no

Font
Theme

အခန်း (၆)

* * *

စာကြည့်ခန်းသို့ သွားရာလမ်းတစ်လျှောက်တွင် အစေခံများက ရှသျှင်အား မည်သည့်နေရာသို့ သွားလိုပါသနည်းအထပ်ထပ် မေးမြန်းလျက် လမ်းညွှန်ပြသရန် ကြိုးစားကြသော်လည်း သူကမူ ထိုသူများကို ဂရုမစိုက်ဘဲ စာကြည့်ခန်းဆီသို့သာ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားပေသည်။

သူသည် ဤနေရာကို အလွန်တရာ ရင်းနှီးလှပေသည်။ ဤအိမ်တော်ရှိ လူများထက်ပင် ပို၍ ရင်းနှီးနေသူ ဖြစ်၏။

စာကြည့်ခန်း အပြင်ဘက်ရှိ စင်္ကြံလမ်းအတိုင်း လျှောက်လာစဉ် ဝေးကွာသော နေရာမှပင် ချီယန်၏ အသံကို ကြားလိုက်ရပေသည်။

“အပြင်မှာ ဒူးထောက်မနေနဲ့တော့။ အဝတ်အစား ထုပ်ပိုးဖို့ပဲ အားထုတ်လိုက်တာ ပိုကောင်းလိမ့်မယ်”

တိုင်လုံးကြီးကို ပတ်လိုက်သောအခါ ကျစ်ကွေတစ်ယောက် စာကြည့်ခန်း အပြင်ဘက်၌ တိတ်ဆိတ်စွာ ဒူးထောက်နေသည်ကို ရှသျှင် မြင်တွေ့လိုက်ရ၏။

ချီယန်မှာ စာကြည့်ခန်းအတွင်း၌ ရှိနေပြီး ချီဟွေ၏ အကူအညီဖြင့် တံခါးဝသို့ လျှောက်လာပေသည်။

ရှသျှင်သည် သူတို့အား အေးစက်စွာ ကြည့်လိုက်မိ၏။ ချီဟွေ၏ ဂရုတစိုက် တွဲကူနေပုံမှာ သူ့အတွက်တော့ အတော်ပင် ရယ်စရာကောင်းလှပေသည်။

ချီယန်မှာ မိမိဘာသာ ခြေလှမ်းအနည်းငယ်ပင် မလျှောက်နိုင်တော့လောက်အောင် မည်သည့်အချိန်ကစ၍ ဤမျှထိ အားနည်းသွားခဲ့ပါသနည်း။

ချီယန်မှာ ရှသျှင် ရောက်နေသည်ကို မမြင်ဘဲ ကျစ်ကွေအား ဆက်လက် ပြောဆိုနေ၏။

“ငါကလွဲလို့ ဘယ်သူမှ ရှသျှင်ကို မတွေ့ရဘူးလို့ အစောကြီးကတည်းက အမိန့်ထုတ်ထားတာ။ မင်းက ငါ့အမိန့်ကို လျစ်လျူရှုပြီး ဒီလောက်ကြီးမားတဲ့ အမှားကို လုပ်ခဲ့တာတောင် ငါက အရေးမယူဘဲ နေရဦးမှာလား?”

ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်လျက် ရှိပေသည်။

ကျစ်ကွေမှာ မိမိကိုယ်မိမိ ပြန်လည် ခုခံချေပရန် မဝံ့ရဲသကဲ့သို့ မည်သူကမျှလည်း သူမအတွက် ရှေ့ထွက်၍ စကားပြောပေးရန် မဝံ့ကြချေ။

ချီယန်က ချီဟွေဘက်သို့ လှည့်ကာ

“ချန်ကျင့်ယင်း ယူလာတဲ့ အရာအားလုံးကို ရေကန်ထဲ လွှင့်ပစ်လိုက်တော့” အမိန့်ပေးလိုက်၏။

ထိုစဉ် ရှသျှင်သည် စင်္ကြံလမ်းမှ ထွက်လာကာ

“မင်း မစားချင်ရင် ငါ့ကို ပေး၊ အစားအသောက်တွေကို မဖြုန်းတီးနဲ့” ဆိုလိုက်ပေသည်။

ချီယန်မှာ ထိတ်လန့်သွားပြီး “မင်း ဘာလို့ ဒီကို ရောက်နေတာလဲ?” မေးလိုက်၏။

ရှသျှင်က “ငါ သူမရဲ့ မုန့်တွေကို မြည်းကြည့်ပြီးပြီ၊ အရသာ ရှိပါတယ်။ မင်း မကြိုက်ရင် ငါ့ကိုသာ ပေးလိုက်ပါ” ဆိုပေသည်။

ချီယန်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွား၏။ သူသည် ရှသျှင်ထံသို့ ခြေလှမ်းအနည်းငယ် လျှောက်လာကာ ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက် ချီဟွေအား

“အခုချက်ချင်း ဆေးဆရာကို သွားခေါ်ချေ။ အဲ့ဒီမုန့်တွေကို ဘာတွေနဲ့ လုပ်ထားမှန်း ငါ မသိဘူး။ အခု ဘာမှမဖြစ်ပေမဲ့ နောင်မှာ ပြဿနာ မရှိဘူးလို့ မပြောနိုင်ဘူး” အမိန့်ပေးလိုက်၏။

ချီဟွေ အပြင်သို့ ထွက်ရန် ပြင်စဉ် ရှသျှင်က ရှေ့မှ ပိတ်ရပ်လိုက်ပေသည်။

“မင်းက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ?”

ချီယန်သည် ဒေါသကို ထိန်းချုပ်ကာ တည်ကြည်စွာဖြင့်

“နယ်စားမင်းချန်နဲ့ ငါက အုပ်စုချင်း မတူဘူး။ ငါက သူနဲ့ မတည့်တာ ကြာလှပြီ။ သူ့အိမ်တော်က လာတဲ့ အစားအသောက်ကို ဘယ်လိုလုပ် အလွယ်တကူ လက်ခံနိုင်မှာလဲ? အဆိပ်ပါနေရင် ဘယ်လိုလုပ်မလဲ?”

ရှသျှင်ကမူ ဂရုမစိုက်ဟန်ဖြင့်

“ငါ စားခဲ့တာ နှစ်နာရီတောင် ရှိနေပြီ။ အဆိပ်ပါရင် ငါ သေနေတာ ကြာလှပြီ ”

“သေ” ဟူသော စကားလုံးကိုပင် ဆုံးအောင် မပြောရသေးမီ ချီယန်က လေးနက်သော အသံဖြင့် တားမြစ်လိုက်၏။

“ရှင်ခြင်းနဲ့ သေခြင်းက အရေးကြီးတဲ့ ကိစ္စပဲ၊ ဘယ်လိုလုပ် အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေရတာလဲ?”

ရှသျှင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ

“ ‘သေ’ တယ်လို့ ပြောလိုက်ရုံနဲ့ ကျိန်စာမိပြီး သေသွားရလောက်အောင် ငါက အားမနည်းပါဘူး”

“ရှသျှင်!”

ချီယန်မှာ ရှသျှင်၏ နာမည်အပြည့်အစုံကို ခေါ်လိုက်မိသည်အထိ တကယ်ပင် စိုးရိမ်ပူပန်နေပုံ ရပေသည်။

ရှသျှင်ကမူ ဂရုမစိုက်ဘဲ ဆက်လက်၍

“သခင်မလေးချန်က မင်း ဒဏ်ရာရထားတယ်လို့ ကြားလို့ တစ်ညလုံး အားစိုက်ပြီး သွေးအားကောင်းစေတဲ့ မုန့်တွေကို လုပ်ခဲ့တာ။ သူမ ကိုယ်တိုင်လည်း လာပို့ခဲ့တာပဲ။ မင်းအပေါ် ထားတဲ့ သူမရဲ့ သံယောဇဉ်က အစစ်အမှန်ပဲ။ သူမအဖေက မင်းကို ရန်မူချင်ရင်တောင် သူမကတော့ မင်းကို ဘယ်တော့မှ အဆိပ်ခတ်မှာ မဟုတ်ဘူး”

ချီယန်က မျက်ခုံးပင့်လျက်

“သံယောဇဉ် အစစ်အမှန် ဟုတ်လား? မင်းက သူမနဲ့ အခုမှ ဆုံတာကို သူမစကားကို ယုံနေတာလား? သူမက ဟန်ဆောင်နေတာ မဟုတ်ဘူးလို့ မင်း ဘယ်လို သိလဲ? သူမအဖေ ခိုင်းလို့ ငါ့ဆီကို တမင် ချဉ်းကပ်လာတာ မဟုတ်ဘူးလို့ မင်း ဘယ်လို သိလဲ?”

ရှသျှင်က အံ့ဩခြင်း မရှိဘဲ

“မင်း အရင်က လုပ်ခဲ့သလိုမျိုးပေါ့ ဟုတ်လား? မင်းရဲ့ ပုံစံအမှန်ကို ဖုံးကွယ်ပြီး ငါ့ဆီကို ချဉ်းကပ်ခဲ့တယ်၊ အပေါ်ယံမှာတော့ စေတနာတွေ ပြခဲ့ပေမဲ့ တကယ်တော့ နောက်ကွယ်မှာ အစီအစဉ်တွေကို တစ်ဆင့်ချင်း လုပ်ဆောင်နေခဲ့တာ မဟုတ်လား?”

ချီယန်မှာ ဆွံ့အသွားပြီး ခေတ္တမျှ စကားမဆိုနိုင်ဘဲ ရှိနေပေသည်။

“ငါ”

ရှသျှင်၏ လေသံမှာ သူစိမ်းတစ်ယောက်၏ အတိတ်အကြောင်းကို ပြောနေသည့်အလား တည်ငြိမ်လှ၏။

“အဲ့ဒီတုန်းက အမတ်မင်းချီ ဘယ်လို ခံစားခဲ့ရလဲဆိုတာ ငါ သိချီမိတယ်။ ကလဲ့စားချေဖို့အတွက် ရန်သူ့သားဖြစ်တဲ့ ငါနဲ့ အတူရှိနေရတာ တကယ်ပဲ နာကျင်စရာ ကောင်းခဲ့မှာပဲ မဟုတ်လား? မိနစ်တိုင်းမှာ ငါ့ကို ရွံရှာလွန်းလို့ အမြန်သတ်ပစ်ချင်နေခဲ့တာ မဟုတ်လား?”

ချီယန်၏ အမြဲတစေ တည်ငြိမ်နေသော အမူအရာမှာ ပျောက်ကွယ်သွားပြီး ရုတ်တရက် စိတ်လှုပ်ရှားလာကာ

“မဟုတ်ဘူး! မင်း ထင်သလို မဟုတ်ပါဘူး၊ ငါ”

ရှသျှင်က ခေါင်းလွှဲကာ ဘေးသို့ ဖယ်လိုက်၏။

“အဲ့ဒါတွေက အရေးမကြီးပါဘူး။ အချိန်တွေ ပြောင်းလဲသွားပြီမို့ အတိတ်ကို ပြန်ပြောနေဖို့ မလိုတော့ဘူး။ ချန်ကျင့်ယင်းကို သတိထားဖို့က မင်းကိစ္စပဲ၊ ကျစ်ကွေကိုတော့ သွားပြီး အပြစ်မရှာပါနဲ့၊ သူမ ဘာမှ မှားတာ မလုပ်ခဲ့ဘူး”

ချီယန်က ဘာမှ ပြန်မပြောဘဲ သူ့အား မမှိတ်မသုန် စိုက်ကြည့်နေပြီးမှ တိုးညင်းစွာ မေးလိုက်ပေသည်။

“...နောက်ပြီးတော့ကော? မင်း ဒီနေ့ ချန်ကျင့်ယင်းကို တွေ့ပြီးပြီဆိုတော့ တခြား ပြောစရာ ဘာမှ မရှိတော့ဘူးလား?”

ရှသျှင်က ထူးဆန်းသလို ခံစားရပြီး

“ဘာပြောရမှာလဲ? ဪ... သူမက မင်းအပေါ် တကယ် ရိုးသားပုံရပါတယ်။ သူမကို လက်ထပ်ဖို့ မင်း စဉ်းစားသင့်တာပေါ့။ မင်းသာ နယ်စားမင်းချန်ရဲ့ သမက် ဖြစ်သွားရင် မင်းတို့ကြားက ပဋိပက္ခတွေလည်း ပြေလည်သွားမှာပဲ”

ချီယန်၏ မျက်ဝန်းများမှာ ရုတ်တရက် ကျယ်သွားကာ မေးရိုးများကို တင်းတင်းစေ့လျက် နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားမိ၏။

“မင်း တကယ် ပြောနေတာလား?” သူက လေးလံသော အသံဖြင့် ရှသျှင်အား မေးလိုက်ပေသည်။ “မင်းက ငါ့ကို သူမကို တကယ်ပဲ ချစ်စေချင်တာလား? သူမကို လက်ထပ်ပြီး ဇနီးအဖြစ် သိမ်းပိုက်စေချင်တာလား?”

ရှသျှင်က ပြန်ဖြေ၏။

“မင်း ဘယ်သူ့ကိုပဲ ချစ်ချစ်၊ ဘယ်သူ့ကိုပဲ မြတ်နိုးမြတ်နိုး၊ ဘယ်သူ့ကိုပဲ လက်ထပ်လက်ထပ် အဲ့ဒါတွေက ငါနဲ့ ဘာမှ မဆိုင်ပါဘူး”

ထိုသို့ ပြောပြီးနောက် သူသည် လှည့်ထွက်ရန် ပြင်လိုက်သော်လည်း သူ၏ လက်မောင်းကို ချီယန်က ဆွဲဖမ်းလိုက်ပေသည်။

ချီယန်သည် ဒေါသကို ဖိသိပ်ထားရင်း သွားကြားထဲမှနေ၍ စကားတစ်ခွန်းကို ညှစ်ထုတ်ပြောလိုက်၏။

“ငါ ဘယ်သူ့ကို ချစ်လဲဆိုတာ မင်း မသိဘူးလား?”

ရှသျှင်ကမူ သူ့အား လုံးဝ လှည့်မကြည့်ဘဲ

“ငါ မသိဘူး၊ သိလည်း မသိချင်ဘူး!”

ချီယန်သည် သူ့အား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တဖြည်းဖြည်းနှင့် ပို၍ အားစိုက်လာရာ ရှသျှင်၏ လက်မောင်းမှာ နာကျင်လာရ၏။

“ဒါဆို ငါ အခုပဲ ပြောပြမယ်။ အစကနေ အဆုံးထိ ငါ ချစ်တာ မင်းတစ်ယောက်တည်းပဲ ”

ရှသျှင်သည် ဒေါသထွက်သွားကာ သူ့အား ရုတ်တရက် တွန်းထုတ်လိုက်၏။

“တော်စမ်း! ငါ ပြောပြီးပြီ! အဲ့ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ ငါ့ကို ထပ်ပြီး မလိမ်ပါနဲ့တော့!”

ချီယန်က ရှသျှင်၏ ပုခုံးကို ဆုပ်ကိုင်ကာ စကားလုံးများကို တစ်လုံးချင်းစီ အားပြု၍ ဆိုပေသည်။

“ငါ မင်းကို မလိမ်ဘူး! အခု ငါပြောတာတွေကို မင်း မယုံဘူးဆိုတာ ငါ သိပါတယ်။ မင်း ငါ့ကို ချက်ချင်း ယုံကြည်လာဖို့လည်း ငါ မတောင်းဆိုပါဘူး၊ ငါတို့တွေ အရင်လို အခြေအနေမျိုး ပြန်ရောက်ဖို့လည်း ငါ မမျှော်လင့်ရဲပါဘူး။ ငါ မျှော်လင့်တာက မင်း ငါ့ကို ကြည့်တဲ့အခါ ဒေါသကလွဲလို့ တခြား ခံစားချက်တစ်ခုခုကို ခံစားရဖို့ပဲ! မင်းသာ စိတ်အေးအေးထားမယ်ဆိုရင် ငါ ရှင်းပြနိုင်ပါတယ်”

ရှသျှင်က ဒေါသတကြီးဖြင့် “မဖြစ်နိုင်ဘူး!” ဆိုလိုက်၏။

သူသည် ချီယန်၏ လက်ချောင်းများကို တစ်ချောင်းချင်းစီ ခွာထုတ်လိုက်ကာ

“ချန်ကျင့်ယင်း ပေးတဲ့ မုန့်တွေကို မင်း လွှင့်ပစ်နိုင်တယ်! အရင်တုန်းက ငါ မင်းကို ပေးခဲ့တဲ့ အရာတွေက ဒီမုန့်သေတ္တာလောက်တောင် တန်ဖိုး မရှိခဲ့ပါဘူး။ မင်းရဲ့ အမုန်းတရားတွေ ပြေပျောက်ဖို့ အဲ့ဒီအရာတွေကို လွှင့်ပစ်ချင်တာ ဒါမှမဟုတ် မီးရှို့ပစ်ချင်တာ မင်း ဘယ်လောက်တောင် ဖြစ်နေခဲ့မလဲ!”

သူသည် ဒေါသဖြင့် သွားကို ကြိတ်ကာ

“မင်းကို အရင်လို ဆက်ဆံဖို့လား? ဒီဘဝမှာတော့ မဖြစ်နိုင်တော့ဘူး! ငါ့ရဲ့ နှလုံးသား တစ်စိပ်တစ်ဒေသကိုတောင် မင်းကို မပေးနိုင်ဘူး၊ ခွေးကို ကျွေးလိုက်တာကမှ ပိုကောင်းဦးမယ်! မင်းအပေါ် ကောင်းပေးဖို့လား? အိပ်မက်ပဲ မက်နေလိုက်ဦး!!”

ချီယန်မှာ မှင်တက်သွားပြီး ရှသျှင် ခွာထုတ်လိုက်သော သူ၏ လက်မှာ လေထဲ၌ တုန်ယင်လျက် ကျန်ရစ်ပေသည်။

သူသည် ဘာလုပ်ရမှန်း မသိဖြစ်နေကာ သူ၏ မူလက ကြံ့ခိုင်သော အမူအရာမှာ ပျောက်ကွယ်သွားပြီး ဟာလာဟင်းလင်း ဖြစ်မှုနှင့် ဇဝေဇဝါ ဖြစ်မှုများသာ ကျန်ရစ်တော့၏။

သူ၏ မျက်တောင်များမှာ အနည်းငယ် လှုပ်ခတ်သွားပြီး မျက်ဝန်းထောင့်များမှာ နီမြန်းလာကာ နက်မှောင်သော သူငယ်အိမ်များမှာ မျက်ရည်စများဖြင့် ဖုံးလွှမ်းသွားရပေသည်။

သူသည် ရှသျှင်အား ငေးကြောင်စွာ ကြည့်နေပြီး အတော်ကြာမှ အသက်ကို ပြင်းပြင်းရှူကာ

“...ကောင်းပြီ၊ ကောင်းပြီလေ”

သူသည် လှည့်ထွက်သွားကာ စာကြည့်ခန်းအတွင်းသို့ မမှန်မကန်သော ခြေလှမ်းများဖြင့် လျှောက်သွား၏။ စားပွဲတွင် ထိုင်ချလိုက်ပြီး ရှသျှင်အား ကျောခိုင်းလျက် အေးစက်စွာ ဆိုလိုက်ပေသည်။

“...မင်း သွားတော့၊ ငါ သူမကို နှင်မထုတ်တော့ဘူး၊ သူမ မင်းကို ဆက်ပြီး ပြုစုနိုင်ပါတယ်”

သူသည် ခေါင်းကို ငုံ့ထားကာ ပုခုံးများမှာလည်း တွန့်ချိုးနေ၏။ သူသည် အရင်ကကဲ့သို့ တက်ကြွလှုပ်ရှားနေဟန် မရှိတော့ဘဲ ရှသျှင်၏ စကားများကြောင့် အလွန်အမင်း နာကျင်နေရသည့်အလား ပင်ပန်းနွမ်းနယ်ကာ စိတ်ဓာတ်ကျနေဟန် ရှိပေသည်။

သူ၏ လက်ရာမြောက်လှသော ပိုးဝတ်စုံအောက်တွင် ပိန်လှီနေသော ပုခုံးရိုးများမှာ သိသာနေသဖြင့် သူသည် ကြုံလှီနေသည့်အလား ထင်ရ၏။

ရှသျှင်မှာ နားမလည်နိုင် ဖြစ်ရပေသည်။

သူက ဘာလို့ ဒီလိုပုံစံမျိုး လုပ်ပြနေရတာလဲ?

အစကနေ အဆုံးထိ လိမ်လည်လှည့်ဖြားခံရပြီး နာကျင်ခဲ့ရတာ ရှသျှင် တစ်ယောက်တည်း မဟုတ်ဘူးလား?

သူသည် လှည့်ထွက်သွားခဲ့ပေသည်။

ထိုစဉ် ချီဟွေက ရုတ်တရက် အော်ဟစ်လိုက်၏။

“သခင်ကြီး!”

သူ၏ အသံမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ခု ဖြစ်ပျက်သွားသည့်အလား ရှိပေသည်။

ရှသျှင်မှာမူ ဤသည်မှာ သခင်နှင့် အစေခံတို့ ပေါင်း၍ သူ့အား လှည့်စားခြင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် နောက်လှည့်မကြည့်ခဲ့ချေ။

စင်္ကြံလမ်းတွင် လူများမှာလည်း အလျင်အမြန် လှုပ်ရှားနေကြ၏။

အချို့မှာ ရေနွေးများကို ကိုင်လျက် စာကြည့်ခန်းထဲသို့ ပြေးဝင်သွားကြသလို အချို့မှာလည်း ကိုယ်ရံတော်များအား ဆေးဆရာထံသို့ အမြန်ဆုံး မြင်းစီးသွားရန် ပြောဆိုနေကြပေသည်။

ရှသျှင်သည် မသိစိတ်ဖြင့် ရပ်တန့်သွား၏။ သူသည် တစ်ချက်လောက်ပဲ ကြည့်လိုက်မယ်မိမိကိုယ်မိမိ ပြောလိုက်ပေသည်။

စာကြည့်ခန်းအတွင်းတွင် ချီယန်သည် သူ၏ ရင်ဘတ်မှ အဝတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်နေပေသည်။

သူသည် အသက်ကို လုရှူနေရပြီး မျက်နှာမှာလည်း နာကျင်မှုကြောင့် ပျက်ယွင်းနေကာ ချီဟွေ၏ ရင်ခွင်ထဲတွင် အားအင်ကုန်ခမ်းစွာ မှီနေ၏။ သူ၏ နဖူးပေါ်တွင်လည်း အေးစက်သော ချွေးစများဖြင့် ဖုံးလွှမ်းနေပေသည်။

တကယ်လို့ ချီဟွေသာ မရှိပါက သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်မှာ ကြာလှပြီ ဖြစ်ရမည်။

ချီဟွေသည် အင်္ကျီလက်ထဲမှ ဆေးပုလင်းကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို ခါထုတ်လျက် ချီယန်၏ ပါးစပ်ထဲသို့ ကျွမ်းကျင်စွာ တိုက်ကျွေးလိုက်၏။

ချီယန်မှာ ထိုဆေးလုံး၏ ခါးသက်မှုကို နေသားကျနေဟန်ဖြင့် ရေပင် မသောက်ဘဲ ခြောက်ကပ်စွာ မျိုချလိုက်ပေသည်။

သူ၏ မျက်နှာတွင် သွေးစ မရှိတော့ဘဲ နှုတ်ခမ်းများမှာလည်း ဖြူဖျော့ကာ ပြာနှမ်းနေ၏။ သူသည် ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိသာလှပေသည်။

ရှသျှင် သတိပြန်ဝင်လာချိန်တွင်မူ သူသည် စာကြည့်ခန်းထဲသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ချီယန်သည် ခေါင်းကို အားမရှိစွာ ငုံ့ထားလျက် “...မင်း သွားလို့ ရပါပြီ” ဆို၏။

သူ၏ အသက်ရှူသံမှာ ပင့်သက်သဲ့သဲ့သာ ရှိတော့၍ မမှန်မကန် ဖြစ်နေပေသည်။

ရှသျှင်က ချီဟွေအား “သူ ဘာဖြစ်တာလဲ?” မေးလိုက်၏။

ချီယန်ကမူ သူ့အား ပြောခွင့်မပြုဘဲ လက်ကို မြေပြင်ပေါ် ထောက်လျက် ထရပ်ရန် ကြိုးစားကာ

“ငါ... သနားတာကို မလိုချင်ဘူး... မင်းရဲ့ ကရုဏာကိုလည်း မလိုဘူး...”

သူသည် အသက်ရှူရန်ပင် ခက်ခဲနေသဖြင့် စကားအနည်းငယ် ပြောရန်ပင် အားအင်အားလုံးကို အသုံးချနေရ၏။

“မင်း... သွားတော့...”

ထို့နောက် သူ၏ လက်များမှာ ပျော့ခွေသွားပြီး မျက်လုံးများ ပိတ်လျက် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားလေတော့သည်။ သူ၏ ဦးခေါင်းပေါ်ရှိ ကျောက်စိမ်းဆံထိုးမှာလည်း စောင်းထွက်သွားကာ ဆံနွယ်အချို့မှာ သူ၏ မျက်ခုံးပေါ်သို့ ပြန့်ကျဲ ကျဆင်းသွားရပေသည်။

ချီဟွေသည် သူ့အား ချက်ချင်းပင် ခုတင်ပေါ်သို့ မတင်ပေးလိုက်ပြီး အသက်ရှူရ လွယ်ကူစေရန် သူ၏ အင်္ကျီကော်လာကို ဖွင့်ပေးလိုက်၏။

ထို့နောက် ပြတင်းပေါက် အားလုံးကို ဖွင့်လိုက်ကာ အပြင်ဘက်မှ လေကောင်းလေသန့်များ ရနိုင်သမျှ ရအောင် လုပ်ဆောင်ပေးပေသည်။

ချီယန်၏ ရင်ဘတ်မှာ အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

မကြာမီမှာပင် ဆေးဆရာ ရောက်ရှိလာခဲ့ပေသည်။

သူသည် ချီယန်၏ အခြေအနေကို အလွန် ရင်းနှီးပုံ ရ၏။ သူသည် သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် အပ်စိုက်ရန် အပ်ထုပ်ကို ထုတ်ယူကာ ချီယန်၏ ကိုယ်ပေါ်တွင် အပ်အချို့ စိုက်လိုက်ပေသည်။

ငွေအပ်များ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီးနောက် ချီယန်၏ မျက်နှာမှာ ချက်ချင်းပင် ပြန်လည် ကောင်းမွန်လာ၏။ သူ၏ နှုတ်ခမ်းများမှာလည်း ပြာနှမ်းခြင်း မရှိတော့သော်လည်း သူသည် နိုးလာခြင်း မရှိသေးချေ။

ဆေးဆရာသည် ဆေးညွှန်းကို ရေးပေးကာ အစေခံများအား ပေးလိုက်ပေသည်။

ရှသျှင်သည် ဘေးတွင် ရပ်ကြည့်နေပြီး ချီဟွေအား အေးစက်စွာ မေးလိုက်၏။

“မင်းတို့ သခင်မှာ ဘာရောဂါ ရှိနေတာလဲ?”

ချီဟွေက တိုးညင်းသော အသံဖြင့် ပြန်ဖြေ၏။

“နှလုံးရောဂါပါ... သခင်လေး ကွယ်လွန်သွားပြီလို့ သခင်ကြီး သိလိုက်ရတဲ့ အချိန်မှာ ပထမဆုံးအကြိမ် ရောဂါ စထခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ရံဖန်ရံခါ ပြန်ပြန်ဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာတော့ ကံကောင်းလို့ နာမည်ကြီး ဆေးဆရာတစ်ယောက်နဲ့ တွေ့ပြီး ကုသနိုင်ခဲ့ပါတယ်။ သခင်ကြီး ဒီရောဂါ မဖြစ်တာ နှစ်အတော်ကြာပြီ။ ဒါပေမဲ့ သခင်လေးကို မြင်မြင်ချင်းမှာပဲ အခုလို ”

ရှသျှင်သည် လွန်ခဲ့သော တစ်လက သုသာန်တွင် ချီယန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့စဉ်က သူ၏ ပုံစံမှာ ဤအတိုင်းပင် ဖြစ်ခဲ့သည်ကို ပြန်လည် သတိရမိ၏။

သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများ ပြာနှမ်းကာ ခြေလှမ်းများ ယိုင်နဲ့လျက် အသက်ရှူရန် ခက်ခဲနေခဲ့ပေသည်။

ထိုစဉ်က ရှသျှင်သည် ချီယန်က သူ့အား သရဲထင်မှတ်ကာ ထိတ်လန့်သွားသောကြောင့် ဖြစ်မည်ထင်ခဲ့ခြင်း ဖြစ်၏။

တကယ်တော့ ရောဂါကြောင့် ဖြစ်နေခဲ့ခြင်းပင်။

ချီဟွေက ဆက်လက်၍

“သခင်ကြီး နေမကောင်း ဖြစ်ကတည်းက အိမ်တော်မှာ ဆေးမြီးတို အမျိုးမျိုးကို အမြဲ အသင့်ပြင်ထားပါတယ်။ ဆေးဆရာက ဆေးညွှန်းပေးလိုက်တာနဲ့ ဆေးဆိုင်ကို သွားဝယ်ဖို့ မလိုတော့ဘဲ မီးဖိုချောင်မှာ တိုက်ရိုက် ကြိုချက်နိုင်ပါတယ်” ဆို၏။

ရှသျှင်က ထရပ်လိုက်ကာ

“ဒါဆိုရင်လည်း သူ့ကို ကောင်းကောင်း ပြုစုလိုက်ပါဦး” ဆိုပေသည်။

ချီဟွေကမူ သူ့အား အလွယ်တကူ မလွှတ်ပေးခဲ့ချေ။

“သခင်လေးရှ၊ ဒီအစေခံမှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်၊ သခင်ကြီးနားမှာ ခဏလောက် နေပေးလို့ ရမလား? အကြာကြီး နေဖို့ မလိုပါဘူး၊ သခင်ကြီး နိုးလာတာနဲ့ သခင်လေး ချက်ချင်း ထွက်သွားလို့ ရပါတယ်”

ရှသျှင်က ပြတ်သားစွာ ငြင်းဆို၏။

“ငါက ဆေးဆရာ မဟုတ်ဘူး၊ ဒီမှာ နေနေလို့လည်း ဘာထူးမှာလဲ?”

ချီဟွေမှာ တိတ်ဆိတ်နေသော်လည်း ခိုင်မာသော အမူအရာဖြင့် ရှိနေပေသည်။

ရှသျှင်က ထပ်မံ၍ “သူ သေသွားမှာကို မင်း မကြောက်ဘူးလား? ငါက သူ့ရဲ့ ရန်သူ့သားပဲလေ၊ ငါ့ကို သူ့ဘေးမှာ ထားရင် သူက ပိုတောင် နိုးလာချင်မှာ မဟုတ်တော့ဘူး”

ချီဟွေက ခပ်အေးအေးပင်

“ခွင့်လွှတ်ပါ သခင်လေး၊ သခင်ကြီးရဲ့ ဒီရောဂါဟာ သခင်လေးကြောင့် ဖြစ်ရတာပါ။ အဲ့ဒါကြောင့် ခဏလောက် နေပေးဖို့ တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်” ဆိုပေသည်။

ရှသျှင်သည် အရှုံးပေးလိုက်ကာ သက်ပြင်းချလျက် ကုလားထိုင်ပေါ်တွင် ပြင်းပြင်းထန်ထန် ထိုင်ချလိုက်၏။

“ငါ မင်းကို မယှဉ်နိုင်ပါဘူး၊ နေပေးပါ့မယ်။ ဒါပေမဲ့ သူ မျက်လုံးဖွင့်တာနဲ့ ငါ ချက်ချင်း ထွက်သွားမယ်၊ အဲ့ဒီအခါကျရင်တော့ ဘယ်သူမှ ငါ့ကို မတားပါနဲ့”

အမွှေးတိုင် တစ်တိုင်စာ ခန့်အကြာတွင် ဆေးဆရာက ငွေအပ်များကို ပြန်ထုတ်ယူလိုက်ပေသည်။ လူနာ၏ အခြေအနေမှာ တည်ငြိမ်သွားပြီ ဖြစ်သဖြင့် သူသည် ပြန်ရန် ပြင်ဆင်၏။

မပြန်မီတွင် သူသည် ချီဟွေအား ထပ်ခါတလဲလဲ မှာကြားခဲ့ပေသည်။ ချီယန်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေအရ စိတ်လှုပ်ရှားမှုများကို ရှောင်ရှားရန် လိုအပ်ကြောင်း၊ စိတ်အေးအေးထားကာ အရာရာကို အလေးအနက် မတွေးဘဲ အလွန်အမင်း ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်းများကို မဖြစ်စေရန် သတိပြုရမည်ဖြစ်ကြောင်း ဆို၏။

ချီဟွေသည် နားထောင်နေရင်း ရှသျှင်အား ရံဖန်ရံခါ လှမ်းကြည့်နေပေသည်။ ထိုစကားများမှာ ရှသျှင်အား ရည်ရွယ်၍ ပြောနေသည့်အလား ရှိ၏။

ရှသျှင်ကမူ ထိုအရာများကို လျစ်လျူရှုထားပေသည်။

သူသည် စားပွဲတွင် ထိုင်လျက် ချန်ကျင့်ယင်း ပို့လိုက်သော မုန့်သေတ္တာကို ဖွင့်ကာ ချီဟွေ၏ ရှေ့မှာပင် မုန့်အားလုံးကို စားပစ်လိုက်လေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment