Chapter 13
အခန်း (၁၃) မိုးသက်ကာ အလင်းပျောက်သော နေ့ရက်များ
တစ်ညတည်းနှင့် လီမု၏ တပ်စခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားရ၏။
လင်ယွီနှင့် လင်ဝမ်ယွဲ့တို့၏ နာမည်သည် တစ်ညတွင်းချင်း စစ်တပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေရာ ထိုအချိန်တွင် စစ်သားတိုင်းသည် ထိုလူနှစ်ဦး အကြောင်း အပြိုင်အဆိုင် ပြောဆိုဆွေးနွေးနေကြသည်။
ဤစစ်သူကြီး၏ နှစ်သက်မှုကို ဘာကြောင့် ရရှိခဲ့ကြသလဲ။
လီမုသည် စည်းမျဥ်းဥပဒေများကို ကျော်လွန်၍ လင်ယွီအား အိမ်ခြေတစ်ရာပိုင်စားခွင့်ပေးကာ ရှေ့တန်းတပ်မှူးအဖြစ်သို့ တိုးမြှင့်ပေးခဲ့သည်။
လင်ဝမ်ယွဲ့ကို လီမုက ဖေးယွီတပ်ရင်း၏ စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့၏။
ခဏအတွင်းမှာပင် သူတို့ထံသို့ အခြေအနေကို လာရောက်မေးမြန်းစုံစမ်းသူများနှင့် နာမည်ကျော်မှုကြောင့် အမှီပြုလိုသူများလည်း အများအပြား ရောက်ရှိလာကြသည်။ သို့သော် အရိပ်လို အမြဲတစေ မခွဲမခွာရှိခဲ့သော လင်ယွီနှင့် လင်ဝမ်ယွဲ့တို့မှာ ရုတ်တရက် အလှမ်းဝေးသွားသကဲ့သို့ ဖြစ်နေကြ၏။
ထိုနေ့ညနေတွင် စစ်သူကြီးတဲမှ ထွက်လာပြီးနောက် လင်ယွီသည် လင်ဝမ်ယွဲ့ကို အပြစ်တင်ကာ မေးမြန်းတော့သည်။
သို့ရာတွင် လင်ဝမ်ယွဲ့က"ငါ့ကိုယုံ ဒါက ငါ့အတွက် အကောင်းဆုံးလမ်းပဲ" ဟူသော စကားတစ်ခွန်းတည်းသာ ပြောဆိုခဲ့၏။
ဤသို့သော အဖြေမျိုးကို လင်ယွီ ဘယ်လိုမှ လက်မခံနိုင်ပေ။ လင်ယွီသည် လင်ဝမ်ယွဲ့၏ စွမ်းရည်များကို အစကတည်းက သိရှိထားပြီး စစ်သူကြီးတဲတွင် လင်ဝမ်ယွဲ့ပြောခဲ့သည့် စစ်ရေးအမြင်ကိုလည်း လင်ယွီ အလွန်လေးစားခဲ့သည်။
အစကတည်းက လင်ယွီသည် လင်ဝမ်ယွဲ့ အောင်မြင်ရန် အခွင့်အရေး အနည်းငယ် လိုအပ်သည်ဟုသာ ထင်ခဲ့သော်လည်း ယခုအခါ အခွင့်အရေး ရောက်လာသည်နှင့် လင်ဝမ်ယွဲ့က ထိုအခွင့်အရေးကို မိမိထံသို့ တွန်းပို့လိုက်သည်။
ညမှောင်မှောင်အောက်၌ လင်ယွီသည် လင်ဝမ်ယွဲ့နှင့် ပထမဆုံးအကြိမ်အဖြစ် အကြီးအကျယ် စကားများခဲ့ကြ၏။ ပတ်ဝန်းကျင်က အလွန်မှောင်မိုက်နေသဖြင့် လင်ယွီသည် လင်ဝမ်ယွဲ့၏ မျက်နှာအမူအရာကို ကောင်းစွာ မမြင်ရပေ။
သို့သော် လင်ဝမ်ယွဲ့၏ တိတ်ဆိတ်ခြင်းက လင်ယွီကို ပိုမို ဒေါသပေါက်ကွဲစေသည်။ လင်ယွီသည် လင်ဝမ်ယွဲ့ကို စိတ်ထဲရှိသမျှ ပြောဆိုပြီး နှစ်ဦးသား လမ်းခွဲခဲ့ကြတော့၏။
လင်ယွီသည် မှောင်မိုက်သော ညထဲတွင် ပျောက်ကွယ်သွားသော လင်ဝမ်ယွဲ့၏ ကျောပြင်ကို ကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် မိမိ၏ အစ်ကိုကြီးကို တစ်စက်ကလေးမျှ နားမလည်ခဲ့ပါလားဟု ခံစားမိသွားသည်။
ရာထူးတိုးမြှင့်ခြင်း၏ တစ်ခုတည်းသော ကောင်းကျိုးမှာ ဖေးယိတပ်ရင်း၏ တပ်မှူးဖြစ်သွားသော လင်ဝမ်ယွဲ့က သေးငယ်သည့် ကိုယ်ပိုင်တဲအိမ်လေးတစ်လုံး ရရှိခဲ့ခြင်းပင် ဖြစ်သည်။ ယခုအခါ ယောက်ျားကြီး ဆယ်ယောက်မျှဖြင့် တဲတစ်ခုတည်း၌ ပူးတွဲနေစရာ မလိုတော့ပေ။
လင်ယွီကို ကြည့်၍ လင်ဝမ်ယွဲ့၏ စိတ်ထဲ၌ အားနာစိတ်များ ဖြစ်ပေါ်နေလေသည်။ လင်ယွီသည် စစ်သူကြီး၏ မေးခွန်းများကို သူမကိုယ်တိုင် ဖြေကြားကာ တက်လမ်းရှာစေချင်သည်။ သို့သော် သူမက လင်ယွီထံသို့ အခွင့်အရေးကို ပုတ်ထုတ်လိုက်သဖြင့် လင်ယွီက မိမိအပေါ် နားလည်မှုလွဲမှားခြင်းနှင့် ဒေါသထွက်ခြင်းတို့ကိုလည်း နားလည်နိုင်လေသည်။ ယခုအချိန်တွင် လင်ယွီ၏ စိတ်ထဲ၌ မိမိကို စိတ်ပျက်ရုံသာမက ဘယ်လိုမှ တက်လမ်း ဖောက်ပေး၍ မရတော့သူဟု သတ်မှတ်ပြီးလောက်ပြီ ဖြစ်သည်။
ထိုသို့ တွေးမိသည်နှင့် လင်ဝမ်ယွဲ့က တိတ်တိတ်ဆိတ်ဆိတ် ရယ်မောလိုက်မိသည်။ စိတ်ထဲမှလည်း တိတ်တဆိတ် ပြောလိုက်၏။
‘နှမြောစရာပဲ၊ ငါက ယောက်ျားမဟုတ်ဘူး… ပြီးတော့ စွန့်စားပြီး စည်းစိမ်ဥစ္စာနဲ့ နာမည်ဂုဏ်သတင်းရှာချင် စိတ်လည်း မရှိဘူး… ယောက်ျားဟန်ဆောင်ပြီး စစ်ထဲဝင်တာက သေဒဏ်ကျနိုင်တဲ့ ပြစ်မှုပဲ၊ ငါ လင်ဝမ်ယွဲ့၊ စစ်တပ်ထဲကို ဝင်လာတာက လက်စားချေဖို့သက်သက်ပဲ… လူ ၁၁၈ ယောက်ကို သတ်ပြီးရင်တော့ ထွက်ပြေးဖို့ နည်းလမ်းရှာမှာ ငါ စစ်မြေပြင်မှာ သေလို့ရတယ်၊ ဒါပေမဲ့ နာမည်ဂုဏ်သတင်းနဲ့ စည်းစိမ်ဥစ္စာနောက် လိုက်ရင်းတော့ သေလို့ မဖြစ်ဘူး’
သို့သော် လင်ဝမ်ယွဲ့သည် ရှင်းပြနိုင်ခြင်း မရှိခဲ့သလို ဖွင့်ပြောရန်လည်း မတတ်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် လင်ဝမ်ယွဲ့သည် ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။
သူမနှင့် လင်ယွီ တို့၏ သူငယ်ချင်းဆက်ဆံရေးက ဒီမှာပဲ ဆုံးခန်းတိုင်သွားသည်က အကောင်းဆုံး အဆုံးသတ်ဖြစ်လိမ့်မည်။
