Chapter 11
အခန်း (၁၁) သူရဲကောင်းတစ်ဦး၏ ကြီးမြတ်မှုက ထာဝရ
တစ်ချိန်က တိုက်ပွဲမြေပြင်သည် အသက်မဲ့သော ကိုယ်ခန္ဓာများဖြင့် ပြည့်နှက်နေ၏။ လီမု၏ အမိန့်သံတစ်ချက်ဖြင့် စစ်မြေပြင်ကို ရှင်းလင်း၍ ရှေ့ဆက်တိုးရန် ပြင်ဆင်လိုက်ကြသည်။ တစ်ချက်လွှတ်အမိန့်မှာ ညမမှောင်မီ တပ်စခန်းချမည့်နေရာသို့ ရောက်ရှိရမည် ဖြစ်၏။
လင်ဝမ်ယွဲ့သည် သူမ၏ လှံရှည်ကို ဟန်စစ်သား၏ ကိုယ်ခန္ဓာမှ ဆွဲနုတ်လိုက်ရာ ထိုအလောင်းသည် ထောက်ကန်ထားသည့် အားမရှိတော့သဖြင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
သူမသည် သွေးများဖြင့် စေးကပ်နေသော လှံရှည်ကို ကိုင်ကာ ထိုအလောင်းကို ခြေထောက်ဖြင့် တစ်ဖက်သို့ တွန်းပို့လိုက်၏။ ထို့နောက် သစ်ပင်ကြီးတစ်ပင်ဆီသို့ လျှောက်လာခဲ့ပြီး သစ်ပင်၏ ပင်စည်တွင် သွေးစွန်းနေသည်ကို တွေ့လိုက်ရသည်။ လင်ဝမ်ယွဲ့က သူမ၏ လက်ကို ဆန့်တန်း၍ ပင်စည်ကို စမ်းသပ်ကြည့်လိုက်ရာ နက်ရှိုင်းသော ဒဏ်ရာများသည် သူမ၏ လှံရှည်ကြောင့် ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအခိုက်အတန့်တွင် လင်ဝမ်ယွဲ့၏ ရင်ထဲ၌ နောင်တတရားများ လှိုက်တက်လာသည်။ လင်ယွီသာ တစ်လှမ်းနောက်ကျခဲ့ပါက သူမ သေဆုံးရတော့မည်ဟု တွေးလိုက်မိသည်။
ထိုခံစားချက်သည် ထူးဆန်းနေကာ ကြည်နူးမှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသည့် ခံစားချက်မျိုး ဖြစ်သည်။
ကြည်နူးရသည်က သူမသည် သေမင်းလက်မှ နောက်တစ်ကြိမ် လွတ်မြောက်လာခြင်းပင် ဖြစ်သည်။
ထိုအချိန်က သူမသာ သေဆုံးခဲ့ပါက ကောင်းမွန်သော နိဂုံးတစ်ခု ဖြစ်လိမ့်မည်ဟုလည်း တွေးမိသည်။
အတွေးနှစ်မျိုးသည် လင်ဝမ်ယွဲ့၏ စိတ်ထဲတွင် လှည့်ပတ်နေပြီး အတွေးထဲ ပိတ်မိနေတော့၏။
“ဟေ့… ညီလေး၊ ငါက ဒုတိယတပ်ရင်း၊ ပဉ္စမတပ်စုက ဝမ်သာ့လီပါ!”
လင်ဝမ်ယွဲ့၏ အတွေးများ နောက်တစ်ကြိမ် ပြတ်တောက်သွားသည်။ သူမဘေးတွင် ရပ်နေသည့် သန်မာထွားကြိုင်းသော လူကြီးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူသည် ခြေလျင်တပ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သွေးများ စွန်းထင်းပေကျံနေသည့်ကြားမှ သန့်ရှင်းသပ်ရပ်နေသည်။ သူသည် ပြုံးရယ်နေပြီး သူမကို စိုက်ကြည့်နေ၏။
လင်ဝမ်ယွဲ့သည် နှာခေါင်းရှုံ့ကာ မျက်နှာလွှဲ၍ ထွက်ခွာသွားသည်။ ဝမ်သာ့လီ၏ စိတ်အားထက်သန်မှုကို သူမ ဂရုမစိုက်ပေ။
ဝမ်သာ့လီတစ်ယောက် နေရာတွင် ရပ်ကျန်ရစ်ခဲ့ပြီး အရှက်ရကာ နီရဲနေသော မျက်နှာနှင့် ဒေါသထွက်နေသော မျက်လုံးများကို လင်ဝမ်ယွဲ့ မမြင်သွားခဲ့ပေ။
စစ်မြေပြင်ကို ရှင်းလင်းခြင်းက လျင်မြန်စွာ ပြီးစီးသွား၏။ အလောင်းပုံ နှစ်ပုံမှာ အရွယ်အစားတူသော တောင်ငယ်နှစ်ခုနှယ် ထပ်တူညီနေလေသည်။ ဟန်စစ်သည်များနှင့် လီနိုင်ငံ စစ်သားများ၏ အလောင်းပုံမှာ အမြင့်ချင်း တူညီနေ၏။
လင်ဝမ်ယွဲ့သည် အလောင်းနှစ်ပုံကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် လေးလံသော ခံစားချက်များ ကြီးစိုးလာသည်။ ဤတိုက်ပွဲမှ လီနိုင်ငံသည် မည်သည့် အကျိုးအမြတ်မျှ မရရှိခဲ့ပေ။ ကျဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်မှာလည်း ထက်ဝက်နီးပါး ရှိသွားခဲ့သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် လင်ဝမ်ယွဲ့၏ ရင်ထဲတွင် အေးစက်သော လှောင်ပြောင်မှုတစ်ခု ပေါ်ပေါက်လာ၏။ တပ်စခန်းတွင် ဝမ်သာ့လီကဲ့သို့သော လူများ ရှိနေခြင်းကြောင့် ထိုမျှလောက် များပြားသော ထိခိုက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
စစ်မှန်သော စစ်သည်တော်များသည် ရှေ့တန်းမှ တိုက်ခိုက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် အခေါင်းတစ်လုံးပင် မရခဲ့ဘဲ စုပြုံသင်္ဂြိုဟ်လိုက်ရ၏။ သို့သော် စစ်ပွဲ၏ အောင်မြင်မှုကို ဝမ်သာ့လီကဲ့သို့သော လူများက ရယူသွားလေသည်။
လီမုသည် စစ်သားများအတွက် အလွန်တရာ ထည့်သွင်းစဉ်းစားပေးသည့် စစ်သူကြီးတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော တိုက်ပွဲများ ဆင်နွှဲပြီးနောက် ကျဆုံးသွားသော စစ်သားများကို တစ်ဦးချင်း သင်္ဂြိုဟ်ပေးရန် ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပေ။
နောက်မှ လိုက်လာသည့် ရိက္ခာထောက်ပို့တပ်ဖွဲ့များက ကျဆုံးစစ်သည်များ၏ ရင်ဘတ်တွင် ချိတ်ဆွဲထားသော သွေးစွန်းနေသည့် နာမည်ပြားများကို ဖြုတ်ယူကြပြီး စစ်သူကြီး လီမုက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ အလောင်းနှစ်ပုံလုံးကို မီးရှို့လိုက်ကြတော့သည်။
လင်ဝမ်ယွဲ့၏ တပ်ဖွဲ့များက ဆက်လက်ချီတက်ကြပြန်သည်။ သူမတို့၏ အနောက်ဘက်ရှိ မီးတောက်နေသော အလောင်းပုံကြီးနှစ်ခုမှ ထွက်ပေါ်လာသည့် အနံ့ဆိုးမှာ အသက်ရှင်ကျန်ရစ်သူတိုင်း၏ နှာခေါင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်။
နေမဝင်မီ လင်ဝမ်ယွဲ့၏ တပ်ဖွဲ့များက စခန်းချမည့်နေရာသို့ ရောက်ရှိလာကြသည်။ နောက်တန်းတပ်ဖွဲ့မှ စစ်သားများသည် ယခင်က စုဆောင်းထားသော နာမည်ပြားများကို သန့်စင်ပြီး တပ်စခန်းရှိ သတ်မှတ်ထားသော စင်တစ်ခုတွင် ချိတ်ဆွဲထားသည်။
လင်ဝမ်ယွဲ့သည် လူသူလာရောက်ခြင်း နည်းသော ထိုနေရာသို့ ရောက်ရှိလာပြီး နာမည်ပြားများ စီစီရီရီ ချိတ်ဆွဲထားသည့် စင်ကြီးရှေ့တွင် ထိုင်ချလိုက်သည်။ ဤသစ်သားပြားများသည် တစ်ချိန်က သက်ရှိထင်ရှား လှုပ်ရှားသွားလာခဲ့သော လူပေါင်းများစွာ ဖြစ်လေသည်။
လေတိုက်ခတ်လာသည်နှင့် စင်ပေါ်မှ နာမည်ပြားများသည် လေစီးအတိုင်း ညီညီညာညာ လှုပ်ရှားသွားကာ တချွင်ချွင် အသံလေးများ ထွက်ပေါ်နေတော့သည်။
သတ်မှတ်ထားသော နေ့ရက်ရောက်တိုင်း ဤနာမည်ပြားများကို မြို့တော်သို့ ပြန်လည်ပို့ဆောင်ရန် တစ်စုံတစ်ယောက်က ယူဆောင်သွားပြီး မိသားစုများ လာရောက်ယူဆောင်နိုင်ရန် ကြေညာသင်ပုန်းတွင် ချိတ်ဆွဲထားမည် ဖြစ်သည်။
လင်ဝမ်ယွဲ့တွင်လည်း နာမည်ပြားတစ်ခု ရှိသည်။ ၎င်း၏ ရှေ့မျက်နှာစာတွင် လင်ဝမ်ယွဲ့၏ တပ်ဖွဲ့နှင့် အမည်ကို ရေးထားပြီး၊ နောက်ကျောတွင် သာ့ဇယ် ခရိုင်၊ ချန်ကျွမ်းရွာဟု ရေးထားသည်။
သို့သော် ချန်ကျွမ်းရွာတစ်ခုလုံးတွင် လင်ဝမ်ယွဲ့ တစ်ယောက်တည်းသာ ကျန်တော့သည်ကို မည်သူမျှ မသိကြပေ။
ညနက်၍ တိတ်ဆိတ်သွားသော အချိန်များစွာတွင် လင်ဝမ်ယွဲ့သည် တိတ်တဆိတ် တဲအပြင်ထွက်၍ ကောင်းကင်မှ ကြယ်များကို ငေးကြည့်နေတတ်သည်။ သူမသည် တစ်နေ့တွင် သူမတစ်ဦးတည်းသာ ဤနာမည်ပြားကျန်တော့မည် ဆိုပါက၊ သူမ တည်ရှိခဲ့ကြောင်း ဒီသစ်သားပြားလေးက သက်သေပြနိုင်မလားဟု တွေးမိသည်။
တစ်နေ့တွင် သူမ၏ နာမည်ပြားကို မြို့ထဲရှိ ကြေညာသင်ပုန်းတွင် ချိတ်ဆွဲထားပြီး၊ သူမ မသိသော သူစိမ်းတစ်ဦးက လာရောက်သိမ်းဆည်းမည့်သူ မရှိဘဲ နေပူမိုးရွာဒဏ်ကို ခံနေရသည့် ထိုနာမည်ပြားကို မကြည့်ရက်သဖြင့် သင်္ဂြိုဟ်ပေးမလား ဟု စိတ်မကောင်း ဖြစ်စွာ တောင်စဉ်ရေမရ တွေးနေ၏။
“ကော… ကျွန်တော် ကောကို လိုက်ရှာနေတာ… ဒီမှာရှိနေတာကိုး!”
လင်ယွီသည် မြေပြင်တွင် တစ်ယောက်တည်း ထိုင်နေသော လင်ဝမ်ယွဲ့ကို အဝေးမှ လှမ်းမြင်လိုက်ပြီး၊ သူ့ရှေ့မှ နာမည်ပြားအများအပြားကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေသည်။ သူ့ရင်ထဲတွင် အနည်းငယ် ပြုံးလိုက်မိသည်။ လင်ဝမ်ယွဲ့သည် စကားနည်းပြီး မည်သူနှင့်မျှ မိတ်ဆွေမဖွဲ့တတ်သော်လည်း လင်ယွီသည် သူ့ကောမှာ မအေးစက်ကြောင်း သိထားလေသည်။
လင်ယွီသည် လီမုအား သွားတွေ့ရန် လင်ဝမ်ယွဲ့ကို လာရှာခြင်းပင် ဖြစ်သည်။ သို့သော် လင်ဝမ်ယွဲ့၏ လက်ရှိအခြေအနေကို တွေ့လိုက်ရသောအခါ တိုက်ပွဲအတွင်းမှ သူမ၏ စိတ်အခြေအနေကို သတိရမိပြီး လီမုကို သွားတွေ့မည့် ကိစ္စကို ခဏထားရန် ဆုံးဖြတ်လိုက်သည်။
လင်ယွီသည် လင်ဝမ်ယွဲ့ဘေးတွင် ထိုင်ချလိုက်ပြီး သူတို့ရှေ့မှ နာမည်ပြားများကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
လေသည် ဆက်လက်တိုက်ခတ်နေပြီး နာမည်ပြားများ၏ တချွင်ချွင်မြည်သံကိုလည်း သူ့နားထဲတွင် ဆက်တိုက်ကြားနေရသည်။ လင်ယွီ၏ ရင်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ပေါ်ပေါက်လာပြီး မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။
“ကော၊ ကျွန်တော့်နာမည်ပြားကော ဒီမှာ ချိတ်ထားခံရမှာလား”
“ဘာတွေ လျှောက်ပြောနေတာလဲ၊ မဖြစ်နိုင်တာကို မပြောနဲ့”
လင်ဝမ်ယွဲ့က ခေါင်းကို ခိုင်မာစွာ ခါယမ်းလိုက်သည်။
“ကော၊ တကယ်ပြောနေတာ… ကျွန်တော်သာ သေသွားရင်… ကျွန်တော့်ကို ဒီမှာ မချိတ်ပါနဲ့ ကျွန်တော့်အိမ်က စစ်သည်တော်မျိုးဆက်ပါ၊ ကျွန်တော့်အဖေက ခြေထောက်တစ်ချောင်းပဲ ကျန်တော့တာ… သူ့လို အိုကြီးအိုမကို ခြေထောက်တစ်ဖက်တည်း ခုန်ဆွခုန်ဆွနဲ့ ကျွန်တော့်ကို လာခေါ်ခိုင်းလို့ ဘယ်ကောင်းပါ့မလဲ”
“အဲလို မဖြစ်ဘူးလို့ ပြောနေတယ်လေ”
လင်ယွီသည် စိတ်ထဲမထားဘဲ ဆက်လက်ရယ်မောလိုက်သည်။
“ကော၊ တကယ်လို့ အဲလိုမျိုးတစ်နေ့နေ့ ရောက်လာခဲ့ရင်… ကော ကျွန်တော့်နာမည်ပြားကို သိမ်းထားပေးပါ၊ ကျွန်တော်တို့ အနိုင်ရသွားမှ ကောဘာသာ ကျွန်တော့်အဖေဆီ ပို့ပေးပါ၊ ပြီးတော့ သူ့ကိုပြောပေး… ကျွန်တော် လင်မိသားစုကို သိက္ခာမချခဲ့ဘူးလို့ ပြောပေးပါ”
လင်ယွီက ဤခေါင်းစဉ်ကို ဆက်လက် ပြောဆိုနေသည်ကို တွေ့ရသောအခါ လင်ဝမ်ယွဲ့က ပြောလိုက်သည်။
“တကယ်လို့ တစ်နေ့ကျရင် ငါ့နာမည်ကတ်ပြား ဒီပေါ်မှာ ချိတ်ထားရပြီဆိုရင်၊ မင်း ငါ့နာမည်ကတ်ပြားကို အရင်က မင်းကို ငါပြခဲ့တဲ့ သစ်သားပြားနဲ့အတူတူ သာ့ဇယ်ခရိုင်အောက်က ချန်ကျွမ်းရွာကို ယူသွားပြီး မီးရှို့လိုက်… ငါက မင်းထက်တောင် ပိုဆိုးသေးတယ်၊ ရွာတစ်ရွာလုံး သေကုန်ပြီ၊ တကယ်လို့ မင်းပါ သေသွားရင် ငါ့နာမည်ကတ်ပြားကို ဘယ်သူမှ လာယူမယ့်သူ မရှိတော့မှာ စိုးရိမ်မိတယ်၊ အဲဒါကြောင့် မင်းအသက်ရှင်ပြီး ငါ့နောက်ဆုံးကိစ္စတွေကို လုပ်ပေးရမယ်နော်”
“ထွီ ထွီ ထွီ၊ ကော… ကောကလည်းဗျာ အဲလိုကြီးမပြောပါနဲ့ ကျွန်တော် ကောကို စတာပါ၊ တကယ်မထင်ပါနဲ့… ကျွန်တော်တို့ ညီအစ်ကိုတွေ ဘယ်သူမှ မသေဘူး၊ အတူတူ ရာထူးတွေတက်မယ်၊ ကျွန်တော် မိန်းမယူပြီးရင် ကျွန်တော့်သားက ကောရဲ့သားပဲ၊ ကျွန်တော့်အဖေက ကောအဖေပဲ၊ လာလာ… ကျွန်တော်တို့ စစ်သူကြီးကို သွားတွေ့ကြရအောင်”
ပြောရင်းဆိုရင်း လင်ယွီသည် လင်ဝမ်ယွဲ့ကို မြေပြင်မှ ဆွဲထူလိုက်ပြီး သူ့တင်ပါးကို လက်တစ်ဖက်ဖြင့် ပုတ်ရင်း လီမု၏ တဲကြီးဆီသို့ ပြုံးရယ်လျက် လျှောက်သွားကြသည်။
“သတင်းပို့ပါတယ်! ခြေလျင်တပ်ခွဲ ဒုတိယတပ်ရင်း စစ်ကြောင်းငါးက လင်ဖေးရှင်း စစ်သူကြီးကို ဂါရဝပြုပါတယ်”
“ခြေလျင်တပ်ခွဲ ဒုတိယတပ်ရင်း စစ်ကြောင်းလေးက လင်ယွီက စစ်သူကြီးကို ဂါရဝပြုပါတယ်”
“ဝင်ခဲ့ကြ”
လီမုသည် တဲကြီးထဲ၌ လင်ဝမ်ယွဲ့နှင့် လင်ယွီကို စောင့်နေသည်။
လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် တွဲလျက် တဲကြီးထဲသို့ ဝင်ရောက်လာပြီး လီမုရှေ့တွင် ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်လိုက်ကြသည်။ လီမုသည် သူတို့နှစ်ဦးကို ကြည့်ရင်း အနည်းငယ် ကလေးဆန်နေသေးသော သူတို့၏ မျက်နှာများကို ကြည့်၍ သက်ပြင်းချလိုက်သည်။
“ငါ မင်းတို့ကို တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ”
လီမုက လင်ဝမ်ယွဲ့၏ မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လင်ဝမ်ယွဲ့သည် ချက်ချင်း ဒူးထောက်လိုက်ပြီး လီမုရှေ့တွင် လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။
“လင်ဖေးရှင်း ဒီနေရာမှာ စစ်သူကြီးကို ကျေးဇူးတင်ချင်ပါတယ်၊ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော် စစ်ထဲဝင်တုန်းက စစ်သည်တော်မျိုးဆက်လို့ ဝင်ခွင့်မရခဲ့ပါဘူး၊ ဒါပေမဲ့ စစ်သူကြီးက ကျွန်တော့်ကို စစ်ထဲဝင်ဖို့ ခွင့်ပြုခဲ့တာပါ၊ ကျွန်တော့်ကိုလည်း စစ်သည်တော်မျိုးဆက်အဖြစ်လည်း ပေးခဲ့ပါတယ်။ လင်ဖေးရှင်းက စစ်သူကြီးရဲ့ ကျေးဇူးကို နောက်တစ်ကြိမ် ကျေးဇူးတင်ချင်ပါတယ်”
သူ့ရှေ့၌ ဒူးထောက်နေသော ပိန်ပိန်ပါးပါး လူငယ်၏ စကားကို ကြားရသောအခါ လီမု ရုတ်တရက် သတိရလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်က ထိုသို့သော ကိစ္စမျိုး တကယ်ပင် ရှိခဲ့ဖူးသည်။ ချန်ကျွမ်းရွာမှ မိဘမဲ့တစ်ဦးသည် အရွယ်မရောက်သေးသော်လည်း စစ်ထဲသို့ ဇွတ်အတင်း ဝင်ချင်နေခဲ့သည်။ နိုင်ငံက စစ်မက်ဖြစ်ပွားနေချိန်တွင် ထိုသို့သော ကိစ္စရပ်များစွာ ရှိနေသောကြောင့် လီမုသည် မစဉ်းစားတော့ဘဲ သဘောတူခဲ့သည်။
အရွယ်မရောက်သေးသော ကလေးတစ်ယောက်တည်း အပြင်တွင် လုံခြုံမှုမရှိ၍ တပ်စခန်းတွင် နေခြင်းက ပို၍ ကောင်းသည်။ သို့သော် လီမုသည် ၂ နှစ်ကျော်ကြာ မတွေ့ရသော ထိုကလေးမှာ အသက်ရှင်ရုံသာမက၊ သူ၏ နှစ်တင်းအားလေးကိုပါ ဆွဲနိုင်ခဲ့မည်ကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ထို့နောက် လီမုသည် ရင်ဘတ်ဆီသို့ ရောက်လုနီးပါး ဖြစ်နေသော မုတ်ဆိတ်ကို ပွတ်သပ်ရင်း လင်ဝမ်ယွဲ့ကို ကျေနပ်စွာ ကြည့်လိုက်ပြီး၊ တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“လင်ဖေးရှင်း၊ မင်း ကိုယ့်အပြစ်ကိုယ် သိလား…”
End 11