အခန်း (၈၀)
"မင်း ငါ့ကို ဘာမှတ်နေတာလဲ"
ရုတ်တရက် အေးစိမ့်သော အထိအတွေ့ကြောင့် ဖုန့်ကျိုးယွဲ့ တစ်ကိုယ်လုံး တုန်တက်သွားသည်။ ရှဲ့ယန် သူ့ကို စောင်ကို ဖယ်ထုတ်စဉ်က အဝတ်အစားများကို သေချာ ပြန်ဖုံးပေးခဲ့ခြင်း မရှိပေ။ နွေဦးည၏ လေထုမှာ စိုထိုင်းပြီး လေးလံလှရာ ရှဲ့ယန်၏ နွေးထွေးသော ရင်ခွင် မရှိတော့သည့်အခါ ဖုန့်ကျိုးယွဲ့မှာ ချမ်းအေးလွန်း၍ တုန်ရီနေမိသည်။ ဖြူဖျော့သော အရေပြားပေါ်တွင် ကြက်သီးမွေးညင်းများ ထလာပြီး သွားများမှာလည်း တဂတ်ဂတ် မြည်နေသော်လည်း သူသည် ဇွတ်တရက် အောင့်ထားမိသည်။ ဖုန့်ကျိုးယွဲ့ ဘာစကားမှ မပြောဘဲ ရှဲ့ယန်နှင့် အသံတိတ် စစ်ခင်းကာ ခေါင်းမာမာဖြင့် အံတုနေခဲ့သည်။
ရှည်လျားပြီး တိတ်ဆိတ်နေသော အချိန်တစ်ခုအပြီးတွင် ရှဲ့ယန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ ဝှီးချဲကို ခုတင်နားသို့ အနည်းငယ် တိုးလိုက်ပြီး ဖုန့်ကျိုးယွဲ့ကို စောင်ထဲသို့ သေချာ ပြန်ထည့်ပေးလိုက်သည်။
စောင်တွင် နွေးထွေးမှုများ ကွယ်ပျောက်နေသည်မှာ ကြာပြီဖြစ်၍ အရိုးထဲထိ စိမ့်ဝင်သော အအေးဒဏ်သာ ကျန်တော့သည်။ ဖုန့်ကျိုးယွဲ့ ပုခုံးကို တွန့်ထားမိသော်လည်း ခေါင်းမာစွာဖြင့် ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။
ဖုန့်ကျိုးယွဲ့ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရှဲ့ယန်၏ ဝတ်ရုံစွန်းကို လှမ်းဆွဲလိုက်မိသည်။
"မသွားပါနဲ့ဦး"
သူ အမှန်တကယ် ဘာကို လိုချင်နေမှန်း ကိုယ်တိုင်ပင် မသိတော့ပေ။ ရှဲ့ယန် သူ့အနားမှာ ခဏလောက် ပိုနေပေးစေချင်ရုံ သက်သက်ပင် ဖြစ်သည်။
ဤအခန်းကျဉ်းလေးအတွင်းရှိ အေးစက်မှောင်မိုက်မှုနှင့် အလင်းရောင် မဝင်နိုင်အောင် ပိတ်ထားသော ပြတင်းပေါက်များကြောင့်လည်း ဖြစ်နိုင်သလို၊ သူ့ကို ဝန်းရံထားသည့် ရှည်လျားလှသော အထီးကျန်မှုများကြောင့်လည်း ဖြစ်နိုင်သည်။ ထိုတိတ်ဆိတ်မှုများကို ထပ်မံ၍ တောင့်မခံနိုင်တော့ပေ။ ထို့ကြောင့် သူသည် လှောင်ချိုင့်ထဲတွင် ဖျားနာနေသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်လာပြီး သူ၏ သခင်ဖြစ်သူ၏ သွယ်လျသော လက်ချောင်းများကိုသာ တမ်းတမ်းတတ ဆွဲဖက်ထားမိတော့သည်။
ရင်ထဲတွင် တိုးဝှေ့လာသော အရှက်တရားကို အံတုရင်း ဖုန့်ကျိုးယွဲ့ မျက်တောင်ရှည်ကြီးများကို ချထားလိုက်ကာ ရင်ဘတ်ပေါ်တွင် ဖုံးထားသော လက်တစ်ဖက်ကို စောင်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် စောင်ကို အသာအယာ ပုတ်လိုက်ပြီး အရှက်ကို ဘေးဖယ်ကာ ဖိတ်ခေါ်လိုက်သည်။
"ငါနဲ့ တကယ် အတူတူ မအိပ်ချင်ဘူးလား"
"အတူတူအိပ်ရင် ပိုနွေးတာပေါ့။ အရင်လိုပဲ ငါ့ကို ဖက်ထားလို့ ရတာပဲဥစ္စာ"
သို့သော် ဘာသံမှ ထွက်မလာခဲ့ပေ။
ဆီမီးရောင်အောက်တွင် ရှဲ့ယန်၏ မျက်နှာကို မြင်နေရပြီး သူ၏ ထူထဲသော မျက်တောင်ရှည်ကြီးများမှာ ပျံသန်းခါနီး လိပ်ပြာတောင်ပံများကဲ့သို့ တုန်ခါနေသည်။ ရှဲ့ယန်၏ အေးစက်ပြီး ဖြူဖျော့သော လက်ချောင်းများသည် သူ့ဝတ်ရုံကို တင်းတင်းဆုပ်ထားသည့် ဖုန့်ကျိုးယွဲ့၏ လက်ချောင်းများကို တစ်ခုချင်းစီ ခွာချလိုက်သည်။ ဝတ်ရုံစွန်း လွတ်သွားသည်နှင့် ရှဲ့ယန်သည် ဘာစကားတစ်လုံးမှ မပြောဘဲ ဝှီးချဲကို လှည့်ကာ တံခါးဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။
အခုလေးတင် ရင်းနှီးခဲ့ကြပြီးမှ ဘာကြောင့် လှည့်ထွက်သွားရသလဲဆိုသည်ကို ရှဲ့ယန်က ရှင်းမပြခဲ့ပေ။ ဖုန့်ကျိုးယွဲ့၏ ဝမ်းနည်းမှုကို မြင်ပါလျက်နှင့် မျက်မှောင်ပင် ကုတ်မပြခဲ့ပေ။ ရှဲ့ယန်က သူ့ကို ဘာမှတ်နေသနည်း၊ ဘယ်သူနဲ့မဆို အလွယ်တကူ အိပ်စက်နိုင်သူဟု ထင်နေသလော။
ပို၍ ရယ်စရာကောင်းသည်မှာ ယခုမှသာ သူ၏ ရင်ထဲတွင် အကြီးအကျယ် နာကျင်မှုကို ခံစားလိုက်ရခြင်းပင်။ တန်ဖိုးထား မခံရခြင်းနှင့် အမှိုက်တစ်ခုလို ပစ်ပယ်ခံလိုက်ရခြင်းမှာ မခံမရပ်နိုင်အောင် ပြင်းထန်လှသည်။ နေရောင်ခြည်ကို ပျော်ရွှင်စွာ ငဲ့စောင်းခဲ့သော်လည်း အဆုံးတွင်မူ ထိုနေရောင်၏ အပူရှိန်ကြောင့်ပင် လောင်ကျွမ်းခြောက်သွေ့သွားရသည့် မြက်ပင်လေးကဲ့သို့ သူ ခံစားနေရသည်။
ရှဲ့ယန် သူ့အပေါ် ဤမျှအထိ ရက်စက်လိမ့်မည်မဟုတ်ဟု မျှော်လင့်ခဲ့သော်လည်း ရှဲ့ယန်သည် သူ့အတွက် သိက္ခာကို တစ်စက်ကလေးမှ ချန်မပေးခဲ့သလို သူ့ခံစားချက်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ သူက ရှဲ့ယန်၏ စိတ်အမူအရာကို အနှောင့်အယှက် ပေးမိလျှင် ရှဲ့ယန်က သူ့ကို ဒေါသတကြီး ကြည့်တတ်သည်။
ဘာကြောင့်လဲ.... အဖြေက ရှင်းပါသည်။ ထိုကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသော ဆက်ဆံမှုမျိုးမှာ အကြောင်းရင်း တစ်ခုတည်းသာ ရှိနိုင်သည်။
ထိုအကြောင်းရင်းမှာ ရှဲ့ယန်က သူ့ကို မချစ်ခြင်းပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဖုန့်ကျိုးယွဲ့၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း နောက်ဆုံးမျှင်လေးမှာ ပြတ်တောက်သွားပြီး စိတ်များ ရှုပ်ထွေးကုန်သည်။ အလွန်အမင်း ဒေါသထွက်လာသဖြင့် မျက်ဝန်းများမှာ နီမြန်းလာသည်။ ပူနွေးသော မျက်ရည်များမှာ ပါးပြင်ပေါ်မှတစ်ဆင့် လက်ဖမိုးပေါ်သို့ စီးကျလာသည်။ လက်ဖမိုးဖြင့် မျက်ရည်များကို အတင်းသုတ်လိုက်သော်လည်း ရှိုက်ကြီးတငင် ငိုသံများမှာ လည်ချောင်းထဲမှ တိုးထွက်လာတော့သည်။
*ဖုန့်ကျိုးယွဲ့... မင်း တကယ်ကို အရှက်မရှိတာပဲ။ အဲဒီလူတွေ ပြောတာ မှန်တယ်။ မင်းက တကယ်ကို အားကိုးရာမဲ့တဲ့ မိန်းမတစ်ယောက်လိုပဲ။ အတူတူ အိပ်ဖူးရုံနဲ့တင် သူက မင်းနဲ့အတူ မအိပ်ပေးလို့ ဒီလောက်တောင် ငိုနေရသလား။ သိပ်ကို သိက္ခာမရှိတာပဲ။ စောစောကတည်းက သူ့ကို အတင်းမြှူဆွယ်ပြီး အတူအိပ်ဖို့ ပြောနေတာ။ မင်း ဒါမျိုး ခံရတာ ထိုက်တန်ပါတယ်* ဟု သူ ကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကဲ့ရဲ့နေမိသည်။
မဟုတ်ဘူး၊ အဲဒီလို မဟုတ်ပါဘူး။ ငါက သူ့ကို ချစ်လို့သာ အတူအိပ်ဖို့၊ အဲဒီလို ကိစ္စတွေ လုပ်ဖို့ ဝန်မလေးခဲ့တာပါ။
ငါက သူ့ကို မြှူဆွယ်ချင်တာ မဟုတ်ပါဘူး၊ ရုတ်တရက်ကြီး သူ့ကို ငါ့ကို ဖက်ထားပေးစေချင်ရုံလေးပါ။ ငါက အရှက်မရှိတဲ့သူ မဟုတ်ပါဘူး။ ငါ သူ့ကို သိပ်ချစ်လို့သာ အတူအိပ်ချင်ခဲ့တာပါ။
ဘယ်သူ့ကို ရှင်းပြနေမိမှန်း သူကိုယ်တိုင်ပင် မသိတော့ပေ။ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး မျက်ရည်များမှာလည်း ကုန်ခန်းလုနီးပါး ငိုနေမိသည်။ ရှဲ့ယန်သည် သူ၏ အော်ဟစ်ငိုသံကို ကြားသော်လည်း တစ်ချက်မျှ တုန့်ဆိုင်းသွားရုံမှအပ လှည့်ကြည့်ခြင်း မရှိခဲ့ပေ။
ကောင်းပြီလေ၊ ရှဲ့ယန်... မင်းကို ငါ ကျိန်ဆဲလိုက်မယ်။
ဖုန့်ကျိုးယွဲ့ လက်မှာ ဦးနှောက်ထက် မြန်သွားပြီး ခုတင်ပေါ်မှ ခေါင်းအုံးကို ကောက်ယူကာ ထွက်ခွာသွားသော ရှဲ့ယန်၏ ကျောပြင်ဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။
သူ၏ ရင်ကွဲမတတ် ငိုသံမှာ နားထဲတွင် ဆူညံစွာ ပဲ့တင်ထပ်နေသည်။ ဖုန့်ကျိုးယွဲ့ ရှိုက်ကြီးတငင် ငိုကြွေးရင်း ရှဲ့ယန်၏ အမှားများကို စတင် စွပ်စွဲတော့သည်။
"ရှဲ့ယန်... မင်း ငါ့ကို ဘာမှတ်နေတာလဲ"
"အချိန်တိုင်းပဲ၊ အချိန်တိုင်း... မင်းက ငါနဲ့ လာအိပ်ပြီးရင် လှည့်ထွက်သွားတာပဲ။ မင်း ငါ့ကို ဘာမှတ်နေတာလဲ။ လူယုတ်မာကြီးရဲ့။ ငါကလည်း ဂုဏ်သရေရှိတဲ့ မိသားစုက ဆင်းသက်လာတဲ့ သားတစ်ယောက်ပဲ။ မင်း ငါ့ကို ဘယ်လိုများ ဒီလို နေ့တိုင်း ဆက်ဆံရဲတာလဲ၊ ငါ့ကို ဘာမှတ်နေလို့လဲ"
"ငါ မှားခဲ့တာတွေကို သိပါတယ်။ မင်းရဲ့ ခြေထောက်တွေကို ကျိုးအောင် လုပ်ခဲ့မိတယ်၊ အိမ်ရှေ့စံ နေရာကို ဆုံးရှုံးအောင် လုပ်ခဲ့မိတယ်။ အဲဒါတွေကို ငါ သိပါတယ်။ ငါ အစားပြန်ပေးပါ့မယ်။ တခြားနည်းလမ်းတွေနဲ့ ပြန်ပြီး အပြစ်ဆေးပါ့မယ်လို့လည်း ပြောခဲ့ပြီးပြီလေ။ ဒါကို မင်းက ဘာလို့ ငါ့အပေါ် ဒီလိုပဲ ဆက်ဆံနေရတာလဲ"
"ဘာလို့ မင်းက ငါ့ကို အမြဲတမ်း မျှော်လင့်ချက်တွေ ပေးလိုက်၊ ပြီးရင် ရက်ရက်စက်စက် ပြန်ဖျက်ဆီးပစ်လိုက်နဲ့ လုပ်နေတာလဲ။ ငါ မင်းနဲ့ နီးစပ်သွားပြီလို့ ထင်လိုက်တိုင်း မင်းက ငါ့ကို ပြင်းပြင်းထန်ထန် တွန်းထုတ်ပစ်တယ်။ ငါ့ရဲ့ အိမ်မက်တွေကို မင်းက အမြဲတမ်း ရိုက်ခွဲပစ်တယ်"
"ငါ ဒီလိုကိစ္စတွေကို မင်းနဲ့အတူ လုပ်ချင်တာဟာ ငါက အပေါစားမို့လို့ မဟုတ်ဘူး။ ငါ မင်းကို တကယ် ချစ်လို့၊ မင်းကို သေချာ နှစ်သိမ့်ပေးချင်လို့ပါ။ ငါတို့က လက်ထပ်ထားကြတာလေ၊ ငါက မင်းရဲ့ ဇနီးပဲ။ ငါတို့ အတူတူ အိပ်တာက ပုံမှန်ပဲ မဟုတ်လား။ ဘာလို့ မင်းက ငါ့ကို အမြဲတမ်း ဒီလိုကြီး လုပ်နေရတာလဲ"
ထိုနေရာသို့ ရောက်သောအခါ သူသည် ခေတ္တ တုန့်ဆိုင်းသွားပြီးမှ ခြိမ်းခြောက်စကား တစ်ခွန်းကို ပြောလိုက်မိသည်။ သူ၏ နှုတ်ခမ်းများမှာ တုန်ရီနေပြီး စကားလုံးများမှာလည်း ထစ်ငေါ့နေသည်။
"တကယ်လို့ မင်း... မင်းသာ ဒါမျိုး ဆက်လုပ်နေရင် ငါ တကယ် စိတ်ဆိုးတော့မယ်။ အဲဒီကျရင် ငါတို့ ကွာရှင်းကြမယ်။ ငါ မင်းကို ကွာရှင်းပစ်မယ်၊ အဲဒီကျရင် မင်း ငါ့ကို ဘယ်တော့မှ ထိလို့ မရတော့ဘူး"
ဒါသည် သူ စဉ်းစားနိုင်သမျှ အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုပင် ဖြစ်သည်။
ထိုစကားကြောင့် ရှဲ့ယန်သည် တကယ်ပင် လှည့်လာခဲ့သည်။ ထိုစကားများကို ကြားသောအခါ ရှဲ့ယန်သည် အလွန်အမင်း ဒေါသထွက်သွားပုံရသည်။ သူသည် အမှောင်ရိပ်ထဲတွင် ရှိနေသော်လည်း နားထင်မှ အကြောများမှာ ထောင်ထနေပြီး နှုတ်ခမ်းကို တင်းတင်းစိထားသည်။ ဒူးပေါ်တွင် တင်ထားသော လက်သီးများမှာလည်း တင်းနေပြီး ခက်ထန်ကာ မှောင်မိုက်သော အမူအရာဖြင့် သူ၏ အနားသို့ ဖြည်းဖြည်းချင်း တိုးလာခဲ့သည်။
ဖုန့်ကျိုးယွဲ့ ရုတ်တရက် ထိတ်လန့်သွားပြီး လက်ဖဝါးတွင် ချွေးစေးများ ထွက်လာသည်။ ဘယ်စကားလုံးက ရှဲ့ယန်ကို ဒေါသထွက်စေမှန်း မသိသဖြင့် ခုတင်ခေါင်းရင်းသို့ ကပ်သွားမိသည်။
ရှဲ့ယန်သည် သူ၏ ရှေ့အကွာအဝေး တစ်ခုတွင် ဝှီးချဲကို ရပ်လိုက်သည်။ ရှဲ့ယန်သည် လှောင်ပြောင်သော အေးစက်မှုမျိုးဖြင့် "ဂုဏ်သရေရှိတဲ့ မိသားစုက သား ဟုတ်လား။ ဂုဏ်သရေရှိတဲ့ သားတစ်ယောက်က နှစ်ကြိမ်တောင် လက်ထပ်သလား" ဟု မေးလိုက်သည်။
"ဒါဆို မင်းကို ဘယ်သူပဲ လက်ထပ်လက်ထပ်၊ သူတို့ တောင်းဆိုသမျှကို မင်းက အကုန် လိုက်လျောမှာပေါ့။ ဖုန့်ကျိုးယွဲ့... မင်းက သိပ်ကို အလွယ်ရတဲ့သူပဲလို့ ငါ ခံစားနေရတယ်။ ရှဲ့ရှင်းကလည်း မင်းကို လက်ထပ်ခဲ့တာပဲ၊ သူ့ကိုလည်း အခုလိုပဲ မင်းက ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တာလား။ ဟမ်...."
"စောစောက မင်းကို ငါက အရင်ဖက်တာလား၊ ငါ့အပေါ် တက်ထိုင်ပြီး ကလေးယူချင်တယ်လို့ ပြောခဲ့တာ ဘယ်သူလဲ။ မင်း မဟုတ်လား၊ အခုကျမှ ငါ့အမှား ဖြစ်သွားရတာလား"
"ဖုန့်ကျိုးယွဲ့... ဒီလို မိုက်မဲတဲ့ အတွေးတွေကို ရပ်လိုက်စမ်း။ ငါ့ကို ကွာရှင်းမယ် ဟုတ်လား။ အဲဒါကို စိတ်ထဲတောင် မထည့်နဲ့။ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ မျက်ရည်တွေနဲ့ အိမ်မက်တွေကိုလည်း ရပ်လိုက်တော့။ ငါ့အတွက်တော့ မင်းဟာ စောစောက မင်းပြောသလို လူမျိုးထက် မပိုပါဘူး။ ပြောစမ်းပါဦး... ဘယ်လို ဂုဏ်သရေရှိတဲ့ လူငယ်မျိုးက နှစ်ကြိမ်တောင် လက်ထပ်သလဲ"
ဖုန့်ကျိုးယွဲ့ ရှိုက်ငိုသံများကို မထိန်းနိုင်တော့ဘဲ ငိုလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ တုန်ရီနေသော လက်ညှိုးဖြင့် တံခါးဘက်ကို ညွှန်ပြကာ "ထွက်သွား.. မင်းက လူယုတ်မာပဲ ရှဲ့ယန်။ ထွက်သွားစမ်း" ဟု အော်ဟစ်လိုက်သည်။
ထိုသို့ပြောရင်း နောက်ထပ် ခေါင်းအုံးတစ်လုံးကို ထပ်ပစ်လိုက်သော်လည်း ရှဲ့ယန်က လွယ်လွယ်ကူကူ ဖမ်းယူလိုက်ကာ ရင်ခွင်ထဲတွင် ပိုက်ထားသည်။
ဖုန့်ကျိုးယွဲ့ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းနေသည်။ ဒီယုတ်မာတဲ့ ရှဲ့ယန်ကလည်း သူ့ကို အနိုင်ကျင့်သလို၊ ဒီခေါင်းအုံးစုတ်ကလည်း သူ့ဘက်မှာ မရှိပေ။ ဘာတစ်ခုမှ သူ့အပေါ် မမျှတပါလား။
ဖုန့်ကျိုးယွဲ့ ရှဲ့ယန်နှင့် စကား မပြောချင်တော့ပေ။ ကွာရှင်းရန်အတွက် ရှဲ့ယန်၏ သဘောတူညီချက် မလိုပေ၊ သူ၏ စိတ်ထဲတွင်သာ ကွာရှင်းလိုက်မည်။ အခုကစပြီး ရှဲ့ယန်က သူ့ကို ထိချင်လျှင်လည်း ဘယ်တော့မှ မဖြစ်နိုင်တော့။ သူသည် အရှုံးပေးမည့်အစား သေပစ်လိုက်မည်။ ထိုသို့သော အမုန်းစိတ်များဖြင့် သူသည် တစ်ကိုယ်လုံးကို တစ်ဖက်သို့ လှည့်လိုက်ကာ စောင်ထဲသို့ ခေါင်းမြီးခြုံ ဝင်သွားတော့သည်။
ဖုန့်ကျိုးယွဲ့ ဒေါသထွက်လွန်း၍ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသဖြင့် စောင်မှာလည်း တောင်ကုန်းလေးတစ်ခုကဲ့သို့ လှုပ်ရှားနေသည်။ သူသည် အပြင်ဘက်မှ လှုပ်ရှားမှုများကို နားစွင့်နေသော်လည်း ဝှီးချဲ ဘီးလိမ့်သံများကိုသာ ကြားနေရသည်။
ရှဲ့ယန်သည် ဝှီးချဲကို ခုတင်ဘေးသို့ လှိမ့်လာပြီး အသံအကျယ်ကြီး မြည်အောင် ရပ်လိုက်သည်။
အခန်းထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ သူသည် ရှဲ့ယန်ကို အံတုရင်း ငြိမ်နေသော်လည်း ပတ်ဝန်းကျင်ကိုတော့ စိတ်ဝင်တစား နားစွင့်နေမိသည်။ သို့သော် ဘာအသံမှ မကြားရပေ။
ဖုန့်ကျိုးယွဲ့ အိပ်ပျော်လုနီးနီး အချိန်တွင်မှ ရှည်လျားသော သက်ပြင်းချသံကြီးကို ကြားလိုက်ရသည်။ ထို့နောက် ခုတင်ပေါ်သို့ ပစ္စည်းနှစ်ခု တင်လိုက်သံကို ကြားရပြီး ဝှီးချဲမှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားတော့သည်။
တံခါးပိတ်သွားသံ ကြားမှသာ သူသည် စောင်ကို ဖယ်ကာ ထထိုင်လိုက်သည်။ စောစောက သူပစ်လိုက်သော ခေါင်းအုံးမှာ ခုတင်ခေါင်းရင်းတွင် သေသေချာချာ ပြန်တင်ထားသည်ကို တွေ့ရသည်။ ခဏမျှ သူ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ မကျေနပ်မှုများက သူ့ရင်ထဲတွင် တင်းကျပ်နေဆဲပင်။ မျက်ရည်များ ခြောက်သွေ့သွားသော်လည်း မျက်လုံးများမှာမူ ဖောင်းအစ်နေသည်။
ဖုန့်ကျိုးယွဲ့ ဒေါသတကြီးဖြင့် စောင်ကို ခြေထောက်နှင့် ကန်လိုက်၊ လက်နှင့် ထိုးလိုက် လုပ်နေမိသည်။ စောင်ကို ရှဲ့ယန်၏ ခေါင်းဟု မှတ်ကာ အားရပါးရ လုပ်နေပြီး ခေါင်းအုံးနှစ်လုံးလုံးကိုလည်း ခုတင်ပေါ်မှ ပစ်ချလိုက်သည်။ ရှဲ့ယန် ထိတွေ့ထားသမျှ အရာအားလုံးမှာ ညစ်ပတ်နေပြီဖြစ်၍ သူ ဘာမှ မလိုချင်တော့ပေ။
ထိုသို့ လုပ်ဆောင်ပြီးနောက် အိပ်ချင်စိတ် လုံးဝ ကွယ်ပျောက်သွားပြီး ခုတင်ဘေးရှိ ဆီမီးရောင်ကိုသာ ငေးကြည့်နေမိသည်။
“ရှဲ့ယန်... ယုတ်မာတဲ့ ရှဲ့ယန်... လူယုတ်မာ ရှဲ့ယန်... အခုကစပြီး ဒီလူကို ငါ လုံးဝ ဂရုမစိုက်တော့ဘူး။ ငါတို့ လမ်းခွဲကြမယ်၊ သူက သူ့ရဲ့ သာယာတဲ့ လမ်းကို သွား၊ ငါက ငါ့ရဲ့ အထီးကျန်တဲ့ တံတားကို ဖြတ်မယ်။ ဝေးဝေးကိုသာ သွားလိုက်စမ်း၊ ဘယ်တော့မှ ပြန်မတွေ့ကြေးပဲ၊ လူယုတ်မာ... လူဆိုးကြီး”
ဖုန့်ကျိုးယွဲ့ ထိုသို့သော ကျိန်ဆဲစကားများကို ထပ်ခါတလဲလဲ ပြောနေမိသည်။ ထို့နောက် ရှဲ့ယန်က သူ့ကို ဝေဖန်တိုင်း ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ မသုံးသော်လည်း စကားလုံးတိုင်းမှာ နှလုံးသားကို ဓားနှင့်မွှန်းသကဲ့သို့ နာကျင်စေပြီး သူ ပြန်မပြောနိုင်အောင် ဖြစ်ရသည်ကို သတိရမိသည်။ ထိုအချက်က သူ့ကို ပို၍ စိတ်ပျက်စေသည်။
အတွေးများတွင် နစ်မွန်းနေသဖြင့် အစေခံ တံခါးဖွင့်ဝင်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
"သခင်လေး... အဆင်ပြေရဲ့လား"
အစေခံသည် ဖုန့်ကျိုးယွဲ့ ရှေ့တွင် ရပ်နေပြီး သူ့ကို တိုက်ရိုက် မကြည့်မိအောင် ရှောင်လွှဲထားသော်လည်း အသံထဲတွင် စိုးရိမ်မှုများ ပါဝင်နေသည်။
"သခင်လေး... ကျွန်တော် အပြင်မှာ အကုန်ကြားနေရပါတယ်။ သခင်လေးက အိမ်ရှေ့စံမင်းသားအပေါ် ဘယ်လိုများ ဒီလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ။ သူ နောက်တစ်ခါ ပြန်မလာတော့မှာကို မကြောက်ဘူးလား"
"သူ လာလာ၊ မလာလာ ငါ ဂရုမစိုက်ဘူး။ ဒီခေါင်းအုံး နှစ်လုံးကိုလည်း ငါ မလိုချင်တော့ဘူး။ သွားပြီး အသစ်တစ်စုံ ယူပေးစမ်း။ ဒါတွေကို ကြည့်ရတာနဲ့တင် ငါ ဒေါသထွက်တယ်"
"ဟုတ်ကဲ့ပါ၊ သခင်လေး သဘောအတိုင်းပါပဲ"
အစေခံသည် ခေါင်းအုံးနှစ်လုံးကို ကောက်ယူလိုက်ပြီး ခဏရပ်ကာ ဝမ်းသာအားရ ပြောလိုက်သည်။
"စောစောက အိမ်ရှေ့စံ မင်းသား ပြောသွားတာက... အခုကစပြီး သခင်လေးဟာ ဒီအခန်းထဲမှာပဲ ပိတ်လှောင်မခံရတော့ဘူးတဲ့။ အိမ်တော်ဝင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီလို့ ပြောပါတယ်"
"တကယ်လား၊ ရှဲ့ယန်က တကယ်ပဲ အဲဒီလို ပြောတာလား"
ဖုန့်ကျိုးယွဲ့ အစေခံ၏ လက်ကို အတင်းဆွဲကာ နားကြားမှားသလားဟု အကြိမ်ကြိမ် မေးနေမိသည်။ "ရှဲ့ယန်က တကယ်ပဲ အဲဒီလို ပြောတာလား၊ မင်း ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား။ ငါ့ကို လိမ်ရင် မင်းခေါင်းကို ဖြတ်ပစ်မယ်"
ဘာကြောင့်မှန်းမသိဘဲ အစေခံသည် မျက်နှာနီသွားကာ ရှက်ကိုးရှက်ကန်းဖြင့် မျက်လုံးများ ကစားနေသည်။
ထိုအခါမှ ဖုန့်ကျိုးယွဲ့လည်း စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ ဖြူဖျော့သော လက်မောင်းများနှင့် ပုခုံးသားများမှာ စောင်အပြင်ဘက်သို့ ထွက်နေသည်ကို သတိပြုမိသွားကာ မသင့်တော်လှသဖြင့် စောင်ထဲသို့ အမြန် ပြန်ဝင်လိုက်သည်။
အစေခံက အလေးအနက် ပြောလိုက်သည်။
"သခင်လေးက သခင်ပါ၊ ကျွန်တော်က အစေခံပါ။ ကျွန်တော်က သခင်လေးကို ဘယ်လိုများ လိမ်ရဲမှာလဲ။ အကယ်၍ မယုံရင် မနက်ဖြန်ကျရင် အပြင်ထွက်ကြည့်လိုက်ပါ"
"ဒါပေမဲ့ မင်းသားက ပြောပါသေးတယ်... သခင်လေး လွတ်လွတ်လပ်လပ် သွားလာနိုင်ပေမယ့် အကယ်၍သာ ထွက်ပြေးဖို့ ကြိုးစားရင်တော့ ချူအိမ်တော်က လူတွေနဲ့ ကျွန်တော့်ကိုပါ သတ်ပစ်မယ်တဲ့။ ဒါကြောင့် ကျွန်တော်တို့ အသက်ကို ငဲ့ညှာတဲ့အနေနဲ့ ထွက်ပြေးဖို့ မကြိုးစားပါနဲ့ဦး"
"ဒီမှာက နေရာတိုင်းမှာ သူလျှိုတွေ ရှိနေတာပါ။ သခင်လေးအနေနဲ့ မင်းသားကို သိပ်ပြီး အစွန်းမရောက်စေတာ အကောင်းဆုံးပါပဲ"
ထိုစကားများမှာ သတိပေးချက်ရော၊ ခြိမ်းခြောက်မှုပါ ဖြစ်နေသည်။ ရှဲ့ယန်သည် ချူအိမ်တော်ရှိ လူများ၏ အသက်ဖြင့် သူ့ကို ခြိမ်းခြောက်နေခြင်းပင်။ သို့သော် သူက ဘယ်လိုလုပ် ထွက်ပြေးဖို့ စိတ်ကူးရှိမှာလဲ၊ သူ၏ နှလုံးသားတစ်ခုလုံးမှာ ရှဲ့ယန်ဆီမှာပဲ ရှိနေတာလေ။ လွတ်လွတ်လပ်လပ် သွားလာခွင့်ရခြင်းကပင် သူ့ကို မျက်ရည်များကြားမှ ပြုံးနိုင်စေခဲ့သည်။ ဖုန့်ကျိုးယွဲ့ ငိုနေခြင်းကို ရပ်လိုက်ပြီး တဖြည်းဖြည်းနှင့် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နိုးလာသောအခါ မျက်လုံးနှစ်လုံးမှာ သစ်ကြားသီးကြီး နှစ်လုံးလို ဖောင်းအစ်နေသည်။ အစေခံက ကြက်ဥပြုတ်ပူပူလေးနှင့် အရောင်ကျအောင် လုပ်ပေးမှသာ အနည်းငယ် သက်သာသွားတော့သည်။
မှန်ထဲတွင် မြင်နေရသော သူ့ပုံစံမှာ ဖြူဖျော့ပြီး ပင်ပန်းနွမ်းနယ်နေဆဲပင်။ ခန္ဓာကိုယ်မှာ သွယ်လျပြီး အားနည်းပုံပေါက်နေကာ မျက်ခွံများ နီနေသော်လည်း မျက်ဝန်းများမှာမူ တက်ကြွနေသည်။ နှုတ်ခမ်းနီနီလေးမှာ အနည်းငယ် ပွန်းပဲ့နေသဖြင့် လေထဲတွင် ယိမ်းနွဲ့နေသော မိုးမခပင်လေးတစ်ပင်ကဲ့သို့ နုနယ်လှသည်။
ယနေ့တွင် ဖုန့်ကျိုးယွဲ့သည် အပြာရင့်ရောင် ဝတ်ရုံကို ရွေးချယ် ဝတ်ဆင်လိုက်သည်။ ဝတ်ရုံ၏လက်စများတွင် ထင်းရှူးပင်နှင့် ဝါးပင် ပုံစံများ ပါဝင်သဖြင့် ပညာရှိဟန် ပေါက်နေသည်။ ဖုန့်ကျိုးယွဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိသည်။ အကယ်၍ အပြင်ထွက်လျှင်တောင် ရှဲ့ယန်ကို အရှက်ရစေမည့် ပုံစံမျိုး မဖြစ်တော့ပေ။
"သခင်လေး... ဒီနေ့ သေချာပေါက် လှနေတာပဲ"
အစေခံသည် သူ့ကို အားကျစွာ ကြည့်ရင်း ချီးကျူးစကား ဆိုသည်။ "နုနယ်တဲ့ နတ်သမီးလေးတစ်ပါးလိုပါပဲ။ သခင်လေးလောက် လှတဲ့သူ တစ်ခါမှ မမြင်ဖူးဘူး"
သူသည် ထိုစကားကို အတည်မယူဘဲ ရယ်မောကာ "လျှောက်မပြောပါနဲ့။ အိမ်ရှေ့စံ မင်းသားက ငါ့ထက် အများကြီး ပိုချောပါတယ်" ဟု ပြန်ပြောလိုက်သည်။
"ငါက ရုပ်ဆိုးပါတယ်"
ဒါသည် ရှဲ့ယန် ပြောခဲ့ဖူးသော စကားဖြစ်သည်။ အရင်က ယွမ်ယဲ့ကြောင့် သူတို့ ရန်ဖြစ်စဉ်က ရှဲ့ယန်က သူ့မေးစေ့ကို ဆွဲကိုင်ကာ သူသည် ရုပ်ဆိုးသည်ဟု ပြောခဲ့ဖူးသည်။ အမှန်တကယ်လည်း သူသည် ရုပ်မချောပါ။ ရုပ်ဆိုးသည်ဟု ပြောခြင်းမှာပင် သူ့ကို မျက်နှာသာ ပေးရာ ရောက်နေသေးသည်။
ထိုသို့ တွေးမိသောအခါ ဖုန့်ကျိုးယွဲ့ သက်ပြင်းချလိုက်မိသည်။
အစေခံမှာမူ နားမလည်နိုင်ဘဲ ခေါင်းကုတ်ရင်း "ဘယ်သူမှ သခင်လေးထက် မလှပါဘူး" ဟု တိုးတိုးလေး ရေရွတ်နေသည်။
ယနေ့ နံနက်ခင်း နေရောင်ခြည်မှာ သာယာလှပြီး သစ်ရွက်များကြားမှ ဖြတ်ကာ ပြတင်းပေါက်ပေါ်သို့ ကျရောက်နေသည်။ လေပြေညင်းကလေးက ပန်းရနံ့များကို သယ်ဆောင်လာသည်။
ဖုန့်ကျိုးယွဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အပြင်ဘက်ရှိ သစ်ပင်စိမ်းစိမ်းလေးတွင် အဖြူရောင် ပန်းပွင့်လေးများ ပွင့်နေသည်ကို တွေ့ရသည်။ ထိုပန်းငုံလေးများမှာ စင်ကြယ်ပြီး တက်ကြွလှရာ မွေးကင်းစ ကလေးတစ်ယောက်ကဲ့သို့ပင်။
ဒါဟာ အစကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဖုန့်ကျိုးယွဲ့... အားမလျှော့ပါနဲ့။ မနေ့ညက ဒီတံခါးပြင်ပကို ထွက်နိုင်ဖို့တောင် မမျှော်လင့်ရဲခဲ့ပေမယ့် ဒီနေ့တော့ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီလေ။ ဒါဟာ အကြီးမားဆုံး တိုးတက်မှုပဲ။ နောင်ကျရင် ပိုကောင်းလာမှာပါ၊ အားမလျှော့ပါနဲ့။
ဖုန့်ကျိုးယွဲ့ အခန်းတံခါးကို ဖွင့်လိုက်သောအခါ စောင့်နေသော စစ်သားများနှင့် မျက်နှာချင်းဆိုင် တိုးတော့သည်။ အရင်ကနှင့် မတူဘဲ သူတို့က သူ့ကို မတားဆီးကြပေ။ သူတို့၏ အကြည့်များကြောင့် သူ အနည်းငယ် နေရခက်သွားပြီး ဝတ်စုံက မလှ၍ဟု ထင်ကာ စိတ်မကောင်း ဖြစ်သွားမိသည်။
"မေးပါရစေ... အိမ်ရှေ့စံမင်းသား ဘယ်မှာလဲဟင်"
ဖုန့်ကျိုးယွဲ့ မဝံ့မရဲ မေးလိုက်သည်။ မနေ့ညက အခြေအနေများကြောင့် ရှဲ့ယန်က သူ့ကို တွေ့ချင်မှ တွေ့လိမ့်မည်။
"ဪ... မင်းသားလား
အရင်က သူ့ဆီ သတင်းလာပေးဖူးသော စစ်သားက ညွှန်ပြပေးသည်။
"သခင်လေး... ဟိုဘက်က အဆောက်အဦးကို မြင်လား။ အဲဒါ မင်းသား အလုပ်လုပ်တဲ့နေရာပဲ။ သူ့ကို ရှာချင်ရင် အဲဒီကို အရင်သွားကြည့်ပါ"
ဖုန့်ကျိုးယွဲ့ ကျေးဇူးတင်စကား ပြောပြီး အမြန် လျှောက်သွားသည်။ သို့သော် အဆောက်အဦးနား ရောက်သောအခါ တုန့်ဆိုင်းသွားသည်။ ထိုနေရာတွင်လည်း သန်မာသောသော စစ်သားများ စောင့်နေကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကြောက်စရာ ကောင်းလှသည်။
"သခင်လေး... မင်းသားကို လာတွေ့တာလား"
အမာရွတ်နှင့် စစ်သားက သူ့ကို မြင်သောအခါ ပြုံးပြရင်း မေးသည်။ သူသည် ဖုန့်ကျိုးယွဲ့ကို မခြောက်လှန့်မိစေရန် လေသံကို လျှော့ကာ ပြောနေသည်။
"မင်းသားက အခု စစ်သေနာပတိနဲ့ ကိစ္စတွေ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး၊ သခင်လေး အထဲကို ဝင်သွားလို့ ရပါတယ်"
"ဒီမှာပဲ ခဏ စောင့်နေတာ ပိုကောင်းမယ် ထင်တယ်"
ဖုန့်ကျိုးယွဲ့ ရှဲ့ယန်၏ စိတ်ကို မခန့်မှန်းနိုင်ပေ။ ရှဲ့ယန်က အနှောင့်အယှက် မခံချင်လျှင် ရုတ်တရက် ရောက်သွားခြင်းက မသင့်တော်ပေ။
သူသည် အရင်ကလို ဇွတ်တရက် ရောက်လာမိခြင်းကို နောင်တရသွားသည်။ ဒါသည် သူ၏ အိမ်ဟောင်း မဟုတ်သလို၊ အိမ်ရှေ့စံ မင်းသား၏ အိမ်တော်ဟောင်းလည်း မဟုတ်ပေ။
"သခင်လေး... မျက်မှောင်မကုတ်ပါနဲ့ဦး။ သခင်လေး မျက်မှောင်ကုတ်တာ မြင်ရင် ကျွန်တော့်နှလုံးသားတောင် တုန်ရပါတယ်" ဟု အမာရွတ်နှင့် လူက ပြောရင်း သူ့ကို အထဲသို့ အသာအယာ တွန်းလိုက်သည်။ "အထဲကို မြန်မြန်ဝင်ပါ။ သခင်လေးလို နုနယ်လှပတဲ့သူကို မင်းသားက သိပ်ချစ်မှာပဲ"
အထဲသို့ ရောက်သွားသောအခါ ဆက်လျှောက်သွားရုံမှအပ အခြားနည်းလမ်း မရှိတော့ပေ။ အခန်းအချို့ကို ဖြတ်ကျော်ပြီးနောက် ရှဲ့ယန်၏ နက်ရှိုင်းသောအသံကို အခန်းထဲမှ ကြားလိုက်ရသည်။
ရှဲ့ယန်၏ အသံမှာ အေးစက်သော်လည်း ဆွဲဆောင်မှု ရှိလှသည်။ အခြားသော အေးဆေးသည့် အသံတစ်ခုနှင့် တွဲ၍ ထွက်ပေါ်နေသည်။
အခန်းထဲတွင် လူနှစ်ယောက် ရှိနေသည်။ ဒါသည် အမာရွတ်နှင့်လူ ပြောသော စစ်သေနာပတိ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုသူမှာ သူ ထင်ထားသည်နှင့် အလွန် ကွဲပြားနေသည်။
သမိုင်းဇာတ်လမ်းများထဲတွင် စစ်သေနာပတိဆိုသည်မှာ မုတ်ဆိတ်ရှည်ကြီးနှင့် ယပ်တောင်ကို ကိုင်ကာ ရန်သူများကို နှိမ်နင်းသူများ ဖြစ်သည်။ သို့သော် ရှဲ့ယန်၏ စစ်သေနာပတိမှာ ဘာကြောင့် ဤမျှအထိ ချောမောနေရသနည်း။
ထ်ုသူနှင့် ရှဲ့ယန်သည် စစ်တုရင် ကစားနေကြပြီး ကြားထဲတွင် စကားအနည်းငယ်စီ ပြောနေကြသည်။ ထိုသူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျလှသည်။ သူ့မျက်ဝန်းများမှာ ဆွဲဆောင်မှု ရှိလှပြီး အသားမှာ ဆီးနှင်းလို ဖြူဖွေးကာ နှုတ်ခမ်းများမှာ အလွန်နီသည်။ သူ့လက်မှာ ရှဲ့ယန်၏ လက်နှင့် အလွန်နီးကပ်နေပြီး ထိလုနီးပါးပင်။
ရှဲ့ယန်မှာမူ စစ်တုရင်ခုံကိုသာ အာရုံစိုက်နေသည်။ ရှဲ့ယန်၏ ဝတ်ရုံနက်ကြီးမှာ သူ့ကို ပို၍ တည်ကြည်ခက်ထန်သော ပုံစံမျိုး ပေါက်စေသည်။
ယနေ့ သူ လာမိခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲရန် လာသကဲ့သို့ ဖြစ်သွားသည်။ ရှဲ့ယန်၏ ဘေးတွင် အလှနတ်ဘုရားတစ်ပါး ရှိနေပြီပဲ၊ သူ ဘာလုပ်နေမှာလဲ။
သူသည် စစ်တုရင် မကစားတတ်သလို၊ စစ်ဗျူဟာများကိုလည်း နားမလည်ပေ။ ဖုန့်ကျိုးယွဲ့ နောင်တများစွာနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ ရှဲ့ယန်၏ ဘေးတွင် ဤမျှ ထူးချွန်ချောမောသောသူ ရှိနေမှတော့ သူသည် ပုလဲဘေးက ငါးမျက်လုံးတစ်လုံးလို ဖြစ်နေတော့သည်။
"ရောက်နေတာတောင် ဘာမှ မပြောဘူးလား။ လျှာကို ဝါးစားပစ်လိုက်ပြီလား"
ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။ ရှဲ့ယန်၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားသော်လည်း လှောင်ပြောင်မှုများ ပါဝင်နေဆဲပင်။
"ဒီကို လာခဲ့" ဟု ရှဲ့ယန်က ပြောပြီး အလှနတ်ဘုရားကို လွှတ်လိုက်ကာ စားပွဲဆီသို့ ပြန်သွားသည်။ ထိုအလှနတ်ဘုရားက သူ့ကို စိုက်ကြည့်ရင်း ရှဲ့ယန်ကို လှောင်လိုက်သည် "ကျင်ယွီ... ဒါက မင်း အခန်းထဲမှာ ဝှက်ထားတဲ့ အလှလေးပေါ့။ တကယ်ကို မြင်ရတာ တန်ပါတယ်"ဟု ဆိုလိုက်သည်။
ဖုန့်ကျိုးယွဲ့ ခေါင်းကို ငုံ့ထားမိပြီး လက်ချောင်းလေးများကို လိမ်နေမိသည်။ သူသည် မြေကြီးထဲသို့သာ တိုးဝင်သွားချင်တော့သည်။
အခြားသူဆိုလျှင် သူ ဂရုစိုက်မည်မဟုတ်သော်လည်း ဤစစ်သေနာပတိမှာ အလွန်ချောမောလွန်းပြီး သူ့အမူအရာမှာ ရှဲ့ယန်နှင့်ပင် ဆင်တူလှသည်။
သူတို့နှစ်ယောက်လုံးမှာ အေးစက်ပြီး လက်လှမ်းမမီနိုင်သော ကျောက်စိမ်းရုပ်တုများကဲ့သို့ပင်။ သူ တစ်ယောက်တည်းသာ ချို့ယွင်းချက်ရှိသော သာမန်လူတစ်ယောက် ဖြစ်နေသည်။
"ဖုန့်ကျိုးယွဲ့... မင်းကို မင်သွေးခိုင်းနေတာလေ"
ရှဲ့ယန်သည် သူ ငိုင်နေသည်ကို မြင်သောအခါ စိတ်မရှည်သလို မျက်မှောင်ကုတ်လိုက်သည်။ စစ်သေနာပတိမှာမူ ရယ်မောကာ "ကျင်ယွီ... မင်း ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ။ ဒါ မင်းနဲ့ မတူဘူးနော်" ဟု ပြောလိုက်သည်။
ဖုန့်ကျိုးယွဲ့ သူတို့၏ ရင်းနှီးသော စကားများကို ဆက်မကြားချင်တော့ပေ။ ရှဲ့ယန်၏ ဘေးတွင် ရပ်ကာ မင်များကို စတင် သွေးပေးနေမိသည်။
ရှဲ့ယန်သည် သူ့ကို လျစ်လျူရှုထားခြင်းကြောင့် ပို၍ ဒေါသထွက်လာပုံရသည်။ ရှဲ့ယန်က စစ်သေနာပတိကို ပြန်မဖြေဘဲ သူ့ကို ဒေါသတကြီး မေးလိုက်သည်။
"မနက်စာ စားပြီးပြီလား"
ထိုအခါ စစ်သေနာပတိက ပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။ "ကျင်ယွီ ဒီလိုဖြစ်နေတာ ဒါ ပထမဆုံး မြင်ဖူးတာပဲ" ဟု ပြောလိုက်သည်။ သူသည် သူတို့နှစ်ယောက်ကြားက တင်းမာမှုကို ကြည့်နေရင်း စစ်သားများ ဝင်လာသောအခါမှ အကြည့်လွှဲသွားတော့သည်။
ဝင်လာသော စစ်သားများမှာ ရာထူးကြီးပုံရသည်။ ရှေ့ဆုံးမှလူမှာ အလွန်ထွားကြိုင်းပြီး မျက်နှာတွင် အမာရွတ်များဖြင့် ကြောက်စရာ ကောင်းလှသည်။ သူ ဝင်လာသည်နှင့် ဖုန့်ကျိုးယွဲ့ကို ရွံရှာမုန်းတီးသော အကြည့်များဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်များကို သူ ရင်းနှီးလှသည်။ သို့သော် ထိုသူကို သူ တစ်ခါမှ မတွေ့ဖူးပေ။ ဘာကြောင့် သူ့ကို မုန်းနေရသနည်း။
"မင်းသား... ကျွန်တော်တို့ ကိစ္စတွေ ဆွေးနွေးနေတုန်းမှာ မဆိုင်တဲ့သူတွေကို ဖယ်ခိုင်းသင့်တာ မဟုတ်လား။ အကယ်၍ ဒီမြူဆွယ်တဲ့သူက စစ်ရေးလျှို့ဝှက်ချက်တွေကို သိသွားပြီး မင်းသားရဲ့ညီကို သွားပြောရင် ကျွန်တော်တို့ ကြိုးစားသမျှ အလကား ဖြစ်ကုန်မှာပေါ့" ဟု ထိုသူက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
ထိုသူသည် သူ့ကို ရည်ရွယ်ပြီး စော်ကားနေခြင်း ဖြစ်သည်။ သူသည် အရင်က သူ့ကို နှိမ်ခဲ့သူများနှင့် ဘာမှ မခြားပေ။
ဖုန့်ကျိုးယွဲ့က ရှဲ့ယန်ကို ပြဿနာ မဖြစ်စေရန် ထွက်သွားဖို့ ပြင်သော်လည်း ရှဲ့ယန်၏ အေးစက်သော အသံကို ကြားလိုက်ရသည်။
"မင်းစကားပြောတာ ဆင်ခြင်စမ်း"
"ဟုတ်ကဲ့ပါ၊ မင်းသား"
ထိုသူသည် မကျေမနပ် ဖြစ်သွားပြီး သူ့ကို သတ်မည့်အလား စိုက်ကြည့်နေသည်။
ဖုန့်ကျိုးယွဲ့ ထိုအကြည့်များကို ရှောင်လွှဲကာ မင်ကိုသာ ဆက်သွေးနေမိသည်။
"ပိုင်လန်ရွှယ်... ခံစစ်အစီအစဉ်ကို ရှင်းပြပါ"
စစ်သေနာပတိ၏ အမည်မှာ ပိုင်လန်ရွှယ် ဖြစ်သည်။ အခြေအနေများကို ရှင်းပြနေသည်ကို နားထောင်ရင်း သူသည် ဤနေရာမှ ထွက်သွားသင့်သည်ဟု ပို၍ ခံစားလာရသည်။
ရှဲ့ယန်နှင့် စစ်သေနာပတိတို့သည် စစ်ပွဲတစ်ခုအကြောင်းကို စကားအနည်းငယ်ဖြင့် အသေးစိတ် ဆွေးနွေးနိုင်ကြသည်။ ထိုဗိုလ်ချုပ်မှာလည်း သူတို့ကို အလွန် လေးစားသော အကြည့်ဖြင့် ကြည့်နေသည်။
နောက်ဆုံးတွင် စစ်သားများ ထွက်သွားကြသော်လည်း ပိုင်လန်ရွှယ်ကမူ ကျန်နေခဲ့သည်။ သူသည် ရှဲ့ယန်နှင့် အကြောင်းအရာ စုံလင်စွာ ဆွေးနွေးနေကြသည်။ သူတို့နှစ်ယောက်မှာ ပြောစရာတွေ ကုန်နိုင်ပုံမပေါ်ပေ။
"ကဲ... အထီးကျန်တဲ့ ငါကတော့ မင်းတို့ အလှလေးတွေကြားမှာ ဆက်မနေတော့ပါဘူး။ သွားတော့မယ်"
ပိုင်လန်ရွှယ်သည် လက်ယမ်းကာ ထွက်သွားပြီး တံခါးကိုလည်း ပိတ်ပေးခဲ့သည်။
"ဒီမနက် ဘာစားလဲ"
ရှဲ့ယန်က အေးစက်စက် မေးလာသည်။
ဖုန့်ကျိုးယွဲ့ ခေါင်းငြိမ့်ကာ "စားပြီးပါပြီ။ ဆေးလည်း သောက်ခဲ့ပါတယ်" ဟု ဖြေလိုက်သည်။
ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို သူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။ ဒါသည် ကိုယ်ပိုင်အခန်းထဲမှာ မဟုတ်ပေ။ အကယ်၍ စစ်သားတစ်ယောက် ရုတ်တရက် ဝင်လာလျှင် ဘာဖြစ်သွားမလဲ။ ဖုန့်ကျိုးယွဲ့ ရုန်းကန်လိုက်သည်။
"ဘာလို့ ရုန်းနေတာလဲ၊ မင်းရဲ့ လက်ရေးကို စစ်ချင်လို့ပါ"
"လက်ရေးစစ်ဖို့ ပေါင်ပေါ်ထိုင်ဖို့ မလိုပါဘူး"
ရှဲ့ယန်က စကားများခွင့် မပေးဘဲ စက္ကူအလွတ်ပေါ်သို့ ကြည့်ကာ"မြန်မြန်... မင်းရဲ့ ခွေးခြစ်ထားသလို လက်ရေးလေးတွေကို ငါ့ကို ရေးပြစမ်း" ဟု ပြောလိုက်သည်။
ဖုန့်ကျိုးယွဲ့ ချက်ချင်း ဒေါသထွက်သွားသည်။ သူ့လက်ရေးမှာ ရှဲ့ယန်လောက် မလှသော်လည်း ခွေးခြစ်ထားသလိုတော့ မဆိုးလှပေ။ ယနေ့တွင် ရှဲ့ယန်ကို လက်စွမ်းပြရမည်။
ဖုန့်ကျိုးယွဲ့ အကောင်းဆုံး ဖြစ်အောင် ရေးလိုက်သည်။ ထို့နောက် ရှဲ့ယန်ကို ဝင့်ကြွားစွာ ကြည့်လိုက်သော်လည်း ရှဲ့ယန်က “ရုပ်ဆိုးတယ်" ဟုသာ တိုတိုပြောလိုက်သည်။
လူယုတ်မာကြီး။
ဖုန့်ကျိုးယွဲ့ ရှဲ့ယန်၏ ပေါင်ပေါ်မှ ဆင်းရန် ကြိုးစားသော်လည်း ရှဲ့ယန်က ဝှီးချဲကို စစ်တုရင်ခုံနားသို့ လှိမ့်သွားပြီး "ငါနဲ့ စစ်တုရင် ကစားစမ်း" ဟု ပြောလိုက်သည်။
ခဏအကြာတွင် ဖုန့်ကျိုးယွဲ့ ရှုံးနိမ့်သွားတော့သည်။ ရှဲ့ယန်က သူ့ကို အလျှော့မပေးသဖြင့် သူ ဘယ်လိုမှ မယှဉ်နိုင်ပေ။ ဖုန့်ကျိုးယွဲ့ စိတ်ပျက်လက်ပျက်ဖြင့် စစ်တုရင်ရုပ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ရှဲ့ယန် ဒေါသထွက်မည်ကို စိုးရိမ်သော်လည်း ရှဲ့ယန်က ဘာမှ မပြောပေ။ ရှဲ့ယန်က သူ၏ ပါးကို ဆွဲကာ "မင်း ပြန်လည် မွေးဖွားလာတဲ့ အကြောင်းကို ပြောစမ်းပါဦး။ အရင်က မင်းရဲ့ ထက်မြက်မှုတွေက ဟန်ဆောင်နေတာလား" ဟု မေးလိုက်သည်။
သူသည် ရှဲ့ယန်၏ ရင်ခွင်ထဲတွင် မှီလိုက်ကာ သူ့အတိတ်ဘဝအကြောင်း အကုန်ပြောပြလိုက်သည်။
"အဲဒီတုန်းက ငါ ထက်မြက်နေတာဟာ ချိုယွင်ချင်းရဲ့ အသိဥာဏ်တွေ ရှိနေလို့ပါ။ ဒါပေမဲ့ အခု ခန္ဓာကိုယ် ပြန်ရလာတဲ့အခါမှာတော့ အဲဒါတွေ အကုန် ပျောက်ကုန်ပြီ။ လက်ရေးလည်း ပြန်ဆိုးသွားတယ်၊ စစ်တုရင်လည်း မကစားတတ်တော့ဘူး၊ ကဗျာတွေလည်း နားမလည်တော့ဘူး"
"ငတုံးလေး"
ရှဲ့ယန်က သူ့ကို နမ်းရင်း နောက်ပြောင်လိုက်သည်။
.....
နောက်တစ်နေ့တွင် ရှဲ့ယန်အတွက် နွားနို့လက်ဖက်ရည် ဖျော်ရန် ဖုန့်ကျိုးယွဲ့ မီးဖိုချောင်သို့ စောစော သွားလိုက်သည်။ အရသာမှာ သူ အရင်က ဖျော်ခဲ့သလိုပင် ကောင်းမွန်လှသည်။
လက်ဖက်ရည်ကို ယူလာစဉ် ရှဲ့ယန်၏ အခန်းတံခါးမှာ ပွင့်နေသည်ကို တွေ့ရသည်။ ပိုင်လန်ရွှယ်သည် ရှဲ့ယန်၏ ဘေးတွင် ထိုင်ကာ စကားပြောနေကြသည်။ သူတို့နှစ်ယောက်မှာ အတူတူရှိနေသည်မှာ ပန်းချီကားတစ်ချပ်လို လှပလှသည်။
သူသည် ထိုပန်းချီကားထဲတွင် မပါဝင်နိုင်သူ ဖြစ်နေသည်။ ဖုန့်ကျိုးယွဲ့ ရင်ထဲတွင် နာကျင်သွားသော်လည်း မနာလိုဖြစ်ရန် အကြောင်းပြချက် မရှိပေ။ သူသည် စစ်သေနာပတိအတွက်လည်း တစ်ခွက် ထပ်ဖျော်ပေးရန် မီးဖိုချောင်သို့ ပြန်သွားလိုက်သည်။
သူ လက်ဖက်ရည် နှစ်ခွက်နှင့် ပြန်ထွက်လာသောအခါ မနေ့က ဗိုလ်ချုပ်နှင့် တိုးတော့သည်။ ထိုသူက သူ့ကို လမ်းပိတ်လိုက်သည်။
လက်ဖက်ရည် နှစ်ခွက်လုံး ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသည်။ သူသည် ထိုဗိုလ်ချုပ်ကို စိုက်ကြည့်လိုက်သော်လည်း ထိုသူက သူ၏ လက်ကောက်ဝတ်ကို ဆွဲကာ အမှောင်ထဲသို့ ဆွဲခေါ်သွားသည်။
"ဒါ ဘာလုပ်တာလဲ"
"ဘာလုပ်တာလဲ ဟုတ်လား"
ထိုသူ၏ မျက်နှာမှာ ကြောက်စရာ ကောင်းလှသည်။ သူက ဖုန့်ကျိုးယွဲ့၏ မျက်နှာကို တံတွေးနှင့် ထွေးလိုက်သည်။
"မင်းလို အောက်တန်းစား... မင်းသားက မင်းကို ကာကွယ်ပေးထားရုံနဲ့ မင်းက ငါ့ရှေ့မှာ ဆရာကြီး လာမလုပ်နဲ့"
ထိုသူက ဖုန့်ကျိုးယွဲ့ကို နံရံတွင် ကပ်ထားသဖြင့် သူသည် ဘယ်လိုမှ မရုန်းနိုင်ပေ။
"မင်းသားက မင်းနဲ့ ပျော်ပါးရုံသက်သက်ပဲ။ သူ လိုချင်တဲ့အခါ အခန်းထဲမှာ မင်းကို သုံးရုံပဲ။ မင်းက တကယ်ပဲ အိမ်ရှေ့စံမင်းသမီး ဖြစ်နေပြီလို့ ထင်နေတာလား။ နွားနို့လက်ဖက်ရည် ဖျော်ပေးတယ် ဟုတ်လား၊ ရယ်စရာကြီး"
"ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်း။ မင်းက ဘယ်နေရာမှာ ပိုင်လန်ရွှယ်ကို ယှဉ်နိုင်လို့လဲ။ ငါ အမှန်အတိုင်း ပြောပြမယ်... မင်းသားက စစ်သေနာပတိကို လိုက်နေတာ။ သူက ပိုင်လန်ရွှယ်ကို မရသေးလို့သာ မင်းကို သုံးနေတာ။ မင်းက သူ လိုအင်ဆန္ဒတွေကို ဖြေဖျောက်ပေးဖို့ ကိရိယာ သက်သက်ပဲ။ သူက မင်းကို နေ့တိုင်း လာပြီး မင်းနဲ့ အိပ်တယ်၊ ပြီးရင် ထွက်သွားတာပဲ မဟုတ်လား"
"အကယ်၍ ပိုင်လန်ရွှယ်ကိုသာ သူ ရသွားရင် မင်းကို တစ်ချက်တောင် လှည့်ကြည့်မှာ မဟုတ်ဘူး။ မင်းက အသုံးချခံရပြီးရင် လွှင့်ပစ်ခံရမှာပဲ"
ထိုသူသည် ဖုန့်ကျိုးယွဲ့၏ မျက်နှာကို ရိုက်ကာ နားထဲတွင် ဆိုးဝါးသော စကားများကို ပြောနေတော့သည်။
"မင်းကို မင်းသားက ကစားလို့ ဝသွားတဲ့အခါ စစ်သားတွေဆီ လက်ဆင့်ကမ်းလိမ့်မယ်။ အဲဒီကျရင် ငါက ပထမဆုံး အသုံးပြုမယ့်သူ ဖြစ်လာမယ်"
"မင်းက ညစ်ပတ်နေပေမယ့် ပိုင်လန်ရွှယ်ထက်တော့ ပိုပြီး မြူဆွယ်နိုင်တဲ့ ပုံစံမျိုး ရှိသားပဲ။ ဟားဟား"
"တော်ပြီ၊ တော်ပြီ ဗိုလ်ချုပ်... ဒီလောက်ဆို ရပါပြီ။ အကယ်၍ သူ့ကို တကယ် ခြောက်လိုက်လို့ သူက မင်းသားဆီ သွားတိုင်ရင် ငါတို့ ဘယ်သူမှ ကောင်းမှာ မဟုတ်ဘူး" ဟု အခြားတစ်ယောက်က လာတားမှသာ ထိုသူက ရပ်သွားတော့သည်။