Chapter 16
အခန်း (၁၆) လူအုပ်ကြားဝယ် အကြိမ်ကြိမ် ရှာဖွေမိခြင်း
လောကကြီးတွင် အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲတတ်၏။ စစ်သူကြီး လီမု၏ တပ်စခန်းတွင်လည်း ထူးဆန်းသော ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပေါ်လာပြန်၏။
အသစ်ရောက်ရှိလာသော တပ်မှူး လင်ဖေးရှင်းနှင့် ရှေ့တန်းတပ်မှူး လင်ယွီတို့သည် မည်သည့်အကြောင်းကြောင့် မသိ တစ်ဦးလျှင် အချက်နှစ်ဆယ်စီ ရိုက်နှက်ခြင်း ခံရလေ၏။
အရိုက်ခံရသော ပထမဆုံးနေ့တွင် လင်ယွီသည် လူတစ်ယောက်ကို ခေါ်၍ သူ့အား လင်ဝမ်ယွဲ့၏ တပ်စခန်းအတွင်းသို့ သယ်သွားစေခဲ့သည်။ "ညီအစ်ကို" နှစ်ဦးသည် ဒဏ်ရာကိုယ်စီဖြင့် ခုတင်ပေါ်တွင် မှောက်အိပ်နေကြလေသည်။ လင်ဝမ်ယွဲ့သည် လင်ယွီကို အားမလိုအားမရ ကြည့်နေပြီး နောက်ဆုံးတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်ကြတော့သည်။
အားပါးတရ ရယ်မောလိုက်ပြီးနောက် သူတို့နှစ်ဦးကြားရှိ စိတ်ဝမ်းကွဲမှုများက လွင့်စင်ပျောက်ကွယ်သွားလေသည်။
အရိုက်ခံရသော ဒုတိယနေ့တွင် လင်ဝမ်ယွဲ့သည် ခုတင်ပေါ်မှ လူးလဲထ၍ နာကျင်နေသည့်ကြားမှ ခြေလှမ်းကျဲများဖြင့် ကွင်းပြင်ထဲသို့ လျှောက်သွားခဲ့သည်။ ယခုအချိန်တွင် သူမ၏ ခြေလက်များက သွားလာရခက်ခဲနေသော်လည်း ပျင်းရိနေ၍ မဖြစ်ပေ။
လင်ဝမ်ယွဲ့သည် သူမ၏ အမည်းရောင် နှစ်တင်းအားလေးကို ကျောပိုးကာ ကွင်းပြင်သို့ ရောက်လာပြီး လေးသမားများကို ပေငါးဆယ်အကွာတွင် ပစ်မှတ်တစ်ခု စိုက်ထူရန် အမိန့်ပေးလိုက်သည်။
လင်ဝမ်ယွဲ့သည်လည်း ယခုအခါတွင် တပ်မှူးတစ်ဦး ဖြစ်နေပြီဖြစ်၍ လေးကို မြားမပါဘဲ လေ့ကျင့်စရာ မလိုတော့ပေ။
လင်ဝမ်ယွဲ့ လေ့ကျင့်ရန် လိုအပ်သမျှ လေးမြားများကို ပို့ဆောင်ပေးမည့်သူများ ရှိနေလေပြီ။
"ဒီမှာ တပ်မှူးလိုချင်တဲ့ မြားအချောင်းတစ်ရာပါ"
"အင်း ဒီမှာပဲထားလိုက် မင်းသွားပြီး မင်းအလုပ် မင်းလုပ်တော့"
"ဟုတ်ကဲ့"
လေးသမားသည် မြားများကို နေရာတကျထားပြီးနောက် လှည့်၍ ထွက်ခွာသွားခဲ့သည်။
လင်ဝမ်ယွဲ့သည် နာကျင်မှုကို အောင့်ခံကာ ထိုနေရာတွင် ခြေထောက်နှစ်ဖက်ကို ခပ်ကျဲကျဲ ပြင်ရပ်လိုက်ပြီး မြားတစ်ချောင်းယူကာ လေးတွင်တပ်ဆင်ပြီး လေးကြိုးကို ဆွဲ၍ ပစ်မှတ်ချိန်ရွယ်လိုက်၏။
တစ်ဖက်တွင်လည်း လီရှန်သည် အဆုံးမဲ့သော လီကျုံး၏ နှောင့်ယှက်မှုကြောင့် ရွက်ဖျင်တဲမှ အပြင်သို့ ထွက်လာခဲ့သည်။
လီရှန်၏နောက်တွင် ကိုယ်ရံတော်စစ်သားနှစ်ဦး လိုက်ပါလာပြီး ထိုသူတို့သည် လီရှန်၏ ကိုယ်ပိုင်အစောင့်များ ဖြစ်ကြကာ လီရှန်၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ရန် အထူးတာဝန်ချထားခြင်း ခံရသူများ ဖြစ်သည်။
လီရှန်သည် စစ်စခန်းအတွင်း ဖြည်းညင်းစွာ လျှောက်လှမ်းနေပြီး သူမ၏ နားများတွင် စစ်သည်တော်များ၏ လေ့ကျင့်သံများကို မကြာခဏ ကြားနေရလေသည်။
ထိုစဉ် လီရှန်နှင့် မလှမ်းမကမ်းရှိ စစ်စခန်းခြံစည်းရိုးပေါ်မှ "ဒုတ်!" ဟူသော အသံတစ်ချက် ထွက်ပေါ်လာပြီး မြားတစ်ချောင်းသည် သစ်သားခြံစည်းရိုးပေါ်တွင် စိုက်ဝင်နေလေသည်။
ထို့ကြောင့် လီရှန်၏ ကိုယ်ရံတော်နှစ်ဦးသည် ချက်ချင်း အသင့်အနေအထားဖြင့် လီရှန်ကို ကာကွယ်လိုက်ကြ၏။
လီရှန်သည် ကိုယ်ရံတော်နှစ်ဦးအား စိတ်အေးစေရန် တည်ငြိမ်စွာ လက်ဟန်ပြလိုက်လေသည်။ မြားထိမှန်ထားသော ခြံစည်းရိုးအောက်တွင် ပစ်မှတ်တစ်ခု ထောင်ထားသည်ကို လီရှန် မြင်လိုက်ရခြင်းကြောင့် လုပ်ကြံခြင်း မဟုတ်ဘဲ လေ့ကျင့်နေခြင်းသာ ဖြစ်ကြောင်း သတိပြုမိလိုက်သောကြောင့် ဖြစ်၏။
လီရှန်သည် သေချာစွာ ထပ်မံကြည့်ရှုလိုက်သောအခါ ခြံစည်းရိုးပေါ်တွင် မြားများစွာ ရှိနေပြီး ပစ်မှတ်ပတ်လည်တွင်လည်း မြားအချို့ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုပစ်မှတ်ပေါ်တွင် မြားတစ်စင်းမျှ ရှိမနေပေ။
သူမ၏ ဦးရီးတော်၏ တပ်စခန်းတွင် ပျင်းရိသူများအား မွေးထုတ်ထားလေ့မရှိသည်ကို လီရှန် သိပြီးသား ဖြစ်၏။ ထို့ကြောင့် လီရှန်သည် ထိုမျှ မြားပစ်ညံ့ဖျင်းသူမှာ မည်သူဖြစ်မည်ကို သိချင်သွားမိသည်။
"ငါတို့သွားကြည့်ရအောင်"
လီရှန်သည် ညင်သာစွာ ပြောလိုက်ပြီး စစ်စခန်းအနောက်ဘက်ရှိ ကွင်းပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။
ကိုယ်ရံတော်နှစ်ဦးသည် မင်းသမီးကို အကာအကွယ်ပေးရင်း ရွက်ဖျင်တဲတစ်ခုကို အကာအကွယ်ယူကာ ရပ်တန့်လိုက်ကြသည်။
ကိုယ်ရံတော်တစ်ဦးက လီရှန်အား မျက်ခြေမပြတ်ကြည့်နေပြီး ကျန်တစ်ဦးက ကွင်းပြင်ထဲမှ အခြေအနေကို လှမ်း၍ အကဲခတ်ကြည့်ရှုလိုက်၏။
မြားပစ်သူအား ရှင်းရှင်းလင်းလင်း မြင်ရသောအခါမှ ထိုကိုယ်ရံတော်စစ်သားက သက်ပြင်းချလိုက်ပြီး သူ၏အဖော်အား လှည့်၍ ပြောလိုက်သည်။
"ဖေးယွီတပ်ရင်းရဲ့ တပ်မှူး လင်ဖေးရှင်းပဲ"
လင်ဖေးရှင်း၏ အမည်ကို ကြားသောအခါ လီရှန်၏ နှလုံးခုန်နှုန်း မြန်ဆန်သွားလေသည်။ ထို့ကြောင့် သူမကို ကာကွယ်ပေးနေသော စစ်သားနှစ်ဦးအား တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းတို့အရင်သွားနှင့် တစ်ယောက်တည်း သွားချင်လို့"
"ဒါက..."
