no

Font
Theme

အပိုင်း (၁၃)

"ဘယ်သူက အဲ့လိုလုပ်ရဲလဲ။"

ယွမ်စန်းနျန်ကျစ်က လွှတ်ခနဲပြောလိုက်မိပြီးမှ သူ(မ)အမှားကိုသိသွားပြီး ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

ရှောက်ယွိက လှောင်ပြုံးပြုံးလိုက်၏။

"ဒါဆို အရာရှိတွေက မီးရှို့ရင် အဆင်ပြေပေမဲ့ ပြည်သူတွေက မီးအိမ်ထွန်းရင်တော့ မရဘူးပေါ့၊ ဟုတ်လား။"

ယွမ်စန်းနျန်ကျစ်က ပြောလိုက်လေ၏။

"မင်းက ဘာလိုချင်တာလဲ။"

ရှောက်ယွိက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

"မင်ဟယ်ကို တောင်းပန်လိုက်ပါ။"

ယွမ်စန်းနျန်ကျစ်က ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ လှောင်ရယ်လိုက်သည်။

"သုံးနှစ်သားကလေးတစ်ယောက်ကို ငါက တောင်းပန်ရမယ်?"

ရှောက်ယွိက အမှန်ပြင်ပေးလိုက်သည်။

"ခင်ဗျား တစ်ယောက်တည်း မဟုတ်ဘဲ၊ ခင်ဗျားရော၊ ခင်ဗျားရဲ့အစေခံရော နှစ်ယောက်စလုံး တောင်းပန်ရမှာပါ။"

"မဖြစ်နိုင်တာ။"

ယွမ်စန်းနျန်ကျစ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။

ရှောက်ယွိက ယွမ်စန်းနျန်ကျစ်နှင့် ဆက်ပြီးငြင်းမနေတော့ဘဲ ဘေးမှာရှိနေသော ထျန်းလျို့ဘက်သို့ လှည့်လိုက်သည်။

"ထျန်းလျို့၊ ကြည့်ထားနော်၊ ဒါက မင်းရဲ့အမေပဲ။ သူ(မ)က အမှားလုပ်ထားတာကို ဝန်မခံဘူး။ မင်း သူ(မ)ဆီက သင်ယူပြီး သူ(မ)ဆီက ချစ်ခြင်းမေတ္တာကို လက်ခံပါ၊ ဒါပေမဲ့ သူ(မ)ကို ဘယ်တော့မှ မလေးစားနဲ့။"

သာ့ကျင့်ပြည်တွင် ကလေးတစ်ယောက် မိဘအပေါ် မသိတတ်ခြင်းက ကလေး၏ဂုဏ်သိက္ခာကို ပျက်ပြားစေရုံသာမက မိဘများကိုပါ အရှက်ရစေသည်။ ထျန်းလျို့ကို ဤကဲ့သို့ပြောခြင်းဖြင့် ရှောက်ယွိက ကလေးကို လမ်းမှားရောက်အောင် တမင်ဆွဲခေါ်နေခြင်းပင်။ ယွမ်စန်းနျန်ကျစ်က ချက်ချင်းဆိုသလို ဒေါသထွက်သွားလေ၏။

"ရှောက်ယွိ! နင် ဘာလုပ်နေတာလဲ!"

အသက်လေးနှစ်ရှိပြီဖြစ်သော ထျန်းလျို့က လူကြီးများ၏စကားကို နားလည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချနိုင်စွမ်းရှိသူဖြစ်သည်။ သူက ယွမ်စန်းနျန်ကျစ်ဆီ ပြေးသွားပြီး ပြောလိုက်၏။

"မေမေ၊ မင်ဟယ်က တကယ်သဘောကောင်းတာပါ။ သူ့ကို တောင်းပန်လိုက်ပါနော်။"

ယွမ်စန်းနျန်ကျစ်က သူ(မ)၏ဂုဏ်သိက္ခာကြောင့် အလျှော့မပေးလိုဘဲ ရှောက်ယွိကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"နင်က သာမန်ပြည်သူတစ်ယောက်ပဲ။ ဘယ်လိုဖြစ်လို့ ဒီလောက် မောက်မာနေရတာလဲ။ ကျင်းအိမ်တော်ကနေ ခြေတစ်လှမ်းထွက်လိုက်တာနဲ့ နင် မကြောက်—"

"ဘာကို ကြောက်ရမှာလဲ။ သူ့ကို ဘယ်သူထိရဲလဲဆိုတာ ငါ သိချင်မိသားပဲ!"

သခင်ကြီးယွမ်၏အသံက ဟိန်းခနဲ ထွက်ပေါ်လာခဲ့သည်။

ရှောက်ယွိနှင့် အခြားသူများ လှည့်ကြည့်လိုက်သောအခါ သခင်ကြီးယွမ်သာမက အခြားလူများကိုပါ တွေ့လိုက်ရသည်။

ရှန်းချွင်းက တီးတိုးပြောလိုက်၏။

"ဖူးရန်၊ သခင်ကြီးယွမ်လည်း ရောက်လာပါပြီ။"

ယွမ်စန်းနျန်ကျစ်မှာ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

သခင်ကြီးယွမ်နှင့် ထျန်းယွမ်ဝေ့တို့က ထိုနေရာကိုရောက်နေသည်မှာ ကြာပြီဖြစ်ပြီး ရှောက်ယွိနှင့် ယွမ်စန်းနျန်ကျစ်တို့၏ စကားများကို ကြားခဲ့ကြသည်။ သခင်ကြီးယွမ်က ရှောက်ယွိ၏သတ္တိကို ချီးကျူးမိသလို ယွမ်စန်းနျန်ကျစ်၏ စိတ်သဘောထားကျဉ်းမြောင်းမှုကြောင့် ဒေါသထွက်နေခဲ့၏။ သူက ထျန်းယွမ်ဝေ့ဘက်သို့ လှည့်ကာ တောင်းပန်လိုက်သည်၊

"ထျန်းယွမ်ဝေ့၊ ကျုပ်တူမကို ကြည့်လိုက်ပါဦးဗျာ။"

"အခု သူ(မ)က ကျုပ်တို့ထျန်းမိသားစုရဲ့ ချွေးမဖြစ်နေပါပြီ။ ဒါ ကျုပ်တို့ရဲ့ဆိုဆုံးမမှု အားနည်းခဲ့လို့ပါ။"

ထျန်းယွမ်ဝေ့က အားတုံ့အားနာဖြင့် ပြောလိုက်ပြီးနောက် မည်းမှောင်နေသောအမူအရာဖြင့် ယွီစန်းနျန်ကျစ်ကို ပြောလိုက်သည်။

"ထျန်းဖူးရန်၊ ဒီကနေ့ ငါသာ ဒီနားကဖြတ်မလာရင် မင်းရဲ့အပြုအမူတွေကို သိမှာမဟုတ်ဘူး။ မင်း... ဒီနေ့ကစပြီး ထျန်းလျို့ကို နို့ထိန်းဆီမှာပဲ ထားလိုက်တော့။"

"အဖေ!"

ယွမ်စန်းနျန်ကျစ်မှာ ထိတ်လန့်သွားလေ၏။

"ထျန်းလျို့က လေးနှစ်ပဲရှိပါသေးတယ်။"

"လေးနှစ်သားတောင် သူ့အမှားကို ပြင်ရမှန်းသိပေမဲ့ မင်းကတော့ တခြားသူတွေကို အနိုင်ကျင့်ဖို့ပဲသိတယ်။ မင်းက ဘယ်လိုလုပ်ပြီး မိခင်တာဝန်ကို ကျေပွန်မှာလဲ။ ငါတို့ထျန်းမိသားစုက မင်းလို ရိုင်းရိုင်းစိုင်းစိုင်းပြောတတ်တဲ့သူကို လက်မခံနိုင်ဘူး။"

ထျန်းယွမ်ဝေ့က ဒေါသကိုအတော်ထိန်းကာ ပြောလိုက်သည်။

သခင်ကြီးယွမ်ကလည်း အမိန့်ပေးလိုက်၏။

"ခုချက်ချင်း တောင်းပန်လိုက်။"

သူ(မ)၏သားမှာ သူ(မ)၏အသက်ဖြစ်သောကြောင့် ယွမ်စန်းနျန်ကျစ်က မင်ဟယ်ကို အမြန်တောင်းပန်လိုက်တော့သည်။

"သခင်လေးမင်၊ ငါ မှားသွားတဲ့အတွက် တောင်းပန်ပါတယ်။ မင်းကို အဲ့လိုမပြောခဲ့သင့်သလို မောင်းလည်း မောင်းမထုတ်ခဲ့သင့်ပါဘူး။"

မင်ဟယ်က ရှောက်ယွိကိုမော့ကြည့်ကာ ခေါ်လိုက်၏။

"ဦးငယ်။"

ရှောက်ယွိက မင်ဟယ်ကို ပြုံးပြလိုက်သည်။

"မင်ဟယ် သူ(မ)ကို ခွင့်လွှတ်လား။ သူ(မ)ကို မင်းကိုယ်တိုင်ပဲ ပြောလိုက်လေ။"

မင်ဟယ်က ခေါင်းညိတ်လိုက်ပြီး ယွမ်စန်းနျန်ကျစ်ကို ကြည့်ကာ မေးလိုက်သည်။

"နောက်ဆိုရင် တခြားလူတွေကို သူတောင်းစားလေးလို့ ထပ်ခေါ်ဦးမှာလား။"

ယွမ်စန်းနျန်ကျစ်က အလျင်အမြန် ခေါင်းယမ်းပြလိုက်၏။

"ဟင့်အင်း၊ ဘယ်တော့မှ မခေါ်တော့ပါဘူး။"

"ပြီးတော့ တခြားကလေးတွေကိုရော အနိုင်ကျင့်ဦးမှာလား။"

"ငါ ကျိန်ဆိုပါတယ်၊ နောက်နောင် ဘယ်တော့မှ အနိုင်မကျင့်တော့ပါဘူး။"

"အဲ့ဒါဆို ကျွန်တော် ခွင့်လွှတ်ပါတယ်။"

မင်ဟယ်က ပြောလိုက်သည်။

ရှန်းချွင်းကလည်း လာရောက်တောင်းပန်သဖြင့် မင်ဟယ်က လက်ခံပေးလိုက်သည်။

ယွမ်စန်းနျန်ကျစ်က ဒူးထောက်ကာ ထျန်းလျို့ကိုပွေ့ဖက်လိုက်၏။ ထို့နောက် သူ(မ)က ထျန်းယွမ်ဝေ့ကိုမော့ကြည့်ကာ သူ(မ)ကိုယ်သူ(မ) ပြုပြင်ပါမည်ဟု ကတိပေးလျက် ထျန်းလျို့ကို သူ(မ)နှင့်မခွဲရန် တောင်းပန်ခဲ့သည်။

ထျန်းလျို့ကလည်း သူ့အမေနှင့်မခွဲချင်သဖြင့် လိုက်ငိုခဲ့လေသည်။

ထျန်းယွမ်ဝေ့က ဒေါသမပြေသေးသဖြင့် ၎င်းတို့ကိုမကြည့်ဘဲ သူ၏အကြည့်များက မင်ဟယ်ဆီသို့ ကျရောက်လာခဲ့သည်။

မင်ဟယ်က ထျန်းယွမ်ဝေ့သည် သူ့အမြင်ကို တောင်းနေသည်ဟု ထင်လိုက်သဖြင့် ကလေးအသံလေးဖြင့် ပြောလိုက်၏။

"ဖိုးဖိုး၊ ကြည့်ပါဦး၊ သူ(မ)က သူ(မ)ရဲ့အမှားကို သိသွားပြီး ငိုနေပါတယ်၊ ထျန်းလျို့လည်း ငိုနေပါတယ်။ သူ့ကို အရမ်းကြီးမဆူပါနဲ့တော့။ နောက်တစ်ခါ၊ သူ(မ) နောက်တစ်ခါထပ်လုပ်ရင် အဲ့ကျမှ ဖိုးဖိုးက အပြစ်ပေးလိုက်လေ။"

ယင်းက ယခုတစ်ကြိမ်တော့ ခွင့်လွှတ်ပေးရန် ပြောလိုက်ခြင်းပင်။

ထျန်းယွမ်ဝေ့က ကလေးငယ်၏စိတ်သဘောထားကြီးမှုကို မယုံနိုင်ဘဲ မင်ဟယ်ကို အံ့ဩတကြီးကြည့်နေခဲ့မိသည်။

သခင်ကြီးယွမ်ကလည်း အံ့အားသင့်သွားခဲ့၏။

ရှောက်ယွိတစ်ယောက် ရုတ်တရက်ဆိုသလို 'ဧကရာဇ်၏အိပ်မက်' ဟူသောစာအုပ်ကို သတိရသွားခဲ့သည်။ ထိုစာအုပ်ထဲ၌ မင်ဟယ်က နောင်တစ်ချိန်မှာ သာ့ကျင့်ပြည်၏ အမတ်ချုပ်ဖြစ်လာမည်ဖြစ်ပြီး 'အမတ်ချုပ်၏နှလုံးသားက လှေတစ်စင်းရွက်လွှင့်နိုင်လောက်အောင် ကျယ်ပြောလှသည်' ဆိုသော စကားများနှင့်အညီ စိတ်သဘောထားကြီးမားသူ ဖြစ်လာလိမ့်မည်။

ယခုလိုသုံးနှစ်သားအရွယ်မှာတင် ထိုကဲ့သို့စိတ်သဘောထားကြီးမှုမျိုးကို တွေ့လိုက်ရသည်က အမှန်တကယ်ကို ချီးကျူးစရာပင်။

ယွမ်စန်းနျန်ကျစ်မှာလည်း သူ(မ)မျက်လုံးများကို မယုံကြည်နိုင်ဘဲ မင်ဟယ်ကို ငေးကြည့်နေခဲ့မိ၏။ သူ(မ)က သူ့ကို ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့သော်လည်း ယခု သူက သူ(မ)အတွက် ပြောပေးနေခဲ့သည်။ အရှက်တရား၊ အပြစ်ရှိစိတ်နှင့် နောင်တများက သူ(မ)ရင်ထဲမှာ လှိုင်းလုံးကြီးများကဲ့သို့ ထိုးတက်လာခဲ့ပြီး မင်ဟယ်ကို ဒုတိယအကြိမ် စိတ်ရင်းမှန်ဖြင့်တောင်းပန်လိုက်တော့သည်။

ရှန်းချွင်းကလည်း ထပ်ပြီးတောင်းပန်ခဲ့လေ၏။

ယွမ်စန်းနျန်ကျစ်၏ စစ်မှန်သောနောင်တကို မြင်လိုက်ရသလို မင်ဟယ်၊ သခင်ကြီးယွမ်နှင့် ရှောက်ယွိတို့ကပါ ကူပြောခဲ့ကြသဖြင့် ထျန်းယွမ်ဝေ့က သူ(မ)ကို ပြောလိုက်သည်။

"ကြည့်လိုက်စမ်း၊ သုံးနှစ်သားလေးကတောင် မင်းထက်ပိုပြီး သိတတ်သေးတယ်။ ကောင်းပြီ၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်၊ နောက်တစ်ကြိမ် ထပ်မရှိစေနဲ့!"

"ဟုတ်ကဲ့ပါ။"

ယွမ်စန်းနျန်ကျစ်က ဝမ်းသာအားရဖြင့် ကတိပေးလိုက်သည်။

ထျန်းယွမ်ဝေ့ကလည်း ရှောက်ယွိနှင့် မင်ဟယ်ကို တောင်းပန်ခဲ့၏။

ထို့နောက် သခင်ကြီးယွမ်က ပြုံးကာ မေးလာခဲ့သည်။

"ရှောက်ယွိ၊ မင်းက ဘယ်လိုဖြစ်လို့ ထျန်းဖူးရန်နဲ့ အချေအတင်ပြောရဲရတာလဲ။"

ပုံမှန်အားဖြင့် နိမ့်ကျသောအလုပ်သမားတစ်ယောက်က အနိုင်ကျင့်ခံရလျှင် ငြိမ်ခံနေတတ်ကြသည်။ ရှောက်ယွိကဲ့သို့ ၎င်းတို့၏အလုပ်ရှင်များကို ခွန်းတုံ့မပြန်ရဲကြပေ။

ရှောက်ယွိက အရိုးသားဆုံးပြောလိုက်လေ၏။

"သခင်ကြီးယွမ်ကြောင့်ပါ။"

"ငါ့ကြောင့်?"

သခင်ကြီးယွမ်က အံ့အားသင့်သွားလေ၏။

"သခင်ကြီးယွမ်က ကြင်နာတတ်ပြီး ရိုးသားတဲ့သူတစ်ယောက်ပါ။ သခင်ကြီးရဲ့ဘေးနားမှာ ရှိနေတဲ့သူတွေကလည်း သခင်ကြီးလိုပဲဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တဲ့အတွက်ကြောင့် ကျွန်တော် ရဲရဲဝံ့ဝံ့ပြောရဲခဲ့တာပါ။ သခင်ကြီးက ကျွန်တော့်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာကြောင့်ပါ။"

အစေခံအမျိုးသမီးဖြစ်သူ ရှောင်ဖန်းကတောင် သခင်ကြီးယွမ်ကို ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်သလို ထျန်းဖူးရန်တို့နှင့် အချေအတင်ပြောရဲသည်ကို ကြည့်ခြင်းအားဖြင့် သခင်ကြီးယွမ်က ဖြောင့်မတ်ပြီး သဘောထားကြီးသူဖြစ်ကြောင်း သိသာပေ၏။ ထို့ကြောင့် ရှောက်ယွိက ထျန်းဖူးရန်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ မင်ဟယ်အတွက် တရားမျှတမှုရရန် အခြားနည်းလမ်းတစ်ခုကို ရှာရပေလိမ့်မည်။

သခင်ကြီးယွမ်က ထိုစကားကိုကြားလိုက်ရသဖြင့် အလွန်ကျေနပ်သွားခဲ့ပြီး ရှောက်ယွိ၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။

"ကောင်းတယ်၊ မင်းလုပ်လိုက်တာ မှန်တယ်!"

ထျန်းယွမ်ဝေ့ကလည်း ရှောက်ယွိကို လေးစားသော အကြည့်ဖြင့် ကြည့်လာခဲ့၏။

"ဒီလောက်တော်တဲ့ကလေးကို ပျိုးထောင်ပေးနိုင်တာ မထူးဆန်းတော့ပါဘူး။"

မင်ဟယ်က ပျော်လည်းပျော်၊ ရှက်လည်းရှက်သွားဖြင့် ရှောက်ယွိကိုမှီလိုက်သည်။

ရှောက်ယွိက မင်ဟယ်ကိုဖက်လိုက်ပြီး ပြုံးပြလိုက်လေ၏။

သခင်ကြီးယွမ်နှင့် သခင်ကြီးထျန်းတို့က စကားအနည်းငယ်ပြောဆိုပြီးနောက် ထွက်ခွာသွားခဲ့ကြသည်။

ရှောက်ယွိကလည်း မင်ဟယ့်လက်ကိုတွဲကာပြန်ရန် ပြင်လိုက်စဉ် ရုတ်တရက်ဆိုသလို ထျန်းဖူးရန်က ခေါ်လာခဲ့၏။

"လူကြီးမင်းရှောက်၊ မင်ဟယ်။"

တူဝရီးနှစ်ယောက်က ရပ်တန့်ကာ လှည့်ကြည့်လိုက်ကြသည်။

ထိုစဉ် ကျင်းသာ့ပေါင်က ပြေးလာပြီး လက်သီးဆုပ်ကာ ထျန်းဖူးရန်ကို ဒေါသတကြီးပြောလိုက်သည်။

"ဒေါ်လေး၊ နောက်တစ်ခါ မင်ဟယ်ကို ထပ်အနိုင်ကျင့်ရင် ကျွန်တော် ဒေါ်လေးအပေါ် ကောင်းပေးတော့မှာမဟုတ်ဘူးနော်! ထျန်းလျို့လည်း အတူတူပဲ!"

ရှောင်ဖန်းမှာ နားမလည်နိုင်ဘဲ မေးလိုက်လေ၏။

"သခင်လေး၊ ဘာဖြစ်လို့ အခုမှ ရုတ်တရက်ကြီးပြေးလာရတာလဲ။"

ကျင်းသာ့ပေါင်က ခပ်တည်တည်ဖြင့် ပြောလာခဲ့သည်။

"စောစောက၊ စောစောက အားလုံး ဘာတွေလုပ်နေမှန်း ကျွန်တော်မှမသိတာ!"

ဆိုလိုသည်မှာ ထင်ရာစိုင်းတတ်သော ကျင်းသာ့ပေါင်က ရုတ်တရက်ကြီး လိမ္မာရေးခြားရှိကာ တိတ်တိတ်လေးနေခဲ့ခြင်းမဟုတ်ဘဲ အခြေအနေကိုနားမလည်သောကြောင့်သာ ငြိမ်နေခဲ့ခြင်းဖြစ်၏။ ယခု အခြေအနေကို သဘောပေါက်သွားမှ သူငယ်ချင်းအတွက် လာရောက် ကာကွယ်ပေးခြင်းပင်။

ရှောက်ယွိတစ်ယောက် မျက်နှာကို လက်ဖြင့်အုပ်လိုက်မိသည်။

ထျန်းဖူးရန်က မတ်တတ်ရပ်ကာ ထျန်းလျို့၏လက်ကို ဆုပ်ကိုင်လျက် ရှောက်ယွိနှင့် မင်ဟယ်ကို ပြောလာခဲ့သည်။

"ကျွန်မအတွက် ပြောပေးခဲ့လို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။"

[T/N: အခုမှ ကျွန်မလို့ သုံးတာပါနော်။]

"ရပါတယ်၊ အားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ။"

ရှောက်ယွိက ပြန်ပြောကာ မင်ဟယ်၏လက်ကိုဆွဲ၍ ပြောလိုက်သည်။

"မင်ဟယ်၊ စားဖိုဆောင်ကို သွားကြစို့။"

ကျင်းသာ့ပေါင်က မင်ဟယ့်ဘေးသို့ ပြေးလာပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"မင်ဟယ်၊ ငါလည်း လိုက်ခဲ့မယ်။"

ရှောင်ဖန်းကလည်း အနောက်ကနေ လိုက်သွားခဲ့၏။

၎င်းတို့ လျှောက်သွားနေစဉ် အနောက်ဘက်မှ ထျန်းလျို့၏အော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

"မင်ဟယ်၊ ငါလည်း မင်းနဲ့ အတူတူ ကစားလို့ရမလား။"

မင်ဟယ်က လှည့်ကြည့်လိုက်သည်။

ထျန်းလျို့က မျှော်လင့်နေသောမျက်လုံးလေးများဖြင့် မင်ဟယ်ကို ကြည့်နေခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment