no

Font
Theme

အပိုင်း (၁၆)

နောက်တစ်နေ့တွင် ပေါက်စီများရောင်းပြီးနောက် တူဝရီးနှစ်ယောက် ချင်းရှီမြို့ထဲသို့သွားကာ ရိက္ခာများ ဝယ်ယူခဲ့ကြသည်။ ၎င်းတို့တွေ သယ်ယူနိုင်သောပမာဏက ကန့်သတ်ချက်ရှိသဖြင့် တစ်နေ့ကို ၁၀ ကျင်း (၅ ကီလိုဂရမ်ခန့်) သာ ဝယ်ယူနိုင်ခဲ့ပြီး ဆန်အိုးကြီးကို အပြည့်ဖြည့်ရန် လေးငါးရက်လောက် အချိန်ယူခဲ့ရသည်။ ဆန်အိုးပြည့်သွားချိန်မှာတော့ ရှောက်ယွိ စိတ်အေးသွားခဲ့လေ၏။

သို့သော် ယင်းက မလုံလောက်သေးချေ။

လုံလောက်ဖို့ အဝေးကြီးလိုနေသေးသည်။

သူက အိုးကြီးအိုးငယ်များ၊ အသားများ၊ ပဲစိမ်းများ၊ မုန်လာဥများ၊ မုန်လာထုပ်များ၊ ချင်းများ၊ ဟင်းရွက်စိမ်းများ၊ ဆား၊ နာနတ်ပွင့်၊ ငရုတ်ကောင်း စသည်တို့ကိုလည်း ဆက်တိုက်ဝယ်ယူခဲ့သည်။ ဆောင်းတွင်းမတိုင်မီ နေရောင်ခြည်ကောင်းကောင်းရသည့်အချိန်ကို အသုံးချကာ ဆောင်းတွင်း၌ သူနှင့် မင်ဟယ်တို့ ဗိုက်မဆာစေရန် အသားခြောက်များ၊ ဟင်းရွက်ချဉ်များ၊ ဟင်းရွက်ခြောက်များနှင့် ကန်စွန်းဥခြောက်များကို တတ်နိုင်သမျှ များများပြင်ဆင်ထားခဲ့သည်။

ဆာလောင်မှုဒဏ်ကို ခံစားဖူးသော မင်ဟယ်ကလည်း အလွန်တက်ကြွစွာ ကူညီပေးခဲ့၏။

နေ့တိုင်းနေ့တိုင်း ပေါက်စီရောင်းပြီးသည်နှင့် တူဝရီးနှစ်ယောက်မှာ ဆောင်းတွင်းအတွက်ပြင်ဆင်မှုများနှင့် အလုပ်ရှုပ်နေကြတော့သည်။

အဖွားဟောက် အဝတ်အစားများလာပို့သောအခါ ခြံထဲမှာချိတ်ဆွဲထားသော အသားခြောက်များ၊ အိုးအမြောက်အမြားနှင့် ဟင်းရွက်ခြောက်တန်းနှစ်တန်းကို မြင်လိုက်ရပြီး အံ့ဩသွားခဲ့သည်။

"ရှောက်ယွိ၊ ဒါတွေအားလုံး မင်းလုပ်ထားတာလား။"

"ဆောင်းတွင်းအတွက် ပြင်ဆင်ဖို့ မင်ဟယ်နဲ့ ကျွန်တော် အတူတူလုပ်ထားတာပါ။"

ရှောက်ယွိက အသားခြောက်တစ်မြောင်းကို ချက်ချင်းဖြုတ်ယူကာ အဖွားဟောက်ကို ပေးလိုက်သည်။

"ဒေါ်လေး၊ ဒါ ဒေါ်လေးအတွက်ပါ။"

"ဒါက အဖိုးတန်လွန်းတယ်၊ ငါ လက်မခံနိုင်ဘူး!"

အဖွားဟောက်က ငြင်းဆိုခဲ့သည်။

"ဖွားဖွားဟောက်၊ ကျွန်တော်တို့ ဘယ်လောက်တောင် လုပ်ထားလဲဆိုတာ ကြည့်ပါဦး။"

မင်ဟယ်က ခြံထဲသို့ညွှန်ပြကာ ပြောလိုက်၏။

"ဟုတ်ပါတယ်။ ကျွန်တော်တို့က အများကြီးလုပ်ထားတာဆိုတော့ ကုန်အောင်တောင် စားနိုင်မှာမဟုတ်ဘူးရယ်။ ဒေါ်လေးက ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့တာလေ၊ ဒါကို ကျွန်တော်တို့ရဲ့ ကျေးဇူးတုံ့ပြန်မှုလို့ပဲ သဘောထားပေးပါ။"

'ဧကရာဇ်၏အိပ်မက်' စာအုပ်ထဲ၌ အဖွားဟောက်ဟုခေါ်သော ဇာတ်ကောင်အကြောင်း မပါသော်လည်း ရှောက်ယွိ ဤနေရာသို့ရောက်လာကတည်းက သူ(မ)ဆီကနေ အကူအညီများစွာ လက်ခံရရှိခဲ့သည်။

ဥပမာအားဖြင့် ပေါက်စီလုပ်နည်း၊ တဆေးပြင်ဆင်နည်း၊ အဝတ်ချုပ်ပေးခြင်းနှင့် စောင်ချုပ်ပေးခြင်းတို့မှာ ရှောက်ယွိနှင့် မင်ဟယ်တို့က အခကြေးငွေပေးခဲ့သော်လည်း အဖွားဟောက် စေတနာပါသောအကူအညီနှင့်တော့ မလဲနိုင်ပေ။ အထူးသဖြင့် ၎င်းတို့က ဆင်းရဲမှန်းသိသဖြင့် သူ(မ)က အားလုံးကို အထူးဂရုစိုက်ပေးခဲ့သည်။

ရှောက်ယွိရော မင်ဟယ်ကပါ အဖွားဟောက်ကို အမြဲ ကျေးဇူးတင်နေခဲ့ကြ၏။

အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီးနောက်မှာတော့ အဖွားဟောက်မှာ အသားခြောက်ကို လက်ခံလိုက်ရတော့သည်။ ထို့နောက် ရှောက်ယွိနှင့် မင်ဟယ်တို့ကို အဝတ်အစားများ စမ်းဝတ်ကြည့်ခိုင်းကာ ကွက်တိကျ၊ မကျ စစ်ဆေးပေးခဲ့သည်။ ၎င်းနောက်မှာတော့ သူ(မ)က ဟင်းသီးဟင်းရွက်များကို အချဉ်တည်နည်းအချို့အား ရှောက်ယွိကို သင်ကြားပေးခဲ့ပြီး တိုးတိုးတိတ်တိတ် သတိပေးလိုက်၏။

"မင်းတို့မှာ ပိုက်ဆံရှိတာကို မကြွားဝါကြနဲ့။ မင်းတို့ရှာထားတဲ့ငွေလေးက မင်းတို့အတွက်ပဲလောက်ငှမှာ။ တိုးတိုးတိတ်တိတ်နေကြ။ အချဉ်တည်ထားတဲ့အိုးတွေနဲ့ ဟင်းရွက်ခြောက်တွေကို ထုတ်ထားတာက ကိစ္စမရှိပေမဲ့ အသားခြောက်တွေကိုတော့ သူများတွေမမြင်အောင် အောက်ကိုနှိမ့်ပြီး ချိတ်ထားဦး။"

"ကျင်းရှို့ရွာကလူတိုင်း အသားခြောက်လုပ်ကြတာပဲလေ။"

ရှောက်ယွိက မှတ်ချက်ပေးလိုက်သည်။

"ဂရုစိုက်တာကတော့ အကောင်းဆုံးပေါ့ကွယ်။"

"ဟုတ်ကဲ့ပါ။"

ရှောက်ယွိက နာခံမှုရှိသည်ကို မြင်လိုက်ရသောအခါ အဖွားဟောက်က ပြုံးလိုက်သည်။ ထို့နောက် ရုတ်တရက် မေးလာခဲ့၏။

"ကန်စွန်းဥတွေကိုရော ပြင်ဆင်ပြီးပြီလား။"

"ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အများကြီးဝယ်ထားပါတယ်။"

ရှောက်ယွိက ပြန်ဖြေလိုက်၏။

အဖွားဟောက်က ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါတွေကို သန့်နေအောင်ဆေး၊ ပါးပါးလေးတွေလှီးပြီး နေပူလှန်း၊ ပြီးရင် ဝါးခြင်းတောင်းတွေထဲမှာ ထည့်သိမ်းထား။ အဲ့ဒါကို ထုတ်တန်းတွေမှာချိတ်ထားရင် တစ်နှစ်ပတ်လုံး ခံတယ်။ ဆန်ပြုတ်ထဲ ထည့်စားမလား၊ စွပ်ပြုတ်ထဲ ထည့်စားမလား၊ ဒါမှမဟုတ် ပြန်ပေါင်းစားမလား၊ အကုန်အဆင်ပြေတယ်။ သူတို့က ဗိုက်လည်းပြည့်သလို အနည်းဆုံး တစ်နှစ်ကတော့ခံတယ်။"

"ဟုတ်၊ ကျွန်တော်တို့လည်း အဲ့လိုလုပ်ဖို့ စိတ်ကူးထားပါတယ်။"

"အကူအညီလိုသေးလား။"

ရှောက်ယွိက အမြန်တုံ့ပြန်လိုက်သည်။

"မလိုပါဘူး၊ မလိုပါဘူး။ ကျွန်တော်တို့က အားနေတော့ ကိုယ်တိုင်ပဲ လုပ်လိုက်ပါ့မယ်။"

"ဟုတ်ပါပြီ။ ကောက်ပဲသီးနှံတွေ များများစုဆောင်းထားရင် မင်းတို့ ဗိုက်ဆာမှာမဟုတ်တော့ဘူး။"

အဖွားဟောက်က ရှောက်ယွိ၏ပခုံးကိုပုတ်ကာ ဂရုဏာအသံဖြင့် ပြောလိုက်သည်။

"မင်းကိုယ်တိုင်ကလည်း လူငယ်လေးတစ်ယောက်ပဲ ရှိသေးတာကို မိဘမရှိ၊ မောင်နှမမရှိ၊ ဆွေမျိုးမရှိဘဲ သုံးနှစ်သားကလေးတစ်ယောက်ကို စောင့်ရှောက်ပေးနေရတာပဲ။ စိတ်မကောင်းလိုက်တာကွယ်။"

"အဆင်ပြေပါတယ် ဒေါ်လေးရဲ့။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်နိုင်ပါတယ်။"

"အေးပါကွယ်၊ အေးပါ၊ လိုအပ်တာရှိရင် ငါ့ကိုပြောနော်။"

အဖွားဟောက်က စကားအနည်းငယ် ထပ်ပြောပြီးနောက် အသားခြောက်ကိုယူဆောင်ကာ ခြံဝင်းထဲကနေ ထွက်ခွာသွားခဲ့သည်။

မင်ဟယ်က အဝတ်အစားများကို ပြန်ချွတ်လိုက်၏။

"ဝတ်မထားတော့ဘူးလား။"

ရှောက်ယွိက မေးလိုက်သည်။

"ခဏနေကျရင် အလုပ်လုပ်ရမှာဆိုတော့ အဝတ်အစားအသစ်တွေ ပေသွားမှာစိုးလို့ပါ။"

"အဲ့ဒါလည်း ဟုတ်သားပဲ။"

နှစ်ဦးသား အဝတ်အစားအသစ်များကို ချွတ်လိုက်ကြပြီး သစ်သားဇလုံကြီးရှေ့မှာ ဆောင့်ကြောင့်ထိုင်ကာ ကန်စွန်းဥများကို အတူတူ ဆေးကြောခဲ့ကြ၏။ ထို့နောက် ရှောက်ယွိက ခြံထဲမှာထိုင်ကာ ကန်စွန်းဥများကို ပါးပါးလှီးနေပြီး မင်ဟယ်က ထိုအချပ်များကို နေပူထဲမှာ လှန်းပေးနေခဲ့သည်။

တူဝရီးနှစ်ယောက်က စနစ်တကျ အလုပ်လုပ်ခဲ့ကြသည်။

များမကြာမီ သစ်သားဇလုံကြီးထဲမှာ ပါးပါးလှီးထားသော ကန်စွန်းဥအချပ်များဖြင့် ပြည့်သွားတော့၏။

မင်ဟယ်က စိတ်ပျက်စွာဖြင့် ခြေထောက်လေးတစ်ဖက်ကို ဆောင့်လိုက်သည်။

"သားက အရမ်းနှေးတာပဲ! လှန်းလို့ မနိုင်တော့ဘူး။"

"ဖြည်းဖြည်းလုပ်ပါ၊ ခဏနေကျရင် ဦးငယ်ကူပေးမယ်။"

ရှောက်ယွိက ပြုံးလျက် ပြောလိုက်သည်။

ထိုစဉ် ရုတ်တရက် အသံတစ်သံထွက်ပေါ်လာခဲ့သည်။

"မင်ဟယ်!"

ရှောက်ယွိနှင့် မင်ဟယ်တို့ လှည့်ကြည့်လိုက်ရာ ကျင်းသာ့ပေါင်၊ ထျန်းလျို့နှင့် သခင်ကြီးယွမ်တို့ကို ခြံဝင်းတံခါးဝမှာ တွေ့လိုက်ရသဖြင့် နှစ်ယောက်စလုံး အလွန်အံ့ဩသွားခဲ့ကြသည်။

"မင်ဟယ်!"

ထျန်းလျို့က လှမ်းခေါ်လာခဲ့သည်။

ကျင်းသာ့ပေါင်က မျက်လုံးအဝိုင်းသားဖြင့် ပြောလာ၏။

"မင်ဟယ်၊ မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်ထိတောင် ဝလာရတာလဲ!"

ထျန်းအိမ်တော်၌ ၎င်းတို့တွေလမ်းခွဲခဲ့သည်မှာ လဝက်ခန့်ရှိပြီဖြစ်၏။ ဤရက်ပိုင်းအတွင်း မင်ဟယ်က သိသိသာသာဝလာကြောင်း မြင်လိုက်ရသဖြင့် ကျင်းသာ့ပေါင်တစ်ယောက် အံ့ဩသွားခဲ့သည်။

မင်ဟယ်က ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်သည်။

"ငါက အများကြီးစားလို့ ဝလာတာလေ!"

ကျင်းသာ့ပေါင်က စိတ်လှုပ်ရှားစွာပြေးလာပြီး မင်ဟယ်၏ ဝိုင်းစက်နေသောမျက်နှာလေးကို သူ၏ဖောင်းအိနေသောလက်ကလေးများဖြင့် အုပ်ကိုင်လိုက်သည်။

"မင်းမျက်နှာက ပိုကြီးလာတာပဲ။"

"ငါ့ကိုလွှတ်ဦး။"

မင်ဟယ်က ပြောလိုက်သည်။

ကျင်းသာ့ပေါင်က လွှတ်မပေးခဲ့ချေ။

"မင်း တကယ်ကြီးဝလာတာပဲ။"

"လွှတ်၊ လွှတ်၊ မင်းက ငါ့မျက်လုံးတွေကို ထိုးမိနေပြီ!"

မင်ဟယ်၏ လက်ဖောင်းဖောင်းလေးနှစ်ဖက်မှာ ကန်စွန်းဥအချပ်များရှိနေသဖြင့် ကျင်းသာ့ပေါင်ကိုတွန်းထုတ်ရန် လက်မအားဘဲဖြစ်နေ၏။

ကံကောင်းစွာဖြင့် ကျင်းသာ့ပေါင်က နောက်ဆုံးမှာတော့ လွှတ်ပေးခဲ့သည်။

ထျန်းလျို့ကလည်း အနားရောက်လာပြီး မှတ်ချက်ပေးခဲ့သည်။

"မင်ဟယ်၊ မင်းက တကယ်ဝလာတာပဲ!"

"ဟုတ်တယ်၊ ငါ့ဦးငယ်က ငါ့ကို ကောင်းကောင်းကျွေးထားတာလေ!"

မင်ဟယ်က ဂုဏ်ယူစွာဖြင့် ကြေညာမောင်းခတ်လိုက်သည်။

"မင်းရဲ့ဦးငယ်က မင်းကို တကယ်ကြီး ကောင်းကောင်း ပျိုးထောင်ပေးထားတာပဲ။"

ကျင်းအိမ်တော်၌ ကြီးပြင်းလာပြီး ရုပ်ရည်ကြည့်ကောင်းသော ကလေးများစွာကို မြင်ဖူးခဲ့သော်လည်း ကျင်းသာ့ပေါင်တစ်ယောက်ကတော့ ဝဝကစ်ကစ်ဖြစ်လာသော မင်ဟယ့်ကို အချောဆုံးဟု ထင်နေခဲ့သည်။

"ငါ့ဦးငယ်က အချောဆုံးပဲ!"

မင်ဟယ်က ယုံကြည်ချက်ရှိစွာ ကြွေးကြော်လိုက်သည်။

"ဟုတ်တယ်!"

ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က တညီတညွတ်တည်း ထောက်ခံခဲ့ကြ၏။ ထို့နောက် မင်ဟယ့်လက်ထဲမှ ကန်စွန်းဥအချပ်များကို သတိပြုမိလိုက်ကြပြီး ကျင်းသာ့ပေါင်က မေးလိုက်သည်။

"မင်းလက်ထဲက ဘာတွေလဲ။"

"ကန်စွန်းဥအချပ်တွေလေ။ ဒါတွေ ခြောက်သွားပြီဆိုရင် သိမ်းထားပြီး တစ်နှစ်လုံးစားလို့ရတယ်။"

မင်ဟယ်က ရှင်းပြလိုက်သည်။

"ဝါး၊ မိုက်လိုက်တာ!"

တစ်နှစ်လုံးစားလို့ရသည်ဟု ကြားလိုက်ရသဖြင့် ထျန်းလျို့က အထင်ကြီးသွားခဲ့သည်။

"မင်းက အဲ့ဒါတွေကို ဘာလုပ်နေတာလဲ။"

ကျင်းသာ့ပေါင်က မေးလိုက်ပြန်သည်။

မင်ဟယ်က သစ်သားဇလုံကြီးကို ညွှန်ပြကာ ပြောလိုက်သည်။

"ဒီကန်းစွန်းဥအချပ်တွေကို ယူပြီး နေပူထဲမှာ လှန်းရမှာ။"

"ငါတို့ ကူပေးမယ်!"

ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က တစ်ပြိုင်နက်တည်း ကမ်းလှမ်းလာခဲ့ကြသည်။

"ကောင်းပြီလေ။"

မင်ဟယ်တစ်ယောက် သူ နှေးကွေးနေသည်ကို စိုးရိမ်နေခဲ့ပြီး ယခု စိတ်သက်သာရာရသွားခဲ့သည်။

ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က သစ်သားဇလုံကြီးဆီ ပြေးသွာခဲ့ကြပြီး ကန်စွန်းဥအချပ်များကို လက်တစ်ဆုပ်စာစီ ယူလိုက်ကြသည်။ ထို့နောက် ကျက်သရေရှိသော နတ်သမီးလေးများ ပန်းကြဲနေသကဲ့သို့ ကန်စွန်းဥအချပ်များကို နေပူရာနေရာများဆီသို့ လိုက်ကြဲနေခဲ့ကြသည်။ ဤသို့ဖြင့် ကန်စွန်းဥအချပ်များမှာ မြေပြင်ပေါ် ပွစာကြဲကုန်တော့၏။

မင်ဟယ်: "..."

စကားပြောနေသော ရှောက်ယွိနှင့် သခင်ကြီးယွမ်: "..."

"ပျော်စရာကြီးဟေ့!"

ကျင်းသာ့ပေါင်က ဝမ်းသာအားရဖြင့် အော်လိုက်သည်။

ထျန်းလျို့ကလည်း အကြံပြုလိုက်သည်။

"ငါတို့ မင်ဟယ်ကို ဆက်ကူပေးရအောင်။"

"အေး!"

ကလေးနှစ်ယောက်က ကုန်းကုန်းကွကွဖြင့် ကန်စွန်းဥအချပ်များကို နှိုက်ယူခဲ့ကြသည်။

"ဟင့်အင်း၊ မလုပ်နဲ့တော့!"

မင်ဟယ်က ၎င်းတို့ကိုတားရန် ကမန်းကတန်းပြေးသွားစဉ် ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့ထဲက တစ်ယောက်ယောက်ကြဲထားသော ကန်စွန်းဥအချပ်ကို မမြင်လိုက်ပေ။ သူက ထိုကန်စွန်းဥအချပ်ကို တက်နင်းမိကာ ခြေချော်သွားပြီး အရှိန်မထိန်းနိုင်ဘဲ ကောင်လေးနှစ်ယောက်ပေါ်သို့ မှောက်လျက်လဲကျသွားခဲ့၏။

ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့မှာ သစ်သားဇလုံကြီးထဲသို့ ခေါင်းစိုက်လျက် ကျသွားကြလေတော့သည်။

"သာ့ပေါင်! ထျန်းလျို့!"

ရှောက်ယွိနှင့် သခင်ကြီးယွမ်တို့က ပြိုင်တူအော်လိုက်ကြသည်။

၎င်းတို့တွေ ကူညီပေးရန် ရောက်မသွားခင်မှာပင် ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က အမြန်ကုန်းထလာကြပြီး မျက်နှာပေါ်မှ ကန်စွန်းဥအချပ်များကို ဖယ်ထုတ်လိုက်ကြ၏။

ကျင်းသာ့ပေါင်က စိတ်ဆိုးဆိုးဖြင့် စွပ်စွဲလိုက်သည်။

"ထျန်းလျို့! မင်း ငါ့ကို ဘာဖြစ်လို့တွန်းတာလဲ။"

"မင်းကမှ ငါ့ကိုတွန်းလိုက်တာလေ၊ မင်းက တော်တော်ဆိုးတာပဲ!"

ထျန်းလျို့ကလည်း အလားတူ စိတ်ဆိုးစွာဖြင့် ပြန်ပြောလိုက်သည်။

"မင်းက ငါ့ကို တွန်းတာပါဆို!"

"မဟုတ်ဘူး၊ မင်းက ငါ့ကို တွန်းတာ!"

ကလေးနှစ်ယောက်မှာ စကားစများခဲ့ကြ၏။

ရှောက်ယွိနှင့် သခင်ကြီးယွမ်တို့က မှင်တက်သွာခဲ့ကြသည်။

ထိုစဉ် မင်ဟယ်က သူ၏ဝဝကစ်ကစ်လက်ကလေးကို တုန်တုန်ယင်ယင်ဖြင့် မြှောက်ပြလိုက်သည်။

"ငါ... ငါ... ငါ တွန်းလိုက်မိတာပါ။"

ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က မင်ဟယ်ကို အံ့ဩတကြီး လှည့်ကြည့်လိုက်ကြလေသည်။

"မင်းက ငါတို့ကို တွန်းလိုက်တာ?"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment