no

Font
Theme

အပိုင်း(၁၂)။ ။ ဘော့ဒါနော့ဗ် စံအိမ်တော်

ဘော့ဒါနော့ဗ်မိသားစု စံအိမ်တော်ကြီး၏ ကြီးမားထည်ဝါသော အဆင်းသဏ္ဌာန်၊ ခမ်းနားကြွရွသော အပြင်အဆင်တို့က ‘ကရိမ်လ်’နန်းတော်နှင့် ယှဥ်နိုင်သော ဂုဏ်သရေတို့ကို ဖော်ကြူးလျက် မော်ကြွားစွာ ရှိနေ၏။

ဖွေးသန့်နေသော နံရံများကို အပြာရောင် ပေါင်းခုံးအမိုးက သရဖူဆောင်း ထားသကဲ့သို့ အုပ်မိုးထားခြင်းမှာ အလှအပစံနှုန်းအရ ကျက်သရေ ဖြစ်စေသလို ပေါင်းမိုးများကို သရဖူသဖွယ် ဖန်တီးထားခြင်းက မြင့်မားသည့် အဆင့်အတန်းကို ရည်ညွှန်းနေကြသည်။

ပြင်သစ် ဗိသုကာလက်ရာ ‘ရိုကိုကို’ ဒီဇိုင်းလို ပြေပြစ်ကြွရွသော မျက်နှာကျက်ကွေးများ၊ တဖိတ်ဖိတ်လက်နေသော ရွှေရောင် ပန်းကနုတ်များကို အသုံးပြု တန်ဆာဆင်ထားသည့် စံအိမ်တော်ကြီးက နှစ်လိုဖွယ်အသွင်ကို ဆောင်နေ၏။

သေသပ်လှပစွာ ထုဆစ်ထားသော ကြောင်လိမ်လှေကား၏ ကျောက်သား လှေကားထစ်များသည် မြင့်မားသော မျက်နှာကျက်ကို ထောက်ပံ့ထားသည့် ဧရာမ စကျင်ကျောက်တိုင်များနှင့် ခန့်ခန့်ထည်ထည် တွဲဆက်ထားကြသည်။

ဂွမ်ထက်ဂျူသည် ထုထည်ကြီးမားလှသော စံအိမ်ဂိတ်တံခါးနားသို့ ရောက်လာသည်နှင့်အမျှ ခမ်းနားသိုက်မြိုက်မှု၊ အဆင့်အတန်း မြင့်မားမှုတို့၏ လွှမ်းမိုးမှုကို ခံစားလာရသည်။

နူးညံ့စွာ ဖြာထွက်နေသော မီးအလင်းရောင်သည် စံအိမ်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားပြီး စံအိမ်ပိုင်ရှင်၏ ဘုန်းတန်ခိုး ကျော်ဇောခြင်းကို ကိုယ်စားပြုနေသည့်အလား မှော်ဆန်သော အငွေ့အသက်ကို ပေးစွမ်းနေလေသည်။ ဂိတ်တံခါး၏ အရိပ်ကပင် ဂရုတစိုက် စိုက်ပျိုးထားသော မြက်ခင်းပြင်ကို ဝင့်ဝင့်ကြွားကြွား ဖြတ်လျှောက်သွားသကဲ့သို့ ကျရောက်နေ၏။

မည်သူ တစ်ဦးတစ်ယောက် အတွက်မျှ ကြိုဖွင့်ပေးခြင်းမရှိသော ဂိတ်တံခါးက ညသန်းခေါင် ကျော်ပြီးမှသာ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ သို့သော်လည်း လာရောက်သည့် ကားများက ကျယ်ပြန့်သော ဥယျာဉ်အပြည့် တန်းစီလျက်ရှိသည်။

ရေကန်ကျယ်ကြီးဘေးတွင် စံအိမ်တော်ကြီးက တည်ရှိသောကြောင့် ပင်မဂိတ်တံခါးမှ အိမ်တော်ဝင်ပေါက်အထိ မိနစ်အနည်းငယ်ခန့် လမ်းလျှောက်သွားရန် လိုအပ်သည်။ လူသွားလမ်းကျဥ်းလေး ဘေးတစ်ဖက်စီတွင် သစ်ပင်ကြီးများက ခက်လက်ဝေဖြာ အုပ်ဆိုင်းလျက်ရှိသဖြင့် အိမ်တော်အတွင်းပိုင်း လှုပ်ရှားမှုများကို အပြင်ဘက်မှ မမြင်နိုင်ရန် တံတိုင်းသဖွယ် ကာရံထား၏။

ပါတီပွဲသို့ လာရောက်သည့် ဧည့်သည်တစ်ယောက်စီတိုင်း၏ အဆင့်အတန်းက မြင့်မားကြသဖြင့် လုံခြုံရေးကို အထူး တင်းကျပ်ထားလေသည်။ ဧည့်သည်တိုင်းသည် ပင်မဂိတ်တံခါးဝတွင် တစ်ကြိမ်၊ လူသွားလမ်းကို ဖြတ်သန်းစဥ်တွင် တစ်ကြိမ် စစ်ဆေးခြင်း ခံကြရမည်။

ဂွမ်ထက်ဂျူ၏ ကားမှာလည်း ချွင်းချက်မရှိ စစ်ဆေးခံရမည်သာ။

ဂွမ်ထက်ဂျူ၏ကား စစ်ဆေးခံရမည့် အလှည့်တွင် လက်နက်ကိုင် အစောင့်တစ်ဦးက ပြတင်းပေါက်မှန်ကို လာခေါက်လေသည်။ ဂွမ်ထက်ဂျူက ပြတင်းပေါက်မှန်ကို ချလိုက်ပြီးနောက် အစောင့်မှ အချက်အလက်များကို အသေးစိတ် စစ်ဆေးမေးမြန်းသဖြင့် ပြန်ဖြေနေရသည်။

တက်ရောက်သည့် လူအမည်၊ ယာဉ်နံပါတ်၊ အဖော် နှင့်အတူတက်ရောက်ခြင်း၊ အဖော်နှင့် ဆက်ဆံရေး စသည့် အချက်အလက်များကို စစ်ဆေးခံရပြီး ဂွမ်ထက်ဂျူ နှုတ်မှ ပြန်ပြောသည့် အချက်များက ကြိုတင် တင်ပြထားသည်များနှင့် ကိုက်ညီနေရမည်။

"ဖိတ်စာကို ကြည့်ခွင့်ပြုပါ"

ထိုသူ ပြောလာသည့်အတိုင်း ဂွမ်ထက်ဂျူသည် စာအိတ်ကို ကမ်းပေးလိုက်သည့်အခါ လုံခြုံရေးအစောင့်က ဖိတ်စာကို အနီအောက်ရောင်ခြည် ထုတ်လွှတ်သည့် အထူးစက်ကိရိယာဖြင့် စကန်ဖတ်လိုက်၏။

ထိုအခါ ဖိတ်စာပေါ်တွင် ယခင်က ရှိမနေသော အနီရောင် အမှတ်အသားတစ်ခု ပေါ်လာပြီး ကိရိယာမှ အီလက်ထရွန်းနစ် ‘Beep’ သံ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လုံခြုံရေးအစောင့်က သူနှင့်အတူ ပါလာသည့် ပုဂ္ဂိုလ် ကို အတည်ပြုရန် ကားအတွင်းပိုင်းကို အသေးစိတ် စစ်ဆေးကြည့်လိုက်၏။

ဖိတ်စာထဲတွင် ဝှက်ထားသော အချက်အလက်များ ပါဝင်နေပြီး စကန်ဖတ်မှသာ ဧည့်သည်၏ အသေးစိတ်အချက်များကို ထုတ်ဖော်ပြသလာပုံရသည်။ ဘော့ဒါနော့ဗ်စံအိမ်၏ နည်းပညာမြင့် ဖိတ်စာစနစ်သည် မဖိတ်ကြားထားဘဲ လာသူများကို ထိထိ‌ရောက်ရောက် ဖယ်ရှားပစ်နိုင်လိမ့်မည်။

သေသေချာချာ စစ်ဆေးပြီးနောက် လုံခြုံရေးဝန်ထမ်းက ခေါင်းညိတ်ပြလာပြီး "ပူးပေါင်း ဆောင်ရွက်‌ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု တရိုတသေ ပြောပြီးနောက် နောက်ဆုတ်သွားကာ ကားကို သွားခွင့်ပြုလိုက်၏။ သို့သော် ပင်မဂိတ်တံခါးမှ ဥယျာဉ်လမ်းကျဥ်းနားအထိ တောက်လျှောက် ကားများ ပိတ်ဆို့နေလေသည်။

ဂွမ်ထက်ဂျူ : "ပါတီက ကြီးကြီးကျယ်ကျယ်တွေ လုပ်နေတာ စပိုင်ဇာတ်လမ်းများ ရိုက်ချင်နေတာလား" ဟု ပွစိပွစိ ပြောလိုက်ပြီး နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ ဇန်းညာနှင့် အကြည့်ချင်းသွားဆုံ၏။

"ဒီလို အဓိပ္ပာယ်မရှိတာတွေကို ငါတစ်ယောက်တည်း လုပ်နေရတာ တရားလား"

ဇန်းညာ၏ မျက်လုံးများက လင်းလက်နေကာ သူ ပျော်ရွှင်နေကြောင်းကို ထင်ထင်ရှားရှား မြင်နေရသည်။

"ငါတစ်ယောက်တည်းကိုပဲ ဖိတ်ထားတာဆိုတော့ တခြားရွေးချယ်စရာလဲ မရှိဘူးလေ။ ဖိတ်မခံရတဲ့ ဧည့်သည်တွေမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ခုလို ယာဉ်မောင်းလို ဟန်ဆောင်တာရယ်၊ ချစ်သူလို ဟန်ဆောင်တာရယ်။ မင်းက ပထမတစ်ခုကို မကြိုက်ဘူးဆိုရင် နောက်တစ်ခုလို ဟန်ဆောင်လိုက်လေ။ အဲလိုဆိုရင်တော့ ငါက ပိုပျော်မှာပါ။"

"လုံခြုံရေးဝန်ထမ်းကို သတိမေ့သွားအောင် လုပ်လိုက်ပြီး သူရဲ့ ယူနီဖောင်းကို ဝတ်လိုက်လို့ရတဲ့ နည်းလဲ ရှိသေးတယ်။ ဒီလောက်များတဲ့ လူအုပ်ကြီးထဲမှာ လူတစ်ယောက်လောက် ပျောက်နေတာကို ဘယ်သူမှ သတိမထားမိလောက်ပါဘူး။"

"မလိုအပ်ဘဲ ရှုပ်ထွေးအောင် လုပ်ချင်နေတာပဲ။ ငါ့ကို ရန်တွေ့မနေဘဲ အရေးကြီးတာတွေ လုပ်ဖို့ အားလေး ဘာလေး ချန်ထားလိုက်ဦး"

ဇန်းညာ ပြောသည့် နည်းလမ်းက ပိုသင့်လျော်တာ အမှန်ပင်။ ဇန်းညာက တရားဝင် ဖိတ်ကြားလွှာကို ဘယ်လို ရရှိခဲ့သည်ကို ဂွမ်ထက်ဂျူ မသိသော်လည်း ဝင်ခွင့်ရလိုက်ပြီ ဖြစ်၍ ခိုးဝင်ရန် အစီအစဥ်ဆွဲစရာ မလိုတော့ဘဲ သက်သာသွားခဲ့သည်။ ထို့ကြောင့် ဇန်းညာက သူပဲတော်၊ သူပဲတတ်သည့် ပုံမျိုးဖြင့် မြောက်ကြွကြွ ရှိနေခြင်းက ဂွမ်ထက်ဂျူကို မခံချိမခံသာ ဖြစ်စေသည်။

"မင်း အခု အဲပြတင်းပေါက်မှန်ကို ပြန်တင်လိုက်လို့ရပြီ" ဟု ဇန်းညာ က ပြောလာ၏။

ဇန်းညာ ထိုင်နေသည့် ဘေးတွင်လည်း မှန်ကို ပြန်တင်ရန် ခလုတ်ရှိ၏။ သို့သော် ဧည့်သည်တော်ကြီးက သူ၏ မြင့်မြတ်သော လက်ကို နည်းနည်းမျှ လှုပ်ချင်ဟန် မရှိချေ။ ဂွမ်ထက်ဂျူ နောက်ကြည့်မှန်မှ တစ်ဆင့် သူ့ကို ဘုကြည့် ကြည့်လိုက်ပြီးမှ ပြတင်းပေါက်မှန်ကို လှမ်းပိတ် ပေးလိုက်သည်။

နောက်ဆုံးတွင် သူတို့ကားက အိမ်တော် ဝင်ပေါက်လမ်းသို့ ရောက်ရှိလာသည်။ ဂွမ်ထက်ဂျူ ကားကို လမ်းဘေးကပ်လိုက်ကာ ဟန်းဘရိတ် ဆွဲလိုက်ပြီး ကားဘီးလေးခုလုံး ရပ်တန့်ထားသည့်တိုင် နောက်ခန်းမှ ဧည့်သည်တော်ကြီးက မဆင်းသေးဘဲ ထိုင်နေဆဲပင်။

"မဆင်းတော့ဘူးလား"

"ငါပြောတော့ မလို့ဘဲ။ မင်း တစ်ခုခု မေ့နေတာများလားလို့" ဟု ဆိုကာ ဇန်းညာက သူ့ဘေးက တံခါးကို မျက်စ ပစ်ပြလာလေ၏။

ဂွမ်ထက်ဂျူက ဇန်းညာ၏ ဆိုလိုရင်းကို ချက်ချင်း နားမလည်ဘဲ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ ခဏအကြာမှ ဇန်းညာက သူ့အတွက် တံခါးလာဖွင့်ပေးစေချင်ကြောင်းကို ဂွမ်ထက်ဂျူ သဘောပေါက်လိုက်၏။ ဘေးပတ်ဝန်းကျင်တွင် ကြည့်နေသူများ ရှိနေပြီး ယာဥ်ရပ်နားရေး ဝန်ထမ်းတစ်ဦးကပါ သူတို့ကားနား ချဉ်းကပ်လာနေပြီ ဖြစ်ရာ သူ့တွင် ရွေးချယ်စရာ မရှိတော့။

‘ခွေးကောင်’

စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး စိတ်လျော့ထားလိုက်ရင်း ဂွမ်ထက်ဂျူ ယာဉ်မောင်းထိုင်ခုံမှ ထွက်ကာ ကားကိုပတ်လိုက်ပြီး နောက်တံခါးကို ဖွင့်ပေးလိုက်ရသည်။ ထိုအချိန်မှ ဇန်းညာက လူကြီးလူကောင်းတစ်ဦးလို ဂုဏ်သရေအပြည့်ဖြင့် ကားပေါ်မှ ဆင်းလာပြီး ဂွမ်ထက်ဂျူ၏ မျက်နှာကို တစ်ဝကြီး စိုက်ကြည့်နေ၏။ ထို့ပြင် မျက်နှာထက်က အပြုံးဖြီးဖြီးကြီးက သိသာသွားမည်ကို စိုးရိမ်သလို ထိန်းချုပ်ထားသည့် တစ်ခြမ်းပဲ့ အပြုံးကြီးကို ပြုံးနေလေသည်။

"ဒီဘက်ကို ကြွပါခင်ဗျ" ဟု ဝန်ထမ်းတစ်ဦးက ဇန်းညာကို ကျိုးနွံစွာ လမ်းပြပေးလာသည့်အတွက် ဂွမ်ထက်ဂျူလည်း လျင်မြန်စွာ လိုက်သွားလိုက်သည်။

လှေကားထစ် ဆယ်ထစ်လောက် တက်ပြီးနောက် လေးမီတာကျော်ခန့် ရှိမည်ထင်ရသော ခန့်ထည်သည့် စံအိမ်တံခါးမကြီးဆီသို့ ရောက်ရှိလာခဲ့သည်။ တံခါးဘေးတစ်ဖက် တစ်ချက်ရှိ လုံခြုံရေးအစောင့် နှစ်ဦးက တံခါးများကို ဖွင့်ပေးလိုက်သောအခါ ရွှေရောင် ဖိတ်ဖိတ်လက်နေသည့် ဘော့ဒါနော့ဗ် အိမ်တော်အတွင်းပိုင်းက ပေါ်ထွက်လာလေသည်။ စံအိမ်ကြီးအတွင်းသို့ ဝင်လိုက်လိုက်ချင်းပင် သီးခြားကမ္ဘာတစ်ခုသို့ ရောက်သွားရသလို ခံစားရ၏။

ညနက်သန်းခေါင်ဟု မထင်ရအောင်ပင် နေအလင်းလို ဝါဝင်းသော အလင်းရောင်က အရိပ်တစ်စက် မရှိအောင် ဧည့်ခန်းဆောင်၏ ထောင့်တိုင်းသို့ အလင်းဖြာ ကျနေလေသည်။

ချာ့ချ်ကျောင်းတစ်ကျောင်းလောက် ကျယ်ဝန်း မြင့်မားလှသည့် ဧည့်ခန်းမကြီးရှိ ရှင်းသန့်သော နံရံဖြူများ၊ ခန်းမကျယ်နှင့် လိုက်ဖက်ညီသော ထောက်တိုင်ကြီးများက ဧည့်သည်တော်များကို ဟိတ်ဟန်အပြည့်ဖြင့် ဆီးကြိုနေကြ၏။

ရွှေရည်ရွှေသားများကို လက်ရာ အနုစိတ် ဖန်တီးသော အဆင်တန်ဆာများနှင့် ဆန်းပြားသော မီးဆိုင်းကြီးတစ်ခုက နေရာတစ်ခုလုံးကို နွေးထွေးသော အလင်းရောင်ပေးလျက် ခန်းမတစ်ခုလုံးကို လင်းထင်းနေစေ၏။

မျက်နှာကျက်တွင် ခပ်မှိုင်းမှိုင်း ပန်းချီများကို ရေးဆွဲထားခြင်းက အခန်း၏ အရောင်အသွေးကို မျက်စိ ကျိန်းစရာ မဖြစ်သွားစေရန် ချိန်ညှိထားသလို ဖြစ်နေပြန်သည်။ အခန်းထောင့်များတွင် တန်ဖိုးကြီး ရုပ်ထုများ၊ ပန်းအိုးများဖြင့် မျက်စိပသာဒ ဖြစ်အောင် စနစ်တကျ ပြင်ဆင်ထားလေသည်။

တေးဂီတဝိုင်းတစ်ခုက ဖျော်ဖြေနေသော်လည်း ဧည့်သည်တော်များ ကြားတွင် စိတ်အနှောက်အယှက် ဖြစ်အောင် တီးခတ်နေခြင်း မဟုတ်ဘဲ လသာဆောင်လို စင်မြင့်လေးတစ်ခုပေါ်မှ ခေတ်မီ တေးသွားများကို တီးမှုတ်နေကြခြင်းဖြစ်ရာ စကားပြောဆိုမှုကို အနှောင့်အယှက် မဖြစ်သလို သီချင်းသံက နေရာအနှံ့ ငြိမ့်ငြိမ့်လေး ပျံ့နှံ့နေလေသည်။

"ငါ အန်ချမိတော့မယ်"

ဂွမ်ထက်ဂျူ တစ်ယောက်တည်း ရေရွတ်နေသည့်စကားက ဇန်းညာကို လှည့်ကြည့်လာအောင် ဆွဲဆောင်နိုင်လိုက်၏။

အားကျချင်စရာ ခန်းနားသော စံအိမ်တော်ကြီးထဲတွင် ရောက်ရှိ နေသော်လည်း ဂွမ်ထက်ဂျူ၏ အမူအရာက တော်တော်လေး အဆင်မပြေ ဖြစ်နေပုံရသည်။ နတ်သမီးပုံပြင်များထဲကအတိုင်း ဆန်းပြားလှပသော အိမ်တော်ကြီး၏ ခန်းနားမှုက ဂွမ်ထက်ဂျူ၏ စိတ်ကို ကြည်နူးသာယာမှု တစ်စက်မျှ ပေးစွမ်းနိုင်စွမ်း မရှိချေ။

သူ့ တစ်သက်တွင် တစ်ကြိမ်သာ လာရောက်နိုင်မည့် စံအိမ်တော်ပါတီက မူးနောက် အော့အန်ချင်စရာ ခံစားချက်သာ ပေးလာခဲ့သည်။ ဇန်းညာက ဂွမ်ထက်ဂျူကို ခဏကြည့်လိုက်ပြီးမှ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ရုံ တွန့်ပြသွားကာ လှည့်ထွက်သွားလေသည်။

အဓိက ဧည့်ခန်းမအတွင်းတွင် လူသုံးလေးယောက်တွဲများ၏ စကားပြောဆိုမှုများဖြင့် ဆူညံနေပြီး ထိုသူတို့ထဲမှ တစ်ဦးက ဂွမ်ထက်ဂျူ၏ အာရုံတွင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုသူမှာ ရုရှားသမ္မတပင်။

သတင်းမီဒီယာများတွင် မြင်ရပါများ၍ မျက်နှာကို ရင်းနှီးနေသော်လည်း လူကိုယ်တိုင် မြင်ရသည့်အခါ ဟုတ်ရဲ့လားဟုပင် သံသယ ဝင်မိသည်။

"ကြိုဆိုပါတယ်"

ပါတီမန်နေဂျာ ဖြစ်နိုင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နွေးထွေးစွာ နှုတ်ဆက်လာ၏။

ဇန်းညာက ပြန်နှုတ်ဆက်ခြင်းပင် မပြုဘဲ ခန်းမထဲသို့သာ ဆက်လက် ဝင်ရောက်သွားလေသည်။ ဂွမ်ထက်ဂျူက နောက်မှ လိုက်ရန် ကြိုးစားသောအခါ နှုတ်ဆက်လာသူက သူ့ရှေ့တွင် ဝင်ရပ်လိုက်ပြီး "ယာဉ်မောင်းကတော့၊ ဒီဘက်ကို ကြွပေးပါခင်ဗျ" ဟုဆိုကာ လက်ကို ဆန့်ပြရင်း ဘေးဘက်မှ လမ်းကြောင်းတစ်ခုသို့ ညွှန်ပြလာသည်။

ဧည့်သည်တော်များ၏ ယာဥ်မောင်းများအတွက် သီးသန့် သတ်မှတ်ထားသော နေရာဖြစ်ပုံရသည်။

ဂွမ်ထက်ဂျူသည် ဇန်းညာကို အမြန် ကြည့်လိုက်သော်လည်း ထိုလူယုတ်မာက နောက်ကိုတောင် လှည့်မကြည့်ဘဲ တည့်တည့် ဆက်လျှောက်သွား၏။

‘အမြဲတမ်း အဲလိုပဲ။ အကူအညီလိုပြီဆို ချီးလိုကောင်က လှည့်ကို မကြည့်တော့ဘူး’

"သွားရအောင်ပါ" ဟု မန်နေဂျာက အနားကပ်ကာ တိုက်တွန်းလာပြန်သည်။

ယာဉ်မောင်းအဖြစ် ဟန်ဆောင်ရခြင်းက ခုချိန်မှာ အခက်ခဲတစ်ခုလိုပင် ဖြစ်လာ၏။ အခြား ရွေးချယ်စရာ မရှိသောကြောင့် ဂွမ်ထက်ဂျူလည်း ထိုသူ့နောက်မှ လိုက်၍ သတ်မှတ်ထားသော နေရာသို့ လိုက်သွားခဲ့ရတော့သည်။

ဇန်းညာကို နောက်ဆုံး မြင်လိုက်ရချိန်တွင် သူက အခြား ဧည့်သည်များနှင့် ရောနှောကာ ရုရှား၏ ထိပ်တန်း အသိုင်းအဝိုင်းထဲသို့ပင် အလွယ်တကူ ဝင်ဆံ့နိုင်ပုံရသည်။

‘ဒီကောင် ဇန်းညာက တကယ်ပဲ ဘယ်သူလဲ’

ဂွမ်ထက်ဂျူ၏ မျက်လုံးများက ခက်ထန်သွားသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ခံစားချက်မဲ့သော မျက်နှာသေပုံစံသို့ ကူးပြောင်းသွားတော့သည်။

မန်နေဂျာက သူ့ကို မီးဖိုချောင်ဘေးရှိ သိုလှောင်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ဂွမ်ထက်ဂျူ အပါအဝင် အဓိကဧည့်သည်တော် မဟုတ်သည့်လူများကို ခေါ်ဆောင်လာသည့် နေရာ ဖြစ်လိမ့်မည်။ သူ ဝင်ပြီးသွားသည်နှင့် သူ့နောက်က တံခါးက “ဘုန်း” ခနဲ အသံဖြင့် ပိတ်သွားလေသည်။

အခန်းထဲရှိ လူများက ဖုန်းသာ သုံးနေကြပြီး ယခုလို အခြေနေမျိုးနှင့် ရင်းနှီးနေပုံရသည်။ တချို့ကတော့ စစ်တုရင် ကစားနေကြပြီး တချို့က တစ်ယောက်နှင့် တစ်ယောက် စနောက်နေကြလေသည်။

‘ကားသမားတွေကို ဒီလို ထိုင်နေခိုင်းမယ် ဆိုရင် ဘာလို့များ အိမ်ထဲ ပေးဝင်နေသေးတာလဲ။ ကားထဲမှာပဲ နေခိုင်းလိုက်ပြီးရော’

သူတို့၏ အကြီးအကဲများက အလိုရှိလျှင် မြန်မြန်ဆန်ဆန် သွားနိုင်ရန် အနီးအနားမှာ ထားခြင်း ဖြစ်နိုင်သည် ဟုသာ ဂွမ်ထက်ဂျူ ပြန်ဖြည့်တွေးလိုက်လေသည်။

သူ ဘာမှ မတတ်နိုင်သည့် အခြေအနေတွင် ပိတ်မိနေသဖြင့် ဂွမ်ထက်ဂျူမှာ စိတ်ပျက်လက်ပျက်နှင့် လျှာကို 'ကျွတ်စ်' ကနဲ ခေါက်လိုက်မိသည်။ ထိုသူတို့နှင့် ရောနှောကာ နေလို့ မဖြစ်သေးပေ။ သူ့တွင် လုပ်ဆောင်ရမည့် မစ်ရှင်တစ်ခု ရှိနေသေး၏။

ပါတီပွဲတွင်လည်း လူစုံနေပြီး သတင်းအစုံဆုံးအချိန် ဖြစ်နေချေပြီ။ လျှို့ဝှက်ချက်တွေကို ရှာဖွေရန်အတွက် ခုချိန်က အကောင်းဆုံး အခွင့်အရေးပင်။ ဂွမ်ထက်ဂျူသည် အာဏာရှင် လူကုံထံများ စုဝေးနေသည့် အဓိက ခန်းမကို ပြန်သွားရန် လိုအပ်နေ၏။

သို့သော် သူ့တွင် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမနေချေ။ ယာဉ်မောင်းအနေဖြင့်ဆိုရင် အိမ်သာတက်ရန်ပင် ခွင့်ပြုချက် အရင်ယူရသည်။

‘ဘာဆက်လုပ်ရမလဲ။ ခွေးကောင်ကိုပဲ ယုံပြီး စောင့်နေရမလား’

ဂွမ်ထက်ဂျူ သည် တံခါးအနီးတွင် ရပ်နေပြီး လစ်ထွက်ရန် အစီအစဉ်ကို စဉ်းစားနေမိ၏။ အခြားယာဥ်မောင်းများက သူ့ကို တစ်ချက်မျှ စူးစမ်းသလို ကြည့်လာကြသော်လည်း မကြာမီတွင် စိတ်ဝင်စားမှုများက ပြန်ပျောက်ကွယ် သွားကြသည်။ သူသာ ဘယ်သူမှ သတိမထားမိခင် ထွက်သွားနိုင်လျှင် ရနိုင်သည်။

ဘယ်သူမှ ကြည့်မနေဘူးဆိုတာ သေချာသွားသောအခါ ဂွမ်ထက်ဂျူသည် တံခါးကို အသံမမြည်စေရန် ဂရုတစိုက် ဖွင့်လိုက်၏။ အပြင်ဘက်တွင် တစ်စုံတစ်ဦးက အရက်နှင့် အစားအစာများကို စားဖိုခန်းမှ သယ်ကာ ထွက်သွားပုံရသည်။ ထို့ကြောင့် ထိုလူ ထွက်သွားပြီးမှ တံခါးကို အသံမမြည်အောင် ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်လေသည်။ တံခါးလက်ကိုင်ကို လွှတ်ပြီးမှသာ ဂွမ်ထက်ဂျူ သက်ပြင်းချ လိုက်နိုင်သည်။

စင်္ကြန်လမ်းသို့ ဘယ်သူမှ မရောက်လာမီ ခန်းမထဲသို့ သူ ရောက်ရန် လိုအပ်နေသည်။ ထို့ကြောင့် စားဖိုခန်းနှင့် ဆန့်ကျင်ဘက်ကို ထွက်လာပြီး ပင်မဧည့်ခန်းသို့ သွားနိုင်သည့် လမ်းခွဲ တစ်ခုထဲသို့ ဝင်လိုက်နိုင်သည်။ ထိုအချိန်ထိ အရာရာတိုင်းက ချောမွေ့နေသေးသည်။

သို့သော်...

"ဘယ်သွားမလို့လဲ"

မမျှော်လင့်ထားသော အသံက ဂွမ်ထက်ဂျူ၏ ခြေလှမ်းကို ရပ်သွားစေသည်။ လှည့်ကြည့်လိုက်သောအခါ သူ့ကို သီးသန့်ခန်းသို့ လိုက်ပို့သည့် မန်နေဂျာ ဖြစ်နေ၏။

မန်နေဂျာက သူ့ထံသို့ မျက်နှာမူလျက် ရပ်နေပြီး သံသယမျက်လုံးများဖြင့် စူးစမ်းသလို ကြည့်နေလေသည်။

‘ဆင်ခြေတစ်ခု မြန်မြန် ပေးရမယ်’

"ကျွန်တော် အိမ်သာလိုက် ရှာနေတာပါ" ဟု အလျင်လိုနေသလို ဟန်လုပ်ကာ ပြန်ဖြေလိုက်သည်။ ထိုသို့ မလွှဲမရှောင်နိုင်သည့် ဇီဝဖြစ်စဥ်ကို အကြောင်းပြပါက လူတိုင်းက အနည်းအကျဥ်းတော့ နားလည်ပေးတတ်ကြသည်သာ။

သို့သော်လည်း မန်နေဂျာ၏ သံသယက မပြေပျောက်သွားသေးဘဲ ဂွမ်ထက်ဂျူကို စိုက်ကြည့်နေသည်။ ဂွမ်ထက်ဂျူကလည်း အကြည့်ကို မရှောင်လွှဲဘဲ ပြန်ကြည့်နေလိုက်ပြီး ချုပ်တည်းထားနေရသည့်ကြားမှ အားယူ ပြုံးပြနေရသကဲ့သို့ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်ကို ပင့်တင်သလို လုပ်လိုက်ရသေးသည်။

မန်နေဂျာမှာ လူအများနှင့် ဆက်ဆံနေရသူ ဖြစ်သည့်အတွက် အလွယ်တကူ လှည့်စား၍ မရနိုင်ဘဲ ဂွမ်ထက်ဂျူကို သူ၏ မျက်လုံးများနှင့် ဆက်ကြည့်နေကာ ထွင်းဖောက် စစ်ဆေးနေသလို ခံစားလာရစေသည်။

နောက်ဆုံးတော့ မန်နေဂျာသည် မီးဖိုချောင်မှ ထွက်လာသော စားပွဲထိုးတစ်ဦးကို အချက်ပြလိုက်ပြီး "ဟေး မင်း၊ ဒီလူကို အိမ်သာဆီ လိုက်ပို့ပေးလိုက်" ဟု စေခိုင်းလိုက်လေသည်။

ကိစ္စက အရေးကြီးနေသလို ပြုမူထားသော်လည်း မန်နေဂျာ၏ သံသယ,မကင်း သေးပုံရသည်။

စားပွဲထိုးက ဂွမ်ထက်ဂျူ နားရောက်လာပြီး "လိုက်ခဲ့ပေးပါ" ဟု ပြောလာ၏။ တစ်ခုဆိုးသွားသည်မှာ အိမ်သာက ဧည့်ခန်းမနှင့် ဆန့်ကျင်ဘက် လမ်းကြောင်းတွင် ရှိနေခြင်း ဖြစ်သည်။ ဂွမ်ထက်ဂျူလည်း ရွေးချယ်စရာမရှိဘဲ မန်နေဂျာကို အရိုအသေပေးပြီး စားပွဲထိုး နောက်သို့သာ လိုက်သွားရတော့သည်။

ဝန်ထမ်းများသာ အသုံးပြုသော အိမ်သာသည် မီးဖိုခန်းအနီးတွင် တည်ရှိသည်။ သို့ဖြင့် မီးဖိုခန်းနားသို့ ဒုတိယ အကြိမ် ပြန်ရောက်လာရ၏။ ယခုတစ်ကြိမ်၌ ဂွမ်ထက်ဂျူက လမ်းတစ်လျှောက်ရှိ မျက်နှာကျက်များ၊ နံရံများ၊ တိုင်များနှင့် ပြတင်းပေါက်များတွင် စောင့်ကြည့်ကင်မရာ ရှိနေ၊ မရှိနေကို လေ့လာကြည့်လာခဲ့၏။

"ရောက်ပါပြီဗျ။ ခွင့်ပြုပါဦး" ဟု စားပွဲထိုးက ပြောပြီး ထွက်သွားရန် အလှည့်တွင် ဂွမ်ထက်ဂျူက ဘေးသို့ လမ်းဖယ် ပေးလိုက်ပြီး စားပွဲထိုး၏ ပခုံးကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

"ဘာလို့..."

"မင်း ခဏနားသင့်တယ် ထင်တယ်နော်"

"ဘာကို?"

စားပွဲထိုးမှာ စကားဆုံးအောင်ပင် မပြောလိုက်ရဘဲ မေ့ကြောနေရာကို ရိုက်ခံလိုက်သောကြောင့် သတိလစ် သွားရလေသည်။ ဂွမ်ထက်ဂျူက စားပွဲထိုးကို အိမ်သာခန်း အတွင်းသို့ ဆွဲသွင်းလိုက်သည်။

ခဏအကြာတွင် ဂွမ်ထက်ဂျူသည် စားပွဲထိုးအဝတ်အစားများဖြင့် ပြန်ထွက်လာခဲ့တော့၏။ သူသည် တံမြက်စည်းကို အသုံးပြု၍ တံခါးကို အပြင်မှ ကန့်လန့်ပိတ်ထားလိုက်သည်။ အခြားသူများ စားပွဲထိုးကို ရှာမတွေ့ခင် အချိန်ဆွဲစရာ တစ်ခုခု ရှိမှဖြစ်မည်။ ထိုအချိန်အတွင်း သူ လျင်မြန်စွာ လှုပ်ရှားဖို့ လိုအပ်သည်။

ထို့ကြောင့် မီးဖိုချောင်ဆီသို့ မဆိုင်းမတွ ဦးတည်သွားလိုက်၏။

"ငါ့ရဲ့ ဝီစကီ ဘယ်မှာလဲ။ ကန်နာမုန့်(canapés) တွေရော။ ဟိုဘက်ကကောင် ငပျင်း၊ မြန်မြန်လုပ်..."

[T/N : canapés =တစ်ကိုက်စာ မုန့်သေးသေးလေးတွေပါ။ ]

အပြင်ဘက်၌ ခမ်းနားသော ပါတီပွဲက သိုက်မြိုက်စွာ ကျင်းပနေချိန်တွင် မီးဖိုချောင်တစ်ခုလုံးက စစ်မြေပြင်ကဲ့သို့ ဆူညံနေ၏။ စိတ်မရှည်သော စားဖိုမှူးက ဂွမ်ထက်ဂျူ ကို Single Malt ဝီစကီဗန်းတစ်ခု ကမ်းပေးပြီး လိပ်လို နှေးကွေးမနေရန် ဆူငေါက်လိုက်ကာ စစ်မြေပြင်လို ဖြစ်နေသည့် မီးဖိုခန်းမှ အပြင်သို့ တွန်းထုတ်ခြင်း ခံလိုက်ရသည်။

ဂွမ်ထက်ဂျူမှာ ငေါက်ခံလိုက်ရ၍ ထူပူသွားသော်လည်း ခန်းမထဲသို့ ဝင်ရောက်နိုင်ရန် အခွင့်အရေးရသွား သလိုပင်။ ထို့နောက် လမ်းမမှားစေရန် အခြား စားပွဲထိုးတစ်ဦး၏ နောက်မှ ကပ်လိုက်သွားပြီး ဧည့်ခန်းမ တံခါးနားသို့ ရောက်လာသောအခါ မန်နေဂျာကို ထပ်မံ မြင်လိုက်ရပြန်သည်။ ဂွမ်ထက်ဂျူက ဗန်းကို ပခုံးအမြင့်အထိ မြှင့်ကိုင်လိုက်ပြီး သူ့မျက်နှာကို ကာလိုက်ရင်း မန်နေဂျာကို ဖြတ်ကျော်သွားလိုက်သည်။

ဧည့်ခန်းမသည် စည်ကားနေပြီး လူများက ဟိုတစ်စု ဒီတစ်စုဖြင့် စကားပြောနေကြကာ အကြောင်းအရာများမှာလည်း မတူညီဘဲ အမျိုးမျိုးကွဲပြားနေလေသည်။ သက်ကြီးပိုင်း လူတစ်စုက နိုင်ငံရေး ကိစ္စများကို လေးနက်သော အမူအရာများဖြင့် ဆွေးနွေးနေကြပြီး ယောက်ျားလေး မိန်းကလေး လူငယ် အဖွဲ့တစ်ဖွဲ့က တစ်ယောက်ကို တစ်ယောက် စနောက်လျက် တခစ်ခစ် ရယ်မော ပြောဆိုနေကြပြန်သည်။ ဧည့်ခံပွဲသို့ လိုက်မချင်ဘဲ ဆွဲခေါ်ခံလာရသော ကလေးများကတော့ အိပ်ပျော်နေသူက အိပ်ပျော်နေသလို၊ အစားငမ်းသည့် ကလေးကလဲ အစားမပြတ်ဘဲရှိနေကာ အချို့ကလေးများက ငြိမ်ငြိမ်သက်သက် ထိုင်နေကြသည်။ ထိုကလေးအားလုံးတွင် တူညီသည့် အရာတစ်ခုက ပုံမှန်ကလေးများတွင် တွေ့ရလေ့ရှိသော အပြစ်ကင်းစင်မှုမျိုး ရှိမနေခဲ့ခြင်းပင်။

ဂွမ်ထက်ဂျူ သည် ထိပ်တန်းဧည့်သည်များကြားတွင် လှည့်ပတ်သွားလာကာ Single Malt ဝီစကီ ကမ်းလှမ်းနေရင်း စကားဝိုင်းများကို တိတ်တဆိတ် နားထောင်နေမိ၏။ ဧည့်ခန်းမက ကျယ်ဝန်းလှသောကြောင့် စကားဝိုင်းတိုင်းကို နားထောင်ရန်မှာ အခက်အခဲ ရှိနေခဲ့သည်။ တက်ရောက်လာသူများထဲမှ တစ်ယောက်ယောက်ကတော့ အန်နာစတေးရှားက ဘယ်နေရာတွင် ရှိသည်ကို သိကို သိရမည်။

ဘယ်ဘက်မျက်လုံးတွင် တပ်ဆင်ထားသော အထူးမျက်ကပ်မှန်ကို အသုံးချလိုက်ပြီး အာရုံစိုက်ရမည့် လူအရေအတွက် နည်းသွားစေရန် အကြံရလိုက်သည်။ သူက လူတစ်ဦးကို သုံးစက္ကန့်ထက် ပို၍ ကြည့်လိုက်ပါက ထိုပုဂ္ဂိုလ်၏ အချက်အလက်များကို အထူးမျက်ကပ်မှန်မှ ပြသလာလိမ့်မည်။

သူ ‘လိုမိုနိုဆော့ဖ်’ကို ကြည့်လိုက်သောအခါ *ဗာလာရီ အန်တိုနိုဗစ်ချ် လိုမိုနိုဆော့ဖ် (Valery Antonovich Lomonosov), ရုရှားသမ္မတ* ဟူသော စကားလုံးများက သူ့မျက်လုံးထဲတွင် ပေါ်လာပြီး သိပ်မကြာခင် ပြန်ပျောက်သွား၏။

ဂွမ်ထက်ဂျူသည် ဧည့်သည်တစ်ဦးချင်းစီ၏ မျက်နှာများကို ဖြည်းဖြည်းချင်း လိုက်စစ်ဆေးလိုက်သည့်အခါ သမ္မတအပါအဝင် အစိုးရအဖွဲ့အစည်း၏ အာဏာရှိသော အရာရှိများမှအစ ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းရှင်များ၊ နာမည်ဆိုးဖြင့် ကျော်ကြားသော မာဖီးယားဂိုဏ်းခေါင်းဆောင်များထိအဆုံး အားလုံး ရှိနေကြသည်။

"ဒီပုံစံက မင်းနဲ့ လိုက်တယ်"

ရင်းနှီးသော အသံတစ်ခုက သူ၏ စောင့်ကြည့်နေမှုကို ဝင်နှောက်ယှက်လိုက်သည်။ လှည့်ကြည့်လိုက်သောအခါ ဇန်းညာက သူ့ဘေးတွင် ရပ်နေပြီး လက်လှမ်းမီရာ Single Malt တစ်ခွက်ကို ယူလိုက်၏။ ဇန်းညာသည် ဘေးပတ်ဝန်းကျင်က လူများကို အာရုံစိုက်ကြည့်နေပြီး ပျော်ရွှင်လာသယောင် ပြုံးလာခဲ့သည်။ ဂွမ်ထက်ဂျူကလည်း သူတို့ရှေ့မှ ဖြတ်သွားသည့် ဧည့်သည်များကို အရက် ဆက်ကမ်းလှမ်းနေလိုက်သည်။

ဇန်းညာက သူ့ဝီစကီခွက်ကို ဖြည်းညှင်းစွာ မွှေနေရင်းမှ "ဒီနေရာက ထူးဆန်းတယ် မဟုတ်လား။ အရမ်း ဆူညံပြီး တက်ကြွနေသလိုပဲ။ ဒါပေမဲ့ ဘယ်သူမှ တကယ် စိတ်ပါလို့ ရှိနေကြတာ မဟုတ်ဘူး" ဟု သူ့အပြုံး နောက်ကွယ်က အကြောင်းကို ပြောပြလာခဲ့၏။

ဂွမ်ထက်ဂျူမှာ ဇန်းညာကို ပြန်ထောက်ခံ မိမလိုပင် ဖြစ်သွားရသည်။

‘ဒီကောင် ဘာတွေလာပြောနေတာလဲ’

သူက ဝိတ်တာတစ်ယောက် ဖြစ်သည့်အတွက် ပါးစပ်ပိတ်ပြီးသာ နေလိုက်ပြီး ဇန်းညာကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။

ဇန်းညာသည် အရက်တစ်ငုံကို အရသာခံ သောက်နေပြီး ထိုစကားက သူပြောလိုက်တာ မဟုတ်သလို အမူအရာပင် မပျက်ချေ။ ထိုစကားတို့က ဂွမ်ထက်ဂျူ အိပ်မက်မက်ပြီး ကြားခဲ့ရသလိုသာ ဖြစ်သွားရသည်။

"လိုမိုနိုဆော့ဗ်နဲ့ အတူ ရပ်နေတဲ့ လူက ‘ဘာဇင်း ဗီဆာရီယိုနိုဗစ်ချ်’ ပဲ။ သူက ဘော့ဒါနော့ဗ် မိသားစုရဲ့ ဒုတိယသား၊ သမ္မတရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်တွေထဲကတစ်ဦးလို့ လူသိများတယ်။ သူတို့က မြင်းစီးတာကို တစ်ပတ်ကို တစ်ကြိမ် အတူတူ လုပ်ကြတယ်။ ဘာဇင်းက ဒူမာ(Duma) ပါလီမန် အမတ်တွေထဲမှာ သြဇာအကြီးဆုံးပဲ။ ပြောရရင် ရုရှားအစိုးရက အဆိုပြုတဲ့ စီမံကိန်းအားလုံးက သမ္မတဆီ မရောက်ခင် သူ့ကို အရင် ဖြတ်ကျော်မှ ရတယ်"

[T/N : Duma (ရုရှားပြည်သူ့ကိုယ်စားပြုလွှတ်တော်)က ရုရှားနိုင်ငံ၏ အောက်လွှတ်တော်၊ အထက်လွှတ်တော်က Federation Council (ဖက်ဒရေးရှင်း ကောင်စီ) ပါ။]

ပြန်စဉ်းစားကြည့်ရာ ဘော့ဒါနော့ဗ် မိသားစုရဲ့ ခေါင်းဆောင်က ဂက်ဇ်ပရွမ် ရဲ့ တကယ့် ကိုယ်စားလှယ် ဖြစ်တယ်လို့ ဇန်းညာ ကြားဖူးတာကို ဂွမ်ထက်ဂျူ သတိရလိုက်သည်။

ထို့ကြောင့် သူ့သားက သမ္မတနှင့် ရင်းနှီးပြီး ပါလီမန်မှာ ဩဇာကြီးမားတာကလည်း အံ့သြစရာမရှိပေ။ ဇန်းညာ က ဂျပန်နှင့် စွမ်းအင်စက်ရုံ ဆောက်လုပ်ရေး စာချုပ်ကို ဘယ်လို အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့သလဲ။ ဘော့ဒါနော့ဗ် မိသားစုက ဘယ်လို အဓိက အကျိုးခံစားခွင့် ရှိသူတွေ ဖြစ်လာသလဲ ဆိုတာကို ဆက်ရှင်းပြလာ၏။

ထို့နောက် သူက လက်ထဲက ဝီစကီခွက်ကို အဆုံးသတ် မော့ချလိုက်ပြီး အသက်ကြီးကြီး အမျိုးသားတစ်ဦးကို လက်ညှိုး ထိုးပြလိုက်သည်။

"ဟိုဘက်က ဘီးတပ်ကုလားထိုင်နဲ့ လူက ‘ဗီဆာရီယွန် ရိုမန်နိုဗစ်ချ်’ ပဲ။ နိုင်ငံပိုင် ‘ဂက်ဇ်ပရွမ်’ ကော်ပိုရေးရှင်းမှာ သြဇာကြီးမားတွေထဲက ပုဂ္ဂိုလ်ထဲက တစ်ယောက်ပေါ့။ ဘော့ဒါနော့ဗ် မိသားစု ဒီနေ့လို ရပ်တည်နိုင်တာက အဲဒီလူက စွမ်းအင်လုပ်ငန်းကို သေချာ အုပ်စီးထားနိုင်တာကြောင့်ပဲ။”

“ဒီနိုင်ငံက သဘာဝအရင်းအမြစ်တွေ အများကြီးရှိနေတာကြောင့် ရပ်တည်နေနိုင်ခဲ့တာ။ ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက်မှာ အဲဒီ သဘာဝအရင်းအမြစ်တွေကပဲ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ထောက်ပံ့မှုရဲ့ အရင်းအမြစ် ဖြစ်လာခဲ့တယ်။ ဒါကြောင့် သမ္မတက တရားဝင် အုပ်ချုပ်သူ ဆိုပေမဲ့ အဲဒီလူတွေကမှသာ တကယ့် အာဏာကို ထိန်းချုပ်ထားတဲ့သူတွေပဲ။"

ဘော့ဒါနော့ဗ် မိသားစု၏ အင်အားက ဂွမ်ထက်ဂျူ ထင်ထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မားနေခဲ့သည်။ ထို့ကြောင့် အခြားမိသားစုများထပ် ပိုမို စိတ်ဝင်စားသွားပြီး စူးစမ်းလိုစိတ်က တိုးလာသည်။

သူသည် ဘော့ဒါနော့ဗ် မိသားစု၏ သားအကြီးဆုံး ‘ဗလာဒီမီရ် ဗီဆာရီယိုနိုဗစ်ချ်’ကို အခန်းထဲတွင် အမြန် လိုက်ရှာလိုက်သော်လည်း မတွေ့၍ ဇန်းညာ အနားသို့ ပြန်သွားကာ Single Malt တစ်ခွက် ကမ်းပေးလိုက်သည်။

ဂွမ်ထက်ဂျူ ဆိုလိုသည်ကို ဇန်းညာ တန်းသဘောပေါက်လိုက်ပြီး ပြုံးကာ အေးဆေး ပြောလာလေသည်။

"သူ လာနေပြီ"

ဂွမ်ထက်ဂျူသည် ဇန်းညာ၏ အကြည့်တိုင်း လိုက်ကြည့်လိုက်ရာ အမျိုးသားတစ်ဦးက ဧည့်သည်များနှင့် လက်ဆွဲနှုတ်ဆက်ရင်း လှေကားထစ်များအတိုင်း ဆင်းလာသည်။ အံ့ဩစရာကောင်းသည်မှာ အမျိုးသားက ပုညှက်ပြီး အရပ်က ခပ်ပြတ်ပြတ် ဖြစ်နေသော်လည်း ထူးချွန်ထက်မြက်သော ခံစားချက်တစ်ခုကို ပေးနေ၏။

"သူတို့ ပြောတာက သားအကြီးဆုံး ‘ဗလာဒီမီရ်’ က မိသားစုလုပ်ငန်းကို ဆက်ခံလိမ့်မယ်တဲ့။ ဗီဆာရီယွန် ရိုမန်နိုဗစ်ချ် (ဂက်ဇ်ပရွမ်ရဲ့ ကိုယ်စားလှယ်/ ဘီးတပ်ကုလားထိုင်နဲ့လူ ) ကွယ်လွန်တဲ့အခါ သူက ရုရှားရဲ့ ထိပ်တန်း စွမ်းအင် သူဌေး ဖြစ်လာလိမ့်မယ်။”

“ကျေးကျွန်တွေက ကျေးကျွန်တွေကိုပဲ မွေးဖွားပေးသလို ရှင်ဘုရင်တွေက ရှင်ဘုရင်တွေကိုပဲ မွေးဖွားပေးတယ်။ သူက စက်မှုလုပ်ငန်းမှာ သူ့ဖခင်ထက် ပိုပြီး အများရဲ့ ထောက်ခံမှုကိုရနေတာ။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ မိသားစုလုပ်ငန်းက ပိုကြီးပွားလာလိမ့်မယ်လို့ တချို့က ခန့်မှန်းနေကြတယ်။"

"လူတိုင်း ဒီကို လာစုဝေးနေကြတာဆိုတော့ ဆိုက်ခ် ဘော့ဒါနော့ဗ် ကရော ဘယ်လိုလဲ။ သူက ဗီဆာရီယွန် ရိုမန်နိုဗစ်ချ် ရဲ့ တရားမဝင် သားမဟုတ်ဘူးလား။ သူ့လို လူရမ်းကားက မိသားစုကြီးတွေထဲကလို့ တကယ်ပဲ ဆက်စပ် မရဘူး"

"တကယ်လဲ ဟုတ် မနေဘူးလေ။ တိတိကျကျ ပြောရရင် အဲဒီလူက အစိုးရ ဝန်ထမ်းတစ်ဦးပဲ။"

ဂွမ်ထက်ဂျူသည် သူများ နားကြားမှားသွားသလားဟု ဇန်းညာဘက်သို့ မယုံသင်္ကာဖြင့် လှည့်ကြည့်လိုက်မိသည်။ ဇန်းညာက သူ့ထုံးစံအတိုင်း ရွဲ့စောင်းပြောင်လှောင် လိုက်တာများလား။ သို့သော် ဇန်းညာ၏ အမူအရာက ထူးထူးခြားခြား တည်ငြိမ်နေသည်။

တကယ်လား။ အစိုးရဝန်ထမ်းတစ်ဦးက အပြစ်မဲ့တဲ့ နိုင်ငံခြားသားတစ်ဦးကို ပြန်ပေးဆွဲတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ နေ့ခင်းကြောင်တောင်မှာ ဘဇူကာလောင်ချာကို ကိုင်ပြီး ပစ်ချင်တဲ့ အချိန်ထ,ပစ်လို့ရသလား။

ဒီလို ဟာသမျိုးက လမ်းဘေးခွေးတစ်ကောင် ကြားသွားရင်တောင် ရယ်ရင်း အူတက်ပြီး သေသွားနိုင်တယ်။

သို့သော် ဇန်းညာက သူ၏စကားကို ပြန်မချေပခဲ့ပေ။ အဲဒီအစား ဆိုက်ခ် ဘော့ဒါနော့ဗ် အကြောင်းကိုသာ အသေးစိတ် ရှင်းပြလာသည်။

"အဲဒီလူက စစ်လက်နက်နဲ့ ကာကွယ်ရေးပိုင်းမှာ တော်တော်ကြီး ကျွမ်းကျင်တယ်။ သူ့ရဲ့ လုပ်နိုင်စွမ်းကလဲ ထူးထူးခြားခြား ကောင်းနေတော့ မြေအောက် လက်နက်ကုန်သွယ်ရေးလောကမှာ သူ့နာမည်ကို မသိတဲ့သူ မရှိဘူး"

မြေအောက်လောက၏ အဓိကအဖွဲ့အစည်းသည် မာဖီးယားဂိုဏ်းပင်။ ထိုဂိုဏ်းဂဏများက ရုရှား စီးပွားရေးလောကတွင် မလွှဲမရှောင်သာ ကြုံရမည့် အင်အားစု တစ်ခု ဖြစ်သည်။ သမိုင်းကြောင်းအရ မာဖီးယားအဖွဲ့များသည် ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် အကြမ်းဖက်မှုကဲ့သို့သော တရားမဝင် လုပ်ငန်းများဖြင့် ကြီးပွားခဲ့ကြသည်။

သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက သူတို့သည် ကာကွယ်ရေးအခန်းကဏ္ဍသို့ ဦးတည် လာပြီး သူတို့၏ဝင်ငွေကိုလည်း သိသိသာသာ တိုးမြှင့်နိုင်ခဲ့ကြသည်။ ထို့ကြောင့် ကာကွယ်ရေးနှင့် စွမ်းအင် လုပ်ငန်းများသည် ယခုအခါ ရုရှား စီးပွားရေး၏ ကျောရိုး ဖြစ်လာ၏။

ရုရှားမှ တီထွင်ထားသော လက်နက်များစွာကို တရားဝင် နည်းလမ်းများနှင့် မရောင်းချတော့ဘဲ။ အမြတ်အစွန်းပိုများသော တရားမဝင် နည်းလမ်းများဖြင့် ရောင်းချနိုင်ရန်အတွက် မာဖီးယားတို့ကို ကြားခံထားကာ ရောင်းဝယ်ဖောက်ကားလာကြသည်။

အစိုးရ ရန်ပုံငွေဖြင့် တီထွင်ထားသော လက်နက်များကို ရောင်းဝယ်ဖောက်ကားနေခြင်း၌ အစိုးရက သေချာပေါက် သိရှိနေမည်သာ။ မသိချင်ယောင်ဆောင် မျက်စိစုံမှိတ်ပေးထားခြင်းက တိတ်တဆိတ် ခွင့်ပြုထားခြင်းပင် ဖြစ်၏။

ငွေကြေး အမြတ်များစွာ ရတာကြောင့် မာဖီးယားတွေကို ရန်သူဟု မယူဆတော့ဘဲ အစိုးရ၏ မဟာမိတ်အဖြစ် တွေးမှတ် လိုက်ကြတော့သည်။ ဘော့ဒါနော့ဗ် မိသားစုက ဒီမဟာမိတ်ဖွဲ့မှု၏ သက်သေပင်။

‘ဗီဆာရီယွန် ရိုမန်နိုဗစ်ချ်’ အာဏာကို မဆုပ်ကိုင်နိုင်မီက ဘော့ဒါနော့ဗ်တို့သည် စီးပွားရေး နယ်ပယ်တွင် ထင်ရှားခဲ့ကြသူများ မဟုတ်သေးချေ။ ဘော့ဒါနော့ဗ်တို့ စီးပွားရေးလောကထဲ တဟုတ်ထိုး ဝင်ရောက်လာမှုက ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် ကုမ္ပဏီအသစ်များ ပေါ်ပေါက်လာသည့် အချိန်တွင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘော့ဒါနော့ဗ်တို့က မာဖီးယားအဆက်များ ဖြစ်နိုင်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များက နိုင်ငံ မငြိမ်သက်ခြင်းကို အခွင့်ကောင်းယူပြီး မြေပေါ်သို့ပါ ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်မည်။

ဂွမ်ထက်ဂျူ သည် ဆိုက်ခ် ဘော့ဒါနော့ဗ် ကို 'ရုရှားရဲ့ နျူကလီးယား' ဟူသော နာမည်ပြောင်ပေးထားခြင်းကို စဉ်းစားမိသွား၏။

ဘော့ဒါနော့ဗ် မိသားစုသည် အာဏာရလာသည်နှင့်အမျှ တော်ဝင်မိသားစုအချို့နှင့် ရန်သူများ ဖြစ်လာခဲ့သော်လည်း မြေအောက်ကုန်သွယ်ရေးကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ တရားဝင် စီးပွားရေးလုပ်ငန်းများနှင့် တရားမဝင် လုပ်ငန်းများကို အထစ်အငေါ့မရှိ ချိတ်ဆက်ပေးနေသည့် ဆုံချက် တစ်ခုလည်း ဖြစ်နေလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment