Chapter 18
အခန်း (၁၈) ပန်းသွေးနုခြယ် ပါးပြင်ငယ်
လင်ဝမ်ယွဲ့သည် ကျော၌ အနက်ရောင်လေးကို လွယ်ကာ လီရှန်၏ ဘေးတွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေလေသည်။
တစ်ဦးက ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး အသားညိုကာ ခန္ဓာကိုယ်ပိန်သွယ်မြင့်မား၏။ အခြားတစ်ဦးမှာ တန်ဖိုးကြီးသော အဝတ်အစားကို ဝတ်ဆင်ထားပြီး ဖြူဖွေးနုနယ်ကာ လှပကျော့ရှင်းနေသည်။
ဆန့်ကျင်ဘက် လူနှစ်ဦး ပုခုံးချင်းယှဉ်၍ လျှောက်လှမ်းနေကြသည့်အခါ မည်သို့မျှ လိုက်ဖက်မှုမရှိဟု ထင်ရသည်။
သို့ရာတွင် စကားနည်းသော လင်ဝမ်ယွဲ့သည် လီရှန်အား လမ်းပြသူအဖြစ် တာဝန်ယူနေပြီး လီရှန်ကလည်း အပြုံးလေး ဖျော့ဖျော့လေးတစ်ခုဖြင့် လိုက်ပါလာ၏။ ထို့ပြင် လင်ဝမ်ယွဲ့ ရှင်းပြနေသော စစ်တပ်စခန်းအတွင်းရှိ အကြောင်းအရာများကို စိတ်ဝင်တစား နားထောင်နေလေသည်။
"ဒီဘက်ကတော့ ခြေလျင်တပ်သားတွေရဲ့ ရွက်ဖျင်တဲတွေ ကျွန်တော်မျိုး ဒီမှာ နေခဲ့ဖူးတယ် ခြေလျင်တပ်သားတွေ နေရတဲ့ပုံစံက တော်တော်ဆိုးပါတယ်။ လူသုံးလေးငါးယောက်က တဲတစ်လုံးထဲမှာ နေရတာ"
လီရှန်က ညင်သာသောအသံဖြင့် မေးမြန်းလိုက်၏။
"ဘာလို့ ခြေလျင်တပ်သားတွေရဲ့ နေတဲ့နေရာက မြင်းစီးတပ်သားတွေနဲ့ ဒီလောက် ကွာခြားရတာလဲ"
လင်ဝမ်ယွဲ့သည် ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။
"ဘာဖြစ်လို့လဲဆိုတော့ ခြေလျင်တပ်သားတစ်ဦးကို မွေးထုတ်ဖို့ အချိန်က အရမ်းတိုတယ် လိုအပ်ချက်တွေကလည်း အရမ်းနည်းတယ်။ မြင်းစီးတပ်သားတွေ လေ့ကျင့်ဖို့ကျတော့ အချိန်ကြာတယ် မြင်းတွေကလည်း တအားရှားတယ် ပြီးတော့ သူတို့က ကျွန်တော်မျိုးတို့နိုင်ငံအတွက် အရေးကြီးတဲ့ စစ်တပ်အဖွဲ့လည်း ဖြစ်တယ် အဲဒါကြောင့် မြင်းစီးတပ်သားတွေ ရတဲ့ အခွင့်အရေးက ခြေလျင်တပ်သားတွေထက် အများကြီး ပိုကောင်းတယ် တကယ်တော့…"
လင်ဝမ်ယွဲ့သည် ဘာကြောင့်မှန်းမသိ လီရှန်၏ နူးညံ့သိမ်မွေ့သော အသံကို ကြားရသောအခါ စိတ်ထဲ သက်တောင့်သက်သာ ဖြစ်လာကာ မေးသမျှကို မချွင်းမချန် ရှင်းပြလိုက်မိပြီးမှ စကားလွန်သွားတော့မည့် အခြေအနေကို သတိပြုမိပြီး စကားကို ချက်ချင်း ရပ်တန့်လိုက်လေသည်။
လီရှန်သည် လင်ဝမ်ယွဲ့၏ အရည်အချင်းများကို ရည်ရွယ်ချက်ရှိရှိ စုံစမ်းစစ်ဆေးနေသည်ဖြစ်ရာ လင်ဝမ်ယွဲ့၏ စကားများကို ထိုမျှနှင့် ရပ်တန့်စေမည် မဟုတ်ပေ။ ထို့ကြောင့် လီရှန်က ညင်သာစွာ ပြုံးလိုက်ပြီး ပြော၏။
"တပ်မှူးလင် ပြောစရာရှိတာ ပြောပါ… မင်းသမီးက ရှင်ပြောတဲ့စကားကို ကျွန်မတို့နှစ်ဦးကြားက လျှို့ဝှက်ချက်လို့ပဲ မှတ်ယူပါ့မယ်"
လင်ဝမ်ယွဲ့သည် လီရှန်၏ ထိုစကားကို ကြားသောအခါ သူမ၏ စိတ်နှလုံးက နူးညံ့သွားရပြန်သည်။ လီရှန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်ကလည်း ဤစစ်တပ်စခန်းနှင့် လုံးဝကွဲပြားခြားနားလျက် မြင့်မြတ်သော တော်ဝင်အရှိန်အဝါနှင့် နူးညံ့သိမ်မွေ့သော အသွင်ကို ဆောင်နေသည်။
လီရှန်၏ စကားတစ်ခွန်းနှင့် ရယ်မောသံတစ်ချက်တိုင်းကလည်း စမ်းရေလေးအလား လင်ဝမ်ယွဲ့၏ ခိုင်မာသော စိတ်တံတိုင်းကို တစ်စိမ့်စိမ့် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့၏။ အမြဲတစေ သတိကြီးစွာ ထားတတ်သော လင်ဝမ်ယွဲ့သည် သူမအား အလွယ်တကူ ယုံကြည်သွားမိတော့သည်။
လင်ဝမ်ယွဲ့က ဆက်လက်ပြောဆိုလာ၏။
"တကယ်တော့ ကျွန်တော်မျိုး ထင်တာက ခြေလျင်တပ်သားတွေက ပိုကောင်းတဲ့ အခွင့်အရေး ရသင့်ပါတယ် ဘာလို့လဲဆိုတော့ ခြေလျင်တပ်သားတွေက စစ်မြေပြင်တစ်ခုလုံးမှာ သေဆုံးမှုနှုန်း အမြင့်ဆုံးတပ်ဖွဲ့ပဲ စစ်သူကြီးက ခြေလျင်တပ်သားတွေကို ရှေ့တန်းကနေ တိုက်ခိုက်ခိုင်းပြီး မြင်းစီးတပ်သားနှစ်ဖွဲ့က ဘေးနှစ်ဘက်က ဝိုင်းညှပ်ခိုင်းလေ့ရှိတယ်… မြင်းစီးစစ်သား အရေအတွက် များတဲ့ ရန်သူတွေကို ရင်ဆိုင်ရတဲ့အခါ ခြေလျင်တပ်သားတွေရဲ့ သေဆုံးမှုနှုန်းက တအားမြင့်တယ်… ခြေလျင်တပ်သားတွေက ဒီလိုမျိုး အသက်ကို ပဓာနမထားဘဲ ရှေ့တန်းကနေ ဝင်တိုက်ပြီး ရန်သူ့စစ်ဦးကို ချိုးပေးထားတာကြောင့် မြင်းစီးတပ်သားတွေ ရောက်လာတဲ့အခါ တိုက်စစ်ဆင်ဖို့ အခွင့်အရေး ရသွားကြတယ်"
လင်ဝမ်ယွဲ့သည် ပြောပြီးသောအခါ အနည်းငယ် ရှက်ရွံ့စွာ ဆံပင်ကို သပ်တင်လိုက်၏။
လီရှန်သည် ထိုစကားကို ကြားသောအခါ လင်ဝမ်ယွဲ့အပေါ် သူမ၏ စိတ်ထဲတွင် ပိုမိုနက်ရှိုင်းသော အထင်အမြင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒီလို စစ်တပ်ဘဝက ဒီလောက်တောင် ပျင်းစရာကောင်းတာ တပ်မှူးလင်မှာ ဝါသနာပါတဲ့ အပန်းဖြေစရာတစ်ခုခုများ ရှိလား"
လီရှန်သည် လင်ဝမ်ယွဲ့ဘက်သို့ လှည့်ကြည့်ကာ မသိမသာဟန်ဖြင့် "အရေးကြီးသော" မေးခွန်းကို ထုတ်ဖော်မေးမြန်းလိုက်၏။
ငွေကြေးဖြစ်စေ အာဏာဖြစ်စေ အမျိုးသမီးဖြစ်စေ မည်သည့်ထူးဆန်းသော အရာပင်ဖြစ်စေ လင်ဝမ်ယွဲ့ သဘောကျလျှင် လီရှန်သည် သူ့အား သိမ်းသွင်းရန် လမ်းစကို ရှာဖွေနိုင်လိမ့်မည်။
လီရှန်၏ မေးခွန်းကို ကြားသောအခါ လင်ဝမ်ယွဲ့သည် အလွန်အလေးအနက် စဉ်းစားပြီးမှ နောက်ဆုံးတွင် ခိုင်မာစွာ ပြန်ဖြေလိုက်၏။
"မရှိပါဘူး"
လင်ဝမ်ယွဲ့၏ အဖြေကို ကြားသောအခါ လီရှန်သည် စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ ဤလင်ဝမ်ယွဲ့ကား သတင်းအချက်အလက်များထဲကအတိုင်း "ဆားမဝင် ရေမဝင်" သည့် လူစားမျိုး ဖြစ်နေသည်။
ဦးရီးတော်၏ တရားဝင် ရာထူးတိုးပေးသည့် လမ်းကြောင်းကိုလည်း ငြင်းခဲ့ဖူးပြီး တရားမဝင် လာဘ်ထိုးကာ သိမ်းသွင်းရန်လည်း နည်းလမ်းမရှိသည့် လူစားမျိုး ဖြစ်သည်။
"အား… မလုပ်ပါနဲ့"
ရုတ်တရက် အမျိုးသမီးတစ်ဦး၏ အော်ဟစ်ငိုယိုသံသည် အဝေးမှ လွင့်မျောလာခဲ့သည်။
လီရှန်နှင့် လင်ဝမ်ယွဲ့ နှစ်ဦးစလုံး ရပ်နေရာမှ အံ့ဩတုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။
လင်ဝမ်ယွဲ့သည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် အခြေအနေကို ချက်ချင်း သဘောပေါက်သွားကာ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သေလိုက်ပါတော့ မင်းသမီးကြီးနဲ့ စကားပြောတာကိုပဲ အာရုံစိုက်နေမိတာ ဘယ်လိုဖြစ်လို့ ဒီလို ညစ်ပတ်တဲ့နေရာကို ခေါ်လာမိတာလဲ …
"အား ... အား .. ကယ်ပါဦး"
လင်ဝမ်ယွဲ့တို့ နိုင်ငံ၏ နယ်စပ်စစ်တပ်စခန်းအများစု၌ စစ်တပ်နှင့်အတူရှိသော ပြည့်တန်ဆာစခန်းများ ရှိတတ်ကြသည်။ ထိုနေရာမှ အမျိုးသမီးများမှာ အဓိကအားဖြင့် ရန်သူ့သုံ့ပန်းများနှင့် နန်းတွင်းမှ ရာဇဝတ်မှုတွင် ပါဝင်မိသော အမျိုးသမီးများ ဖြစ်ကြလေသည်။ လင်ဝမ်ယွဲ့သည် ထိုအကြောင်းကို ယခင်ကတည်းက သိရှိထားသော်လည်း ထိုနေရာသို့ တစ်ခါမျှ ရောက်မလာဖူးချေ။
ယခုမှ ဤနေရာသို့ မတော်တဆ ရောက်ရှိလာခဲ့၏။ အဝေးမှ အမျိုးသားများ၏ ရိုင်းစိုင်းသော ရယ်မောသံနှင့် အမျိုးသမီးများ၏ ငိုကြွေးအော်ဟစ်သံများကို ကြားရသောအခါ လင်ဝမ်ယွဲ့မှာ တုန်လှုပ်ခြောက်ခြားကာ မည်သို့ စတင်ပြောဆိုရမည်ကို မသိတော့ချေ။
"ကယ်ပါဦး... တောင်းပန်ပါတယ် ကျွန်မကို လွှတ်ပေးပါ!"
"ဘာသံလဲ"
လီရှန်၏ လှပသော မျက်ခုံးလေးများက စိတ်အလိုမကျသလို တွန့်ကွေးသွားလေသည်။ အိမ်ထောင်မပြုရသေးသော လီရှန်သည် စာအုပ်စာပေ အမြောက်အမြားတွင် လေ့လာဖူးသော်လည်း ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သောကြောင့် ထိုသို့သော သွေးသားကိစ္စဟု ချက်ချင်း သဘောမပေါက်လိုက်ချေ။
အဝေးမှ အမျိုးသမီးတစ်ဦး၏ အကူအညီတောင်းခံသံကို ကြားရသောအခါ လီရှန်သည် အလွန်အမင်း စိတ်မကောင်း ဖြစ်သွားလေသည်။
"မ-မင်းသမီး ကျွန်တော်မျိုးတို့ ပြန်ကြရအောင်!"
လင်ဝမ်ယွဲ့သည် လောကကြီးအကြောင်း ဘာမှမသိသည့် လီရှန်၏ ကြည်လင်သော မျက်နှာလေးကို မြင်နေရသောအခါ ထိုညစ်ညမ်းသော စကားလုံးကို မည်သို့မျှ ပြောမထွက်တော့ချေ။
"ရဲတင်းလှချည်လား မင်းတို့က သာမန်အရပ်သူတွေကိုများ အတင်းအဓမ္မ ဖမ်းဆီးထားရဲတာလား"
လီရှန်သည် လင်ဝမ်ယွဲ့အား တစ်ချက်စိုက်ကြည့်ပြီးနောက် သူမ၏ ရှည်လျားသော ဝတ်ရုံကို မကာ အပြစ်မဲ့သော အမျိုးသမီးငယ်အား ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် ရှေ့သို့ တိုးသွားတော့သည်။
လင်ဝမ်ယွဲ့သည် မင်းသမီးက ပြည့်တန်ဆာစခန်းဘက်သို့ လျှောက်သွားသည်ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။ မိမိခန္ဓာကိုယ်က နာကျင်မှုကိုပင် ဂရုမစိုက်တော့ဘဲ လျင်မြန်သော ခြေလှမ်းများဖြင့် လီရှန်ထံသို့ အရောက်သွားပြီး လက်တစ်ဖက်ဖြင့် လီရှန်၏ လက်မောင်းလေးကို ဆုပ်ကိုင်ထားလိုက်၏။
သူ့လက်ထဲသို့ ပိုးကဲ့သို့ နူးညံ့သော ပိုးထည်စလေးနှင့် အရိုးမရှိသကဲ့သို့သော ပျော့အိနေသော လက်မောင်းလေးတစ်ဖက်က ရောက်ရှိလာ၏။ ထိုနူးညံ့မှုလေးက လင်ဝမ်ယွဲ့၏ လက်ချောင်းများကို ဓာတ်လိုက်သကဲ့သို့ ထိတ်လန့်သွားစေရာ လက်ကို ချက်ချင်း ဖယ်ရှားလိုက်မိသည်။
သို့သော် ထိုသို့လှမ်းဆွဲလိုက်မှုက လီရှန်၏ ခြေလှမ်းများကိုလည်း ရပ်တန့်သွားစေခဲ့သည်။
လင်ဝမ်ယွဲ့သည် လီရှန်၏ မျက်နှာကို မကြည့်ဝံ့ဘဲ ခေါင်းကို အနည်းငယ် ငုံ့ကာ စိုးရိမ်တကြီး ပြော၏။
"မင်းသမီး ဟိုဘက်က စစ်တပ်ပြည့်တန်ဆာစခန်း ....."
လင်ဝမ်ယွဲ့၏ စကားကို ကြားသောအခါ တည်တည်ငြိမ်ငြိမ် တုံ့ပြန်တတ်သော လီရှန်ပင်လျှင် ရှက်သွေးဖြန်းခနဲ ရဲတက်သွားလေသည်။ ဖြူဖွေးသော မျက်နှာပေါ်သို့ အနီရောင်ခြယ်လေး လျင်မြန်စွာ ပျံ့နှံ့သွားကြ၏။
လီရှန်သည် စကားပြောရန် ပြင်လိုက်သော်လည်း သူမရှေ့တွင် ခေါင်းငုံ့ကာ တုန်လှုပ်နေသော လင်ဝမ်ယွဲ့ကို ကြည့်ရင်း စိတ်ထဲမှ တွေးမိသည်။
"ဒီလို ညစ်ပတ်တဲ့နေရာကို ဒီလောက်ကျွမ်းကျွမ်းကျင်ကျင် ခေါ်လာနိုင်တာကို ကြည့်ရတာ ရှင် ဒဏ်ရာမရခင်က ဒီကို အကြိမ်ကြိမ် ရောက်ဖူးတာ သေချာတယ်"
နောက်ဆုံး၌ လီရှန်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး လင်ဝမ်ယွဲ့အား တစ်ချက်စိုက်ကြည့်ကာ နေရာမှ လျင်မြန်စွာ လှည့်ထွက်သွားလေတော့သည်။
လင်ဝမ်ယွဲ့သည် လီရှန်၏ နောက်မှ အမြန် လိုက်ပါသွားပြီး နှစ်ဦးသား အတူတကွ ထွက်လာကြ၏။
ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ လက်ထဲတွင် ရှည်လျားသော လှံများ ကိုင်ဆောင်ထားသည့် စစ်သားနှစ်ဦးသည် လီရှန်ဆီသို့ လျင်မြန်စွာ လျှောက်လာခဲ့သည်။
"ကျွန်တော်မျိုးတို့ မင်းသမီးကြီးကို ဂါရဝပြုပါတယ် ဖျင်ယန်မင်းသားက စစ်သူကြီးတဲထဲမှာ ရှိနေပါပြီ… မင်းသမီးကြီး အရေးကြီးကိစ္စနဲ့ အဲဒီကို သွားရမယ်လို့ ပြောခိုင်းလိုက်ပါတယ်"
“လမ်းပြ…”
လင်ဝမ်ယွဲ့သည်လည်း အစောင့်စစ်သား ပြောသည်ကို ကြားလိုက်ရသဖြင့် ဆက်မလိုက်တော့ဘဲ လီရှန် ထွက်ခွာသွားသည်ကို ရပ်ကြည့်နေလေသည်။
လီရှန်သည် အစမှအဆုံး တစ်ချက်မျှ လှည့်မကြည့်ဘဲ လီမု၏ အစောင့်စစ်သားများနှင့်အတူ စစ်သူကြီးတဲဘက်သို့ ထွက်ခွာသွားတော့သည်။
လင်ဝမ်ယွဲ့သည် ကြောင်တောင်တောင်ဖြင့် ရပ်ကျန်နေခဲ့ပြီး သူမ၏ မျက်စိအမြင်မှ လီရှန် လုံးဝကွယ်ပျောက်သွားမှသာ လီရှန်၏ လက်မောင်းလေးကို စိတ်လှုပ်ရှားစွာ ဆွဲဆုပ်ကိုင်ခဲ့သော လက်ဖဝါးကို မသိမသာ ပွတ်သပ်ကြည့်လိုက်မိသည်။
လင်ဝမ်ယွဲ့သည် ခေါင်းငုံ့ကာ မိမိ၏ ကြမ်းတမ်းသော အသားမာတက်နေသည့် လက်ဖဝါးများကို ကြည့်ရင်း ရင်ထဲတွင် အားကျစိတ်များ ဖြစ်ပေါ်လာမိသည်။
မိန်းကလေးချင်း အတူတူ ငါက ဒီလောက်တောင် ကြမ်းထော်နေတာ ဒါပေမဲ့ မင်းသမီးကကျတော့...
လင်ဝမ်ယွဲ့ မသိသည်မှာ ထိုအချိန်တွင် သူမ၏ လှုပ်ရှားမှုတိုင်းကို မှောင်ရိပ်ထဲမှ တစ်စုံတစ်ယောက်က မှတ်တမ်းတင်ထားပြီး ဖြစ်၏။
"တပ်မှူးလင်! မင်းက ဒီရောက်နေတာကိုး!"
လင်ဝမ်ယွဲ့သည် ခေါ်သံကြောင့် သတိပြန်ဝင်လာခဲ့၏။
"ဘာကိစ္စရှိလို့လဲ?"
"မြန်မြန် ငါ့နောက်လိုက်ခဲ့ စစ်သူကြီးက မင်းကို လာဖို့ ခေါ်သွားခိုင်းတယ်"
"ကျွန်တော် အခုပဲ လိုက်လာခဲ့ပါမယ်”
လင်ဝမ်ယွဲ့သည် စိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး အစောင့်နှင့်အတူ စစ်သူကြီးတဲစခန်းဘက်သို့ လျှောက်သွားခဲ့သည်။
လင်ဝမ်ယွဲ့သည် အလှမ်းဝေးသော နေရာမှပင် စခန်းကြီးအတွင်းမှ ငြင်းခုံသံများကို ကြားလိုက်ရသည်။
"ကျွန်တော်တို့ လီနိုင်ငံက ထန်မင်းဆက်ကနေ ဆင်းသက်လာတဲ့ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံပါ… စစ်ရှောင်တံဆိပ် ချိတ်ဆွဲပြီး ဟန်လူမျိုး အရိုင်းအစိုင်းတွေနဲ့ တိုက်ရှောင်နေရတာက သိက္ခာမဲ့လွန်းတယ် "
"ငမိုက်သား! ငါ အနောက်မြောက်ပိုင်းစစ်တပ်ကို ဦးဆောင်တုန်းက မင်းအဖေက တပ်သားပဲ ရှိသေးတာ ... နယ်စားသားအဆင့်ကများ ဒီစစ်သူကြီးကို လက်ညှိုးထိုးရဲသလား"
"ဟွန့် ဒီမင်းသားက ဧကရာဇ်ရဲ့ အမိန့်တော်ကို သယ်ဆောင်လာ...."
"မင်းသား... ဦးရီးတော် ... ခဏ စိတ်ထိန်းကြပါ..."
"သတင်းပို့ပါတယ်! ဖေးယွီတပ်မှူး လင်ဖေးရှင်း စစ်သူကြီးကို တွေ့ခွင့်တောင်းပါတယ် "
"လာခဲ့!"
လီမုသည် ဒေါသထွက်နေသည်ဖြစ်ရာ စစ်သူကြီးတစ်ဦး၏ ပင်ကိုယ်စရိုက်အတိုင်း စကားလုံးအနည်းငယ် ကြမ်းတမ်းသွားခဲ့သည်။
"ဟုတ်ကဲ့!"
ထိုအခါ လင်ဝမ်ယွဲ့သည် စခန်းကြီးထဲသို့ ဝင်သွားရာ လီမု၏ မျက်နှာချင်းဆိုင်တွင် အရပ်မြင့်မြင့် ချောမောသော မင်းသားတစ်ပါး ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုသူသည် မင်းသမီးကြီးနှင့်အတူ စစ်တပ်စခန်းသို့ လာရောက်လည်ပတ်ခဲ့သော "မြို့တော်မှလာသော အရာရှိ" ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သို့သော် ထိုသူသည် လီမု၏ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား မေးခွန်းထုတ်ရဲသည်အထိ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နိုင်ငံရေးနှင့် ပတ်သက်သည့် ဗဟုသုတ လုံးဝမရှိသလောက်ဖြစ်သော လင်ဝမ်ယွဲ့အတွက် လီကျုံးသည် "မြို့တော်မှလာသော အရာရှိ" တစ်ဦးသာ ဖြစ်သည်။
လီမုသည် လင်ဝမ်ယွဲ့အား လက်ညှိုးထိုးကာ ကြမ်းတမ်းသောအသံဖြင့် ပြောလိုက်၏။
"မင်း! ဒီမင်းသားကို ပြောပြလိုက် အဲဒီနေ့က စစ်ချီရင်း ဝင်တိုက်ခံရတဲ့ တိုက်ပွဲမှာ မင်း ဘာတွေ ကြားခဲ့ရလဲဆိုတာ!"
"ဟုတ်ကဲ့"
ထိုအခါ လင်ဝမ်ယွဲ့သည် ထိုနေ့က ဟန်လူမျိုးများထံမှ ထူးဆန်းသော တံပိုးမှုတ်သံများ ကြားခဲ့ရခြင်းနှင့် ဤရက်ပိုင်းအတွင်း ဟန်စစ်သည်များ၏ စနစ်တကျ ဆုတ်ခွာမှုများ ကျွမ်းကျင်သော လေ့ကျင့်မှုများ ညဘက်၌ စခန်းအတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်မှုများ စသည်တို့ကို ပြောပြလိုက်သည်။ ဤအရာများသည် လင်ဝမ်ယွဲ့ (၂) နှစ်ကျော်အတွင်း တစ်ခါမျှ မကြုံဖူးသော အဖြစ်အပျက်များပင် ဖြစ်သည်။
လင်ဝမ်ယွဲ့ ပြောပြီးသောအခါ လီကျုံးက စိတ်မရှည်စွာ ပြောသည်ကို ကြားလိုက်ရ၏။
"မင်းက ဘာကောင်မို့လို့ လာရှင်းပြနေတာလဲ ဒီမင်းသားက ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ လာတာ… စစ်သူကြီးလီမုက တိုက်ပွဲကို ရှောင်ရှားဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ ငါ ထင်တယ် နန်းတော်ကို ပြန်ရောက်တာနဲ့ အဖြစ်မှန်ကို ဧကရာဇ်မင်းမြတ်ကို တိတိကျကျ လျှောက်တင်မယ်"
လီမုသည် လီကျုံး၏ စကားကို ကြားသောအခါ ဒေါသကြောင့် မျက်နှာပြာနှမ်းသွားသည်။ ဘေးတွင်ရပ်နေသော လီရှန်မှာ တစ်ခွန်းမျှ ထပ်မပြောတော့ဘဲ သူမ၏ အကြည့်များက လီကျုံးအပေါ်သို့ စူးစိုက်နေပြီး စိတ်ထဲမှ အချို့အရာများကို နားလည်လိုက်ပုံရသည်။
End 18