အခန်း (၈၅)
"ရှောင်ချိုး.. ငါ့ကိုထားခဲ့ပါ"
ဖုန့်ကျိုးယွဲ့ကို ကယ်တင်ခဲ့သော မျက်နှာတွင် အမာရွတ်နှင့် ဗိုလ်ချုပ်သည် ရထားလုံးအတွင်းသို့ ဝင်လာသောအခါ၊ ရှဲ့ယန်၏ခါးကို အသည်းအသန် ဖက်တွယ်ထားရင်း လန့်ဖျတ်နေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ တုန်ရီနေသည့် ဖုန့်ကျိုးယွဲ့ကို တွေ့လိုက်ရသည်။ ထိုဗိုလ်ချုပ်၏ ကြမ်းတမ်းသော မျက်နှာထက်တွင် အားနာမှုနှင့် သနားစရာကောင်းသည်ဟူသော အရိပ်အယောင်များ ချက်ချင်း ပေါ်လာသည်။ သူသည် နှာခေါင်းကို တစ်ချက်ပွတ်လိုက်ပြီးနောက် ရှဲ့ယန်ထံသို့ စစ်ရေးအခြေအနေကို တည်ငြိမ်သောအသံဖြင့် တင်ပြတော့သည်။
"အိမ်ရှေ့စံ... ဒီနေ့ဖြစ်ရပ်ကို ကျွန်တော်တို့ အသေအချာ စုံစမ်းပြီးပါပြီ။ မီးရှို့သတ်ဖြတ်မှုကို ကြိုးကိုင်ခဲ့သူတွေက သံသယရှိခဲ့သလိုပဲ လေ့လောင်ဟူရဲ့ လက်ကျန်လူယုံတွေ ဖြစ်ပါတယ်။ သူတို့က လက်စားချေဖို့အတွက် စစ်တပ်ထဲမှာ အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့ကြတာပါ။ သူတို့အင်အားက တစ်ထောင်နီးပါးလောက် ရှိပါတယ်"
"ဒီကိစ္စက သိပ်ကို ရုတ်တရက်ဆန်လွန်းလို့ ဘယ်သူမှ ကြိုတင်ပြင်ဆင်မထားနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ မြို့လုံခြုံရေးကို သေသေချာချာ မစီစဉ်နိုင်ခဲ့တာက ကျွန်တော့်ရဲ့ ပေါ့ဆမှုပါပဲ။ အဲဒါကြောင့် ဒီပုန်ကန်သူတွေ အခွင့်အရေး ရသွားတာပါ။ ကျွန်တော် အကြိမ်ပေါင်းများစွာ သေထိုက်ပါတယ်။ ဒီအမှားအတွက် အခြေအနေကို ပြန်ထိန်းပြီး အပြစ်ပေးဆပ်ပါ့မယ်။ ပုန်ကန်သူတွေကို အမြစ်ပြတ်အောင် ရှင်းပြီးတာနဲ့ အိမ်ရှေ့စံနဲ့ သခင်လေးရှေ့မှာ အပြစ်ပေးတာကို ခံယူဖို့ အဆင်သင့်ပါပဲ"
"လောလောဆယ်မှာတော့ ကျွန်တော်တို့ တပ်ဖွဲ့အများစုက ပတ်ဝန်းကျင်က မြို့တွေကို သွားတိုက်နေရလို့ ဒီပုန်ကန်သူတွေကို နှိမ်နင်းဖို့ အပိုအင်အား မရှိပါဘူး။ အကူအညီတောင်းတဲ့ စာပို့ရင်တောင် စစ်ကူတွေ ရောက်လာဖို့ တစ်ရက်လောက် ကြာပါလိမ့်မယ်။ အိမ်ရှေ့စံ... ဝေးတဲ့ရေက နီးတဲ့မီးကို မငြိမ်းနိုင်ဘူးဆိုသလိုပဲ၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါသလဲ"
ဗိုလ်ချုပ်သည် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ သူသည် စစ်မြေပြင်တွင် ရန်သူကို သတ်ဖြတ်ရန်သာ ကျွမ်းကျင်သူဖြစ်ပြီး ဗျူဟာခင်းကျင်းသည့်နေရာတွင်မူ အားနည်းသူဖြစ်သည်။
ရှဲ့ယန်၏လက်မှာ ဖုန့်ကျိုးယွဲ့၏ကျောပေါ်တွင် ရှိနေဆဲဖြစ်ပြီး နှစ်သိမ့်သည့်အနေဖြင့် အဆက်မပြတ် ပုတ်ပေးနေသည်။ သူ့အသံမှာ တည်ငြိမ်အေးဆေးလှသော်လည်း ငြင်းဆန်၍မရသော သြဇာအာဏာ တစ်ခု ပါဝင်နေသည်။
"အခုချိန်မှာ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကိုယ့်အင်အားကို ထိန်းသိမ်းပြီး လူခွဲဖို့ပဲ။ သူတို့က အင်အားသာသလို ကြိုတင်ပြင်ဆင်လာတာ။ စစ်ကူတွေ မရောက်ခင်အထိ သူတို့အင်အားကို တကွဲတပြားဖြစ်အောင် လုပ်ပြီး ခုခံထားမှ ရမယ်။ အခုချိန်မှာ ငါတို့တပ်ဖွဲ့အားလုံးကို တစ်နေရာတည်းမှာ စုထားရင် ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်သွားလိမ့်မယ်"
"အမိန့်ထုတ်လိုက်... စစ်သည်အားလုံးကို ဆယ်ဖွဲ့ခွဲပြီး အရပ်မျက်နှာ အသီးသီးကို ထွက်ခွာခိုင်းလိုက်။ ဒါမှ ပုန်ကန်သူတွေရဲ့ အင်အားက ကွဲသွားလိမ့်မယ်။ အကယ်၍ လိုက်လံတိုက်ခိုက်ခံရတုန်း ပြန်တိုက်ဖို့ အခွင့်အရေးရရင် အဲဒီနေရာမှာတင် အပြတ်ရှင်းပစ်လိုက်"
"ဟုတ်ကဲ့ပါ"
ရှဲ့ယန်၏ တည်ငြိမ်မှုကို မြင်သောအခါမှ ဗိုလ်ချုပ်လည်း စိတ်အေးသွားသည်။ သူတို့သည် တိုက်ပွဲအစီအစဉ်ကို အပြီးသတ် ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်မှာ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ထိုဗိုလ်ချုပ် ထွက်သွားပြီးနောက် ရထားလုံးမှာ အရှိန်အဟုန်ဖြင့် စတင်ထွက်ခွာသည်။
ပြင်းထန်သော လေပြင်းများမှာ ရထားလုံးအတွင်းရှိ ပုတီးစေ့လိုက်ကာများကို တိုးဝှေ့လာပြီး လေတိုးသံမှာ နားထဲတွင် ဟိန်းနေသည်။ ဖုန့်ကျိုးယွဲ့သည် အလွန်အေးနေသဖြင့် သွားများပင် တဆတ်ဆတ် တုန်နေသည်။ ရှဲ့ယန်၏ ဝတ်ရုံနှင့် ပတ်ထားသော်လည်း အအေးဒဏ်က မလျော့ပေ။
တစ်ညလုံး ခရီးနှင်ပြီးနောက် မိုးလင်းလာခဲ့သော်လည်း နောက်ကွယ်မှ လိုက်လာသော မြင်းခွာသံများမှာ လျော့ပါးသွားခြင်း မရှိပေ။ မျက်ဝန်းထဲသို့ တိုးဝင်လာသော တောက်ပသည့် နေရောင်ခြည်မှာ မျှော်လင့်ချက်မဟုတ်ဘဲ သေမင်း၏ အငွေ့အသက်များကဲ့သို့ ခံစားနေရသည်။
နေ့အလင်းရောင် ရလာသည်နှင့်အမျှ အမှောင်ထု၏ အကာအကွယ် မရှိတော့သဖြင့် ပုန်ကန်သူများသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်တော့မည် ဖြစ်သည်။
"အိမ်ရှေ့စံ... ပုန်ကန်သူတွေ နီးလာပြီ"
ရထားလုံးအပြင်ဘက်မှ စစ်သည်တစ်ယောက်က အော်ဟစ်လိုက်ပြီးနောက် မြင်းခွာသံများစွာမှာ ရုတ်တရက် နီးကပ်လာသည်။
မြင်းများ ပြေးလွှားသံကြောင့် ဖုန်မှုန့်များ ထွက်လာပြီး ဖုန့်ကျိုးယွဲ့ကို ချောင်းဆိုးစေသည်။ ရထားလုံးကို ဝန်းရံထားသော စစ်သည်များမှာ ဓားများကို ဆွဲထုတ်ကာ ပုန်ကန်သူများကို သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
မြင်းခွာသံများသာမက မြားများမှာလည်း ရထားလုံးအတွင်းသို့ တိုးဝင်လာသည်။ ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ကို သူ့ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားကာ ဝင်လာသမျှ မြားများကို သူ၏ဓားဖြင့် ခုတ်ချပေးနေသည်။
