Chapter 17
အခန်း (၁၇) ဆုံတွေ့စက သာမန် ရှက်ရွံ့မှုဟုသာ ထင်မှတ်မိသည်
လီရှန်သည် ခပ်မြန်မြန် လိုက်သွားပြင်ဆင်လိုက်သော်ငြားလည်း လင်ဝမ်ယွဲ့၏ ယိုင်တိုင်တိုင် လျှောက်လှမ်းသွားနေသည့် ကျောပြင်က သူမ၏ ခြေလှမ်းများကို တားဆီးလိုက်လေသည်။
ထိုအချိန်က ထိုသူနှင့် တွေ့ဆုံရန် အချိန်ကောင်း မဟုတ်သေးပေ။ လီရှန်သည် တဲနောက်ကွယ်မှနေ၍ လင်ဝမ်ယွဲ့ ဖြည်းဖြည်းချင်း လှမ်းခွာပြီး ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေလိုက်တော့သည်။
အရိပ်ကိုယ်ရံတော်များ၏ လုပ်ဆောင်နိုင်စွမ်းက အလွန်ထက်မြက်နေလေသည်။ ထိုနေ့ည၌ပင် လင်ဝမ်ယွဲ့နှင့် ပတ်သက်သည့် အလွန်စေ့စပ်သေချာသော အစီရင်ခံစာတစ်စောင်ကို လီရှန် လက်ခံရရှိခဲ့၏။
လီရှန်သည် ယခင်အတိုင်း စားပွဲတွင် ထိုင်လျက် မီးရောင်မှိန်မှိန်အောက်၌ ပိုးသားပိတ်စပေါ်ရှိ စာကို ဖတ်ရှုနေ၏။ ထိုပိုးသားစပေါ်တွင် သေးငယ်သော စာလုံးများဖြင့် ပြည့်နှက်နေပြီး လင်ဝမ်ယွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာ အားလုံးကို အသေးစိတ် ရေးသားထားလေသည်။
သို့ရာတွင် လင်ဝမ်ယွဲ့ စစ်မှုမထမ်းမီ အချက်အလက်များနှင့် ပတ်သက်၍ စာကြောင်းရေ အနည်းငယ်သာ ပါရှိသည်။
လင်ဖေးရှင်း ၁၆ နှစ်အရွယ် တဇယ်နယ်မြေ ချန်ကျွမ်းရွာ ထျန်းရှင်းနှစ် ၂၈ နှစ်မြောက် ဆောင်းဦးတွင် ဟန်တို့ ရောက်ရှိလာခဲ့ရာ ချန်ကျွမ်းရွာရှိ လူ ၁၁၈ ဦးလုံး သေဆုံးခဲ့ကြသည်။
ဤကောင်လေးမှာ တောင်ပေါ်သို့ ဆေးမြစ်ရှာရန် တက်သွားခဲ့သောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် စစ်သူကြီး လီမုထံသို့ မိုင်တစ်ရာနီးနီး တစ်ယောက်တည်း ခရီးနှင်ကာ စစ်ထဲဝင်ရန် သွားခဲ့သည်။
စစ်စခန်း စာရေးအရာရှိ ရှန့်ခန်းရှီး၏ ရှေ့တွင် နာရီပေါင်းများစွာ ဒူးထောက်တောင်းပန်ခဲ့ရာ အတွင်းဝန် ရှန့်ခန်းရှီးက သနားစိတ်ဝင်၍ စစ်သူကြီးထံ အကြံပြုပေးခဲ့သည်။ ထို့နောက် စစ်သူကြီးက အိမ်ထောင်စုစာရင်းကို ပြောင်းလဲကာ စစ်တပ်ထဲ ဝင်ရောက်ခွင့် ပေးလိုက်သည်။
လင်ဝမ်ယွဲ့ စစ်မှုထမ်းပြီးနောက် ၂ နှစ်တာကာလနှင့် ပတ်သက်၍ ဖော်ပြထားချက်မှာ အလွန် ပြည့်စုံလေသည်။ စာလုံးရေမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမိုများပြားသည်ကို တွေ့ရ၏။
လီရှန်သည် မိမိလက်ထဲမှ ပိတ်စပေါ်ရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ပိုးသားစကို မီးညွန့်ပေါ်သို့ မြှောက်တင်လိုက်သည်။ ခဏအကြာတွင် ပိုးသားစမှာ တဖြည်းဖြည်း မီးစွဲလောင်ကာ မီးခိုးတန်းများ ထွက်ပေါ်လာလေတော့သည်။
ဖြူဖွေးဥနေသော လက်ချောင်းလေးများက စားပွဲပေါ်သို့ စည်းချက်ကျကျ ခေါက်လိုက်၏။ လီရှန် မျှော်လင့်မထားသည်မှာ လင်ဖေးရှင်း၏ ပေါင်းသင်းဆက်ဆံရေးမှာ အလွန်ရိုးရှင်းနေခြင်းပင်။ စစ်မှုထမ်းသက် (၂) နှစ်ကျော်ကာလအတွင်း လင်ယွီမှလွဲ၍ အခြား မည်သည့်မိတ်ဆွေမှ မရှိပေ။
သာမန်အချိန်များတွင်လည်း မည်သူကိုမျှ စကားစတင်ပြောဆိုခြင်း မရှိသလို တိုက်ပွဲဝင်ခြင်းမှလွဲ၍ အခြားမည်သည့် အုပ်စုလိုက် လှုပ်ရှားမှုမျှတွင် မပါဝင်ပေ။ ထို့အတူ မည်သည့်ဝါသနာမျှ မရှိဟု ရေးသားထားသည်။ လွန်ခဲ့သည့် ရက်ပိုင်းက စစ်ရေးလေ့ကျင့်မှု ပျက်ကွက်ခဲ့သည်မှအပ (၂) နှစ်ကျော်အတွင်း နေ့စဉ် လေ့ကျင့်မှုများ မပျက်မကွက် လုပ်ဆောင်ခဲ့သည်။
လီရှန်သည် လင်ဝမ်ယွဲ့ လေ့ကျင့်မှု မပြုလုပ်ခဲ့သော အချိန်ကာလကို စိတ်ထဲမှ မှန်းဆကြည့်မိသည်။ လင်ယွီ ပြောခဲ့သည့် စကားများနှင့် ပေါင်းစပ်လိုက်သောအခါ မကြာမီပင် ကောက်ချက်တစ်ခု ရရှိခဲ့၏။
ဤလင်ဖေးရှင်း လေ့ကျင့်မှု မပြုလုပ်ခြင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် လင်ယွီ၏ စကားမှာ အမှန်တကယ် ဖြစ်ပုံရသည်။
ထိုအကြောင်းအရာကို စဉ်းစားမိသောအခါ လီရှန်၏ မျက်နှာတွင် နီမြန်းသော အရောင်လေး ယှက်သန်းသွားလေသည်။ သူမသည် အိမ်ထောင်မပြုရသေးသည့် မိန်းကလေးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရှက်သွေးဖြာသွားရရှာသည်။
မိမိ၏ ဦးရီးတော်က ဤလင်ဖေးရှင်းကို အလွန်အမင်း ချီးကျူးခဲ့သည်ဟု ထင်မှတ်ခဲ့သော်လည်း ပိုးသားစပေါ်မှ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ဤလင်ဖေးရှင်းသည် မိမိ၏ ဦးရီးတော် ပြောခဲ့သည်ထက်ပင် သာလွန်ထူးချွန်သည်ဟု လီရှန် ထင်မြင်ယူဆလိုက်မိလေသည်။
လီရှန်၏ ဦးနှောက်ထဲတွင် လင်ဝမ်ယွဲ့ မြားပစ်နေစဉ်က ပုံရိပ်များ ထပ်မံပေါ်ပေါက်လာပြန်ကာ သတိလက်လွတ်ဖြင့်ပင် ပြောဆိုလိုက်မိသည်။
"လင်ဖေးရှင်း ဒီနေ့သုံးတဲ့ လေးက ဦးရီးတော် စွန့်ပစ်ထားတဲ့ နှစ်တင်းအားလေး မဟုတ်လား… ပစ်မှတ်လွဲတတ်တဲ့ လေးဖြစ်ရဲ့သားနဲ့ သူက ဘာလို့ ဒီလောက်တောင် တိတိကျကျ ပစ်နိုင်ရတာလဲ..."
ထိုအချိန်တွင် လီရှန်သည် လင်ဖေးရှင်းအပေါ်ထားရှိသော သူမ၏အမြင်ကို လုံးဝပြောင်းလဲပစ်ခဲ့လေသည်။ အမှန်တကယ်ပင် လူကို ရုပ်ရည်အားဖြင့် မဆုံးဖြတ်နိုင်သည်မှာ မှန်ကန်နေလေသည်။ ထိုအသားညို၍ ပိန်ပါးသော ပုံစံနှင့်ပင် လက်ဖြင့်တင် နှစ်တင်းအားရှိသည့် လေးကို အကြိမ်ရာပေါင်းများစွာ ဆွဲကိုင်နိုင်သည်မှာ အံ့ဩစရာပင်။
ထိုစဉ် လီရှန်သည် မိမိ ယခင်က စီစဉ်ထားသော အစီအစဉ်ကို စိတ်ထဲ၌ တရားဝင် ဆုံးဖြတ်လိုက်သည်။ ဤလင်ဖေးရှင်းသည် အသက် တစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ပါက နောင်တစ်ချိန်တွင် မိမိ၏ ဦးရီးတော်ကို အစားထိုး၍ နိုင်ငံတော်ကို ခုခံကာကွယ်မည့် ခေတ်သစ် စစ်သူကြီးတစ်ဦး ဖြစ်လာမည်မှာ သေချာနေလေသည်။
ခဏအကြာတွင် လီရှန်၏ စိတ်ထဲတွင် ပြဿနာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့၏။ ဤလင်ဖေးရှင်းသည် ယခုအခါတွင် တစ်ယောက်တည်း နေတတ်ပြီး မည်သူနှင့်မျှ အဆက်အဆံ မလုပ်ပေ။ မည်သည့်ဝါသနာမျှလည်း မရှိပေ။ လင်ယွီ၏ စကားအရဆိုလျှင် ဒဏ်ရာရပြီးနောက်တွင် ရာထူးနှင့် ဂုဏ်သရေကို လိုချင်သည့်စိတ်ပင် မရှိတော့ချေ။
ဒီလိုလူမျိုးကို ငါ့လက်အောက်မှာ အမှုထမ်းအောင် ဘယ်လို ဆွဲဆောင်ရမလဲ…
လီရှန်၏ သွယ်တန်းလှပသည့် မျက်ခုံးအစုံက အနည်းငယ် တွန့်ကွေးသွားလေသည်။ သူမသည် လင်ဝမ်ယွဲ့၏ အရည်အချင်းကို ချီးကျူးလေးစားသော်လည်း လင်ဝမ်ယွဲ့၏ "စရိုက်" ကို မနှစ်သက်ပေ။
မည်သည့်အရာမျှ လိုချင်တောင့်တခြင်းမရှိသော ချုပ်ကိုင်စရာ အားနည်းချက် မရှိသော သူတစ်ဦးမှာ ထိန်းချုပ်ရန် ခက်ခဲသည့်အတွက် လီရှန်အတွက် စဥ်းစားရကျပ်နေလေသည်။
နောက်တစ်နေ့နံနက်တွင် လင်ဝမ်ယွဲ့သည် ယခင်ကအတိုင်း ထိုကွင်းပြင်သို့ မြားပစ်လေ့ကျင့်ရန် သွားပြန်သည်။
လေ့ကျင့်မှု မပြီးဆုံးသေးမီမှာပင်…
“ကောင်းလိုက်တဲ့ မြားပစ်ချက်!”
လင်ဝမ်ယွဲ့သည် အသံကြားသဖြင့် လက်ထဲမှ လေးမြားကို ချကာ နောက်လှည့်ကြည့်လိုက်သည်။ သူမ၏နောက်တွင် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့ရ၏။ ထိုအမျိုးသမီးသည် တောင်ကုန်းလေးများသဖွယ် ညိုရီရီမျက်ခုံးလေးများရှိပြီး မက်မွန်ပွင့်ဖတ်ကဲ့သို့သော အသားအရေနှင့် ရေတံခွန် ဖြာကျနေသကဲ့သို့ သွယ်တန်းကျနေသော ဆံပင်နွယ်ရှည်လေးများ ရှိလေသည်။
မျက်လုံးများက ဆောင်းဦးရေကဲ့သို့ ကြည်လင်သန့်ရှင်းပြီး အရောင်မခြယ်ဘဲ နီမြန်းနေသည့် နှုတ်ခမ်းများနှင့် နှုတ်ခမ်းစွန်း၌ ခပ်ပါးပါး သေးငယ်သော ပါးချိုင့်လေးများ ဖြစ်ပေါ်နေ၏။ စကားသံမထွက်ခင်ကတည်းက ချစ်စဖွယ်ကောင်းသော အမူအရာများ ပေါ်ထွက်နေသည်။
သူမ၏ လက်တစ်ဖက်ဖြင့်ပင် ဆုပ်ကိုင်၍ ရနိုင်သော သေးသွယ်သည့် ခါးလေးထက်တွင် ခမ်းနားထည်ဝါသည့် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားလေသည်။ လင်ဝမ်ယွဲ့ မော့ကြည့်လိုက်သောအခါ ရင်ထဲတွင် ပန်းပေါင်းစုံ ပွင့်လန်းလာသကဲ့သို့ ခံစားလိုက်ရသည်။
လင်ဝမ်ယွဲ့ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်ကြည့်နေမိသည်။ သူမသည် အသက်ရှင်ခဲ့သည့် ဆယ့်ခြောက်နှစ်တာကာလအတွင်း ဤမျှလှပသော မိန်းကလေးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
လွန်ခဲ့သည့် ၂ နှစ်ကျော်ကလည်း နေ့ရောညပါ စစ်တန်းလျားထဲရှိ ကြမ်းတမ်းသော ယောက်ျားများနှင့်သာ နေထိုင်ခဲ့ရသဖြင့် မိမိကိုယ်တိုင်လည်း အမျိုးသမီးတစ်ဦး ဖြစ်သည်ကိုပင် မေ့လျော့နေခဲ့သည်။
သို့သော် သူမရှေ့မှ အမျိုးသမီးငယ်လေးသည် တစ်မြို့လုံးကို ဖျက်ဆီးနိုင်လောက်အောင် လှပချောမောသူလေး ဖြစ်နေ၏။ မိမိကိုယ်ကို ပြန်ကြည့်သောအခါ သူမနှင့် နှိုင်းယှဉ်လျှင် ရွှံ့နှင့်ရွှေလို ကွာခြားနေတော့သည်။ ထိုစဉ် လင်ဝမ်ယွဲ့၏ စိတ်ထဲတွင် နာကျင်မှုတစ်ခု ပေါ်ပေါက်လာပြီး မိမိကိုယ်ကိုယ် သိမ်ငယ်စိတ်များ ဝင်လာမိသည်။
လင်ဝမ်ယွဲ့၏ စိတ်ခံစားမှု ပြောင်းလဲသွားခြင်းမှာ လီရှန်၏ မျက်လုံးများမှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။ သူမသည် လင်ဝမ်ယွဲ့ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
လင်ဝမ်ယွဲ့ မိမိကို မြင်သောအခါ ပထမဆုံး အံ့အားသင့်သွားပြီးနောက် မျက်လုံးများတွင် အံ့ဩသော အရောင်များ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင် ရှက်ရွံ့သော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာကာ မိမိအား အရိုအသေပေးရန်ပင် လုံးဝ မေ့လျော့နေပုံရသည်။
‘ဒီလူက ရထားတဲ့ သတင်းထဲက အတိုင်းပဲ တုံးတုံးအအနဲ့ ဘယ်လို အရိုအသေပေးရမလဲတောင် မသိဘူး’
“ရှင်က ဘယ်သူလဲ”
လီရှန်သည် လင်ဝမ်ယွဲ့ကို ပြုံးလျက် ကြည့်နေလေသည်။ လင်ဝမ်ယွဲ့၏ ညိုညစ်ညစ် မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည့် အမူအရာများကြောင့် လီရှန်မှာ ရယ်ချင်စိတ် ဖြစ်ပေါ်လာမိသည်။
လင်ဝမ်ယွဲ့သည် မိမိရှေ့မှ အလှလေး၏ မေးမြန်းသံကို ကြားမှသာ သတိပြန်ဝင်လာသည်။ မျက်လုံးများ ပင့်ကြည့်လိုက်ပြီး လီရှန်ကို ကြည့်ကာ မျက်နှာများလည်း နီရဲတက်လာပြီး ပြန်ဖြေလိုက်၏။
“ကျွန်တော်က... လင်ဖေးရှင်းပါ”
ထိုစကားကို ကြားသောအခါ လီရှန်သည် ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဪ ... ဒါဆို ဦးရီးတော် မကြာခဏ ပြောပြတတ်တဲ့ အဲဒီလူငယ် တပ်မှူးက မင်းကိုး”
ဦးရီးတော်လား...
လင်ဝမ်ယွဲ့သည် ထိုအခါမှ လီရှန်က ဘယ်သူဖြစ်ကြောင်း သိရှိသွားလေသည်။ ထို့နောက် အလျင်အမြန် ဒူးထောက်လိုက်ပြီး ပြောလိုက်၏။
“ကျွန်တော်မျိုး လင်ဖေးရှင်း မင်းသမီးကြီးကို ဂါရဝပြုပါတယ်”
“တပ်မှူး ‘လင်’ ... အရိုအသေပြုစရာ မလိုပါဘူး… ဒီကို လမ်းကြုံလို့ ဖြတ်လာရင်း ရှင် လေးပစ်တာ တွေ့လို့ အနှောင့်အယှက်များ ဖြစ်သွားသလားမသိဘူး”
“မင်းသမီးကို ကျေးဇူးတင်ပါတယ်”
လင်ဝမ်ယွဲ့သည် တင်ပါးမှ နာကျင်မှုကို သည်းခံကာ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လေးပင်စွာပင် ဆက်ပြောလိုက်သည်။
“ကျွန်တော်မျိုး မင်းသမီး ရောက်လာတာကို မသိလိုက်တဲ့အတွက် ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပေးပါ”
“ဘာလို့လဲ… ကျွန်မက အရင်ဆုံး မလေးမစား လုပ်ခဲ့တာပါ တပ်မှူး ‘လင်’ ဘာအပြစ်မှ မကျူးလွန်ပါဘူး ကျွန်မ မှားမြင်မိတာ မဟုတ်ဘူးဆိုရင် တပ်မှူး ‘လင်’ ကိုင်ထားတဲ့ လေးက ကျွန်မ ဦးရီးတော်ရဲ့ နှစ်တင်းအား မဟုတ်လား”
“မင်းသမီးလေး မျက်စိလျင်လိုက်တာ… ဒီလေးက အစက စစ်သူကြီးရဲ့ လေးပါ ဒါပေမဲ့ လေးက ချို့ယွင်းသွားပြီး ပစ်မှတ်တိကျမှု မရှိတော့လို့ စစ်သူကြီးက စွန့်ပစ်လိုက်တာပါ ကျွန်တော်မျိုးလည်း ဒီလေးက ရှားပါးတော့ မြင်တာ သဘောကျပြီး ခွင့်ပြုချက်မယူဘဲ ကောက်ယူအသုံးပြုခဲ့မိပါတယ်… နောက်ပိုင်းကျတော့ စစ်သူကြီးက ကျွန်တော်မျိုးကို ပေးလိုက်တာပါ”
“မျှော်လင့်ထားတဲ့အတိုင်းပဲ သူရဲကောင်းတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်ပေါ်လာတတ်ကြတာပဲနော် တပ်မှူးလင်က တခြားဗိုလ်မှူးတွေလောက် သန်မာပုံမရပေမဲ့ နှစ်တင်းအားလေးကို အသာလေး တင်နိုင်တာကတော့ ချီးကျူးစရာပဲ။ ကျွန်မ တကယ်ကို အံ့ဩမိပါတယ်”
လီရှန်၏ ချီးကျူးသံကို ကြားရသောအခါ လင်ဝမ်ယွဲ့၏ မျက်နှာသည် အကြောင်းအရင်းမရှိ နီမြန်းသွားလေသည်။ စစ်မှုထမ်းသက် (၂) နှစ်ကျော်ကာလအတွင်း သူမ၏ အသားအရေက နေလောင်ကာ ညိုမည်းသွားခဲ့သဖြင့် မျက်နှာနီရဲသွားခြင်းက သိပ်မသိသာလိုက်ပေ။
လင်ဝမ်ယွဲ့၏ ခန္ဓာကိုယ်သည် ဝှက်ချက်တစ်ခု ဖြစ်နေသောကြောင့် ဤနှစ်များအတွင်း မိမိ၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် လင်ဝမ်ယွဲ့သည် မည်သူနှင့်မျှ အဆက်အသွယ် မလုပ်ခဲ့ပေ။
စစ်တန်းလျားထဲမှ “ယောက်ျား” များနှင့် ရင်းနှီးလာပါက ခန္ဓာကိုယ် ထိတွေ့မှုနှင့် အခြားဒုက္ခများ ဖြစ်ပေါ်လာနိုင်သောကြောင့် လင်ဝမ်ယွဲ့၏ မျက်နှာတွင် “ဘယ်သူမှ အနားမကပ်နဲ့” ဟူသော ပုံစံမျိုးကို အမြဲလုပ်ဆောင်ထားရခြင်း ဖြစ်သည်။
ယခုလို လင်ဝမ်ယွဲ့နှင့် စကားပြောမိခြင်းမှာလည်း အမျိုးသမီးငယ်လေး ဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။
မြင့်မြတ်သည့် မင်းသမီးတစ်ပါး ဖြစ်နေသောကြောင့် စစ်တန်းလျားမှ ယောက်ျားများကဲ့သို့ ခပ်ဝေးဝေး နေထိုင်ပုံချင်း တူညီသောကြောင့်လည်း ဖြစ်နိုင်သည်။
နတ်သမီးလေးလို လှပပြီး သာယာသည့် အသံလေးကြောင့်လည်း ဖြစ်နိုင်သလို ... မိဘများ ဆုံးပါးသွားပြီးနောက် ပထမဆုံး ချီးကျူးပေးသောသူ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်၏။
တကယ်တမ်းတွင် လင်ဝမ်ယွဲ့ ကိုယ်တိုင်ပင် မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို နားမလည်နိုင်ပေ။
လီရှန်၏ ချီးကျူးသံကို ကြားပြီးနောက် အမြဲတမ်း စကားနည်းပြီး ပြုံးခဲလှသော လင်ဝမ်ယွဲ့သည်ပင် သွားတန်း ဖြူဖြူလေးများ စီစီရီရီ ထွက်ပေါ်လာသည်အထိ ပြုံးနေမိတော့သည်။
End 17