Qin Yi သည် ဆေးရုံစင်္ကြံလမ်းတွင် ရပ်နေခဲ့သည်။ သူ့စိတ်ထဲမှာတော့ ဒီအခြေအနေက ဘယ်လိုလုပ်ပြီး ဖြစ်လာခဲ့ရတာလဲဟု တွေးနေမိသည်။
ခုနကပဲ သူ ယဲ့မင်ကို ရှာတွေ့ခဲ့တာလေ။ ယဲ့မင်ကို ဆုံးမဖို့တောင် အချိန်မရသေးဘူး။ သူ့ကို လိမ်ညာခဲ့မိတာအတွက် နောင်တရသွားအောင် လုပ်ဖို့တောင် မစရသေးဘူး။ ဒါပေမဲ့ ဘယ်လိုကနေ ဘယ်လိုဖြစ်သွားမှန်းမသိဘဲ သူတို့နှစ်ယောက်က ဒီနေရာကို ရောက်လာခဲ့ကြသည်။
Qin Yi က မျက်လုံးတွေကို မှိတ်လိုက်သည်။ သူ့မျက်စိရှေ့တွင် ယဲ့မင် သွေးအန်နေသည့်ပုံရိပ်က တဖျပ်ဖျပ် ပေါ်လာသည်။
မဟုတ်ဘူး… ဒါက သူထင်နေသလိုမျိုး လုံးဝမဖြစ်နိုင်ဘူး။
ဆရာဝန်တွေက လက်ရှိမှာ ယဲ့မင်ကို စစ်ဆေးမှုတွေ ပြုလုပ်နေကြသည်။ မကြာခင်မှာပဲ ရလဒ်ထွက်လာတော့မည်။ ယဲ့မင်မှာ ဘာမှမဖြစ်လောက်ပါဘူး။ သူက အပြစ်ပေးခံရတာကို ရှောင်ချင်လို့ အောက်တန်းကျတဲ့ လှည့်ကွက်တစ်ခုခု သုံးနေတာပဲ ဖြစ်ရမည်။
Qin Yi က လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်သည်။
အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ်၊ တစ်စက္ကန့်ပြီးတစ်စက္ကန့် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ အချိန်တွေက အလွန်နှေးကွေးလွန်းလို့ သည်းခံဖို့တောင် မဖြစ်နိုင်တော့ပေ။
နောက်ဆုံးတော့ ဆရာဝန်က အခန်းထဲမှ ထွက်လာခဲ့သည်။ သူက မျက်မှန်ကို ပြင်တပ်ရင်း မေးလာသည်။
“မစ္စတာ Qin၊ လူနာရဲ့ မိသားစုဝင်လားခင်ဗျာ။”
Qin Yi က ခဏတာ ကြောင်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ဆရာဝန့်မျက်နှာပေါ်မှာ ဝမ်းနည်းအားနာနေသည့် အရိပ်အယောင်တွေ ပြည့်နှက်နေသည်။
“စစ်ဆေးမှုရလဒ်အရ လူနာမှာ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေပါတယ်။”
ဘာကြောင့်မှန်းမသိ၊ ဒီအဖြေကို ကြားလိုက်ရတဲ့အခါ Qin Yi က အံ့ဩတုန်လှုပ်သွားခြင်း မရှိခဲ့ပေ။ သူ့ကိုယ်သူ သေဒဏ်ချမှတ်ခံထားရပြီးသား အကျဉ်းသားတစ်ယောက်လို ခံစားလိုက်ရသည်။ အခုတော့ နောက်ဆုံးမှာ သေဒဏ်စီရင်မည့်နေရာကို ရောက်လာခဲ့ပြီဖြစ်သည်။ အရင်က သူ ခံစားခဲ့ရသည့် ပူပန်သောကတွေနဲ့ စောင့်ဆိုင်းမှုတွေကလည်း ဒီလမ်းဆုံးဆီကို ပို့ဆောင်ပေးဖို့အတွက်သာ ဖြစ်ခဲ့သလိုပင်။
ဒါပေမဲ့ သေခါနီးလူတစ်ယောက်တောင် နောက်ဆုံးအကြိမ်လောက်တော့ ရုန်းကန်ကြည့်ချင်နေတတ်သည်။
Qin Yi က ဆရာဝန်ကို စိုက်ကြည့်ရင်း အသံအက်အက်ဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ အရင်တုန်းက သူ့မှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး…”
ဆရာဝန်က ခဏလောက် စဉ်းစားပြီး ပြန်ပြောသည်။
“ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရဆိုရင် လူနာက ဒီရောဂါဖြစ်နေတာ အတော်ကြာနေပါပြီ။ ဒါပေမဲ့ လူနာရဲ့ အခြေအနေက တည်ငြိမ်နေပြီး ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေတယ်ဆိုရင်၊ ဒါ့အပြင် သူကိုယ်တိုင်က တခြားသူတွေ မသိစေချင်ဘူးဆိုရင် ရောဂါကို ဖုံးကွယ်ထားလို့ ရပါတယ်။ အခုလို ရုတ်တရက် အခြေအနေဆိုးလာရတဲ့ အကြောင်းရင်းကတော့ မကြာသေးခင်က သူ့ရဲ့ စိတ်အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတော့ ပြင်ပအကြောင်းအရင်းတွေကလည်း ရောဂါအခြေအနေကို အကြီးအကျယ် သက်ရောက်စေနိုင်တာပဲလေ။ ဘယ်လိုအခြေအနေမျိုးမဆို ဖြစ်လာနိုင်တာမို့ တစ်ပုံစံတည်း သတ်မှတ်လို့တော့ မရပါဘူး။”
Qin Yi ရဲ့မျက်နှာက သွေးရောင်လုံးဝမရှိတော့ပေ။ လက်သည်းတွေကလည်း လက်ဖဝါးထဲအထိ စိုက်ဝင်သွားသည်။
ဒါဆို ဆရာဝန်ပြောချင်တာက… ယဲ့မင်ရဲ့အခြေအနေ ရုတ်တရက် ဆိုးရွားသွားရတာဟာ သူ့ကြောင့်ပေါ့။
တစ်ခဏအတွင်းမှာပင် အေးစက်တဲ့စိမ့်တုန်မှုတစ်ခုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။
Qin Yi က မျက်လုံးတွေကို မှိတ်လိုက်ပြီး ပြောသည်။
“သူ့ကို အတတ်နိုင်ဆုံး ကုသပေးလို့ရမလား။ ခင်ဗျားတို့ ဘာလိုချင်လဲဆိုတာသာ ပြောပါ။ ကျွန်တော် ပေးနိုင်တာမှန်သမျှ ပေးပါ့မယ်။”
ဆရာဝန်က Qin Yi ဟာ ဆင်းရဲတဲ့သူ မဟုတ်ဘူးဆိုတာကို သိသာစွာ ခန့်မှန်းနိုင်သည်။ ဒါပေမဲ့ သူက သက်ပြင်းသာ ချလိုက်သည်။
“ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်။ ဒါပေမဲ့ အကောင်းဆုံးဆေးဝါးတွေနဲ့ အဆင့်မြင့်ဆုံး ကိရိယာတွေကို သုံးရင်တောင် အချိန်ကို နည်းနည်းဆွဲဆန့်ပေးနိုင်ရုံပဲဆိုတာတော့ သိထားရပါမယ်။ စောစောသိခဲ့ရင် မျှော်လင့်ချက်တချို့ ရှိကောင်းရှိနိုင်ပေမဲ့ အခုအချိန်မှာတော့ အခြေအနေက အတော်လေး ဆိုးရွားနေပါပြီ။”
Qin Yi က ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် နားလည်ပါတယ်။”
ဆရာဝန်ဟာ နေ့တိုင်းလိုလို သေဆုံးမှုတွေကို မြင်တွေ့နေရပြီး အဲဒီအရာတွေကို ကျင့်သားရနေပြီဖြစ်သော်လည်း Qin Yi ကို ကြည့်ပြီး သနားစိတ်အနည်းငယ်တော့ ဖြစ်မိသေးသည်။ သူက ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ။ လူနာက အခု အိပ်ပျော်နေပါတယ်။ ဒါပေမဲ့ ဝင်ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ဘက်က သင့်တော်တဲ့ ကုသမှုအစီအစဉ်ကို ဆက်လက်ပြင်ဆင်ပါ့မယ်။ စိတ်ချထားပါ။”
Qin Yi က ကျေးဇူးတင်စကားပြောပြီးနောက် လှည့်ကာ လူနာခန်းဆီသို့ လျှောက်သွားခဲ့သည်။
လူငယ်လေးက ကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေသည်။ ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်တွေက သူ့ကိုယ်ပေါ် ဖြာကျနေပြီး ဖြူဖျော့နေတဲ့ အသားအရေက နေရောင်အောက်က ဖန်သားလို တောက်ပနေသည်။
Qin Yi က ရုတ်တရက် သူ့အနားကို မသွားရဲတော့ပေ။ သူသာ အထဲဝင်သွားလိုက်ရင် အဲဒီလူက ဆပ်ပြာပူဖောင်းလို ပျောက်ကွယ်သွားမှာကို ကြောက်နေမိသည်။ အိပ်မက်ထဲမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရသည့် ယဲ့မင်လိုပင်။ သူ ဘယ်လောက်ပဲ ကြိုးစားဆုပ်ကိုင်ချင်ပါစေ လက်လှမ်းမမီနိုင်ခဲ့သည့် ယဲ့မင်။
အချိန်အတော်ကြာပြီးမှ Qin Yi က နောက်ဆုံးတော့ ဖြည်းဖြည်းချင်း အခန်းထဲ ဝင်လာခဲ့သည်။ သူက မျက်လွှာချကာ အိပ်ပျော်နေတဲ့လူကို စိုက်ကြည့်နေသည်။
မင်းကို နောင်တရခြင်းရဲ့ အရသာ ဘယ်လောက်ခါးသလဲဆိုတာတောင် မခံစားစေရသေးဘူး။ ငါ့ကို ထားသွားခဲ့တဲ့အတွက် နောင်တရအောင်လည်း မလုပ်ရသေးဘူး။ အရင်တုန်းက ငါခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကိုလည်း မင်းကို ပြန်မခံစားစေရသေးဘူး။ အခုတော့ သေချင်နေပြီလား။
ဒီလိုဆိုရင်… ငါ မင်းကို ဘယ်လိုလုပ်ပြီး လက်စားချေရတော့မှာလဲ။
【ဒင်! Qin Yi ၏ စိတ်မည်းညစ်မှုတန်ဖိုး -၂၀။ လက်ရှိ စိတ်မည်းညစ်မှုတန်ဖိုးမှာ ၅၀ ဖြစ်သည်။】
Qin Yi က လက်ကိုဆန့်ထုတ်ပြီး ယဲ့မင်ရဲ့နဖူးကို ညင်သာစွာ ထိလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေကို ထိကပ်လိုက်သည်။ သူ့နဖူးက ယဲ့မင်ရဲ့နဖူးကို ထိနေပြီး နှာခေါင်းကလည်း နှာခေါင်းကို ထိနေသည်။ သူက မျက်လုံးတွေကို မှိတ်ထားရင်း အဲဒီအတိုင်း မလှုပ်မယှက် နေခဲ့သည်။
သူက တစ်ဖက်လူရဲ့ အသက်ရှူသံကို ခံစားနေရသေးသည်။ အသားအရေရဲ့ နွေးထွေးမှုကိုလည်း ခံစားနေရသည်။ ဒီလူဟာ… အခုထိ အသက်ရှင်နေသေးတယ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိနေသည်။
ဒါပေမဲ့ အဲဒီလူက သေခြင်းတရားဆီကို ဦးတည်နေတဲ့လမ်းပေါ် ရောက်နေပြီဖြစ်ပြီး သူကတော့ တားဆီးနိုင်စွမ်းမရှိပေ။
ဒီတစ်ကြိမ်မှာတော့ Qin Yi ဟာ ဒီလူက သူ့ကို ထားသွားတော့မယ်ဆိုတာကို လုံးဝရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းကနဲ့ မတူတော့ပေ။ အဲဒီအချိန်တုန်းက ဒီလူဟာ သူမသိတဲ့ တစ်နေရာရာမှာ အသက်ရှင်နေထိုင်နေဆဲဖြစ်သည်။ သူ့ဆီက ပိုက်ဆံတွေကို ယူသွားခဲ့ပြီး စိတ်ပူစရာမလိုဘဲ ကောင်းကောင်းမွန်မွန် နေထိုင်နေလောက်သည်။ ဖြစ်ချင်တော့ ချစ်သူအသစ်တောင် ရှိနေနိုင်သေးသည်။
လွန်ခဲ့တဲ့ နှစ်လကနဲ့လည်း မတူပေ။ အဲဒီတုန်းက ဖြစ်ခဲ့တာက မတော်တဆမှုတစ်ခုသာ ဖြစ်သည်။ သူသာ ယဲ့မင်ကို ကောင်းကောင်းကာကွယ်ပေးထားရင် အဲဒီလို မတော်တဆမှုမျိုး ထပ်ဖြစ်လာမှာ မဟုတ်ပေ။
【ဘာသာပြန်မှတ်ချက် — ယဲ့မင် အဖျားကြီးခဲ့သည့် အဖြစ်အပျက်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။】
ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ အရင်အကြိမ်တွေနဲ့ လုံးဝမတူတော့ပေ။
ဒီလူဟာ သူ့ဘေးမှာ ရှိနေသေးပေမဲ့ တဖြည်းဖြည်းနဲ့ သူ့ဆီကနေ ထွက်ခွာသွားတော့မည်။ ဒီတစ်ကြိမ်မှာတော့ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ပေ။
လက်တစ်ဆုပ်စာ သဲကို ဆုပ်ကိုင်ထားသလိုပင်။ ဘယ်လောက်ပဲ တင်းတင်းဆုပ်ထားပါစေ သဲတွေက လက်ချောင်းကြားကနေ တဖြည်းဖြည်း လျှောကျသွားမှာပဲဖြစ်သည်။
Qin Yi က သူ့မျက်လုံးတွေ ယားယံလာသလို ခံစားလိုက်ရသည်။
မင်းက ဘယ်လိုလုပ်ပြီး… ဒီလိုမျိုး ထွက်သွားနိုင်ရတာလဲ။
မင်း ငါ့ကို ပြန်ပေးဆပ်ရမယ့် အကြွေးတွေတောင် မဆပ်ရသေးဘူးလေ။
ဒါကြောင့် မင်းကို သေခွင့်မပေးဘူး။
ယဲ့မင်ဟာ တစ်နေ့လုံး အိပ်ပျော်နေပြီးမှ နိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည့်အခါ သန့်ရှင်းကျယ်ဝန်းပြီး အလင်းရောင်ကောင်းကောင်းရသည့် ဇိမ်ခံသီးသန့်ဆေးရုံခန်းတစ်ခုထဲမှာ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ခဏတာအတွင်း သူ့မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်သည့် အမူအရာတစ်ခု ပေါ်လာသည်။ ဒါပေမဲ့ သူ့ခံစားချက်ကို မဖော်ပြရသေးခင်မှာပဲ 888 ရဲ့ ဒေါသတကြီးအသံကို ကြားလိုက်ရသည်။
【888 က အေးစက်စွာ ရယ်လိုက်သည်။ “မင်း ဒီနည်းလမ်းက အလုပ်ဖြစ်မယ်လို့ ငါ့ကို ကျိန်ပြီးတောင် ကတိပေးခဲ့တယ်မဟုတ်လား။ အခုတော့ စိတ်မည်းညစ်မှုတန်ဖိုးက ၂၀ ပဲ လျော့သွားတယ်!”】
ယဲ့မင်က နားကို ပွတ်လိုက်သည်။ မကြာသေးခင်ကစပြီး 888 ရဲ့အသံက တဖြည်းဖြည်း ပိုကျယ်လာသလို ခံစားနေရသည်။
【ယဲ့မင် — “ငါက သူ့ရဲ့ စိတ်မည်းညစ်မှုတန်ဖိုး လျော့သွားအောင် လုပ်ပေးမယ်လို့ပဲ ကတိပေးခဲ့တာလေ။ ၂၀ လျော့သွားတာလည်း လျော့သွားတာပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အလုပ်မဖြစ်ဘူးလို့ ပြောနိုင်ရတာလဲ။ လူတစ်ယောက်က ထမင်းတစ်နပ်စားရုံနဲ့ ဝိတ်တက်ပြီး ဝဖြိုးလာတာမှ မဟုတ်တာ။ ဖြည်းဖြည်းချင်း လုပ်ယူရတာပေါ့။”】
【888 — “မင်းက မစ်ရှင်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ!”】
【ယဲ့မင် — “ဒါပေါ့၊ ငါ ပြီးမြောက်အောင် လုပ်မှာပဲ။ အခု Qin Yi ရဲ့ စိတ်မည်းညစ်မှုတန်ဖိုး အများကြီးမလျော့သေးတာက ငါ့ရောဂါနဲ့ သူ့ကို ထားသွားခဲ့ရတဲ့ အကြောင်းရင်းကို သူ မဆက်စပ်မိသေးလို့ပဲ။ နောက်ဆုံးတော့ ငါ ဘယ်အချိန်ကစပြီး နေမကောင်းဖြစ်ခဲ့တာလဲဆိုတာ သူလည်း သေချာမသိဘူးလေ။ ဒီလို အဓိပ္ပာယ်မရှိသလို ထင်ရတဲ့အရာမျိုးကို ချက်ချင်းကြီး ဆက်စပ်မိဖို့ဆိုတာ မလွယ်ဘူး။\*\*
သူ့မှာ စိတ်မည်းညစ်မှုတန်ဖိုး နည်းနည်းကျန်နေသေးတယ်ဆိုတာနဲ့ ငါ့ကို လက်စားချေချင်နေသေးတယ်လို့ မဆိုလိုဘူး။ သူ့ရင်ထဲမှာ မပြေလည်သေးတဲ့ အတိတ်ကိစ္စတချို့ ကျန်နေသေးတာပဲ။”】
【ယဲ့မင် — “ငါ သူ့ကို ‘အမှန်တရား’ ကို ဖြည်းဖြည်းချင်း သိလာအောင် လုပ်ပေးမယ်။ အဲဒီအခါကျရင် စိတ်မည်းညစ်မှုတန်ဖိုးက သဘာဝအတိုင်း ထပ်လျော့လာမှာပဲ။”】
【888 — “ဟဲဟဲ။”】
【ယဲ့မင် — “သခင်ရှစ်၊ စိတ်ချထားပါ။ မင်းရဲ့ရင်းနှီးမြှုပ်နှံမှုက မှားယွင်းတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးဆိုတာ ငါ သက်သေပြပေးမယ်။ ^_^”】
ထပ်မပြောနဲ့တော့။ ငါ့လက်ကိုတောင် ဖြတ်ပစ်ချင်လာပြီ။ 888 က စိတ်ထဲမှာ တွေးလိုက်သည်။
ယဲ့မင်က ကုတင်ပေါ်မှ ထပြီး တံခါးဆီ လျှောက်သွားကာ အပြင်ဘက်ကို ကြည့်လိုက်သည်။ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားပြီး နေကာမျက်မှန်တပ်ထားတဲ့ ခန္ဓာကိုယ်တောင့်တင်းသန်မာသော လူကြီးနှစ်ယောက်က အပြင်မှာ ရပ်နေကြသည်။
သူက မျက်နှာထားမပြောင်းဘဲ တံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ဆီ လျှောက်သွားပြီး ဖွင့်လိုက်ကာ အောက်ကို ငုံ့ကြည့်သည်။ အောက်ထပ် မြက်ခင်းပြင်ပေါ်မှာလည်း အဝတ်အစားဆင်တူ ဝတ်ထားတဲ့ လူကြီးနှစ်ယောက်က သူ့ကို မျက်နှာဖြီးဖြီးနဲ့ မော့ကြည့်နေကြသည်။
ယဲ့မင် — “……”
【ယဲ့မင် — “ကြည့်ရတာ ငါ့ရဲ့ Qin Yi က ပိုဉာဏ်ကောင်းလာပြီထင်တယ်။ ငါ နောက်တစ်ခါ ထပ်ထွက်ပြေးသွားမှာကို စိုးရိမ်နေတာနဲ့ တူတယ်~”】
888 က သူ့စကားကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
ပိုက်ဆံပေးတဲ့သူက အကြီးအကဲပဲဖြစ်တာကြောင့် ယဲ့မင်ကလည်း 888 ရဲ့ သည်းခံနိုင်စွမ်းကို မစမ်းသပ်ချင်ပေ။ ဒါကြောင့် နာခံစွာနဲ့ သူ့ကို ထပ်မနှောင့်ယှက်တော့ဘဲ ထားလိုက်သည်။
ယဲ့မင်ဟာ ဆေးရုံခန်းထဲကနေ ထွက်လို့မရတော့ပေ။
888 က အလုပ်ပြုတ်သွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး သူ့လုပ်ရပ်တွေကို နောင်တရနေပြီ ဖြစ်နိုင်တာကို ထည့်စဉ်းစားလိုက်ရင် ယဲ့မင်အပေါ် အနည်းငယ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာကလည်း နားလည်ပေးလို့ရသည်။ ဒါကြောင့် ယဲ့မင်အနေနဲ့ အလုပ်ကို မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုလာပြီဖြစ်သည်။
သူ့ရဲ့ ခန့်မှန်းချက်အရ Qin Yi က မကြာခင် ရောက်လာတော့မည်။
တကယ်လည်း Qin Yi က အလွန်လျင်မြန်စွာ ရောက်လာခဲ့သည်။
ယဲ့မင်က အခန်းတံခါးကို ပထမဆုံးအကြိမ် ဖွင့်လိုက်ကတည်းက လုံခြုံရေးဝန်ထမ်းက Qin Yi ဆီ ချက်ချင်း အကြောင်းကြားပြီး ယဲ့မင် နိုးလာပြီဖြစ်ကြောင်း ပြောခဲ့သည်။ အဲဒီအချိန်တုန်းက Qin Yi ဟာ အစည်းအဝေးတစ်ခု တက်ရောက်နေဆဲဖြစ်သည်။
Qin Yi က လွန်ခဲ့တဲ့ သုံးနှစ်က ကုမ္ပဏီကို ပြန်ရောက်လာကတည်းက သူ့ပတ်ဝန်းကျင်က လူတွေရဲ့ အမြင်မှာ အမြဲတမ်း စည်းကမ်းတကျ၊ တိတိကျကျနဲ့ တာဝန်ယူတတ်သူတစ်ယောက် ဖြစ်ခဲ့သည်။ သူဟာ လက်အောက်ငယ်သားတွေဆီကနေ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် မျှော်လင့်တတ်သည့် တင်းကျပ်သော အထက်လူကြီးတစ်ယောက်လည်း ဖြစ်သည်။
ဒါပေမဲ့ ဒီနေ့မှာတော့ သူဟာ အစည်းအဝေးအတွင်း ကိုယ်ရေးကိုယ်တာဖုန်းကို လက်ခံဖြေဆိုခဲ့ရုံတင်မကဘဲ အစည်းအဝေးကိုလည်း ချက်ချင်း ရပ်နားလိုက်ပြီး ထွက်သွားခဲ့သည်။ အဲဒီမြင်ကွင်းကြောင့် အဆင့်မြင့်အုပ်ချုပ်ရေးပိုင်းက လူတွေအားလုံး မျက်လုံးပြူးသွားကြသည်။
သူတို့ မသိလိုက်ရတဲ့ အရေးကြီးကိစ္စတစ်ခုခု မကြာသေးခင်က ဖြစ်ပျက်နေခဲ့တာများလား။
Qin Yi က တခြားသူတွေရဲ့ အမြင်ကို လုံးဝဂရုမစိုက်ဘဲ ဆေးရုံဆီ တန်းတန်းမတ်မတ် သွားခဲ့သည်။
သူ တံခါးဖွင့်ဝင်လိုက်သည့်အခါ ယဲ့မင်က ကုတင်ပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်မှာ ပျင်းရိငြီးငွေ့နေတဲ့ အမူအရာတစ်ခု ရှိနေသည်။ Qin Yi ကို မြင်လိုက်ရသည့်အခါမှာလည်း အံ့ဩသွားတာမျိုး၊ ကြောက်လန့်သွားတာမျိုး မရှိပေ။ အလွန်တည်ငြိမ်နေသည်။
Qin Yi က ယဲ့မင်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက်ပဲ သူ ကြိုတင်ပြင်ဆင်ထားခဲ့သမျှ စကားလုံးတွေဟာ အားလုံး ပျောက်ကွယ်သွားခဲ့သည်။
သူက မေးလိုက်သည်။
“မင်း သိပြီးပြီမဟုတ်လား။”
ယဲ့မင်က ခေါင်းညိတ်ပြီး ဝန်ခံလိုက်သည်။
Qin Yi က သူ့ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲက ခံစားချက်တွေကို ဖိနှိပ်ထားဖို့တောင် ခက်ခဲနေခဲ့သည်။
သူက ယဲ့မင်ကို ဒီအကြောင်း ဘယ်လိုပြောပြရမလဲဆိုတာ စိုးရိမ်ပူပန်နေခဲ့တာ မဖြစ်သင့်ဘူး။ ဒီကိစ္စအတွက် အတော်ကြာအောင် စိတ်ပင်ပန်းခဲ့ရပေမဲ့ ယဲ့မင်ကို မြင်လိုက်တာနဲ့ အဲဒါတွေအားလုံး မလိုအပ်တော့ဘူးဆိုတာ သူ နားလည်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်ရဲ့ အခြေအနေကို ယဲ့မင်ကိုယ်တိုင်ထက် ပိုသိတဲ့သူ ရှိနိုင်ပါ့မလား။
တကယ်တော့ မသိခဲ့တာက သူတစ်ယောက်တည်းသာ ဖြစ်သည်။
Qin Yi က တံတွေးမျိုချလိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။
“မင်း ဘယ်အချိန်ကတည်းက သိခဲ့တာလဲ။ ဘာလို့… ငါ့ကို မပြောခဲ့တာလဲ။”
ယဲ့မင်က ပြုံးလိုက်သည်။ သူ့အသံက တည်ငြိမ်နေသည်။
“နိုင်ငံခြားကို ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သိခဲ့တာ။”
သူ ခဏရပ်လိုက်ပြီး မျက်လုံးနက်နက်တွေနဲ့ Qin Yi ကို ကြည့်လိုက်သည်။
“ငါ ဘာလို့ မင်းကို မပြောခဲ့တာလဲဆိုတော့… မင်းသိပြီးသား မဟုတ်ဘူးလား။ ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ။ ငါ့အပြစ်နဲ့ငါ ထိုက်တန်တဲ့အကျိုးဆက်ကို ခံစားနေရတာပဲဆိုပြီး မင်းလှောင်ရယ်ဖို့လား။”
Qin Yi ရဲ့ လက်နှစ်ဖက်က တင်းတင်းဆုပ်မိသွားသည်။ သူ့ရဲ့ စိတ်ဆန္ဒအားလုံးကို အသုံးပြုပြီး စိတ်ထဲက တွန်းအားတွေကို အတင်းဖိနှိပ်ထားရသည်။
ဘာလို့ ငါ့ကို မပြောခဲ့တာလဲ… မင်းသာ ပြောပြခဲ့ရင် ငါ မင်းကို ဒီလိုဆက်ဆံခဲ့မှာ မဟုတ်ဘူး။ မင်းကို အရင်ကတည်းက ကုသမှုခံယူနိုင်အောင် ကူညီပေးခဲ့မှာပေါ့။
မှန်တယ်… ငါ မင်းကို မုန်းတယ်။ ဒါပေမဲ့ မင်းကို သေသွားစေချင်တာ မဟုတ်ဘူး။
ငါ မင်းကို အသက်ရှင်စေချင်တယ်။
Qin Yi က အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ ရင်ဘတ်ထဲမှာ အသက်ရှူကျပ်သလို ခံစားနေရသည်။ နောက်ဆုံးမေးခွန်းတစ်ခုကို မေးလိုက်သည်။
“ဒါဆို ပိုက်ဆံကရော။ အဲဒီတစ်သန်းကို ဘာလို့ ဆေးကုဖို့ မသုံးခဲ့တာလဲ။”
ဆရာဝန်ပြောခဲ့တာက ယဲ့မင်သာ စောစောကုသမှုခံယူခဲ့ရင် မျှော်လင့်ချက်ရှိနိုင်သေးတယ်ဆိုတာပဲ။
ယဲ့မင်ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။ သူက အကူအညီမဲ့သလို ပြုံးပြီး ပြောလိုက်သည်။
“ငါ ဆေးမကုခဲ့ဘူးလို့ မင်း ဘယ်လိုသိတာလဲ။ သေချာပေါက် အဲဒီပိုက်ဆံအားလုံးကို ဆေးကုဖို့ သုံးခဲ့တာပေါ့။ မဟုတ်ရင် ငါက ဘာလို့ ဒီအခြေအနေအထိ ရောက်လာရမှာလဲ။”
သူ့ရင်ထဲမှာ တစ်စုံတစ်ရာ ခံစားချက်တွေ တဖြည်းဖြည်း လှုပ်ခတ်လာသလိုပင်။ ခဏကြာပြီးနောက် သူက တိုးတိုးလေး ပြောလိုက်သည်။
“ဒါကြောင့်… ဒါက ငါလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ခံရတာပဲ ထင်ပါတယ်။”
ယဲ့မင်ရဲ့ “အပြစ်အတွက် ပြန်ခံရတာ” ဆိုတဲ့ စကားကြောင့် Qin Yi ရဲ့ ဒေါသက ချက်ချင်း ထပေါက်ကွဲသွားသည်။ သူက ခြေလှမ်းကြီးတွေနဲ့ ရှေ့တိုးလာပြီး ဒေါသတကြီး မျက်လုံးတွေနဲ့ ယဲ့မင်ကို စိုက်ကြည့်လိုက်သည်။
“အပြစ်အတွက် ပြန်ခံရတာ ဟုတ်လား။ ကြည့်ရတာ မင်းလိုလူမျိုးက ဒီလိုအကျိုးဆက်ကို ခံထိုက်တယ်ဆိုတာ မင်းကိုယ်တိုင်တောင် သိနေတာပဲ!”
ယဲ့မင်ရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားသည်။ ထို့နောက် သူက တိုးတိုးလေး ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါ သိပါတယ်။ အခု မင်းကျေနပ်ပြီလား။ ငါ့ကို လွှတ်ပေးလို့ ရပြီလား။”
Qin Yi က သွားတွေကို ကြိတ်လိုက်သည်။
“အိပ်မက်မက်မနေနဲ့!”
ယဲ့မင်က ခါးသီးစွာ ပြုံးလိုက်သည်။
“ငါ့ကို ဆက်ချုပ်ထားလည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ မင်းဆီက ယူထားတဲ့ ပိုက်ဆံကို ငါ ဘယ်တော့မှ ပြန်ဆပ်နိုင်တော့မှာ မဟုတ်ဘူးထင်တယ်…”
Qin Yi က သူ့ကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးမှ အေးစက်စွာ မေးလိုက်သည်။
“မင်း သေချင်နေတာလား။”
ယဲ့မင်က နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး မျက်နှာလွှဲလိုက်သည်။
မင်းပြောတာ မမှားဘူး။ ငါ သေချင်တယ်။ မင်းမမြင်နိုင်တဲ့ နေရာတစ်ခုမှာ သေသွားချင်တယ်။ အစကတည်းက ငါ ဒီလိုလုပ်ခဲ့သင့်တာ။ အခုတော့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်ရောက်လာရုံပဲ။
Qin Yi က ကိုယ်ကို ငုံ့ချလိုက်သည်။ ယဲ့မင်ရဲ့ မျက်နှာကို သူ့ဘက်သို့ လှည့်စေပြီး မျက်လုံးနီရဲရဲတွေနဲ့ စိုက်ကြည့်လိုက်သည်။ ထို့နောက် စကားလုံးတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်း ပြန်ကောင်းလာရမယ်။ မင်း ငါ့ဆီက ယူထားတဲ့ အကြွေးတွေကို ပြန်မဆပ်မချင်း သေဖို့တောင် မစဉ်းစားနဲ့။”
“မင်း သေသွားရင်တောင်… ငါ့ဘေးကနေ ထွက်သွားနိုင်မယ်လို့ မထင်နဲ့!”