ဆူညံလှသော တိုက်ပွဲအော်ဟစ်သံများ၊ မြေကြီးတုန်ဟည်းစေသော မြင်းခွာသံများ၊ သေအံ့ဆဲဆဲ စစ်သည်များ၏ ညည်းတွဲသံများနှင့် လင်းတများ၏ အော်သံများမှာ ပျံ့လွင့်နေသည်။ သွေးညှီနံ့များမှာလည်း လေထဲတွင် ပြည့်နှက်နေသည်။ ၎င်းမှာ အောင်နိုင်ခြေမရှိသော၊ နိုးထ၍မရသော အိပ်မက်ဆိုးကြီး တစ်ခုအလား ခံစားနေရသည်။
သူတို့ဘေးရှိ စစ်သည်များစွာ လဲကျသွားသော်လည်း ရထားလုံးမှာ ရပ်မသွားပေ။ အကယ်၍ ရပ်လိုက်ပါက ရက်စက်စွာ အသတ်ခံရမည်ကို သိနေကြသည်။ လေ့ကျင့်ထားသော မြင်းများမှာ လေပြင်းနှင့် သွေးချောင်းစီးမှုများကြားမှ ရှေ့သို့ အသည်းအသန် ပြေးနေသော်လည်း နောက်ဆုံးတွင် ရထားမောင်းသမားမှာ မြားမှန်ကာ သေဆုံးသွားသည်။ အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့သည်။ မြားမှန်ထားသော မြင်းသည် နာကျင်စွာ အော်ဟစ်ရင်း ရထားလုံးမှာ အပြင်းအထန် တုန်ခါကာ မှောက်သွားတော့သည်။
ရထားလုံးကို ကာကွယ်ပေးနေသော နောက်ဆုံးစစ်သည်များ အားလုံး သေဆုံးသွားကြပြီ။ ရထားလုံး မှောက်သွားသည့် နောက်ဆုံးအချိန်တွင် ရှဲ့ယန်သည် သူ့ခန္ဓာကိုယ်ကို အသုံးပြု၍ ဖုန့်ကျိုးယွဲ့ကို တင်းတင်းကျပ်ကျပ် ကာကွယ်ပေးထားခဲ့သည်။ ရှဲ့ယန်၏ ခေါင်းမှာ ရထားလုံး၏ ထောင့်စွန်းနှင့် ဆောင့်မိသွားသဖြင့် သွေးများမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။
"ရှဲ့ယန်... ရှဲ့ယန်... နိုးပါဦး"
"ရှဲ့ယန်... ငါ့ကို မကြောက်လန့်အောင် မလုပ်ပါနဲ့"
ဖုန့်ကျိုးယွဲ့သည် ကြမ်းပြင်ပေါ်မှ လူးလဲထလိုက်သည်။ ဖုန်မှုန့်များ ပေကျံနေသော်လည်း သူ ဂရုမစိုက်နိုင်ပေ။ ရှဲ့ယန်ကို ရင်ခွင်ထဲတွင် ထည့်ထားရင်း ရှဲ့ယန်၏မျက်နှာကို စိုးရိမ်တကြီး ပုတ်ကာ မျက်ရည်များဖြင့် ခေါ်နေမိသည်။
သူတို့ဘေးတွင် သူတို့နှစ်ဦးကို ကာကွယ်ရင်း သေဆုံးသွားသော စစ်သည်များ၏ အလောင်းများ ရှိနေသည်။ ရထားမောင်းသမားလည်း သေပြီ၊ မြင်းလည်း သေပြီ။ တစ်လောကလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ ပြင်းထန်သော သွေးညှီနံ့ကြောင့် ဖုန့်ကျိုးယွဲ့ ပျို့အန်ချင်လာသည်။ အအေးဒဏ်၊ အသက်ရှုကျပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့မှာ တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားသည်။
စစ်သည်များနှင့်အတူ လိုက်လံတိုက်ခိုက်ခဲ့သာ ရန်သူများပါ သေဆုံးသွားသဖြင့်သာ တော်ရော့သည်။
ဤခြောက်ကပ်လှသော နေရာတွင် သူ၏ အကူအညီတောင်းသံကို ကြားမည့်သူ မရှိပေ။ အင်အားရှိသမျှ အသုံးပြုကာ ရှဲ့ယန်၏ ခန္ဓာကိုယ်ကို ရထားလုံး အပျက်အစီးများကြားမှ ဆွဲထုတ်လိုက်သည်။
သို့သော် ရှဲ့ယန်၏ မျက်လုံးများမှာ မှိတ်ထားဆဲ ဖြစ်ပြီး သတိလစ်နေပုံရသည်။ ဖုန့်ကျိုးယွဲ့က မည်မျှပင် ပုတ်နှိုးသော်လည်း နိုးမလာပေ။ ရှဲ့ယန် သေသွားပြီလားဟူသော အတွေးဝင်လာသည့်အခါ ဖုန့်ကျိုးယွဲ့၏ နှလုံးသားမှာ လည်ပင်းသို့ ရောက်လာသလို ခံစားလိုက်ရသည်။
ထိုအတွေးကပင် သူ့ကို သေလောက်အောင် နာကျင်စေသည်။
တုန်ရီနေသော သူ၏လက်ချောင်းလေးများဖြင့် ရှဲ့ယန်၏ နှာခေါင်းဝတွင် စမ်းကြည့်လိုက်ရာ အသက်ရှုသံ သဲ့သဲ့လေးကို ခံစားလိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။ ဖုန့်ကျိုးယွဲ့ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ကာ ရှဲ့ယန်ကို ကျောပိုးရန် အင်အားရှိသမျှ ကြိုးစားလိုက်သည်။
သို့သော် သူ မလုပ်နိုင်ပေ။ဟရှဲ့ယန်ကို ထိန်းရင်း မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း ဟန်ချက်မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ မျက်နှာဖြင့် ဆောင့်ကျသွားကာ ဖုန်များကိုပင် မြိုချမိသွားသည်။ မျှော်လင့်ချက်မဲ့မှုနှင့် အကူအညီမဲ့မှုတို့က သု့လည်ပင်းကို မမြင်ရသော လက်များဖြင့် ညှစ်ထားသလို ခံစားနေရသည်။
"ငါ ဘာလုပ်ရမလဲ ရှဲ့ယန်... မင်းကို ဘယ်လို သယ်သွားရမလဲ"
ဖုန့်ကျိုးယွဲ့သည် သဲကန္တာရပြင်ကြီးကို ကြည့်ရင်း ငိုကြွေးနေမိသည်။ သို့သော် ရှဲ့ယန်၏ ဖြူဖျော့နေသော နှုတ်ခမ်းများနှင့် မှိတ်ထားသော မျက်လုံးများကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် မကုန်ခမ်းနိုင်သော သတ္တိများ ရုတ်တရက် ပေါ်ပေါက်လာသည်။
"ဖုန့်ကျိုးယွဲ့... မင်း လက်မလျှော့နဲ့"
"မင်းသာ လက်လျှော့လိုက်ရင် ရှဲ့ယန်ကို ဘယ်သူက စောင့်ရှောက်မှာလဲ"
ဖုန့်ကျိုးယွဲ့ နောက်တစ်ကြိမ် ပြန်ပြီး ဒူးထောက်လိုက်ကာ ရှဲ့ယန်၏ လက်နှစ်ဖက်ကို ဆွဲယူပြီး သွားကို တင်းတင်းကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သို့သော် ရှဲ့ယန်မှာ သူ့ထက် အများကြီး ပိုရှည်သလို ပိုလည်း လေးလံသည်။ နှစ်လှမ်းခန့် လျှောက်ပြီးနောက် ခြေထောက်များမှာ တဆတ်ဆတ် တုန်လာပြီး နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ ထက်မြက်သော ကျောက်ခဲများက မျက်နှာနှင့် လက်ဖဝါးများကို ရှပစ်လိုက်သဖြင့် သွေးများ ထွက်လာသည်။
ကံကောင်းသည်မှာ ရှဲ့ယန်ကို အချိန်မီ ကာကွယ်လိုက်နိုင်သဖြင့် ရှဲ့ယန် ဘာမှမဖြစ်ခဲ့ပေ။
"ဖုန့်ကျိုးယွဲ့... လက်မလျှော့နဲ့" ဟု သူ၏စိတ်ထဲတွင် ထပ်ခါထပ်ခါ ရွတ်နေမိသည်။
ဖုန့်ကျိုးယွဲ့ ထပ်ခါတလဲလဲ ကြိုးစားနေသော်လည်း အကြိမ်တိုင်း လဲကျနေခဲ့သည်။ အသည်းအသန် ခုန်နေသော နှလုံးခုန်သံများမှာ သူ၏နားထဲတွင် ဟိန်းနေသည်။ သဲဖုန်များ ပေကျံနေသော သူ၏သွေးစွန်းနေသည့် လက်များကို ကြည့်ရင်း မိမိကိုယ်ကိုယ် အသုံးမကျသူတစ်ဦးအဖြစ် နောက်ဆုံးတွင် လက်ခံလိုက်ရသည်။
သူသည် ဘာတစ်ခုမှ ကောင်းကောင်းမလုပ်နိုင်ပေ။ သူသည် ဉာဏ်နှေးသလို စိတ်လည်းတိုတတ်သည်။ ယခုကဲ့သို့ အရေးကြီးသော အချိန်တွင်ပင် ရှဲ့ယန်ကို ပိုးပြီး မသယ်နိုင်ခဲ့ပေ။
ဘယ်သူက ရှဲ့ယန်ကို လာကယ်မှာလဲ။
အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူ၏အသက်ကိုယူပြီး ရှဲ့ယန်ကို ချမ်းသာပေးရန် သူ ဆုတောင်းနေမိသည်။
သို့သော် သူ့ဆုတောင်းသံကို မည်သူမှ မကြားပေ။ ပြင်းထန်သော လေတိုးသံများနှင့် လင်းတများ၏ အော်သံများသာ ရှိနေသည်။
"ခွပ်... ခွပ်... ခွပ်"
ဖုန့်ကျိုးယွဲ့ နောက်တစ်ကြိမ် လဲကျသွားစဉ် အဝေးမှနေ၍ နိမိတ်မကောင်းသော မြင်းခွာသံများကို ကြားလိုက်ရသည်။
စစ်ကူရောက်ရန် တစ်ရက်ကြာမည်ဟု ဗိုလ်ချုပ်ကြီးက ပြောထားသဖြင့် ဤသူများသည် စစ်ကူဖြစ်နိုင်ခြေ မရှိပေ။ လိုက်လံတိုက်ခိုက်နေသူများသာ ဖြစ်ပေလိမ့်မည်။
အလွန်အမင်း ထိတ်လန့်မှုကြောင့် နှလုံးပင် ရပ်တန့်မတတ် ဖြစ်သွားသည်။ သို့သော် သူ မကြောက်ပေ။ ရှဲ့ယန်ကို ကာကွယ်ရမည်။ လက်မလျှော့နိုင်ပေ။
ရှဲ့ယန်ကို နောက်တစ်ကြိမ် ပိုးကာ မျှော်လင့်ချက်မဲ့သော ကြိုးစားမှုကို ဆက်လုပ်နေမိသည်။
ထိုအခိုက် ရှဲ့ယန် လှုပ်ရှားလာပြီး နိုးလာခဲ့သည်။ ရှဲ့ယန်သည် ချောင်းတစ်ချက် ဆိုးလိုက်ကာ တိုးညှင်းသော အသံဖြင့် "ဖုန့်ကျိုးယွဲ့" ဟု ခေါ်လိုက်သည်။
"ငါ ဒီမှာရှိတယ်... ဒီမှာရှိတယ်"
ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်ကို ရင်ခွင်ထဲတွင် ထည့်ထားရင်း "ရှဲ့ယန်... မကြောက်နဲ့နော်။ ငါ မင်းကို ကာကွယ်ပေးမယ်" ဟု အားပေးနေမိသည်။
ရှဲ့ယန်၏ စကားကိုပင် မစောင့်ဘဲ သူသည် ရှဲ့ယန်ကို နောက်တစ်ကြိမ် မရန် ကြိုးစားလိုက်ပြန်သည်။
သို့သော် ရှဲ့ယန်၏ ခြေထောက်များမှာ လှုပ်ရှား၍မရဘဲ မြေပြင်ပေါ်တွင် အားမပါဘဲ ကျနေသည်။ ဖုန့်ကျိုးယွဲ့သည် နှစ်လှမ်းခန့် အားစိုက်ပြီးနောက် အင်အားများ ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားပြန်သည်။
မြင်းခွာသံများမှာ ပိုမိုကျယ်လောင်လာပြီး သူ၏နားထဲတွင် စည်တီးသံများအလား ဟိန်းနေသည်။ ကြောက်လန့်မှုကြောင့် ဖုန့်ကျိုးယွဲ့၏ မျက်ရည်များမှာ တားမရဘဲ ကျဆင်းနေသည်။
သူသည် စစ်ပွဲကို တစ်ခါမျှ မကြုံဖူးသော်လည်း ယနေ့တွင် လူများစွာ သေဆုံးနေသည်ကို မြင်လိုက်ရသည်။ သူတို့သည် တစ်ချိန်က ပြုံးပြတတ်သော၊ သူတို့၏ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသော လူသားများ ဖြစ်ကြသည်။ သို့သော် တစ်ညအတွင်းမှာပင် အားလုံး ပျောက်ကွယ်သွားခဲ့ပြီ။ သူနှင့် ရင်းနှီးနေသော အစေခံမှာလည်း တစ်ခဏအတွင်းမှာပင် သွေးအိုင်ထဲတွင် လဲကျသွားခဲ့သည်။ သေခြင်းတရားနှင့် စစ်ပွဲသည် မည်မျှရက်စက်ကြောင်း သူ သိလိုက်ရသည်။
သို့သော် ဖုန့်ကျိုးယွဲ့သည် သေရမှာကို မကြောက်ပေ။ သူ ကြောက်သည်မှာ ရှဲ့ယန် သေသွားမှာကိုသာ ဖြစ်သည်။
ဖုန့်ကျိုးယွဲ့ အကြိမ်ကြိမ် ကြိုးစားသော်လည်း ရှဲ့ယန်ကို မမနိုင်ခဲ့ပေ။ "ငါ ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ" ဟူသော အတွေးက သူ့ယုံကြည်ချက်များကို ချိုးနှိမ်ပစ်လိုက်သည်။
"ရှဲ့ယန်... ငါ မင်းကို မမနိုင်ဘူး။ ငါ သိပ်ကို အားနည်းတာပဲ"
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်"
"ငါက တကယ့်ကို အသုံးမကျတဲ့သူပါ"
သို့သော် ရှဲ့ယန်က သူ့ကို အပြစ်မတင်ပေ။ ရှဲ့ယန်၏ မျက်ဝန်းများ နီမြန်းနေပြီး ဖုန့်ကျိုးယွဲ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း "ဖုန့်ကျိုးယွဲ့... စိတ်ကို အေးအေးထားပါ" ဟု ပြောနေသည်။
ဖုန့်ကျိုးယွဲ့ စိတ်လွတ်သွားကာ ရှဲ့ယန်ကို နောက်တစ်ကြိမ် မရန် ကြိုးစားနေပြန်သည်။ သူသည် စက်ရုပ်တစ်ရုပ်လို ဖြစ်နေပြီး "ငါ မင်းကို ကာကွယ်မယ်... ခေါ်သွားရမယ်။ မကြောက်နဲ့နော်၊ အခုကစပြီး ငါ မင်းကို ကာကွယ်ပေးမယ်" ဟု အဆက်မပြတ် ရေရွတ်နေမိသည်။
"ဖုန့်ကျိုးယွဲ့"
"ဖုန့်ကျိုးယွဲ့"
ရှဲ့ယန်သည် အလွန်စိုးရိမ်နေသည်။ သူ၏ဝတ်ရုံများတွင် ဖုန်များ ပေကျံနေပြီး နဖူးမှဒဏ်ရာမှာလည်း သွေးထွက်နေဆဲ ဖြစ်သည်။ ကျိုးပဲ့နေသော ကျောက်စိမ်းရုပ်လေးတစ်ရုပ်ကဲ့သို့ ဖြစ်နေသော်လည်း ဒဏ်ရာကို ဂရုမစိုက်ဘဲ ဖုန့်ကျိုးယွဲ့၏ ပုခုံးကို ကိုင်ကာ လှုပ်နှိုးနေသည်။
"ရှောင်ချူး… ငါပါ... ရှဲ့ယန်ပါ"
ဖုန့်ကျိုးယွဲ့သည် ဝေဝေဝါးဝါးဖြင့် လှည့်ကြည့်လိုက်ရာ ရှဲ့ယန်၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသည်။ ရှဲ့ယန်သည် သူ့ကို "ရှောင်ချူး" ဟု မခေါ်သည်မှာ ကြာပြီ ဖြစ်သည်။
"ရှောင်ချူး... မကြောက်နဲ့ဦး။ ငါ့စကားကို အရင် နားထောင်ပါ"
ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့၏ မျက်နှာကို နူးညံ့စွာ ပွတ်သပ်ပေးပြီး လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ တည်ငြိမ်သော်လည်း နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
"ရှောင်ချိုး... ငါ့ကို ထားခဲ့ပြီး မင်းပဲ ထွက်ပြေးတော့”
………