အခန်း (၄)
* * *
ဟယ်ချုံမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားရ၏။
“သူက ဘာလို့ ဒီကို ရောက်နေတာလဲ?? မင်း ငါ့ဆီမှာ ရှိနေတာကို သူ ဘယ်လိုလုပ် သိသွားတာလဲ?!”
ရှသျှင်သည်လည်း အံ့အားသင့်မိပေသည်။ သူသည် တိတ်တဆိတ် ခိုးထွက်လာခဲ့ခြင်း ဖြစ်သော်လည်း ချီယန်က သူ ပျောက်ဆုံးနေသည်ကို ဤမျှ မြန်ဆန်စွာ မည်သို့ သိရှိသွားသနည်း။ ထို့ပြင် သူ ဟယ်အိမ်တော်၌ ရှိနေမည်ကိုလည်း ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်မှာ အံ့ဩစရာပင်။
သူက ဟယ်ချုံအား မေးလိုက်၏။
“အမတ်မင်းချီမှာ အမတ်မင်းနဲ့ ဆွေးနွေးစရာ နန်းတွင်းကိစ္စတွေ ဘာတွေ ရှိနေလို့လား။ ဒါမှမဟုတ်ရင်တော့... ကျွန်တော် ဘယ်ကို သွားမယ်ဆိုတာ သူ့ကို မပြောခဲ့ပါဘူး”
ဟယ်ချုံ၏ မျက်နှာမှာ ကြည့်မကောင်းအောင် ပျက်ယွင်းနေပေသည်။
“မရှိဘူး၊ မင်း သေချင်ယောင်ဆောင်ပြီးကတည်းက သူဟာ လူပုံအလယ်မှာ ငါနဲ့ဆုံရင်တောင် တစ်ချက်မှ လှည့်မကြည့်ခဲ့သလို ငါ့အိမ်ကိုလည်း လုံးဝ မလာဖူးဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး မလွှဲမရှောင်သာတဲ့ ကိစ္စကလွဲရင် ငါ့ကို စကားတစ်ခွန်းတောင် မပြောခဲ့တဲ့သူပဲ။ သူ လာတာ သေချာပေါက် မင်းအတွက်ပဲ ဖြစ်ရမယ်”
သူသည် အရာရှိဦးထုပ်ကို ကောက်စွပ်လိုက်ရင်း
“ငါ အခု သွားတွေ့လိုက်မယ်! မင်း ပြေးချင်ရင် အခု အမြန်ပြေးတော့! ငါ သူ့ကို တားထားလိုက်မယ်! နန်းတွင်းအရာရှိတစ်ယောက်ရဲ့ အိမ်တော်ထဲကို သူ ဇွတ်အတင်း ဝင်ရဲမယ်လို့ ငါ မယုံဘူး!”
သူသည် ဒေါသတကြီးဖြင့် အပြင်သို့ ဝုန်းဒိုင်းကြဲ ထွက်သွားလေတော့သည်။ ရှသျှင်ကလည်း နောက်မှ အပြေးလိုက်ရင်း
“ကျွန်တော် သွားလို့ မဖြစ်ဘူး၊ အမတ်မင်းလည်း မသွားပါနဲ့ဦး! အမတ်မင်းမှာ ဇနီးနဲ့ သားသမီးတွေ ရှိတာပဲ၊ အရာရှိတစ်ယောက်အနေနဲ့ သူ့ကို သွားပြီး မပြစ်မှားသင့်ဘူး!”
ဟယ်ချုံကမူ နောက်လှည့်မကြည့်ဘဲ
“ဘာ ‘မပြစ်မှားသင့်တာ’ လဲ၊ ငါ သူ့ကို ပြစ်မှားခဲ့တာ အကြိမ်ကြိမ်ပဲ! မင်း ဘာကို ကြောက်နေတာလဲ? မင်း ထွက်သွားလို့ မရရင်တောင် ငါ အပြင်ထွက်ပြီး မင်းဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ်! မင်းကို ကာကွယ်ပေးမယ့်သူ မရှိဘူးလို့ သူ့ကို အထင်မခံနိုင်ဘူး!”
သူသည် အစေခံများကို ရှသျှင်အား ညွှန်ပြလျက်
“သူ့ကို တားထားကြစမ်း! အိမ်ပြင်ကို လုံးဝ ပေးမထွက်နဲ့!”
ချီယန်သည် မြင်းရထားပေါ်မှ ဆင်းမလာသကဲ့သို့ အပြင်သို့လည်း လှည့်မကြည့်ချေ။ သူ၏ ကိုယ်ရံတော် ချီဟွေ တစ်ဦးတည်းသာ မြင်းရထားဘေးတွင် မတ်မတ်ရပ်နေပေသည်။
ဟယ်ချုံသည် ဒေါသအလိပ်လိပ် ထွက်လျက် မြင်းရထားကို လက်ညှိုးငေါ့ကာ ကြိမ်းမောင်းလေတော့၏။
“ချီယန်! မင်း ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ ကျင့်ဝတ်တွေကို မေ့သွားပြီလား? ငါ့ဆီကို လာတာဆိုရင်လည်း ဆင်းပြီး ရိုရိုသေသေ ဂါရဝပြုစမ်း! မင်းက ဘယ်သူ့ကို ကြွားလုံးထုတ်နေတာလဲ?”
မည်သည့် အသံမျှ ထွက်မလာချေ။
ချီဟွေက သူ့အား ဂါရဝပြုသော်လည်း ချီယန်ကမူ ဘာတုံ့ပြန်မှုမျှ မရှိပေ။
ဟယ်ချုံသည် ပို၍ပင် ဒေါသထွက်လာကာ မြင်းရထားတံခါးကို လက်သီးဖြင့် ထိုးနှက်လေ၏။
သစ်သားတံခါးမှာ သူ၏ ထိုးနှက်မှုကြောင့် တဒုန်းဒုန်း မြည်ဟည်းနေပြီး ဤအတိုင်း ဆက်လုပ်နေပါက ကျိုးပျက်သွားတော့မည့်အလား ရှိပေသည်။
အစေခံများမှာ ဟယ်ချုံ၏ အမိန့်ကို တိကျစွာ လိုက်နာလျက် ရှသျှင်၏ ရှေ့တွင် ပိတ်ရပ်ထားကြ၏။
ရှသျှင်က ဆိုလိုက်သည်။
“ကျွန်တော့်ကို လွှတ်ပေးပါ၊ မဟုတ်ရင် ခင်ဗျားတို့ သခင် အခက်တွေ့လိမ့်မယ်”
အစေခံများသည် ဟိုဟိုဒီဒီ ကြည့်ကာ ခေတ္တ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် လမ်းဖယ်ပေးလိုက်ကြပေသည်။
ရှသျှင်သည် တည်ငြိမ်စွာဖြင့် အိမ်ထဲမှ ထွက်လာကာ မြင်းရထားဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။
ဟယ်ချုံမှာ အလွန်ဒေါသထွက်သွားသဖြင့် ရှသျှင်ကိုပါ ဆဲဆိုလေတော့သည်။
“ဘယ်သူက မင်းကို ထွက်လာခိုင်းလို့လဲ?! အသုံးမကျတဲ့ကောင်!!”
ရှသျှင်ကမူ အားကိုးရာမဲ့စွာ ပြုံးလိုက်မိရုံသာ တတ်နိုင်၏။
မြင်းရထားတံခါးမှာ အနည်းငယ် ပွင့်သွားပြီး ချီယန်က အတွင်းမှနေ၍ လက်ဖဝါးကို အထက်သို့ လှန်လျက် ကမ်းပေးလိုက်ပေသည်။ ရှသျှင် မြင်းရထားပေါ် တက်နိုင်ရန် ကူညီလိုသည့် သဘော ဖြစ်၏။
ရှသျှင်သည် သူ၏လက်ကို ရှောင်လိုက်ပြီး မိမိဘာသာ မြင်းရထားပေါ်သို့ တက်ခဲ့ပေသည်။
မြင်းရထားမှာ ချက်ချင်းပင် ရှေ့သို့ မောင်းနှင်သွားသဖြင့် အပြင်ဘက်တွင် ကျန်ရစ်ကာ ဆဲဆိုနေဆဲ ဖြစ်သော ဟယ်ချုံ၏ အသံမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားရလေသည်။
မြင်းရထားပေါ် ရောက်သည်နှင့် ချီယန်၏ အကြည့်များမှာ ရှသျှင်ထံမှ မခွာတော့ဘဲ သူ၏ အမူအရာ တိုင်းကို မမှိတ်မသုန် စိုက်ကြည့်နေပေသည်။
ရှသျှင်သည် ထိုသို့ စိုက်ကြည့်ခံရခြင်းကို မလိုလားသဖြင့် တတ်နိုင်သမျှ အဝေးဆုံးတွင် ထိုင်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်၏။
မြင်းရထားမှာ မည်မျှပင် ကျယ်ဝန်းစေကာမူ၊ သူသည် ချီယန်နှင့် မည်မျှပင် ဝေးဝေးနေရန် ကြိုးစားစေကာမူ ချီယန်၏ လွှမ်းမိုးမှု အောက်တွင်သာ ရှိနေသေးပေသည်။
ချီယန်အနေဖြင့် လက်ကို ဆန့်လိုက်ရုံနှင့် ရှသျှင်အား ဖမ်းဆုပ်နိုင်စွမ်း ရှိပေသည်။
ရှသျှင်သည် သတိကြီးစွာ ထားလျက် လက်များကို အင်္ကျီလက်ထဲတွင် ဝှက်ထားကာ ရှေ့ကိုသာ ကြည့်နေဟန် ဆောင်သော်လည်း မျက်လုံးထောင့်မှနေ၍ ချီယန်၏ လှုပ်ရှားမှု မှန်သမျှကို အကဲခတ်နေ၏။
ချီယန်မှာ နန်းတွင်း ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်ပေသည်။ သူသည် အိမ်တော်သို့ ပြန်ရောက်သည်နှင့် ရှသျှင် ပျောက်ဆုံးနေသည်ကို ကြားသဖြင့် အဝတ်အစားပင် မလဲနိုင်ဘဲ ချက်ချင်း လိုက်လာခဲ့ခြင်း ဖြစ်ရမည်။
သူ၏ ညာဘက်လက်မှာ ပတ်တီး စည်းထားသော်လည်း သွေးများ စိမ့်ထွက်နေဆဲ ဖြစ်ရာ ဒဏ်ရာမှာ မသေးလှကြောင်း သိသာပေသည်။
သူသည် ရှသျှင်ထံသို့ လက်တစ်ဖက် ကမ်းလိုက်ပြီးနောက် လေထဲတွင် ခဏတာ တန့်နေကာမှ သူ၏ ဒူးပေါ်သို့ ဖြည်းညင်းစွာ ပြန်ချလိုက်၏။
သူသည် တစ်စုံတစ်ခုကို ပြောလိုဟန် ရှိသော်လည်း အကြိမ်ကြိမ် တုံ့ဆိုင်းနေပြီးမှ ပြန်လည် တိတ်ဆိတ်သွားပြန်ပေသည်။
နောက်ဆုံးတွင်မူ ရှသျှင်ကပင် စတင်၍ စကားဆိုလိုက်ရတော့၏။
“ကျွန်တော် ထွက်သွားတာ မကြာသေးဘူး၊ ကျုံးရှူး အမတ်မင်းက ကျွန်တော် ပျောက်နေတာကို သိနေပြီလား? ပြီးတော့ ကျွန်တော် ဟယ်အိမ်တော်မှာ ရှိနေမယ်ဆိုတာကိုလည်း အတိအကျ ခန့်မှန်းနိုင်တယ်ပေါ့? အမတ်မင်းက တကယ်ကို တော်လှပါတယ်၊ ကျွန်တော်တောင် ရှက်မိတယ်”
ဒူးပေါ်တွင် တင်ထားသော ချီယန်၏ လက်မှာ ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်သွား၏။
“ငါ့ကို ‘အမတ်မင်း’ လို့ မခေါ်ပါနဲ့...” ခေတ္တအကြာတွင် သူသည် လက်ကို ပြန်လည် ဖြေလျှော့လိုက်ကာ “ငါ့ကို ‘အမတ်မင်း’ လို့ မခေါ်ဘူးဆိုရင် မင်းကို ငါ ဘယ်လို ရှာတွေ့ခဲ့လဲဆိုတာ ပြောပြမယ်”
ရှသျှင်က အေးစက်စွာ ဆို၏။
“ဒါဆို မင်းကို ဘယ်လို ခေါ်ရမလဲ ကျွန်တော် မသိဘူး”
“...အရင်တုန်းက,” ချီယန်မှာ ခေတ္တ ရပ်သွားပြီး သူ၏ မျက်ဝန်းများတွင် တမ်းတမှု အရိပ်အယောင်များ ပေါ်လွင်လာကာ “အရင်တုန်းက မင်း ငါ့ကို ငါ့နာမည်နဲ့ပဲ အမြဲ ခေါ်ခဲ့တာ မဟုတ်ဘူးလား?”
ရှသျှင်သည် တိတ်ဆိတ်နေခြင်းဖြင့် မိမိ၏ မလိုလားမှုကို ဖော်ပြလိုက်၏။
လေထုမှာ ချက်ချင်းပင် အေးစက်သွားရလေသည်။
ချီယန်မှာမူ အလျှော့မပေးဘဲ ရှသျှင်၏ နှုတ်မှ သူ၏နာမည်ကို ကြားရမှသာ ကျေနပ်တော့မည့်အလား မမှိတ်မသုန် စိုက်ကြည့်နေပေသည်။
နောက်ဆုံးတွင်မူ ရှသျှင်ကပင် အရှုံးပေးလိုက်ရ၏။
“ဒါဆို ကျွန်တော် ခေါ်ပါ့မယ်၊ မင်းက အခု”
ချီယန်၏ အမူအရာမှာ ပို၍ အေးစက်သွားသဖြင့် ရှသျှင်မှာ စကားလုံး ပြောင်းလိုက်ရတော့သည်။
“မင်းက အခု ရာထူးကြီးတစ်ခုမှာ ရှိနေတာဆိုတော့ မင်းရဲ့ နာမည်ကို ခေါ်ဖို့က မသင့်တော်ပါဘူး။ မင်းရဲ့ အမိန့်ကို မလိုက်နာနိုင်တာ ခွင့်လွှတ်ပါ”
ချီယန်သည် သက်ပြင်းချလိုက်ကာ တောင့်တင်းနေသော ကိုယ်ဟန်မှာ ဖြည်းဖြည်းချင်း လျော့ကျသွား၏။
ရှသျှင်က မေးလိုက်သည်။ “ကျွန်တော့်ရဲ့ သံသယကိုလည်း ဖြေပေးပါဦး”
ချီယန်သည် အသက်ကို ပြင်းပြင်းရှူကာ မြင်းရထား ပြတင်းပေါက်ကို မှီလျက် ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်၏။ သူ၏ မျက်နှာပေါ်တွင်လည်း လှောင်ပြုံးကဲ့သို့သော အပြုံးတစ်ခု ပေါ်ပေါက်လာပေသည်။
ရှသျှင်သည် သူ့အား ကြည့်လျက် အနည်းငယ် မှင်တက်သွားမိ၏။
သူတို့နှစ်ဦးကြားတွင် ရှုပ်ထွေးလှသော အငြိုးအတေးများနှင့် ပြန်လည်ရယူ၍ မရနိုင်တော့သော အတိတ်များစွာ ရှိနေပေသည်။
သို့သော်ငြားလည်း ချီယန်မှာ တကယ်ကို ခန့်ညားသူဖြစ်ကြောင်း သူ ဝန်ခံရပေလိမ့်မည်။ သူ၏ လှုပ်ရှားမှုနှင့် အကြည့်တိုင်းမှာ အလွန်တရာ လှပလွန်းလှသဖြင့် တစ်ဖက်လူအား မိမိကိုယ်မိမိ မေ့လျော့သွားစေနိုင်သည်အထိပင်။
ထိုစဉ်က ရှသျှင်သည်လည်း သူ၏ ရုပ်ရည်နှင့် အသံတွင် နစ်မွန်းကာ သူ့အား အလွယ်တကူပင် ချစ်မိသွားခဲ့ဖူးပေသည်။
ယခုတွင်မူ ချီယန်က တိုးညင်းစွာ ဆို၏။
“အကြောင်းကတော့ မင်း ငါ့ကို ကျုံးရှူး အမတ်မင်းလို့ ခေါ်လို့ပဲ”
ရှသျှင်မှာ အံ့အားသင့်သွားရသည်။ “ဘာလို့ အဲ့ဒါကို ထပ်ပြောနေပြန်တာလဲ ”
ချီယန်သည် သူ၏ အင်္ကျီလက်ဖျားကို ကစားရင်း ရှသျှင်အား စောင်းကြည့်ကာ
“ငါ ကျုံးရှူးသျှီလန် အဖြစ် ရာထူးတိုးခံရတာ သုံးလပဲ ရှိသေးတယ်။ အဲ့ဒီသတင်း တောက်ကျိုးကို ရောက်ဖို့ဆိုရင် လပေါင်းများစွာ ကြာလိမ့်မယ်။ မနေ့ကမှ မင်း မြို့တော်ကို ရောက်တဲ့ ပထမဆုံးနေ့ပဲ ရှိသေးတာ။ မင်းဟာ ဘယ်ပြင်ပလူနဲ့မှ အဆက်အသွယ် မရှိခဲ့ဘူး။ ဒါပေမဲ့ မင်း ငါ့ကို မြင်မြင်ချင်း ငါ့ရဲ့ လက်ရှိရာထူးကို အတိအကျ ခေါ်နိုင်တယ်ဆိုတာက မြို့တော်မှာ မင်းကို သတင်းပေးနေတဲ့သူ တစ်ယောက်ယောက် ရှိနေလို့ပဲ ဖြစ်ရမယ်”
ရှသျှင်မှာ ကြောင်အမ်းသွားရ၏။
“ဒါဆို... အဲ့ဒီလူက ဟယ်ချုံမှန်း မင်း ဘယ်လို သိတာလဲ?!”
ချီယန်က မလောဘဲ တည်ငြိမ်စွာ ရှင်းပြ၏။
“အရင်တုန်းက မင်းက ပေါင်းသင်းဆက်ဆံရေး မရှိဘူးလေ။ မြို့တော်က မှူးမတ်မျိုးနွယ်တွေထဲမှာ မင်းနဲ့ ရင်းနှီးတာဆိုလို့ ဟယ်ချုံ တစ်ယောက်တည်းပဲ ရှိတာလေ”
ရှသျှင်သည် အံ့အားသင့်ရုံသာမက အလွန်အမင်းလည်း နောင်တရမိပေသည်။
သူ သတိလက်လွတ် ဖြစ်သွားခဲ့ပြီ။
ချီယန်၏ ရှေ့တွင်မူ မည်သည့် အားနည်းချက်မျှ သူ၏ မျက်စိမှ လွတ်မြောက်နိုင်စွမ်း မရှိပေ။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ချီယန်က ရုတ်တရက် မေးလိုက်၏။
“မင်း ဟယ်ချုံနဲ့ အဆက်အသွယ် ရှိနေခဲ့တာလား? သူက... မင်း မသေဘူးဆိုတာကို အစကတည်းက သိနေခဲ့တာလား?”
ရှသျှင်သည် သွားကို ကြိတ်ကာ ဝန်ခံလိုက်၏။ “...ဟုတ်တယ်!”
ချီယန်၏ အမူအရာမှာ ချက်ချင်းပင် မှောင်ကျသွားပြီး သူ၏ မျက်ဝန်းထဲမှ အလင်းရောင်များမှာ ဒီရေကဲ့သို့ ဆုတ်ခွာသွားရလေသည်။
သူ၏ လက်မှာ နာကျင်မှုကို မခံစားရတော့သည့်အလား လက်ဆစ်များ ဖြူလာသည်အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
သူ၏ လေသံမှာ လေးလံနေပြီး အားယူကာ ပြောလိုက်ရပေသည်။ “ဘာလို့... ငါ မသိခဲ့ရတာလဲ...”
သူသည် ခေါင်းကို ငုံ့ကာ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထား၏။ သူ၏ မျက်နှာမှာလည်း စိတ်ဓာတ်ကျနေဟန် ရှိပေသည်။
ရှသျှင်သည် သူ့အား ဆက်မကြည့်တော့ဘဲ ပြတင်းပေါက် အပြင်ဘက်သို့သာ အကြည့်လွှဲလိုက်သည်။ လမ်းပေါ်ရှိ ဆူညံနေသော လူအုပ်ကြီးမှာ ပြတင်းပေါက် လိုက်ကာမှတစ်ဆင့် ဝေဝေဝါးဝါး အရိပ်များကဲ့သို့ ထင်ဟပ်နေ၏။
သူက ချီယန်အား ဆိုလိုက်ပေသည်။
“ဟယ်ချုံက ကျွန်တော် သေပြီအမှတ်နဲ့ ကျွန်တော့်အရိုးကို လာမြှုပ်ပေးချင်ခဲ့တာ။ သူ့အဖေကသာ ရှမိသားစုနဲ့ ပတ်သက်ရင် သားအဖအဖြစ်က စွန့်ပစ်မယ်လို့ ပြောခဲ့တာတောင် သူက ရောက်အောင် လာခဲ့တာ။ သူ လာခဲ့လို့လည်း ကျွန်တော် အသက်ရှင်နေတာကို သိသွားခဲ့တာပေါ့။ မင်းက သူ့ထက် ပိုပြီး ထက်မြက်တာပဲ၊ တကယ်လို့ မင်းသာ လာခဲ့မယ်ဆိုရင် မင်းလည်း သိသွားမှာပါ... ဒါပေမဲ့ ကံဆိုးတာက...”
ရှသျှင်၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း လေသံမှာမူ ခြောက်ကပ်လှပေသည်။
“မင်းအနေနဲ့ အဲ့ဒီလို ကြိုးစားအားထုတ်မှုမျိုးကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ယူဆရမှာပဲ... အဲ့ဒီတုန်းက မင်း ဘာတွေ လုပ်နေခဲ့လို့လဲ? ငါ့အမြင်တော့ မင်း ရှမိသားစုကို နှိမ်နင်းပြီးပြီဆိုတော့ မင်းလည်း ရာထူးတိုးပြီး ဂုဏ်ရှိန် တက်နေမှာပေါ့။ နန်းတွင်းမှာ အောင်မြင်မှုတွေနဲ့ ပျော်ပါးနေရင်း ရှသျှင် ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတာကို မင်း မေ့နေလောက်ပြီ မဟုတ်လား?”
ချီယန်သည် တစ်စုံတစ်ခုကို ရှင်းပြလိုဟန်ဖြင့် ရုတ်တရက် ခေါင်းမော့လာ၏။ သူသည် အကြိမ်ကြိမ် တုံ့ဆိုင်းနေပြီး ဘယ်က စပြောရမှန်း မသိဖြစ်နေကာ အတော်ကြာ အားယူပြီးနောက်တွင်မူ ဘာမှ မပြောဖြစ်ခဲ့ချေ။
အင်္ကျီလက်များက သူ၏ လက်ကို ဖုံးကွယ်ထားသဖြင့် ချီယန်၏ လက်သည်းများမှာ သူ၏ လက်ဖဝါးထဲသို့ စိုက်ဝင်နေသည်ကို ရှသျှင် မမြင်တွေ့ရပေ။ မနေ့ညက ဒဏ်ရာမှာ ပြန်ပွင့်လာပြီး သွေးများမှာ ပတ်တီးမှတစ်ဆင့် စိမ့်ထွက်ကာ သူ၏ လက်တစ်ပြင်လုံးသို့ စီးကျနေလေတော့သည်။
မြင်းရထားမှာ လမ်းချိုးတစ်ခုသို့ ကွေ့ဝင်လိုက်ပြီး တိတ်ဆိတ်သော လမ်းတစ်ခုထဲသို့ ရောက်ရှိလာ၏။
ဤလမ်းပေါ်တွင် မိသားစု နှစ်ခု၏ အိမ်တော်များသာ ရှိပေသည်။ ပျက်စီးနေသော ရှအိမ်တော်ကို ကျော်ဖြတ်ပြီးနောက် မြင်းရထားမှာ ချီအိမ်တော်၏ အဓိက တံခါးဝတွင် ရပ်တန့်သွားခဲ့၏။
ရှသျှင်မှာ မြင်းရထားအတွင်းရှိ မွန်းကြပ်ဖွယ် လေထုကို မခံစားနိုင်တော့သဖြင့် ရထား မရပ်မီမှာပင် ခုန်ဆင်းလိုက်ပေသည်။
ချီယန်က သူ့အား ကူညီရန် အလျင်အမြန် လက်လှမ်းလိုက်သော်လည်း သူ၏ လက်ချောင်းထိပ်များမှာ ရှသျှင်၏ အင်္ကျီလက်ကိုသာ သဲ့သဲ့လေး ထိလိုက်ရ၏။
ချီဟွေမှာ ရှသျှင်အား ကူညီရန် မသွားဘဲ ချီယန်၏ လက်မောင်းကိုသာ ဂရုတစိုက် ဆုပ်ကိုင်ပေးလိုက်သဖြင့် သူသည် ယိုင်နဲ့ခြင်း မရှိဘဲ ရထားပေါ်မှ ဆင်းလာနိုင်ခဲ့ပေသည်။
ချီအိမ်တော်ရှေ့ရှိ ကျောက်ခြင်္သေ့ရုပ်များ၏ အလွန်တွင် ရှအိမ်တော်၏ တံခါးမကြီးကို အထင်အသား မြင်တွေ့နေရ၏။
ရှအိမ်တော်၏ တံခါးမကြီးပေါ်ရှိ သစ်သားတိုင်များမှာ အက်ကွဲကာ အရောင်များ လွင့်ပြယ်နေပြီး ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေပေသည်။
တံခါးပေါ်တွင် ချိပ်ပိတ်ထားသော စာတမ်းမှာလည်း မှင်များ လုံးဝ ပျက်ပြယ်နေသဖြင့် ဘာရေးထားသည်ကို မသိနိုင်တော့ချေ။
ရှသျှင်သည် မိမိအိမ်၏ တံခါးကို ငေးကြည့်ရင်း ချီယန်အား မေးလိုက်၏။
“ဧကရာဇ်မင်းမြတ်က မင်းကို အိမ်တော်သစ်တစ်ခု ပေးထားတယ်လို့ ကြားတယ်၊ ဒါဆို မင်း ဘာလို့ ဒီမှာပဲ ဆက်နေနေတာလဲ? ငါ့အိမ်က ဒီလောက်တောင် ပျက်စီးနေတာ၊ မင်းအိမ်ရဲ့ ဖုန်းရွှေ ကို ထိခိုက်မှာ မကြောက်ဘူးလား?”
ချီယန်၏ ကိုယ်ဟန်မှာ တောင့်တင်းသွားရ၏။
ရှသျှင်က ဆက်လက်၍ “ဒါမှမဟုတ် စွန့်ပစ်ခံထားရတဲ့ ရှအိမ်တော်ကို နေ့တိုင်း ကြည့်ပြီး မင်းရဲ့ အရင်က အောင်မြင်မှုတွေကို ပြန်တွေးနေတာလား?”
ချီယန် ဘာမှ မပြောရသေးမီမှာပင် ချီဟွေက မနေနိုင်တော့ဘဲ ကြားဝင်ပြောဆို၏။
“သခင်လေး၊ သခင်ကြီးကို အဲ့ဒီလို စွပ်စွဲတာ မှားပါတယ်! သခင်လေး မသိပါဘူး! ဒီနှစ်တွေအတွင်းမှာ သခင်ကြီး ဘယ်လို ရှင်သန်ခဲ့ရလဲဆိုတာ”
ချီယန်က လက်မြှောက်ကာ သူ့အား ဆက်မပြောရန် တားမြစ်လိုက်၏။
ရှသျှင်ကမူ အကြည့်လွှဲလိုက်ကာ “မြို့တော်က ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေဦး၊ နယ်နှင်ဒဏ်ခံရတဲ့ ဘဝထက်တော့ ပိုပြီး ဝမ်းနည်းစရာ ကောင်းပါဦးမလား?”
ချီဟွေက တစ်ခုခု ထပ်ပြောချင်နေသော်လည်း ချီယန်က သူ့အား တားထားပြန်သည်။
ချီယန်သည် ရှသျှင်နှင့် ငြင်းခုံရန် ဆန္ဒမရှိသဖြင့် လှေကားထစ်များအတိုင်း တက်သွားခဲ့၏။
ရှသျှင်သည် လှည့်ကြည့်လိုက်ရာ လွန်ခဲ့သော ခုနစ်နှစ်ကနှင့် မခြားနားသော ချီအိမ်တော်ကို မြင်တွေ့ရပေသည်။ သူ အထဲသို့ မဝင်ချင်တော့ချေ။
သူ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ ချီယန်သည် လှေကားထိပ်တွင် ရပ်တန့်ကာ သူ့အား ဆိုလိုက်၏။
“ဟယ်ချုံဟာ အခု နန်းတွင်းမှာ အဆင့် (၆) အရာရှိအဖြစ် ရောက်နေပြီဆိုတာ မင်း သိသင့်ပါတယ်။ သူ့မှာ ဇနီးနဲ့ သားသမီးတွေ ရှိတယ်”
ရှသျှင်သည် သူ ဘာကို ဆိုလိုသည်ကို နားမလည်ဘဲ “ဒါဆို ဘာဖြစ်လဲ?” မေးလိုက်၏။
ချီယန်က ပြန်ပြော၏။ “သူ့ကို အေးအေးချမ်းချမ်း နေစေချင်တယ်ဆိုရင် သူ့ကို ထပ်မတွေ့ပါနဲ့တော့၊ ပြီးတော့ အိမ်ပြင်ကိုလည်း ထွက်ပြီး လျှောက်မသွားပါနဲ့”
ရှသျှင်သည် မည်မျှပင် အူကြောင်ကြောင် ဖြစ်စေကာမူ ဤသည်မှာ ခြိမ်းခြောက်မှုဖြစ်ကြောင်း သိရှိလိုက်ပေသည်။
သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အင်္ကျီလက်ကို ခါလျက် ချီယန်၏ ဘေးမှနေ၍ အိမ်တော်ထဲသို့ ခပ်သွက်သွက် ဝင်သွားလေတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် တံခါးခေါက်သံ ကြားလိုက်ရ၏။ ၎င်းမှာ မနေ့က အစေခံမလေးပင် ဖြစ်ပေသည်။
မနေ့က ရှသျှင်သည် သူမအား အကြောင်းပြချက် ပေး၍ ဖယ်ရှားကာ အပြင်သို့ ခိုးထွက်ခဲ့ခြင်း ဖြစ်သဖြင့် သူမအား ချီယန်က အပြစ်ပေးခဲ့သလားရှသျှင် တွေးမိ၏။
သူသည် ခေတ္တ စဉ်းစားပြီးနောက် “မင်း နာမည် ဘယ်သူလဲ?” မေးလိုက်သည်။
သူမက ပြုံးလျက် ပြန်ဖြေ၏။
“ဒီအစေခံမလေးရဲ့ နာမည်က ကျစ်ကွေ ပါ။ သခင်လေးကို ပြုစုဖို့ သခင်ကြီးက အထူးစေလွှတ်လိုက်တာပါ”
ကျစ်ကွေသည် သူ့အတွက် မနက်စာ ယူလာပေးခြင်း ဖြစ်ပေသည်။
ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ တင်ပြင်လာသည်နှင့်အမျှ ရှသျှင်မှာ ပို၍ စိတ်တိုလာရ၏။
မနေ့က သူ အနည်းငယ် ပိုစားခဲ့သော ဟင်းပွဲများမှာ ယနေ့တွင် ထပ်မံ ပါရှိလာသော်လည်း သူ လုံးဝ လက်မတို့ခဲ့သော ဟင်းပွဲများကိုမူ လုံးဝ မတွေ့ရတော့ချေ။
သူ၏ လှုပ်ရှားမှု တိုင်းကို ကျစ်ကွေက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။ သူမသည် သူ၏ အကြိုက်နှင့် မကြိုက်သည်ကို အကဲခတ်နေပြီး သူ၏ လုပ်ဆောင်ချက် တိုင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ရန် ကြိုးစားနေခြင်း ဖြစ်၏။
ဤသည်မှာ အစေခံတစ်ဦး၏ တာဝန်ဖြစ်သလို... ချီယန်၏ အမိန့်လည်း ဖြစ်ပေလိမ့်မည်။
သူမအား အစေခံခေါ်သော်လည်း တကယ်တော့ သူမမှာ သူ့အား စောင့်ကြည့်နေသူ ဖြစ်ပေသည်။
သူမ၏ အကဲခတ်မှု ရလဒ်အားလုံးကိုလည်း ချီယန်ထံ တင်ပြနေမည် ဖြစ်၏။
ရှသျှင်၏ စိတ်မှာ ရုတ်တရက် အလွန် ဆိုးဝါးသွားပြီး ကိုင်ထားသော တုတ်ကို ပြန်ချလိုက်လေသည်။
“တစ်ယောက်ယောက်က ငါ့ကို စိုက်ကြည့်နေရင် ငါ ထမင်းစားလို့ မရဘူး”
သူသည် မိမိ၏ လေသံကို တတ်နိုင်သမျှ ထိန်းချုပ်ကာ ရန်လိုသံ မပေါက်စေရန် ကြိုးစားလိုက်၏။ မိမိ စိတ်တိုနေသည်ကို သူ သိနေပေသည်။
ကျစ်ကွေသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း တောင်းပန်ကာ အခန်းအပြင်သို့ ဆုတ်ခွာသွားခဲ့၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူမသည် တံခါးဝ၌ ရပ်တန့်ကာ ထိုထက် ပို၍ မဝေးတော့ချေ။
စားပွဲပေါ်ရှိ ပဲနီလေး ဆန်ပြုတ်မှာ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေပေသည်။
ရှသျှင်သည် ဇွန်းဖြင့် တစ်ဇွန်းခပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မြိန်ယှက်စွာ ဝါးစားနေမိ၏။
သို့သော် သူ၏ စိတ်ထဲတွင်မူ စိုးရိမ်မှုများ ပြည့်နှက်နေသဖြင့် မည်သည့် အရသာကိုမျှ မခံစားရချေ။ ဤသည်မှာ အစားအသောက်များကို ဖြုန်းတီးနေခြင်းသာ ဖြစ်ပေသည်။
သူသည် လင်နန်တွင် အစ်ကိုကြီးနှင့် ရှိနေစဉ်က နေ့ရက်များကို ပြန်လည် အမှတ်ရမိ၏။ ထိုစဉ်က ဆန်တစ်လက်ဆုပ်စာ ရရှိရန်အတွက် ပူပြင်းသော နေပူအောက်တွင် လပေါင်းများစွာတိုင်အောင် လယ်ကွင်းထဲ၌ ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရပေသည်။
သူတို့ နှစ်ဦးစလုံးမှာ ထိုဆန်ကို စားရန် မရက်စက်ကြသဖြင့် ဆန်အိုးထဲတွင်သာ အမြတ်တနိုး ထည့်ထားခဲ့ကြ၏။
တောက်ကျိုး၏ ရာသီဥတုမှာ အလွန် စိုစွတ်လွန်းလှသဖြင့် ထိုဆန်များမှာ ရက်အနည်းငယ်အတွင်းမှာပင် မှိုတက်သွားခဲ့ရပေသည်။
ဆန်များပေါ်တွင် ပေါက်နေသော အမွေးအဖြူများကို ကြည့်ရင်း ညီအစ်ကို နှစ်ဦးမှာ စားရန် မဝံ့ကြသဖြင့် အိုးနှင့်တကွ လွှင့်ပစ်ခဲ့ရဖူး၏။
ယခုအခါတွင်မူ သူသည် အကောင်းဆုံးသော ဆန်များကို စားနိုင်နေသော်လည်း အရသာ မရှိသကဲ့သို့ ခံစားနေရပေသည်။
ရှသျှင်သည် မိမိကိုယ်မိမိ ပြုံးပြကာ ခေါင်းခါလိုက်မိ၏။
ထိုစဉ် ဝင်းအပြင်ဘက်တွင် ဆူညံသော လှုပ်ရှားမှုများ ဖြစ်ပေါ်လာပေသည်။ သူ မျက်လုံးကို မမော့မိခင်မှာပင် အမျိုးသမီးတစ်ဦး၏ ချိုမြိန်ကြည်လင်သော ရယ်မောသံကို တစ်နေရာမှ ကြားလိုက်ရ၏။
သူက ကျစ်ကွေအား မေးလိုက်သည်။ “အိမ်တော်ထဲမှာ အမျိုးသမီး ဆွေမျိုးတွေ ရှိနေလို့လား?”
ကျစ်ကွေက အံ့အားသင့်သွားဟန်ဖြင့် ဆို၏။
“မရှိပါဘူး၊ သခင်ကြီးရဲ့ အိမ်တော်မှာ အစေခံမလေးတွေကလွဲရင် အမျိုးသမီး မရှိပါဘူး။ အခု ရောက်လာတဲ့သူက ကျန်းနင်းခရိုင် နယ်စားမင်း မိသားစုက ပဉ္စမမြောက် သခင်မလေးပါ။ သူမရဲ့ နာမည်က ချန်ကျင့်ယင်း လို့ ခေါ်ပါတယ်”