no

Font
Theme

အခန်း (၈)

* * *

ယွိကျူးသည် အိုမင်းလှပြီ ဖြစ်၏။

၎င်းသည် ယခုနှစ်တွင် အသက်ရှစ်နှစ် ရှိပြီဖြစ်ရာ ခွေးတို့၏ သက်တမ်းအရဆိုလျှင် အဖိုးအိုတစ်ဦးပင် ဖြစ်ပေသည်။

ယွိကျူး၏ အသက်ရှူသံမှာ ပြင်းထန်လှပြီး တရှူးရှူးတရှဲရှဲ ဖြစ်နေသည်။ သို့သော်လည်း ၎င်းသည် ရှသျှင်အား မှတ်မိနေဆဲဖြစ်ကာ မြင်မြင်ချင်းမှာပင် မှတ်မိသွားခြင်း ဖြစ်ပေသည်။

ရှသျှင်သည် ၎င်းကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး ရှည်လျားသော အမွေးအမှင်များကို ပွတ်သပ်ပေးနေမိ၏။ ယွိကျူးမှာမူ စိတ်လှုပ်ရှားစွာဖြင့် တစ်ကိုယ်လုံးကို ခါယမ်းနေပြီး ရှသျှင်၏ မျက်နှာကို မရပ်မနား လျက်နေတော့သည်။

ဆုံးရှုံးသွားသော အရာကို ပြန်လည်ရရှိလိုက်သကဲ့သို့ ရှသျှင်မှာ စိတ်လှုပ်ရှားမှုကြောင့်

“...မင်း သူ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ...” မသိစိတ်ဖြင့် ရေရွတ်လိုက်မိပေသည်။

ချီဟွေက

“သခင်လေး... သခင်လေး ထွက်သွားပြီးနောက်မှာ တစ်နေ့တော့ ယွိကျူးက အိမ်တော်ထဲကို ရုတ်တရက် ရောက်လာတာပါ။ ကျွန်တော် လူတွေကို လွှတ်ပြီး စစ်ဆေးကြည့်တော့ အိမ်တော်နှစ်ခုကြားက နံရံမှာ ခွေးတိုးပေါက်တစ်ခု ရှိနေတာကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကနေ တွားသွားပြီး ဝင်လာတာ ဖြစ်ရမယ်” ရှင်းပြ၏။

ချီယန်မှာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာသော်လည်း ယွိကျူးကို ရှောင်နေသည့်အလား အနားသို့မူ မကပ်ချေ။

ရှသျှင် မှတ်မိသလောက် ချီယန်မှာ ခွေးကြောက်သူ မဟုတ်ပေ။ ထိုစဉ်က သူသည် ယွိကျူးကို ပွေ့ချီကာ ချီယန်ထံသို့ မကြာခဏ သွားလေ့ရှိ၏။ ချီယန်မှာလည်း ယွိကျူးကို စနောက်ရသည်ကို သဘောကျပြီး အတူကစားပေးသည့်အပြင် အသားများကိုလည်း ကျွေးလေ့ရှိပေသည်။

ချီဟွေက ဆက်လက် ရှင်းပြသည်မှာ

“သခင်လေးရဲ့ ကိစ္စဖြစ်ပြီးနောက်မှာ ယွိကျူးက သခင်ကြီးနဲ့ မရင်းနှီးတော့ဘူး။ တကယ်လို့ သခင်ကြီးက ဆယ်လှမ်းအကွာလောက်အထိ ချဉ်းကပ်လာရင် သူက ဒေါသတကြီး ဟောင်တော့တာပဲ။ တခါတလေဆိုရင် ပြေးလာပြီး သခင်ကြီးရဲ့ ဝတ်စုံကိုတောင် ကိုက်တတ်သေးတယ်”

ရှသျှင်သည် ရင်ခွင်ထဲမှ ခွေးအိုကြီးကို ငုံ့ကြည့်လိုက်၏။

ယွိကျူး၏ အနက်ရောင် မျက်လုံးလေးများမှာ ဝိုင်းစက်တောက်ပနေပြီး သံယောဇဉ်များဖြင့် ပြည့်နှက်နေပေသည်။

ယွိကျူးသည် စိတ်ဆိုးလွယ်သော ခွေးကလေး မဟုတ်ချေ။ အနိုင်ကျင့်ခံရလျှင်ပင် ရှသျှင်၏ ရင်ခွင်ထဲသို့ ပြေးဝင်လာကာ ဝမ်းနည်းစွာ ဟောင်တတ်ရုံသာ ရှိပေသည်။ သူသည် ယွိကျူး တစ်စုံတစ်ဦးကို ကိုက်ဖို့နေနေသာသာ အံကြိတ်ပြသည်ကိုပင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ရှသျှင်သည် ခွေးကလေး၏ ဝမ်းဗိုက်ပေါ်သို့ လက်တင်လိုက်သောအခါ ဖရိုဖရဲ ဖြစ်နေသော နှလုံးခုန်သံကို ခံစားလိုက်ရ၏။ ယွိကျူး၏ အသက်ရှူသံမှာ အလွန်တရာ ပြင်းထန်လွန်းလှပြီး ခွေးတစ်ကောင်၏ ပုံမှန် အသက်ရှူသံမျိုးနှင့်လည်း မတူချေ။

ရှသျှင်က ဘာဖြစ်တာလဲမေးသောအခါ ချီဟွေက

“ဆေးဆရာ လာကြည့်ပေးပါတယ်။ သူက အိုမင်းလာပြီဖြစ်သလို နှလုံးနဲ့ အဆုတ်တွေကလည်း အားနည်းနေပါပြီ။ ကုသလို့တော့ မရတော့ဘူး၊ သက်တောင့်သက်သာ ဖြစ်အောင်ပဲ လုပ်ပေးလို့ ရတော့မယ်။ ကံကောင်းတာက သူက စိတ်ရွှင်လန်းနေတုန်းပဲ၊ နေ့တိုင်းလည်း စားနိုင်အိပ်နိုင်ပါတယ်။ အများကြီး စိုးရိမ်စရာ မလိုပါဘူး” ပြောပြပေသည်။

ရှသျှင်သည် ယွိကျူး၏ နဖူးကို ပွတ်သပ်ပေးနေမိ၏။ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရှုပ်ထွေးနေသဖြင့် ခေတ္တမျှ မည်သို့ စကားစရမှန်းပင် မသိ ဖြစ်နေရပေသည်။ သူသည် စင်္ကြံလမ်း၌ တိတ်ဆိတ်စွာ ရပ်နေမိပြီး ချီယန်ကလည်း အနီးအနားမှ သူ့အား စိုက်ကြည့်နေ၏။

မည်သည့်အချိန်က ချီဟွေ ထွက်သွားသည်မသိ၊ ညနေခင်း လေပြည်အောက်တွင် သူတို့နှစ်ဦးတည်းသာ တိတ်ဆိတ်စွာ ကျန်ရစ်တော့သည်။

အတော်ကြာမှ ရှသျှင်သည် ယွိကျူးကို အောက်သို့ ချလိုက်ကာ မတ်တပ်ရပ်ပြီး ချီယန်အား

“...ကျေးဇူး အများကြီး တင်ပါတယ်” ဆိုလိုက်၏။

ချီယန်ကမူ သူ၏ မျက်နှာအမူအရာကို မမြင်နိုင်ဘဲ

“မင်းရဲ့ နေရာကို ခေါ်သွားလို့ ရပါတယ်။ ဒါက မူလကတည်းက မင်းရဲ့ခွေးပဲလေ၊ သူ့ရဲ့ ပိုင်ရှင်အစစ်အမှန်ဆီကိုပဲ ပြန်ပေးသင့်တာပေါ့ မင်းဆီကို ပြန်ပေးလိုက်ပါပြီ”

ရှသျှင်သည် သူ့အား ငော့ကြည့်နေသော ယွိကျူးကို ငုံ့ကြည့်လိုက်မိ၏။ ခွေးကလေးမှာ စိတ်လှုပ်ရှားနေဆဲ ဖြစ်ကာ သူ့အား အိမ်သို့ အမြန်ခေါ်သွားရန် တောင်းဆိုနေသည့်အလား တိုးညင်းစွာ ဟောင်နေပေသည်။

အတော်ကြာမှ ရှသျှင်က တိုးညင်းစွာ ရေရွတ်လိုက်၏။

“ဒါပေမဲ့ ဒီနေရာက ငါ့အိမ် မဟုတ်ဘူးလေ”

ထိုနေ့မှစ၍ ရှသျှင်သည် ရက်အနည်းငယ်မျှ အနားယူခဲ့ပေသည်။ သူ နေ့တိုင်း လုပ်လေ့ရှိသော အလုပ်မှာ ယွိကျူးကို ပွေ့ချီလျက် ရေကန်ဘေး၌ ငေးမောထိုင်နေခြင်းပင် ဖြစ်၏။

ယွိကျူးသည် ငယ်စဉ်က အလွန်ဆိုးသွမ်းကာ ဟိုဟိုဒီဒီ ပြေးလွှားရသည်ကို နှစ်သက်ခဲ့သော်လည်း ယခုအရွယ်တွင်မူ အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးစေတော့သည်။

ရှသျှင်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရေကန်ကို ကြည့်နေပြီး သူ၏ ရင်ခွင်ထဲမှ ယွိကျူးမှာမူ မနက်မှ ညအထိ ငိုက်မြည်းနေတတ်ပေသည်။ အစာစားချိန်မှလွဲ၍ ယွိကျူးမှာ နိုးကြားနေခဲလှ၏။ ရှသျှင်သည် ဤခွေးကလေးတွင် အချိန်အများကြီး မကျန်တော့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာပေသည်။

သူ ဝမ်းမနည်းခဲ့ချေ။

ယွိကျူးမှာ ဤနှစ်များအတွင်း ကောင်းမွန်စွာ အသက်ရှင်နေကြောင်း သိလိုက်ရသဖြင့် သူ၏ ရင်ထဲမှ အပြစ်ရှိစိတ်များမှာ ကွယ်ပျောက်သွားခဲ့ရပေပြီ။ သူသည် ယွိကျူး သေဆုံးသွားပြီစိတ်ကူးယဉ်ကာ ဝမ်းနည်းနေစရာ မလိုတော့သလို၊ ၎င်းအပေါ် ပို၍ မကောင်းပေးခဲ့ရလေခြင်းတွေးတောကာ နောင်တရနေစရာလည်း မလိုတော့ချေ။

ယွိကျူးသည် ချီယန်၏ အိမ်တော်တွင် ခုနစ်နှစ်တိုင်တိုင် စားဝတ်နေရေးအတွက် မပူမပင်ဘဲ နေထိုင်ခဲ့ရသည်မှာ ၎င်း၏သခင်ထက်ပင် ကံကောင်းနေသေးပေသည်။ ယွိကျူး ဘေးမှာ ရှိနေခြင်းက ရှသျှင်၏ တင်းမာနေသော စိတ်အာရုံများကို တဖြည်းဖြည်း ပြေလျော့သွားစေခဲ့ပေသည်။

ချီယန်က သူ့အား အဘယ်ကြောင့် ပြန်ခေါ်လာသနည်းသူ ထပ်မတွေးတော့ချေ။ မုန့်ထဲတွင် ဖုံးကွယ်ထားသော စာတိုကို မည်သူ ရေးသနည်းဆိုသည်ကိုလည်း အားစိုက်၍ မစဉ်းစားတော့ပေ။ ချီယန်က သူ့အား ပြန်ခေါ်ထားချင်သဖြင့် သူ နေပေးခဲ့၏။ တကယ်လို့ ချီယန်က သူ့အား သတ်ချင်သည်ဆိုလျှင်လည်း သူ မျက်လုံးမှိတ် ခံလိုက်မည်သာ ဖြစ်ပေသည်။

ယွိကျူးနှင့် ပြန်လည်ဆုံတွေ့ပြီး ဒုတိယမြောက်နေ့တွင် ကျစ်ကွေလည်း ပြန်ရောက်လာခဲ့၏။ သူမသည် တစ်ရက်နှင့် တစ်ညလုံး ဒူးထောက်ထားရသဖြင့် ဒူးများမှာ ဒဏ်ရာရနေကာ လမ်းလျှောက်လျှင် ထော့နဲ့ထော့နဲ့ ဖြစ်နေပေသည်။ ရှသျှင်ကို မြင်သောအခါ သူမသည် ဒူးထောက်ကာ ဦးချ ဂါရဝပြုပေသည်။

ရှသျှင်က မလိုအပ်သော အရာများ မလုပ်ရန် သူမအား တားမြစ်လိုက်၏။

“ငါ့ကို ကျေးဇူးတင်မနေနဲ့၊ ငါက မင်းကို တမင် ကူညီခဲ့တာ မဟုတ်ဘူး”

ကျစ်ကွေသည် နှုတ်ဆိတ်လျက် ထရပ်ကာ လက်ဖက်ရည်အိုးကို ယူပြီး မီးဖိုပေါ်တွင် ရေနွေးအိုး တင်လိုက်ပေသည်။ ရေနွေးဆူရန် စောင့်နေစဉ်အတွင်း သူမသည် အကြိမ်ပေါင်းများစွာ လှည့်ထွက်သွားပြီး သူမ၏ ဒူးများကို တိတ်တဆိတ် ပွတ်သပ်နေသည်ကို ရှသျှင် မြင်တွေ့နေရ၏။

ရှသျှင်က တစ်ခွန်းမျှ မပြောဘဲ နေပေသည်။

ခဏအကြာတွင် ရေနွေးဆူလာသောအခါ သူက ကျစ်ကွေအား

“မင်း လုပ်စရာ တစ်ခု ရှိတယ်” ဆိုလိုက်၏။

သူမသည် ချက်ချင်းပင် ထရပ်ကာ ရိုသေစွာ စောင့်ဆိုင်းနေပေသည်။

ရှသျှင်က ခပ်အေးအေးပင်

“ရေကန်ဘေးမှာ သွားထိုင်ပြီး အဲ့ဒီထဲမှာ ငါးကြင်းနီ ကောင်ရေ ဘယ်လောက်ရှိလဲဆိုတာ ငါ့အတွက် ရေတွက်ပေးပါဦး” ခိုင်းလိုက်၏။

ကျစ်ကွေမှာ ဘာလုပ်ရမှန်း မသိဖြစ်သွားသော်လည်း သူခိုင်းသည့်အတိုင်း လုပ်ဆောင်ပေသည်။ ရေကန်ထဲတွင် ငါးအုပ်စုများမှာ ဟိုဟိုဒီဒီ ကူးခတ်နေကြပြီး အားလုံးမှာ အနီရောင်များ ဖြစ်ကြသဖြင့် တစ်ကောင်နှင့် တစ်ကောင် ခွဲခြားရန် မလွယ်ကူလှချေ။

အစပိုင်းတွင် ကျစ်ကွေမှာ ကြိုးစားပမ်းစား ရေတွက်သော်လည်း ခဏအကြာတွင် မျက်စိများ ဝေဝါးလာရပေသည်။ ကူးခတ်နေသော ငါးများကြောင့် သူမ၏ ရေတွက်မှုမှာ လွဲချော်သွားခဲ့ရ၏။ သူမသည် နာကျင်နေသော မျက်ခွံများကို ပွတ်သပ်ကာ အစမှ ပြန်ရေတွက်ရန် ပြင်စဉ်တွင် ထိတ်လန့်သွားရပေသည်။

ရှသျှင် ဘာကို ဆိုလိုသည်ကို သူမ ရုတ်တရက် သဘောပေါက်သွားခြင်း ဖြစ်၏။

သူသည် သူမအား ငါးများကို တကယ် ရေတွက်ခိုင်းနေခြင်း မဟုတ်ပေ။ သူမ၏ ဒူးများ နာကျင်နေသည်ကို မြင်သဖြင့် အလုပ်လုပ်စရာ မလိုဘဲ အနားယူနိုင်ရန် အကြောင်းပြချက်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။

ကျစ်ကွေမှာ ရင်ထဲတွင် လှိုက်တက်လာကာ နောက်သို့ လှည့်ကြည့်လိုက်မိ၏။ ရှသျှင်မှာ ယွိကျူးကို ပွေ့ချီလျက် လွှဲကုလားထိုင်ပေါ်တွင် အိပ်ပျော်နေခဲ့ပြီ ဖြစ်ပေသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ ချီယန်၏ အားလပ်ရက်သို့ ရောက်ရှိလာ၏။ နေ့လယ်စာ စားပြီးနောက် သူသည် ရှသျှင်အား ‘ဝူယွမ်’ သို့ လိုက်ခဲ့ရန် ရုတ်တရက် ဖိတ်ခေါ်ပေသည်။

ဝူယွမ်သည် မြို့၏ အနောက်ဘက်ရှိ တောင်ပေါ်တွင် တည်ရှိသော ဥယျာဉ်တစ်ခု ဖြစ်၏။ ပန်းမန်များနှင့် အပင်များအပြင် ထိုဥယျာဉ်ကို လက်ရာမြောက်လှသော သစ်သားပန်းပု လက်မှုပညာရပ်များဖြင့်လည်း အလှဆင်ထားပေသည်။

ဝူယွမ်၏ ပိုင်ရှင်မှာ တော်ဝင်မိသားစုနှင့် နီးစပ်သူ ဖြစ်သဖြင့် မိမိကိုယ်မိမိ အလွန် အရေးပါသူမှတ်ယူထားသူ ဖြစ်၏။ သူသည် မိမိပိုင် မဟုတ်သော မြေများကို ခြံစည်းရိုးခတ်ကာ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး မည်သူ့ကိုမျှ အလွယ်တကူ အဝင်မခံဘဲ မြို့တော်ရှိ မှူးမတ်မျိုးနွယ်စုများကိုသာ ဝင်ခွင့်ပြုသူ ဖြစ်ပေသည်။

ရှသျှင်သည် ငယ်စဉ်ကတည်းက စာဖတ်ခြင်းကို မနှစ်သက်ဘဲ သစ်သားပန်းပု ထုလုပ်ခြင်းနှင့် သစ်သားရုပ်လေးများ ပြုလုပ်ခြင်းကိုသာ ဝါသနာပါခဲ့၏။ သူ၏ မိဘများကမူ ငယ်စဉ်ကတည်းက ကစားမက်သူသည် နောင်တွင် မည်သည့်အရာကိုမျှ အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ဆိုကာ အမြဲတစေ ဆူပူလေ့ရှိကြပေသည်။

သူတို့အား စိတ်မဆိုးစေရန်အတွက် ရှသျှင်သည် သူ၏ ဝါသနာကို ဖုံးကွယ်ထားခဲ့ရ၏။ ကျောင်းမှ ပြန်လာပြီး တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားချိန်မှသာ သူ၏ လက်မှုကိရိယာများကို တိတ်တဆိတ် ထုတ်ယူကာ လုပ်ကိုင်ဝံ့ပေသည်။

ကျောင်းရှိ အခြားသူများကလည်း ရှသျှင်မှာ ဖခင်ဖြစ်သူ၏ အလေးပေးခြင်းကို မခံရကြောင်း သိကြသဖြင့် သူ့အား စကားမပြောကြသလို ရှသျှင်ကလည်း ၎င်းတို့ကို ဂရုမစိုက်ခဲ့ချေ။ ‘ဟယ်ချုံး’ တစ်ယောက်သာ သူ့အား မရွံမရှာဘဲ စကားပြောပေးလေ့ရှိ၏။

ဟယ်ချုံး၏ ထံမှပင် ဝူယွမ်အကြောင်းကို ရှသျှင် စတင် ကြားသိခဲ့ရခြင်း ဖြစ်ပေသည်။ သူသည် မိဘများ သို့မဟုတ် ညီအစ်ကိုများထံတွင် မိတ်ဆက်ပေးရန် မတောင်းဆိုဝံ့ခဲ့ချေ။ တစ်ခါတွင် ကျောင်းအားလပ်ရက်၌ ရှသျှင်သည် ရှောက်ဘိုကို ခေါ်ကာ ကိုယ်တိုင် သွားရောက်ခဲ့ပေသည်။

သို့သော် ဝူယွမ်ပိုင်ရှင်က သူ့အား ပေးမဝင်ခဲ့ချေ။ သူက ဖခင်ဖြစ်သူ ရှဟုန်ရှီးနှင့် အစ်ကိုနှစ်ဦး၏ နာမည်ကို ကြားဖူးသော်လည်း ရှသျှင်၏ နာမည်ကိုမူ မကြားဖူးကြောင်း ဆို၏။ ထို့အပြင် ရှသျှင်သည် ရှဟုန်ရှီး၏ နာမည်ကို အသုံးပြုကာ လိမ်လည်လှည့်ဖြားနေသူ ဖြစ်မည်စွပ်စွဲကာ နှင်ထုတ်ခဲ့ပေသည်။

ရှသျှင်မှာ ဘာမှ ပြန်မပြောနိုင်ဘဲ ရှောက်ဘိုနှင့်အတူ ဖုန်တောထဲတွင် ဘာမှ မမြင်လိုက်ရဘဲ ပြန်လာခဲ့ရ၏။ သူသည် အလွန်တရာ ဝမ်းနည်းလွန်းလှသဖြင့် ထိုညမှာပင် တံတိုင်းကို ကျော်ကာ ချီယန်ထံသို့ သွားခဲ့ပေသည်။ ချီယန်က သူ၏ ခေါင်းကို ပွတ်သပ်ပေးကာ စကားများစွာဖြင့် နှစ်သိမ့်ပေးခဲ့သဖြင့် ရှသျှင် စိတ်သက်သာရာ ရခဲ့ဖူး၏။

ရက်အနည်းငယ် ကြာသောအခါ ရှသျှင်သည် ချီယန်ထံ ထပ်မံ သွားရောက်လည်ပတ်ခဲ့ရာ ချီယန်က ဗီရိုထဲမှ သစ်သားဘဲရုပ်လေး တစ်ရုပ်ကို မျက်လှည့်ပြသည့်အလား ထုတ်ပြပေသည်။ ချီဟွေက ရေဇလုံတစ်ခု ယူလာကာ ရေဖြည့်ပေး၏။ ချီယန်က ထိုဘဲရုပ်ကို ရေပေါ်တင်လိုက်သောအခါ ၎င်းသည် အမှန်တကယ်ပင် သူ့ဘာသာ ကူးခတ်နေပေသည်။ ရှသျှင်မှာ အလွန်တရာ အံ့ဩဝမ်းသာသွားကာ ထိုကဲ့သို့ လှပသော အရုပ်ကို ဘယ်ကရသလဲမေးမြန်းခဲ့၏။

ချီယန်ကမူ ဤအရုပ်ကို သူနှင့် ချီဟွေတို့ အတူတူ လုပ်ထားခြင်းဖြစ်ကြောင်း ဆိုပေသည်။ သူသည် ရှသျှင်အား သူ၏ လက်ဖျားများကို ပြလိုက်ရာ သစ်သားစများနှင့် ဓားကြောင့် ဖြစ်နေသော အမာရွတ်လေးများကို တွေ့ရပေသည်။

ချီယန်က ဆက်ပြောသည်မှာ

“အခုတော့ ငါ့ရဲ့ အဆင့်အတန်းက နိမ့်ကျနေသေးလို့ မင်းကို ဝူယွမ်ကို မခေါ်သွားနိုင်သေးဘူး။ နောင်တစ်ချိန်မှာ အခွင့်အရေး ရလာရင် ဝူယွမ်ပိုင်ရှင်ကိုယ်တိုင် မင်းကို ဖိတ်ကြားလာအောင် ငါ သေချာပေါက် လုပ်ပေးမယ်” ဆို၏။

ရှသျှင်မှာ အလွန်တရာ စိတ်လှုပ်ရှားသွားပြီး

“အဲ့ဒီ အစုတ်အပြတ် ဝူယွမ်ကို ဘယ်သူက ဂရုစိုက်မှာလဲ? ငါ မသွားချင်ပါဘူး! ငါ့ကို မေးရင်တော့ ဒီသစ်သားဘဲရုပ်လေးက ဟို ဥယျာဉ်ထဲက ရတနာတွေထက် အများကြီး ပိုကောင်းပါတယ်!” ဆိုခဲ့ပေသည်။

ယခုအချိန်တွင်မူ မြို့တော်အတွင်း၌ အမတ်မင်းချီ မသွားနိုင်သော နေရာဟူ၍ မရှိတော့ဘဲ ဝူယွမ်သည်လည်း ထိုအထဲတွင် အပါအဝင် ဖြစ်ပေသည်။

ချီယန်သည် အခြွေအရံ အနည်းငယ်သာ ခေါ်ဆောင်ခဲ့၏။ ချီဟွေနှင့် ကျစ်ကွေတို့အပြင် ရထားလုံးမောင်းသမား တစ်ဦးသာ ပါဝင်ပေသည်။ အိမ်မှ မထွက်ခွာမီ သူသည် ရှသျှင်၏ ဦးခေါင်းပေါ်သို့ ခေါင်းစွပ်ဦးထုပ် တစ်လုံး ဆောင်းပေးလိုက်၏။ ထိုဦးထုပ်တွင် အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသော မျက်နှာဖုံးပိတ်ထက် အနည်းငယ် တိုသော ပါးလွှာသော ပိတ်စတစ်ခု ပါရှိပေသည်။

ချီယန်က

“အရင်တုန်းက မင်းက အပြင်ထွက်ခဲတော့ မြို့တော်က လူတွေ မင်းကို သိပ်မမြင်ဖူးကြဘူး၊ ဒါပေမဲ့ မင်းရဲ့ မူလအစက ထူးခြားနေတော့ လူသိမခံရအောင် သတိထားရမယ်” မှာကြားပေသည်။

ရှသျှင်သည် အပြင်ဘက်ကို ကြည့်လိုက်၏။ ရထားလုံးမှာ အိမ်တော်တံခါးဝနှင့် ခြေလှမ်းအနည်းငယ်သာ ဝေးရာ ဤမျှလောက်နှင့် မည်သူကမှ သူ၏ မျက်နှာကို မြင်နိုင်မည် မဟုတ်ချေ။ သူသည် ချီယန်နှင့် စကားများမနေချင်သဖြင့် ရထားလုံးပေါ်သို့ တက်လိုက်ပြီးသည်နှင့် ဦးထုပ်ကို ချွတ်ကာ ဘေးသို့ ပစ်ထားလိုက်ပေသည်။

ချီယန်သည် သက်ပြင်းချကာ ရထားလုံး ပြတင်းပေါက်ကို တင်းကျပ်စွာ ပိတ်လိုက်၏။ ရထားလုံးသည် ဖြည်းညင်းစွာ ထွက်ခွာခဲ့ပေသည်။ ရှသျှင်သည် ပြတင်းပေါက်မှ အပြင်ဘက်ကိုသာ စိုက်ကြည့်နေပြီး ချီယန်အား သူ၏ ခေါင်းနောက်ပိုင်းကိုသာ ပြထားပေသည်။

လမ်းခရီးတွင် ချီယန်က ရုတ်တရက် စကားစလာ၏။

“မင်း မှတ်မိသေးလား? ဝူယွမ်ပိုင်ရှင်က မင်းကို ကိုယ်တိုင် ဖိတ်ခေါ်လာအောင် လုပ်ပေးမယ်လို့ ငါ အရင်က ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ အဲ့ဒီအတိုင်း မလုပ်ပေးနိုင်တော့လို့ စိတ်မကောင်းပါဘူး”

ရှသျှင်က အေးစက်စွာ ပြန်ဖြေ၏။

“မင်း ပြောခဲ့လား? ငါ မေ့သွားပြီ၊ မင်းလည်း မေ့လိုက်ပါတော့”

ချီယန်၏ မျက်နှာမှာ တဖြည်းဖြည်း မှိုင်တွေသွားကာ ရှသျှင်အား မကြည့်တော့ဘဲ သူ၏ ဒူးကိုသာ စိုက်ကြည့်ရင်း အတော်ကြာ တိတ်ဆိတ်နေတော့သည်။

ရထားလုံးသည် ဖြည်းညင်းစွာ ဆက်လက် ထွက်ခွာလာခဲ့၏။ ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းများမှာ စည်ကားလှသော လမ်းမများမှသည် တောတောင် လယ်ကွင်းများအထိ ပြောင်းလဲသွားပေသည်။ ဝူယွမ်နှင့် မိုင်အနည်းငယ် အကွာတွင် ချီယန်သည် ရုတ်တရက် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ပြီးနောက် ရထားလုံးကို ရပ်ခိုင်းလိုက်ပေသည်။

ရထားလုံး ရပ်သွားသောအခါ သူသည် အောက်သို့ ဆင်းကာ ရထားလုံးဘေး၌ ရပ်လျက် ရှသျှင်အား

“တောင်ပေါ်က ပန်းတွေက အလှဆုံး ပွင့်နေကြပြီ။ ကျန်တဲ့ လမ်းကိုတော့ လမ်းလျှောက်ပြီး သွားကြရအောင်” ဆို၏။

ရှသျှင်ကမူ မလှုပ်မယှက် နေပေသည်။

“ငါ ပန်းတွေကို မကြည့်ချင်ဘူး၊ မင်းဘာသာ မင်းပဲ သွားပါ”

ချီယန်သည် ခေတ္တမျှ စောင့်ဆိုင်းနေပြီး ရှသျှင်က မဆင်းလာသဖြင့် သူကိုယ်တိုင် တက်လာကာ ရှသျှင်ကို ပွေ့ချီ၍ အောက်သို့ ချပေးလိုက်၏။ ရှသျှင် ဒေါသထွက်ရန် ပြင်စဉ်မှာပင် ချီယန်က သူ့အား မြေပြင်ပေါ်သို့ ချပေးလိုက်ပြီ ဖြစ်ပေသည်။ ထို့နောက် ဦးထုပ်ကို ဆောင်းပေးကာ မျက်နှာဖုံးစဖြင့် မျက်နှာကို ဖုံးအုပ်ပေးလိုက်၏။

ချီယန်က “သွားကြစို့” ဆိုပေသည်။

ရထားလုံးမောင်းသမားသည် ဇက်ကြိုးကို လှုပ်ခါကာ ချီဟွေနှင့် ကျစ်ကွေတို့ကို တင်ဆောင်လျက် ရှေ့သို့ ဆက်လက် မောင်းနှင်သွားတော့သည်။ ချီယန်သည်လည်း မစောင့်တော့ဘဲ လှည့်ထွက်ကာ တောအုပ်အတွင်းသို့ လျှောက်သွား၏။ ရှသျှင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ လယ်ကွင်းများ၊ တောင်ကုန်းများနှင့် တောအုပ်များသာ ဝန်းရံနေသဖြင့် လမ်းကြောင်းကို မသိနိုင်တော့ချေ။ သူသည် ချီအိမ်တော်သို့ တစ်ယောက်တည်း ပြန်လိုလျှင်ပင် မည်သည့်ဘက်သို့ သွားရမည်ကို မသိနိုင်ပေ။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် ချီယန်၏ နောက်သို့ မတတ်သာဘဲ လိုက်ပါလာခဲ့ရပေသည်။ ချီယန်က လမ်းလျှောက်ရင်း

“ခုနက ပြောလက်စ မပြီးသေးဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝူယွမ်ရဲ့ ပိုင်ရှင် ပြောင်းသွားခဲ့တယ်။ မူလပိုင်ရှင်က ပြစ်မှုတစ်ခု ကျူးလွန်ခဲ့လို့ အဖမ်းခံခဲ့ရတယ်။ ဥယျာဉ်ထဲက သစ်သား အလှဆင်ပစ္စည်းတွေ အားလုံးလည်း မီးရှို့ခံခဲ့ရတယ်။ အခုတော့ အဲ့ဒီနေရာက လူတိုင်း ဝင်ထွက်လို့ ရတဲ့ သာမန် အပန်းဖြေစရာ နေရာတစ်ခုပဲ ဖြစ်နေပါပြီ” ရှင်းပြ၏။

ရှသျှင်သည် ထိုလက်ရာကောင်းများအတွက် နှမြောမိသဖြင့်

“ပိုင်ရှင်ကပဲ အပြစ်လုပ်တာလေ၊ အဲ့ဒီ ပစ္စည်းတွေကိုတော့ လက်မှုပညာသည်တွေက လုပ်ထားတာပဲကို။ ဘာလို့ မီးရှို့ပစ်ရတာလဲ?” မေးလိုက်ပေသည်။

ချီယန်က ဆက်လျှောက်နေရင်း

“ဝူယွမ်ပိုင်ရှင်ရဲ့ အမှုမှာ ငါကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့တာပါ၊ အဲ့ဒီ အရာတွေကို မီးရှို့ခိုင်းခဲ့တာလည်း ငါကိုယ်တိုင်ပဲ”

ရှသျှင်က အံ့ဩတကြီးဖြင့် “ဘာလို့လဲ?”

ချီယန်က ခပ်အေးအေးပင်

“အဲ့ဒီတုန်းက မင်း သေသွားပြီလို့ ငါ ထင်ခဲ့တာ။ မင်းက အဲ့ဒီ အရာတွေကို အလွန် ဝါသနာပါတာကို ငါ မှတ်မိနေတယ်။ မင်း အသက်ရှင်စဉ်မှာ အဲ့ဒီအရာတွေကို မမြင်လိုက်ရတော့ သေသွားတဲ့အခါမှာ မင်းနဲ့အတူ ပါသွားအောင်လို့ ငါ လုပ်ခဲ့တာပါ။ အမှုပြီးသွားတော့ အဲ့ဒီအရာအားလုံးကို အကြွင်းအကျန် မရှိအောင် ငါ မီးရှို့ပစ်ခဲ့တယ်”

ရှသျှင်မှာ မှင်တက်သွားရပေသည်။

ချီယန်က ဆက်လက်၍

“တကယ်လို့ မင်း အသက်ရှင်နေသေးတယ်ဆိုတာကိုသာ ငါ သိခဲ့ရင် အဲ့ဒီအရာတွေ အားလုံးကို မင်း ပြန်လာပြီး မြင်နိုင်အောင် ငါ သိမ်းထားပေးမှာပေါ့”

ရှသျှင်က ဘာမှ ပြန်မပြောနိုင်ခဲ့ချေ။ ချီယန်ကလည်း ရှသျှင်၏ အဖြေကို စောင့်မနေဘဲ မိမိဘာသာ ရေရွတ်နေသည့်အလား

“အခုတော့ မင်းအတွက် ပြန်ပြီး လုပ်ပေးချင်ပေမဲ့ အချိန်တွေက နောက်ကျသွားခဲ့ပြီ”

ရှသျှင်သည် ခေါင်းငုံ့ကာ မြေပြင်မှ ထွက်နေသော သစ်မြစ်များကို ရှောင်ကွင်းရင်း တိတ်ဆိတ်စွာ လျှောက်လှမ်းနေပေသည်။ ပါးလွှာသော မျက်နှာဖုံးစကြောင့် သူ မြင်တွေ့နေရသော မြင်ကွင်းများမှာ ဝေဝါးနေ၏။

အတော်ကြာအောင် လျှောက်ပြီးနောက် ချီယန်မှာ ရုတ်တရက် ရပ်တန့်သွားပေသည်။ ရှသျှင်မှာ ငေးမောနေမိသဖြင့် သူ၏ ကျောပြင်ကိုပင် ဝင်တိုက်မိတော့မတတ် ဖြစ်သွားရ၏။ သူသည် ရပ်တန့်လိုက်ကာ ဇဝေဇဝါဖြင့်

“ဘာလို့ ရုတ်တရက် ရပ်လိုက်တာလဲ?” မေးလိုက်ပေသည်။

ချီယန်သည် ကောင်းကင်ယံကို ကြည့်ကာ “...ငါ လမ်းပျောက်သွားပြီ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment