Chapter 15
အခန်း (၁၅) တော်ဝင်မိသားစုကသာ အကြင်နာကင်းမဲ့ဆုံး
လင်ယွီသည် တုန်တုန်ယင်ယင်နှင့် ဒူးထောက်နေရှာသည်။
'ဒီတစ်ခါတော့ သေပြီပဲ…'
တစ်ဖက်တွင် လီမုနှင့် လီရှန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မည်သို့ပြောရမှန်းပင် မသိတော့ပေ။
နောက်ဆုံးတွင် လီမုသည် သူ့ဘေးနားတွင် မထွက်ခွာသေးဘဲ ရပ်နေသော အပျိုစင် တူမတော်လေးကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီးနောက် လင်ယွီဘက်သို့ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်တော့၏။
“ထွက်သွားစမ်း!”
လီမု၏ စကားကို ကြားလိုက်ရသည့်အခါ လင်ယွီသည် သေဘေးမှ လွတ်မြောက်သွားသကဲ့သို့ ဝမ်းသာအားရဖြစ်သွားပြီး ဦးခေါင်းကို မြေပြင်နှင့် အကြိမ်ကြိမ် တိုက်လျက် လီမုအား ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စစ်သူကြီး”
ထို့နောက် ရွက်ဖျင်တဲထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လီရှန်က စကားစလာ၏။
“ဦးရီးတော် ဒီလင်ယွီဆိုတဲ့လူ့စကားကို ယုံလို့ရရဲ့လား”
“လင်ယွီပြောတဲ့ လင်ဖေးရှင်းကို ငါတွေ့ဖူးတယ် ငါ့အထင်တော့ သူက ရန်သူ့သူလျှို လုံးဝမဖြစ်နိုင်ဘူး။ သူက စစ်သည်ကောင်းအဖြစ် အသိအမှတ်ပြုခံရတာကို လက်မခံတာက နည်းနည်းတော့ သံသယဖြစ်စရာပဲ… ဒါပေမဲ့ ခုနက လင်ယွီပြောတာ မှန်တယ်ဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ။ ဒီလင်ဖေးရှင်းက လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ရွာကို ဟန်လူမျိုးတွေ လာရောက်သတ်ဖြတ်ချိန်မှာ ရွာပြင်ရောက်နေလို့ လွတ်မြောက်ခဲ့ပြီး တစ်ဦးတည်း တပ်ထဲဝင်ခဲ့တာတဲ့။ နောက်ပိုင်း ငါလူတွေလွှတ်ပြီး စစ်ဆေးကြည့်တော့ တစ်ရွာလုံးရဲ့ အခြေအနေက လင်ဖေးရှင်းပြောတဲ့အတိုင်းပဲ”
“ဒီလိုလား... ဒါဆို လင်ယွီ ခုနကပြောတာတွေအကုန် အမှန်တွေပေါ့”
“အင်း”
လီမုက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
“လင်ဖေးရှင်းက တကယ်ကို ရှားရှားပါးပါး အရည်အချင်းရှိသူတစ်ယောက်ပါ ငါတို့တပ်က မကြာသေးခင်က အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတာက ဟန်တပ်မှာ တကယ်တော်တဲ့ စစ်သူကြီးတစ်ဦး ရှိနေလို့ပဲ။ သူ့ရဲ့ စစ်ချီပုံတွေ တပ်ဖြန့်ပုံတွေက လုံးဝကို ပုံမှန်မဟုတ်ဘူး။ သူ့ရဲ့ ပရိယာယ်တွေကလည်း အံ့မခန်းပဲ။ ရိုးရိုးပြောရရင် ပထမဆုံး သတိပြုမိတဲ့လူက လင်ဖေးရှင်းပဲ”
“အိုး… အဲဒီလောက်တောင်လား”
လီရှန်၏ စကားသံက ပုံမှန်အတိုင်း အေးအေးဆေးဆေး ရှိနေသော်လည်း နူးညံ့သိမ်မွေ့သော မျက်ဝန်းများတွင် ရဲရဲတောက်သော အရောင်တစ်ချက် လင်းလက်သွား၏။
“ငါ ဟန်လူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာ… ငါ့အထင်တော့ ဟန်တွေဆီကနေ ဒီလိုစစ်သူကြီးမျိုး ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး ဒါက ဟန်လူမျိုးတွေရဲ့ သဘာဝနဲ့ သက်ဆိုင်တယ်… သူတို့က မွေးရာပါ ရဲရင့်ပြီး ရန်လိုကြတယ် အရင်က ဟန်စစ်သူကြီးတွေအားလုံးက တိုက်ခိုက်ရေးစွမ်းရည် ကောင်းကြပေမဲ့ အမိန့်ပေးကွပ်ကဲရာမှာတော့ မကျွမ်းကျင်ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ မတူတော့ဘူး ငါလည်း စစ်ပွဲကင်းလွတ်ခွင့်အလံကို မဖြစ်မနေ လွှင့်တင်ခဲ့ရတယ်။ ငါအခု သံသယဖြစ်နေတာက တခြားနိုင်ငံတွေက ဟန်တွေနဲ့ တိတ်တဆိတ် ဆက်သွယ်ပြီး ငါတို့နိုင်ငံကို အင်အားကုန်ခမ်းစေပြီး ထိန်းချုပ်ဖို့အတွက် နောက်ကွယ်ကနေ ကူညီပေးနေတာ ဖြစ်နိုင်တယ်။ တကယ်လို့ မြောက်ဘက်က ကာကွယ်ရေးစခန်းသာ ပြိုကွဲသွားခဲ့ရင်… တောင်ဘက်က နိုင်ငံတွေလည်း မြောက်ဘက်ကို ချီတက်လာနိုင်တယ်။ အဲဒီအချိန်ကျရင် ငါတို့နိုင်ငံက နှစ်ဖက်ညှပ်တိုက်ခံရပြီး စားနပ်ရိက္ခာပဲဖြစ်ဖြစ် လူအင်အားပဲဖြစ်ဖြစ် ဘက်ပေါင်းစုံကနေ ကျပ်တည်းလာမှာဖြစ်ပြီး တိုင်းပြည်အတွက် အန္တရာယ်ဖြစ်လာလိမ့်မယ်”
“ဦးရီးတော်… စစ်ပွဲရှောင်နေတဲ့ သတင်းက မကြာခင် နန်းတော်ကို ရောက်တော့မယ်ဆိုတာ သိလား… ဧကရာဇ်ရဲ့ စိတ်နေစိတ်ထားကို ဦးရီးတော် အသိဆုံးပဲ။ အခု ဦးရီးတော် အကြိမ်ကြိမ် ရှုံးနိမ့်ပြီးတဲ့နောက်မှာ သူက ရှန်အာကို ရှန့်ဖန်းတော်ဝင်ဓားပေးပြီး [သင့်သလို ဆုံးဖြတ်] ဖို့ အခွင့်အာဏာပါ ပေးအပ်လိုက်ပြီ... ဦးရီးတော်က နယ်စပ်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့တာ… အမေဆုံးပြီးတဲ့နောက်မှာ ဦးရီးတော်အတွက် တရားမျှတတဲ့ စကားတစ်ခွန်း ပြောပေးမယ့်သူ နန်းတော်မှာ မရှိတော့မှာကို ကျွန်မ စိုးရိမ်မိတယ် ဦးရီးတော်က ကျွန်မနဲ့ ကျူးအာရဲ့ ဦးရီးတော်အရင်းပဲ... ရှန်အာပြောတာကို ဦးရီးတော် ပြန်ပြီး မစဉ်းစားတော့ဘူးလား”
လီရှန်၏ စကားကို ကြားရသည့်အခါ လီမုမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ မတတ်သာဘဲ သက်ပြင်းချလိုက်ရာ သူ့မျက်နှာပေါ်က အရေးအကြောင်းများ ပိုမိုနက်ရှိုင်းလာသယောင်ပင်။ နောက်ဆုံးတော့ သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
“မင်းရဲ့အဘိုးနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဧကရာဇ်က သွေးသောက်ညီအစ်ကိုတွေ… ဧကရာဇ်နဲ့ ငါကလည်း ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတာလို့ ပြောလို့ရတယ်။ သူ့ရဲ့စိတ်နေစိတ်ထားကို ငါဘယ်လိုလုပ် မသိဘဲ နေမလဲ... သူ့စိတ်ထဲမှာ [လီနိုင်ငံက လေးဘက်လေးတန် ကြီးကျယ်ခမ်းနားတဲ့နိုင်ငံ ယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံဖြစ်လို့ ဘယ်လိုလုပ် လူရိုင်းနိုင်ငံရှေ့မှာ စစ်ပွဲကင်းလွတ်ခွင့်အလံ လွှင့်တင်ရမှာလဲ] ပေါ့... စစ်ပွဲကင်းလွတ်ခွင့်အလံကို လွှင့်တင်လိုက်ကတည်းက ဦးရီးတော် ဘာတွေကြုံရမလဲဆိုတာ ကြိုတင်သိခဲ့ပြီးသား… ငါ... လီမုဟာ လီနိုင်ငံရဲ့ အပြစ်သားတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမဲ့ ငါ့နောက်က သန်းနဲ့ချီတဲ့ ပြည်သူတွေကို မျက်နှာကောင်းရဖို့ တစ်ခုအတွက်နဲ့ ဒုက္ခမပေးနိုင်ဘူး။ ဟန်စစ်တပ်မှာ မရိုးသားတဲ့အရာတစ်ခုခု ရှိနေတယ်ဆိုတာ သိထားတော့ ပိုပြီးသတိထားရမှာပေါ့… မြောက်ဘက်က ကာကွယ်ရေးနယ်မြေသာ မကျိုးပေါက်ဘူးဆိုရင် တောင်ဘက်က ငြိမ်းချမ်းနေမှာပါ... သမိုင်းစာမျက်နှာမှာ ငါ့အကြောင်း ဘယ်လိုပဲရေးပါစေ ရှန်အာ… အဲဒါက ငါသေဆုံးသွားပြီးမှ ဖြစ်လာမယ့်ကိစ္စမို့ နောင်လာနောင်သားတွေပဲ ဆုံးဖြတ်ပါစေတော့”
လီမုက ထိုသို့ပြောသော်လည်း သူ၏ အက်ကွဲနေသော အသံထဲတွင် လီရှန်သည် သူရဲကောင်းတစ်ဦး၏ ဝမ်းနည်းကြေကွဲဖွယ် ဘဝနိဂုံးကို ကြားယောင်နေမိလေသည်။
လီရှန်သည် သူမ၏ ဦးရီးတော်ကို ကြည့်နေရင်း ဝမ်းနည်းစိတ်ပေါ်လာပြီး စီစဉ်ထားသည့် အစီအစဉ်ကိုပင် စွန့်လွှတ်လိုက်ချင်မိသည်။ သို့သော် ထိုအတွေးသည် ခဏတာမျှသာဖြစ်ပြီး လီရှန်သည် ချက်ချင်း စိတ်အေးသွားကာ ရင်ထဲတွင် ဖြစ်ပေါ်လာသော သံယောဇဉ်မီးပွားလေးကို ကိုယ်တိုင် ငြှိမ်းသတ်လိုက်တော့သည်။
လီမုသည် သူ့ခံစားချက်များထဲတွင် နစ်မြောနေသေးသဖြင့် လီရှန်၏ မျက်နှာပေါ်တွင် တစ်ချက်တစ်ချက် ဖြတ်ပြေးသွားသည့် ပျော့ပျောင်းမှုကို သတိမထားမိပေ။ နောက်ဆုံးတွင် လီမုက အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ပြီးတော့ မင်းရဲ့ မယ်တော်ကြီး ကွယ်လွန်သွားပြီဖြစ်ပေမဲ့ ကျူးအာက မိဖုရားခေါင်ကြီးကနေ မွေးဖွားလာတဲ့ အိမ်ရှေ့စံပဲ။ မင်းတို့ မောင်နှမနှစ်ယောက် အမှားအယွင်းမရှိဘူးဆိုရင် အရာရာဟာ သူ့အလိုလို ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ကျူးအာ ပိုင်ဆိုင်သင့်တာတွေ ကျူးအာ့ဆီကို သေချာပေါက် ရောက်လာမှာပါ”
“ရှန်အာ နားလည်ပါပြီ အချိန်လည်း မစောတော့ဘူး… ဦးရီးတော် စောစောအနားယူပါ ရှန်အာကို ပြန်ခွင့်ပြုပါဦး”
လီရှန်၏ မျက်နှာပေါ်တွင် ပါးလျသောအပြုံးတစ်ခု ရှိနေပြီး လီမု၏ ငြင်းဆန်မှုကို အလေးထားပုံမရပေ။ ထို့နောက် လီမုအား ရိုသေစွာဖြင့် နှုတ်ဆက်ပြီး ရွက်ဖျင်တဲထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။
လီရှန် စစ်တဲအတွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အစောင့်အရှောက်များက သူမကို ဝန်းရံလိုက်ကြသည်။ ထိုအခြေအနေကို လီရှန် ကျင့်သားရနေပြီ ဖြစ်သည်။ သူမ မလှုပ်မယှက်ဘဲ ထိုနေရာတွင် ရပ်ကာ မိုးကောင်းကင်ကို မော့ကြည့်လိုက်ချိန် လမင်းနှင့် ကြယ်များ တောက်ပနေသည်ကို တွေ့လိုက်ရ၏။
ခဏကြာသော် လီရှန်သည် ခြေလှမ်းကျဲကြီးများဖြင့် သူမ၏ တဲဆီသို့ လျှောက်သွားလိုက်သည်။
လီရှန် စားပွဲရှေ့တွင် ထိုင်လိုက်သည်။ စားပွဲပေါ်၌ ဆီမီးခွက်တစ်ခုတည်းသာ ရှိနေပြီး ယိမ်းထိုးနေသော မီးရောင်က တိုင်းပြည်ပျက်လောက်သည့် သူမ၏ အလှတရားကို ပို၍ ဆန်းကြယ်သွားစေတော့သည်။
လီရှန်၏ လက်ထဲတွင် ကျောက်စိမ်းပြားလေး တစ်ခုကို ကိုင်ထားပြီး သူမ၏ နူးညံ့သိမ်မွေ့သော လက်ချောင်းလေးများသည် ထိုကျောက်စိမ်းပြား၏ ချောမွေ့သော မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်နေမိသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။ တစ်ခါတစ်ရံ လေပြည်လေး တိုက်ခတ်လာပြီး အပြင်ဘက်ရှိ အလံများ တဖျပ်ဖျပ် လှုပ်ခတ်နေသံကို ကြားနေရသည်။
ရုတ်တရက် လီရှန်သည် သူမရှေ့ရှိ အမှောင်ထုဆီကို ကြည့်ပြီး လှမ်းပြောလိုက်သည်။
“ထွက်လာခဲ့!”
နောက်တစ်စက္ကန့်တွင် အမှောင်ရိပ်ထဲမှ လူတစ်ယောက် တကယ်ပင် ထွက်လာလေသည်။
ထိုသူသည် တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်နှာတွင် သံမျက်နှာဖုံးကို တပ်ဆင်ထား၏။ သူ လမ်းလျှောက်သည့်အခါတွင်လည်း အသံလုံးဝ ထွက်ပေါ်ခြင်းမရှိသည့်အပြင် လုံခြုံရေး တင်းကျပ်သော မင်းသမီးကြီး၏ ရွက်ဖျင်ထဲမှ အစောင့်တစ်ယောက်မှ သူ့ကို မတွေ့လိုက်ကြပေ။ သူသည် ထိုမှောင်မိုက်သော ည၏ အရိပ်ကဲ့သို့ အမှောင်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ကျွန်တော်မျိုး ‘ကျီ’ မင်းသမီးကြီးကို ဂါရဝပြုပါတယ်”
ထိုအရိပ်သည် လီရှန်၏ ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်၏။
“အမိန့်ကို လိုက်နာပြီး အစီအစဉ်အတိုင်း ဆက်လုပ်ကြ...”
“ဟုတ်ကဲ့!”
“လူလွှတ်ပြီး ဟန်လူမျိုးဘက်က ထူးဆန်းတဲ့ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာ သွားစုံစမ်းခိုင်းလိုက်”
“ဟုတ်ကဲ့!”
“ပြီးတော့...”
လီရှန်သည် လက်ထဲမှ ကျောက်စိမ်းပြားကို လက်ချောင်းဖြင့် ပွတ်သပ်ရင်း ခဏတာ တိတ်ဆိတ်နေသည်။ ပြီးမှ သူ့အရှေ့မှ တုန်ယင်နေသော ဖယောင်းတိုင်မီးကို ကြည့်ပြီး ဆက်ပြောသည်။
“ဒီစစ်စခန်းထဲမှာ လင်ဖေးရှင်းဆိုတဲ့ စစ်သားတစ်ယောက်ရှိတယ် သူ့နောက်ကြောင်းကို သွားစုံစမ်းခိုင်းလိုက်… သူ တပ်ထဲမဝင်ခင်က အခြေအနေတွေအကုန်လုံးကို ဒီမင်းသမီး သိဖို့လိုတယ်”
“ဟုတ်ကဲ့!”
လီရှန်သည် သူ့အောက်တွင် ဒူးထောက်နေသောသူကို လက်ဝှေ့ယမ်းပြလိုက်သည်။ နောက်တစ်စက္ကန့်တွင် ထိုအရိပ်သည် တခဏအတွင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
လာစဉ်ကကဲ့သို့ အပြန်တွင်လည်း အရိပ်တစ်ခုပမာ အသံမကြားရဘဲ ထွက်ခွာသွားလေသည်။
လီရှန်သည် ခေါင်းငုံ့ကာ လက်ထဲက ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ သူမ၏ ဖြူဖွေးသော လက်ဖဝါးထဲတွင် ဖြူဖွေးသော ကျောက်စိမ်းပြားသည် ငြိမ်သက်စွာ ရှိနေပြီး သပ်ရပ်လှပစွာ ထွင်းထုထားသော “ရှန့်” ဟူသော စာလုံးလေးတစ်ခု ရှိနေသည်။
ထိုကျောက်စိမ်းပြားကို လီချင်းချန်က ပေးခဲ့ခြင်း ဖြစ်ပြီး သူမနှင့် အိမ်ရှေ့စံ လီကျူး နှစ်ယောက်စလုံး တစ်ခုစီ ပိုင်ဆိုင်ကြသည်။ ထိုကျောက်စိမ်းပြားကို ကြည့်လိုက်သည့်အခါ လီရှန်သည် သူမ၏ မယ်တော်ကို သတိရမိသည်။ ယခုတော့ မယ်တော်နှင့် သမီးတော် နှစ်ယောက်သည် သေခြင်းတရားကြောင့် ကွဲကွာသွားကြရပြီဖြစ်ရာ လီရှန်မှာ ကျန်ရစ်ခဲ့သော ပစ္စည်းလေးကို ကြည့်ရှုရင်း လွမ်းဆွတ်နေရတော့သည်။
“တောင်းပန်ပါတယ် မယ်တော်... ကျူးအာအတွက် သမီး ဦးရီးတော်ကို စတေးမှ ရပါတော့မယ်...”
ရုတ်တရက် လီရှန် ပြုံးလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် ပါးချိုင့်နှစ်ခု ပေါ်လာပြီး သူမ၏ နတ်သမီးကဲ့သို့သော မျက်နှာက ပိုမိုလှပလာ၏။
ကောင်းကင်ဘုံက နတ်သမီးတစ်ပါး လူ့ပြည်ဆင်းသက်လာသကဲ့သို့ တင့်တယ်နေပြီး ထိုပါးချိုင့်လေးနှစ်ခုက သာမန် မိန်းမပျိုလေးတစ်ယောက်အလား အပြစ်ကင်းကာ လှပနေလေသည်။
လီရှန် ပြုံးလိုက်မိသည်။ ယခုအချိန်တွင် သူမက အကြင်နာတရား ကင်းမဲ့သည့် ဧကရာဇ်မင်းနှင့် ပိုတူလာပြီဟု ရုတ်တရက် ခံစားလိုက်ရ၏။
“မယ်တော်... ရှန်အာက ကျူးအာကို ကာကွယ်ပေးပြီး ဒီဘဝတစ်လျှောက်လုံး ဘေးကင်းကင်းနဲ့ နေထိုင်သွားနိုင်အောင် အမြဲစောင့်ရှောက်ပေးမှာပါ”
End 15