လီရှန်၏ တောင်းဆိုချက်ကို ကြားသောအခါ စစ်သားနှစ်ဦးသည် အခက်တွေ့သော မျက်နှာအမူအရာများ ဖြစ်သွားကြသည်။
လီရှန်သည် မည်သည့်စကားမျှ ထပ်မပြောဘဲ သူမ၏ မျက်နှာပေါ်ရှိ အပြုံးကို ရုပ်သိမ်းလိုက်ရာ တော်ဝင်မိသားစု၏ မွေးရာပါ အရှိန်အဝါများ ပေါ်လွင်လာတော့သည်။
စစ်သားနှစ်ဦးမှာ တုန်လှုပ်သွားကြပြီး မင်းသမီးကြီး၏ ရေခဲတောင်ကဲ့သို့သော ချွန်ထက်အေးစက်အမူအရာကို ချက်ချင်းနားလည်သွားကာ ပျာပျာသလဲ ပြောလိုက်လေသည်။
"ဒါဆို ကျွန်တော်မျိုးတို့နှစ်ယောက် ဟိုဘက်ကို သွားပြီး မင်းသမီးကို စောင့်နေပါ့မယ် မင်းသမီး အလိုရှိရင် ကျွန်တော်မျိုးတို့ကို အချိန်မရွေး ခေါ်လိုက်ပါ"
"ကျေးဇူးတင်ပါတယ်"
လီရှန်သည် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ရာ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လက်နက်များ ကိုင်ဆောင်၍ ထွက်ခွာသွားကြသည်။
သို့သော် သူတို့သည် အလွန်အလှမ်းဝေးသော နေရာသို့ သွားရဲခြင်းမရှိဘဲ ပေအနည်းငယ်အကွာမှ လီရှန်၏ အခြေအနေကို စောင့်ကြည့်နေကြသည်။
လီရှန်သည် ခြေလှမ်းအနည်းငယ်ခန့် ရှေ့သို့ လျှောက်သွားလိုက်ပြီး ရွက်ဖျင်တဲဖြင့် ကွယ်ကာ သူမကသာ လင်ဝမ်ယွဲ့ကို မြင်နိုင်ပြီး လင်ဝမ်ယွဲ့က သူမကို မမြင်နိုင်သော နေရာသို့ ရွှေ့ပြောင်းလိုက်၏။
ထိုနေရာမှ ခေါင်းထွက်ပြီး ကြည့်ရှုလိုက်ရာ ပေအနည်းငယ်အကွာတွင် အသားညို၍ ပိန်ပါးသော ဆယ်ကျော်သက်တစ်ဦး ရပ်လျက်ရှိပြီး လေးကြိုးတင်ကာ ချိန်နေသည်ကို တွေ့လိုက်ရသည်။
လင်ဝမ်ယွဲ့၏ ပုံစံကို မြင်သောအခါ လီရှန် အနည်းငယ် အံ့ဩသွားမိသည်။ ဤကဲ့သို့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က သူမ ဦးရီးတော်၏ ကြီးမားသော ချီးကျူးထောပနာပြုမှုနှင့် မထိုက်တန်သလို ခံစားလိုက်ရ၏။
လီရှန်သည် နိုင်ငံတော်အတွင်း နာမည်ကျော်ကြားသော စစ်သူကြီးများစွာကို မြင်ဖူးခဲ့သည်။ ထိုသူတို့သည် မွေးရာပါ ကြီးမားသော အရှိန်အဝါနှင့် သန်မာသော ခွန်အားရှိကြသူများဖြစ်ပြီး သူတို့ ရပ်နေရုံမျှဖြင့် လူအများအား ကြောက်ရွံ့စေနိုင်သည်။
ဤလင်ဖေးရှင်းသည် မွေးရာပါ ပိန်ပါးရုံသာမက "မြားအတတ်" ၌လည်း အားရစရာ မရှိပေ။
"ဒုတ်!"
မြားတစ်ချောင်းသည် လီရှန်ရှေ့ရှိ ခြံစည်းရိုးပေါ်တွင် ထပ်မံစိုက်ဝင်သွားပြန်သည်။ ပစ်မှတ်မှာ ထိုအတိုင်း ဆက်လက်တည်ရှိနေပြီး မြားတစ်ချောင်းမျှ ရှိမနေပေ။
လီရှန်သည် ညင်သာစွာ သက်ပြင်းချလိုက်ရာ စိတ်ထဲတွင်လည်း အနည်းငယ် စိတ်ပျက်သွားမိသည်။ လင်ဖေးရှင်း နာမည်ကြားရုံဖြင့် အလွန်တရာ စိတ်ဝင်စားသွားမိသည့် မိမိကိုယ်ကိုယ် ရယ်ချင်သွားမိ၏။ သူမ၏ ဦးရီးတော်သည်ပင်လျှင် လူကဲခတ်မှားသည့် အဖြစ်မျိုးလည်း ဖြစ်တတ်သေးသည်။
"ဒုတ်!"
နောက်ထပ် မြားတစ်ချောင်းသည် လီရှန် အတွေးလွန်နေစဉ်တွင် ပျံသန်းလာလေသည်။ ဤတစ်ကြိမ်တွင် မြားသည် ခြံစည်းရိုးပေါ်တွင် စိုက်မနေတော့ဘဲ ပစ်မှတ်ကို ဖြတ်ကျော်ကာ ပစ်မှတ်မှ လွဲချော်သွားပြန်သည်။
လီရှန်သည် ခေါင်းခါကာ ထိုနေရာမှ လှည့်ထွက်ရန် ပြင်လိုက်တော့သည်။
"ဒုတ်!"
လီရှန် လှည့်ထွက်မည့် အခိုက်အတန့်တွင် မြားတစ်စင်းက ပျံသန်းလာပြီး မြားစိုက်သံ ထွက်ပေါ်လာ၏။
လီရှန် လှည့်ကြည့်လိုက်သောအခါ ဤတစ်ကြိမ်တွင် မြားသည် ပစ်မှတ်ပေါ်တွင် အမှန်တကယ် စိုက်ဝင်နေသည်ကို တွေ့ရှိရသည်။ သို့သော် မြားသည် ပစ်မှတ်၏ ထောင့်စွန်း အပေါ်ဘက်တွင် ရှိနေပြီး အနီရောင် ဗဟိုချက်မှ ဝေးကွာနေလေသည်။
လီရှန်သည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူမနောက်ရှိ ပစ်မှတ်ကို ပြန်လှည့်ကြည့်လိုက်သည်။
"ဒုတ်!"
လီရှန် ကြည့်နေစဉ်မှာပင် ပစ်မှတ်ပေါ်တွင် မြားတစ်ချောင်း ထပ်မံကျရောက်လာခဲ့သည်။ ယခုတစ်ခေါက်တွင် မြားသည် ပစ်မှတ်၏ ညာဘက်အောက်ခြေတွင် ရှိနေလေသည်။
လီရှန်မှာ လှည့်မပြန်တော့ဘဲ အစက ရပ်ကြည့်နေသော နေရာသို့ ပြန်လည် ရောက်ရှိသွား၏။
မြားစိုက်သံတစ်ခု ထပ်မံ၍ ထွက်ပေါ်လာပြီး ပစ်မှတ်ပေါ်တွင် တတိယမြောက်မြားကို မြင်လိုက်ရသည်။ တတိယမြောက်မြားက အနီရောင်ဗဟိုချက်နှင့် ပိုမိုနီးသွားသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကြောင့် လီရှန်၏စိတ်ထဲတွင် ထူးခြားသော ခံစားမှုတစ်ခု ပေါ်ပေါက်လာပြီး ရွက်ဖျင်တဲနောက်မှ ကိုယ်တစ်ပိုင်းပင် ထွက်ကာ လင်ဝမ်ယွဲ့ ရှိရာဆီသို့ စိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် လင်ဝမ်ယွဲ့သည် မြားတစ်ချောင်းယူကာ လေးတွင် တပ်ဆင်နေလေသည်။ ထို့နောက် သူမသည် လေကို ပြင်းပြင်းရှူသွင်း၍ လေးကြိုးကို ဖြည်းဖြည်းချင်း ဆွဲတင်လိုက်ရာ သူမ၏ အင်္ကျီလက်သည် အပေါ်သို့ လိပ်တက်သွားပြီး အမြှောင်းလိုက်ဖြစ်နေသော သန်မာသည့် လက်မောင်းကြွက်သားများကို မြင်လိုက်ရ၏။
ယခုအချိန်တွင် လင်ဝမ်ယွဲ့၏ စိတ်အခြေအနေသည် အလွန်ကောင်းမွန်နေလေသည်။ သူမသည် မြားအချောင်း သုံးဆယ်ကျော် ပစ်ပြီးနောက်တွင် ပစ်မှတ်ကို ထိအောင် ပစ်နိုင်လိုက်သည်။ တည့်တည့်မတ်မတ် ပစ်၍ မရသော လေးနက်ကြီး၏ လမ်းကြောင်းလွဲချော်တတ်သည့် အလေ့အထကို ဖြည်းဖြည်းချင်း သဘောပေါက်သွားခဲ့၏။
ဟန်လူမျိုးများနှင့် တိုက်ပွဲတွင် ရန်သူက နီးကပ်နေခြင်းကြောင့် အများကြီး လွဲချော်ခြင်း မရှိပေ။ ယခုလေ့ကျင့်သည့် အချိန်၌ ပစ်မှတ်က ပေငါးဆယ်အကွာတွင် ရှိနေပြီး ဤလေး၏ အားနည်းချက်က သိသာသွားလေသည်။
လေး၏ အလေ့အထကို နားလည်သွားပြီ ဖြစ်သောကြောင့် နောက်အကြိမ်များတွင် ပစ်မှတ်ကို ထိမှန်နိုင်မည်ဟု လင်ဝမ်ယွဲ့တွင် အပြည့်အဝ ယုံကြည်မှု ရှိနေလေပြီ။
ထိုယုံကြည်ချက်က လင်ဝမ်ယွဲ့ကို ဖြူဖွေးသန့်ရှင်းသော သွားတန်းလေးများကို ပေါ်အောင် ပြုံးလိုက်မိသွားစေသည်။ ထို့နောက် လက်ကို လွှတ်လိုက်ရာ လေးကြိုးတုန်ခါသံနှင့်အတူ မြားသည် လေကို ခွင်း၍ ထွက်ခွာသွားတော့သည်။
အဝေးမှ လှမ်းမျှော်ကြည့်နေသော လီရှန်သည် လင်ဖေးရှင်း ပြုံးလိုက်သည်ကို ငေးမောကြည့်နေမိ၏။
မြားရိပ်တစ်ခု ဖြတ်ပြေးသွားပြီး "ဒုတ်!" ဟူသော အသံကို ကြားလိုက်ရမှသာ နောက်ထပ် မြားတစ်ချောင်းက အနီရောင် ပစ်မှတ်ဗဟိုချက်တွင် စိုက်ဝင်နေသည်ကို လီရှန် သတိပြုလိုက်မိသည်။
"ဒုတ်!"
"ဒုတ်!"
"ဒုတ်!"
......
ဆက်တိုက်ထွက်ပေါ်လာသော အသံများကို လီရှန် ကြားနေရပြီး မြားတစ်ချောင်းပြီးတစ်ချောင်း ပစ်မှတ်ဗဟိုချက်ကို ထိမှန်နေသည်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။
လီရှန်သည် မျက်လုံးလေးများကို ဝိုင်းကာ လင်ဝမ်ယွဲ့ မြားပစ်နေသည်ကို အံ့ဩတကြီး ကြည့်နေမိ၏။ ယခင်က ပစ်မှတ်ကို လုံးဝမထိရာမှ မျက်စိတစ်မှိတ်အတွင်း ပစ်မှတ်ကို ဆက်တိုက် ထိမှန်နေ၏။
ဘယ်လို အကြောင်းကြောင့်လဲ။
ရှုပ်ထွေးနေသော အတွေးများဖြင့် လီရှန်က လင်ဝမ်ယွဲ့ဘက်သို့ စိုက်ကြည့်နေသော်လည်း လင်ဝမ်ယွဲ့မှာ တစ်စုံတစ်ယောက်က သူမအား အချိန်အတော်ကြာ စိုက်ကြည့်နေသည်ကို လုံးဝ သတိမထားမိပေ။
လင်ဝမ်ယွဲ့၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်နေလေသည်။ ဤနှစ်တင်းအားလေးကို အလွယ်တကူ ဆွဲနိုင်ရန်အတွက် စွန့်ပစ်လက်နက်ထဲမှ လေးကြိုးများကို ရှာဖွေကာ နေ့စဉ် အကြိမ်ရာချီအောင် လေ့ကျင့်ခဲ့ရသည်။
ထို့ကြောင့် တစ်တင်းအားလေးနှစ်လက်ကိုပင် ပျက်စီးသည်အထိ လေ့ကျင့်ခဲ့ရ၏။
ထိုသို့ ကြိုးစားထားပြီးမှသာ ယနေ့လို ရလဒ်မျိုး ရရှိလာခဲ့ခြင်း ဖြစ်သည်။ ယနေ့ ပစ်မှတ်ကို မထိပါက ကြိုးစားထားသမျှ အလကား ဖြစ်သွားလိမ့်မည်။
ဤလေးသည် ပစ်မှတ်ကို တည့်တည့်မသွားနိုင်တော့သော်လည်း လင်ဝမ်ယွဲ့က ဤလေး လွဲချော်တတ်သည့် စရိုက်ကို နားလည်သွားခဲ့သဖြင့် မည်သို့ ချိန်ရွယ်ရမည်ကို သိသွားခဲ့လေပြီ။
လင်ဝမ်ယွဲ့၏ မျက်နှာထက်တွင် အပြုံးက ပို၍ ပို၍ ကြီးထွားလာခဲ့ပြီး လေးကို ဆွဲသည့် အမြန်နှုန်းသည်လည်း ပို၍ ပို၍ မြန်ဆန်လာခဲ့သည်။
သူမသည် စစချင်းကကဲ့သို့ လေးကို ဖြည်းဖြည်းချင်း မဆွဲတော့ဘဲ မြားတစ်ချောင်းယူကာ လေးတွင် တပ်ပြီးသည်နှင့် လေးကြိုးကို ချက်ချင်း လွှတ်လိုက်တော့သည်။
မြားသည် လေကို ဖြတ်၍ ထွက်ခွာသွားပြီး ပစ်မှတ်ပေါ်တွင် စိုက်ဝင်သွားခဲ့သည်။ ထိုမြားက ဗဟိုမှတ်ကို တည့်တည့်မထိမှန်သော်လည်း ပစ်မှတ်နှင့် အလွန်နီးကပ်သော နေရာတွင် ရှိနေလေသည်။
လီရှန်သည် သူမ၏ ခြေထောက်များသည် မြေပြင်တွင် အမြစ်စွဲနေသကဲ့သို့ မလှုပ်မယှက်ဖြင့် ထိုပိန်ပိန်ပါးပါး လင်ဖေးရှင်းက တည်ငြိမ်သောအပြုံးဖြင့် မြားပစ်နေသည်ကို မိန်းမောစွာ စိုက်ကြည့်နေမိသည်။
လင်ဖေးရှင်း၏ လေးဆွဲသည့် အမြန်နှုန်းက ပိုမြန်ဆန်လာပြီး မြားပစ်သည့် အနေအထားသည်လည်း ပို၍ သဘာဝကျလာသည်ကို လီရှန် မြင်တွေ့နေရ၏။ ထို့ပြင် မြားတိုင်းကလည်း ပစ်မှတ်ပေါ်တွင် ညီညီညာညာ စိုက်ဝင်နေကြသည်။
လင်ဝမ်ယွဲ့က မြားအချောင်းတစ်ရာလုံး ကုန်အောင် ပစ်ပြီးနောက် လေးနက်ကြီးကို ကိုင်ကာ ထွက်ခွာရန် ပြင်ဆင်နေချိန်ရောက်မှ လီရှန်တစ်ယောက် အံ့ဩမှင်တက်နေရာမှ သတိပြန်ဝင်လာပြီး ကွင်းပြင်ထဲရှိ မြားများဖြင့် ပြည့်ကျပ်ညပ်နေသော ပစ်မှတ်က လီရှန်ကို တစ်စုံတစ်ရာအား နားလည်သွားစေလေသည်။
End 16