အခန်း (၇)
* * *
ရှသျှင်သည် မုန့်များကို အကုန်စားကာ လက်ဖက်ရည်ကိုလည်း သောက်လောင်းလိုက်သော်လည်း ချီယန်မှာ နိုးလာခြင်း မရှိသေးချေ။
သူသည် ပျင်းရိနွမ်းနယ်လှသဖြင့် ကုလားထိုင်ပေါ်၌သာ ငေးမောထိုင်နေမိပေသည်။
မွန်းလွဲပိုင်းအချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ညနေဆည်းဆာသို့ ရောက်သောအခါ ကောင်းကင်ယံမှာ မှောင်ရီပျိုးစပြုလာပြီ ဖြစ်သော်လည်း ချီယန်မှာ မျက်လုံးဖွင့်မည့် အရိပ်အယောင်မျှ မရှိသေးပေ။
ရှသျှင်သည် လက်ဖြင့် ခေါင်းကို ထောက်ထားရင်း မသိစိတ်ဖြင့် ငိုက်မြည်းသွားရတော့သည်။
မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ၊ ဝေဝေဝါးဝါး အခြေအနေတွင် တစ်စုံတစ်ဦးက သူ၏အမည်ကို ခေါ်ဆိုနေသံကို ရုတ်တရက် ကြားလိုက်ရ၏။
“ရှသျှင်!”
ထိုအသံမှာ အလွန်တရာ တောင့်တမှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေပေသည်။
သူသည် လန့်နိုးသွားကာ လက်များ တုန်ယင်သွားပြီး မေးစေ့မှာ စားပွဲနှင့်ပင် တိုက်မိမတတ် ဖြစ်သွားရ၏။
သူသည် ကြောင်တောင်တောင်ဖြင့် ခေါင်းထောင်ကာ အသံလာရာသို့ လှည့်ကြည့်လိုက်ပေသည်။
မှိန်ပျပျ ဖယောင်းတိုင်မီးရောင်အောက်တွင် ချီယန်၏ မျက်နှာကို မြင်တွေ့လိုက်ရ၏။
ချီယန်မှာ အိပ်မက်ဆိုးမှ လန့်နိုးလာသည့်အလား ခုတင်ပေါ်တွင် ထိုင်နေပြီး သူ၏ ကျီးကန်းတောင်ပံပမာ နက်မှောင်သော ဆံနွယ်များမှာ ပြန့်ကျဲနေပေသည်။ သူ၏ နဖူးပေါ်တွင် အေးစက်သော ချွေးစများ စိုရွှဲနေကာ ရင်ဘတ်မှာလည်း အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
သူသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လျက် ရှေ့သို့ စိုက်ကြည့်နေပြီး မျက်နှာမှာ ထိတ်လန့်မှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေပေသည်။
ရှသျှင်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ လွှမ်းမိုးသွားကာ ငေးကြည့်လျက် ခေါင်းကို အထပ်ထပ် ခါယမ်းနေမိ၏။
“ရှသျှင်... မင်းက ဘယ်လိုလုပ်... မဟုတ်ဘူး၊ ငါ... ငါ အိပ်မက် ပြန်မက်နေတာလား?”
ရှသျှင်က အေးစက်စွာ ထရပ်လိုက်ပြီး
“မင်း နိုးလာပြီဆိုတော့ ငါ သွားလို့ ရပြီ” ဆိုလိုက်ပေသည်။
ချီယန်က သူ့အား လှမ်းခေါ်၏။
“ရှသျှင်? ရှသျှင်! နေဦး”
သူကမူ ဂရုမစိုက်ဘဲ ထွက်သွားရန် ပြင်ပေသည်။ ချီယန်သည် သူ့အား တားဆီးရန် ခုတင်ပေါ်မှ ဆင်းလိုက်သော်လည်း ခြေထောက်များမှာ အားမရှိသဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားရ၏။
မိမိကိုယ်မိမိ အရှက်ရနေသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ သူသည် အစွမ်းကုန် အားထုတ်ကာ ရှသျှင်အား တားဆီးနေပေသည်။
“ရှသျှင်! မသွားပါနဲ့!”
ဤသည်မှာ သနားစရာကောင်းအောင် ဟန်ဆောင်သည့် အကွက်တစ်ခုသာ ဖြစ်ရမည်ရှသျှင်က တွေးမိ၏။
သူသည် နောက်သို့ လှည့်မကြည့်ဘဲ ရပ်တန့်လိုက်ကာ အေးစက်စွာ မေးလိုက်ပေသည်။
“ဘာကိစ္စလဲ?”
ချီယန်သည် စားပွဲကို အမှီပြုကာ ခက်ခဲစွာ ထရပ်လိုက်ပြီး အမောတကောဖြင့်
“မသွားပါနဲ့ဦး၊ မင်း... ခဏလောက် ထပ်နေပေးပါ၊ အနည်းဆုံးတော့ ငါ အိပ်မက် မက်နေတာ မဟုတ်ဘူးလို့ ခံစားရအောင်လို့ပါ...”
ရှသျှင်က အေးစက်စွာ ဆို၏။
“ဒါ အိပ်မက် မဟုတ်ဘူး။ မင်း ငါ့အကြောင်းကို အိပ်မက်မက်မှာ မဟုတ်သလို ငါကလည်း မင်းရဲ့ အိပ်မက်ထဲကို ဝင်ဖို့ အစီအစဉ် မရှိဘူး”
ချီယန်မှာ အလွန်တရာ တုန်လှုပ်သွားဟန်ဖြင့် သူ၏ မျက်နှာကြွက်သားများမှာ သိမ့်သိမ့်တုန်သွားရပေသည်။
“ဟုတ်ပါရဲ့...” သူသည် မျက်လွှာချကာ မိမိကိုယ်မိမိ လှောင်ပြောင်သလို ရယ်လိုက်ရင်း “ငါက မင်းရဲ့ နာမည်ကို ခေါ်ပြီး အမြဲ နိုးလာတတ်ပေမဲ့ မင်းအကြောင်းကိုတော့ တစ်ခါမှ အိပ်မက် မမက်ဖူးဘူး၊ တစ်ခုကလွဲလို့ပေါ့”
ရှသျှင်၏ ရင်ထဲတွင် အမည်မသိ ဒေါသတစ်ခု ထွက်ပေါ်လာကာ
“မင်း ဘာပြောချင်တာလဲ?!” အော်ဟစ်လိုက်၏။
ချီယန်သည် ခေါင်းမော့ကာ ရှသျှင်၏ ကျောပြင်ကို ငေးကြည့်လျက်
“ငါ့မှာ အားမရှိတော့ဘူး၊ ကျေးဇူးပြုပြီး ရှေ့ကို လှည့်ပေးပါ၊ ဒီလိုမျိုး စကားပြောရတာ အားအင် သုံးရလွန်းလို့ပါ” တောင်းဆိုပေသည်။
ရှသျှင်သည် မတတ်သာဘဲ သူ့ဘက်သို့ တစ်စောင်း လှည့်ပေးလိုက်၏။
“ပြောစရာ ရှိတာကို မြန်မြန်ပြော!”
ချီယန်သည် အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပေသည်။ သူသည် မျက်လုံးများကို မှိတ်လျက် တိုးညင်းစွာ မေးလိုက်၏။
“မင်း လက်ဖက်ရည် ကြိုက်လား?”
ရှသျှင်က စိတ်မရှည်စွာဖြင့်
“တကယ်ကို ထူးဆန်းတဲ့ မေးခွန်းပဲ၊ ငါ ကြိုက်တာ မကြိုက်တာက အရေးကြီးလို့လား?”
ချီယန်က တည်ငြိမ်စွာ ဆိုပေသည်။
“အရင်တုန်းက မင်း လက်ဖက်ရည် သောက်ရတာ မကြိုက်ဘူးဆိုတာ ငါ မှတ်မိနေတယ်။ လက်ဖက်ရည်က ခါးတယ်လို့ မင်း အမြဲ ထင်ခဲ့တာလေ။ ငါ ဘယ်လောက်ပဲ တိုက်တွန်းပါစေ မင်းကတော့ အများကြီး မသောက်ဘူး။ လက်ဖက်ရည်ရဲ့ အရသာကို ခံစားတတ်ဖို့ မင်းက အသက် မပြည့်သေးဘူးလို့တောင် ပြောခဲ့ဖူးတယ်”
ရှသျှင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
“လင်နန်ရဲ့ ရာသီဥတုက ပူအိုက်စိုစွတ်တော့ ရေများများ သောက်ရတယ်။ အဲ့ဒီက ဒေသခံတွေက လက်ဖက်ရည် သောက်ရတာ ကြိုက်ကြတော့ ငါလည်း သောက်တတ်သွားတာပေါ့။ ဒါကို မင်းက ဘာလို့”
ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ ချီယန် ဘာကြောင့် ဤသို့ မေးသည်ကို သူ နားလည်သွားရပေသည်။
သူသည် စကားစရပ်ကာ ချီယန်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိ၏။
“ခုနက ငါ အိပ်ပျော်နေတုန်းက မင်း နိုးနေခဲ့တာလား?”
ချီယန်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး အနည်းငယ် အံ့ဩသွားဟန် ရှိသော်လည်း နောက်မှ သဘောကျသလို ပြုံးလိုက်ပေသည်။
“မင်း တကယ်ပဲ ကြီးပြင်းလာပြီပဲ၊ အရင်လို နုနယ်တဲ့ ကလေး မဟုတ်တော့ဘူး”
ရှသျှင်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားကာ သွားကို ကြိတ်လျက်
“မင်းလည်း မပြောင်းလဲသေးပါဘူး။ အရင်အတိုင်း ကောက်ကျစ်မြဲပဲ” ဆိုလိုက်၏။
ချီယန်မှာ သူ့အား သေချာပေါက် စမ်းသပ်နေခြင်း ဖြစ်ပေသည်။
ဤသည်မှာ သူ ပထမဆုံးအကြိမ် နိုးလာခြင်း မဟုတ်ချေ။ ရှသျှင် စားပွဲတွင် ခေါင်းမှောက်ကာ အိပ်နေစဉ်ကတည်းက သူ နိုးနေခဲ့ခြင်း ဖြစ်ရမည်။
သူသည် ကျစ်ကွေ၏ အပြစ်ပေးခံရမှုကို ရှသျှင်အား မပြောရန် အမိန့်ထုတ်ထားသော်လည်း ရှသျှင် ရောက်လာခဲ့ပေသည်။
ချီယန် နိုးလာပြီးနောက် ရှသျှင်၏ အစေခံအား သေချာပေါက် စစ်မေးခဲ့မည် ဖြစ်၏။
ထိုအစေခံမှာလည်း ရှသျှင်သည် အစေခံမသစ်၏ လက်ဖက်ရည်ကို မကြိုက်သဖြင့် ကျစ်ကွေကိုသာ ခေါ်ခိုင်းကြောင်း၊ မတတ်သာသဖြင့် ကျစ်ကွေ အပြစ်ပေးခံနေရကြောင်း ပြောပြခဲ့ရပေလိမ့်မည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှသျှင်သည် လက်ဖက်ရည် မကြိုက်ခဲ့သည်ကို ချီယန် မှတ်မိနေသဖြင့် ‘လက်ဖက်ရည် မကောင်း၍’ ဟူသော အကြောင်းပြချက်မှာ မယုံကြည်နိုင်စရာ ဖြစ်နေပေသည်။
ရှသျှင်က ကျစ်ကွေအား ခေါ်ခိုင်းခြင်းမှာ သူမ၏ အခြေအနေကို သိရှိလိုသောကြောင့်သာ ဖြစ်ကြောင်း သူ ရိပ်မိသွားခြင်း ဖြစ်၏။
သို့ဆိုလျှင် ကျစ်ကွေ၏ အခြေအနေကို ရှသျှင် သိသွားအောင် မည်သူက သတင်းပေးခဲ့သနည်း ဆိုသည်ကို သိရှိရန် ချီယန်က စမ်းသပ်မေးမြန်းလိုက်ခြင်း ပင် ဖြစ်ပေသည်။
သို့သော် ရှသျှင်ကမူ ထိုအကွက်ကို မရိပ်မိဘဲ ရိုးရိုးသားသား ပြန်ဖြေခဲ့မိ၏။
ရှသျှင်မှာ တုန်လှုပ်သွားကာ သူ၏ သွေးများပင် ခဲသွားသလို ခံစားလိုက်ရပေသည်။
မိမိရှေ့မှ အမျိုးသားမှာ အားနည်းနေပုံ ရသော်လည်း သတိလစ်နေရာမှ အခုမှ နိုးလာသူ ဖြစ်သော်လည်း သူ၏ ဉာဏ်ပညာမှာမူ အလွန်တရာ ထက်မြက်လှသေးကြောင်း သူ သဘောပေါက်လိုက်၏။
သူသည် ပေါ့ပေါ့ပါးပါး မေးနေသယောင် ရှိသော်လည်း မေးခွန်းတိုင်း၏ နောက်ကွယ်တွင် တွက်ချက်မှုများစွာ ဖုံးကွယ်နေပေသည်။
သူ မပြောင်းလဲသေးပေ၊ သူသည် ပရိယာယ်များလှသော ချီယန်ပင် ဖြစ်၏။
ရှသျှင်၏ ကလေးကလား တွက်ချက်မှုလေးများမှာ သူ၏ရှေ့တွင် ကစားစရာမျှသာ ဖြစ်ပေသည်။
ရှသျှင်သည် အေးစက်စွာ ပြုံးလျက် အမှန်တရားအားလုံးကို ပြောပြလိုက်၏။
“မင်း ခန့်မှန်းထားတဲ့အတိုင်းပဲ၊ မင်း အသစ်ခန့်လိုက်တဲ့ အစေခံမလေးက ကျစ်ကွေနဲ့ ရွာတူတွေပဲ။ ကျစ်ကွေက မင်း နှင်ထုတ်တာ ခံရတော့မှာဆိုတော့ ဝမ်းနည်းနေတာကို ငါ့ရှေ့မှာ မဖုံးနိုင်ခဲ့ဘူး။ ငါ မေးကြည့်မှ အမှန်ကို သိခဲ့ရတာ။ သူမကို ဒုက္ခမရောက်စေချင်လို့ ငါက အကြောင်းပြချက်တစ်ခု တမင် လုပ်ကြံပြောခဲ့တာပဲ။
ငါက မင်းလို မတော်တဲ့အတွက် ပြီးပြည့်စုံတဲ့ အစီအစဉ်မျိုးကို မစဉ်းစားနိုင်ဘူး။ သူမက ငါ့ကို ကျစ်ကွေအကြောင်း ပြောပြခဲ့တာ။ မင်း စိတ်ဆိုးရင် သူတို့ နှစ်ယောက်လုံးကို သတ်ပစ်လိုက်ပါ၊ အဲ့ဒါမှ အားမရသေးရင် ငါ့ကိုပါ သတ်ပစ်လို့ ရတယ်”
ချီယန်က ချက်ချင်းပင် ရှင်းပြ၏။
“ငါ အဲ့ဒီလို သဘောနဲ့ မဟုတ်ပါဘူး။ အိမ်တော်ထဲက လူတွေက မင်းရှေ့မှာ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောမှာကို စိုးရိမ်လို့ပါ”
သူသည် သက်ပြင်းချကာ ဆက်ပြောပေသည်။ “ကျစ်ကွေကို ငါ ဆက်နေခွင့်ပေးမယ်၊ မင်း သူမအတွက် စိတ်ပူစရာ မလိုတော့ဘူး”
ရှသျှင်က ဖြည်းညင်းစွာ ခေါင်းခါလျက်
“ငါ့မှာ သူမအတွက် စိတ်ပူနေဖို့ အချိန်မရှိဘူး။ ငါက ငါ့ကိုယ်ငါအတွက်ပဲ စိတ်ပူနေတာ။ ငါ ဘယ်တော့မှ မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်း ငါ့ကို သတ်ချင်ရင် ငါက မြေမြှုပ်ဖို့ ကျင်းတောင် ရှိမှာ မဟုတ်ဘူး။ မင်းက တကယ်ကို နက်နဲလွန်းတယ်။ မင်းရဲ့ ဘေးမှာနေရတာ ငါက ကြောက်ရွံ့မှုကိုပဲ ခံစားရတယ်”
သူသည် ခေါင်းခါကာ နောက်သို့ ဆုတ်လိုက်စဉ် သူ၏ နောက်ဘက်၌ စားပွဲနိမ့်တစ်ခု ရှိနေသည်ကို သတိမထားမိချေ။ နောက်တစ်လှမ်း ထပ်ဆုတ်လိုက်ပါက သူသည် မှောက်လျက် လဲကျသွားပေလိမ့်မည်။
ချီယန်မှာ ထိုအချိန်တွင် ဖိနပ်ပင် မပါဘဲ ရှေ့သို့ အပြေးလာကာ သူ၏ လက်ကို ဆွဲဖမ်းလိုက်ပေသည်။
ရှသျှင်မှာ ကြက်သီးမွေးညင်းများပင် ထသွားရ၏။
“မင်း ဘာလုပ်မလို့လဲ?!”
ချီယန်က သူ၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး မလွှတ်ပေးချေ။
“ရှသျှင်၊ ငါ့စကားကို နားထောင်ပါဦး! အရင်တုန်းက ငါ မင်းဆီကို မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ အခုတော့ အခြေအနေတွေ မတူတော့ဘူး! မင်း လိုချင်တာ မှန်သမျှ ငါ ပေးနိုင်ပါတယ်! ငါ ဘာမှ မမျှော်လင့်ရဲပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မကြောက်ပါနဲ့၊ ငါ့ဆီကနေ ပုန်းမနေပါနဲ့၊ ပြီးတော့ ငါ့ကို ဒီလောက်အထိ သူစိမ်းဆန်တဲ့ မျက်လုံးတွေနဲ့ မကြည့်ပါနဲ့!”
သူသည် စိတ်အားထက်သန်စွာဖြင့် သံယောဇဉ်များ ပြည့်နှက်နေသော လေသံဖြင့် ဆိုပေသည်။
ထိုအမူအရာနှင့် ထိုစကားများကို ကြားရသူတိုင်းမှာ သူ့အား ယုံကြည်သွားကြပေလိမ့်မည်။
သို့သော် ဤကမ္ဘာပေါ်တွင် ရှသျှင် တစ်ယောက်တည်းသာ လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ ရှိနေပေသည်။
“မင်း ငါ့ကို ထပ်ပြီး မလှည့်စားနိုင်ပါဘူး။ ငါ ဘယ်လောက်ပဲ မိုက်မဲပါစေ၊ မင်းရဲ့ လှည့်ကွက်ထဲကို ဒုတိယအကြိမ်တော့ အကျခံမှာ မဟုတ်ဘူး!”
သူသည် ချီယန်၏ လက်ကို ခါထုတ်လိုက်ကာ နောက်သို့ လှည့်မကြည့်ဘဲ အပြေးထွက်ခဲ့ပေသည်။
သူသည် အလွန်မြန်မြန် ပြေးထွက်လာသဖြင့် တံခါးဝရှိ ချီဟွေနှင့် တိုက်မိကာ ဆေးဗန်းကို ကိုင်လာသော အစေခံကိုလည်း ဝင်တိုက်မိသွားရ၏။
ဆေးပန်းကန်လုံးမှာ မြေပြင်ပေါ်သို့ ကျကွဲကာ ဆေးရည်များမှာလည်း ပြန့်ကျဲသွားတော့သည်။
ချီယန်က နောက်မှ လှမ်းခေါ်နေသော်လည်း ချီဟွေမှာ သူ့အား တွဲကူနေရသဖြင့် မလိုက်နိုင်ချေ။ အစေခံမှာလည်း မြေပြင်ပေါ်၌ ဒူးထောက်ကာ အစအနများကို အလျင်အမြန် ကောက်နေရပေသည်။
ဆူညံသံများမှာ အလွန်တရာ ကျယ်လောင်လှသဖြင့် အိမ်တော်၏ တစ်နေရာရာမှ ခွေးတစ်ကောင်မှာလည်း ရုတ်တရက် ဟောင်လိုက်ပေသည်။
ရှသျှင်ကမူ အရာအားလုံးကို လျစ်လျူရှုကာ အပြေးထွက်လာခဲ့၏။
ခွေးဟောင်သံမှာ တဖြည်းဖြည်း နီးကပ်လာကာ စင်္ကြံလမ်းထောင့်မှ အညိုရောင် ခေါင်းရှိသော ဖူလင်ခွေးလေး တစ်ကောင် ထွက်လာပြီး ရှသျှင်အား ကြည့်ကာ ဟောင်နေပေသည်။
ရှသျှင်ကမူ လုံးဝ မကြောက်ဘဲ ရှေ့သို့ ဆက်ပြေး၏။
သူ ကျော်သွားသောအခါ ခွေးကလေးမှာ ရုတ်တရက် ဟောင်သံရပ်သွားကာ နှာခေါင်းကို တရှုံ့ရှုံ့ လုပ်နေပေသည်။ တစ်စုံတစ်ခုသော အနံ့ကို ရသွားသည့်အလား ရှိ၏။
ခဏအကြာတွင် ၎င်းသည် မျက်တောင်တခတ်ခတ် လုပ်ကာ ရုတ်တရက် အမြီးကို လှုပ်ယမ်းလိုက်ပြီး ပို၍ ပျော်ရွှင်စွာဖြင့် အမြီးကို ဝှေ့ယမ်းနေတော့သည်။
၎င်းသည် တစ်ကိုယ်လုံးကို ခါယမ်းလျက် ရှသျှင်၏ နောက်သို့ လိုက်လာကာ စိတ်လှုပ်ရှားစွာဖြင့် ရှသျှင်၏ ဒူးပေါ်သို့ ရှေ့ခြေနှစ်ဖက်ဖြင့် ခုန်တက်ပေသည်။
ရှသျှင်မှာ မတတ်သာဘဲ ရပ်တန့်လိုက်ကာ အောက်သို့ ငုံ့ကြည့်လိုက်မိ၏။
၎င်း၏ အမွေးများမှာ ခြောက်ကပ်နေပြီး မုတ်ဆိတ်မွေးများမှာ ဖြူနေပေသည်။ ရှေ့သွားများလည်း မရှိတော့ဘဲ ဟောင်လိုက်သောအခါ သွားကြားတွင် အပေါက်ကြီး ဖြစ်နေပေသည်။ ခြေထောက် လေးဖက်စလုံး၏ အဆစ်များမှာလည်း ဖောင်းကြွနေ၏။ ကြည့်ရသည်မှာ အလွန် အိုမင်းနေသော ခွေးအိုကြီး တစ်ကောင် ဖြစ်ပေသည်။
ရှသျှင် ၎င်းကို သဲသဲကွဲကွဲ မြင်လိုက်ရသောအခါ သူသည် နေရာမှာပင် မှင်တက်သွားပြီး နှလုံးခုန်သံများပင် ရပ်တန့်သွားမတတ် ခံစားလိုက်ရ၏။
သူသည် လှုပ်ပင် မလှုပ်ဝံ့သလို အသက်ရှူရန်ပင် မေ့လျော့နေပေသည်။ သူ၏ အသံမှာ တုန်ရီနေလျက် ထိုခွေးအိုကြီးအား
“...ယွိကျူး... မင်းလား...?” မေးလိုက်မိပေသည်။
သူ ချီယန်နှင့် ဆုံတွေ့စဉ်က ရှသျှင်၏ မိသားစုတွင် ဖူလင်ခွေးတစ်ကောင် ရှိပေသည်။ ထိုခွေးကို သူ၏ ဒုတိယအစ်ကို ဖြစ်သူက သူငယ်ချင်းများကို ကြွားဝါရန် ငွေအမြောက်အမြား ပေး၍ ဝယ်ထားခြင်း ဖြစ်၏။
ထိုခွေးကလေးမှာ အိမ်သို့ ရောက်ရှိလာချိန်တွင် အသက် လအနည်းငယ်သာ ရှိသေးသဖြင့် အထူး ဂရုစိုက်ရန် လိုအပ်ပေသည်။
ခွေးကလေးမှာ အလွန် သံယောဇဉ်ကြီးကာ မိမိသခင်နောက်သို့ တကောက်ကောက် လိုက်နေတတ်ပြီး ရှသျှင်နှင့် တစ်နေ့ကုန် အတူရှိနေတတ်ပေသည်။
ဒုတိယအစ်ကို ရှရှင်းမှာ သူ့ကို အပြင်သို့ ယူသွား၍ အကြိမ်အနည်းငယ် ကြွားဝါပြီးနောက်တွင်မူ ပျင်းသွားကာ ပစ်ထားလေတော့သည်။
သူ၏ ဝင်းအတွင်းရှိ အစေခံများမှာလည်း သူတို့သခင်က မကြိုက်တော့သဖြင့် ခွေးကလေးအား ဂရုမစိုက်ကြတော့ဘဲ အစာပင် မကျွေးကြတော့ချေ။
ခွေးကလေးမှာ ရက်အနည်းငယ်ကြာ အစာငတ်နေခဲ့ပြီး စားစရာ မရှိသဖြင့် ရှသျှင်၏ ဝင်းအတွင်းသို့ ပြေးဝင်လာခဲ့ပေသည်။
အစပိုင်းတွင် ရှသျှင်မှာ သူ့ကို မွေးရန် မဝံ့ရဲချေ။ ရှရှင်းမှာ အလွန် အာဏာပြတတ်ကာ ဒေါသကြီးသူ ဖြစ်၏။ တကယ်လို့ ရှသျှင်က သူ၏ အရာတစ်ခုခုကို ယူထားသည်ကို သိပါက သူသည် သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။
သူသည် မိဘများထံ သွားတိုင်ရုံသာမက ရှသျှင်အား လက်သီးဖြင့် ထိုးကြိတ်ရန်လည်း ဝန်လေးသူ မဟုတ်ပေ။
ရှသျှင်မှာမူ ထိုသို့ ရန်ဖြစ်ရမည်ကို မကြောက်ပေ။
သူသည် တစ်ခါမျှ မနိုင်ခဲ့သော်လည်း အရှုံးကိုလည်း ဘယ်တော့မှ ဝန်မခံခဲ့ချေ။ ရှရှင်း၏ ထိုးကြိတ်မှုကြောင့် နှာခေါင်းသွေးထွက်ကာ မျက်နှာတွင် အညိုအမည်း စွဲနေလျှင်ပင် သူသည် ဘယ်တော့မှ အသနားမခံခဲ့ပေ။
ရှရှင်းသည် ရှသျှင်၏ အကျင့်စရိုက်ကို သိသွားသောအခါ သူ့အား အနိုင်ကျင့်ရသည်မှာ ပျင်းစရာကောင်းသည်ထင်လာသဖြင့် ရှသျှင်ကို မနှောင့်ယှက်တော့ဘဲ ရှသျှင်၏ အစေခံများကိုသာ ဒေါသပုံချလေတော့သည်။
အစေခံများမှာလည်း မခုခံဝံ့သဖြင့် အောင့်အည်း သည်းခံနေကြရ၏။
ရှသျှင်မှာ ဒေါသထွက်သော်လည်း ဘာမှ မတတ်နိုင်ချေ။ မိဘများအား ပြောပြလျှင်လည်း အပိုသာ ဖြစ်ပေလိမ့်မည်။
ရှသျှင်၏ မိခင်မှာ သူ၏ မိခင်အရင်း မဟုတ်ပေ။ သူ၏ မိခင်အရင်းမှာ မူလအစကို မသိရသော သီချင်းသမလေး တစ်ဦး ဖြစ်ပြီး သူ့အား မွေးဖွားပြီး မကြာမီမှာပင် ကွယ်လွန်ခဲ့ခြင်း ဖြစ်၏။
သူ၏ ဖခင် ရှဟုန်ရှီးမှာလည်း သူမအပေါ် သံယောဇဉ် လုံးဝ မရှိခဲ့ချေ။ သူမ၏ နိမ့်ကျသော မျိုးရိုးကြောင့် သူမကို ရွံရှာခဲ့သလို ရှသျှင်ကိုလည်း မချစ်ခဲ့ပေ။
ညီအစ်ကိုနှစ်ဦးကြား မည်သည့် ပြဿနာပင် ဖြစ်ပါစေ ရှဟုန်ရှီးသည် ရှရှင်း၏ ဘက်မှသာ အမြဲ ရပ်တည်ပေးလေ့ရှိပေသည်။
မိမိ၏ အစေခံများ ဘေးကင်းစေရန်အတွက် ရှသျှင်သည် ဒေါသကို မျိုသိပ်ကာ ရှရှင်းနှင့် ထိပ်တိုက် မတွေ့မိစေရန် ကြိုးစားနေထိုင်ခဲ့ရပေသည်။
ထိုခွေးကလေးမှာ ရှရှင်း၏ ခွေးဖြစ်ကြောင်း သိလိုက်ရသည်နှင့် သူသည် ရှောက်ဘိုအား ၎င်းကို ပြန်ပို့ခိုင်းလိုက်၏။
ရှောက်ဘိုမှာမူ မရက်စက်နိုင်ခဲ့ချေ။
သူမသည် ပိန်လှီနေသော ခွေးကလေးကို ရင်ခွင်ထဲတွင် ထည့်ထားကာ ၎င်း၏ ကိုယ်ပေါ်ရှိ အညစ်အကြေးများကိုပင် ဂရုမစိုက်ပေ။
သူမသည် ရှသျှင် ပေးထားသော အဝတ်အစားသစ်ကို ဝတ်ထားခြင်း ဖြစ်၏။ ခွေးကလေး၏ ခြေရာများမှာ သူမ၏ အင်္ကျီပေါ်တွင် ထင်ကျန်နေသော်လည်း သူမသည် ဂရုမစိုက်ခဲ့ချေ။
သူမသည် ခွေးကလေး၏ ရင်ဘတ်မှ အမွေးများကို ဖယ်ပြကာ ပေါ်ထွက်နေသော နံရိုးများကို ရှသျှင်အား ပြလိုက်ပေသည်။
“သခင်လေး၊ ကြည့်ပါဦး! သူက တအား ပိန်နေပြီ၊ ကျွန်မတို့သာ သူ့ကို မကျွေးရင် သူ ငတ်ပြီး သေသွားပါလိမ့်မယ်!”
ရှသျှင်သည်လည်း စိတ်မကောင်း ဖြစ်ရပေသည်။
“ငါက မမွေးချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက ဒုတိယအစ်ကိုရဲ့ ခွေးလေ! သူက ငါ့ကို ဘယ်လိုလုပ် ပေးချင်မှာလဲ? နောက်ပြီး ငါက သူ့ဆီမှာ သွားတောင်းရင် သူက စိတ်တိုပြီး မင်းကို ထပ်ရိုက်ဦးမှာပေါ့!”
ရှောက်ဘိုက တောင်းပန်၏။
“ဒီအစေခံမလေးက တောင်းဆိုပါရစေ! သူ ကျွန်မကို တစ်ခါလောက် ရိုက်တာက ကိစ္စမရှိပါဘူး၊ ကျွန်မကလည်း အရိုက်ခံနေကျပဲဟာ!”
ခွေးကလေးမှာ သူမ၏ ရင်ခွင်ထဲတွင် ခေါင်းပင် မထောင်နိုင်လောက်အောင် အားနည်းနေသော်လည်း သူမ၏ လက်ကို လျက်ကာ အမြီးကို အားမရှိစွာ လှုပ်ပြနေပေသည်။
ရှသျှင်မှာ သူမအား မငြင်းသာတော့ချေ။
“နေတော့၊ ငါ အစ်ကိုကြီးဆီမှာ သွားပြောပေးမယ်!”
သူ၏ အစ်ကိုကြီး ရှဝမ်မှာ ရှဟုန်ရှီး၏ ပထမဇနီးမှ မွေးဖွားသူ ဖြစ်၏။ ဒုတိယအစ်ကိုနှင့် မတူဘဲ သူသည် ပို၍ တည်ငြိမ်ကာ တရားမျှတသူ ဖြစ်ပေသည်။
သူသည်လည်း ရှသျှင်ကို အရေးမလုပ်သော်လည်း အကြောင်းမဲ့ မနှောင့်ယှက်သလို မတရား အနိုင်ကျင့်ခြင်းလည်း မရှိချေ။
တကယ်လို့ သူက ခွင့်ပြုပေးမည်ဆိုပါက ဒုတိယအစ်ကိုမှာလည်း ဘာမှ ပြောနိုင်တော့မည် မဟုတ်ပေ။
ရှသျှင်သည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ကာ အစ်ကိုကြီး၏ ဝင်းအတွင်းသို့ သွားခဲ့၏။
အိမ်တော်အတွင်းရှိ မည်သူကမျှ သူ့အား မတွေ့ချင်ကြသဖြင့် သူသည် မိမိ၏ ဝင်းအတွင်းမှ ထွက်လေ့မရှိပေ။
ဤသည်မှာ သူ အစ်ကိုကြီးထံသို့ ပထမဆုံးအကြိမ် ကိုယ်တိုင် သွားရောက်ခြင်း ဖြစ်ပေသည်။
ရှဝမ်သည် သူ့အား အေးစက်စွာ လက်ခံတွေ့ဆုံခဲ့၏။
ရှသျှင်က အကြောင်းစုံကို ရှင်းပြသောအခါ သူသည် အလွယ်တကူပင် သဘောတူခဲ့ပေသည်။
ရှသျှင်က ဒုတိယအစ်ကို စိတ်ရှိမည်ကို စိုးရိမ်သဖြင့် ထပ်မေးရာ ရှဝမ်က ရှရှင်းမှာ ထိုခွေးကို မလိုချင်တော့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ရှသျှင်က လာမတောင်းလျှင်ပင် အစေခံများကို နှင်ထုတ်ခိုင်းတော့မည် ဖြစ်ကြောင်း ပြောပြပေသည်။
ရှသျှင်သည် သူ့အား အထပ်ထပ် ကျေးဇူးတင်ကာ ရှောက်ဘိုအား သတင်းကောင်း ပြောရန် အပြေးပြန်လာခဲ့၏။
ရှောက်ဘိုမှာ ဝမ်းသာအားရ ခုန်ပေါက်ကာ ခွေးကလေးအတွက် စားစရာများစွာ ရှာပေးတော့သည်။ ၎င်းသည် ဗိုက်လေး ပူလာသည်အထိ အားပါးတရ စားလေတော့သည်။
ခွေးကလေး၏ တစ်ကိုယ်လုံးမှာ နှင်းပမာ ဖြူဖွေးနေသဖြင့် ရှသျှင်က ၎င်းကို ‘ယွိကျူး’ အမည်ပေးခဲ့ပေသည်။
ရှမိသားစု ကျဆုံးသောနေ့တွင် သူ၏ ဒုတိယအစ်ကို ရှရှင်းမှာ သေဆုံးပြီး ဖြစ်ပေသည်။
သူ၏ မိခင်မှာ ဧကရာဇ်မင်း၏ အမိန့်အရ ပိုးအဖြူစဖြင့် လည်ပင်းကြိုးချ သတ်သေခဲ့ရကာ သူမ၏ ရုပ်အလောင်းမှာ ဆောင်မကြီး၏ ထုတ်တန်းပေါ်တွင် တွဲလောင်းကျနေခဲ့၏။ သူ၏ ဖခင်မှာမူ ချီယန်၏ လက်ချက်ဖြင့် ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရကာ ဦးခေါင်းမှာ ရှသျှင်၏ ခြေရင်းသို့ လိမ့်ကျလာခဲ့ပေသည်။
ထိုညမှာပင် သူနှင့် ရှဝမ်တို့မှာ ထောင်ထဲသို့ ရောက်သွားခဲ့ကြရ၏။
ထိုအချိန်မှစ၍ သူသည် ယွိကျူးကို ထပ်မမြင်ရတော့ချေ။
သူ့ခွေးလေးအတွက် သူ တွေးပေးနိုင်သမျှ အကောင်းဆုံး အဆုံးသတ်မှာ တစ်စုံတစ်ဦး၏ အဆိပ်ခတ်ခြင်း ခံရကာ သေဆုံးသွားခြင်းပင် ဖြစ်ပေသည်။ အစာငတ်ကာ သေရခြင်းထက်စာလျှင် ပိုကောင်းသည်သူ တွေးခဲ့ဖူး၏။
လင်နန်၌ နေထိုင်ရသော ပထမဆုံး နှစ်အနည်းငယ်တွင် ရှသျှင်မှာ အလွန် အလုပ်များလှသဖြင့် နေ့ခင်းဘက်တွင် ယွိကျူးအကြောင်း မစဉ်းစားမိချေ။
သို့သော် ညဘက် ခုတင်ပေါ်တွင် လှဲနေချိန်တွင်မူ သူသည် ဝမ်းနည်းလွန်းသဖြင့် အိပ်မပျော်နိုင် ဖြစ်ခဲ့ရပေသည်။
သူသည် ယွိကျူးအတွက် အုတ်ဂူကလေးတစ်ခု ပြုလုပ်ပေးကာ ၎င်း၏ အမည်ကို ရေးသားလျက် မြေမြှုပ် ဂါရဝပြုခဲ့ဖူး၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ချီယန်၏ အိမ်တော်တွင် ရှသျှင်သည် ယွိကျူးနှင့် ပြန်လည် ဆုံတွေ့ခဲ့ရပေပြီ။
ရှသျှင်က ၎င်း၏ အမည်ကို ခေါ်လိုက်သည်နှင့် ၎င်းသည် စိတ်လှုပ်ရှားစွာ ဟောင်လျက် နေရာမှာပင် ခုန်ပေါက်ကာ ရှသျှင်အား ပွေ့ချီရန် တောင်းဆိုနေတော့သည်။
ရှသျှင်သည် ငုံ့ကာ ၎င်းကို ပွေ့ချီလိုက်ပေသည်။
ယွိကျူးသည် ရှသျှင်၏ မျက်နှာကို အဆက်မပြတ် လျက်နေကာ သူ၏ ရင်ခွင်ထဲတွင် နွေးထွေးသော ကိုယ်လုံးလေးဖြင့် လူးလွန့်နေပေသည်။
ချီယန်မှာ စာကြည့်ခန်းအတွင်းမှ ထွက်လာသော်လည်း အနားသို့ မလာဘဲ အဝေးမှသာ ကြည့်နေပေသည်။
သူ၏ အချက်ပြမှုအရ ချီဟွေသည် ရှသျှင်ထံသို့ လျှောက်လာ၏။
ရှသျှင်၏ မျက်နှာတွင် အံ့ဩမှုများ ရှိနေဆဲ ဖြစ်ပြီး
“ဒါ ယွိကျူးလား? ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဖူလင်ခွေးတွေရဲ့ သက်တမ်းက သုံးနှစ်ကနေ ငါးနှစ်ပဲ ရှိတာလေ၊ ယွိကျူးက အခုထိ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ??” မေးလိုက်ပေသည်။
ချီဟွေက ခေါင်းညိတ်ပြကာ
“ဒါ ယွိကျူးပါပဲ။ ဒီအိမ်တော်မှာပဲ နှစ်အတော်ကြာအောင် စောင့်ရှောက်ထားခဲ့တာပါ”