မိမိ၏ ကိုယ်ခန္ဓာက အသက်အန္တရာယ်ရှိသော လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ တစ်နေ့နေ့ မတော်တဆ ပေါ်ပေါက်လာပါက သူမ တစ်ဦးတည်း သေဆုံးရုံဖြင့် လုံလောက်သည်။ အခြားသူများကို ဆွဲခေါ်ရန် မလိုအပ်ပေ။
သို့သော် ခင်မင်မှု ပြိုကွဲခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်မောရသည့် အခြေအနေက ကြာကြာမခံလိုက်ပေ။ အကြောင်းမှာ နှစ်စဉ်ကျင်းပသော "ဆောင်းဦးရိတ်သိမ်းတိုက်ပွဲ" မှာ စတင်လာ၍ပြီ ဖြစ်၏။
ဆောင်းရာသီအတွက် လုံလောက်သော စားနပ်ရိက္ခာများ ရရှိရန်အတွက် ဟန်လူမျိုးများသည် စစ်အင်အား အများအပြားဖြင့် ပြင်းထန်စွာ တိုက်ခိုက်ကာ လီမု၏ စစ်တပ်၏ ခုခံကာကွယ်ရေးကို ဖျက်ဆီးရန် ကြိုးပမ်းလာကြသည်။
တိုက်ပွဲကြီးငယ်များ နေ့တိုင်းနီးပါး ဖြစ်ပွားခဲ့ပြီး ရန်သူများသည် ညဘက်တွင်ပင် အကြိမ်များစွာ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ကြသည်။
တပ်စခန်းတစ်ခုလုံး တင်းမာသော လေထုဖြင့် ပြည့်နှက်နေ၏။ လီမု စိုးရိမ်ခဲ့သောအရာများ နောက်ဆုံးတွင် ဖြစ်ပျက်လာတော့သည်။ ယခင်က ဖရိုဖရဲ တိုက်ခိုက်ခဲ့သော ရန်သူစစ်သားများသည် စည်းကမ်းရှိလာကြပြီး စနစ်တကျ ချီတက်မှု အချက်ပြတံပိုးသံ၊ ထူးခြားသော စစ်မောင်းသံများနှင့် ပြန်လည်ဆုတ်ခွာရန် စနစ်တကျ အချက်ပြသံများကို အသုံးပြုလာကြ၏။
လီပြည်နယ် စစ်ကြောင်းများသည် အဆက်မပြတ် ဆုတ်ခွာခဲ့ရပြီး အလွန်အမင်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
~~~
မြို့တော် ထျန်းဒူ…
လီနိုင်ငံ၏ ရွှေရောင်နန်းတော်ထဲ၌ ဧကရာဇ်သည် မြင့်မားသော နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး မျက်နှာတော်က ညိုမှိုင်းနေကာ ချွေးများစို့နေသော်လည်း တည်ကြည်ခန့်ကြားနေဆဲ ဖြစ်သည်။
"နယ်စပ်ကတော့ အခြေအနေမကောင်းဘူးဖြစ်နေပြီ၊ စစ်သူကြီးလီမုလည်း အဆက်မပြတ် ရှုံးနေပြီ အမတ်မင်းတို့ကော ဘယ်လို သဘောရလဲ… ကောင်းတဲ့အကြံဉာဏ်လေးတွေများ ရှိကြသေးလား”
"လျှောက်တင်ပါရန် ရှိပါတယ်၊ အရှင်မင်းကြီး"
ဧကရာဇ် လီကျောက်သည် ကြည့်လိုက်ရာ စကားပြောနေသူမှာ လက်ဝဲအမတ်ကြီး လုံတန့်ချင်း ဖြစ်နေ၍ ခေါင်းညိတ်လိုက်သည်။။
"စစ်သူကြီးလီမု နယ်စပ်ကို နှစ်ပေါင်းများစွာ ကာကွယ်ခဲ့တာမို့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပေးခဲ့ပါတယ်၊ စစ်သူကြီးလီမှက စစ်ရှုံးနေပေမဲ့လည်း အရှင်မင်းကြီးက အမတ်တစ်ဦးကို စေလွှတ်ပြီး နှစ်သိမ့်အားပေးသင့်ပါတယ်၊ ဒါမှပဲ နိုင်ငံရဲ့ အရှင်ကလည်း စစ်သည်တွေနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်းဆိုတာကို ပြသရာရောက်ပြီး အရှင်မင်းကြီးရဲ့ကျေးဇူးတော်လည်း ကြီးမားပါတယ်လို့ ဖော်ပြရာရောက်ပါလိမ့်မယ်”
လီကျောက်သည် ခေါင်းညိတ်လိုက်ပြီး သဘောတူခြင်း၊ မတူခြင်း မပြဘဲ နေလိုက်သည်။
ယုံဝမ် လီချွမ်းသည် ရှေ့သို့ ထွက်လာပြီး လီကျောက်ကို ဂါရဝပြုလျက် ပြောလိုက်သည်။
"ခမည်းတော်၊ ကျွန်တော်မျိုး စစ်တပ်ကို ဦးဆောင်ပြီး ရန်သူတွေကို အသက်ချင်းလဲ တိုက်ခိုက်ချင်ပါတယ်။ ကျွန်တော်မျိုးတို့ လီနိုင်ငံရဲ့ ဘုန်းတန်ခိုးကို ပြသခွင့်ပြုပါ"
စကားဆုံးသည်နှင့် စစ်ရေးအမတ်ကြီး ချူယန်ကျုံးသည် ချက်ချင်း ကန့်ကွက်လိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ကန့်ကွက်စရာရှိပါတယ်၊ ယုံဝမ်က သတ္တိရှိပြီး တိုက်ခိုက်ရာမှာလည်း ထူးချွန်ပါတယ်ဆိုပေမဲ့ စစ်ပွဲမပြီးခင် စစ်သူကြီးကို ပြောင်းလဲတာ မသင့်တော်ဘူးလို့ ထင်ပါတယ်၊ ဒါက စစ်တပ်ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေနိုင်ပါတယ်၊ အဲ့ဒါအပြင် စစ်သူကြီးလီမုက နယ်စပ်ကို နှစ်ပေါင်းများစွာ ကာကွယ်လာခဲ့တာမို့ အခြေအနေတွေကို ကိုယ့်လက်ဖဝါးလို သိနေသူပါ၊ ဘယ်သူမှ သူ့ကို မမီနိုင်ပါဘူး… ဒါကြောင့် အရှင်မင်းကြီး သုံးကြိမ်တိုင်တိုင် စဉ်းစားတော်မူပါ"
"ခမည်းတော်၊ ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်"
ချူဝမ် လီရွှမ်ကလည် ရှေ့သို့ ထွက်လာပြန်သည်။
"အင်း၊ ချူဝမ် ဘာပြောမလဲ နားထောင်ကြရအောင်"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး ထင်မြင်တာက လက်ဝဲအမတ်ကြီး အခုလေးတင် ပြောလိုက်တာက ကျိုးကြောင်းဆီလျော်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးကတော့ စစ်သူကြီးလီမု ရုတ်တရက် အဆက်မပြတ် ရှုံးနိမ့်နေတာ ထူးဆန်းတယ်လို့ ထင်ပါတယ်၊ ခမည်းတော်အနေနဲ့ သံအမတ်တစ်ဦးကို မြောက်ဘက်နယ်စပ်ကို စေလွှတ်ပြီး စစ်ဆေးသင့်ပါတယ်၊ တကယ်လို့ စစ်ပွဲက လီမုပြောသလို အန္တရာယ်ရှိတယ်ဆိုရင် သံအမတ်က စစ်သည်တွေကို နှစ်သိမ့်ပြီး ဧကရာဇ်ရဲ့ မဟာကရုဏာကို ပြသမယ်၊ တကယ်လို့ စစ်ပွဲက လီမုပြောသလို မဟုတ်ရင် သံအမတ်က စစ်တပ်ကို ကြီးကြပ်ပြီး အခြေအနေ ပြောင်းလဲလာတာနဲ့ ကိုင်တွယ်ဖြေရှင်းရပါမယ်"
