Chapter 19
အခန်း (၁၉) ပင့်သက်ရှိုက်ရာ သုံးကြိမ်သုံးခါ
"မင်းသမီး ဘယ်လိုထင်လဲ… ဧကရာဇ်က ရှန့်ဖန်းတော်ဝင်ဓား ပေးတယ်လို့ ကျွန်တော်ကြားတယ် ဒါဖြင့် ထုတ်ပြလိုက်ပါလား"
လီကျုံး၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် တဲတစ်ခုလုံးရှိ လေထုမှာ အေးခဲသွားသကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
ထိုအခြေအနေမှာ စိတ်လှုပ်ရှားမှုနှင့် တင်းမာမှုတို့ ရောယှက်နေသော အခြေအနေတစ်ရပ်ဖြစ်ပြီး မည်သူမျှ အသက်ပင် မရှူဝံ့ကြပေ။
လင်ဝမ်ယွဲ့သည် ယခုကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်က တစ်ခါမျှ မကြုံဖူးသေးချေ။ သူမသည် အသက်သံကို ထိန်းချုပ်လျက် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ နှလုံးသားတစ်ခုလုံး စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ထိုနေရာရှိ လူများကို သေသေချာချာ သုံးသပ်ကြည့်ရှုနေမိသည်။
လီမု၏ မျက်နှာအမူအရာမှာ မရေမရာဖြစ်နေပြီး မျက်လုံးများက လီကျုံးနှင့် လီရှန်တို့ကြားတွင် အလှည့်ကျ ပြေးလွှားလျက်ရှိကာ မျက်နှာသွင်ပြင်သည် အလွန်ဆိုးရွားနေတော့သည်။ သူ့စိတ်ထဲတွင် မည်သည့်အတွေးများ ဖြစ်ပေါ်နေသည်ကို မည်သူမျှ မသိနိုင်ချေ။
လီကျုံးသည် ရင်ဘတ်ကို မာန်ပါပါကော့၍ ဦးခေါင်းကို မတ်မတ်မော့ကာ ဖြောင့်မတ်တည်ကြည်သော သူရဲကောင်းတစ်ဦးနှယ် ပြုမူလျက်ရှိ၏။ သူ၏ ခိုင်မာသော ရပ်တည်ချက်က ပတ်ဝန်းကျင်ရှိသူများအပေါ် လွှမ်းမိုးထားလေသည်။
နောက်ဆုံးတွင် လင်ဝမ်ယွဲ့သည် လီရှန်ထံသို့ ခိုး၍ ကြည့်လိုက်၏။ လီကျုံးနှင့် လီမုတို့၏ အကြည့်ကို ခံနေရသော လီရှန်သည် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး မျက်ခွံများကိုပင် အောက်သို့ ချထားကာ တစ်စုံတစ်ရာမှ ပြောဆိုခြင်းမပြုပေ။ သူမ၏ ငြိမ်သက်မှုက မုန်တိုင်းမတိုက်မီ လေငြိမ်နေခြင်းနှင့် တူညီနေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်ဝမ်ယွဲ့၏ ရင်ထဲတွင် သူမကိုယ်တိုင်ပင် မသိနိုင်လောက်အောင် ဝမ်းနည်းသွားမိလေသည်။ ထိုသို့သော ထူးဆန်းသည့် အငွေ့အသက်ကို ဖြိုခွဲရန် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားနေမိတော့သည်။
သို့သော်လည်း လင်ဝမ်ယွဲ့၏ အသိဉာဏ်က သူမအား အတိအလင်း သတိပေးနေ၏။ လက်ရှိအခြေအနေက သူမနှင့် သက်ဆိုင်ခြင်း မဟုတ်ပေ။
‘ဒီစစ်တပ်ထဲကို ဘာလို့ရောက်နေလဲဆိုတာ မမေ့နဲ့ ကိုယ်က ဘယ်လို အခြေအနေမျိုးလဲဆိုတာ မမေ့နဲ့ တပ်မှူးဖြစ်ရတာတောင် စည်းမျဉ်းကို ချိုးဖောက်ပြီးသားပဲ စစ်သူကြီးရဲ့ အာရုံစိုက်မှုကို ထပ်ပြီး မရအောင် သတိထားရမယ်…’
"မင်းသမီး စကားပြောပါဦး! ကျွန်တော်မျိုးတို့နိုင်ငံ တည်ထောင်ခဲ့တာ နှစ်ရာပေါင်းများစွာ ရှိနေပါပြီ ရိုင်းစိုင်းတဲ့လူမျိုးတွေကို တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ ငြင်းဆန်ခဲ့ဖူးပါသလား… မင်းသမီးက တော်ဝင်မျိုးနွယ်ကပဲ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမှာ မဟုတ်ဘူးလား"
"စစ်သူကြီး ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်"
"ဪ... မင်း ဘာပြောချင်လို့လဲ"
လင်ဝမ်ယွဲ့သည် ဒူးတစ်ဖက်ထောက်ကာ မြေပြင်ပေါ်တွင် ဦးခေါင်းကို ညွှတ်ချထားနေရာမှ လီမု၏ မေးခွန်းကို ကြားလိုက်ရမှသာ သက်ပြင်းတစ်ချက် ဖွဖွချလိုက်လေသည်။ သူမ၏ နှလုံးသားသည် ထိုမျှကြီးမားသော တင်းမာမှုများအောက်တွင် ဖိအားများနေခဲ့လေသည်။
သို့သော်လည်း နောင်တရခြင်းသည် အသုံးမဝင်တော့ပြီ။ ယခုအခါတွင် မြားသည် ကြိုးပေါ်တင်ထားပြီးဖြစ်ရာ မဖြစ်မနေ ပစ်လွှတ်ရတော့မည်။
"စစ်သူကြီးကို ပြန်လျှောက်တင်ပါတယ် ကျွန်တော်မျိုးက စာသိပ်မတတ်ပါဘူး… ငယ်လည်း ငယ်ပါသေးတယ် အတွေ့အကြုံလည်း နည်းပါးတော့ လူမှုအသိုင်းအဝိုင်းမှာလည်း အပြောအဆို နုံချာပါတယ် ဒါပေမဲ့ ကျွန်တော်မျိုး ငယ်ငယ်တုန်းက ပုံပြင်တွေ ပြောပြတတ်တဲ့ လှည့်လည်သွားလာနေတဲ့ ကုန်သည်တစ်ယောက်ကို တွေ့ဖူးတယ်… သူက ကျွန်တော်မျိုးကို ပုံပြင်တစ်ပုဒ် ပြောပြဖူးတယ် သူပြောတဲ့ စကားတစ်ခွန်းကို ကျွန်တော် မှတ်မိနေပြီး အခုအခြေအနေနဲ့ အလွန်ကို ကိုက်ညီပါတယ် အဲဒါက ဘာလဲဆိုတော့ ‘စစ်သူကြီးက စစ်မြေပြင်မှာ ရှိနေရင် ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကိုတောင် လိုအပ်သလို ပြောင်းလဲ ဆုံးဖြတ်နိုင်ခွင့် ရှိတယ်’ ဆိုတဲ့စကားပါ"
လင်ဝမ်ယွဲ့သည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် ဦးခေါင်းကို အောက်သို့ အနိမ့်ဆုံး ငုံ့ထားလိုက်၏။ ထိုစဉ်တွင် သူမ၏ နှလုံးခုန်နှုန်းမှာလည်း အဆမတန် မြန်ဆန်နေခဲ့သည်။
လင်ဝမ်ယွဲ့သည် မိမိကိုယ်တိုင် မည်သို့ဖြစ်နေသည်ကိုပင် မသိတော့ပေ။ စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်သော်လည်း အမြဲတစေ ကြောက်ရွံ့စွာ ပုန်းအောင်းနေခဲ့မိသည်။ ယနေ့တွင် ထိန်းချုပ်၍မရအောင်ပင် စိတ်လိုက်မာန်ပါ လုပ်ဆောင်မိလေပြီ။
လင်ဝမ်ယွဲ့သည် ဦးခေါင်းကို နိမ့်သထက်နိမ့်အောင် ငုံ့ထားလျက် မိမိ၏ ဦးရေပြားများ ပူနွေးလာသည်ကို သိသိသာသာ ခံစားနေရသည်။
သူမသည် အခြားသူများ မိမိ၏ မျက်နှာအမူအရာကို မြင်မည်စိုး၍ မော့မကြည့်ဝံ့သကဲ့သို့ အချို့သောသူတို့၏ မျက်ဝန်းများကိုလည်း မော့၍ ကြည့်ဝံ့ခြင်း မရှိပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လီမုသည် ပြင်းထန်သော အသံဖြင့် ကြွေးကြော်လိုက်သည်။
"ပြောတာ ကောင်းတယ်"
လင်ဝမ်ယွဲ့၏ စကားကို ကြားလိုက်ရသောအခါ လီမုသည် ရင်ဝတွင် မကျေနပ်မှုများ ကိန်းအောင်းနေသည်ကို ခြေဖျက်လိုက်ပြီးနောက် လီကျုံးဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။
"ငါ့စစ်တပ်ထဲက စာမတတ်တဲ့ စစ်သားလေးတွေတောင် နားလည်တဲ့ အမှန်တရားကို မင်းသားက ထပ်ပြီး ဘာပြောစရာ ရှိသေးလဲ"
"မင်း!"
လီကျုံးသည် လီမု၏ စကားထဲမှ သိသာထင်ရှားသော လှောင်ပြောင်မှုကို ကြားလိုက်ရသည့်အတွက် ဒေါသထွက်သွားလေသည်။ သို့သော်လည်း သူသည် မည်သည့်ပြန်လှန်ချေပစကားမျှ ပြောဆိုနိုင်ခြင်းမရှိဘဲ လင်ဝမ်ယွဲ့အား ဒေါသတကြီး စိုက်ကြည့်လိုက်တော့၏။
"ဟန့် ... ပြီးတော့ ငါက မင်းသမီးရဲ့ ဦးရီးတော် အရင်းခေါက်ခေါက် မင်းသားက မင်းသမီးကို သူ့လက်နဲ့ သူ့ဦးရီးတော်အရင်းကို သတ်စေချင်တာလား"
"မင်းသမီး ကျွန်တော်မျိုး အဲဒီလို သဘောနဲ့ မဟုတ်ပါဘူး ....."
လီကျုံးသည် လီရှန်ဘက်သို့ လှည့်ကာ ဂရုတစိုက် ရှင်းပြသည်။
လီရှန်က မသိကျိုးနွံစွာ ပြုံးပြပြီး ပြန်လည်ဖြေကြားလိုက်သည်။
"မင်းသားကလည်း စိတ်စောပြီး သေချာ မစဉ်းစားလိုက်တာကို ကျွန်မ နားလည်ပါတယ်"
လီရှန်၏ ကြင်နာတတ်သော သဘောထားကို မြင်ရသောအခါ လီကျုံး၏ စိတ်ထဲတွင် ကျေနပ်မှုများ လွှမ်းခြုံသွားပြီး လီရှန်၏ မျက်ဝန်းများကို စိုက်ကြည့်နေရင်း တိုးတိုးလေး ခေါ်လိုက်သည်။
"မင်းသမီး…"
"စစ်သူကြီး တခြားကိစ္စမရှိရင် ကျွန်တော်မျိုး အရင်ပြန်ပါရစေ"
"အင်း ... သွား"
လီမုသည် လင်ဝမ်ယွဲ့အား ပြုံးလျက် လက်ပြလိုက်ရာ လင်ဝမ်ယွဲ့ကို ကြည့်သည့်အခါ သူ၏ မျက်လုံးများတွင် ချီးကျူးမှုနှင့်အတူ ကြင်နာမှုတို့ ပိုမိုပါဝင်လာလေသည်။
"ဟုတ်ကဲ့!"
လင်ဝမ်ယွဲ့သည် မြေပြင်မှ ဖြည်းညင်းစွာ ထရပ်လိုက်သော်လည်း ဦးခေါင်းကို ဆက်လက်ငုံ့ထားဆဲပင်။ မျက်ဝန်းများက မိမိ၏ ခြေဖျားထိပ်ကိုသာ သေချာစွာ စိုက်ကြည့်နေပြီး ကိုယ်ကိုကိုင်းညွတ်လျက် စစ်သူကြီးတဲထဲမှ ထွက်ခွာသွားလေသည်။
စစ်တဲကြီးမှ အဝေးသို့ ရောက်သည်နှင့် လင်ဝမ်ယွဲ့သည် သက်ပြင်းတစ်ချက်ကို ပြင်းပြင်းထန်ထန် ချလိုက်သည်။ ထို့နောက် နဖူးပေါ်မှ သေးငယ်သော ချွေးစက်များကို သုတ်လိုက်ပြီးနောက် နောက်တစ်ကြိမ် သက်ပြင်းကို ပြင်းပြင်းထန်ထန် ချလိုက်ပြန်သည်။ ငါးလှမ်းပင် မရောက်မီ နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်ပြန်သည်။
ထိုအခါတွင် လင်ဝမ်ယွဲ့၏ စိတ်ထဲ၌ နောင်တများ တိုးဝင်လာခဲ့သည်။ သူမသည် မိမိကို မည်သည့်အရာက ဖမ်းစားပြီး ကိုယ်နှင့် မဆိုင်သောကိစ္စတွင် ဝင်ရောက်ပြောဆိုမိသည် မသိနိုင်တော့ချေ။
လင်ဝမ်ယွဲ့သည် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့၏။ အရာအားလုံးမှာ မိမိ၏ စီစဉ်ထားသည့်အတိုင်း မဟုတ်တော့ဘဲ မည်သည့်နေရာမှ စတင် လွဲချော်လာသည်ကိုလည်း စဉ်းစား၍ မရနိုင်တော့ပေ။
လင်ဝမ်ယွဲ့သည် မိမိတဲဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ရာ တဲသို့ ပြန်ရောက်ရန် အမွှေးတိုင်တစ်ဝက်စာခန့် ကြာမြင့်ခဲ့လေသည်။
ကုတင်ပေါ်တွင် မှောက်ခုံအိပ်နေသော လင်ဝမ်ယွဲ့သည် လီရှန်အကြောင်းကို မတွေးဘဲ မနေနိုင်ပေ။ လင်ဝမ်ယွဲ့ မြားပစ်လေ့ကျင့်နေစဉ် သူမကို တွေဝေသွားစေခဲ့သော ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ဖြစ်စေ လီရှန်က သူမဘေးတွင် ပြုံးလျက် ရပ်ကာ စစ်တပ်စခန်းမှ ငြီးငွေ့ဖွယ်ရာ ကိစ္စများကို သူမ ပြောပြသည်ကို စိတ်ရှည်လက်ရှည် နားထောင်နေခဲ့သည်ကို ဖြစ်စေ လီရှန်က သူမ၏ စကားများကို သူတို့နှစ်ဦးကြား လျှို့ဝှက်ထားမည်ဟု ညင်သာစွာ ပြောဆိုခဲ့ခြင်းကို ဖြစ်စေ နောက်ဆုံးတွင် လီရှန်က မျက်လွှာချလျက် ကြီးမားသော တဲထဲ၌ ကူကယ်ရာမဲ့စွာ ရပ်နေသည့် ပုံစံလေးကို ဖြစ်စေ ဤအရာများအားလုံးကို သူမ ပြန်လည် တွေးတောနေမိလေသည်။
ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စမျိုးကို လင်ဝမ်ယွဲ့ တစ်ခါမျှ မကြုံဖူးသေးပေ။ သူမသည် မင်းသမီးနှင့် နေရာချင်းတွင် ဝင်ရောက် ခံစားကြည့်ရန် စိတ်ကူးပင် မယဉ်ဝံ့ချေ။ သို့သော်လည်း သူမသည် စစ်တဲထဲတွင် ရပ်နေစဉ် လီရှန်၏ စကားတစ်ခွန်းမျှ မဆိုနိုင်သော အခြေအနေကို မြင်တွေ့လိုက်ရသောအခါ သူမ၏ ရင်ထဲ၌ မတွန်းလှန်နိုင်အောင် သနားကရုဏာသက်မိသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာမိသည်။
အခြားသူများ၏ အတင်းအကျပ် တွန်းအားပေးမှုကြောင့် မိမိ၏ ဦးရီးတော်အရင်းအား ရှန့်ဖန်းတော်ဝင်ဓားဖြင့် ဖိအားပေးရမည့် အခြေအနေက အလွန် ခံရခက်မည်မှာ သေချာသည်။
လင်ဝမ်ယွဲ့သည် ခေါင်းအုံးထဲသို့ ခေါင်းကို ပို၍တိုးဝင်လိုက်သည့်အခါ သူမ၏ စိတ်ထဲရှိ နောင်တများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။
ညအချိန် လီရှန်၏ ရွက်ဖျင်တဲအတွင်း၌…
လီရှန်သည် စားပွဲရှေ့တွင် ထိုင်နေပြီး စားပွဲပေါ်၌ ဝါဝင်းသော ဆီမီးခွက်တစ်ခု လင်းနေဆဲပင်။ ဆီမီးခွက်ဘေးတွင် လေးထောင့်ပိုးသားစ နှစ်စကို ဘေးချင်းကပ်၍ ချထားသည်။ ထိုအဝတ်စများပေါ်တွင် ပန်းပွင့်လေးအလား လှပသည့် စာလုံးသေးသေးလေးများ ပါရှိသည်။
လီရှန်၏ ရှေ့တွင် အမည်းရောင်ဝတ်စုံနှင့် အမည်းရောင်မျက်နှာဖုံးစွပ်ထားသည့် လူတစ်ဦးသည် ဒူးတစ်ဖက်ထောက်လျက် ရှိနေသည်။
ထိုစဉ် စစ်တဲအတွင်းမှ အလင်းရောင်သည် မှိန်ဖျော့နေသည်။ ထိုသူသည် ထိုနေရာတွင် ငြိမ်သက်စွာ ဒူးထောက်နေခဲ့ပြီး အသက်ရှူသံပင် မကြားရဘဲ တဲအတွင်းမှ မှောင်မိုက်မှုနှင့် တစ်သားတည်း ဖြစ်နေပုံရသည်။
လီရှန်သည် သွယ်လျသော ကျောက်စိမ်းဖြူ လက်ချောင်းများကို ဆန့်တန်းကာ ထိုပိုးသားစများထဲမှ တစ်ခုကို ကောက်ယူလိုက်သည်။ ထို့နောက် မီးခွက်ပေါ်သို့ မတင်မီ ထိုပိုးသားစပေါ်တွင် ရေးထားသည်ကို ဖတ်ကြည့်လိုက်သည်။
ဧကရာဇ်က လျန်ဖေးကို မိဖုရားခေါင်ကြီးအဖြစ် ထားရန် ကြံဆောင်။
ခဏအကြာတွင် ထိုပိုးသားစသည် တဖြည်းဖြည်း မီးလောင်ကျွမ်းကာ မီးခိုးတန်းအဖြစ် ပြောင်းလဲသွားတော့သည်။
လီရှန်သည် ပိုးသားစ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီးနောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် ပြန့်ကျဲနေသော ပြာမှုန့်များသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"အမိန့်ကို နန်းတော်ထဲ ပြန်ပို့လိုက် လျန်ဖေးကို အိပ်ရာပေါ်မှာပဲ ကောင်းကောင်းနားနေစေ… အနည်းဆုံးတော့ ငါ နန်းတော် ပြန်ရောက်တဲ့အထိ အချိန်ဆွဲထားရမယ်… ကျန်တာ နန်းတော်ကို ပြန်ရောက်မှ ပြောမယ်"
"ဟုတ်ကဲ့!"
"နောက်ပြီး နက္ခတ်တာရာဌာနကို ပြင်ဆင်ထားခိုင်းလိုက် နန်းတော် အချိန်မီ မပြန်နိုင်ရင် လျန်ဖေးရဲ့ ကံဇာတာက မကောင်းတဲ့အတွက် ရာထူးကို မထိုက်တန်လို့ ခမည်းတော်ကို တင်ပြခိုင်းလိုက်"
"ဟုတ်ကဲ့!"
"သတိထား လျန်ဖေးကို မသေစေနဲ့ဦး"
"ဟုတ်ကဲ့!"
"အရိပ်အဖွဲ့ရဲ့ ကျန်နေသေးတဲ့ ခေါင်းဆောင် ဆယ့်တစ်ယောက်ကို အချိန်တိုင်း အသင့်အနေအထား ရှိနေဖို့ အကြောင်းကြားလိုက်"
"ဟုတ်ကဲ့ပါ!"
"သွားတော့"
စကားသံဆုံးသည်နှင့် အရိပ်ကိုယ်ရံတော်သည် အသံမကြားရဘဲ ပျောက်ကွယ်သွားတော့၏။
လီရှန်သည် သူမရှေ့ရှိ မီးခွက်ကို မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက် လက်တစ်ဖက်ကို ဆန့်တန်းကာ အခြားပိုးသားစတစ်ချပ်ကို ကောက်ယူလိုက်သည်။
အချိန်အတော်ကြာအောင် ထပ်ခါတလဲလဲ ကြည့်ရှုပြီးမှ သူမ၏ နှုတ်ခမ်းထောင့်စွန်းများတွင် သိမ်မွေ့သော ပြုံးယောင်သန်းလာခဲ့သည်။ နောက်ဆုံးတွင် လီရှန်သည် ထိုပိုးသားစကို မီးခွက်ပေါ်သို့ တစ်ဖန် မြှောက်တင်လိုက်ရာ ထိုပိုးသားစပေါ်တွင် သေးငယ်သော စာလုံးများဖြင့် အစီအရီ ရေးထားသည်ကို မြင်လိုက်ရသည်။
“မင်းသမီး ထွက်သွားပြီး လင်ဖေးရှင်းက နေရာမှာပဲ တွေတွေကြီး ရပ်ပြီး လက်ကို အတန်ကြာအောင် ငုံ့ကြည့်နေပါတယ်”
“လင်ဖေးရှင်း စစ်သူကြီးတဲထဲက ထွက်လာပြီး ခြေလှမ်းရှစ်လှမ်းလောက် သွားပြီး သက်ပြင်းချပါတယ်။ နောက်တော့ ချွေးကို လက်ဖြင့် သုတ်ပြီး သက်ပြင်း ထပ်ချပါတယ်။ ခြေလှမ်းငါးလှမ်း ဆက်လျှောက်ပြီး တတိယမြောက် သက်ပြင်းချပါတယ်”
“လင်ဖေးရှင်း ကိုယ်ပိုင်တဲထဲ ပြန်ရောက်တော့ အိပ်ရာပေါ်မှာ မှောက်အိပ်နေပါတယ်”
လီရှန်သည် နောက်ဆုံးသော ပိုးသားစလည်း ပြာမှုန်များအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်များတွင် သိမ်မွေ့သော ပါးချိုင့်လေးနှစ်ဖက် ပေါ်လာလေသည်။
End 19