no

Font
Theme

အခန်း (၃)

* * *

နောက်တစ်နေ့ နံနက်တွင် ရှသျှင် နိုးလာသောအခါ ချီယန်မှာ အိမ်၌ မရှိတော့ချေ။

မနက်စာ လာပို့သော အစေခံမလေးက သခင်ကြီးသည် နံနက်စောစောကပင် နန်းတွင်းသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ပြောပြပေသည်။

ရှသျှင်သည် မိမိရရှိထားသော စာတိုကို သတိရကာ သူမအား “ငါ အပြင်ထွက်လို့ ရမလား” မေးလိုက်၏။

မိန်းကလေးက ပြုံးလျက်

“သခင်လေး ပျင်းနေလို့လား။ ဒီအစေခံမလေး အိမ်တော်ကို မဝင်ခင်က တေးဂီတတချို့ သင်ယူခဲ့ဖူးပါတယ်။ သခင်လေး စိတ်မရှိဘူးဆိုရင် ပျင်းပြေအောင် ချင် (စောင်း) တီးပြပါရစေလား” ဆို၏။

ရှသျှင်က စိတ်မဝင်စားဟန် ပြနေသဖြင့် သူမက ဆက်လက်၍

“သခင်ကြီးက ပြောပါတယ်။ သခင်လေးဟာ အရင်က သစ်သားအရုပ်လေးတွေ ထုလုပ်ရတာ ဝါသနာပါခဲ့တယ်ဆိုလို့ပါ။ ကိရိယာတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို အသင့်ပြင်ထားပြီးပါပြီ။ အားလုံး အဆင်သင့်ဖြစ်နေပြီမို့ ဒီအစေခံမလေး သွားယူပေးပါ့မယ်”

“မလိုဘူး” ရှသျှင်က သူမ၏စကားကို ဖြတ်ပြောလိုက်သည်။ “ငါ ဘာမှမလိုချင်ဘူး။ ငါက တိတ်ဆိတ်တာပဲ ကြိုက်တယ်။ တခြားအစေခံတွေကို ငါ့အနားမလာဖို့ ပြောထားလိုက်ပါ။ သူတို့က ဆူညံလွန်းတယ်လို့ ငါထင်တယ်”

သူမသည် အမိန့်ကို နာခံကာ ထွက်ခွာသွားခဲ့၏။

ခေတ္တအကြာတွင် အိမ်အပြင်ဘက်မှ အသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပေသည်။ အစေခံမလေးသည် လူအားလုံးကို ဝင်းအပြင်ဘက်သို့ ဖယ်ရှားပေးခဲ့ပြီး သူမတစ်ဦးတည်းသာ ရှသျှင်နှင့် အကွာအဝေးတစ်ခု၌ စောင့်ကြပ်နေချေသည်။

ဤသို့ဖြင့် ရှသျှင်က တစ်ခုခု ခိုင်းစေလိုပါက သူမ ချက်ချင်း ကြားနိုင်မည် ဖြစ်၏။

ချီယန်မှာ အကြံအစည် နက်နဲသူဖြစ်သကဲ့သို့ သူ၏ အစေခံမလေးမှာလည်း အူကြောင်ကြောင် မဟုတ်ပေ။

ရှသျှင်သည် သူမအား တစ်ချက် အေးစက်စွာ ကြည့်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။

ဤမျှဆိုလျှင် လုံလောက်ပြီ။

ရှသျှင်သည် ဤဆောင်မကြီး၏ တည်ဆောက်ပုံကို အလွန်ကျွမ်းကျင်လှ၏။ အိမ်၏ နောက်ဘက်တွင် တံခါးငယ်လေးတစ်ခု ရှိပေသည်။ သူသည် အသာအယာ လျှောက်သွားကာ တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်၏။

တံခါးအပြင်ဘက်တွင် စင်္ကြံလမ်းတစ်ခု ရှိနေပေသည်။ မူလက ထိုအနီးတွင် ပန်းပင်၊ မြက်ပင်များကို ပြုစုနေသော အစေခံအချို့ ရှိသော်လည်း ခုနက အစေခံမလေးက အားလုံးကို နှင်ထုတ်လိုက်ပြီ ဖြစ်၏။

စင်္ကြံလမ်း၏ ပတ်ပတ်လည်တွင် ပန်းများ ဝေဆာနေသော ဥယျာဉ်တစ်ခု ရှိပြီး ထိုဥယျာဉ်မှာ ချီအိမ်တော်၏ အရှေ့ဘက် တံတိုင်းကြီးနှင့် ဆုံးသည်။

၎င်းမှာ ရှအိမ်တော်၏ အနောက်ဘက် တံတိုင်းနှင့် ကပ်လျက်ရှိပြီး တံတိုင်း၏ တစ်နေရာမှာ အခြားနေရာများထက် ပို၍ နိမ့်နေပေသည်။

အတိတ်ကာလက ရှသျှင်သည် ချီယန်ထံသို့ လာရန်အတွက် ထိုနေရာမှ တံတိုင်းကျော်နေကျ ဖြစ်၏။

ထိုစဉ်က ချီအိမ်တော်မှာ ပျက်စီးယိုယွင်းနေပြီး တံတိုင်းများမှာလည်း ပြိုပျက်ကာ အုတ်ပုံများသာ ပြန့်ကျဲနေခဲ့ပေသည်။

ရှသျှင်၏ ဖခင်ဖြစ်သူ ရှဟုန်ရှီးမှာ ထိုစဉ်က နန်းတွင်း၌ အလွန်ဩဇာကြီးသူ ဖြစ်သဖြင့် သူ၏ အိမ်တော်မှာ အလွန်တရာ ခမ်းနားထည်ဝါပြီး ကြွယ်ဝလှပေသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ ချီအိမ်တော်မှာ ယခင် ဂုဏ်သိက္ခာကို ပြန်လည် ရရှိထားခဲ့ပြီဖြစ်သော်လည်း ရှမိသားစုမှာမူ……။

ရှဟုန်ရှီး သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။ အကယ်၍ သူသည် လူပုံအလယ်တွင် ခေါင်းဖြတ်အသတ်ခံရခြင်း မဟုတ်ဘဲ ဂူဗိမာန်သာ ရှိခဲ့ပါက ယခုအချိန်တွင် သူ၏ ဂူပေါ်ရှိ သစ်ပင်များမှာ ၁၀ ပေခန့်ပင် မြင့်နေလောက်ပြီ။

ရှအိမ်တော်မှာမူ ချိပ်ပိတ်ခံထားရကာ လူသူမရှိဘဲ ယိုယွင်းပျက်စီးနေပေသည်။ အထဲတွင် မည်မျှ ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းများ ရှိနေမည်ကို ရှသျှင် လှည့်မကြည့်ဘဲနှင့်ပင် သိနေပေသည်။

သူသည် ချီအိမ်တော်ကို ပြန်လည်ငေးကြည့်ရင်း ချီယန်သည် ဘာကြောင့် ဒီနေရာမှာပဲ ဆက်နေနေတာလဲတွေးမိ၏။

ပျက်စီးသွားသော နေရာများကို ပြန်လည်ပြင်ဆင်ထားခြင်းမှလွဲ၍ ဝင်းအတွင်းရှိ အပြင်အဆင်နှင့် အခင်းအကျင်းများမှာ ယခင်ကနှင့် မခြားနားလှချေ။

နိမ့်နေသော တံတိုင်းအပိုင်းမှာလည်း ပြင်ဆင်ထားသည့် အစအနမျှမရှိဘဲ မူလအတိုင်း ရှိနေဆဲဖြစ်ကာ တံတိုင်းတစ်လျှောက် ပေါက်နေသော ပန်းပင်များပင်လျှင် မူလနေရာ၌ ရှိနေသေး၏။

ရှသျှင်သည် သစ်ပင်ကို နင်းကာ တံတိုင်းထိပ်ကို ဆုပ်ကိုင်လျက် အသာအယာ ကျော်တက်ကာ အပြင်သို့ ထွက်ခဲ့ပေသည်။

မိသားစုနှစ်ခု၏ တံတိုင်းကြားတွင် ရေမြောင်းတစ်ခု ရှိပြီး ပုံမှန်အားဖြင့် ခြောက်သွေ့နေတတ်၏။ မိုးသည်းထန်စွာ ရွာသွန်းချိန်မှသာ ရေစီးဆင်းလေ့ရှိပေသည်။ ရေမြောင်း၏ ထိပ်နှစ်ဖက်တွင် ကျောက်တုံးပြားများဖြင့် ပိတ်ထားသဖြင့် သာမန်လူများမှာ အလွယ်တကူ ရှာမတွေ့နိုင်ချေ။ ထိုမြောင်းမှာ လမ်းလျှောက်ရန်လည်း အသုံးပြုနိုင်ပေသည်။

ရှသျှင်သည် ငယ်စဉ်က ကစားရတာ ဝါသနာပါပြီး စာဖတ်ရတာ မကြိုက်ခဲ့လျှင် ဤနေရာကို မည်သည့်အခါမျှ ရှာတွေ့မည် မဟုတ်ပေ။

သူသည် ခြောက်သွေ့နေသော မြောင်းကို ဖြတ်ကျော်ကာ ကျောက်တုံးပြားကို ပတ်၍ လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့၏။

သူသည် ဟယ်ချုံကို သွားရောက် ရှာဖွေမည် ဖြစ်ပေသည်။

ဟယ်ချုံ၏ အဖေမှာ ရှသျှင်အဖေ ၏ လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးပြီး သူတို့နှစ်ဦးမှာ ငယ်စဉ်က ကျောင်းနေဖက်များ ဖြစ်ကြ၏။

ရှသျှင်နှင့် သူ၏ အစ်ကိုကြီးတို့သည် လွတ်မြောက်ရန်အတွက် လင်နန်တွင် သေဆုံးသွားဟန် ဖန်တီးခဲ့ကြစဉ်က သူတို့ အသက်ရှင်နေသေးသည်ကို ဟယ်ချုံ တစ်ဦးတည်းသာ သိရှိခဲ့ပေသည်။

ရှသျှင် သေဆုံးသွားသည့် သတင်း တော်ဝင်မြို့တော်သို့ ရောက်လာသောအခါ ဟယ်ချုံသည် သူ၏ မိသားစုနှင့် ပတ်သက်မှုကိုပင် ဖြတ်တောက်ကာ မိုင်ပေါင်းထောင်ချီဝေးသော တောက်ကျိုးသို့ ရှသျှင်၏ အရိုးကို ကောက်ယူရန် အပြေးအလွှား သွားခဲ့ဖူး၏။

ဥပဒေအရ နယ်နှင်ဒဏ် ခံထားရသော အကျဉ်းသားများ သေဆုံးပါက အလောင်းကို တောတောင်ထဲတွင်သာ စွန့်ပစ်ထားရမည်ဖြစ်ပြီး မြေပုံငယ်လေး တစ်ခုမျှပင် ပြုလုပ်ခွင့် မရှိချေ။

ဟယ်ချုံသည် တောတောင်အနှံ့ လှည့်လည်ကာ ရှသျှင်၏ ပြန့်ကျဲနေသော အရိုးများကို မြင်တွေ့ရလိမ့်မည်ယူဆလျက် ဝမ်းနည်းပူဆွေးစွာ ရှာဖွေခဲ့သော်လည်း ရှသျှင် အသက်ရှင်နေကာ အမည်ပြောင်းထားသည်ကိုမူ သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

သူသည် ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းကာ မြို့တော်သို့ ပြန်လာခဲ့ပြီး ထိုအချိန်မှစ၍ ညီအစ်ကို နှစ်ဦးအား အမြဲ ကူညီပေးခဲ့၏။

နယ်နှင်ဒဏ်ခံရသော နေ့ရက်များမှာ ခက်ခဲလှပေသည်။ အထူးသဖြင့် ပထမဆုံး နှစ်အနည်းငယ်အတွင်း ဟယ်ချုံ၏ အကူအညီသာ မပါလျှင် သူတို့နှစ်ဦး အသက်ရှင်နိုင်မည် မဟုတ်ချေ။

ဟယ်ချုံသည် လွန်ခဲ့သော သုံးနှစ်က အိမ်ထောင်ကျခဲ့ပြီး ယခုအခါ သားသမီး နှစ်ဦး ရှိနေပြီ ဖြစ်၏။

ရှသျှင်အား ချီယန်က မြို့တော်သို့ ပြန်ခေါ်လာသည်ကို သူ သိရှိစရာ အကြောင်းမရှိသော်လည်း ရှသျှင်ကို ကယ်ထုတ်ရန်အတွက် အစ်ကိုကြီးဖြစ်သူက ဟယ်ချုံကို အကူအညီ တောင်းထားမည်လားရှသျှင် စိုးရိမ်မိပေသည်။

ဟယ်ချုံမှာ စိတ်ကြီးသူဖြစ်ပြီး စိတ်မြန်လက်မြန် ရှိတတ်သဖြင့် တစ်ခါတစ်ရံ မထင်မှတ်ထားသော အရာများကို လုပ်ဆောင်တတ်၏။

ထို့ပြင် သူသည် စာထဲတွင် သူ၏သားလေးက အကာရှာမုန့်ကို အလွန်ကြိုက်သဖြင့် ခဏခဏ ဝယ်ပေးရကြောင်း ပြောပြခဲ့ဖူးပေသည်။

ထို့ကြောင့် မုန့်ထဲတွင် စာတိုထည့်ခဲ့သူမှာ ဟယ်ချုံ ဖြစ်နိုင်သည်ရှသျှင် သံသယဝင်မိ၏။

စာရေးသူက ဂွမ်နင်းအိမ်တော်သို့ လာရန် ပြောထားသော်လည်း သူ တိုက်ရိုက် မသွားရဲချေ။ ထိုနေရာတွင် လူအများအပြား ရှိနေသဖြင့် တစ်စုံတစ်ဦးက သူ၏ ရုပ်ရည်ကို မှတ်မိကာ ရိပ်စားမိသွားနိုင်ပေသည်။

သူသည် ခဏတာ စဉ်းစားပြီးနောက် မုန့်ဆိုင်တွင် စောင့်ရန် ဆုံးဖြတ်လိုက်၏။

ဤမုန့်အေးကို ရောင်းသောဆိုင်မှာ မြို့တော်တွင် တစ်ဆိုင်တည်းသာ ရှိပြီး လမ်းကြားလေးတစ်ခု၏ အဆုံးတွင် တည်ရှိပေသည်။

ယခုမှာ နွေနှောင်းကာလဖြစ်သဖြင့် ရာသီဥတုမှာ ပူပြင်းနေဆဲ ဖြစ်၏။ လမ်းကြားအဆုံးရှိ သစ်ပင်အောက်တွင် လူအများအပြား အပန်းဖြေ ထိုင်နေကြပေသည်။ ရှသျှင်သည် လူသွားလူလာများကို ကျောပေးကာ သစ်ပင်ရိပ်ထဲ၌ ပုန်းလျှိုး ထိုင်နေမိ၏။

ဟယ်ချုံမှာ အရာရှိဘဝတွင် အောင်မြင်သူ မဟုတ်ဘဲ မိဘဂုဏ်ပုဒ်ဖြင့်သာ သာမန်ရာထူးတစ်ခုကို ရယူထားသူ ဖြစ်၏။ သူသည် နံနက်အာရုဏ်တက်တွင် နန်းတွင်းသို့ သွားပြီး ညစာစားချိန်တွင် ပြန်လာတတ်ပေသည်။ ဤလမ်းကြားလေးမှာ သူ အိမ်ပြန်ရန် တစ်ခုတည်းသော လမ်းဖြစ်၏။

ရှသျှင်သည် နေမင်းကို ကြည့်ကာ အချိန်တန်သောအခါမှ ဖြတ်သွားသမျှ မြင်းရထားတိုင်းကို သတိကြီးစွာ စောင့်ကြည့်နေမိသည်။

မီးရှူးတစ်တိုင်စာ ကုန်ဆုံးချိန်မတိုင်မီမှာပင် ဟယ်မိသားစု၏ အမှတ်အသားပါသော မြင်းရထားမှာ ဖြည်းညင်းစွာ မောင်းနှင်လာပြီး မုန့်ဆိုင်ရှေ့တွင် ရပ်တန့်သွား၏။

ဟယ်ချုံသည် ရထားပေါ်မှ ဆင်းကာ ဆိုင်ထဲသို့ ဝင်သွားပေသည်။

ရှသျှင်သည် နောက်မှ ကပ်လျက် လိုက်သွားခဲ့၏။

ဆိုင်ရှင်သည် ဟယ်ချုံကို မြင်သည်နှင့် ဘာမှမေးရန်ပင် မလိုတော့ချေ။ သူသည် အိုးထဲမှ အသစ်ထွက်လာသော မုန့်အေးများကို သေတ္တာထဲသို့ အမြန်ထည့်ကာ ရိုသေစွာ ကမ်းပေးလိုက်ပေသည်။

ရှသျှင်က သူ၏နောက်မှ တိုးတိုးလေး ခေါ်လိုက်၏။ “အမတ်မင်းဟယ်”

ဟယ်ချုံသည် ခေါင်းလှည့်ကြည့်လိုက်ရာ အစပိုင်းတွင် ဘာအမူအရာမျှ မပြသော်လည်း ခဏအတွင်းမှာပင် ရှသျှင်ကို မှတ်မိသွားပေသည်။

သူသည် အသက်ကို ပြင်းပြင်းရှူကာ ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် နောက်သို့ မသိမသာ ဆုတ်လိုက်မိ၏။

“မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ?!”

ရှသျှင်မှာ တိတ်ဆိတ်နေမိ၏။

ဆိုင်ရှင်က ထိုအသံကြားရာသို့ မော့ကြည့်လာသလို ဟယ်ချုံ၏ အစေခံလေးမှာလည်း ဇဝေဇဝါ ဖြစ်နေပေသည်။

ဟယ်ချုံသည် အခြေအနေကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်၏။

“ အော်... သခင်လေးတုန်း ဖြစ်နေတာပဲ၊ ဘယ်လိုတိုက်ဆိုင်မှုလဲ!” သူသည် ရင်းနှီးဟန် ဆောင်လျက် ရှသျှင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ “ငါတို့ ဒီမှာ မတော်တဆ ဆုံကြတာဆိုတော့ သခင်လေးတုန်း ငါ့အိမ်ကို လိုက်ခဲ့ပြီး သောက်စားကြရအောင်လေ” ဆို၏။

“တုန်း” ဆိုသည်မှာ ရှသျှင် အမည်ပြောင်းထားသော မျိုးရိုးအမည် ဖြစ်ပေသည်။

သူ၏ အစ်ကိုကြီး ရှဝမ်က ပြောခဲ့ဖူး၏။ တောင်ဘက်ဒေသ၏ ရာသီဥတုမှာ အလွန်ပူပြင်းလှသဖြင့် သူတို့သာ “ရှ” (နွေရာသီ) ဟူသော အမည်ကို ဆက်သုံးနေလျှင် ပို၍ပင် ပူလောင်နေလိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် သူသည် မိမိကိုယ်မိမိ “တုန်း” (ဆောင်ရာသီ) အမည်မှည့်ခဲ့ခြင်း ဖြစ်ပေသည်။

ရှသျှင်သည်လည်း သူ၏ အမူအရာအတိုင်း ဟယ်ချုံ၏ လက်မောင်းကို ပြန်လည် ဆုပ်ကိုင်လိုက်၏။

“ဒါက ဒီအရာရှိငယ်လေး အလိုရှိတဲ့အတိုင်းပါပဲ”

ဟယ်ချုံသည် သူ့အား မြင်းရထားပေါ်သို့ အလျင်အမြန် ဆွဲတင်လိုက်ပြီး မုန့်ယူရန်ပင် မေ့နေသဖြင့် အစေခံလေးက ပိုက်ဆံပေးကာ သေတ္တာကို ယူခဲ့ရလေသည်။

မြင်းရထား မောင်းနှင်နေစဉ်အတွင်း ရှသျှင်က စကားပြောရန် ကြိုးစားသော်လည်း ဟယ်ချုံက အကြိမ်ကြိမ် တားမြစ်၏။

သူသည် လက်ကာပြကာ ရှသျှင်အား ဘာအသံမျှ မထွက်ရန် အမူအရာပြပေသည်။

ရှသျှင် တိတ်တိတ်ဆိတ်ဆိတ် နေလိုက်၏။

ဟယ်ချုံသည် သူ့အား စကားမပြောသော်လည်း မျက်လုံးများတွင်မူ စိုးရိမ်ပူပန်မှုများဖြင့်သာ စိုက်ကြည့်နေပေသည်။

ရှသျှင်သည် ပြုံးပြကာ ခေါင်းခါပြလိုက်၏။ စိတ်မပူရန် ပြောလိုခြင်း ဖြစ်ပေသည်။

မြင်းရထား ဟယ်အိမ်တော်သို့ ရောက်သောအခါ ဟယ်ချုံသည် သူ့အား စာကြည့်ခန်းသို့ ချက်ချင်း ခေါ်ဆောင်သွားပြီး အစေခံအားလုံးကို ဖယ်ရှားကာ မည်သူမျှ အနားမလာရန် အမိန့်ပေးလိုက်၏။

အခန်းထဲတွင် သူတို့နှစ်ဦးတည်း ကျန်ရှိတော့မှသာ ဟယ်ချုံ၏ ထိန်းချုပ်ထားသော ခံစားချက်များမှာ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

သူသည် ရှသျှင်၏ ရှေ့တွင် မတ်တတ်ရပ်ကာ မျက်မှောင်ကြုတ်လျက် မေးခွန်းထုတ်၏။

“မင်း ဘာလို့ မြို့တော်ကို လာတာလဲ?? ဒီနေရာက ဘယ်လောက် အန္တရာယ်များလဲဆိုတာ မင်း သိရဲ့လား?! တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို မှတ်မိသွားရင် မင်းမှာ သေချင်ယောင်ဆောင်ပြီး ထပ်ပြေးဖို့ အခွင့်အရေး ရှိမယ်လို့ ထင်နေတာလား!?”

ရှသျှင်မှာ ကြောင်အမ်းသွားရ၏။

ဟယ်ချုံသည် သူ မြို့တော်တွင် ရှိနေသည်ကို မသိရှိပုံ ရပေသည်။ ဆိုလိုသည်မှာ စာတိုကို သူ ရေးခဲ့ခြင်း မဟုတ်ပေ။

အကယ်၍ သူ မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

ရှသျှင်မှာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားရသည်။

ဟယ်ချုံမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းမှပင် မီးထွက်မတတ် ဖြစ်နေ၏။

“မင်း ဘာကိစ္စနဲ့ လာတာလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ မင်း ဒီနေ့ပဲ ပြန်ထွက်သွားရမယ်! ငါ့အိမ်မှာ အမှောင်ကျတဲ့အထိ အရင်ပုန်းနေ၊ မြို့တံခါးတွေ မပိတ်ခင် ကင်းစောင့်တွေ သေချာ မမြင်ရတဲ့အချိန်ကျမှ ငါ မင်းကို မြို့ပြင်အထိ ပို့ပေးမယ်!”

ရှသျှင်က စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် ဟယ်ချုံက ချက်ချင်း ပိတ်ပင်လိုက်၏။

“ငြင်းစရာ မလိုဘူး! အဲ့ဒီအတိုင်းပဲ လုပ်ရမယ်!”

ရှသျှင်သည် သက်ပြင်းချကာ အားကိုးရာမဲ့စွာ ဆိုလိုက်၏။

“ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် လာခဲ့တာ မဟုတ်ဘူး၊ ပြီးတော့ ထွက်သွားချင်တိုင်းလည်း ထွက်သွားလို့ မရဘူး”

“ငါ နားမလည်ဘူး! မင်း ဘာကို ဆိုလိုတာလဲ?”

ရှသျှင်သည် မျက်လုံးများကို နှိမ့်ချကာ တုံ့ဆိုင်းစွာ ဆိုလိုက်၏။

“ဒါက... ချီယန်က ကျွန်တော့်ကို ပြန်ခေါ်လာတာပါ”

ဟယ်ချုံ၏ ဒေါသများမှာ ခဏချင်းပင် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး ပါးစပ်အဟောင်းသားနှင့် မျက်လုံးများမှာလည်း ပြူးထွက်လာတော့သည်။ သူသည် စကားပင် မပီသတော့ဘဲ

“သူ မင်းကို တွေ့သွားတာလား? မင်း မသေဘူးဆိုတာကို သူ သိသွားတာလား?? သူ ဘယ်လို သိသွားတာလဲ?!”

ရှသျှင်က ဖြည်းညင်းစွာ ဆို၏။

“လွန်ခဲ့တဲ့ တစ်လက ကျွန်တော့်ရဲ့ ဂူကို ကျွန်တော် သွားရှင်းရင်းနဲ့ သူ့ကို ဟိုမှာ ဆုံခဲ့တာ။ သူက ကျွန်တော့်ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသွားတယ်။ သူက ကျွန်တော့်ကို မြို့တော်ကို လိုက်ခဲ့ဖို့ ပြောတယ်။ ကျွန်တော် ငြင်းတော့ သူက ကျွန်တော့် အစ်ကိုကြီးရဲ့ အကြောင်းကို

ဖော်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်တော် ဘာလုပ်နိုင်မှာလဲ? အဲ့ဒါကြောင့် ပြန်လိုက်လာခဲ့ရတာ”

ဟယ်ချုံသည် ကုလားထိုင်ပေါ်သို့ ပုံကျသွား၏။

“ကုန်ပါပြီ... ငါတို့ ဘာလုပ်ကြမလဲ...!”

ရှသျှင် အသက်ရှူပင် မဝသေးမီမှာပင် သူသည် ထိုင်ရာမှ ပြန်ထလာ၏။

“ဒါဆို ငါတို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး! မင်းကို အခုပဲ ငါ ပို့ပေးမယ်! ငါ့အိမ်က အမြန်ဆုံးမြင်းက တစ်ချီတည်းနဲ့ မိုင်ပေါင်းရာချီ ပြေးနိုင်တယ်။ သူ သိသွားတဲ့အချိန်ကျရင် မင်းက အဝေးကြီးကို ရောက်နေလောက်ပြီ!”

ရှသျှင်က ငြင်းပယ်လိုက်သည်။

“ကျွန်တော် ထွက်သွားဖို့က လွယ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့် အစ်ကိုကြီးကရော? သူ့မှာ ဇနီးနဲ့ သားသမီးတွေ ရှိနေတာ၊ သူတို့က ထွက်ပြေးလို့မှ မရတာ”

ဟယ်ချုံသည် သူ့အား စိုးရိမ်တကြီး ကြည့်ကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။

“မင်းကို ပြန်ခေါ်လာရအောင် သူ ဘာကို လိုချင်နေတာလဲ?! မင်းရဲ့ မိဘတွေနဲ့ ဒုတိယအစ်ကိုလည်း သေကုန်ပြီ၊ မင်းကိုယ်တိုင်လည်း တောက်ကျိုးမှာ သေလုနီးပါး ဖြစ်ခဲ့တာပဲ! သူ ဘာထပ်လိုချင်သေးတာလဲ?? သူက ရှမိသားစုအပေါ် အငြိုးတွေ မပြေသေးဘူးလား?! မင်းကို ဒီအတိုင်း မလွှတ်ပေးနိုင်သေးဘူးလား?!”

ရှသျှင်က သူ့အား ပြန်လည် တည်ငြိမ်အောင် ဖျောင်းဖျလိုက်၏။

“ကျွန်တော်လည်း မသိဘူး၊ အဲ့ဒါကြောင့် အခု အမတ်မင်းဆီကို စွန့်စားပြီး လာမေးတာပါ...”

ထိုစဉ် တံခါးကို ရုတ်တရက် လာခေါက်သံ ကြားလိုက်ရ၏။ ၎င်းမှာ ဟယ်ချုံ ဇနီး၏ အစေခံမလေး ဖြစ်ပေသည်။ သူမက သခင်မသည် သခင်ကြီး ဘယ်အချိန် အားမလဲလာမေးခိုင်းကြောင်း၊ အကယ်၍ အလုပ်မရှိပါက အတွင်းဆောင်သို့ လာရောက်ကာ သခင်လေးနှင့် သခင်မလေးတို့နှင့် ခဏတာ ကစားပေးရန် ပြောကြောင်း၊ ကလေးများမှာ ဖခင်ဖြစ်သူကို မြင်ချင်၍ ဆူညံနေကြောင်း ပြောပြပေသည်။

ရှသျှင်သည် ပြောမည့်စကားများကို ပြန်လည် မျိုသိပ်လိုက်၏။

သူသည် မူလက စာတိုအကြောင်းကို အမှန်အတိုင်း ပြောပြကာ မည်သူ ရေးနိုင်သလဲဟယ်ချုံအား မေးမြန်းရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ချီယန်နှင့် သူ၏ ကြားရှိ အငြိုးအတေးများထဲတွင် ဟယ်ချုံအား မပတ်သက်စေချင်တော့ချေ။ ဟယ်ချုံတွင် မိသားစု ရှိနေပြီဖြစ်သဖြင့် ဤကိစ္စထဲမှ ကင်းကင်းရှင်းရှင်း နေခြင်းကသာ အလုံခြုံဆုံး ဖြစ်ပေလိမ့်မည်။

ဟယ်ချုံက အစေခံမလေးအား သခင်မကို ခဏစောင့်ရန်၊ သူ မကြာမီ လာခဲ့မည်ဖြစ်ကြောင်း ပြန်ပြောခိုင်းလိုက်၏။

အစေခံမလေး ထွက်သွားပြီးနောက် သူက စကားပြန်စ၏။ “ခုနက ဘာပြောမလို့လဲ?”

ရှသျှင်က ပြန်မေးလိုက်သည်။ “အခုအချိန်မှာ ချီယန်က နန်းတွင်းမှာ ဘယ်လိုရာထူး ရထားတာလဲ?”

ဟယ်ချုံက ဆို၏။

“ငါ စာထဲမှာ ရေးဖူးတဲ့အတိုင်းပါပဲ၊ လွန်ခဲ့တဲ့ သုံးလက သူဟာ ကျုံးရှူးသျှီလန် အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတယ်”

ရှသျှင်က ထပ်မံ၍ မေးမြန်း၏။ “ဒါဆို သူ ဘာလို့ လင်နန်ကို ရုတ်တရက် ရောက်လာတာလဲဆိုတာရော သိလား?”

ရှသျှင်နှင့် သူ၏ အစ်ကိုကြီးတို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားဟန် ဆောင်ခဲ့ပြီးနောက် ဟယ်ချုံသည် တောက်ကျိုးတွင် သူတို့အတွက် ဂူဗိမာန်များကို တည်ဆောက်ပေးခဲ့၏။

ထိုအကြောင်းကို ဧကရာဇ်မင်းမြတ်ထံ ချက်ချင်း တင်ပြခဲ့ပေသည်။

သူတို့နှစ်ဦးမှာ ခွင့်မလွှတ်နိုင်လောက်သော အမှားမျိုး လုပ်ခဲ့သူများ မဟုတ်ဧကရာဇ်မင်းမြတ်က ယူဆခဲ့ပုံ ရသဖြင့် ဂူများကို ဖျက်ဆီးရန် အမိန့်မပေးခဲ့ဘဲ တိတ်တဆိတ် ခွင့်ပြုပေးခဲ့ပေသည်။

သူတို့နှစ်ဦးမှလွဲ၍ ကျန်ရှိသော ရှမိသားစုဝင် အားလုံးမှာ သေဆုံးကုန်ကြပြီဖြစ်သဖြင့် ဂူများကို လာရောက် ရှင်းလင်းပေးမည့်သူ မရှိတော့ချေ။

ပထမဆုံး နှစ်အနည်းငယ်အတွင်း ဂူများမှာ ပေါင်းမြက်များဖြင့် ဖုံးလွှမ်းနေသော်လည်း အခြေအနေများ ငြိမ်သက်သွားသောအခါမှ ရှသျှင်သည် တစ်ခါတစ်ရံ လာရောက် ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏။

ခုနစ်နှစ်တာ ကာလအတွင်း ချီယန်သည် ထိုနေရာသို့ တစ်ခါမျှ မလာခဲ့ဖူးချေ။

သူသည် ရှသျှင်အား အလွန်အမင်း နာကျည်းနေသဖြင့် ရှသျှင် သေဆုံးသွားသည်ဆိုလျှင်တောင် ဂူကိုပင် လာကြည့်ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဟယ်ချုံကမူ ချီယန်သည် လင်နန်သို့ ရောက်ရှိလာခြင်းမှာ အထူးအကြောင်းရင်း မရှိဘဲ နန်းတွင်းကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက်သာ ဖြစ်ကြောင်း ရှသျှင်အား ပြောပြပေသည်။

ဆိုလိုသည်မှာ…… သူသည် ရှသျှင်အား တမင်တကာ ရှာဖွေရန် လာခဲ့ခြင်း မဟုတ်ပေ။

ရှသျှင်သည် စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေပြီး မည်သို့သော ခံစားချက်မျိုးမှန်း သူ ကိုယ်တိုင်ပင် မသိတော့ချေ။ စိတ်အေးသွားရသလိုရှိသော်လည်း မိမိကိုယ်တိုင် ဝန်မခံချင်သော်လည်း တစ်ဖက်တွင်မူ စိတ်ပျက်သွားမိသည်မှာ အမှန်ပင် ဖြစ်၏။

မိမိ သေဆုံးသွားကြောင်း သိလျှင် ချီယန် မည်သို့ ခံစားရမည်ကို သူ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ဖူးပေသည်။

သူ ဝမ်းနည်းကြေကွဲပြီး နောင်တရပါ့မလား။

အကယ်၍ မိမိ၏ သေခြင်းတရားက ချီယန်အား ခဏတာ နောင်တရစေနိုင်မည်ဆိုပါက ရှသျှင်သည် တစ်သက်လုံး ဂုဏ်ယူနေမိမည် ဖြစ်၏။

ကြည့်စမ်း... မင်း ငါ့ကို လက်စားချေဖို့ သတ်လိုက်ပေမဲ့ အခုတော့ မင်းကိုယ်တိုင်ပဲ ကြေကွဲနေရပြီ မဟုတ်လား ဟူ၍ ဖြစ်ပေသည်။

ယခု ပြန်စဉ်းစားကြည့်သောအခါ မိမိသည် အလွန်အမင်း ကလေးဆန်ခဲ့မိပါတကား။

ချီယန်မှာ သံမဏိကဲ့သို့ စိတ်ထားမျိုး ရှိသူဖြစ်ရာ သူ့ကဲ့သို့ မပြတ်မသားဖြစ်နေမည့်သူ မဟုတ်ချေ။

တံခါးကို ထပ်မံ၍ လာရောက် ခေါက်သံ ပြင်းပြင်းထန်ထန် ကြားလိုက်ရပြန်၏။

ဟယ်ချုံက အော်ပြောလိုက်သည်။

“ငါ ခဏနေရင် အတွင်းဆောင်ကို လာခဲ့မယ်၊ စိတ်မပူပါနဲ့တော့ သခင်မ!”

တံခါးအပြင်ဘက်တွင် ရှိနေသူမှာ ခုနက အစေခံမလေး မဟုတ်ဘဲ အိမ်တော်ဂိတ်မှ ကင်းစောင့် ဖြစ်ပေသည်။ သူက စိုးရိမ်တကြီးဖြင့် ဆို၏။

“သခင်ကြီး ချီယန် ရောက်နေပါတယ်! သူ့ မြင်းရထားက အိမ်တော်ဂိတ်ဝကို ရောက်နေပါပြီ!”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment