no

Font
Theme

Chapter 20

အခန်း (၂၀) ယောက်ျားကောင်းက ဘာလို့ ဝူနိုင်ငံ့ ဂုဏ်ဆောင် ဓားကွေးကို မကိုင်ရမှာလဲ

နောက်တစ်နေ့တွင် လင်ဝမ်ယွဲ့သည် စစ်ရေးလေ့ကျင့်မှုများသို့ စည်းကမ်းတကျ ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် တစ်ခါတစ်ရံ နာကျင်မှု ခံစားနေရသော်ငြားလည်း လင်ဝမ်ယွဲ့မှာ ထိုကွင်းပြင်သို့ တစ်ယောက်တည်း သွားရောက်လေ့ကျင့်ရန် ထပ်မံ၍ မရဲတော့ပေ။

သူမသည် ကြောက်ရွံ့နေခဲ့ပြီး လီရှန်ကို ရှောင်တိမ်းနေခဲ့ခြင်း ဖြစ်သည်။

လင်ဝမ်ယွဲ့သည် လီရှန်က ထိုနေရာသို့ သူမကို ထပ်မံလာရောက်ရှာဖွေတော့မည် မဟုတ်မှန်း သိနေသော်လည်း လင်ဝမ်ယွဲ့သည် လီရှန်နှင့် အတူတူ နေရသည်ကို နှစ်သက်နေမိ၏။

လီရှန်တွင် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးတစ်မျိုး ရှိပြီး လင်ဝမ်ယွဲ့မှာ လီရှန်အနားတွင် နေရသောအခါ အလွန် သက်သောင့်သက်သာ ရှိနေသလို ခံစားရသည်။

လီရှန်သည် သူမကဲ့သို့ပင် အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် လင်ဝမ်ယွဲ့က လီရှန်နှင့်အတူ ရှိချင်မိသည်။ စစ်တပ်သို့ ဝင်ရောက်ခဲ့သည်မှာ သုံးနှစ်နီးပါးပင် ရှိနေပြီး ကြမ်းတမ်းသော အမျိုးသားများကိုသာ နေ့စဉ်ရက်ဆက် တွေ့မြင်နေရသည်။ ထိုအမျိုးသားများ၏ တွန်းတိုက်ထိတွေ့မှုများနှင့် အတိုင်းအဆမရှိသော ညစ်ညမ်းစကားများကို သူမ မခုခံနိုင်ပေ။ ထို့ကြောင့် လူအုပ်စုနှင့် ဝေးရာသို့ ရှောင်ကွင်းနေထိုင်ခြင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လင်ယွီတွင် ဤသို့သော အကျင့်ဆိုးများ ရှိသဖြင့် အဆင်ပြေသွားခဲ့သည်။ သို့မဟုတ်ပါက လင်ဝမ်ယွဲ့သည် လင်ယွီနှင့် ဝေးရာသို့ ရှောင်ပြေးသွားမည်မှာ သေချာသည်။ သို့သော်လည်း အချိန်အတော်ကြာ အတူနေထိုင်ပြီးနောက် သူမနှင့် လင်ယွီ၏ "ညီအစ်ကိုသံယောဇဉ်" မှာ အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း လင်ဝမ်ယွဲ့ သိရှိနေသည်။

သူမက အကွာအဝေးကို မထိန်းသိမ်းခဲ့လျှင် လင်ယွီက မိမိအား အိပ်ခန်းထဲထိ လိုက်လာနိုင်ပြီး မြစ်ကမ်းနားမှာ ရေချိုးဖို့ အတူတူသွားရန် စသဖြင့် အဖော်ခေါ်လာမည်ကို ကြောက်နေမိသည်။

လီရှန်နှင့် အတူတူ ရှိခဲ့သော တိုတောင်းသည့် ကာလအတွင်း၌သာ လင်ဝမ်ယွဲ့သည် မိမိကိုယ်ကို လုံခြုံသည်ဟု ခံစားရသည်။ မြင့်မြတ်သော လီရှန်သည် သူမအား ကြမ်းတမ်းရိုင်းစိုင်းသော အပြုအမူမျိုး ပြုလုပ်မည်မဟုတ်သကဲ့သို့ မည်သည့် ထူးဆန်းသော စကားမျိုးကိုမျှ ပြောဆိုမည်မဟုတ်ပေ။

လီရှန်နှင့် မဆုံတွေ့မီကတည်းက လင်ဝမ်ယွဲ့သည် တစ်ယောက်တည်း နေထိုင်တတ်သူတစ်ဦးဖြစ်၏။ သို့သော်လည်း တစ်ယောက်တည်း နေခြင်းနှင့် ကျင့်သားရနေသောကြောင့် မည်မျှ အထီးကျန်နေကြောင်း သူမ မခံစားမိခဲ့ပေ။

သို့သော် လီရှန်နှင့် ဆုံတွေ့ပြီးနောက် သက်သောင့်သက်သာ ရှိပြီး သဘာဝကျသည့် အချိန်ကာလတိုလေးကို အတူတူ ကုန်ဆုံးခဲ့ပြီး လင်ဝမ်ယွဲ့၏ ရင်ထဲ၌ ဖိနှိပ်ခံထားရသော အထီးကျန်မှုတို့မှာ ချက်ချင်းဆိုသကဲ့သို့ ပွင့်ထွက်လာပြီး အလုံးစုံ လွှမ်းခြုံသွားတော့၏။

ထို့ကြောင့် လူအားလုံးနှင့် ကင်းဝေးစွာ နေထိုင်လိုသော လင်ဝမ်ယွဲ့သည် စစ်သူကြီးတဲထဲတွင် မိမိစိတ်ကို မထိန်းချုပ်နိုင် ဖြစ်သွားခဲ့သည်။

ဤအရာအားလုံးသည် လီရှန်က သူမအား ယူဆောင်လာပေးခဲ့သော တိုတောင်းသည့် အချိန်ကောင်းလေးများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ဤအရာမှာ လင်ဝမ်ယွဲ့သည် တစ်ညလုံး မအိပ်ဘဲ တွေးတောစဉ်းစားရင်း သဘောပေါက် နားလည်ခဲ့ခြင်း ဖြစ်သည်။

လင်ဝမ်ယွဲ့သည် ထိုခံစားချက်ကို ကြောက်ရွံ့မိ၏။ နားမလည်နိုင်သော... ဘဝတွင် တစ်ခါမျှ မဖြစ်ပေါ်ဖူးသည့် ခံစားချက်တစ်မျိုး ဖြစ်ပြီး ထိုအတွင်း၌ အထီးကျန်မှု တောင့်တမှု တွယ်တာမှုနှင့် စိတ်တွင်း ပဋိပက္ခများစွာ ရောထွေးပါဝင်နေသည်။

ထို့ကြောင့် သူမသည် ထွက်ပြေးရုံသာ တတ်နိုင်ပြီး ထွက်ပြေးရင်း ပင်ပန်းနွမ်းနယ်လာရသည်။

လင်ဝမ်ယွဲ့သည် ယခုအခါ တပ်ရင်းမှူးဖြစ်နေပြီ ဖြစ်သောကြောင့် အားစိုက်ထုတ်ရသော လေ့ကျင့်ခန်းများကို ပြုလုပ်ရန် မလိုအပ်တော့ပေ။ သူမ၏ အဓိကတာဝန်မှာ ဖေးယွီတပ်ရင်းမှ မြားပစ်သမားများကို လေ့ကျင့်ပေးရန်နှင့် သူတို့၏ လှုပ်ရှားမှုများကို လမ်းညွှန်ပြသရန်သာ ဖြစ်သည်။

လင်ဝမ်ယွဲ့သည် ပုံမှန်အားဖြင့် သူမ၏ လက်အောက်ခံ စစ်သည်များနှင့် စကားများများစားစား ပြောလေ့မရှိဘဲ တည်ငြိမ်တင်းမာပုံရသော်လည်း အချိန်အတန်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက် ဖေးယွီတပ်ရင်းမှ စစ်သည်များသည် စကားပြောနည်းပြီး ပြုံးရယ်ခြင်းမရှိသော တပ်မှူး လင်ဝမ်ယွဲ့ကို စိတ်ရင်းမှန်ဖြင့် လက်ခံလာကြ၏။

နှစ်တင်းအားလေးကို လူတိုင်း ဆွဲနိုင်သည် မဟုတ်ချေ။ ထိုအချိန်တွင် လင်ဝမ်ယွဲ့၏ အသက်မှာ ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ထို့ပြင် စစ်သူကြီး လီမု၏ မျက်နှာသာပေးမှုကိုလည်း ရရှိထားသည်။ ဦးနှောက်ရှိသူတိုင်းနီးပါးက လင်ဝမ်ယွဲ့သာ မသေလျှင် တိုးတက်ရန် လမ်းစများ မကြာမီ ပွင့်လာမည်ကို သိရှိကြသည်။

လင်ဝမ်ယွဲ့နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်ပြီး သူမ၏ အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်လာပါက လင်ဝမ်ယွဲ့ ဆုလာဘ်များ ရပြီး ရာထူးတိုးချိန်သည် သူတို့ ရာထူးတိုးမြှင့်ခံရမည့် အချိန်ပင် ဖြစ်တော့မည်။

ထို့ကြောင့် လင်ဝမ်ယွဲ့ တပ်မှူးဖြစ်လာသည့်အချိန်မှစ၍ သူမ မည်မျှပင် မျက်နှာတည်တင်းနေပါစေ သူမကို လေးစားသူများ အမြဲရှိနေတော့၏။

လင်ဝမ်ယွဲ့သည် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့၏။ ထိုအချိန်တွင် လေ့ကျင့်မှုများ စတင်နေပြီ ဖြစ်ပြီး မြားပစ်သမားများသည် အုပ်စုများ ကွဲပြားနေကာ အချို့က လေးကြိုးများ ဆွဲ၍ ကြွက်သားများကို သန်မာအောင် လေ့ကျင့်နေကြသည်။ အချို့မှာ ပစ်မှတ်များရှေ့တွင် ရပ်၍ မြားပစ်လေ့ကျင့်နေကြသည်။

“တပ်မှူး!”

“တပ်မှူး ရောက်လာပြီ!”

“မင်္ဂလာပါ တပ်မှူး!”

စစ်သည်များက လင်ဝမ်ယွဲ့ လျှောက်လာသည်ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် လင်ဝမ်ယွဲ့ကို နှုတ်ဆက်ကြကုန်၏။ လင်ဝမ်ယွဲ့ကလည်း မျက်နှာတည်လျက် စစ်သည်များကို ခေါင်းညိတ်ပြ၏။

ထို့နောက် သူမ၏ သီးသန့်ပစ်မှတ်ရှေ့သို့ ရောက်ရှိလာသည်။ ဤသည်မှာ လင်ဝမ်ယွဲ့ ဖေးယွီတပ်ရင်း၏ စုပေါင်းလေ့ကျင့်ကွင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်း ဖြစ်လေသည်။

လင်ဝမ်ယွဲ့ ရပ်တန့်လိုက်ပြီး နောက်ကျောမှ သူမ၏ နှစ်တင်းအားလေးကို ထုတ်လိုက်၏။ ချက်ချင်းပင် စစ်သည်တစ်ဦးက မြားဘူးအချို့ကို လင်ဝမ်ယွဲ့ဘေးတွင် ထားပေးပြီး မြားတစ်စင်းကို လက်နှစ်ဖက်ဖြင့် လင်ဝမ်ယွဲ့ထံ ကမ်းပေး၏။

လင်ဝမ်ယွဲ့သည် မြားကိုယူ၍ မြားပစ်စစ်သည်အား ပြောလိုက်သည်။

“ကိုယ့်ဟာကိုယ် ဆက်လေ့ကျင့်တော့”

တပ်မှူးဖြစ်နေပြီ ဖြစ်သော်လည်း လင်ဝမ်ယွဲ့သည် ကိုယ်တိုင် လုပ်သင့်သည့်ကိစ္စများကို ကိုယ်တိုင်သာ လုပ်ဆောင်လေ့ရှိသည်။

“ဟုတ်ကဲ့”

ထိုစစ်သည်က လင်ဝမ်ယွဲ့ကို စည်းကမ်းတကျ ဂါရဝပြုပြီးနောက် တစ်ဖက်သို့ ဆုတ်ခွာကာ လေးကြိုးဆွဲလေ့ကျင့်ခြင်းကို ဆက်လက်ပြုလုပ်နေ၏။ သို့သော်လည်း သူ၏ မျက်လုံးများက လင်ဝမ်ယွဲ့ဘက်သို့ တိတ်တဆိတ် ခိုးကြည့်နေပြီး နှစ်တင်းအားလေးကို ဆွဲနိုင်သော ဤလူငယ်တပ်မှူး၏ မြားပစ်အတတ်ပညာမှာ မည်သို့ရှိမည်ကို သိချင်နေပုံရသည်။

ဤစစ်သည်တစ်ဦးတည်းသာမက ပတ်ဝန်းကျင်ရှိ စစ်သည်အများအပြားကလည်း သူနှင့် အတွေး တူညီနေကြသည်။ သူတို့ကိုယ်တိုင် လေ့ကျင့်နေသည်ဟု ထင်ရသော်လည်း မျက်လုံးများက လင်ဝမ်ယွဲ့ဘက်သို့ တိတ်တဆိတ် ခိုးကြည့်နေကြ၏။

လင်ဝမ်ယွဲ့သည် ထိုအရာများကို သိပ်အာရုံမစိုက်ပေ။ သူမ ခြေနှစ်ဖက်ကို အနည်းငယ် ချဲရပ်ပြီး မြားကိုတင် လေးကိုဆွဲ ပစ်မှတ်ကို ချိန်ကာ…

“ရွှီး!”

မြားသည် လေကိုဖြတ်၍ ပျံသန်းသွားပြီး အလယ်ဗဟိုကို တည့်တည့်မတ်မတ် ထိမှန်သွားလေ၏။

“ကောင်းတယ်!”

လင်ဝမ်ယွဲ့သည် အားပေးသံကြောင့် လန့်သွားပြီး သူမ၏ လက်ထဲမှ လေးကိုချ၍ လှည့်ကြည့်လိုက်သောအခါ သူမဘေးတွင် စစ်သည်အများအပြား စုရုံးရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

သူတို့အားလုံးက အားရသော အပြုံးများနှင့် လေးစားကြည်ညိုသော မျက်လုံးများဖြင့် သူမကို ကြည့်နေကြသည်။ ယခင်က လင်ဝမ်ယွဲ့သည် ဤသို့သော အတွေ့အကြုံမျိုး မရှိခဲ့ဖူးပေ။ လူများစွာက သူမကို ကြည့်နေကြသည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ ထိန်းမရအောင် နီရဲလာတော့သည်။

လင်ဝမ်ယွဲ့ စစ်ထဲဝင်ရောက်ပြီးကတည်းက နေလောင်ခံထားရ၍ သူမ၏ အသားအရေမှာ ညိုသွားခဲ့သောကြောင့် မျက်နှာအရောင်ပြောင်းလဲမှုကို မြင်ရရန် မလွယ်တော့ပေ။

“မင်းတို့ ကိုယ့်ဟာကိုယ် လေ့ကျင့်ကြ!”

လင်ဝမ်ယွဲ့၏ အသံမှာ မကျယ်သော်လည်း သူမထက် အသက်အနည်းငယ်ကြီးသော ထိုစစ်သည်များက လင်ဝမ်ယွဲ့၏ “အားမပါသော” အမိန့်ကို ကြားသောအခါ သဘောကျစွာ ပြုံးလိုက်ကြ၏။

သူတို့၏ လူငယ်တပ်မှူးက အတော်လေး ရှက်တတ်သူ ဖြစ်သည်။

သို့သော် လင်ဝမ်ယွဲ့၏ အသံမှာ ကျယ်သည်ဖြစ်စေ တိုးသည်ဖြစ်စေ ယခုအခါ သူမသည် တပ်မှူးတစ်ဦး ဖြစ်နေပြီ ဖြစ်သောကြောင့် ဤစစ်စခန်းတွင် သူမ ပြောဆိုသော စကားလုံးတိုင်းသည် အမိန့်ပင် ဖြစ်လေတော့သည်။

အမိန့်နာခံခြင်းနှင့် တားမြစ်ချက်များကို လိုက်နာခြင်းသည် စစ်သည်တစ်ဦး၏ သွေးသားထဲတွင် စိမ့်ဝင်နေသော အရာ ဖြစ်သည်။

ထိုအခါ မြားပစ်သမားအားလုံး ကိုယ်စီနေရာများသို့ ပြန်၍ မိမိတို့ဘာသာ လေ့ကျင့်ခြင်းကို ဆက်လက် ပြုလုပ်နေကြ၏။

မြင်ကွင်းကို ကြည့်လိုက်သည်နှင့် လင်ဝမ်ယွဲ့သည် စိတ်သက်သာရာရသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် မယုံကြည်နိုင်စရာ ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအခိုက်အတန့်တွင် လူတို့သည် ဘာကြောင့် အစွမ်းများ ထုတ်ပြကာ ဂုဏ်ပြုခံချင်ကြသလဲ ဆိုသည်ကို သူမ ရုတ်တရက် နားလည်သွားခဲ့သည်။

သို့သော် ထိုအတွေးသည် လင်ဝမ်ယွဲ့၏ စိတ်ထဲတွင် ခဏတာသာ တည်ရှိခဲ့ပြီး လျင်မြန်စွာပင် အနည်ထိုင်သွားကာ လေးကြိုးကို ဆွဲ၍ မြားပစ်ခြင်းကို အာရုံစိုက်လိုက်တော့သည်။ မြားများ လေကိုခွင်း၍ ထွက်ခွာသွားသံများ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ လင်ဝမ်ယွဲ့ရှေ့ ငါးဆယ်လှမ်းအကွာရှိ ပစ်မှတ်ပေါ်တွင် မြားများ ပြည့်နှက်နေပြီ ဖြစ်ပြီး သူမဘေးမှ မြားဘူးများလည်း အတော်များများ ကုန်သွားကြသည်။ မျက်စိလျင်သော စစ်သည်တစ်ဦးက လင်ဝမ်ယွဲ့ဘေးသို့ မြားဘူးအချို့ကို ထပ်မံယူလာပြီး ချပေးထားနှင့်ပြီ ဖြစ်သည်။

လင်ဝမ်ယွဲ့သည် ဆက်လက်၍ လေးတင် ချိန် ပစ် လုပ်ငန်းစဉ်ကို မပျက်မကွက် ပြုလုပ်နေလေသည်။

ပစ်မှတ်ပေါ်၌ စိုက်နေသော မြားများကို လင်ဝမ်ယွဲ့ ထပ်မံ ပစ်လွှတ်လိုက်သော မြားများက အလယ်မှ ထက်ပိုင်းခွဲပစ်လိုက်ပြီး အချို့မြားများမှာ မြားအသစ်များက ထိုးသွင်းလိုက်သောကြောင့် ပစ်မှတ်ထဲသို့ တစ်ချောင်းလုံး နီးပါး ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

လင်ဝမ်ယွဲ့သည် သူမ၏ တင်းကျပ်သော စည်းမျဉ်းအတိုင်း ... နေ့စဉ် လေ့ကျင့်ရမည့် အရေအတွက် ပြည့်မီအောင် တွန်းအားပေးနေပြီး သူမ စစ်ထဲဝင်ရောက်ပြီး (၂) နှစ်တာ ကာလအတွင်းကတည်းက ပုံမှန်လုပ်ဆောင်ခဲ့သည့် အလေ့အကျင့်တစ်ခုလည်း ဖြစ်သည်။

နေ့စဉ် လေးကို အကြိမ်တစ်ရာ ဆွဲခြင်းသည် လင်ဝမ်ယွဲ့ မကြာသေးမီက ချမှတ်ခဲ့သော စည်းမျဉ်းအသစ် ဖြစ်သည်။ လင်ဝမ်ယွဲ့က သူမ၏ တာဝန်ကို တစ်ကြိမ်တည်း ပြီးစီးအောင် လုပ်ဆောင်လိုက်သောအခါ သူမသည် သက်ပြင်းကို လေးလေးပင်ပင် ချလိုက်ပြီး လက်မောင်းကို မြှောက်ကာ နဖူးပေါ်မှ စီးကျနေသော ချွေးများကို သုတ်လိုက်၏။

လင်ဝမ်ယွဲ့သည် ပတ်ဝန်းကျင်မှ လေထုမှာ တစ်မျိုးဖြစ်နေသည်ဟု ခံစားမိပြီး နောက်လှည့်ကြည့်လိုက်သောအခါ သူမ၏ နောက်ကျောဘက်မှ စစ်သည်အတော်များများက သူမကို တအံ့တဩ ကြောင်ကြည့်နေကြသည်ကို တွေ့ရသည်။

“မင်းတို့ ဘာကြည့်နေတာလဲ”

လင်ဝမ်ယွဲ့က အနည်းငယ် ထူးဆန်းစွာ မေးလိုက်သည်။

“တပ်… တပ်မှူး တပ်မှူးက တကယ်တော်တာပဲ...”

ထိုစကားကို ကြားသောအခါ လင်ဝမ်ယွဲ့သည် နားမလည်စွာ မျက်ခုံးပင့်လိုက်သည်။

လင်ဝမ်ယွဲ့၏ စိတ်က ထိုစကားကြောင့် အပြောင်းအလဲ သိပ်မဖြစ်သွားသည်ကို မြင်မှ ကျန်စစ်သည်များလည်း စကားစ ပြောလာ၏။ လေးစားကြည်ညိုသော မျက်လုံးများဖြင့် လင်ဝမ်ယွဲ့ကို ချဉ်းကပ်လာပြီးနောက် ရိုသေစွာ ပြောလိုက်ကြသည်။

“တပ်မှူး ကျွန်တော် ဒီနေ့ တကယ်ကို အံ့ဩသွားပြီ ခင်ဗျားက... ခင်ဗျားက ဒီလောက် ပိန်ပိန်ပါးပါးလေးနဲ့ကို မွေးရာပါ နတ်စွမ်းအင်တွေများ ပါလာသလား”

စစ်သားတစ်ဦးက လက်ဝါးချင်းပွတ်ရင်း မနာလိုစိတ်ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ် တပ်မှူး ကျွန်တော်တို့ ပုံမှန်ဆွဲတာက တစ်တင်းအားလေးပဲ တိုက်ပွဲဆိုရင် အတန်းလိုက်ခွဲပြီး မြားပစ်ရတာ တပ်မှူးက နှစ်တင်းအားလေးကို တစ်ချက်တည်းနဲ့ ပစ်တာ... ဒါက...”

“အချောင်းတစ်ရာ ကျွန်တော် ရေထားတာ တပ်ခွဲမှူးက တစ်ကြိမ်တည်းနဲ့ မြားအချောင်းတစ်ရာ ပစ်တာ... မြားတိုင်းလည်း ပစ်မှတ်ကို ထိတယ်”

“အာ...”

လင်ဝမ်ယွဲ့က မြားအချောင်းတစ်ရာကို တစ်ထိုင်တည်း ပစ်သည်ကို ကြားသောအခါ မြားပစ်သမားများ အံ့ဩကုန်ကြ၏။ နှစ်တင်းအားလေး မဆိုထားနှင့် တစ်တင်းအားလေးကိုပင် လင်ဝမ်ယွဲ့ကဲ့သို့ တစ်ချက်မလွဲဘဲ တိကျမှန်ကန်စွာ ဆက်တိုက် အချောင်းတစ်ရာ ပစ်နိုင်သူ အများအပြား မရှိပေ။

“တပ်မှူး ဘယ်လိုလုပ်တာလဲ သင်ပေးပါဦးလား”

“ဟုတ်တယ် တပ်မှူး ကျွန်တော်တို့အားလုံး တပ်မှူးလို လက်စွမ်းရှိရင် နှစ်တင်းအားလေးဆိုတာ ထားဦး တစ်တင်းအားလေးပဲ ဆွဲနိုင်ရင်တောင် ဒီလိုတိကျမှုမျိုး ဒီလိုအမြန်နှုန်းမျိုး ရှိရင် ကျွန်တော်တို့ ဖေးယွီတပ်ရင်းရဲ့ တိုက်ခိုက်နိုင်စွမ်း တော်တော်တက်လာမှာ”

“ဟုတ်တယ်”

မကြာမီပင် လင်ဝမ်ယွဲ့သည် သူမ၏ လက်အောက်ငယ်သား စစ်သည်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရ၏။ ဤမေးခွန်းကို ရင်ဆိုင်ရသောအခါ လင်ဝမ်ယွဲ့က ခေါင်းခါ၍ ပြောလိုက်သည်။

“နည်းလမ်းမရှိဘူး မပျင်းမရိ လေ့ကျင့်တာ တစ်ခုတည်းသော နည်းလမ်းပဲ”

“တပ်မှူး ကျွန်တော်တို့ နေ့တိုင်း လေ့ကျင့်နေတာပဲ ဘယ်လိုမှ မတတ်နိုင်ဘူး ဖြစ်နေလို့ပါ”

လင်ဝမ်ယွဲ့သည် ခဏတာ ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်ရှိ စစ်သည်များက မျက်လုံးများ အရောင်တောက်ပြောင်စွာဖြင့် သူမကို စူးစိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ သူမက ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။

“ဒီလိုမျိုး လုပ်ချင်ရင် မခက်ဘူး မင်းတို့ကို ငါ လေ့ကျင့်ပေးနိုင်တယ် ဒါပေမဲ့ မင်းတို့ ညည်းညူလို့မရဘူး”

“တပ်မှူး စိတ်ချပါ ကျွန်တော်တို့ ဘယ်တော့မှ ပင်ပန်းတယ်လို့ မပြောပါဘူး”

“ကောင်းပြီ”

လင်ဝမ်ယွဲ့ ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ် သူမ၏ စိတ်ထဲ၌ ဤစစ်သားအုပ်စုကြီးထဲမှ မည်သို့ ရှောင်ထွက်ရမည်ကို မစဉ်းစားတော့ဘဲ လေးဆွဲနိုင်အားကို ပိုကောင်းလာစေရန် မည်ကဲ့သို့ လေ့ကျင့်ပေးရမည်ကို စိတ်အားထက်သန် တွေးတောနေမိသည်။

“တပ်မှူး တပ်မှူးရဲ့ လေးကို ကျွန်တော် တစ်ချက်စမ်းကြည့်လို့ ရမလား”

သန်မာထွားကြိုင်းသော စစ်သည်တစ်ဦးက လူအုပ်ကြားမှ ထွက်လာပြီး လင်ဝမ်ယွဲ့၏ လက်ထဲမှ အနက်ရောင်လေးကို စိတ်အားထက်သန်စွာ ကြည့်ရင်း မေးလိုက်သည်။

လင်ဝမ်ယွဲ့က ခေါင်းမော့ကြည့်လိုက်ရာ သူမထက် တစ်ခေါင်းလုံး ပိုမြင့်သော ထိုစစ်သည်ကို မြင်ရ၏။ သူမက ခေါင်းညိတ်ပြီး လက်ထဲမှ လေးကို ကမ်းပေးလိုက်လေသည်။

ထိုစစ်သည်က လင်ဝမ်ယွဲ့က သူ၏ တောင်းဆိုချက်ကို ဤမျှလွယ်ကူစွာ သဘောတူမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူသည် ဝမ်းသာအားရဖြင့် လက်နှစ်ဖက်ဖြင့် လင်ဝမ်ယွဲ့၏ လေးမည်းကြီးကို လေးစားစွာ လက်ခံယူပြီး လင်ဝမ်ယွဲ့ကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် တပ်မှူး!”

ထို့နောက် လေးကို မျက်လုံးရှေ့သို့ မြှောက်၍ လက်တစ်ဖက်ဖြင့် လေးကိုယ်ထည်ကို စမ်းကြည့်ပြီး လေးကြိုးကို ဆွဲကြည့်ရင်း အားကျစွာ ပြောလိုက်သည်။

“ကောင်းလိုက်တဲ့လေး!”

ထိုသန်မာထွားကြိုင်းသော စစ်သည်၏ အမည်မှာ ကျန်းစမ်းပေါင် ဖြစ်ပြီး ဖေးယွီတပ်ရင်းတွင် အလွန်ထင်ရှားသူ တစ်ဦး ဖြစ်သည်။ အစားအသောက် အများဆုံးစားနိုင်သူ အားအကောင်းဆုံးသူနှင့် တိုက်ခိုက်ရာတွင် အတော်ဆုံးသူအဖြစ် သတ်မှတ်ခံထားရသည်။

ကျန်းစမ်းပေါင်က လင်ဝမ်ယွဲ့၏ လေးကို စမ်းကြည့်ချင်သည်ကို မြင်သောအခါ ကျန်လူများက တိတ်ဆိတ်စွာ နေရာဖယ်ပေးကြ၏။ လူအားလုံးသည် ကျန်းစမ်းပေါင်၏ စမ်းသပ်ပစ်ခတ်မှုမှတစ်ဆင့် ဤလူငယ်တပ်မှူး လင်ဖေးရှင်း၏ အစွမ်းအစ အတိမ်အနက်ကို ခန့်မှန်းချင်နေကြလေသည်။

(t/n : ဒီအခန်းရဲ့ ခေါင်းစဉ်က 'ယောက်ျားကောင်းက ဘာလို့ ဝူနိုင်ငံ့ ဂုဏ်ဆောင် ဓားကွေးကို မကိုင်ရမှာလဲ' ဖြစ်လို့ ဒီအခန်းရဲ့ စာသားတွေနဲ့ မဆက်စပ်သလို ဖြစ်နေတယ်လို့ ထင်ရပါတယ်။

ဝူနိုင်ငံ ဓားကွေးဆိုတာက ကိုယ့်နိုင်ငံရဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့အတွက် လုပ်ထားတဲ့ လက်နက်ဖြစ်ပြီး နိုင်ငံချစ်စိတ်ရှိတဲ့ ယောက်ျားကောင်း သူရဲကောင်းတို့ရဲ့ အထိမ်းအမှတ် အမှတ်သညာအနေနဲ့ တင်စားထားတာပါ။

ထန်မင်းဆက် ကဗျာဆရာ လီဟယ်ရဲ့ နာမည်ကျော် ကဗျာတစ်ပုဒ်ဖြစ်သော နန်ယွမ် (南园) ထဲက စာကြောင်းလေးကို မူရင်းဝတ္ထုဆရာက ပေးထားတာပါ။

'ယောက်ျားကောင်းတစ်ဦးဖြစ်ပြီး ဘာကြောင့်များ ဝူဓားကွေးကို မကိုင်ဆောင်ရမှာလဲ နယ်စပ်ဒေသက စစ်တလင်းဆီသွားပြီး မြို့ပြနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရမှာပေါ့' )

End 20

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment