Chapter 12
အခန်း (၁၂) ဖြေဆိုနိုင်ခြင်း မရှိသော
လီမု၏ စကားကို ကြားရသည်နှင့် လင်ဝမ်ယွဲ့သည် ချက်ချင်းပင် ဒူးထောက်ချလိုက်ကာ ခေါင်းငုံ့လျက် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေ၏။
ဘေးနားမှ လင်ယွီက လင်ဝမ်ယွဲ့ အပြစ်ပေးခံရတော့မည်ဟု ထင်သဖြင့် အကြောင်းရင်းကို မသိသော်လည်း လင်ဝမ်ယွဲ့နောက်မှ ဒူးထောက်ချလိုက်တော့သည်။
လီမုသည် သူ့ရှေ့မှ တုန်တုန်ယင်ယင်နှင့် ဒူးထောက်နေသော လူငယ်နှစ်ဦးကို ကြည့်လျက် မအောင့်နိုင်ဘဲ နောက်ဆုံးတွင် ပြုံးလိုက်မိတော့သည်။ လီမုတွင်လည်း ဤကဲ့သို့ မိမိနှင့်အတူ အန္တရာယ်ပေါင်းစုံကို ဖြတ်သန်းပြီး အပြစ်များ အတူတူ မျှဝေခံစားခဲ့ဖူးသော ရဲဘော်ရဲဘက်များ ရှိခဲ့ဖူး၏။
လင်ယွီ၏ ရဲဘော်ရဲဘက်စိတ် အပြည့်ဖြင့် တုံ့ပြန်လိုက်မှုက လီမု၏ စိတ်ကို ပျော့ပြောင်းသွားစေ၏။
လီမုသည် လက်လှမ်းဆန့်ကာ ဒူးထောက်နေသော လူငယ်နှစ်ဦးကို ထူပေးလိုက်ပြီး ရယ်မောရင်း ပြောလိုက်သည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ဖေးယွီတပ်ရင်းက တပ်ရင်းမှူးနေရာအတွက် လူသစ်စုဆောင်းတယ်ဆိုတာ မှတ်မိသေးတယ်၊ နှစ်တင်းအားလေးကို ဆွဲနိုင်ရမယ်လို့ သတ်မှတ်ထားတာ… လင်ဖေးရှင်း၊ မင်း ဘာလို့ သွားမလျှောက်ခဲ့တာလဲ”
လင်ဝမ်ယွဲ့သည် မိမိ၏ ခံစားချက်ကို လီမု မမြင်အောင် ထိန်းချုပ်ရန် ကြိုးပမ်းနေ၏။ နှလုံးခုန်သံများက မြန်ဆန်နေပြီး လီမုက မိမိသည် မိန်းကလေးဖြစ်ကြောင်း ရိပ်မိသွားခြင်း မဟုတ်မှန်း သိလိုက်မှသာ သက်ပြင်းချနိုင်တော့သည်။
လင်ဝမ်ယွဲ့သည် တစ်ဖန် ဒူးထောက်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
“ကျွန်တော့် အပြစ်ကို ကျွန်တော် သိပါပြီ”
လီမုသည် လင်ဝမ်ယွဲ့ကို နောက်တစ်ကြိမ် ပြန်ထူပေးပြီး ပြောလိုက်သည်။
“ငါက အဲလောက်တောင် ကြောက်ဖို့ကောင်းလို့လား၊ မင်းတို့ လူငယ်နှစ်ယောက်ကို ဘာလို့ ခဏခဏ ဒူးထောက်နေကြတာလဲ… မင်းကျောပေါ်က အနက်ရောင် လေးကြီးရဲ့ ပိုင်ရှင်က ငါဆိုတာ မသိဘူးလား၊ အဲဒီလေးက ကိုယ်ထည်ပျက်ပြီး ပစ်မှတ်ကို မမှန်တော့လို့ ငါ စွန့်ပစ်လိုက်တာ… မင်းက ငါ့လေးကို တင်နိုင်တဲ့အပြင် ဟန်လူနှစ်ယောက်ကို သတ်ပစ်လိမ့်မယ်လို့ ငါမထင်ထားဘူး၊ ထကြ… စကားပြောကြရအောင်”
“ဟုတ်ကဲ့”
“ကျေးဇူးတင်ပါတယ် စစ်သူကြီး”
လီမုသည် မိမိနေရာသို့ ပြန်ထိုင်လိုက်ပြီး လင်ဝမ်ယွဲ့နှင့် လင်ယွီကို ကြည့်ကာ မေးလိုက်သည်။
“ဒီနေ့တိုက်ပွဲအပေါ် မင်းတို့ရဲ့အမြင်တွေ နားထောင်ချင်တယ်”
လီမု၏ စကားသံ ဆုံးသည်နှင့် လင်ဝမ်ယွဲ့၏ ခေါင်းထဲတွင် အတွေးများက လျင်မြန်စွာ ပေါ်လာ၏။ လင်ဝမ်ယွဲ့သည် ပြောချင်ဇောဖြင့် အလိုအလျောက် ပါးစပ်ဟလိုက်သော်လည်း စိတ်က ထိန်းချုပ်လိုက်ကာ နောက်ဆုံးတွင် အတွေးအားလုံးကို ရင်ထဲ၌သာ မြိုသိပ်ထားလိုက်တော့သည်။
လီမုသည် လင်ဝမ်ယွဲ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေ၏။ သူသည် သူ၏ အရှေ့မှ ဤပိန်ပါးသော လူငယ်လေးကို အလွန်သဘောကျမိနေသည်။ လင်ဝမ်ယွဲ့သည် သာမန်စစ်သည်တော်တစ်ဦးကဲ့သို့ သန်မာထွားကြိုင်းခြင်း မရှိသော်လည်း ထိုလူငယ်၏ ကိုယ်ပေါ်၌ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးတစ်ခု ရှိနေသည်ကို လီမု သတိထားမိသည်။ အထူးသဖြင့် ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင် သူ့ကိုယ်ခန္ဓာတစ်ခုလုံးမှ စစ်သွေးစစ်မာန်များ ပြင်းထန်စွာ ထွက်ပေါ်လာတတ်သည်။
တကယ်လို့များ …
ဤလူငယ်တွင် စစ်မြေပြင်ကို ထိန်းချုပ်နိုင်သည့် စစ်ဗျူဟာနှင့် ဉာဏ်စွမ်းဉာဏ်စသာ ထပ်ပိုင်ဆိုင်မည်ဆိုပါက...
ထိုလူငယ်ကို မိမိအနီးအနားတွင် ထားရှိကာ အထူးတလည် မြေတောင်မြှောက်ပေးရမည်။ မကြာမီတွင် လီနိုင်ငံတွင် ဉာဏ်ပညာနှင့် သတ္တိနှစ်မျိုးစလုံး ပြည့်စုံသော လူငယ်စစ်သူကြီးတစ်ဦး ထပ်မံပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လင်ဝမ်ယွဲ့၏ ပြောပြရန် ပြင်လိုက်သည့် ပါးစပ်အမူအရာနှင့် စကားများကို ပြန်လည်မြိုသိပ်လိုက်သည့် ဟန်ပန်က လီမု၏ မျက်လုံးများကို မလွတ်ခဲ့ပေ။ လီမုသည် လင်ဝမ်ယွဲ့ကို စိုက်ကြည့်ရင်း မေးလိုက်၏။
“လင်ဖေးရှင်း၊ မင်းမှာ ပြောစရာ ရှိနေတာလား”
လင်ဝမ်ယွဲ့သည် အံ့အားသင့်စွာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စိတ်ထဲမှလည်း တိတ်တဆိတ် အံ့ဩချီးကျူးနေမိသည်။
စစ်သူကြီးလီမု၏ မျက်လုံးများက ဒီလောက် ထက်မြက်တာလား။ စစ်သူကြီးချုပ်လို့ မပြောရဘူး ...
သူ၏ ရှေ့တွင် မည်သည့်အရာမှ ဖုံးကွယ်၍ မရနိုင်တော့ဟူသော ခံစားချက်မျိုးပင် ပေါ်ပေါက်လာရ၏။
ဤခံစားချက်က လင်ဝမ်ယွဲ့ကို ပို၍ပင် အန္တရာယ်ရှိသည်ဟု ခံစားရစေပြီး မိမိ၏ ဖုံးကွယ်ထားမှု မပေါ်ပေါက်စေရန် အမြန်ဆုံး ထွက်ပြေးချင်နေမိသည်။
ဘေးနားမှ လင်ယွီသည် မိမိ၏ အတွေးများကို ပြောပြချင်သော်လည်း လီမုက လင်ဝမ်ယွဲ့၏ နာမည်ကို တပ်ကာ ဦးစွာ ပြောစေချင်ကြောင်း ထင်ရှားစွာ ပြသလိုက်သောအခါ လင်ယွီမှာ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။
လင်ယွီ၏ စိတ်ထဲတွင် အခွင့်အရေး လက်လွှတ်လိုက်ရသည့်အတွက် နှမြောမှု အနည်းငယ် ဖြစ်ပေါ်လာသော်လည်း ထိုခံစားချက်က ခေတ္တမျှသာ ဖြစ်သည်။ ပို၍ကြီးမားသော ခံစားချက်မှာ လင်ဝမ်ယွဲ့အတွက် ဝမ်းသာမိခြင်း ဖြစ်၏။
လက်ရှိ အခြေအနေကို မျက်မမြင်တစ်ဦးပင် မြင်တွေ့နိုင်အောင် ထင်ရှားနေ၏။ စစ်သူကြီးက သူ့ ‘သာ့ကော’ ကို သတိပြုမိပြီး အလွန်အမင်း သဘောကျနေပုံရသည်။
သူ့သာ့ကော နေရာတွင် အခြားသူတစ်ဦး ဖြစ်ပါက လင်ယွီသည် မကျေမနပ် ဖြစ်ကောင်း ဖြစ်နိုင်ပြီး လီမု၏ စကားကို ဖြတ်ပြောကာ မိမိအတွက် အခွင့်အရေး ရယူရန် ယှဉ်ပြိုင်ခြင်း ပြုမိလိမ့်မည်။ သို့သော် ထိုသူမှာ လင်ဝမ်ယွဲ့ ဖြစ်နေသောကြောင့် လင်ယွီ၏ စိတ်ထဲတွင် မည်သည့် မကျေနပ်မှုမှ မရှိခဲ့ပေ။
လင်ဝမ်ယွဲ့သည် သူ့အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့သည်ကို မဆိုထားနှင့်။ ဤတပ်စခန်းသို့ ရောက်လာခဲ့သော ၂ နှစ်အတွင်း လင်ယွီနှင့် လင်ဝမ်ယွဲ့သည် တစ်ဦးကိုတစ်ဦး အမြဲတစေ မခွဲမခွာ ရှိနေခဲ့၏။
လင်ဝမ်ယွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို လင်ယွီ မြင်တွေ့ခဲ့ရပြီး လင်ဝမ်ယွဲ့တွင် ရှိသော အရည်အသွေးများက လင်ယွီ၏ စိတ်ကို လှိုက်လှိုက်လှဲလှဲ လေးစားအားကျစေခဲ့သည်။
“သာ့ကော… မြန်မြန် ပြောလိုက်လေ စစ်သူကြီး မေးနေတာကို!”
လင်ယွီသည် လင်ဝမ်ယွဲ့ကို အချိန်ကြာမြင့်စွာ စကားမပြောဘဲ ရှိနေသည်ကို မြင်သောအခါ တံတောင်နှင့် ဖြည်းညှင်းစွာ တွန်းလိုက်သည်။
လင်ယွီ၏ တို့ထိမှုကို ခံစားမိသည်နှင့် လင်ဝမ်ယွဲ့၏ ဦးနှောက်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး အသက်ကယ်ကြိုးကို ဆုပ်ကိုင်မိလိုက်သလို ခံစားလိုက်ရသည်။ လင်ဝမ်ယွဲ့သည် ဖြည်းညှင်းစွာ ခေါင်းထောင်လိုက်ပြီး လင်ယွီကို နက်နဲစွာ တစ်ချက် ကြည့်လိုက်၏။
ထို့နောက် လီမုဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“စစ်သူကြီး၊ ခုနက တဲကြီးဆီအလာ လင်ယွီနဲ့ ကျွန်တော် ဒီနေ့တိုက်ပွဲအခြေအနေကို အပေါ်ယံလောက်တော့ လေ့လာသုံးသပ်ခဲ့ကြတယ်၊ ကျွန်တော့်အမြင်ကတော့ ဟန်လူမျိုးတွေရဲ့ ထိုးစစ်က ရုတ်တရက်ကြီး ဖြစ်ပေါ်လာတာလို့ ထင်မိတာပဲ၊ အခုက ဆောင်းရာသီအတွက် စားနပ်ရိက္ခာ အရေးတကြီးလိုနေတဲ့ ဆောင်းဦးရိတ်သိမ်းချိန်လည်း ဖြစ်နေတော့ ဘယ်အချိန်မဆို ပေါ်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆထားကြတာလေ”
“ဒါပေမဲ့ လင်ယွီနဲ့ ကျွန်တော် အမြင်ချင်းတော့ နည်းနည်း ကွဲလွဲခဲ့ပါတယ်၊ သူက ဒါဟာ ကြိုတင်ကြံစည်ထားတဲ့ ထိုးစစ်လို့ပဲ တထစ်ချ ယူဆနေတာ… ကျွန်တော်တို့တပ်က ဟန်လူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာဆိုတော့ သူတို့က နှစ်ပေါင်းများစွာ လာချင်တိုင်းလာ… ရှုံးရင်ပြေးဆိုတာ လူတိုင်း သိပြီးသား ကိစ္စပါပဲ၊ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့တပ်က အသာစီးရတုန်း လင်ယွီက ထူးဆန်းတဲ့ တံပိုးသံတစ်သံ ကြားလိုက်ရတယ်၊ အဲဒီတံပိုးသံ ကြားမှပဲ ဟန်စစ်သားတွေက စနစ်တကျ ပြန်ဆုတ်ခွာသွားခဲ့တာပါ၊ အဲဒါကို ကြားပြီးမှ ကျွန်တော်လည်း တစ်ခုခုကို သဘောပေါက်သွားသလို ခံစားလိုက်ရတယ်…”
လင်ဝမ်ယွဲ့၏ စကားကြောင့် ထိုနေရာရှိ လူနှစ်ဦးစလုံး အံ့အားသင့်သော အမူအရာများ ထင်ဟပ်လာကြသည်။ လင်ယွီသည် မျက်လုံးအဝိုင်းသားဖြင့် လင်ဝမ်ယွဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ လင်ယွီမှာ လင်ဝမ်ယွဲ့ ဘာကြောင့် ဤသို့ ပြောသည်ကို နားမလည်ခဲ့ပေ။
ထို့ပြင်…
သူသည် မည်သည့်တံပိုးသံကိုမှ သတိမထားမိခဲ့ပေ။ ထိုအချိန်တွင် လင်ဝမ်ယွဲ့၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားရပြီးနောက် လင်ယွီ၏ စိတ်ထဲတွင် အလွန်တုန်လှုပ်မိသွားသည်။ ဤအချိန်ကျမှသာ လင်ယွီသည် မိမိနှင့် လင်ဝမ်ယွဲ့အကြား ရှိနေသော ကွာခြားချက်ကို သေချာ နားလည်သွားတော့သည်။
လင်ယွီသည် အနည်းငယ် စိတ်ဓာတ်ကျသွား၏။
သူသည် လင်ဝမ်ယွဲ့ကို ကြည့်ပြီး နှစ်နှစ်တာကာလအတွင်း လင်ဝမ်ယွဲ့က မိမိကို အစအဆုံး ဆုံးမသွန်သင်ခဲ့ပုံများကို ပြန်စဉ်းစားမိသောအခါ လင်ယွီမှာ သဘောပေါက်သွားရတော့သည်။ မိမိသည် စစ်သူကြီးတစ်ဦး၏ အရည်အသွေးမျိုး မရှိခဲ့ဘဲ လင်ဝမ်ယွဲ့၌သာ ထိုအရည်အသွေးများ ရှိနေခဲ့သည်။
သို့သော် ထိုအချိန်တွင် လင်ယွီ၏ စိတ်ထဲ၌ အံ့သြခြင်း၊ ရှက်ရွံ့ခြင်းတို့အပြင် အနည်းငယ်လည်း ဒေါသထွက်နေမိသည်။
လင်ဝမ်ယွဲ့မှာ ဤအခွင့်အရေးတွင် မိမိနာမည်ရရန် ဘာကြောင့် အသုံးမပြုလိုက်သည်ကို နားမလည်နိုင်တော့ပေ။
ကောင်းမွန်သော အခွင့်အရေးက တစ်ကြိမ်သာ လာနိုင်လေသည်။
စစ်တပ်တစ်ခုလုံး၌ လူပေါင်းသိန်းချီ ရှိနေပြီး စစ်သူကြီးနှင့် ကိုယ်တိုင် စကားပြောခွင့်ရခြင်းသည် လူတိုင်း ရနိုင်သော အခွင့်အရေး မဟုတ်ပေ။
လီမုသည်လည်း ထိုနည်းတူ အံ့အားသင့်မိ၏။ လီမုသည် သူ့လေ့လာမှုများအရ လင်ဖေးရှင်းတွင် အနည်းဆုံး စစ်သူကြီး ဖြစ်လာနိုင်သည့် အရည်အချင်းများ ရှိနေသည်ဟု ယုံကြည်ထားခဲ့သည်။
တိုက်ပွဲဝင်စဉ် ထုတ်ဖော်ပြသသော အငွေ့အသက်များ၊ ထိုအချိန်က ရန်သူနှင့် ရင်ဆိုင်ရာတွင် လင်ဝမ်ယွဲ့ ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များနှင့် ကိုင်တွယ်ဖြေရှင်းပုံများ အားလုံးက လီမု၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကို သက်သေပြနေ၏။
သို့သော် လင်ဝမ်ယွဲ့ ပြောပြချက်အရ မိမိ၏ အမြင် လွဲချော်သွားသကဲ့သို့ ဖြစ်သွားရလေသည်။
လီမု တွေးလိုက်မိသည်။
‘လင်ဖေးရှင်း ပြောတာမှန်တယ်ဆိုရင်တော့ ဒီလင်ယွီကမှ တကယ့် အရည်အချင်း ရှိတဲ့သူပဲ၊ ဒီလို အချက်ကိုတောင် ထောက်ပြနိုင်တယ်ဆိုရင် ... ကောင်းကောင်းသာ ပံ့ပိုးပေးလိုက်ရင် တပ်မှူးရာထူး လောက်နဲ့တော့ ရပ်မှာမဟုတ်ဘူး သေချာတယ်’
လီမု၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ သူ့ဘေးမှ လက်ထောက်ပင်လျှင် ထိုတံပိုးသံကို ထူးခြားသည်ဟု မထင်ခဲ့ချေ။ မိမိကိုယ်တိုင်လည်း အနည်းငယ် ထူးဆန်းသည်ဟု ထင်ခဲ့သော်လည်း သိပ်ပြီး ခေါင်းထဲထည့်မနေခဲ့ပေ။ သို့သော် လင်ဖေးရှင်း ပြောလိုက်သည့်အခါ လီမု၏ ရင်ထဲ၌ ကိန်းအောင်းနေသော ထိုထူးဆန်းသည့် ခံစားချက်က ဘာကိုဆိုလိုမှန်း ချက်ချင်း နားလည်သွားတော့၏။
နှစ်ပေါင်းများစွာကတည်းက ဟန်လူမျိုးများထံတွင် လီနိုင်ငံကဲ့သို့ စစ်တပ်ကို စနစ်တကျ ဦးဆောင်တတ်သည့် စစ်ခေါင်းဆောင်မျိုး မရှိခဲ့ပေ။
လီမုသည် ချက်ချင်းပင် သူ့မျက်လုံးများကို လင်ယွီဘက်သို့ လှည့်လိုက်သည်။ လင်ယွီကို ကြည့်နေသော မျက်လုံးများတွင် အံ့အားသင့်မှုနှင့် လေးစားမှုများ ပြည့်နှက်နေ၏။
“လင်ဖေးရှင်း ပြောတာ အမှန်ပဲလား”
လင်ယွီသည် လီမု၏ အံ့အားသင့်နေသော မျက်လုံးများကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေ၏။
လင်ယွီသည် လီမု မမြင်နိုင်သော ထောင့်မှ လင်ဝမ်ယွဲ့ကို လှမ်းတို့လိုက်လေသည်။ ထို့နောက် လင်ဝမ်ယွဲ့ဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်လည်း သူ၏ “သာ့ကော” က သူ့ကို လှည့်ကြည့်မလာသည်ကို တွေ့လိုက်ရသည်။
“ဟုတ် ... ဟုတ်ပါတယ်!”
လင်ယွီမှာ နောက်ဆုံးတွင် ခေါင်းညိတ်ကာ ဝန်ခံလိုက်ရတော့သည်။
“ဟားဟားဟား၊ ကောင်းပြီ!”
လီမုသည် ကျေနပ်ဖွယ် အဖြေရရှိသဖြင့် သူ၏ ရှေ့မှ ခုံကို လက်နှင့် ဝမ်းသာအားရ ရိုက်လိုက်လေသည်။
“ကောင်းပြီ၊ ဒါဆို ပြောပြပါဦး ငါတို့ရဲ့ လေ့ကျင့်သား ပြည့်ဝတဲ့ စစ်သည်တွေက အရိုင်းအစိုင်း ဟန်လူမျိုးတွေရဲ့ တပ်နဲ့ နှစ်ပေါင်းများစွာ တိုက်ခဲ့ရပေမဲ့ ဘာလို့ အသာစီးမရနိုင်တာလဲ”
လီမု၏ ဒုတိယမေးခွန်း ပေါ်ထွက်လာပြီးနောက် လင်ယွီသည် သူ့ဦးနှောက်တစ်ခုလုံး လစ်ဟာသွားသကဲ့သို့ ခံစားရသည်။
လီမု၏ ဒုတိယမြောက် မေးခွန်း ထွက်ပေါ်လာသောအခါ လင်ယွီမှာ မိမိ၏ ဦးနှောက်ကို တတ်နိုင်သမျှ ညှစ်ထုတ်စဉ်းစားကြည့်၏။ အတွေးစလေးတစ်ခုက ပေါ်လာမလိုလိုဖြင့် ပြန်ပျောက်သွားကာ ဘာပြန်ဖြေရမှန်း မသိ ဖြစ်နေလေသည်။
“စစ်သူကြီး၊ ခုနက ကျွန်တော် ရိုင်းသွားမိပါတယ်၊ လေးကို ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ မပြောလိုက်ရသေးဘူး… ဒီကစပြီး ဖေးရှင်းက စစ်သူကြီးရဲ့ ကျေးဇူးကို ဆပ်ဖို့ ရန်သူတွေကို အသက်နဲ့လဲပြီး တိုက်ခိုက်ပါ့မယ်”
လင်ဝမ်ယွဲ့ ရုတ်တရက် စကားဖြတ်ပြောလိုက်သည်ကို ကြားရသောအခါ လီမုသည် မျက်မှောင်ကြုတ်မိသော်လည်း ဒေါသမထွက်ခဲ့ပေ။ လင်ဝမ်ယွဲ့၏ တောက်ပသော မျက်လုံးများကို လှည့်ကြည့်လိုက်သောအခါ စိတ်ထဲမှ အနည်းငယ် သနားသွားပြီး လင်ဝမ်ယွဲ့၏ မယဉ်ကျေးသော အပြုအမူကို အပြစ်မတင်တော့ပေ။
ထိုအခါ လင်ယွီသည် လင်ဝမ်ယွဲ့၏ စကားကို ကြားပြီးနောက် အကြောင်းအရာတစ်ခုကို မှတ်မိသွားလေသည်။ ထိုလေးကို တွေ့ရှိသည့်ရက်က လက်နက်ပုံအနီးတွင် လင်ဝမ်ယွဲ့ သူ့ကို ပြောခဲ့သော စကားများကို သူ သတိရသွားတော့သည်။
လင်ယွီ၏ စိတ်ထဲ၌ မချင့်မရဲ ဖြစ်ကာ အလွန်ရှက်ရွံ့မိသည်။ သူ၏ သာ့ကော သာ စစ်သူကြီး၏ မေးခွန်းများကို ဖြေဆိုမည်ဆိုလျှင် ထူးချွန်ပြောင်မြောက်စွာ ဖြေကြားနိုင်မည် ဖြစ်သော်လည်း မိမိက သာ့ကော၏ သတိပေးချက်ကိုသာ အားကိုးပြီး သူ့စကားများကို ထပ်ဆင့်ပြောပြရုံသာ တတ်နိုင်သည်။
လင်ယွီသည် စိတ်ထဲမှ ရှက်ရွံ့မှုကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး လီမုကို ကြည့်ကာ ပြန်လည် ဖြေကြားလိုက်တော့သည်။
“စစ်သူကြီး၊ လက်နက်တွေ ကြောင့်ပါ…”
End 12