no

Font
Theme

အပိုင်း (၉)

"မင်ဟယ်။"

မင်ဟယ်က မတုံ့ပြန်သေးပေ။

ရှောက်ယွိတစ်ယောက် ထိတ်လန့်သွားပြီး အပြေးအလွှားသွားကာ မင်ဟယ်ကို ပွေ့ချီလိုက်သည်။

မင်ဟယ်၏လက်မောင်းထဲမှ စိမ်းစိုနေသော ကြက်သွန်မြိတ်လေးများက ပြုတ်ကျသွားပြီး သူလည်း လန့်နိုးလာကာ မျက်လုံးဝိုင်းဝိုင်းလေးများက ပြူးကျယ်လာခဲ့သည်။ သူက ကြောင်တောင်တောင်လေးကြည့်နေပြီး စကားစပြောလိုက်၏။

"ဦးငယ်၊ သား ကြက်သွန်မြိတ်နှုတ်နေတာလေ။"

သူ အိပ်ပျော်သွားတာကိုး!

ရှောက်ယွိ စိတ်သက်သာရာရကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ တစ်ဆက်တည်းမှာပင် ဤရက်ပိုင်း မင်ဟယ်တစ်ယောက် မိုးမလင်းခင်ထပြီး ပေါက်စီလုပ်ရာ၌ ကူညီပေးသည်၊ လမ်းလျှောက်ရသည်၊ ပေါက်စီရောင်းရသည်၊ ကဗျာများလည်း ကျက်မှတ်ရသည်ကို ရှောက်ယွိ တွေးလိုက်မိ၏။

ယနေ့ဆိုလျှင် ယန်ဇနီးမောင်နှံကြောင့် စိတ်ပင်ပန်းခဲ့ရသေးရာ သူ ဟင်းရွက်အခင်းထဲမှာ အိပ်ပျော်သွားခြင်းက အံ့သြစရာမရှိတော့ပေ။

သူက ကရုဏာသက်စွာဖြင့် မင်ဟယ်၏နဖူးနှင့် ပါးပေါ်တို့မှ အညစ်အကြေးများကို သုတ်ပေးကာ ပြောလိုက်သည်။

"အင်း၊ မင်ဟယ်က ကြက်သွန်မြိတ်တွေ အများကြီးနှုတ်ထားတာပဲ။"

မင်ဟယ်၏မျက်ခွံလေးများက လေးလံနေပြီး သူ၏ဦးခေါင်းလေးမှာလည်း အရုပ်ကလေးတစ်ရုပ်လို လှုပ်လီလှုပ်လဲ့ဖြစ်နေသည်။ သို့တိုင် သူက အားတင်း၍ မေးလာသေး၏။

"ဦးငယ်၊ သားရဲ့ကြက်သွန်မြိတ်တွေရော?"

ရှောက်ယွိက နူးညံ့စွာပြောလိုက်သည်။

"ဒီမှာ ဦးငယ် ကိုင်ထားတယ်။ မင်ဟယ်က သွားအိပ်လိုက်တော့နော်။"

"သား ဦးငယ်နဲ့အတူ... ချက်ပြုတ်ချင်သေးတယ်။"

မင်ဟယ်တစ်ယောက် မျက်လုံးများကို မနည်းဖွင့်ကာ ရေရွတ်လိုက်သည်။

ရှောက်ယွိက အနှီလူကြီးလေး၏ဦးခေါင်းကို အသာအယာပွတ်သပ်ပေးရင်း ပြောလိုက်လေ၏။

"နောက်တစ်ခါကျမှ ဦးငယ်တို့ အတူတူချက်ကြတာပေါ့။ အခုတော့ အိပ်လိုက်ဦးနော်၊ လိမ္မာတယ်။"

နောက်ဆုံးမှာတော့ မင်ဟယ်တစ်ယောက် မအောင့်နိုင်တော့ဘဲ ဦးခေါင်းလေးကို ရှောက်ယွိ၏ရင်ဘတ်မှာမှီလျက် အိပ်ပျော်သွားလေတော့သည်။

ရှောက်ယွိက မင်ဟယ်ကို အိမ်ထဲကခုတင်ဆီသို့ ပွေ့ချီသွားခဲ့၏။

မင်ဟယ်က အိပ်နေရင်း အိပ်မက်ယောင်သကဲ့သို့ တီးတိုးရေရွတ်နေသည်။

"ကျွန်တော့်ဦးငယ်ကို အနိုင်မကျင့်ကြနဲ့... ကျွန်တော် ပြန်ရိုက်၊ ပြန်ရိုက်ပစ်မှာ... ကြက်သွန်မြိတ်တစ်ပင်နှုတ်မယ်၊ နောက်တစ်ပင်နှုတ်မယ်... အကုန်လုံးက ဦးငယ်အတွက်... အကုန်လုံး ဦးငယ်အတွက်ပဲ..."

ထို့နောက်မှ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေ၏။

ဒီကလေးက ဘာလို့ ဒီလောက်ထိ ချစ်စရာကောင်းနေရတာလဲ!

ရှောက်ယွိတစ်ယောက် ခုတင်ဘေးမှာထိုင်လျက် ကလေးငယ်၏ပါးဖောင်းဖောင်းလေးကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိသွားပြီး ကလေး၏ ဟောင်းနွမ်းနေသောအင်္ကျီလေးကို လှန်ကြည့်လိုက်သည်။

အင်း။

မင်ဟယ်၏ကိုယ်လုံးလေးက အရိုးပေါ်အရေတင်မျိုး မဟုတ်တော့သော်လည်း ယခုထိတော့ အလွန်ပိန်နေသေးသည်။

မင်ဟယ် အစားကောင်းကောင်းစားပြီး ကိုယ်အလေးချိန်တက်လာစေရန် သူ ပိုက်ဆံအများကြီး ထပ်ရှာဖို့လိုအပ်ပေ၏။ မင်ဟယ်ကို အဝတ်တစ်ထည်ဖြင့် လွှမ်းခြုံပေးပြီးနောက် ရှောက်ယွိ အတွင်းခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

သူသည် စောစောက မုန်လာဥမျှင်မုန့်လုပ်ရန် ပြင်ခဲ့သော်လည်း မင်ဟယ်က အိပ်ပျော်နေပြီး မည်သည့်အချိန်မှာနိုးလာမည်ကို မသေချာပေ။ သူနိုးလာချိန်၌ မုန့်များ အေးသွားလျှင် အရသာပျက်သွားမည်စိုးသောကြောင့် မုန့်မလုပ်သေးဘဲ ကြက်သွန်မြိတ်နှင့် မုန်လာဥများကို ဆေးကြောကာ အသင့်ပြင်ထားလိုက်သည်။ ထို့နောက် ယနေ့ဝယ်လာသော အဝတ်စများကို လျှော်ဖွပ်၍ ဝါဂွမ်းများနှင့်အတူ နေလှန်းလိုက်ပြီး မီးဖိုချောင်၊ အတွင်းခန်းနှင့် အပြင်ခန်းတို့ကို သန့်ရှင်းရေး လုပ်လိုက်သည်။

ထိုအချိန်ထိ မင်ဟယ်က အိပ်ပျော်နေဆဲဖြစ်၏။ ရှောက်ယွိတစ်ယောက် သူကိုယ်တိုင်လည်း ပင်ပန်းသွားသဖြင့် မင်ဟယ့်ဘေးမှာ ဝင်လှဲလိုက်သည်။

ရှောက်ယွိ မည်မျှကြာအောင်အိပ်မိသွားမှန်း မသိသော်လည်း သူ နိုးလာသောအခါ ခုတင်ပေါ်တွင် မည်သူမှမရှိတော့ပေ။ သူ ကပျာကယာထကာ တဲအပြင်ကို ထွက်ကြည့်လိုက်သောအခါ မင်ဟယ်တစ်ယောက် ထင်းခြောက်ကောက်သည့်ခြင်းတောင်းကြီးကို အားသွန်ခွန်စိုက်ဆွဲလာသည်အား တွေ့လိုက်ရလေ၏။

"မင်ဟယ်။"

မင်ဟယ်က ခေါင်းမော့လာပြီး သူ၏မျက်လုံးလေးများ တောက်ပနေခဲ့သည်။

"ဦးငယ် နိုးနေပြီ!"

"မင်း ဘာလုပ်နေတာလဲ။"

"မီးဖိုထဲမှာ ထင်းတွေကုန်တော့မှာမို့လို့ နည်းနည်းလောက် သွားကောက်လာခဲ့တာပါ!"

င်္

မင်ဟယ်၏ရည်ရွယ်ချက်က ကောင်းမွန်သော်လည်း ယခုလိုမျိုး တစ်ယောက်တည်းထွက်သွားခြင်းက အန္တရာယ်များပေသည်။ ရှောက်ယွိ သူ့ကို ကြမ်းကြမ်းတမ်းတမ်းမဆူချင်သလို သူ၏ခံစားချက်များကိုလည်း မထိခိုက်စေလိုသဖြင့် 'မင်ဟယ်က အရမ်းလိမ္မာတာပဲ' ဟု အရင်ဆုံးချီးကျူးလိုက်ပြီးမှ သူ၏စိတ်ပူပန်မှုကို ပြောပြလိုက်သည်။

"ဒါပေမဲ့ နောက်တစ်ခါကျ မင်း ဘယ်သွားသွား ဦးငယ်ကိုပြောသွားရမယ်နော်၊ ဟုတ်ပြီလား။ မဟုတ်ရင် ဦးငယ်က စိတ်ပူနေရမှာ။"

မင်ဟယ်က ချက်ချင်းဆိုသလို ခေါင်းညိတ်ပြလာခဲ့သည်။

"ဟုတ်ကဲ့၊ နောက်တစ်ခါကျရင် သား ပြောသွားပါ့မယ်။"

"မင်ဟယ်က တကယ်ကို အလိမ္မာတုံးလေးပဲ။"

ရှောက်ယွိက ပြုံးပြကာ ထင်းခြောက်တောင်းကို မီးဖိုချောင်ထဲသို့ သယ်သွားပြီး မေးလိုက်လေ၏။

"ကဲ၊ ဦးငယ်တို့ မုန်လာဥမျှင်မုန့် လုပ်ကြတော့မလား။"

"ဟုတ်!"

မုန်လာဥမျှင်မုန့်လုပ်ရသည်မှာ လွယ်ကူပြီး စားလ်ု့လည်းကောင်း၏။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၏တဲပုတ်လေးမှာ ခြစ်အဟောင်းလေးတစ်ခုရှိသဖြင့် အများကြီးသက်သာသွားခဲ့သည်။

ရှောက်ယွိက ညီညီညာညာခြစ်ထားသော မုန်လာဥအမျှင်များကို ရေနွေးဆူထဲ ခဏထည့်ပြုတ်လိုက်သည်။ ၎င်းက မုန်လာဥ၏ခပ်စပ်စပ်အရသာကို ပျောက်သွားစေပြီး ၎င်း၏ကြွပ်ဆတ်မှုကို ထိန်းသိမ်းပေး၏။ ထို့နောက် ရေအေးဖြင့်ဆေးကာ ရေညှစ်လိုက်ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်သည်။

နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ်၊ ဝက်ဆီဖတ်၊ ငရုတ်ကောင်းမှုန့်၊ နာနတ်ပွင့်အမှုန့်နှင့် ဆားတို့ကို ထည့်လိုက်ပြီး ထိုအပေါ်ကနေ ဆီပူတစ်ဇွန်းလောင်းထည့်လိုက်သောအခါ 'တရှဲရှဲ' အသံနှင့်အတူ ကြက်သွန်မြိတ်နံ့လေး သင်းပျံ့လာခဲ့သည်။

"အရမ်းမွှေးတာပဲ!"

မင်ဟယ်က မီးဖိုရှေ့မှ ထရပ်ကာ အော်လိုက်သည်။

"မီးကို သေချာကြည့်ထားပေးဦး၊ ထင်းတွေ အများကြီး မထည့်နဲ့နော်၊ မဟုတ်ရင် မုန့်တွေတူးသွားလိမ့်မယ်။"

မင်ဟယ်က မီးမမွှေးတတ်သော်လည်း ရှောက်ယွိမွှေးပေးထားလျှင် ထင်းများထပ်ထည့်ခြင်း၊ ပြန်ထုတ်ခြင်းကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သည်။

"ဟုတ်။"

မင်ဟယ်က မီးဖိုဘေးမှ သစ်သားခွေးခြေခုံလေးပေါ် လိမ်လိမ်မာမာလေး ထိုင်နေခဲ့၏။

"ဒါဆို ဦးငယ်တို့ အခုစကြော်ပြီနော်!"

"ဟုတ်!"

ဂျုံအနှစ်ကို တစေးအနည်းငယ်၊ ရေနွေးနှင့်ဖောက်ထားပြီး ယင်းက အနှစ်များကြွတက်လာစေဖို့မဟုတ်ဘဲ ဂျုံသားကို နူးညံ့စေရန်ဖြစ်သည်။

ယခု ဂျုံသားက အလွန်နူးညံ့နေပြီဖြစ်၏။

ရှောက်ယွိက ဂျုံလုံးလေးတစ်ဖဲ့ကို ဖဲ့ထုတ်ကာ အပြားပါးပါးလေးဖြစ်အောင် ဆွဲဆန့်လိုက်သည်။ ထို့နောက် အထဲမှာ မုန်လာဥအဆာသွတ်များထည့်ကာ ပြန်ပိတ်၍ ဆီပူနေသောဒယ်အိုးထဲသို့ ထည့်လိုက်ပြီး ပုံစံပြားပြားလေးရအောင် လက်ချောင်းလေးချောင်းဖြင့် အသာအယာဖိလိုက်သည်။

သူက မုန်လာဥမျှင်မုန့်ကို ရှစ်ခုလုပ်ကာ ၎င်းတို့အားလုံးကို အိုးထဲထည့်၍ သစ်သားယောက်မဖြင့် ဟိုဘက်သည်ဘက် လှန်ပေးနေခဲ့၏။

တရှဲရှဲအသံများကြားမှာ ရွှေဝါရောင်သန်းနေသော မုန်လာဥမျှင်မုန့် ရှစ်ခုက ကျက်သွားလေပြီ။

မီးဖိုထဲမှ ကျန်နေသောမီးဖြင့် ရှောက်ယွိတစ်ယောက် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥဖြင့် ဟင်းရည်တစ်ခွက်ကိုလည်း ခပ်သွက်သွက်ချက်လိုက်ပြီးနောက် မင်ဟယ်ကို ပြောလိုက်သည်။

"ညစာအသင့်ဖြစ်ပြီ!"

"ညစာစားရတော့မယ်!"

မင်ဟယ်က စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

"ဗိုက်ဆာနေပြီမလား။"

မင်ဟယ်က သူ၏ ဝမ်းဗိုက်ချပ်ချပ်လေးကို ပွတ်သပ်ရင်း ပြောလာ၏။

"သား ဗိုက်ဆာလွန်းလို့ ဝက်ပေါက်လေးတစ်ကောင်လုံးတောင် စားနိုင်တယ်!"

"ကဲ စားကြစို့။"

"သား လက်မဆေးရသေးဘူး။"

"မြန်မြန် သွားဆေး။"

မင်ဟယ်က ကပျာကယာပြေးထွက်သွားပြီး အမြန်ပြန်ရောက်လာခဲ့သည်။

တူဝရီးနှစ်ယောက် စဉ်းတီတုံးနားမှာ ဝိုင်းထိုင်လိုက်ကြပြီး မုန်လာဥမျှင်မုန့်များကို အားပါးတရစားခဲ့ကြသည်။ အချဉ်ဖောက်ပြီးကြော်ထားသေသာ အပေါ်ယံလွှာက မယုံကြည်နိုင်လောက်အောင် အလွန်နူးညံ့ပြီး ပါးလွှာကာ ရနံ့မွှေးကြိုင်သည့်အပြင် ချိုမြိန်သော ခပ်ကြွပ်ကြွပ်အရသာလေးပါ ရှိနေ၏။ အတွင်းမှ မုန်လာဥမျှင်များက ကြက်သွန်မြိတ်၊ ဝက်ဆီဖတ်တို့နှင့် ပေါင်းစပ်သွားပြီး နူးညံ့မှုနှင့် ကြွပ်ဆတ်မှု၏ အရသာပေါင်းစပ်မှုက တစ်မူထူးခြားနေပေသည်။

တစ်ကိုက်ကိုက်လိုက်တိုင်း လျှာဖျားပေါ်မှ အရသာဖုလေးများအတွက် သုခဘုံသို့ရောက်သွားသလို ခံစားရစေသည်။

မင်ဟယ်တစ်ယောက် ပါးစပ်မှာ ဆီတဝင်းဝင်းဖြင့် မနေနိုင်ဘဲ ချီကျူးလိုက်၏။

"ဦးငယ်၊ ဒီ... ဒီ... မုန့်က အရမ်းစားကောင်းတာပဲ!"

"ဦးငယ်လည်း အရမ်စားကောင်းတယ်လို့ထင်တယ်။"

မင်ဟယ်က အကြံပေးလိုက်၏။

"ဒါဆို ဒါကို ဆိပ်ကမ်းလေးမှာ သွားရောင်းကြမယ်လေ။"

"မရောင်းဘူး။"

"ဘာဖြစ်လို့လဲ ဦးငယ်။"

"ဒါက ဆီအရမ်းကုန်တယ်။"

ထို့အပြင် ၎င်းတို့မှာ သံဒယ်အိုးက တစ်လုံးတည်းသာရှိသဖြင့် ပေါက်စီရော၊ မုန်လာဥမျှင်မုန့်ကိုပါ လုပ်နေလျှင် နေ့လယ်အထိ ကြာသွားနိုင်သည်။ ထိုအချိန်ဆို ဆိပ်ကမ်းရှိလူအများစုက နေ့လယ်စာစားပြီးသွားပြီဖြစ်ရာ ပေါက်စီများကိုတောင် ရောင်းရတော့မည်မဟုတ်။ ရှောက်ယွိက ထိုအကြံကို ခဏလက်လျှော့ထားလိုက်၏။

"ဆီတွေ အများကြီးကုန်ရင်တော့ သားတို့ မရောင်းတော့ဘူး။"

မင်ဟယ်က ချက်ချင်း သဘောတူလိုက်၏။

"ကပ်စေးနည်းလေး၊ များများစား။"

"ဟီးဟီး။"

တူဝရီးနှစ်ယောက်က လူကောင်သေးသော်လည်း စားနိုင်ကြပေ၏။ နှစ်ဦးသား မုန်လာဥမျှင်ရှစ်ခုနှင့် ဟင်းရွက်ကြက်ဥဟင်းရည်တစ်ခွက်ကို ခဏချင်းအတွင်း အကုန်ရှင်းပစ်လိုက်ကြသည်။ ထို့နောက် ရှောက်ယွိက စောင်ချုပ်ရန်ပြင်လိုက်ပြီး မင်ဟယ်က သူ့ဘေးကနေ ကြည့်နေခဲ့လေ၏။

ရှောက်ယွိတစ်ယောက် သူ၏မှတ်ဉာဏ်ကိုအသုံးပြု၍ ချုပ်နေခြင်းဖြစ်ရာ ရလဒ်အနေဖြင့် စောင်က ကြည့်မကောင်းခဲ့ပေ။ သို့သော်လည်း လုံလုံလောက်လောက် အနွေးဓါတ်ပေးနိုင်၏။

သို့သော် မင်ဟယ်ကတော့ ၎င်း၏ပုံစံကိုလျစ်လျူရှုကာ တတွတ်တွတ်ချီးကျူးနေခဲ့သည်။

"ဦးငယ်၊ ဦးငယ်က အရမ်းတော်တာပဲ! ဒီစောင်က အရမ်းနွေးမှာနော်။ ဆောင်းတွင်းကျရင် သားတို့ အေးမှာမဟုတ်တော့ဘူး။ ဦးငယ်၊ ဦးငယ်က ဘာဖြစ်လို့ အကုန်လုံးကို သိနေရတာလဲဟင်။"

မဆုံးနိုင်သော ချီးကျူးစကားများကို နားထောင်ပြီးနောက် ရှောက်ယွိတစ်ယောက် ဤသာ့ကျင့်ပြည်၌ အတော်ဆုံးအပ်ချုပ်ဆရာလို ခံစားလိုက်ရသည်။ ညနေစောင်းသောအခါ စောင်နှင့် အိပ်ရာခင်းများအားလုံးကို ချုပ်ပြီးသွားပြီး အတွင်းခန်းထဲမှခုတင်ပေါ်ကို ဖြန့်ခင်းလိုက်၏။

"ဝိုး၊ သားတို့မှာ စောင်တွေရှိပြီ!"

မင်ဟယ်က စိတ်လှုပ်ရှားနေခဲ့သည်။

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်လေ၏။

"သားတို့ ဒီဆောင်းတွင်းမှာ အေးတော့မှာမဟုတ်ဘူး။"

"ဒီစောင်က အရမ်းပါးသေးတယ်၊ နောက်ကျ ဒီထက်ထူတာကို လုပ်ဖို့လိုသေးတယ်။"

"ဒါဆို လုပ်ကြမယ်လေ။"

မင်ဟယ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ရှောက်ယွိက မင်ဟယ်၏ပါးဖောင်းဖောင်းလေးကို ထိလိုက်ပြီး ပြောလိုက်လေသည်။

"အင်း၊ ဦးငယ်တို့ စောင်အထူတင်မဟုတ်ဘဲ ဂွမ်းအနွေးထည်တွေပါ လုပ်ကြမယ်။"

မင်ဟယ်က ထပ်လောင်းပြောလိုက်၏။

"ပြီးတော့ ဂွမ်းဖိနပ်တွေရောပဲ။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တာပေါ့။"

မင်ဟယ်က ဆက်ပြောခဲ့၏။

"ပြီးတော့ မီးဖိုသေးသေးလေးရော။"

"အတိအကျပဲ။"

"နောက်ပြီးတော့ ဂျုံတွေနဲ့ ဆန်တွေအများကြီးရော။"

"ဟုတ်တာပေါ့။"

၎င်းတို့မှာ အိမ်၌ သိုလှောင်ထားသောအစားအသောက်များ သိပ်မကျန်တော့ပေ။ ၎င်းတို့တွေ ငွေတချို့ရသည်နှင့် ဆန်၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်တချို့ကို ဝယ်ယူထားရမည်။

မင်ဟယ်ကမူ စိတ်လှုပ်ရှားစွာ ဆက်ပြောနေခဲ့လေသည်။

မလှသော်လည်း သက်တောင့်သက်သာရှိသော စောင်အသစ်ကို ကြည့်နေသည့် ရှောက်ယွိတစ်ယောက် စိတ်သက်သာရာရသွား၏။ ညဘက် အပူချိန်ကျဆင်းလာသောအခါ တူဝရီးနှစ်ယာက် စောင်ထဲသို့ဝင်ကာ သက်တောင့်သက်သာ အိပ်စက်ခဲ့ကြသည်။ သို့သော် မနက်ခင်းရောက်သော် ယမန်နေ့ကထက် ပိုအေးသဖြင့် ရှောက်ယွိက မင်ဟယ်ကို စိုးရိမ်တကြီး မေးလိုက်၏။

"အေးနေပြီလား။"

"သား လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် နွေးသွားမှာပါ!"

မင်ဟယ်က ချက်ချင်းလက်ငင်း ထပြေးလေတော့သည်။

အမှန်ပင်။

လေ့ကျင့်ခန်းအနည်းငယ်လုပ်ပြီးနောက် သိပ်မအေးတော့ပေ။

သို့သော် ၎င်းတို့တွေ တစ်ချိန်လုံးပြေးလွှားနေနိုင်မည်မဟုတ်။

ရှောက်ယွိက ခေါက်ဆွဲများကို ပါးပါးလှီးဖြတ်ကာ ခေါက်ဆွဲတစ်ပန်းကန်ပြုတ်လိုက်ပြီး နှစ်ဦးသား အစားအသောက်များဖြင့် နွေးအောင်လုပ်လိုက်ကြသည်။

ရှောက်ယွိတစ်ယောက် ယနေ့ ပေါက်စီရောင်းပြီးလျှင် အင်္ကျီအထူနှင့် ဂွမ်းအနွေးထည်များချုပ်ရန် မြို့ထဲသို့သွားကာ အဝတ်စနှင့် ဝါဂွမ်းများဝယ်ဖို့ စီစဉ်လိုက်သည်။

သို့သော်လည်း ၎င်းတို့တွေ ဆိပ်ကမ်းဆီမရောက်ခင် မိုးဖွဲလေးများကျလာ၏။ ၎င်းက ကြီးကြီးမားမားကိစ္စမဟုတ်ရာ ရှောက်ယွိက ထီးတစ်လက်နှင့် ဖိနပ်နှစ်စုံဝယ်ရန် တွေးလိုက်သည်။ သူ တွက်ချက်ကြည့်လိုက်သောအခါ ကျန်ရှိနေသော ငွေနှစ်ကျပ်၊ သုံးကျပ်က မလောက်တော့ပေ။

ဟူး!

ဆင်းရဲတဲ့ဘဝက ခက်လိုက်တာ!

ငွေဝင်တာကလည်း အရမ်းနည်းလွန်းတယ်!

သူ မျက်မှောင်ကြုတ်လျက်တွေးနေစဉ် အော်သံတစ်ခုကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ဝဝဖိုင့်ဖိုင့်သခင်ကြီးကို တွေ့လိုက်ရသည်။

ထိုသခင်ကြီးက သူ၏ပေါက်စီများကို နေ့တိုင်း လာဝယ်စားခဲ့ရာ ရှောက်ယွိ သူနှင့် ရင်းနှီးနေလေပြီ။ သူ့နာမည်က သခင်ကြီးယွမ်ဖြစ်ပြီး သူ၏ဇနီးဖြစ်သူက ကွယ်လွန်သွားပြီဖြစ်၏။ သူက နောက်အိမ်ထောင်ထပ်မပြုဘဲ ကျန်ရှိနေသောဘဝမှာ အေးအေးဆေးဆေးနေကာ အစားအသောက်များကိုသာ အာရုံစိုက်ခဲ့သည်။ လတ်တလော၌ သူက ချင်းရှီမြို့မှ လက်ထပ်ထားသောသမီးဖြစ်သူထံသို့ လာလည်ခြင်းဖြစ်သည်။

"ဖိုးဖိုး၊ ရောက်နေပြီလား! ဒီနေ့ ကျွန်တော်တို့မှာ မုန်လာဥဖြူအဆာသွတ်ထားတဲ့ ပေါက်စီပါလာတယ်။"

မင်ဟယ်က ဖော်ဖော်ရွေရွေနှုတ်ဆက်ကာ ရှောက်ယွိဘာမှမပြောနိုင်ခင် ၎င်းတို့၏ရောင်းကုန်ကို ကြေညာလိုက်သည်။

သခင်ကြီးယွမ်က အံ့အားသင့်သွား၏။

"အရသာအသစ်လား။"

မင်ဟယ်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

ရှောက်ယွိက အပြုံးလေးဖြင့် အတည်ပြုပေးလိုက်လေ၏။

"ဟုတ်ပါတယ်။"

"ဒါဆို ငါ မြည်းကြည့်ရမှာပေါ့။"

သခင်ကြီးယွမ်က မျှော်လင့်တကြီးဖြင့် ပြောလိုက်၏။

ရှောက်ယွိက သခင်ကြီးယွမ်ကို မုန်လာဥဖြူပေါက်စီတစ်လုံး ကမ်းပေးလိုက်သည်။

ရှောက်ယွိက အစိမ်းရောင်ဟင်းရွက်များ၊ မှိုများနှင့် မုန်လာဥနီများဖြင့်သာ ပေါက်စီပေါင်းရာ၌ ထူးချွန်သည်ဟု သခင်ကြီးယွမ်က ထင်ထားခဲ့သည်။ သူက ထိုအရသာများကို အတော်လေးကြိုက်ပြီး နေ့တိုင်းစားရလည်း ငြီးငွေ့မသွားခဲ့ပေ။

မုန်လာဥဖြူအဆာသွတ်က နူးညံ့ကြွပ်ဆတ်နေပြီး ဤမျှအရသာရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အစိမ်းရောင်ဟင်းရွက်များနှင့် မုန်လာဥနီတို့၏ အရသာနှင့်မတူသော ချိုမြိန်မှုလည်းရှိနေသည်။ သူ ယခုလိုအရသာရှိသော မုန်လာဥဖြူပေါက်စီကို တစ်ခါမှမစားဖူးသောကြောင့် မချီးကျူးဘဲ မနေနိုင်တော့ချေ။

"ဒါက တကယ်အရသာရှိတာပဲ!"

ရှောက်ယွိက ပေါက်စီရောင်းနေသောကြောင့် သခင်ကြီးယွမ်၏ချီးကျူးစကားကို မကြားလိုက်ပေ။

ရှောက်ယွိ၏အင်္ကျီစကို ဆွဲထားပြီး သူ့ဘေးမှာရပ်နေသည့် မင်ဟယ်က ချီးကျူးစကားကို ကြားလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြန်တုံ့ပြန်လိုက်၏။

"ဟုတ်တယ်မလား။ ကျွန်တော့်ဦးငယ်လုပ်သမျှက အကုန်အရသာရှိတယ်။"

"မင်းရဲ့ဦးငယ်က တခြားဟာတွေရော လုပ်တတ်သေးတာလား။"

သခက်ကြီးယွမ်က စိတ်ဝင်တစား မေးလိုက်သည်။

မင်ဟယ်က ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေလိုက်၏။

"လုပ်တတ်တာပေါ့၊ ကျွန်တော့်ဦးငယ်က အကုန်လုပ်တတ်တယ်!"

"ဟုတ်လား။"

သခင်ကြီးယွမ်က သံသယရှိပုံရသဖြင့် မင်ဟယ်က မျက်လုံးဝိုင်းလေးများဖြင့် ထပ်ပြောလိုက်သည်။

"ဖိုးဖိုး၊ ကျွန်တော်က အရမ်းလှတဲ့ကလေးလေးမို့ လိမ်မပြောတတ်ဘူးလေ။ ကျွန်တော့်ကို ယုံလိုက်ပါ! ဦးငယ်ကျိုပေးတဲ့ ရေနွေးကတောင် အကောင်းဆုံးပဲ!"

ထိုသို့ကြားလိုက်ရသောအခါ သခင်ကြီးယွမ်က သဘောတကျရယ်မောလိုက်သည်။ သူ့မှာ ဘာမှလုပ်စရာမရှိသဖြင့် သစ်မြစ်တစ်ခုပေါ်မှာ ထိုင်လိုက်ပြီး ရှောက်ယွိလုပ်တတ်သော အခြားအစားအသောက်များကို မေးမြန်းလေတော့သည်။

"ဒါဆို ကလေးလေး၊ ငါ့ကိုပြောပြပါဦး၊ မင်းရဲ့ဦးငယ်က တခြား ဘာတွေလုပ်တတ်သေးလဲ။"

"ရေစိမ်ပေါက်စီ လုပ်တတ်ပါတယ်။"

"ရေစိမ်ပေါက်စီ?"

သခင်ကြီးယွမ် ထိုကဲ့သို့ဟင်းလျာကို မကြားဖူးချေ။

"အဲ့ဒါက အရမ်းအရသာရှိတာ!"

"နောက်ထပ်ရော?"

"မုန်လာဥမျှင်မုန့်!"

"ထပ်ရှိသေးလား။"

"..."

"မရှိတော့ဘူးလား။"

"ဟင်းရွက်စိမ်းဝက်သားခေါက်ဆွဲရှိပါသေးတယ်။ ကျွန်တော်ဆို ရှလူးရှလူးနဲ့စားတာ တစ်ပွဲကို ခဏလေးနဲ့ကုန်သွားတာလေ။"

မင်ဟယ်တစ်ယောက် အရသာရှိသောခေါက်ဆွဲကို တွေးမိသွားပြီး အလိုလိုပင် သွားရည်ကျလာလေ၏။

အရသာရှိသောဟင်းလျာများအကြောင်း ကြားလိုက်ရသောအခါ သခင်ကြီးယွမ်က ခဏစဉ်းစားလိုက်သည်။

"ကောင်းပြီ။"

"ဗျာ?"

မင်ဟယ်က ပဟေဠိဖြစ်သွား၏။

"ငါ မင်းရဲ့ဦးလေးကို သွားပြောရမယ်။"

"ဖိုးဖိုး၊ ဘာပြောတာလဲဟင်။ ကျွန်တော် နားမလည်ဘူး။"

မင်ဟယ်က ခေါင်းရှုပ်နေခဲ့သည်။

"ငါ မင်းရဲ့ဦးလေးနဲ့ အရင်ဆွေးနွေးလိုက်ဦးမယ်။"

"ဟုတ်၊ ဟုတ်။ ဒါဆို ကျွန်တော့်ဦးလေးကိုပဲ ပြောလိုက်ပါ။"

ရှောက်ယွိ ပေါက်စီရောင်းလို့အပြီးမှာ သခင်ကြီးယွမ်က မေးလာခဲ့လေ၏။

"ရှောက်ယွိ၊ ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား။"

ရှောက်ယွိက တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့၊ ပြောပါ သခင်ကြီးယွမ်။"

သခင်ကြီးယွမ်က တိုက်ရိုက်မေးလိုက်၏။

"ငါ့သမီးရဲ့အိမ်မှာ မွေးနေ့ပွဲအတွက် အစားအသောက်တွေ ပြင်ဆင်ပေးနိုင်မလား။"

"မွေးနေ့ပွဲ?"

"ဟုတ်တယ်။ ငါ ချင်းရှီမြို့ကိုလာတာ ငါ့သမီးနဲ့တွေ့ဖို့အပြင် ငါ့မြေးလေးရဲ့သုံးနှစ်ပြည့်မွေးနေ့ပွဲကို ဆင်နွှဲဖို့လည်းပါတယ်။ မွေးနေ့ပွဲက သန်ဘက်ခါလေ၊ အဲ့ဒီအချိန်ကျရင် မင်းကို စားဖိုဆောင်မှာ လာကူညီပေးစေချင်တယ်။"

ရှောက်ယွိက အမှန်အတိုင်း ဝန်ခံလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် မွေးနေ့ပွဲအတွက် တစ်ခါမှမပြင်ဆင်ပေးဖူးဘူးဗျ။"

"ကိစ္စမရှိပါဘူး။ မင်း လုပ်တတ်တဲ့ ခေါက်ဆွဲဟင်းလျာတွေ လုပ်ပေးရင်ပဲ ရပါပြီ။"

အမှန်တကယ်တော့ ရှောက်ယွိ လုပ်တတ်သည်မှာ ခေါက်ဆွဲဟင်းလျာများသာ မကပေ။

"မနက်ဖြန်နဲ့ သန်ဘက်ခါ နှစ်ရက်တည်း ကူညီပေးပါ။ အဲ့ဒီအတွက်လုပ်အားခကို ခြောက်ကျပ်ပေးပါ့မယ်။"

"ဘယ်လောက်?!"

ရှောက်ယွိနှင့် မင်ဟယ် တူဝရီးနှစ်ယောက်စလုံး အံ့အားသင့်စွာဖြင့် တစ်ပြိုင်နက်တည်း မေးလိုက်ကြလေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment