အခန်း (၈၃)
နောက်ဆုံးတစ်ကြိမ်
ပြန်လည်မွေးဖွားပြီးကတည်းက ဖုန့်ကျိုးယွဲ့အတွက် အိပ်စက်ခြင်းဆိုသည်မှာ သူစိမ်းပမာ ဖြစ်နေခဲ့သည်။ ညစဉ်ညတိုင်း စိတ်မချမ်းမြေ့စရာ အိပ်မက်ဆိုးများက ခြောက်လှန့်နေတတ်သလို၊ တစ်ခါတစ်ရံတွင်လည်း မိုးလင်းသည်အထိ မျက်လုံးအပြူးသားဖြင့် ဟိုလှည့်ဒီလှည့်ဖြစ်ကာ အိပ်မပျော်နိုင်ခဲ့ပေ။
သို့သော်လည်း မနေ့ညကမူ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ တင်းကျပ်နေသော အာရုံကြောများမှာ နောက်ဆုံးတွင် ပြေလျော့သွားပြီး အသက်ရှုသံမှာလည်း မှန်မှန်နှင့် နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့သည်။ စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်ပေါ်နေသော ခေါင်းကိုက်ဝေဒနာမှာလည်း သက်သာသွားကာ စိတ်သက်သာရာရမှုကို အပြည့်အဝ ခံစားခဲ့ရသည်။ နှုတ်ခမ်းထောင့်များမှာပင် ကျေနပ်မှုကြောင့် အနည်းငယ် ကွေးညွှတ်နေခဲ့သည်။
နေအတော်မြင့်မှသာ ပြတင်းပေါက်မှ တိုးဝင်လာသော ပြင်းထန်သည့် နေရောင်ခြည်ကြောင့် ဖုန့်ကျိုးယွဲ့ ဝေဝေဝါးဝါးဖြင့် မျက်လုံးပွင့်လာသည်။ဟအဝေးတွင် လင်းယုန်တစ်ကောင်မှာ စိမ်းလန်းသော တောင်တန်းများထဲသို့ ပျံသန်း ကွယ်ပျောက်သွားသည်။ နွေးထွေးသော နွေဦးနေရောင်ခြည်မှာ သူ့မျက်တောင်များကို နမ်းရှိုက်နေပြီး မျက်ဝန်းထဲသို့ စူးရှသော အလင်းတန်းများ ပေးပို့နေသည်။
ဖုန့်ကျိုးယွဲ့ ခေါင်းအုံးပေါ်တွင် ခေတ္တမျှ မှိန်းနေမိပြီး အရင်တုန်းကလိုပင် ရင်းနှီးနေသော အေးစက်သည့် ထိတွေ့မှုကို ခံစားရနိုးဖြင့် လက်ကို ဆန့်ထုတ်ကြည့်မိသည်။
သို့သော်လည်း ဘာမှ ရှိမနေခဲ့ပေ။ မနေ့ညက ကြားခဲ့ရသော နူးညံ့သည့် တိုးတိုးလေး ပြောသံများမှာ အမှန်တကယ် မဟုတ်သည့် အိမ်မက်တစ်ခုအလား ခံစားလိုက်ရပြီး တောက်ပသော နေရောင်အောက်တွင် သက်တံရောင် ပူဖောင်းလေးများကဲ့သို့ ပျောက်ကွယ်သွားကာ သူ မဖမ်းဆုပ်နိုင်ခင်မှာပင် ကြေမွသွားခဲ့သည်။
အိပ်မက်ဆိုသည်မှာ လူတစ်ယောက်၏ စိတ်အောက်ခြေက တကယ့်ဆန္ဒများကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်ဟု ဖတ်ဖူးသည်။ ရှဲ့ယန်နှင့် ပြန်လည်သင့်မြတ်လိုသော သူ၏ အလိုရမ္မက်က ပြင်းထန်လွန်းသဖြင့် ယခုကဲ့သို့ လှပသော အိပ်မက်တစ်ခုအဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အခုတော့ ထိုအရာက အရေးမကြီးတော့ပေ။
ထိုအချိန်တွင် တံခါးမှာ ကျွီခနဲ ပွင့်လာသည်။ အစေခံသည် မျက်နှာသစ်ရန် ရေဇလုံကို ကိုင်ပြီး အခန်းထဲသို့ အသာအယာ ဝင်လာသည်။ ဖုန့်ကျိုးယွဲ့ နိုးနေသည်ကို မြင်သောအခါ သူက သက်ပြင်းချလိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သခင်လေး... ဒီနေ့ ဘာလို့ ဒီလောက်တောင် အိပ်နေတာလဲ? အရင်ကဆို မိုးမလင်းခင်ကတည်းက ထနေကျပဲဟာကို"
"ဪ..." ဖုန့်ကျိုးယွဲ့က ခေါင်းငြိမ့်ပြရင်း အားမပါသော အပြုံးလေးဖြင့် "မနေ့ညက တော်တော်လေး အိပ်ကောင်းသွားလို့ ဖြစ်မှာပါ" ဟု ပြန်ပြောလိုက်သည်။
အစေခံက မျက်နှာသစ်ခြင်းကိစ္စများကို ကူညီပေးပြီးနောက် နေ့လည်စာ ယူလာပေးသည်။ ဖုန့်ကျိုးယွဲ့ နေ့လည်စာ စားပြီးသောအခါ အစေခံက သူ၏ လက်အင်္ကျီထဲမှ စာတစ်စောင်ကို ထုတ်ပေးလိုက်ရင်း "သခင်လေး... ဒါက ဗိုလ်ချုပ်ဟန်ဖေးတုက သခင်လေးဆီ ပေးခိုင်းလိုက်တဲ့ စာပါ" ဟု ပြောသည်။
"သူ နေကောင်းရဲ့လား.. အိမ်ရှေ့စံက သူ့ကို ပြဿနာ ရှာသေးလား"
မနေ့က ရှဲ့ယန်သည် ဟန်ဖေးတုအပေါ် အကြောင်းရင်းမရှိဘဲ ပြင်းထန်သော ရန်လိုမှုများ ပြခဲ့သည်ကို သတိရကာ ဖုန့်ကျိုးယွဲ့ စိုးရိမ်တကြီးဖြင့် စာကို လှမ်းယူလိုက်သည်။
ရှဲ့ယန်နှင့် ဖုန့်ကျိုးယွဲ့ကြားက တင်းမာမှုကို သိရှိနေသော အစေခံက နေရခက်သော အမူအရာဖြင့် "အိမ်ရှေ့စံက ဗိုလ်ချုပ် ဟန်ဖေးတုကို ပြဿနာမရှာပါဘူး။ အဲဒီအစား သူ့ကို ထိပ်တန်းစစ်သည်တွေပေးပြီး ဖန်ကျိုးကို သွားတိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ သူ့ကို အရေးကြီးတဲ့ တာဝန် ပေးလိုက်တာပါ။ ဒါပေမဲ့ ဖန်ကျိုးက ဝေးတော့ ဗိုလ်ချုပ် ဟန်ဖေးတု ဝိန့်ချန်းကို ပြန်လာဖို့က မလွယ်တော့ဘူး ထင်တယ်" ဟု သတိထားကာ ပြန်ဖြေသည်။
ရှဲ့ယန်သည် ပုဂ္ဂိုလ်ရေး အာဃာတများကို အလုပ်နှင့် ရောထွေးသူမဟုတ်ကြောင်း သိလိုက်ရသဖြင့် ဖုန့်ကျိုးယွဲ့ စိတ်သက်သာရာရစွာဖြင့် စာကို ဖတ်လိုက်သည်။
ဟန်ဖေးတု၏ လက်ရေးမှာ ထူးထူးခြားခြား မလှပသော်လည်း သေသပ်ပြီး ဖတ်ရလွယ်ကူသည်။ စကားလုံးများမှာ ရိုးသားပြီး နှလုံးသားထဲက လာသဖြင့် သူကိုယ်တိုင် ဖုန့်ကျိုးယွဲ့ရှေ့တွင် ရပ်ပြီး နှုတ်ဆက်နေသည့်အလား ခံစားရစေသည်။
"သခင်လေး... သခင်လေး နေကောင်းလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် အခု ဖန်ကျိုးကို ထွက်ခွာတော့မယ်။ အိမ်ရှေ့စံက ကျွန်တော့်ကို ထိပ်တန်းတပ်ဖွဲ့တစ်ခုကို ဦးဆောင်ခွင့်ပေးပြီး ဗိုလ်ချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါဟာ ကျွန်တော့်အပေါ် သူ ယုံကြည်မှုရှိတယ်ဆိုတာကို ပြလိုက်တာပဲ။ အကယ်၍ ကျွန်တော် ဖန်ကျိုးကို သိမ်းပိုက်နိုင်ခဲ့ရင် ကျွန်တော့်ရဲ့ အနာဂတ်က အလွန်တောက်ပလာလိမ့်မယ်။ အရင်က ကျွန်တော်က ဗိုလ်ချုပ်ငယ်လေး တစ်ယောက်ပဲ ဖြစ်ပေမဲ့ အခုလို ထူးထူးခြားခြား ရာထူးတိုးပေးတာဟာ သခင်လေးကြောင့်ပါပဲ။ ဘာလို့လဲဆိုတော့ သခင်လေး ဖုံးကွယ်ထားခဲ့တဲ့ အကြောင်းအရာတချို့ကို ကျွန်တော် အိမ်ရှေ့စံကို ပြောပြလိုက်လို့ပါ”
“တောင်းပန်ပါတယ် သခင်လေး။ သခင်လေး မှာထားတဲ့ တာဝန်ကို ကျွန်တော် မထမ်းဆောင်နိုင်ခဲ့ဘူး။ မနေ့က အိမ်ရှေ့စံ ဒေါသထွက်နေတုန်းက သူ သခင်လေးကို တစ်ခုခု လုပ်မှာ စိုးလို့ ကျွန်တော် အားလုံးကို အသေးစိတ် ပြောပြလိုက်တာပါ။ သခင်လေးရဲ့ ကိုယ်ပိုင် ရတနာတွေနဲ့ ငွေတွေကို ရှဲ့ယန်ဆီ ပို့ပေးခဲ့တဲ့ကိစ္စ၊ အမွှေးနံ့သာအိတ်ကိစ္စ၊ ပြီးတော့ သခင်လေး စုစည်းပေးထားတဲ့ စစ်ဗျူဟာမှူးတွေနဲ့ အရင်က လက်အောက်ငယ်သားတွေ အကြောင်းကိုပါ ပြောပြလိုက်ပါတယ်။ မြို့တော်က သခင်လေးရဲ့ မဟာမိတ်ဟောင်းတွေရဲ့ နာမည်စာရင်းကိုလည်း အိမ်ရှေ့စံဆီကို ကျွန်တော် ကိုယ်တိုင် ပေးလိုက်ပါတယ်”
“အမှန်အတိုင်း ပြောရရင် သခင်လေးရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် အမြဲ သိချင်ခဲ့တာ။ သခင်လေးက အိမ်ရှေ့စံကို ဒီလောက် ချစ်ပြီး သူအောင်မြင်ဖို့ အများကြီး လုပ်ပေးခဲ့ပါလျက်နဲ့ ဘာလို့ တစ်ခွန်းမှ မပြောခဲ့တာလဲ။ ဘာလို့ ကိုယ့်ကျေးဇူးကို မဖော်ပြခဲ့တာလဲ။ အိမ်ရှေ့စံက ဒါတွေကို သိနေပြီးသားလို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့ အေးစက်လှတဲ့ မျက်နှာကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူ ဘာမှ မသိခဲ့ဘူးဆိုတာ ကျွန်တော် နားလည်သွားတယ်။ သခင်လေး ကွယ်ရာမှာ လုပ်ပေးခဲ့တာတွေကို သူ တစ်ခုမှ မသိခဲ့ဘူး။ သခင်လေးရယ်... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အပင်ပန်း ခံခဲ့ရတာလဲ”
“သခင်လေးနဲ့ အိမ်ရှေ့စံကြားမှာ ဘာတွေ အထင်လွဲနေလဲဆိုတာ ကျွန်တော် မသိပေမဲ့ အိမ်ရှေ့စံကလည်း သခင်လေးအပေါ် အလွန် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်ထက်တောင် ပိုပြီး ချစ်နိုင်ပါတယ်။ သခင်လေးက အိမ်ရှေ့စံအပေါ် ချစ်တဲ့စိတ်ရှိတယ်ဆိုတာ ကျွန်တော် သိလိုက်ရတုန်းက ကျွန်တော် သဝန်တိုခဲ့မိတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ 'ဘာလို့ ကျွန်တော် မဟုတ်ရတာလဲ' ဆိုတဲ့ အတွေးတွေနဲ့ အော်ဟစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော့် အချစ်တွေက ဘယ်လောက်တောင် သိမ်ဖျင်းတယ်ဆိုတာ ကျွန်တော် နားလည်သွားပါပြီ”
“လေလောင်ဟူ သခင်လေးကို အနိုင်ကျင့်တုန်းက ကျွန်တော် ဘေးကနေ ကြည့်နေရုံပဲ လုပ်ခဲ့တယ်။ သခင်လေးကို ချစ်တယ်လို့ ပြောခဲ့ပေမဲ့ ကျွန်တော်က လေလောင်ဟူရဲ့ အာဏာကို ကြောက်နေခဲ့တာ။ သူက စစ်တပ်ထဲမှာ သြဇာကြီးတော့ သူ့ကို ဆန့်ကျင်လိုက်ရင် ကျွန်တော့်ရဲ့ အနာဂတ် ပျက်စီးသွားမှာကို စိုးရိမ်ခဲ့တယ်။ သူထွက်သွားမှ သခင်လေးကို လာပြီး နှစ်သိမ့်ခဲ့တာ။ အဲဒီလို သိမ်ဖျင်းတဲ့ အချစ်ကို ဂုဏ်ယူခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်မိပါတယ်။ လေ့လောင်ဟူ သခင်လေးအပေါ် ဘယ်လို ရိုင်းစိုင်းခဲ့လဲဆိုတာ အိမ်ရှေ့စံကို ကျွန်တော် ပြောပြတဲ့အခါ သူ့မျက်ဝန်းထဲမှာ နာကျင်ရိပ်တွေကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။ အိမ်ရှေ့စံကလည်း ကျွန်တော့်လိုပဲ သခင်လေးကို သည်းခံဖို့ ပြောမယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဘာလို့လဲဆိုတော့ လေ့လောင်ဟူရဲ့ စစ်အင်အားက အိမ်ရှေ့စံရဲ့ တော်လှန်ရေး အုတ်မြစ်ကို ခြိမ်းခြောက်နိုင်လို့လေ”
“မြင့်မြတ်ပြီး မာနကြီးတဲ့ အိမ်ရှေ့စံကလည်း ကျွန်တော့်လိုပဲ ကြောက်တတ်တဲ့ လူတစ်ယောက်ပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ မနေ့ညက လေ့လောင်ဟူ သေသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်တော် သူ့ကို ဘယ်တော့မှ မမီနိုင်ဘူးဆိုတာ သိလိုက်ရတယ်။ လူတစ်ယောက်က ရာထူးမြင့်လေလေ၊ အားနာစရာတွေနဲ့ ထည့်တွက်စရာတွေ များလေလေပါပဲ။ ဒါပေမဲ့ အိမ်ရှေ့စံကတော့ သခင်လေးကို ကာကွယ်ဖို့အတွက် ဘာကိုမှ ဂရုမစိုက်ဘဲ အရာအားလုံးကို ဖယ်ရှားပစ်ခဲ့တယ်”
“ကျွန်တော် အရှုံးကြီး ရှုံးသွားပါပြီ။ သခင်လေး... အိမ်ရှေ့စံအကြောင်း ပြောတဲ့အခါတိုင်း သခင်လေးရဲ့ မျက်နှာလေးက သိပ်ကို ဆွဲဆောင်မှု ရှိပါတယ်။ သခင်လေးက သူ့ကို အရမ်း ချစ်နေပေမဲ့ ကိုယ့်ကိုယ်ကိုယ် သူ့အတွက် မထိုက်တန်ဘူးလို့ အမြဲ ထင်နေတတ်တယ်။ တကယ်တော့ ဘယ်လောက်ပဲ ထူးချွန်တဲ့သူဖြစ်ပါစေ၊ အချစ်နဲ့ တွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးလို့ ခံစားရတတ်ပါတယ်။ အိမ်ရှေ့စံက သခင်လေးကို အရမ်း ဂရုစိုက်သလို သခင်လေးကလည်း သူ့ကို အရမ်း ချစ်တာ ကျွန်တော် သိပါတယ်။ ဘာလို့ သူ့အတွက် တိုက်ပွဲမဝင်ကြည့်တာလဲ ဟို အမွှေးနံ့သာအိတ်ကိုလည်း အိမ်ရှေ့စံဆီကို သခင်လေး ကိုယ်တိုင် သွားပေးဖို့ မမေ့ပါနဲ့ဦး”
“ဒီစာကို ရေးရတဲ့ အဓိက အကြောင်းရင်းကတော့ သခင်လေးကို နှုတ်ဆက်ဖို့ပါ။ ရှေ့ဆက်ရမယ့် ခရီးက ရှည်သလို အနာဂတ်ကလည်း မရေရာပါဘူး။ စစ်မြေပြင်မှာ အသက်နဲ့ သေခြင်းက တစ်ဖဝါးပဲ ဝေးပါတယ်။ သခင်လေး လိုချင်တာတွေ အားလုံး ပြည့်ဝပြီး နောင်လာမယ့် ရက်တွေမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ လေးစားစွာဖြင့်… ဟန်ဖေးတု"
ဒါဆိုရင် မနေ့ညက ဖြစ်ပျက်ခဲ့တာတွေ အားလုံးက အိမ်မက် မဟုတ်ဘူးပေါ့။
ရှဲ့ယန်က တကယ်ပဲ ရောက်လာခဲ့ပြီး သူ အိပ်ပျော်နေတုန်း ဖက်ထားပေးကာ နူးညံ့တဲ့ စကားတွေ အများကြီး ပြောသွားခဲ့တာပဲ။ ဖုန့်ကျိုးယွဲ့၏ စိတ်ထဲတွင် ရင်ခုန်သံများ မြန်လာပြီး စိတ်မအေးနိုင် ဖြစ်နေရသည်။ သူသည် အတည်ပြုချက် ရယူလိုသဖြင့် အစေခံကို အလျင်အမြန် မေးလိုက်သည်။
"ဗိုလ်ချုပ် လေ့လောင်ဟူ တကယ်ပဲ သေသွားပြီလား"
အစေခံက ခေါင်းငြိမ့်ပြရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ပြောပြသည်။
"မနေ့ညက ဖြစ်သွားတာလို့ ကြားတယ် သခင်လေး။ အိမ်ရှေ့စံက သူ့ကို ရန်သူ့စခန်းကို သွားတိုက်ဖို့ ခိုင်းလိုက်တာ။ ဒါပေမဲ့ လမ်းတစ်ဝက် တောင်ကြားတစ်ခုမှာ သူတို့တွေ ချုံခိုတိုက်ခိုက် ခံလိုက်ရတယ်။ သူရော၊ ပါသွားတဲ့ စစ်သည်တွေပါ တစ်ယောက်မှ အသက်ရှင်ပြီး ပြန်မလာခဲ့ဘူး"
"သိပ်ကို ကြောက်စရာကောင်းတာပဲ..."
အစေခံက ကြောက်စရာကောင်းသည့် အရာတစ်ခုကို သတိရသလို တုန်လှုပ်စွာဖြင့် ဆက်ပြောလာသည်။
"သူ့အလောင်းကို ပြန်သယ်လာတဲ့ အခါမှာတော့ တစ်ကိုယ်လုံး မီးလောင်ထားလို့ ဘယ်သူဘယ်ဝါမှန်းတောင် မသိသာတော့ဘူး။ ရန်သူတွေက သိပ်ရက်စက်တာပဲ၊ သူ့ကို အရင်ဆုံး မြားတွေနဲ့ ပစ်တယ်၊ ပြီးတော့ မီးလောင်လွယ်တဲ့ ဆီတွေလောင်းပြီး မီးရှို့ပစ်လိုက်တာတဲ့။ မီးက တစ်ညလုံး လောင်နေတာ။ အလောင်းကို ပြန်တွေ့တဲ့ အခါမှာတော့ ကြည့်မကောင်းအောင်ကို ပျက်စီးနေပြီ။ ကျွန်တော် သွားကြည့်မိတာကို နောင်တရတယ်"
"မီးလောင်လွယ်တဲ့ ဆီ"
ဖုန့်ကျိုးယွဲ့၏ နှလုံးသားမှာ တုန်ခါသွားသည်။ မနေ့ညက ရှဲ့ယန်ဆီကနေ ရနေတဲ့ ဆီနံ့သင်းသင်းလေးကို သတိရသွားသည်။ ဘာမှ ဆက်မပြောနိုင်ဘဲ မှင်သက်နေမိသည်။
"ဟုတ်တယ် သခင်လေး... သိပ်ရက်စက်တဲ့ သေနည်းပဲ။ ဘယ်လောက်တောင် မုန်းလို့ ဒီလောက်အထိ နှိပ်စက်ရတာလဲ မသိဘူး"
အစေခံက ပြောရင်း စိုးရိမ်တကြီး မေးလာပြန်သည်။
"သခင်လေး နေမကောင်းလို့လား။ ဒါမှမဟုတ် ကြောက်သွားလို့လား"
"သမားတော် ခေါ်ပေးရမလား"
"မလိုပါဘူး၊ ရပါတယ်"
ဖုန့်ကျိုးယွဲ့က လက်ယမ်းပြကာ အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
"ငါ နည်းနည်း ပင်ပန်းနေလို့ ထပ်ပြီး နားချင်သေးတယ်။ မင်း သွားလို့ ရပြီ"
"ဟုတ်ကဲ့ သခင်လေး။ တစ်ခုခု လိုရင် ခေါ်လိုက်ပါ"
အစေခံသည် ဇဝေဇဝါဖြင့် "အခုတင်ပဲ နိုးတာကို ဘာလို့ ပင်ပန်းနေရတာလဲ" ဟု ရေရွတ်ရင်း အပြင်သို့ ထွက်သွားသည်။
ဖုန့်ကျိုးယွဲ့သည် ဝတ်ရုံထဲမှ အမွှေးနံ့သာအိတ်လေးကို ထုတ်ပြီး လက်ချောင်းလေးများ ဖြူလာသည်အထိ တင်းတင်းဆုပ်ကိုင်ထားမိသည်။ ရှဲ့ယန်... ရှဲ့ယန်... သူ၏ အဝတ်အစားတွေပေါ်မှာ ဆီနံ့တွေ ရှိနေခဲ့တာပဲ။ လေ့လောင်ဟူ သေဆုံးမှုမှာ ရှဲ့ယန် တကယ်ပဲ ပါဝင်နေတာလား။
လေ့လောင်ဟူ၏ ရိုင်းစိုင်းသော အမူအရာများ၊ စက်ဆုပ်ဖွယ် ကောင်းသော စကားများနှင့် အကြည့်များကို ဖုန့်ကျိုးယွဲ့ ပြန်သတိရမိသည်။ လေ့လောင်ဟူက သူ၏ စစ်အာဏာကို အသုံးချပြီး ရမ်းကားခဲ့ခြင်း ဖြစ်သည်။ ရှဲ့ယန်က သူ့ကို ဒီလိုပဲ သတ်ပစ်လိုက်တာလား။ အကယ်၍ တစ်ယောက်ယောက်သာ သိသွားလျှင် ရှဲ့ယန်အတွက် ဘယ်လောက်တောင် အန္တရာယ် များလိမ့်မည်နည်း။ လေ့လောင်ဟူ၏ ထောက်ခံမှု မရှိတော့လျှင် ရှဲ့ယန် တစ်ယောက်တည်း အထီးကျန်သွားမည်လား။
ဖုန့်ကျိုးယွဲ့ ဘာမှ တွေးမရခဲ့ပေ။
သူသည် စစ်ဗျူဟာများအကြောင်း ဘာမှ နားမလည်သော လူအတစ်ယောက်သာ ဖြစ်သည်။ သို့သော် ဟန်ဖေးတု၏ စာကို ထပ်ခါထပ်ခါ ဖတ်ကြည့်မိသောအခါ ရှဲ့ယန်သည် ဤကိစ္စတွင် အဆုံးအရှုံးတစ်ခုကို ရင်ဆိုင်ခဲ့ရကြောင်း ခံစားမိသည်။
အကယ်၍ ရှဲ့ယန်သာ သူ့အတွက် လက်စားမချေခဲ့လျှင် လေ့လောင်ဟူကို အသုံးချပြီး ထီးနန်းကို လွယ်လွယ်ကူကူ ရယူနိုင်မည်ဖြစ်သည်။ သို့သော် သူ့အရှက်ရမှုအတွက် ရှဲ့ယန်က ထိုသို့ လုပ်ဆောင်ခဲ့သည်။
သူကတော့ ရှဲ့ယန် သူ့အနားမှာ မအိပ်ချင်ဟု ထင်ရုံဖြင့် ရှဲ့ယန်ကို အဆိုးမြင်ခဲ့ပြီး မိမိကိုယ်ကိုယ် နှိမ့်ချခဲ့ကာ လေ့လောင်ဟူအတွက် အခွင့်အရေး ပေးခဲ့မိသည်။
ရှဲ့ယန် ပြောခဲ့တာ မှန်ပါသည်။ သူသည် ရှဲ့ယန်ကို တစ်ခါမှ မယုံကြည်ခဲ့ပေ။
သူသည် ဘာမှ တိုးတက်မလာခဲ့ပေ။ ရှဲ့ယန်၏ အချစ်ကို အခွင့်ကောင်းယူပြီး စိတ်တိုင်းမကျတိုင်း သူ့အပေါ် ရိုင်းစိုင်းခဲ့မိသည်။ သူ ဘယ်တော့မှ ရင့်ကျက်လာမည်နည်း။ ရှဲ့ယန်သည် သူ၏ ခြေထောက်များကို ကျိုးအောင် လုပ်ခဲ့သော ဖုန့်ကျိုးယွဲ့၏ သံသယများနှင့် စိတ်ကောက်မှုများကို ဘယ်လိုတောင် သည်းခံနေခဲ့ရပါသနည်း။ ရှဲ့ယန်မှာ ဘာအပြစ်မှ မရှိပေ။ အစကနေ အဆုံးထိ သူကသာ အမှားတွေ လုပ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ရှဲ့ယန်ကို ခံစားချက်တွေ ပွင့်ပွင့်လင်းလင်း ပြောခဲ့လျှင် ရှဲ့ယန်သည် လေ့လောင်ဟူအပေါ် ယခုကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်ဆောင်မည် မဟုတ်လောက်ပေ။ သို့သော်လည်း ရှဲ့ယန်၏ စရိုက်အရ မည်သို့ပင်ဖြစ်စေ သူသည် ထိုသို့ပင် လုပ်ဆောင်လိမ့်မည်ဟု ဖုန့်ကျိုးယွဲ့ ခံစားနေရသည်။
လေ့လောင်ဟူကဲ့သို့ စစ်အင်အား ရှိသူဖြစ်စေ၊ ကျန်းချင်းလင်ကဲ့သို့ နောက်ခံကောင်းသူဖြစ်စေ၊ ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့အတွက်ဆိုလျှင် အားလုံးကို စွန့်လွှတ်ရဲသူ ဖြစ်သည်။ အစွမ်းထက်သော ဧကရာဇ်မင်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ရှဲ့ယန်သည် သူ့ရှေ့ကနေ မားမားမတ်မတ် ရပ်ပြီး အရာအားလုံးကို တာဝန်ယူပေးမည့်သူ ဖြစ်သည်။ သို့သော် သူက ရှဲ့ယန်ကို ဘယ်လို ဆက်ဆံခဲ့သနည်း။
ဤသို့ တွေးလိုက်မိသောအခါ ဖုန့်ကျိုးယွဲ့ ထပ်ပြီး ငြိမ်မနေနိုင်တော့ပေ။ အမွှေးနံ့သာအိတ်ကို ဆုပ်ကိုင်ရင်း အခန်းထဲမှ ပြာပြာသလဲ ပြေးထွက်လာရာ အခန်းထဲသို့ ဝင်လာသော အစေခံနှင့်ပင် တိုက်မိမလို ဖြစ်သွားသည်။ သို့သော် သူ ဂရုမစိုက်နိုင်တော့ဘဲ ရှဲ့ယန်၏ စာကြည့်ခန်းဆီသို့ အမြန် ပြေးသွားတော့သည်။
ဖုန့်ကျိုးယွဲ့၏ အခန်းနှင့် ရှဲ့ယန်၏ စာကြည့်ခန်းမှာ အတော်လေး ဝေးသည်။ ဖုန့်ကျိုးယွဲ့ အမောတကော ပြေးလာရင်း လမ်းရှိ ဇရပ်တစ်ခုတွင် ခေတ္တ နားလိုက်သည်။ ထိုအချိန်တွင် အနီးအနားမှ ပြောင်လှောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အိုး... ဒါ ရှဲ့ယန်ရဲ့ အသည်းကျော်လေး မဟုတ်လား။ ဘယ်ကို ဒီလောက်တောင် အသည်းအသန် သွားနေတာလဲ"
၎င်းမှာ ပိုင်လန်ရွှယ်၏ အသံဖြစ်သည်။
ဖုန့်ကျိုးယွဲ့ ရင်ဘတ်ကို ဖိထားရင်း လှည့်ကြည့်လိုက်ရာ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ကျောက်စိမ်းသရဖူဖြင့် စည်းနှောင်ထားသော ပိုင်လန်ရွှယ် ဇရပ်ထဲတွင် အေးအေးဆေးဆေး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက မေးစေ့ကို လက်ဖြင့်ထောက်ကာ ဖုန့်ကျိုးယွဲ့ကို စိတ်ဝင်တစား ကြည့်နေပြီး မျက်ဝန်းများမှာ လခြမ်းကွေးလေးများကဲ့သို့ ဖြစ်နေသည်။ သူ့ရှေ့တွင် စစ်တုရင်ခုံတစ်ခု ရှိနေပြီး မျက်နှာချင်းဆိုင်တွင်မူ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော သန်မာထွားကျိုင်းသည့် လူငယ်တစ်ယောက် ထိုင်နေသည်။ ထိုလူငယ်၏ မျက်ဝန်းများမှာ စူးရှပြီး မာနကြီးသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ဖုန့်ကျိုးယွဲ့သည် တောက်ပနေသော နေရောင်ကို တစ်ချက်ကြည့်ပြီး ပိုင်လန်ရွှယ်ကို ပြန်ကြည့်လိုက်ရာ ဇဝေဇဝါ ဖြစ်သွားသည်။ ပုံမှန်ဆိုလျှင် ပိုင်လန်ရွှယ်သည် ရှဲ့ယန်နှင့်အတူ စစ်ရေးဆွေးနွေးနေရမည် မဟုတ်ပါလား?
"စစ်ဗျူဟာမှူးပိုင်... ဘာလို့ စာကြည့်ခန်းထဲမှာ စစ်ရေးမဆွေးနွေးဘဲ ဒီမှာ စစ်တုရင် ကစားနေတာလဲ"
ဖုန့်ကျိုးယွဲ့က မအောင့်နိုင်ဘဲ မေးလိုက်မိသည်။
"ဟွန့်..."
ပိုင်လန်ရွှယ် မဖြေခင်မှာပင် ဘေးက စစ်ဝတ်စုံဝတ်လူငယ်က နှာခေါင်းရှုံ့လိုက်ပြီး မကျေနပ်သော အမူအရာ ပြလိုက်သည်။
"ယဉ်ကျေးစမ်း"
ပိုင်လန်ရွှယ်က ခပ်ပြတ်ပြတ် ပြောလိုက်သောအခါ ထိုလူငယ်က ချက်ချင်းပင် ငြိမ်ကျသွားပြီး "ဆရာ... တောင်းပန်ပါတယ်၊ ကျွန်တော် အကန့်အသတ် ကျော်သွားမိတယ်" ဟု နာခံစွာ ပြန်ပြောသည်။
ဤသန်မာသော ဗိုလ်ချုပ်သည် ပိုင်လန်ရွှယ်၏ တပည့် ဖြစ်နေသည်လား။ ပိုင်လန်ရွှယ်၏ သွယ်လျသော ခန္ဓာကိုယ်ကို ကြည့်ပြီး ဤလူငယ်၏ လက်သီးတစ်ချက်ကို ခံနိုင်ပါ့မလားဟု ဖုန့်ကျိုးယွဲ့ တွေးမိသည်။
"မင်းကြောင့်ပေါ့"
ပိုင်လန်ရွှယ်က ပြောရင်း ဖုန့်ကျိုးယွဲ့ကို စိုက်ကြည့်လိုက်ရာ ဖုန့်ကျိုးယွဲ့ တုန်လှုပ်သွားသည်။ ဘေးက လူငယ်၏ အေးစက်သော အကြည့်များကြားမှပင် ဖုန့်ကျိုးယွဲ့က "ဘယ်လိုလုပ် ကျွန်တော့်ကြောင့် ဖြစ်ရတာလဲ" ဟု ရဲရဲဝံ့ဝံ့ မေးလိုက်သည်။
"မင်းက ငါနဲ့ ရှဲ့ယန် အတူရှိနေတာကို မြင်ရင် သဝန်တိုတတ်တယ် မဟုတ်လား။ အဲဒါကြောင့် ရှဲ့ယန်က ငါ့ကို နောက်ဆို သူ့အနား မလာနဲ့တော့၊ အကြံပေးချင်ရင် စာနဲ့ပဲ ပို့တော့လို့ ပြောလိုက်တယ်လေ"
ပိုင်လန်ရွှယ်၏ လေသံမှာ အေးဆေးလှပြီး အပြစ်တင်သည့် အရိပ်အယောင် မရှိပေ။ သို့သော် တပည့်ဖြစ်သူကမူ ခါးတွင် ချိတ်ထားသော ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ဖုန့်ကျိုးယွဲ့ကို သတ်တော့မည့်အလား ကြည့်နေသည်။
ဖုန့်ကျိုးယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားသည်။ မနေ့ညက ရှဲ့ယန် ပြောခဲ့သည်မှာ အိမ်မက်မဟုတ်ဘဲ တကယ့် လက်တွေ့ဖြစ်နေခဲ့သည်။ ရှဲ့ယန်က ပိုင်လန်ရွှယ်ကို မတွေ့တော့ဟု ပြောခဲ့ခြင်းမှာ တကယ်ပင် ဖြစ်သည်။ သူသည် ရှဲ့ယန်နှင့် ချက်ချင်း ရှင်းပြရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
"ကျွန်တော့်မှာ အိမ်ရှေ့စံနဲ့ ပြောစရာ အရေးကြီးတာ ရှိလို့ သွားတော့မယ်။ ဆက်ပြီး ကစားကြပါဦး"
ဖုန့်ကျိုးယွဲ့ ထိုစကားကို ပြောပြီး ရှဲ့ယန်၏ စာကြည့်ခန်းဆီသို့ ပြေးသွားတော့သည်။ သို့သော် လမ်းတစ်ဝက်တွင် သူ၏ လက်ထဲ၌ တစ်ခုခု လိုအပ်နေသည်ကို သတိပြုမိလိုက်သည်။ အမွှေးနံ့သာအိတ် ပျောက်သွားပြီ။ နောက်သို့ ပြန်လှည့်ရှာရာ ဇရပ်နှင့် မလှမ်းမကမ်းတွင် တွေ့လိုက်ရသဖြင့် အိတ်ပေါ်က ဖုန်များကို ခါပြီး ဝတ်ရုံထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ သို့သော် သူ မတ်တပ်ရပ်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားရသည်။
ဇရပ်ထဲတွင် စစ်တုရင် ကစားနေသူ နှစ်ယောက်မှာ ပုံစံပြောင်းသွားကြပြီ ဖြစ်သည်။ ဖြူဖွေးသော ဝတ်ရုံနှင့် ပိုင်လန်ရွှယ်သည် သံချပ်ကာ ဝတ်ဆင်ထားသော လူငယ်၏ ရင်ခွင်ထဲသို့ ရောက်နေပြီး သူတို့နှစ်ဦးမှာ တင်းတင်းကျပ်ကျပ် ဖက်လျက် နမ်းနေကြသည်။ ပိုင်လန်ရွှယ်က ကျောပေးထားသဖြင့် သူ့မျက်နှာကို မမြင်ရသော်လည်း ထိုလူငယ်၏ စူးရှသော မျက်ဝန်းများနှင့် ဖုန့်ကျိုးယွဲ့ ဆုံသွားသည်။ ထိုလူငယ်သည် ဖုန့်ကျိုးယွဲ့ကို မြင်သော်လည်း လွှတ်မပေးဘဲ ပိုင်လန်ရွှယ်ကို ပိုပြီး တင်းတင်းဖက်ကာ အနမ်းကို ဆက်နေခဲ့သည်။
သူတို့က ဆရာနဲ့ တပည့် မဟုတ်လား… ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ။ ထိုအတွေးမှာ ဖုန့်ကျိုးယွဲ့၏ ခေါင်းထဲတွင် စွဲထင်နေပြီး စာကြည့်ခန်းသို့ ရောက်သည့်တိုင်အောင် မျက်နှာမှာ နီမြန်းနေဆဲ ဖြစ်သည်။
ဖုန့်ကျိုးယွဲ့ စာကြည့်ခန်းထဲသို့ ချောင်းကြည့်လိုက်ရာ ရှဲ့ယန် ဗိုလ်ချုပ်များနှင့် စစ်ရေးဆွေးနွေးနေသည်ကို တွေ့လိုက်ရသည်။ ရှဲ့ယန်သည် ဝှီးချဲပေါ်တွင် မတ်မတ်ထိုင်နေပြီး သူ့နောက်တွင် နယ်စပ်မြေပုံကြီး တစ်ခု ရှိနေသည်။ သို့သော် အခြေအနေမှာ ကောင်းပုံမရပေ။ ဗိုလ်ချုပ်များ၏ အသံများမှာ ဆူညံနေပြီး ဖုန့်ကျိုးယွဲ့၏ ခေါင်းပင် ကိုက်လာသည်။
"မင်းသား... ဗိုလ်ချုပ်လေ့လောင်ဟူရဲ့ တပ်ဖွဲ့တွေ မရှိရင် ကျွန်တော်တို့ ပြန်တိုက်ဖို့ အခွင့်အရေး သိပ်နည်းသွားပြီ"
"ဟုတ်ပါတယ်၊ လေ့လောင်ဟူ မရှိတော့တဲ့အတွက် သူ့ရဲ့ တပ်သားတွေလည်း ဖရိုဖရဲ ဖြစ်နေကြတယ်"
"လေ့လောင်ဟူ မရှိတော့ တိုက်ပွဲတွေ ပိုပြီး ခက်ခဲလာပါလိမ့်မယ်"
ဖုန့်ကျိုးယွဲ့ စိတ်ဓာတ်ကျသွားသည်။
အားလုံးက ငါ့အပြစ်တွေပဲ။ အကယ်၍ ငါ့ကြောင့်သာ မဟုတ်လျှင် ရှဲ့ယန်က လေ့လောင်ဟူကို အလျင်စလို သတ်ပစ်မည် မဟုတ်ပေ။
နက်နက်ရှိုင်းရှိုင်း နောင်တရမှုနှင့် အပြစ်ရှိစိတ်များက ဖုန့်ကျိုးယွဲ့၏ နှလုံးသားကို ရစ်ပတ်ထားသဖြင့် သူ အသက်ရှုရ ခက်လာသည်။ မျက်ဝန်းမှ မျက်ရည်များမှာ တစ်စက်ပြီး တစ်စက် ကျဆင်းလာတော့သည်။
"ဝင်ခဲ့လေ"
ရှဲ့ယန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး ဆူညံနေသော အသံများမှာ ချက်ချင်း ငြိမ်ကျသွားသည်။ ရှဲ့ယန်သည် နာမည်ကို ထည့်မပြောသော်လည်း သူ့ကို ခေါ်နေခြင်းဖြစ်ကြောင်း ဖုန့်ကျိုးယွဲ့ သိလိုက်သည်။ မျက်ရည်များကို သုတ်ပြီး ခေါင်းငုံ့ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
ဖုန့်ကျိုးယွဲ့ မော့မကြည့်ရဲသော်လည်း အားလုံး၏ အထင်သေးသော၊ စူးစမ်းသော အကြည့်များက သူ့အပေါ် ကျရောက်နေသည်ကို ခံစားမိသည်။
သို့သော် ရှဲ့ယန်က "အထဲမှာ စောင့်နေပါ" ဟု ပြောလိုက်ပြန်သည်။
ထိုအခါမှ ဖုန့်ကျိုးယွဲ့သည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်ရာ ရှဲ့ယန်၏ စူးရှသော မျက်ဝန်းများမှာ သူ့အပေါ်သို့သာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအကြည့်က သူ့ကို ခွန်အားတွေ ပေးနေသည့်အလား ခံစားရသဖြင့် ဖုန့်ကျိုးယွဲ့ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အခန်းအတွင်းရှိ သီးသန့်နေရာလေးသို့ ဝင်သွားသည်။
ထိုနေရာလေးမှာ အတော်လေး ကျယ်ဝန်းပြီး အမွှေးနံ့သာနံ့ သင်းသင်းလေး ရနေသည်။ ဖုန့်ကျိုးယွဲ့ ထိုနေရာတွင် ထိုင်ရင်း ရှဲ့ယန်၏ စကားများကို နားထောင်နေမိသည်။ ရှဲ့ယန်သည် လက်အောက်ငယ်သားများ စိုးရိမ်နေကြသော်လည်း ဘာမှ ထိတ်လန့်ခြင်း မရှိဘဲ စစ်ဗျူဟာသစ်များကို တည်ငြိမ်စွာ ချပြနေသည်။ ရှဲ့ယန်၏ အသံတွင် ထူးခြားသော သြဇာအာဏာ ရှိနေပြီး လူတိုင်းကို ငြိမ်ကျသွားစေသည်။
ရှဲ့ယန်က ဘာလို့ ဒီလောက်တောင် ထူးချွန်နေရတာလဲ။
ရှဲ့ယန်က အရမ်းကို ထူးချွန်လွန်းသဖြင့် ဖုန့်ကျိုးယွဲ့မှာ မိမိကိုယ်ကိုယ် ရှက်ရွံ့မိသည်။ သူကဲ့သို့ သာမန်ရုပ်ရည်နှင့် ဉာဏ်ရည်သာ ရှိသောသူသည် ရှဲ့ယန်ကဲ့သို့သော သူ၏ အချစ်ကို ရရန် ဘာအရည်အချင်း ရှိလို့လဲ။
"ဒါပါပဲ၊ အားလုံး သွားနိုင်ပြီ"
ရှဲ့ယန်၏ အသံကို ကြားလိုက်ရပြီးနောက် စစ်သည်များ၏ ခြေသံများ ဝေးသွားသည်ကို ကြားလိုက်ရသည်။ ဝှီးချဲ လိမ့်လာသံက သူ့အနားသို့ တိုးလာပြီး ရှဲ့ယန်၏ အသံကို ကြားလိုက်ရသည်။ "နေ့လည်စာ စားပြီးပြီလား"
ရှဲ့ယန်သည် သူ့ကို မြင်တိုင်း ထမင်းစားပြီးပြီလားဟု အမြဲ မေးတတ်သည်။ သူ ဗိုက်ဆာမှာကို ရှဲ့ယန်က အမြဲ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို သတိရမိသောအခါ ဖုန့်ကျိုးယွဲ့မှာ မိမိကိုယ်ကိုယ် ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ဘာလို့ စကားမပြောတာလဲ"
ရှဲ့ယန်က ဝှီးချဲကို အနားသို့ လှိမ့်လာသည်။ ဖုန့်ကျိုးယွဲ့က ခေါင်းငုံ့ထားသဖြင့် ရှဲ့ယန်၏ ဝှီးချဲပေါ်က ခြေထောက်များကို မြင်နေရသည်။ အရင်က သန်မာခဲ့သော ထိုခြေထောက်များသည် ယခုတော့ ဝှီးချဲပေါ်မှာသာ ရှိနေရတော့သည်။
သူ၏ မိုက်မဲမှုနှင့် မယုံကြည်မှုများကြောင့် ရှဲ့ယန် ခြေထောက်များကို ဆုံးရှုံးခဲ့ရသည်။ ရှဲ့ယန်သည် သူ့ကို မုန်းသင့်သော်လည်း ရှဲ့ယန်က သူ့နောက်သို့သာ အမြဲ လိုက်နေခဲ့သည်။
"ဘာလို့ ငိုနေရတာလဲ"
ရှဲ့ယန်၏ အေးစက်သော လက်ချောင်းများက ဖုန့်ကျိုးယွဲ့၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ရှဲ့ယန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပုံရပြီး ခေတ္တမျှ စဉ်းစားပြီးမှ "ငါ ဒီနေ့ ပိုင်လန်ရွှယ်နဲ့ မတွေ့ခဲ့ဘူး" ဟု ခပ်လေးလေး ပြောလိုက်သည်။
"ရှဲ့ယန်... မင်းက လူအလား"
ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ ကော်လာကို တင်းတင်းဆုပ်ကိုင်ရင်း ငိုလျက် ပြောလိုက်သည်။
"မင်း ဘာလို့ လေ့လောင်ဟူကို သတ်လိုက်တာလဲ? ဒါက မင်းအတွက် ဘယ်လောက် အန္တရာယ်များလဲ မသိဘူးလား"
"ငါ ဂရုမစိုက်ဘူး"
ရှဲ့ယန်က ပြောသော်လည်း ဖုန့်ကျိုးယွဲ့က ဆက်ပြီး ငိုနေမိသည်။
"ငါက ဒီလို အနိုင်ကျင့်ခံရတာတွေကို ငယ်ငယ်ကတည်းက ကျင့်သားရနေပါပြီ။ ငါ့အတွက် ဘယ်သူမှ ဂရုမစိုက်ခဲ့ဘူး၊ အဖေနဲ့ မင်းပဲ ရှိတာ။ ဒါပေမဲ့ ငါက မင်းအချစ်နဲ့ မထိုက်တန်ပါဘူး"
"ငါက မကောင်းတဲ့သူ တစ်ယောက်ပါ။ ငါ့ကြောင့် အမေ သေခဲ့ရတယ်၊ မင်းအပေါ်မှာလည်း သိပ်ရက်စက်ခဲ့တယ်။ ခြေထောက်တွေကို ကျိုးအောင် လုပ်ခဲ့တယ်၊ စိတ်နာစရာတွေ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့ပေါ် ဘာလို့ ဒီလောက် ကောင်းနေရတာလဲ။ ငါ သေသင့်တာပါ၊ ကိုယ့်ကိုယ်ကိုယ် သိပ်မုန်းတာပဲ"
"ရှဲ့ယန်... တောင်းပန်ပါတယ်"
"ငါ အရင်က ပြောခဲ့တာတွေက စိတ်ဆိုးလို့ ပြောမိတာပါ။ ကျွန်တော် သဝန်တိုခဲ့တာ။ မင်း ပိုင်လန်ရွှယ်နဲ့ အတူရှိနေတာကို ငါ မကြည့်ရက်ဘူး။ မင်းတို့နှစ်ယောက်က သိပ်လိုက်ဖက်လွန်းတော့ ငါ့ကို ထားခဲ့အောင် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာ"
"လေ့လောင်ဟူက မင်း ပိုင်လန်ရွှယ်ကို ချစ်နေတာလို့ ပြောတော့ ငါ့ကမ္ဘာကြီး ပြိုကျသွားသလိုပဲ။ သူ ငါ့ကို ရိုက်တုန်းက သိပ်နာတာပဲ။ သူ ငါ့မျက်နှာကို တံတွေးနဲ့ ထွေးခဲ့လို့ ရေတွေ အများကြီးနဲ့ ဆေးခဲ့တာ။ မင်းကတော့ ပန်းပွင့်တွေနဲ့ ရေချိုးတယ်ဆိုပြီး ငါ့ကို လှောင်ခဲ့တယ်"
"ငါ မလှောင်ခဲ့ပါဘူး"
"မင်းက ငါ့ကို မိန်းကလေးဆန်တယ်လို့ ထင်နေမှာပဲ။ ငါ အဖေ့ကို သတိရတယ်၊ ရှဲ့ယန်... ငါ တကယ် မှားခဲ့ပါတယ်"
ဖုန့်ကျိုးယွဲ့သည် ငိုလျက် ပြောနေသဖြင့် အသက်ရှုပင် မဝတော့ပေ။ သူသည် ရှဲ့ယန်၏ ရင်ခွင်ထဲတွင် ပျော့ခွေကျသွားတော့သည်။
"ဖုန့်ကျိုးယွဲ့... အသက်ရှုစမ်း၊ ငါ့အသက်ရှုသံအတိုင်း လိုက်လုပ်"
ရှဲ့ယန်က စိုးရိမ်တကြီးဖြင့် ဖုန့်ကျိုးယွဲ့၏ ကျောကို အသာအယာ ပုတ်ပေးနေသည်။ ရှဲ့ယန်၏ မျက်နှာတွင် ထိတ်လန့်ရိပ်များ ပြည့်နှက်နေသည်။
"ဖုန့်ကျိုးယွဲ့... အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ဖြည်းဖြည်းချင်း ပြန်ထုတ်"
ရှဲ့ယန် သူ့နှုတ်ခမ်းကို ဖုန့်ကျိုးယွဲ့၏ နှုတ်ခမ်းနှင့် တေ့လိုက်ပြီး လေကို ဖြည်းဖြည်းချင်း မှုတ်သွင်းပေးလိုက်သည်။ ဖုန့်ကျိုးယွဲ့၏ အမြင်အာရုံများ ပြန်လည် ရှင်းလင်းလာပြီး ရှဲ့ယန်၏ ခန့်ညားသော မျက်နှာကို မြင်လိုက်ရသည်။
ရှဲ့ယန်သည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေပြီး မျက်ဝန်းများတွင် ဖုန့်ကျိုးယွဲ့ကို ဆုံးရှုံးရမှာ ကြောက်နေသော အရိပ်အယောင်များ ရှိနေသည်။ ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်ကို တင်းတင်းဖက်ထားရင်း စိတ်သက်သာရာ ရမှုကို ခံစားလိုက်ရသည်။
"ရှဲ့ယန်... ငါ့ကို နောက်ဆုံးတစ်ကြိမ်လောက် အခွင့်အရေး ပေးလို့ ရမလား"
"ငါ မင်းအပေါ် အကောင်းဆုံး ဆက်ဆံပါ့မယ်"
"ရမလားဟင်"
ဖုန့်ကျိုးယွဲ့က တုန်ရီနေသော အသံဖြင့် မေးလိုက်သောအခါ ရှဲ့ယန်က သူ့ကို စိုက်ကြည့်လိုက်သည်။ ရှဲ့ယန်၏ မျက်တောင်များတွင် မျက်ရည်စများ ခိုတွဲနေပြီး ဖုန့်ကျိုးယွဲ့၏ ပါးပြင်ကို အသာအယာ ကိုင်လိုက်ကာ ဝမ်းနည်းမှုနှင့် အချစ်များ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်သည်။
"နောက်ဆုံးတစ်ကြိမ်ပေါ့"
………..