အခန်း (၅)
* * *
ချန်ကျင့်ယင်းမှာ ယခုနှစ်တွင် အသက် တစ်ဆယ့်ခြောက်နှစ် ပြည့်ခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော လအနည်းငယ်က ကျင်းပခဲ့သည့် တည်ခင်းဧည့်ခံပွဲတစ်ခုတွင် သူမသည် ချီယန်နှင့် ဆုံတွေ့ခဲ့ပြီး ပထမဆုံး မြင်မြင်ချင်းမှာပင် စွဲလန်းနှစ်သက်သွားခဲ့ပေသည်။
ကျစ်ကွေက “အဲ့ဒီအချိန်ကစပြီး သခင်မလေးချန်ဟာ အိမ်တော်ကို ခဏခဏ လာတတ်ပါတယ်။ ဘယ်တော့မှလည်း လက်ချည်းသက်သက် မလာပါဘူး၊ သူမ ကိုယ်တိုင်လုပ်ထားတဲ့ အရာတစ်ခုခုကို အမြဲ ယူလာပေးတတ်ပါတယ်” ပြောပြပေသည်။
ရှသျှင်က မေးခွန်းထုတ်ဟန်ဖြင့်
“အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကဲ့ရဲ့မှုကို ရှောင်ရှားဖို့ မလိုဘူးလား”
ကျစ်ကွေမှာ တုံ့ဆိုင်းသွားပြီး
“သခင်မလေးချန်ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေက တကယ်ပဲ... ရဲတင်းလှပါတယ်။ နယ်စားမင်းချန် ကိုယ်တိုင်က သူမကို တားဆီးခြင်း မရှိတဲ့အတွက် ပြင်ပလူတွေအနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲပါလိမ့်မယ်။ တခြားသော မှူးမတ်ကတော်တွေကတော့ သူမအကြောင်းကို မတော်မလျော်တွေ ပြောဆိုနေကြပေမယ့် အဲ့ဒီစကားတွေကို ဒီအစေခံမလေးက သခင်လေးကို ပြန်မပြောပြလိုတော့ပါဘူး” ဆို၏။
ရှသျှင်သည် အဝေးရှိ ဝင်းအတွင်းသို့ လှမ်းကြည့်လိုက်ပေသည်။
တောက်ပနေသော နေရောင်အောက်တွင် ချန်ကျင့်ယင်း၏ ဝတ်စုံမှာ အလွန်တရာ တဖျတ်ဖျတ် တောက်ပြောင်နေသဖြင့် ရှသျှင်၏ မျက်လုံးများကို စူးရှစေကာ သူမ၏ မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။
သူသည် အကြည့်လွှဲလိုက်ကာ ပန်းကန်လုံးကို ယူလျက် ဆန်ပြုတ်ကို ဇွန်းဖြင့် ကော်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။
ကျစ်ကွေ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ရှသျှင်က ချက်ချင်းပင်
“ငါ ဒီအစားအစာတွေကို မကြိုက်ဘူး၊ နောက်ဆိုရင် ဒီကို ယူမလာနဲ့တော့” ဆိုလိုက်ပေသည်။
သူသည် အကုန်စားလိုက်သည်ကို သူမ မြင်သွားပါက သူ ကြိုက်သည်ယူဆကာ နေ့တိုင်း ချက်ခိုင်းမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ကျစ်ကွေက ရိုသေသမှုဖြင့် ခေါင်းညိတ်ကာ “ဒီအစေခံမလေး နားလည်ပါပြီ” ဆိုပေသည်။
ချန်ကျင့်ယင်းမှာ အိမ်တော်ရှိ အစေခံမလေးများ၏ လမ်းညွှန်မှုဖြင့် ခဏချင်းမှာပင် ပျောက်ကွယ်သွားရ၏။
ရှသျှင်မှာ သူမအပေါ် စိတ်ဝင်စားမှု လုံးဝ မရှိပေ။ ကျစ်ကွေသည် ပန်းကန်များကို သိမ်းဆည်းကာ ထွက်သွားပြီးနောက် သူသည် ပြတင်းပေါက်ရှေ့၌ ထိုင်ကာ ငေးမောနေမိ၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ချီအိမ်တော်၏ ဝင်းအတွင်းမှာ ခြောက်ကပ်နေခဲ့ဖူးပေသည်။
ဝင်းအတွင်းရှိ ရေကန်မှာလည်း တစ်စက်မျှ ရေမရှိဘဲ ခန်းခြောက်နေကာ ကန်ခြေမှာ အက်ကွဲလျက် ပေါင်းမြက်များဖြင့် ဖုံးလွှမ်းနေခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။
ထိုပေါင်းမြက်များမှာ အလွန်တရာ မြင့်မားစွာ ပေါက်ရောက်နေခဲ့ပေသည်။
ထိုစဉ်က ရှသျှင်သည် တံတိုင်းကျော်ကာ ထိုမြက်တောထဲ၌ ပုန်းနေကျ ဖြစ်၏။
အစပိုင်းတွင် ထိုအိမ်မှာ လူသူမရှိပေ။ တစ်နေ့တွင်မူ သူသည် ပုံမှန်အတိုင်း ခိုးဝင်ကာ မြက်တောထဲ၌ ထိုင်နေစဉ် သူ၏နောက်ဘက်မှ ခြေသံများကို ရုတ်တရက် ကြားလိုက်ရပေသည်။
ရှသျှင်သည် အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် မျက်လုံးချင်း ဆုံသွားရ၏။ ထိုသူမှာ ရှသျှင်ထံသို့ လျှောက်လာပြီး သူ၏အမည်နှင့် ဘာကြောင့် ဒီမှာ တစ်ယောက်တည်း ရှိနေသလဲမေးမြန်းပေသည်။
ရှသျှင်ကလည်း ထိုသူမှာ မည်သူနည်းပြန်မေးလိုက်၏။
ထိုသူက ဤအိမ်ကို သူ ဝယ်ယူခဲ့သည်မှာ မကြာသေးကြောင်း ပြောပြပေသည်။
ရှသျှင်က “မြို့တော်မှာ ကောင်းမွန်တဲ့ အိမ်တွေ အများကြီး ရှိတာကို ဘာလို့ ဒီလို ပျက်စီးနေတဲ့ အိမ်ကို ဝယ်တာလဲ? မင်းတော့ အလိမ်ခံလိုက်ရပြီ ထင်တယ်” ဆိုခဲ့ဖူး၏။
ထိုသူမှာ မူလက အရာရှိကြီးတစ်ဦး၏ သားဖြစ်သော်လည်း သူ၏ မိဘများမှာ သစ္စာဖောက်တစ်ဦး၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရကာ မိသားစုမှာ ဆင်းရဲဒုက္ခ ရောက်ခဲ့ရကြောင်း၊ ဘိုးဘွားပိုင် အိမ်တော်ပင်လျှင် သိမ်းယူခြင်း ခံခဲ့ရကြောင်း ရှသျှင်အား ပြောပြပေသည်။
သူသည် သွားစရာ နေရာမရှိသဖြင့် လက်ကျန်ငွေလေးဖြင့် ဤစွန့်ပစ်ထားသော အိမ်ဟောင်းကို ဝယ်ယူကာ ဘဝကို ကုန်ဆုံးရန် ရောက်လာခြင်း ဖြစ်ကြောင်း ဆို၏။
သူ၏ အမည်မှာ ချီယန် ဖြစ်ကြောင်းလည်း ပြောပြခဲ့ပေသည်။
တစ်နှစ်အကြာတွင် ရှသျှင်နှင့် သူ၏ အစ်ကိုကြီးတို့ ထောင်ကျခဲ့ကြ၏။
ထောင်ထဲတွင်မူ ချီယန် ပြောခဲ့သော ‘သစ္စာဖောက်’ ဆိုသည်မှာ သူ၏ ဖခင် ရှဟုန်ရှီး ဖြစ်နေသည်ကို သိရှိသွားခဲ့ရပေသည်။
ယခုအခါ ဝင်းအတွင်းမှာ အသစ်တစ်ဖန် ပြုပြင်ထားပြီး ဖြစ်သလို ရေကန်ထဲ၌လည်း ကြည်လင်သော ရေများမှာ ရှသျှင်၏ မျက်စိရှေ့တွင် လှိုင်းကလေးများ ထနေပေသည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ကာ ပြန်ဖွင့်လိုက်သောအခါ ပြတင်းပေါက် အပြင်ဘက်တွင် လှပသော မျက်နှာလေးတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
ထိုမိန်းကလေးမှာ သူ့အား မြင်သည်နှင့် ထိတ်လန့်သွားကာ ခြေချော်လျက် နောက်သို့ လန်ကျသွားတော့သည်။
အစေခံမလေးမှာ သူမအား ကူညီရန် အပြေးလာသော်လည်း ထိုမိန်းကလေးမှာ ပျာယာခတ်လျက် မိမိ၏ အင်္ကျီအနားကို နင်းမိကာ အစေခံမလေးပေါ်သို့ ထပ်လျက် လဲကျသွားပေသည်။
မြင်ကွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရ၏။ အစေခံမလေးက သူမအား အမြန်ထူပေးလိုက်ရာ ထိုမိန်းကလေးမှာ ရှက်ရွံ့ထိတ်လန့်စွာဖြင့် ယပ်တောင်ဖြင့် မျက်နှာကို ကွယ်လျက်
“ဘာလို့ အိမ်ထဲမှာ လူရှိနေတာလဲ?!” အော်ဟစ်လိုက်ပေသည်။
မနီးမဝေးမှ ချီယန်၏ အစေခံမလေး အချို့မှာလည်း ဤဘက်သို့ အပြေးလာရင်း
“ဒီကို လာလို့ မရပါဘူး၊ မလာပါနဲ့!”
“သခင်ကြီး အမိန့်ရှိထားပါတယ်! ဆောင်မကြီးအနားကို ဘယ်သူမှ မချဉ်းကပ်ရဘူးလို့! သခင်မလေးချန်ကို အမြန် ခေါ်သွားပေးကြပါ!”
“မြန်မြန်! သူတို့ကို တားကြ!” အော်ဟစ်နေကြပေသည်။
ဤချန်ကျင့်ယင်းမှာ သေချာပေါက် ကံမကောင်းသူ ဖြစ်ရမည်ရှသျှင် တွေးမိ၏။
ကျစ်ကွေသည် ဝင်းထဲသို့ ဝင်လာကာ ရှုပ်ပွနေသော မြင်ကွင်းကို မြင်သည်နှင့် အစေခံမလေးများကို မေးခွန်းထုတ်လေတော့သည်။
“ဘာတွေ လုပ်နေကြတာလဲ? ဘာလို့ သခင်မလေးချန်ကို ဒီလိုနေရာမျိုး ခေါ်လာရတာလဲ?! သခင်ကြီးက ဆောင်မကြီးအနားကို ပြင်ပလူ မလာစေနဲ့လို့ အမိန့်ထုတ်ထားတာ! မင်းတို့ သခင်လေးကို နှောင့်ယှက်မိရင် သခင်ကြီး ပြန်လာတဲ့အခါ သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်!”
ချန်ကျင့်ယင်း ယူလာသော အစေခံမလေးမှလွဲ၍ ကျန်လူအားလုံး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြပေသည်။
သူတို့မှာ ကျစ်ကွေကို ဒူးထောက်ခြင်း မဟုတ်ဘဲ ရှသျှင်ကို ဒူးထောက်နေကြခြင်း ဖြစ်၏။
ကျစ်ကွေက ကြိမ်းမောင်း၏။ “ငါ မင်းတို့ကို မကာကွယ်ပေးဘူး! သခင်လေးက ခွင့်မလွှတ်ရင် ဒီအတိုင်းပဲ ဒူးထောက်နေကြစမ်း!”
ရှသျှင် အခြေအနေကို နားလည်လိုက်ပေသည်။
သူတို့သည် ရှသျှင်က ချီယန်အား တိုင်တန်းမည်ကို စိုးရိမ်ကာ အပြစ်ပေးခံရမည်ကို ကြောက်လန့်နေကြသဖြင့် သူ့အား ကရုဏာသက်ရန် ဒူးထောက် တောင်းပန်နေခြင်း ဖြစ်၏။
ချန်ကျင့်ယင်းမှာ ဘာလုပ်ရမှန်း မသိဖြစ်နေကာ ယပ်တောင်ဖြင့် မျက်နှာကို ကွယ်လျက် ဇဝေဇဝါ ရပ်နေပေသည်။
ရှသျှင်က “ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ ဒူးမထောက်ကြပါနဲ့။ ငါက လူအများကြီး ရှိနေတာ မကြိုက်ဘူး။ အားလုံး သွားကြတော့” ဆိုလိုက်၏။
ခွင့်လွှတ်မှု ရသည်နှင့် အားလုံး လူစုခွဲသွားကြရာ ချန်ကျင့်ယင်းနှင့် သူမ၏ အစေခံမလေးသာ ကျန်ရစ်တော့ပေသည်။
ချန်ကျင့်ယင်း၏ ပါးပြင်လေးများမှာ နီမြန်းနေကာမှ ဂါရဝပြုရန် သတိရသွား၏။
“ကျွန်မ... ကျွန်မ မသိခဲ့ပါဘူး၊ ဆောင်မကြီးထဲမှာ လူရှိနေမှန်း ကျွန်မ မသိလို့ပါ! အမတ်မင်းချီ နန်းတွင်းကို သွားတယ်လို့ အားလုံးက ပြောနေကြတာဆိုတော့... ဘယ်လိုလုပ်...?”
ကျစ်ကွေက ကြားဝင်၍ “သခင်လေးရှဟာ သခင်ကြီးရဲ့ ဆွေမျိုးတော်စပ်သူဖြစ်ပြီး မြို့တော်ကို ခေတ္တ လာရောက် နေထိုင်တာပါ” ရှင်းပြပေးလိုက်၏။
ချန်ကျင့်ယင်းက ထပ်မံ ဦးညွှတ်ကာ
“မင်္ဂလာပါ သခင်လေးရှ၊ ခုနက... ကျွန်မပုံစံကြောင့် သခင်လေး ရယ်မောမိသွားစေပြီ ထင်တယ်...”
ရှသျှင်၏ မျက်နှာမှာ မည်သည့် အမူအရာမျှ မရှိဘဲ ဘာမှ ပြန်မပြောချေ။
ချန်ကျင့်ယင်းမှာ စိုးရိမ်စိတ်ဖြင့် လက်ချောင်းကလေးများကို လိမ်ယှက်နေမိ၏။
ကျစ်ကွေက တိုးညင်းသော အသံဖြင့် “သခင်မလေးချန် ဒီတစ်ခါ လာတာ ဘာအရေးကြီးကိစ္စ ရှိလို့လဲမသိဘူး” မေးလိုက်ပေသည်။
ချန်ကျင့်ယင်းက အလျင်အမြန် ခေါင်းခါလျက်
“မဟုတ်ပါဘူး! အမတ်မင်းချီ ဒဏ်ရာရထားတယ်လို့ ကြားရလို့ပါ၊ အဲ့ဒါကြောင့် ကျွန်မ ကိုယ်တိုင်လုပ်ထားတဲ့ မုန့်လေးတွေကို အမတ်မင်းချီကို ပေးချင်လို့ လာခဲ့တာပါ”
သူမသည် ချစ်မြတ်နိုးမှုနှင့် ရှက်ရွံ့မှုများ ပြည့်နှက်နေသော အကြည့်ဖြင့်
“မနေ့က အဖေ နန်းတွင်းက ပြန်လာတော့ အမတ်မင်းချီရဲ့ လက်မှာ ပတ်တီးစည်းထားတာ မြင်ခဲ့ရတယ်၊ ဒဏ်ရာရထားပုံရတယ်လို့ ပြောပြပါတယ်။ ကျွန်မက ဆေးပညာ မတတ်တော့ စိုးရိမ်ပေမဲ့ ဘာမှ မကူညီနိုင်ဘူးလေ။ အဲ့ဒါကြောင့် သွေးအားကောင်းစေတဲ့ မုန့်တချို့ကို တစ်ညလုံး အားစိုက်ပြီး လုပ်ခဲ့ရတာပါ...”
သူမသည် ပြောရင်းပြောရင်းနှင့် အသံမှာ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားရ၏။
ကျစ်ကွေက ရှေ့သို့ လှမ်းကာ အစေခံမလေး၏ လက်ထဲမှ မုန့်သေတ္တာကို ယူလိုက်ပေသည်။
“သခင်ကြီးကိုယ်စား သခင်မလေးကို ဒီအစေခံမလေးက ကျေးဇူးတင်ပါတယ်”
ချန်ကျင့်ယင်းကမူ ဇွတ်အတင်း ဆို၏။
“ဒါပေမဲ့ အဲ့ဒါကို သူ့ရဲ့ အခန်းထဲမှာ ထားချင်တာ! သူ ပြန်လာတာနဲ့ ကျွန်မ လာခဲ့တယ်ဆိုတာကို သိစေချင်လို့ပါ!”
သူမသည် စိတ်လှုပ်ရှားနေဟန် ရှိပြီး သူမ၏ ဦးခေါင်းပေါ်ရှိ တန်ဖိုးကြီး အဆင်တန်ဆာများမှာလည်း လှုပ်ရှားမှုနှင့်အတူ ယိမ်းနွဲ့နေပေသည်။
“အဲ့ဒါက...” ကျစ်ကွေမှာ ဆုံးဖြတ်ချက် မချဝံ့သဖြင့် ရှသျှင်အား အားနာစွာ ကြည့်လျက် “သခင်လေး၊ ဘယ်လို ထင်ပါသလဲ?” မေးလိုက်၏။
ချန်ကျင့်ယင်းသည်လည်း ရှသျှင်၏ ဘက်သို့ လှည့်ကြည့်လာပေသည်။
ရှသျှင်က အေးစက်စွာဖြင့် “ငါ ဘာထင်ရမှာလဲ? ဒါက ငါနဲ့ ဘာဆိုင်လို့လဲ?” ဆိုလိုက်၏။
ကျစ်ကွေမှာ သက်ပြင်းချနိုင်သွားရပေသည်။
“သခင်လေးက စိတ်မရှိဘူးဆိုရင်တော့ ဒီအစေခံမလေး မုန့်သေတ္တာကို အထဲမှာ သွားထားလိုက်ပါ့မယ်”
ချန်ကျင့်ယင်းမှာ ပြုံးပျော်သွား၏။ သူမသည် ရှသျှင်အား ကြည့်ကာ ခဏတာ စဉ်းစားပြီးနောက် ရဲတင်းစွာ ဆိုလိုက်ပေသည်။
“သခင်လေး စိတ်မရှိဘူးဆိုရင် ကျွန်မအတွက် မြည်းစမ်းပေးပါဦးလား။ သခင်လေးက အမတ်မင်းချီရဲ့ ဆွေမျိုးဆိုတော့ အကြိုက်ချင်း တူနိုင်တာပဲလေ။ သခင်လေးက ကောင်းတယ်လို့ ထင်ရင် အမတ်မင်းချီလည်း ကြိုက်မှာပါ”
သူမသည် ပါးပြင်လေးများ နီမြန်းလျက် နှုတ်ခမ်းကို ကိုက်ကာ
“တကယ်လို့ မမြိန်ဘူးလို့ ထင်ရင် ကျွန်မ အခုပဲ ပြန်သွားပြီး အသစ် ပြန်လုပ်ပါ့မယ်” ဆို၏။
သူမမှာ မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့အား တည့်တည့် စိုက်ကြည့်နေသဖြင့် ရှသျှင်မှာ မငြင်းသာတော့ဘဲ “မင်း သဘောပဲလေ” ဟုသာ ဆိုလိုက်ရတော့သည်။
ချန်ကျင့်ယင်းမှာ အတိုင်းမသိ ဝမ်းသာသွားရ၏။ သူမသည် ကျစ်ကွေ၏ လက်ထဲမှ သေတ္တာကို ဆွဲယူကာ အဖုံးကို ဖွင့်လျက် မုန့်တစ်ခုကို ယူပြီး ရှသျှင်အား ကမ်းပေးလိုက်ပေသည်။
ရှသျှင်သည် မတတ်သာဘဲ ယူလိုက်ရ၏။
မုန့်တစ်ခုချင်းစီပေါ်တွင် မက်မွန်ပန်းပုံလေးများ ရိုက်နှိပ်ထားပေသည်။ မုန့်သားမှာ ကြွပ်ရွနေပြီး အထဲမှ အနှစ်မှာမူ ပါးစပ်ထဲတွင် အရည်ပျော်သွားမတတ် နူးညံ့လှပေသည်။
ချန်ကျင့်ယင်းသည် သူ၏ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်စားနေ၏။
“ဘယ်လိုလဲ? အမတ်မင်းချီကော ဒါကို ကြိုက်ပါ့မလား?”
ရှသျှင်က “အင်း” ဟုသာ တိုးတိုးလေး ဆိုလိုက်ပေသည်။
သူမသည် တောက်ပစွာ ပြုံးလိုက်၏။
“တော်သေးတာပေါ့! အခုမှပဲ စိတ်အေးလက်အေး အိမ်ပြန်နိုင်တော့မယ်! အမတ်မင်းချီ ပြန်လာရင် ကျွန်မ လာသွားတယ်လို့ သေချာပေါက် ပြောပေးရမယ်နော်!”
ကျစ်ကွေသည် သူမအား အိမ်တော်တံခါးဝအထိ ပို့ဆောင်ပေးကာ မြင်းရထားပေါ်သို့ တင်ပေးခဲ့၏။ သူမမှာ မြင်းရထားပေါ်မှနေ၍ ဤမုန့်များကို သူမကိုယ်တိုင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း အမတ်မင်းချီကို ပြောပြရန် ထပ်ခါတလဲလဲ မှာကြားနေပေသည်။
သူမ ထွက်သွားသည်နှင့် လူအုပ်ကြီး တစ်ခုလုံး လိုက်ပါသွားသကဲ့သို့ အိမ်တော်အတွင်းမှာ ပြန်လည် တိတ်ဆိတ်သွားရလေသည်။ ဝင်းအတွင်းရှိ သစ်ပင်ကြီးများပေါ်တွင် ငြိမ်သက်နေသော ငှက်ကလေးများမှာလည်း တစ်ကောင်ပြီးတစ်ကောင် သီချင်းဆိုလာကြပေသည်။
ကျစ်ကွေသည် မုန့်သေတ္တာကို သိမ်းဆည်းရန် ထွက်သွား၏။
ရှသျှင်သည် ကုလားထိုင်ကို မှီလျက် ရေကန်ကိုသာ ငေးကြည့်နေမိပြန်သည်။ သူသည် အိမ်တွင်းအကျဉ်းသား တစ်ဦး၏ တာဝန်ကို ဝတ္တရားကျေစွာ ထမ်းဆောင်နေခြင်း ဖြစ်ပေသည်။
မွန်းတည့်စာ စားပြီးနောက်တွင်မူ သူသည် အိပ်ငိုက်လာသဖြင့် ခုတင်ပေါ်၌ လှဲလျက် အိပ်ပျော်သွားရလေသည်။
တစ်စုံတစ်ဦး အခန်းထဲသို့ ဝင်လာကာ ခုတင်ရှေ့ရှိ ခြင်ထောင်လိုက်ကာကို ချပေးလိုက်၏။ သူသည် လှုပ်ရှားမှုကို ခံစားမိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ထိုသူမှာ ကျစ်ကွေ မဟုတ်ဘဲ တစ်ခါမျှ မမြင်ဖူးသည့် တခြားသော အစေခံမလေး တစ်ဦး ဖြစ်နေပေသည်။
သူ နိုးလာသည်ကို မြင်သောအခါ ထိုအစေခံမလေးမှာ ဦးညွှတ်လိုက်၏။
“သခင်လေး၊ သခင်ကြီးရဲ့ အမိန့်အရ ဒီအစေခံမလေးက သခင်လေးကို နောင်မှာ ပြုစုပါ့မယ်”
ရှသျှင်မှာ ထိုအချက်ကို ဂရုမစိုက်ဘဲ “ကျစ်ကွေကော ဘယ်မှာလဲ?” ဟုသာ မေးလိုက်ပေသည်။
အစေခံမလေးမှာ ထိတ်လန့်သွားကာ တုံ့ဆိုင်းစွာဖြင့်
“အမတ်မင်းချီ ပြန်ရောက်တာ မကြာသေးပါဘူး၊ ကျစ်ကွေကတော့... တခြားကိစ္စတွေ လုပ်စရာ ရှိလို့ပါ” ဆို၏။
ရှသျှင်သည် သူမအား ဒုတိယအကြိမ် ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ နီမြန်းနေပြီး မျက်ရည်များ ပြည့်နေသည်ကို မြင်တွေ့လိုက်ရပေသည်။
“မင်း ဘာလို့ ငိုနေတာလဲ?”
သူမ၏ လက်များ တုန်ယင်သွားကာ ခြင်ထောင်လိုက်ကာမှာ ပြန်ကျသွား၏။
“မဟုတ်... မဟုတ်ပါဘူး! ဒီအစေခံမလေးရဲ့ မျက်စိထဲကို သဲဝင်သွားလို့ပါ!”
ရှသျှင်က မေးလိုက်၏။ “ကျစ်ကွေ တစ်ခုခု ဖြစ်လို့လား?”
အစေခံမလေးမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်နေပြီးမှ ခေါင်းကို အသာအယာ ခါပြပေသည်။
ရှသျှင်က အေးစက်စွာ ဆို၏။
“မင်း ငါ့ကို မပြောပြချင်ရင်လည်း ငါ့ရှေ့မှာ ဒီလိုပုံစံမျိုး မပြသင့်ဘူး”
သူမသည် ဒူးထောက်လိုက်ကာ တုန်ရီသောအသံဖြင့်
“သခင်လေး၊ ခွင့်လွှတ်ပါ! အမှန်အတိုင်း ပြောရရင်တော့ ဟုတ်ပါတယ်၊ သခင်ကြီး ပြန်လာတဲ့အချိန်မှာ... သခင်မလေးချန် ဒီကို လာပြီး သခင်လေးနဲ့ တွေ့ခဲ့တာကို သူ သိသွားပါတယ်။ သူက ကျစ်ကွေကို အမိန့်မနာခံဘူးဆိုပြီး အပြစ်တင်ကာ အိမ်တော်ကနေ နှင်ထုတ်ဖို့ လုပ်နေပါတယ်။ ဒီအစေခံမလေးနဲ့ ကျစ်ကွေက ရွာတူတွေမို့ စိတ်မကောင်းဖြစ်မိလို့ပါ... တမင်လုပ်တာ မဟုတ်ပါဘူး!”
ရှသျှင်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာပေသည်။
သူ၏ အရင်က အစေခံမလေး ‘ရှောက်ဘို’ ပင် ဖြစ်၏။
ရှသျှင်မှာ မယားငယ်၏ သားဖြစ်သဖြင့် မိသားစုအတွင်း အဆင့်အတန်း နိမ့်ကျကာ အမြဲ အနိုင်ကျင့်ခံခဲ့ရပေသည်။
ရှောက်ဘိုမှာ သူနှင့်အတူ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး သူ့ထက် တစ်နှစ်ငယ်၏။ ငယ်စဉ်ကတည်းက သူတို့နှစ်ဦးမှာ အတူတကွ အရိုက်ခံခဲ့ရဖူးပေသည်။
ရှမိသားစု ကျဆုံးသွားပြီးနောက် အစေခံအားလုံး လူစုကွဲသွားကြရာ သူမ အသက်ရှင်နေသေးသလား၊ သေဆုံးသွားပြီလား ဆိုသည်ကို ရှသျှင် မသိရတော့ချေ။
ယခု ကျစ်ကွေကို ကြည့်ရသည်မှာ ထိုစဉ်က ရှောက်ဘို၏ အသက်အရွယ်နှင့် ခပ်ဆင်ဆင် တူနေပေသည်……။
ရှသျှင်သည် သက်ပြင်းချကာ ထထိုင်လိုက်၏။ “ကျစ်ကွေ အခု ဘယ်မှာလဲ?”
အစေခံမလေးက ဒူးထောက်လျက်
“သခင်လေး၊ ကျေးဇူးပြုပြီး သူမအတွက် သွားပြီး အသနားမခံပေးပါနဲ့! ဒီအကြောင်းကို ကျွန်မ ပြောပြတယ်ဆိုတာ သခင်ကြီး သိသွားရင် ကျွန်မကိုလည်း ခွင့်လွှတ်မှာ မဟုတ်ပါဘူး! ကျွန်မကိုပါ အိမ်တော်က နှင်ထုတ်ပါလိမ့်မယ်!”
ရှသျှင်သည် စားပွဲဆီသို့ လျှောက်သွားကာ လက်ဖက်ရည်ခွက်ကို ယူလျက် မြေပြင်ပေါ်သို့ ဆောင့်ချခွဲပစ်လိုက်၏။
သူမက “သခင်လေး!” လန့်အော်လိုက်ပေသည်။
အပြင်ဘက်ရှိ အစေခံက ထိုဆူညံသံကို ကြားသည်နှင့် အပြေးဝင်လာရာ မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အစအနများကို မြင်ပြီး အစေခံမလေးအား ချက်ချင်း ကြိမ်းမောင်းလေတော့သည်။
“မင်းက ဘယ်လိုတောင် အူကြောင်ကြောင် နိုင်ရတာလဲ?! ဒီခွက်တွေက မင်း ခွဲဖို့ ထားတာလား??”
ရှသျှင်က စိတ်ဆိုးဟန် ဆောင်ကာ
“ဒါက ဘာလက်ဖက်ရည်လဲ? သောက်ရတာ အလွန်ဆိုးတယ်၊ ကျစ်ကွေကို လာခိုင်းပြီး ငါ့အတွက် လက်ဖက်ရည် ပြန်ဖျော်ခိုင်းစမ်း!”
အစေခံမှာ တုံ့ဆိုင်းလျက် “အဲ့ဒါက... သခင်လေး... ကျစ်ကွေက...”
ရှသျှင်က အေးစက်စွာ မေးလိုက်၏။ “မင်း ငါ့အမိန့်ကို လျစ်လျူရှုတာလား?”
အစေခံသည် သွားကို ကြိတ်ကာ အခြေအနေအရ ဆိုလိုက်ရပေသည်။
“ကျွန်တော် ဘယ်လိုလုပ် ဝံ့ပါ့မလဲ! ဒါပေမဲ့... ကျစ်ကွေဟာ သခင်လေးကို ကောင်းကောင်း မပြုစုနိုင်လို့ သခင်ကြီးရဲ့ အပြစ်ပေးခြင်းကို ခံထားရပါတယ်၊ အခု သခင်ကြီးရဲ့ စာကြည့်ခန်းအပြင်ဘက်မှာ ဒူးထောက်နေရပါတယ်။ ကျွန်တော်... တခြားတစ်ယောက်ကို သခင်လေးအတွက် လဲပေးပါ့မယ်”
ရှသျှင်သည် မြေပြင်ပေါ်ရှိ လက်ဖက်ရည်ခွက် အစအနများကို ကျော်ဖြတ်ကာ တံခါးပြင်သို့ ထွက်ခွာလျက် ချီယန်၏ စာကြည့်ခန်းဆီသို့ လျှောက်လှမ်းသွားလေတော့သည်။