လီကျောက်သည် လီရွှမ်၏ စကားကို ကြာမြင့်စွာ တိတ်ဆိတ်စွာ နားထောင်နေပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"ချူဝမ် ပြောတာ ကျိုးကြောင်းဆီလျော်တယ် ... ဒါပေမဲ့ အမတ်တွေထဲက ဘယ်သူကများ ငါကိုယ်တော်အတွက် ဒီခရီးကို သွားပေးချင်လဲ"
"ခမည်းတော်၊ ကျွန်တော်မျိုး ဖျင်ယန်အမတ်ကို အကြံပြုလိုပါတယ်၊ ပထမအချက်က ဖျင်ယန်က စစ်ပွဲပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး စစ်မှုရေးရာ ကျွမ်းကျင်သူ ဖြစ်တာမို့ အလွန်သင့်လျော်ပါတယ်၊ ဒုတိယအချက်က ဖျင်ယန်က စစ်သူကြီးလီမုနဲ့ ရာထူးတူဖြစ်တာကြောင့် မလေးမစား လုပ်ရာလည်း မရောက်နိုင်ပါဘူး"
"အင်း... အိုက်ချင်း (ချစ်စွာသော အမတ်မင်း) ၊ ချူဝမ်က မင်းကို အကြံပြုထားတယ်၊ ဒီခရီးစဉ်ကို ကိုယ်တော့်ကိုယ်စား သွားရောက်ဖို့ အမတ်မင်း ဆန္ဒရှိသလား"
ဖျင်ယန်အမတ်သည် ထိုစကားကို ကြားပြီး ပြုံးရယ်လျက် အဖွဲ့ထဲမှ ထွက်လာကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် အစွမ်းကုန် ကြိုးစားပါ့မယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ ခြေထောက်က နာနေပြီး သွားလာရခက်ခဲနေပါတယ်၊ ဒါကြောင့် သားငယ် လီကျုံးကို အရှင်မင်းကြီးအတွက် အမှုထမ်းခွင့် ပြုစေချင်ပါတယ်"
"အင်း... ကျုံးအာကလည်း မငယ်တော့ပါဘူး၊ တကယ်လို့ မိဖုရားခေါင်ကြီးသာ နတ်ရွာမစံခဲ့ရင် သမီးတော်ကြီးရဲ့ ခင်ပွန်းလောင်းအဖြစ် အကောင်းဆုံး ရွေးချယ်မှုပဲ၊ ဒါဆိုလည်း ဒီလိုပဲ လုပ်ကြရအောင်"
နောက်တစ်နေ့တွင် လီကျုံးသည် အမိန့်တော်ဖြင့် သံတမတ်အဖြစ် မြောက်ဘက်နယ်စပ်သို့ ထွက်ခွာသွား၏။ သို့သော် မြင်းလေးကောင်ကသော ရထားလုံးပေါ်တွင် နောက်ထပ်တစ်ဦး ထိုင်နေလေသည်။
"မင်းသမီးလေး ခရီးလမ်းမှာ ပင်ပန်းမှာစိုးလို့ ဇီးသီးလေးတွေ အထူးစီစဉ်ထားတယ်၊ မြည်းစမ်းကြည့်ပါဦးလား"
လီရှန်သည် မြင်းရထားပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး လီကျုံး၏ တိုက်တွန်းမှုကို လျစ်လျူရှုကာ ခေါင်းခါ၍ ငြင်းပယ်လိုက်သည်။
လီကျောက်သည် စေလွှတ်မည့် သံအမတ်ကို ဆုံးဖြတ်ပြီးနောက် ထိုညနေတွင် လီရှန်မှာ လီကျောက်ကို တွေ့ဆုံရန် လာရောက်ခဲ့သည်။
"ခမည်းတော်၊ ရှန်အာ လီကျုံးနဲ့ အတူ သွားလိုပါတယ်"
"ရူးကြောင်ကြောင် မလုပ်နဲ့… နယ်စပ်မှာ တိုက်ပွဲ ဖြစ်နေတာ မင်းက အဖေ အချစ်ဆုံး မင်းသမီးပဲ၊ နန်းတော်ထဲမှာပဲ ကောင်းကောင်းနေ"
"ခမည်းတော်၊ စစ်သူကြီးလီမု ရှန်အာရဲ့ ဦးရီးတော်ပါပဲ၊ ဒီလို အရေးကြီးတဲ့ အချိန်မှာ ဖခမည်းတော် ဘယ်သူ့ကို စေလွှတ်လွှတ် 'စစ်တပ်ကို စောင့်ကြည့်ဖို့ လွှတ်လိုက်တယ်' လို့ အပြောခံရမှာက ရှောင်လွှဲလို့ မရပါဘူး၊ သမီးတော်ကိုယ်တိုင် သွားမှပဲ ဦးရီးတော်ကို တကယ် နှစ်သိမ့်နိုင်မှာပါ"
လီကျောက်သည် စဉ်းစားချင်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ရှန်အာ ဒီလို နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို နားလည်တာ မြင်ရတော့ ... ခမည်းတော်က သမီးတော် တောင်းဆိုတာကို ခွင့်ပြုလိုက်မယ်"
"ကျေးဇူးတင်ပါတယ် ခမည်းတော်!"
လီရှန်သည် ဝမ်းသာအားရဖြင့် ခေါင်းငုံ့အရိုအသေပြုလိုက်သည်။
လီကျောက်သည် ခဏမျှ တုံ့ဆိုင်းပြီးနောက် ဆက်လက် ပြောလိုက်သည်။
"ခမည်းတော်က မင်းကို ရှန့်ဖန်းတော်ဝင်ဓားကို ချီးမြှင့်မယ်၊ အရေးကြီးတဲ့ အချိန်မှာ လိုသလို ဆောင်ရွက်နိုင်တယ်"
~~~
မြင်းရထားသည် နယ်စပ်သို့ ဦးတည်ကာ ထွက်ခွာသွား၏။ လီရှန်မှာ မျက်လုံးမှိတ်လျက် ခေါင်းအုံးကို မှီထားလိုက်ရာ ခရီးဒဏ်ကို မခံနိုင်သော နူးညံ့သိမ်မွေ့သည့် ပုံစံမျိုး ဖြစ်နေပြီး နောက်ဆုံးတွင် လီကျုံး၏ စကားများသော ပါးစပ်ကို ပိတ်ဆို့နိုင်ခဲ့တော့၏။
လီရှန်သည် မျက်လုံးမှိတ်ထားသော်လည်း စိတ်ထဲ၌ ရေခဲကဲ့သို့ အေးစက်နေ၏။ ငယ်စဉ်ကလေးဘဝကတည်းက ဤ နန်းတော်ကြီးထဲတွင် နေထိုင်ခဲ့ရသောကြောင့် ဧကရာဇ်၏ ပါးနပ်သော စိတ်သဘောထားကို ရင်းနှီးပြီးသား ဖြစ်သည်ဟု သူမ ထင်ခဲ့သော်လည်း သူမ၏ ဖခင်ရင်းကပင် မိမိအား ရှန့်ဖန်းတော်ဝင်ဓားကို ပေးအပ်ပြီးနောက် "လိုသလို ဆောင်ရွက်ပါ" ဟု ပြောလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
"လိုသလို ဆောင်ရွက်ပါ" ဆိုသည်မှာ မည်သည့် အဓိပ္ပာယ် ဖြစ်နိုင်သလဲ။
တစ်ခုခု မှားယွင်းနေကြောင်း တွေ့ရှိရပါက မိမိ၏ ဦးရီးတော်အရင်းဖြစ်သူအား ဤဓားဖြင့် ကိုယ်တိုင် သတ်ရမည်ကို ဆိုလိုသလား။
End 13