no

Font
Theme

အခန်း (၇၇)

"သူ အလုပ်များနေတယ်"

ဖုန့်ကျိုးယွဲ့ အင်္ကျီလက်ထဲတွင် ဝှက်ထားသော ကြွေထည်အစမှာ လွတ်ကျသွားပြီး ကြမ်းပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ပန်းပွင့်ချပ်များ ကြွေလွင့်သကဲ့သို့ ပြန့်ကျဲသွားသော ထိုအသံမှာ တိတ်ဆိတ်နေသည့် အခန်းထဲတွင် စူးစူးရှရှ မြည်ဟီးသွားရာ နားစည်ကိုပင် ကျဉ်တက်သွားစေသည်။ ထိုအခါမှသာ ဖုန့်ကျိုးယွဲ့သည် ငေးငိုင်နေရာမှ သတိပြန်ဝင်လာပြီး ရင်တုန်ပန်းတုန်ဖြင့် ထိုအစအနများကို ကောက်ယူရန် ငုံ့လိုက်မိသည်။

အစေခံဖြစ်သူမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း အခန်းထဲသို့ ပြေးဝင်လာပြီး သူ့လက်များကို အတင်းဆွဲယူမှသာလျှင်၊ ဖုန့်ကျိုးယွဲ့သည် လက်ချောင်းဆယ်ချောင်းလုံးတွင် ကြွေစများ စူးဝင်နေသည်ကို ထိတ်လန့်စွာ သတိထားမိတော့သည်။ သွေးချင်းချင်းနီနေသော လက်များကြောင့် ဝတ်ရုံများပင် ပေကျံကုန်ပြီ။

သူသည် တကယ့်ကို လူအတစ်ယောက်ပါပဲ၊ ဘာမှ အသုံးမကျတဲ့သူ။ အမှိုက်ကောက်တာတောင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်မိနေသည်။ သိပ်ကို ဖရိုဖရဲနိုင်ပြီး ဒုက္ခပေးတတ်လွန်းသည်။ သူသည် ဘာတစ်ခုမှ ကောင်းကောင်းမွန်မွန် မလုပ်နိုင်သည့်အပြင်၊ အမြဲတမ်း စိတ်တိုတတ်ပြီး သူတစ်ပါးကို သံသယဝင်တတ်သည်။ ရှဲ့ယန်က သူ့ကို စိတ်ဆိုးနေသည်မှာ မဆန်းပေ။ ဒါတွေအားလုံးဟာ သူနှင့် ထိုက်တန်လှပေသည်။

"သခင်လေး... ဒါတွေကို ကိုယ်တိုင်မလုပ်ပါနဲ့တော့။ ကျွန်တော် နောက်မှ သိမ်းလိုက်ပါ့မယ်။ ခဏလောက် ထိုင်နေပါဦး… လက်ကို ပတ်တီးစီးဖို့ သွားယူလိုက်ပါဦးမယ်"

အစေခံသည် ပျာပျာသလဲ ပြောဆိုပြီးနောက် အပြင်သို့ ပြေးထွက်သွားသည်။ ဖုန့်ကျိုးယွဲ့သည် ကြမ်းပြင်ပေါ်က သွေးစွန်းနေသော ကြွေစများကို ငေးကြည့်ရင်း စိတ်က ဟိုရောက်ဒီရောက် ယောက်ယက်ခတ်နေသည်။

ရှဲ့ယန် အခု ဘာလုပ်နေမလဲ။ ထမင်းကော မှန်မှန်စားရဲ့လား။ ဒီရက်ပိုင်းမှာ ကောင်းကောင်း အိပ်ပျော်ရဲ့လား။ သူကိုယ်တိုင် ချုပ်ပေးခဲ့တဲ့ အမွှေးနံ့သာအိတ်လေးကော အသုံးတည့်ရဲ့လား။

အဆုံးမှာတော့ သူဟာ အရာအားလုံးကို ထပ်ပြီး ဖျက်ဆီးမိပြန်ပြီ၊ ရှဲ့ယန်ကိုလည်း ထပ်ပြီး နာကျင်အောင် လုပ်မိပြန်ပြီ။

ရှဲ့ယန်သည် သူ့ကို ရှင်းပြရန် ကြိုးစားခဲ့ဖူးသည်။ စကားပြောနေစဉ်အတွင်း ရှားရှားပါးပါး တုန်လှုပ်ချောက်ချားပြီး အားကိုးရာမဲ့နေသည့် အရိပ်အယောင်များပင် ပြခဲ့သေးသည်။ သို့သော် ထိုစဉ်က သူ ဘာပြောခဲ့သနည်း။

သူသည် ရှဲ့ယန်ကို ထွက်သွားရန် ပြောခဲ့သည်။ ရက်ရက်စက်စက် အော်ဟစ်ခဲ့ပြီးနောက် ရှဲ့ယန်သည် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့ရသည်။

ရှဲ့ယန် စိတ်ဆိုးလျှင် တံခါးကို ဟိန်းထွက်သွားအောင် ဆောင့်ပိတ်တတ်သည်။ အနည်းဆုံးတော့ ထိုသို့လုပ်လျှင် ရှဲ့ယန်၏ ခံစားချက် မည်မျှ ပြင်းထန်သည်ကို သူ သိနိုင်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ရှဲ့ယန်က ထိုသို့ မလုပ်ခဲ့ပေ။

ရှဲ့ယန်သည် မည်သည့် ခံစားချက်ကိုမျှ မပြသတော့ဘဲ၊ တိမ်တိုက်တစ်ခု ချက်ချင်း အရောင်မှိန်သွားသကဲ့သို့ ဘာတွယ်တာမှုမှ မရှိဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားခြင်း ဖြစ်သည်။

ဖုန့်ကျိုးယွဲ့... မင်းက ဘာတွေကို ထပ်ပြီး လိုချင်နေသေးတာလဲ။

မင်းက သူ့ကို တစ်ကြိမ် ဖျက်ဆီးခဲ့ပြီးပြီ၊ သူက မင်းဆီကို ဘယ်လိုမျက်နှာမျိုးနဲ့ ပြန်လာပြီး စိတ်ရင်းနဲ့ ထပ်ပြီး ပုံအောပေးလိမ့်မယ်လို့ မင်း မျှော်လင့်နေတာလဲ။

သူ ပြန်လာမှာ မဟုတ်တော့ဘူး။

သူသာ အရင်သွားပြီး တောင်းပန်ခြင်း မပြုလျှင် ရှဲ့ယန်သည် သူ့ထံသို့ နောက်ထပ် ဘယ်တော့မှ လာလိမ့်မည် မဟုတ်ပေ။ သူသည် အမှားလုပ်ခဲ့ပြီး ခွင့်လွှတ်ခြင်းနှင့် မထိုက်တန်သူ ဖြစ်သည်။ သို့သော် ထိုစဉ်က သူသည် မနာလိုစိတ်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရှဲ့ယန်နှင့် တခြားတစ်ယောက် နီးနီးကပ်ကပ် ရှိနေမည်ကို သူ လုံးဝ မတွေးဝံ့ပေ။ ထိုသို့ တွေးမိရုံနှင့်တင် အသက်ရှူရ ကျပ်လာကာ ရင်ထဲတွင် မကျေနပ်မှုများ တစ်ဆို့လာပြီး တစ်ကိုယ်လုံး ချွေးစေးများ ထွက်ကာ နှုတ်ခမ်းများ တုန်ရီလာရသည်။

တခြားတစ်ယောက်က ရှဲ့ယန်ကို အတင်းအကျပ် ပွေ့ဖက်ရုံမျှဖြင့် သူ ဤမျှ ဒေါသထွက်ခဲ့လျှင်၊ ရှဲ့ယန်က သူနှင့် ရှဲ့ရှင်းတို့ နမ်းခဲ့ကြသည်ဟု မှားယွင်းစွာ ထင်မှတ်ခဲ့စဉ်က ရှဲ့ယန် မည်မျှအထိ ဒေါသထွက်ခဲ့မည်နည်း။

ဖုန့်ကျိုးယွဲ့ ထိုအချက်ကို ဘယ်တုန်းကမှ ထည့်မတွေးခဲ့ပေ။ မိမိကိုယ်ကိုယ်သာ အမြဲ တွေးခဲ့သည်။ ဆိုးနွဲ့သော ကလေးတစ်ယောက်ကဲ့သို့ ရှဲ့ယန်ကို သူတစ်ဦးတည်း ပိုင်ဆိုင်သည့် ရတနာတစ်ခုလို သဘောထားကာ မည်သူ့ကိုမျှ အထိမခံခဲ့ပေ။ ရှဲ့ယန်ကမူ သူ့အပေါ်တွင် အမြဲတမ်း သည်းခံခွင့်လွှတ်ပေးခဲ့သည်။ ကျန်းချင်းလင်နှင့် လှေစီးသည့် ကိစ္စတွင်ဖြစ်စေ၊ ယခု အထင်လွဲသည့် ကိစ္စတွင်ဖြစ်စေ၊ ရှဲ့ယန်သည် သူ၏ သစ္စာရှိမှုကို နည်းလမ်းမျိုးစုံဖြင့် ဖော်ပြရန် ကြိုးစားခဲ့သည်။ သူကိုယ်တိုင်ကသာ အကန့်အသတ်ကို ကျော်လွန်ပြီး ဆိုးခဲ့ခြင်း ဖြစ်သည်။

"သခင်လေး... မင်း နေမကောင်းဘူး ထင်တယ်။ သမားတော် သွားခေါ်ပေးရမလား"

အစေခံက ဂရုတစိုက် ပတ်တီးစည်းပေးနေရင်း မေးလာသည်။ သူသည် ဆေးပညာ အခြေခံရှိပုံရပြီး ပတ်တီးကို အနေတော်ဖြစ်အောင် စည်းပေးထားသည်။

"မလိုပါဘူး"

ဖုန့်ကျိုးယွဲ့ လက်နှစ်ဖက်ကို အနောက်သို့ ဝှက်လိုက်ကာ၊ အမှားဝန်ခံရန် စိတ်ကို တင်းထားပြီး အစေခံကို လေးလေးနက်နက် ပြောလိုက်သည်။

"အိမ်ရှေ့မင်းသားဆီ သွားပြီး၊ ငါ သူ့ကို အရမ်းလွမ်းနေတယ်၊ သူ့ကို တွေ့ချင်တယ်လို့ သွားပြောပေးပါ။ ဘယ်တော့ လာနိုင်မလဲဆိုတာ မေးပေးပါ"

"ဟုတ်ကဲ့... အခုချက်ချင်း သွားလိုက်ပါ့မယ်"

အစေခံသည် ရှဲ့ယန်နှင့် သူ၏ ဆက်ဆံရေးကို သိရှိထားသူ ဖြစ်သဖြင့် ချက်ချင်းပင် ထွက်သွားရန် ပြင်သည်။

"နေပါဦး"

ဖုန့်ကျိုးယွဲ့ သူ့ကို လက်လှမ်းတားလိုက်သော်လည်း ဒဏ်ရာရထားသော လက်ချောင်းနှင့် ထိမိသွားသဖြင့် နာကျင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ငါ့လက်ဒဏ်ရာရတဲ့အကြောင်း ရှဲ့ယန်ကို မပြောပါနဲ့"

သူသည် ရှဲ့ယန်၏ မျက်စိထဲတွင် လူဆိုးတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ထိုအပေါ်တွင် "အသုံးမကျသူ" ဆိုသည့် နာမည်ကို ထပ်မတိုးချင်တော့ပေ။

"နားလည်ပါပြီ... မပြောပါဘူး"

အစေခံက ခေါင်းညိတ်ပြပြီး ထွက်သွားသည်။

ဖုန့်ကျိုးယွဲ့ စိုးရိမ်လွန်းသဖြင့် လက်ချောင်းများကိုပင် ကိုက်ဝါးပစ်ချင်စိတ် ပေါက်နေမိသည်။ အချိန်တိုင်းသည် အလွန်ပင် နှေးကွေးနေသကဲ့သို့ ခံစားရသည်။ သို့သော် အစေခံသည် အကြာကြီး မစောင့်ခိုင်းခဲ့ပေ။ အပြေးအလွှား ပြန်လာသဖြင့် အသက်ရှူသံများ ပြင်းထန်ကာ မျက်နှာလည်း နီရဲနေသည်။

"ဘယ်လိုလဲ"

ဖုန့်ကျိုးယွဲ့သည် အစေခံအနားသို့ ပျာပျာသလဲ ပြေးသွားမိသည်။

"အိမ်ရှေ့မင်းသားက ဒီရက်ပိုင်း အရမ်းအလုပ်များနေတယ်တဲ့၊ ဘယ်သူ့ကိုမှ တွေ့ဖို့ အချိန်မရှိဘူးလို့ မိန့်လိုက်ပါတယ်"

အစေခံသည် ရှဲ့ယန်၏ ထောင်လွှားပြီး ဂရုမစိုက်တတ်သော လေသံကို အတိအကျပင် လိုက်တုကာ ပြောပြလေတော့သည်။

……..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment