။ စူးစူးရဲရဲကြည့်နေသည့် အကြည့်တို့နောက်မှ အတွေးများနှင့် စိတ်ခံစားမှုများက မဖုံးနိုင်မဖိ နိုင်အောင် ပေါ်လွင်နေသည့်အတွက် ဂွမ်ထက်ဂျူ စိတ်မသက်မသာ ဖြစ်သွားကာ ဆဲဆိုရန်ပင် သတိမရနိုင်တော့ချေ။

ဂွမ်ထက်ဂျူ ဇန်းညာ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသည်ကို မြင်လိုက်သော်လည်း အသံကို ရှင်းရှင်းလင်းလင်း မကြားရပေ။

‘"ဒီအတိုင်း ကိုင်..." လို့ ပြောလိုက်တာလား။’

လေအေးတစ်ချက် ထပ်မံ တိုက်ခတ်လာချိန်တွင် ဂွမ်ထက်ဂျူ ချမ်းသွားကာ ပခုံးတို့ ကျုံ့လိုက်ခါမှ ဇန်ညာ၏လက်ကို ကိုင်ထားဆဲ ဖြစ်သည်ကို သတိရသွားပြီး လွှတ်ပေးလိုက်၏။

ဂွမ်ထက်ဂျူက လမ်းမဆီသို့ ပြန်လှည့်ပြီး ကားတစ်စီးကို တားဆီးရန် ကြိုးစားပြန်လေသည်။ သို့သော် ရေများ စိုရွှဲနေသော သံသယဖြစ်စရာ နိုင်ငံခြားသားကို ဘယ်သူကမှ မကူညီချင်ကြပေ။ ကားများက မရပ်ပေးဘဲ သူ့ကို ကျော်ဖြတ်သွားကြ၏။

ဂွမ်ထက်ဂျူ ချမ်းအေးလွန်း၍ ထုံကျင်သွားပြီး အေးမှန်းပင် မသိတော့သည့်အချိန်တွင် တစ်စုံတစ်ခုက သူ၏ပခုံးကို လာထိလိုက်လေသည်။ လှည့်ကြည့်လိုက်ရာ ပြောင်လက်လက် ကတ်ပြားတစ်ခုကို တွေ့လိုက်ရ၏။ ဇန်းညာသည် ကတ်ကို လက်မနှင့် လက်ညှိုးကြားတွင် ညှပ်ကိုင်ထားပြီး ထိုကတ်ဖြင့် ဂွမ်ထက်ဂျူ၏ ပခုံးကို အသာတို့ ထိနေလေသည်။

"ဘာလဲ"

“ဒါပြီးရင် စောင့်ကြည့်ခံရတာတို့၊ လိုက်ဖမ်းခံရတာတို့ ရှိလာနိုင်တယ်။ ဒါကြောင့် တွင်းတူးပြီး သေချာပုန်းနေလိုက်”

"ပုန်းနေခိုင်းတာလား။"

ဂွမ်ထက်ဂျူအတွက် အထူးအဆန်း စကားလုံးကို ကြားလိုက်ရသလိုပင်။

ရုရှားဘာသာစကားတွင် 'ပုန်း' ဟူသော စကားလုံးသည် ဂွမ်ထက်ဂျူပင် မသိသော အခြားအဓိပ္ပာယ်များ ရှိနေသေးသလား။ ' တွင်းတူးပြီး ပုန်း' ဆိုသည့် အဓိပ္ပါယ်က ကျားများ၊ ဝံပုလွေများ၏ သားရဲတွင်းကို ဆိုလိုတာလား။

ရုတ်တရက် ထူးဆန်းသည့် ဖုန်းမြည်သံတစ်ခု ကြားလိုက်ရ၏။ သူ့ဖုန်းက မြည်လာစရာ အကြောင်းမရှိသောကြောင့် ဇန်းညာ၏ ဖုန်းသံသာ ဖြစ်နိုင်သည်။

ဇန်းညာက ဖုန်းခေါ်ဆိုသူကို စစ်ဆေးပြီးနောက် ဖုန်းကို လက်ခံလိုက်ကာ "ဘာတွေ ဖြစ်နေတာလဲ" ဟု မေးလိုက်သည်။

ပုံမှန် စကားပြောသည့် လေသံနှင့် အနည်းငယ် ကွဲပြားနေကာ ဖော်ရွေခြင်း မရှိဘဲ လေသံ ခပ်တန်းတန်းဖြင့် တိုတိုတုတ်တုတ်သာ ပြောနေသည်။ ဇန်းညာ၏ အက်ရှရှ အသံဖြင့် လိုရင်းတိုရှင်း ပြောဆိုဟန်က သူသိသော ဇန်းညာ မဟုတ်သည့် အခြား လူတစ်ယောက်လို ဖြစ်နေ၏။

"သိပြီ။ ချက်ချင်း လိုက်လာခဲ့မယ်"

ဇန်းညာမှာ တစ်ဖက်လူ၏ ပြောဆိုမှုကိုသာ နားထောင်နေပြီး ဖုန်းကို လျင်မြန်စွာ အဆုံးသတ်လိုက်ချိန်အထိ ဂွမ်ထက်ဂျူက ဇန်းညာကိုသာ ငေးကြည့်နေလေသည်။

ပါတနာ ဖြစ်လာကြပြီမို့ ဖုန်းထဲက ဆွေးနွေးမှုကို သူ့အား ပြောပြလိမ့်မည်ဟု ဂွမ်ထက်ဂျူ ထင်ခဲ့သော်လည်း ဇန်းညာသည် စကားတစ်ခွန်းမှ မပြောဘဲ လမ်းမဆီသို့ လက်ဝှေ့ယမ်းလိုက်သည်။ တက္ကစီတစ်စီးက ချက်ချင်းဆိုသလို ဇန်းညာရှေ့တွင် ရပ်တန့်သွားကာ ဂွမ်ထက်ဂျူက ဘယ်သွားမလို့လဲ ဟု မမေးရနိုင်ခင်မှာပင် အယုတ်တမာကောင်က ကားနောက်ခန်းတွင် ဝင်ထိုင်ချပြီး တံခါးကို ပိတ်ကာ ထွက်ခွာသွားလေသည်။

ဂွမ်ထက်ဂျူသည် ထိုနေရာတွင် တွေတွေကြီး ရပ်ကျန်နေခဲ့၏။ အဝတ်ရေစိုတို့မှာ အေးခဲမာတောင့် နေပြီး ဘာမှ မဝတ်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေလေသည်။ ကတ်ပြားကို ကိုင်ထားသော လက်မှာလည် နီရဲနေပြီး ချမ်းတုန်နေလေပြီ။

သူသည် ဘယ်နေရာမှန်း မသိသည့် နေရာတွင် တစ်ယောက်တည်း ဖြစ်နေပြီး ဘယ်သို့ သွားရမည် မသိဖြစ်နေ၏။ တက္ကစီများကလည်း ဖြတ်ကျော်သွားကြပြီး မည်သူကမျှ သူ့ကို တင်ခေါ်သွားရန် ရည်ရွယ်ချက် မရှိကြပေ။

အနုတ် ၁၅ ဒီဂရီရှိသော မော်စကိုမြို့၏ ဆောင်းလေက တသောသော တိုက်ခတ်နေလေသည်။ ယခု ဂွမ်ထက်ဂျူတွင် သူ့ကိုယ်အား ကျုံ့ထားရန်ပင် ခွန်အား မရှိတော့ပေ။

သူ၏ ဝေဝါးနေသည့် မျက်လုံးများဖြင့် အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကားများကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။ အစာအိမ်က အသံပေးလာမှ သူ မနက်စာပင် မစားရသေးကြောင်း သတိရသွားပြန်သည်။

‘ဒရာမာထဲကလို ဇာတ်နာနေလိုက်ပုံများ’

ဂွမ်ထက်ဂျူသည် အိမ်နှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် နေရာတွင် ခိုကိုးရာမဲ့ သူတောင်းစားတစ်ဦးကဲ့သို ဖြစ်နေသည့်အတွက် ကြေကွဲနေမိတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment