no

Font
Theme

အပိုင်း (၁၉)

ကျန်းဝူ၏မျက်နှာက ထိုစကားကြောင့် ပို၍နီမြန်းသွားခဲ့သည်။

ရှောက်ယွိက သတိပြုမိသွားပြီး စိုးရိမ်တကြီးမေးလိုက်၏။

"ကျန်းဝူ၊ ဘာဖြစ်လို့လဲ။ မင်း နေမကောင်းဘူးလား။"

"မဟုတ်၊ မဟုတ်ပါဘူး... လမ်းလျှောက်လာတာဆိုတော့ နည်းနည်းပူသွားလို့ပါ။"

ကျန်းဝူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြလိုက်သည်။

ရှောက်ယွိက အကြံပြုလိုက်သည်။

"ဒါဆို အထဲဝင်ပြီး ခဏလောက်အနားယူဦးလေ။"

ကျန်းဝူက ခွေးခြေခုံပေါ် ထိုင်လိုက်သည်။ ရှောက်ယွိက သူ့အတွက် ရေသွားခပ်ပေးလိုက်၏။

ကျန်းဝူတစ်ယောက် ရေကို အားရပါးရသောက်လိုက်ပြီးမှ သူ၏ရင်ခုန်သံများက ပုံမှန်ပြန်ဖြစ်သွားခဲ့လေသည်။ ထို့နောက် ရှောက်ယွိနှင့် မင်ဟယ်ကိုကြည့်ကာ ပြောလိုက်၏။

"ရှောက်ယွိ၊ မင်ဟယ်၊ မင်းတို့နှစ်ယောက်လုံး ဝလာကြတာပဲ။"

"တကယ်လား။"

ရှောက်ယွိက သူ့မျက်နှာသူ ပြန်ကိုင်ကြည့်လိုက်၏။

"အင်း၊ အရင်ကထက် အများကြီးပိုကြည့်ကောင်းလာတယ်။"

အထူးသဖြင့် ရှောက်ယွိမှာ အခြားလူတစ်ယောက်လိုတောင် ဖြစ်နေသည်။ သူ၏မျက်လုံးများကလည်း...

ရှောက်ယွိက ပိုပြီးတက်ကြွကာ ချောမောလာရုံသာမကဘဲ သူ့တစ်ကိုယ်လုံးက ပို၍တောက်ပနေသလိုပင်။ ကျန်းဝူမှာ သူ့ကို စေ့စေ့မကြည့်ရဲတော့ဘဲ လက်ထဲကအထုပ်နှစ်ထုပ်ဆီသို့ အကြည့်လွှဲလိုက်ကာ တစ်ထုပ်ကို ရှောက်ယွိအား ကမ်းပေးလိုက်၏။

"ဆောင်းလယ်ပွဲတော်မှာ ဆိုင်က အလုပ်တွေအရမ်းများတာ။ ဆိုင်ရှင်က လုပ်အားခတိုးမပေးဘဲ ဒီမုန့်တွေကိုပဲ ပေးလိုက်လို့။ ရော့၊ တစ်ထုပ်ယူထားလိုက်။"

"မင်းပဲ ယူသွားပါ။"

"ယူထားလိုက်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အိမ်မှာလည်း အကုန်မစားနိုင်ဘူးလေ။"

"ဒါဆို ဒီအသားခြောက်ကို မင်းကိုထည့်ပေးလိုက်မယ်။"

"မဟုတ်တာ၊ မယူပါဘူး။ မင်းတို့ပဲ သိမ်းထားလိုက်ပါ။"

ကျန်းဝူက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။ ခြံထဲမှာ ချိတ်ဆွဲထားသော အသားခြောက်များနှင့် ကန်စွန်းဥခြောက်များကို မြင်လိုက်ရသောအခါ သူက အံ့ဩတကြီး မေးလိုက်လေ၏။

"ဒါတွေအားလုံးက ပေါက်စီရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ လုပ်ထားတာလား။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

ကျန်းဝူတစ်ယောက် ရှောက်ယွိအတွက် အမှန်တကယ် ဝမ်းသာနေခဲ့၏။

"ရှောက်ယွိ၊ မင်းက တကယ်ကိုတော်တာပဲ။"

ရှောက်ယွိက ပြုံးလျက် ပြန်ဖြေလိုက်သည်။

"အဆင်ပြေရုံပါပဲ။"

"မင်း ဆိပ်ကမ်းလေးမှာ ပေါက်စီတွေဆက်ရောင်းဦးမှာလား။"

ယခင်က ရှောက်ယွိနှင့် မင်ဟယ်တို့ကို ယန်ဇနီးမောင်နှံတို့ ဝိုင်းပြီးတိုက်ခိုက်ခဲ့သည့်ကိစ္စကြောင့် ကျန်းဝူက စိုးရိမ်နေခဲ့ပြီး ဆိပ်ကမ်းလေးသို့ သွားရောက်ကြည့်ရှုခဲ့ဖူးသည်။ ၎င်းတို့ အဆင်ပြေနေသည်ကို မြင်လိုက်ရမှသာ သူ စိတ်အေးသွားခဲ့၏။

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။"

ကျန်းဝူ၏မျက်နှာအမူအရာက ရုတ်တရက် တည်ကြည်သွားခဲ့လေသည်။

"ဒါဆိုရင် မင်းတို့ နောက်ပိုင်းမှာ ပိုပြီးသတိထားဖို့လိုတယ်။"

ရှောက်ယွိက နားမလည်စွာဖြင့် မေးလိုက်၏။

"ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လို့လား။"

ကျန်းဝူက ဝမ်ယွဲ့စားသောက်ဆိုင်၌ အလုပ်လုပ်နေသူဖြစ်ပြီး အရပ်ရပ်မှဧည့်သည်များနှင့် ထိတွေ့ဆက်ဆံနေရသဖြင့် သတင်းအချက်အလက်စုံလင်ပေ၏။ သူက ရှင်းပြလိုက်သည်။

"နင်ကျိုးဘက်မှာ ဒီနှစ်လည်း အထွက်နှုန်းအရမ်းနည်းတယ်လို့ ကြားတယ်။ အဲ့ဒီကလူတွေ ချင်းရှီမြို့ဘက်ကို အစားအသောက်အတွက် လာတောင်းကြလိမ့်မယ်။ အဲ့ကျ ပြဿနာတွေဖြစ်လာနိုင်တယ်၊ ပြီးတော့—"

"ပြီးတော့ ဘာဖြစ်လို့လဲ။"

"တောင်ဘက်နယ်စပ်မှာ စစ်ပွဲတွေပြန်ဖြစ်နေပြီ။"

သာ့ကျင်းပြည်၏ အရှေ့နှင့် အနောက်ဘက်တို့မှာ တည်ငြိမ်မှုရှိသော်လည်း တောင်ဘက်နှင့် မြောက်ဘက်နယ်စပ်များ၌ အမျိုးသားဇာတ်လိုက်ဖြစ်သူ နန်းတက်ပြီး ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ခင်အထိ ဆူပူသောင်းကျန်းမှုများ ရှိနေခဲ့သည်။

ကျန်းဝူက ဆက်ပြောလိုက်၏။

"ပုံမှန်ဆိုရင် စစ်သူကြီးဖေ တောင်ဘက်နယ်စပ်ကိုသွားလိုက်ရင် ပြဿနာဖြေရှင်းနိုင်မယ်ဆိုပေမဲ့ သူ မြောက်ဘက်က ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေတဲ့ လူမျိုးစုတွေနဲ့တိုက်ပွဲမှာ ဒဏ်ရာရခဲ့တယ်လို့ ကြားတယ်။ ဒီတစ်ခေါက် သူ အနိုင်ရပါ့မလား မသေချာဘူး။ သူသာရှုံးသွားရင် ဒီဘက်ကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ဝင်လာပြီး ပရမ်းပတာတွေဖြစ်ကုန်နိုင်တယ်။"

စစ်သူကြီးဖေ?

ဖေယန့်လီကိုပြောတာလား။

သူက ထင်ရှားကျော်ကြားသောမျိုးရိုးကနေ ဆင်းသက်လာသူဖြစ်သည်။ ဖခင်ဖြစ်သူက စစ်ရေးအမတ်တစ်ယောက်ဖြစ်ပြီး မိခင်က မင်းသမီးတစ်ပါးပင်။ သူက အသက်သုံးနှစ်အရွယ်မှာ စာလုံးများကို အလွတ်ရခဲ့ပြီး ငါးနှစ်အရွယ်၌ ကဗျာရေးများရေးကာ၊ ခုနစ်နှစ်တွင် တေးသီချင်းစာအုပ်ကို ကျွမ်းကျင်တတ်မြောက်၍ ကိုးနှစ်သားအရွယ်မှာ ခြေလှမ်းတစ်ရာအကွာမှပစ်မှတ်ကို ဗဟိုချက်ထိအောင် မြားပစ်နိုင်ခဲ့သူဖြစ်သည်။ အသက် ၁၅ နှစ်အရွယ်၌ စာသင်ဖော်သူငယ်ချင်းတစ်ဦးကို ချစ်ကြိုက်မိရာမှ ကောလာဟလများ ထွက်ပေါ်လာခဲ့သော်လည်း သူ၏အချစ်က တစ်ဖက်သတ်သာဖြစ်ခဲ့သည်။ သူက အမျက်ဒေါသထွက်၍ သူငယ်ချင်းဖြစ်သူကို ဒဏ်ရာရစေခဲ့ပြီးနောက် စစ်ဝတ်စုံကိုဝတ်ကာ စစ်မြေပြင်သို့ ထွက်ခွာသွားခဲ့သည်။ ယခုအချိန်မှာတော့ သူက လူဆိုးသူခိုးများတောင် အမြီးတုန်အောင်ကြောက်ရသော နာမည်ကျော်စစ်သူကြီးတစ်ဦး ဖြစ်နေခဲ့လေပြီ။

သူက ယခု အသက် ၂၀ ကျော်လောက်သာ ရှိလောက်သေးသည်။ နောင်တစ်ချိန်တွင် သူက ဇာတ်လိုက်ကို ထီးနန်းတက်နိုင်စေဖို့ ကူညီပေးပြီး မင်းဆရာဖြစ်လာလိမ့်မည်။ 'ဧကရာဇ်၏အိပ်မက်' စာအုပ်ထဲမှာ သူ၏ဇာတ်လမ်းက ထိုနေရာ၌သာ အဆုံးသတ်သွားခဲ့သည်။

သို့သော်လည်း ယခု မင်ဟယ်၏ကံကြမ္မာက ပြောင်းလဲသွားပြီဖြစ်ရာ ရှောက်ယွိ ထိုကိစ္စများကို သူနှင့် သိပ်မသက်ဆိုင်ဟုသာ ခံစားလိုက်ရသည်။ သူက မင်ဟယ်နှင့်အတူ အေးအေးချမ်းချမ်းသာ နေထိုင်ချင်ပေ၏။

"ကောင်းပါပြီ၊ ငါ သတိထားလိုက်ပါ့မယ်။"

ကျန်းဝူက ရှောက်ယွိကို လာကြည့်ရုံသာဖြစ်ပြီး သူ့မှာ အခြားကိစ္စများမရှိတော့ရာ ပြောလိုက်လေသည်။

"ကဲ၊ ဒါဆို ငါ အိမ်ပြန်တော့မယ်။"

ရှောက်ယွိက ဖိတ်ခေါ်လိုက်၏။

"ညစာ စားမသွားတော့ဘူးလား။"

"မစားတော့ပါဘူး၊ ဒီနေ့မှ အိမ်ကိုစောစောပြန်ရတာဆိုတော့ ငါ့အမေနဲ့ အချိန်ဖြုန်းချင်လို့။"

ရှောက်ယွိက မေးလိုက်သည်။

"မင်းအမေရဲ့ကျန်းမာရေးကရော ဘယ်လိုနေလဲ။"

"ရောဂါဟောင်းပါပဲ။"

"ဟုတ်ပါပြီ။ ဒါဆို မြန်မြန်သွားတော့လေ။ ငါ အားတော့မှ မင်းနဲ့ မင်းအမေဆီ လာလည်လိုက်ဦးမယ်။"

"ဟုတ်ပါပြီ။"

ကျန်းဝူ ပြန်သွားပြီးနောက် ရှောက်ယွိနှင့် မင်ဟယ်တို့က ခြံထဲရှိ အသားခြောက်များ၊ ဟင်းရွက်ချဉ်များနှင့် အခြောက်အခြမ်းများကို ဆက်လက်သိမ်းဆည်းခဲ့ကြရာ ညနေစောင်းတော့မှ အလုပ်ပြီးသွားခဲ့ကြသည်။

ညစာစားပြီးနောက် ရှောက်ယွိက မီးအိမ်ကိုကိုင်ကာ အရှေ့ကနေဦးဆောင်၍ မင်ဟယ်က အနောက်မှလိုက်ပါလာရင်း အတွင်းခန်းဆီသို့ ဝင်လာခဲ့ကြ၏။

အခန်းထောင့်ရှိ အိုးအမြောက်အမြားနှင့် ထုတ်တန်းပေါ်တွင်ချိတ်ဆွဲထားသော ဝါးခြင်းတောင်းများကို မြင်လိုက်ရသောအခါ မင်ဟယ်က သူ၏ပါးစပ်လေးကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

"အကောင်ပေါက်လေး၊ ဘာတွေရယ်နေတာလဲ။"

ရှောက်ယွိက မီးအိမ်ကို အိပ်ရာဘေးကခုံပုလေးပေါ် တင်ရင်း မေးလိုက်၏။

"ဦးငယ်၊ သားတို့မှာ စားစရာတွေ အများကြီးရှိနေပြီ!"

မင်ဟယ်က အလွန်ဝမ်းသာနေခဲ့သည်။

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ နောက်ဆိုရင် ဒီထက်တောင် ပိုများလာဦးမှာ။"

"တကယ်?"

မင်ဟယ်က နောက်ပိုင်းတွင် ပိုများလာဦးမည်ဟုပြောသည်ကို မယုံကြည်နိုင်ခဲ့ပေ။

ရှောက်ယွိက မင်ဟယ်၏ဦးခေါင်းလေးကို ပုတ်ပေးရင်း ပြောလိုက်၏။

"တကယ်ပေါ့။ အခု လိုအပ်တာတွေ အကုန်ဝယ်ပြီးပြီဆိုတော့ နောက်ကျရင် ရတဲ့ပိုက်ဆံတွေကို စုထားလို့ရပြီ။"

မင်ဟယ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"စုပြီးရင် ဘာလုပ်မှာလဲဟင်။"

ရှောက်ယွိက အိပ်ရာပေါ်မှာထိုင်ကာ ရှင်းပြခဲ့သည်။

"ဦးငယ်တို့ မြို့ထဲမှာ ဆိုင်ခန်းတစ်ခုငှားမယ် ဒါမှမဟုတ် ဝယ်မယ်၊ ပြီးရင် စားသောက်ဆိုင်ဖွင့်ကြမယ်။"

မင်ဟယ်ကလည်း ဖိနပ်ချွတ်ကာ အိပ်ရာပေါ်တက်လာရင်း ဆက်မေးလာ၏။

"မြို့ထဲက အရမ်းသန့်ရှင်းတဲ့ အိမ်ကြီးမှာလား။"

ရှောက်ယွိက မင်ဟယ်ကို စောင်ခြုံပေးလိုက်သည်။

"အင်း၊ အဲ့လိုဖြစ်လာမှာပါ။"

"ဦးငယ်၊ ဦးငယ်က အရမ်းတော်တာပဲ။"

မင်ဟယ်က ချက်ချင်းချီးကျူးလိုက်လေသည်။

ရှောက်ယွိက ပြုံးလိုက်၏။

"ဦးငယ် ဘာမှမလုပ်ရသေးဘူးလေ။"

"ဒါပေမဲ့လည်း တော်နေတုန်းပဲ။"

အကောင်ပေါက်လေးက ချီးကျူးစကားများပြောရာ၌ အလွန်တော်သဖြင့် ရှောက်ယွိမှာ ကြည်နူးသွားခဲ့ရသည်။

"အဲ့ဒါက ဦးငယ်တစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ဘူး။ မင်ဟယ်လည်း နေ့တိုင်းကူညီပေးနေလို့လေ။"

"ဟုတ်တယ်! သားလည်း တော်တယ်!"

ရှောက်ယွိက မင်ဟယ်၏ ဖောင်းအိနေသောပါးလေးကို ဖျစ်ညှစ်ကာ ပြောလိုက်သည်။

"ဟုတ်ပြီ၊ ဒါဆို အတူတူ ကြိုးစားကြတာပေါ့။"

"ကြိုးစားကြမယ်။"

နောက်တစ်နေ့တွင် တူဝရီးနှစ်ယောက် ပေါက်စီများကို ဆက်လက်ရောင်းချခဲ့ကြသည်။

ရှောက်ယွိ၏ပေါက်စီများက အလွန်အရသာရှိလှ၏။ သူက ဟင်းရွက်များ၊ မှိုများ၊ မုန်လာဥနီနှင့် မုန်လာဥဖြူများအပြင် တစ်ခါတလေ အသား၊ ပဲနီလေးနှင့် တောဟင်းရွက်များကိုပါ အစာသွပ်ပြီး သူ၏ဟင်းချက်လက်ရာကို ဖောက်သည်များအား ပြသခဲ့သည်။

တစ်လကျော်အတွင်းမှာပင် သူ ငွေ ၁၅ ကျပ် စုမိခဲ့သည်။

ဤပမာဏက သာ့ကျင့်ပြည်ရှိ မိသားစုဝင်သုံးယောက်ရှိသော သာမန်မိသားစုတစ်စု၏ တစ်နှစ်စာဝင်ငွေနှင့် ညီမျှသည်။

သို့သော်လည်း ၎င်းတို့မှာ လယ်ယာမြေများမရှိတော့သဖြင့် ပိုရှာဖွေရန်လိုအပ်ကြောင်း ရှောက်ယွိ နားလည်ပေသည်။ ထို့ကြောင့် သူက ငွေ ၃၀၀ ဝမ်လောက် သုံးစွဲကာ လက်တွန်းလှည်းတစ်စီးကို ဝယ်ယူလိုက်သည်။ ဤလှည်းက မင်ဟယ်ကိုတင်နိုင်သလို ပေါက်စီများကိုလည်း သယ်ယူနိုင်ပေ၏။

"ဦးငယ်၊ အခု သားတို့ ပေါက်စီတွေ ပိုလုပ်လို့ရပြီပေါ့!"

မင်ဟယ်က ဝမ်းသာအားရ အော်ပြောလိုက်သည်။

"ဟုတ်တာပေါ့။"

ရှောက်ယွိက ပေါက်စီများလုပ်ရာ၌ မြန်ဆန်ပြီး အိုးနှစ်လုံးရှိနေပြီဖြစ်ရာ ပေါက်စီများကို ပို၍ပြုလုပ်နိုင်ပေ၏။ သို့သော်လည်း ယခင်က လက်ဖြင့်သယ်ရသဖြင့် ၎င်းတို့မှာ ပေါက်စီအလုံးတစ်ရာထက် ပိုမသယ်နိုင်ခဲ့ပေ။ ယခု လက်တွန်းလှည်းရှိလာပြီဖြစ်ရာ ပို၍အဆင်ပြေသွားခဲ့လေပြီ။

"မနက်ဖြန်ကျ သားတို့ ပိုက်ဆံတွေပိုရတော့မှာပဲ။"

"အင်း၊ မနက်ဖြန်ကျ ပေါက်စီတွေ ပိုလုပ်လို့ရပြီ။"

နောက်တစ်နေ့တွင် ရှောက်ယွိက ပေါက်စီ အလုံး ၁၂၀ ခန့် လုပ်လိုက်ပြီး ဝါးခြင်းတောင်းကို လက်တွန်းလှည်းပေါ်နေရာချကာ မင်ဟယ်ကိုပါ တင်လိုက်သည်။

မင်ဟယ်က ရှောက်ယွိနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ပြောလိုက်လေ၏။

"ဦးငယ်၊ ဦးငယ်ပင်ပန်းရင် လှည်းပေါ်မှာထိုင်လိုက်နော်၊ သား တွန်းပေးမယ်။"

မင်းက လှည်းကိုတောင် မမီဘဲနဲ့ ဘယ်လိုတွန်းမှာလဲ။

သို့သော် ရှောက်ယွိက ကလေး၏စိတ်ကူးယဉ်မှုကို မဖျက်ဆီးဘဲ ပြုံးပြလိုက်လေ၏။

"ဟုတ်ပါပြီ။"

လှည်းက လေးသလိုထင်ရသော်လည်း တွန်းရသည်မှာ မျှော်လင့်ထားတာထက် ပို၍လွယ်ကူလှသည်။ ရှောက်ယွိမှာ မင်ဟယ်နှင့် ပေါက်စီ အလုံး ၁၂၀ ၏အလေးချိန်ကိုတောင် မခံစားခဲ့ရပေ။

မင်ဟယ်က လှည်းပေါ်မှာထိုင်လျက် အလွန်အမင်းပျော်ရွှင်နေပြီး ခြေထောက်လေးများကို လွှဲယမ်းနေ၏။ သူက မျက်နှာလေးကိုမော့ထားပြီး သူ၏မျက်လုံးလေးများက တောက်ပနေပေသည်။

"ဦးငယ်။"

"အင်း?"

"ဦးငယ်။"

"ဘာဖြစ်လို့လဲ။"

"ဦးငယ်။"

"ပြောလေ။"

"ဦးငယ်။"

"မင်းက ကိုလေအိုးလေးပဲ!"

မင်ဟယ်က သူ၏လက်ဖောင်းဖောင်းလေးဖြင့် ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရယ်မောလိုက်သည်။ ခဏအကြာမှာတော့ သူက ထပ်ခေါ်လာပြန်၏။

"ဦးငယ်။"

"အင်း?"

တစ်ခါတစ်ရံ ကလေး၏ အဆက်မပြတ်သောစကားများကို ရှောက်ယွိ စိတ်ရှုပ်သလို ခံစားခဲ့ရသော်လည်း အမြဲတမ်း ပြန်တုံ့ပြန်ပေးတတ်သည်။

"သစ်ရွက်တွေက အကုန်ခြောက်ကုန်ပြီနော်။ သူတို့က သေသွားသလိုပဲ။"

မင်ဟယ်က ပတ်ဝန်းကျင်ကိုကြည့်ရင်း ပြောလိုက်သည်။

"အင်း၊ ဆောင်းတွင်းရောက်နေပြီမို့လေ။"

"ရပါတယ်၊ နွေဦးရောက်ရင် သူတို့က ပြန်ရှင်လာမှာပါ။"

ထိုစကားကို ကြားလိုက်ရသောအခါ ရှောက်ယွိ မင်ဟယ်ကို ကြည့်လိုက်မိသည်။ ကလေး၏အတွေးအမြင်က တစ်နေ့ထက်တစ်နေ့ ပိုပြီးအကောင်းမြင်တတ်လာသည်။ ယင်းက သူ့ဦးငယ်ဖြစ်သည့် သူ၏လွှမ်းမိုးမှုကြောင့်ဖြစ်ပေမည်။ ရှောက်ယွိတစ်ယောက် ကျေနပ်ပီတိဖြစ်ကာ မင်ဟယ်ကို ဆိပ်ကမ်းလေးဆီသို့ တွန်းပြီးခေါ်လာခဲ့လေ၏။

ပုံမှန်အားဖြင့် စည်ကားလေ့ရှိသော ဆိပ်ကမ်းလေးမှာ ယနေ့ အဝတ်အစားများနွမ်းပါးပြီး ပိန်လှီနေသော လူအများအပြားဖြင့် ပို၍ရှုပ်ယှက်ခတ်နေခဲ့သည်။

"ဦးငယ်၊ လူတွေ အများကြီးပဲ။"

"အင်း။"

နင်ကျိုးရှိ အထွက်နှုန်းမကောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျန်းဝူပြောခဲ့သည်များကို ရှောက်ယွိ သတိရသွားပြီး ထိုလူများအကြောင်း ဒေါ်လေးလျိုကို မေးမြန်းလိုက်သည်။

"သူတို့က နင်ကျိုးကနေလာတဲ့ ဒုက္ခသည်တွေလေ!"

ဒေါ်လေးလျိုက စိတ်ကောင်းရှိသူဖြစ်ရာ အမျိုးသမီးတစ်ယောက်ကို ကြက်ဥနှစ်လုံး တိတ်တိတ်လေးပေးလိုက်ပြီး ရှောက်ယွိကိုပြောလိုက်၏။

"ငါတို့ကလည်း ဆင်းရဲတယ်ဆိုတော့ အများကြီးမကူညီနိုင်ဘူး။ မင်းလည်း ကူညီချင်ရင် တိုးတိုးတိတ်တိတ်ပဲ ကူညီနော်။ ဒုက္ခသည်တွေမြင်သွားရင် အကုန်ဝိုင်းတောင်းကြလိမ့်မယ်။ အဲ့ဒါဆို ငါတို့အတွက်တောင် ကျန်မှာမဟုတ်ဘူး။"

ရှောက်ယွိက ကလေးအချို့ကို ပေါက်စီများ တိတ်တဆိတ်ပေးလိုက်ပြီးနောက် ပုံမှန်အတိုင်း ဆက်လက်ရောင်းချလိုက်သည်။

နောက်တစ်နေ့မှာတော့ ယန်ကျိုက ဒုက္ခသည်တစ်စုကို ဆဲဆိုနေကြောင်း တွေ့လိုက်ရသဖြင့် ရှောက်ယွိက မေးမြန်းကြည့်လိုက်၏။

"ဒေါ်လေးလျို၊ ဘာတွေဖြစ်နေတာလဲ။"

"တစ်ယောက်ယောက်က ပစ္စည်းခိုးသွားလို့တဲ့။"

"ဗျာ?"

ရှောက်ယွိနှင့် မင်ဟယ်တို့က တစ်ပြိုင်နက်တည်း အံ့သြတကြီးအော်လိုက်မိကြသည်။

ဒေါ်လေးလျိုက ရှင်းပြလာ၏။

"မင်းတို့က မနက်ခင်းတစ်ပိုင်းနဲ့တင် ရောင်းကုန်လို့ပြန်သွားကြတာဆိုတော့ မနေ့ညနေကအကြောင်းကို သိကြမှာမဟုတ်ဘူး။ မနေ့ညနေက ဒုက္ခသည်တွေအများကြီး ထပ်ရောက်လာကြတယ်။ သူတို့က ဗိုက်အရမ်းဆာနေကြတော့ မုန့်တွေ၊ မုန်လာဥနီတွေနဲ့ သစ်သီးသကြားလုံးတွေကိုတောင် လုယူသွားကြတာ။ စျေးသည်တွေအများကြီး အလုခံလိုက်ကြရတယ်တဲ့။"

"ယန်ကျိုလည်း ဒီနေ့အလုခံလိုက်ရတာလား။"

"ဟုတ်တယ်၊ သူ့ရဲ့ပေါက်စီတွေ အများကြီးခိုးခံလိုက်ရတာ။ သူခိုးကိုလည်း ရှာမတွေ့တော့ အခု အော်ဆဲနေတော့တာပေါ့။ မင်းတို့လည်း သတိထားကြဦးနော်။"

ရှောက်ယွိ ဘာမှမပြောရသေးခင်မှာပင် မင်ဟယ်က ဝါးခြင်းတောင်းကို အတင်းဖက်ကာ ပေါက်စီများကို ကာကွယ်ထားလိုက်တော့သည်။

ထိုပုံစံကို မြင်လိုက်ရသောအခါ ဒေါ်လေးလျိုမှာ ခဏကြောင်အမ်းသွားပြီးနောက် ရယ်မောလိုက်မိသည်။

"ဒီလိုဆို ဘယ်သူမှ မခိုးနိုင်တော့ဘူးပဲ။"

ကျန်းဝူ ပြောပြခဲ့စဉ်က ဒုက္ခသည်အနည်းငယ်သာရှိမည်ဟု ထင်ထားခဲ့သော်လည်း ယခုမှာတော့ အလွန်များပြားနေခဲ့သည်။

"ဒေါ်လေးလျို၊ ဒီလောက်လူတွေအများကြီး ဒုက္ခရောက်နေတာကို နန်းတော်က ဘာမှလုပ်မပေးဘူးလား။"

"သူတို့သိမှ လုပ်ပေးလို့ရမှာပေါ့။ အခု ဘယ်သူကမှလည်း အကြောင်းမကြားကြဘူးလေ။"

ထိုစကားက အဓိပ္ပါယ်ရှိပေ၏။

ဇာတ်လိုက်ဖြစ်သူ နန်းမတက်ခင်အချိန်ထိ သာ့ကျင့်ပြည်က နယ်စပ်မှာသာမက ပြည်တွင်းမှာပါ မတည်မငြိမ်ဖြစ်နေလိမ့်မည်။ ချင်းရှီမြို့က ရာသီဥတုကောင်းမွန်ပြီး ကျစ်ထန်တူးမြောင်းအနီး၌ မြေဩဇာကောင်းသဖြင့် အနီးနားရှိ အခြားဒေသများနှင့်ယှဥ်လိုက်လျှင် ကြွယ်ဝချမ်းသာပေသည်။ ထို့ကြောင့် ဒုက္ခသည်များအတွက် ကောင်းကင်ဘုံနှင့် တူနေခဲ့သည်။

ရှောက်ယွိက အများကြီးကူညီပေးဖို့ အင်အားမရှိခဲ့ပေ။ ထိုစဉ် အသက် နှစ်နှစ်၊ သုံးနှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦးက တဟွတ်ဟွတ်ချောင်းဆိုးနေသည့် ပိန်ပိန်ပါးပါးအဖွားအိုတစ်ဦးကို တွဲထားသည်အား မြင်လိုက်ရသည်။ ထိုမြင်ကွင်းက အလွန်စိတ်မကောင်းစရာ ကောင်းလှ၏။

အခြားလူများ မမြင်ခင် ရှောက်ယွိက ဝါးခြင်းတောင်းထဲကနေ ပေါက်စီလေးလုံးကို အမြန်ထုတ်လိုက်သည်။

"ဦးငယ်၊ ဘာလုပ်မလို့လဲ။"

မင်ဟယ်က မေးလိုက်၏။

"သူတို့စားဖို့အတွက် နည်းနည်းပေးမလို့။"

ရှောက်ယွိက ပြန်ဖြေလိုက်သည်။

မင်ဟယ်က လှည်းပေါ်ကနေခုန်ဆင်းလိုက်ပြီး ရှောက်ယွိ ပေါက်စီများကိုယူပြီးနောက်မှာ ဝါးခြင်းတောင်းကို ပြန်ပြီးဖက်ထားလိုက်သည်။

ရှောက်ယွိက ပေါက်စီများကို အဖွားအိုအား ကမ်းပေးလိုက်၏။

"အဖွား၊ ဒါလေးတွေစားလိုက်ပါဦး။"

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ကွယ်။"

အဖွားအိုက ရှောက်ယွိကိုတောင် သေချာမကြည့်အားဘဲ ကလေးငယ်ကို ပေါက်စီတစ်လုံးကမ်းပေးလိုက်သည်။

"သမ်းကျစ်၊ စားလိုက်ဦး၊ မြန်မြန်စား။"

သမ်းကျစ်က ဗိုက်ဆာလွန်းသဖြင့် ပေါက်စီကို အငမ်းမရစားလိုက်လေသည်။

မင်ဟယ်က ၎င်းတို့၏ပုံစံကိုကြည့်ကာ ထိတ်လန့်သွားပြီး သူ့ဦးငယ်ကို လှမ်းခေါ်လိုက်သည်။

"ဦးငယ်။"

ရှောက်ယွိက မင်ဟယ်အနားသို့ သွားလိုက်၏။

"ဦးငယ်၊ သူတို့က အရမ်းဗိုက်ဆာနေကြတာပဲ။"

မင်ဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အဖွား၊ အဖွားလည်းစားလေ။"

သမ်းကျစ်က အဖွားဖြစ်သူမစားသေးကြောင်း မြင်လိုက်ရသောအခါ တိုက်တွန်းလိုက်လေ၏။

"အဖွားအတွက် စိတ်မပူပါနဲ့။ မင်းပဲစားပါ။"

သမ်းကျစ်စားနေသည်ကို ကြည့်ရင်း အဖွားအိုက စိတ်အေးသွားပုံပင်။ သူ(မ) မော့ကြည့်လာသောအခါ သူ(မ)၏ ပိန်လှီနေသော ပုံပန်းသဏ္ဌာန်နှင့် မလိုက်ဖက်သည့် တည်ကြည်မြင့်မြတ်သော အရှိန်အဝါတစ်ခုကို ရှောက်ယွိ တွေ့လိုက်ရသည်။ သူ(မ)က ပြောလာ၏။

"ကျေးဇူးတင်ပါတယ်၊ သခင်လေးတို့ရယ်။"

"ကျေးဇူးတင်ဖို့ မလိုပါဘူး၊ အဖွား။"

ရှောက်ယွိက ပြန်ဖြေလိုက်သည်။ သူက စကားများထပ်ပြောချင်သော်လည်း မသေချာသော ၎င်းတို့၏အနာဂတ်အတွက် စိတ်မကောင်းဖြစ်ကာ စကားများက ထွက်မလာခဲ့ပေ။

သူ့အသံကို ကြားလိုက်ရသောအခါ သမ်းကျစ်က ပေါက်စီစားနေရင်း မော့ကြည့်ကာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ၊ သမ်းကျစ်။"

အဖွားအိုက မေးလိုက်သည်။

သမ်းကျစ်က ရှောက်ယွိကိုစိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်လေ၏။

"အဖွား၊ သာ့ကောကောရဲ့ခေါင်းပေါ်မှာ အလင်းရောင်တွေ ရှိနေတယ်။"

အဖွားအို၏မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီး ရှောက်ယွိကိုတစ်ချက်ကြည့်ကာ သမ်းကျစ်ကို ပြန်မေးလိုက်လေသည်။

"သူ့ခေါင်းပေါ်မှာ အလင်းရောင်ရှိတယ်လို့ ပြောလိုက်တာလား။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment