no

Font
Theme

အပိုင်း (၁၀)

"ခြောက်ကျပ်ပေးမယ်။"

သခင်ကြီးယွမ်က ပျော့ပျောင်းစွာပြောလိုက်သည်။

"ဦးငယ်။"

မင်ဟယ်က တိုးတိုးလေးခေါ်လိုက်၏။

ရှောက်ယွိက မင်ဟယ် တစ်ခုခုပြောချင်နေမှန်း သတိပြုမိလိုက်သဖြင့် ကိုယ်ကိုကိုင်းညွတ်ကာ သူ၏နားကို မင်ဟယ့်ပါးစပ်နားသို့ တိုးကပ်ပေးလိုက်၏။

မင်ဟယ်က လက်သေးသေးလေးလေးဖြင့် သူ၏ပါးစပ်လေးကိုအုပ်ကာ တီးတိုးပြောလာခဲ့သည်။

"ဦးငယ်၊ ခြောက်ကျပ်က အများကြီးပဲနော်။"

သူက နေ့တိုင်းဆိုသလို ရှောက်ယွိနှင့်အတူ ကဗျာများနှင့် ဂဏန်းသင်္ချာများသင်ယူရုံသာမက ပေါက်စီရောင်းခြင်း၊ ဟင်းသီးဟင်းရွက်နှင့် အဝတ်စများဝယ်ခြင်းတို့၌ အမြဲလိုက်နေသဖြင့် ငွေခြောက်ကျပ်၏တန်ဖိုးကို ကောင်းကောင်းနားလည်နေပြီဖြစ်သည်။

"အင်း၊ အများကြီးပဲ။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို—"

ရှောက်ယွိက စကားဖြတ်ပြောလိုက်၏။

"ဒါဆို ဦးငယ် သွားကူညီပေးလိုက်မယ်လေ။"

မင်ဟယ်က ချက်ချင်း ဝင်ပြောခဲ့သည်။

"သားလည်းလိုက်ခဲ့မယ်နော်။"

"ဟုတ်ပါပြီ။"

သခင်ကြီးယွမ်က ရှောက်ယွိကို သူ့မြေးလေး၏မွေးနေ့ပွဲ၌ မုန့်များလုပ်ပေးရန် အမှန်တကယ်အလိုရှိနေ၏။ သူ၏မြေးလေးကလည်း မင်ဟယ်ကဲ့သို့ပင် ရှောက်ယွိ ၏လက်ရာကို သဘောကျနှစ်သက်လိမ့်မည်ဟု တွေးမိသောအခါ ရှောက်ယွိကို အိမ်တော်သို့ခေါ်ဆောင်သွားချင်စိတ်များ ပို၍ပြင်းပြလာခဲ့သည်။

"ရှောက်ယွိ၊ အခကြေးငွေက နည်းနေလို့လား။"

ရှောက်ယွိနှင့် မင်ဟယ်တို့ နှစ်ယောက်စလုံး ငြိမ်ကျသွားပြီး သခင်ကြီးယွမ်ကို လှည့်ကြည့်လိုက်ကြသည်။

"ဒါဆို ရှစ်ကျပ်ဆိုရင်ရော အဆင်ပြေမလား။"

သခင်ကြီးယွမ်က ထပ်ပြီး ဈေးတိုးပေးမည့်ပုံစံမျိုးဖြင့် အကဲခတ်ရင်း မေးလာခဲ့သည်။

"ပြေပါတယ်၊ ပြေပါတယ်။"

ရှောက်ယွိက ချက်ချင်းဆိုသလို ကိုယ်ကိုမတ်ကာ ပြောလိုက်လေသည်။

မင်ဟယ်ကလည်း ကလေးအသံလေးဖြင့် သံယောင်လိုက်ပြောခဲ့၏။

"ပြေပါတယ်၊ ပြေပါတယ်။"

"ဒါဆို သဘောတူပြီနော်?"

သခင်ကြီးယွမ်က မေးလာခဲ့သည်။

ငွေကြေးကို ထိုက်ထိုက်တန်တန်ပေးသရွေ့ ဘာမဆိုလုပ်နိုင်တာပဲ!

"ဟုတ်ကဲ့၊ သဘောတူပါတယ်။"

ရှောက်ယွိက ပြန်ဖြေလိုက်သည်။ ငွေရှစ်ကျပ်ဆိုလျှင် သူနှင့် မင်ဟယ်အတွက် ဂွမ်းကပ်စောင်အထူ၊ ဂွမ်းကပ်အနွေးထည်၊ ဂွမ်းကပ်ဖိနပ်နှင့် ထီးတို့ကို အေးအေးဆေးဆေးဝယ်လို့ရပေ၏။ ပေါက်စီများကို နွေးနေအောင်ဖုံးထားနိုင်သည့် စောင်လေးတစ်ထည်ကိုတောင် လုပ်နိုင်သေးသည်။

သခင်ကြီးယွမ်က မေးလာခဲ့သည်။

"ဒါဆို မနက်ဖြန် ငါ့သမီးရဲ့အိမ်ကို ဘယ်အချိန်လောက်လာခဲ့မလဲ။"

ရှောက်ယွိက သူ၏စီးပွားရေးလေးကို မထိခိုက်စေလိုသဖြင့် ယခုလိုပြန်ဖြေလိုက်၏။

"မနက်ဖြန်မနက် ပေါက်စီရောင်းပြီးတာနဲ့ လာခဲ့ပါ့မယ်။"

သခင်ကြီးယွမ်က သဘောတူလိုက်သည်။

"ကောင်းပြီ၊ မနက်ဖြန်ကျ ငါလည်း ပေါက်စီလာဝယ်ရင်း မင်းတို့ကို တစ်ခါတည်းခေါ်သွားပေးမယ်။"

"ကောင်းပါပြီ။"

"ဖိုးဖိုး၊ ကျွန်တော်လည်း လိုက်မှာနော်။"

ရှောက်ယွိမပြောခင်မှာပင် မင်ဟယ်က စိတ်အားထက်သန်စွာ ဝင်ပြောခဲ့လေ၏။

"ကျွန်တော်က ကျွန်တော့်ဦးငယ်နဲ့ တစ်သက်လုံး အတူတူနေချင်တာ။"

ရှောက်ယွိကလည်း ထပ်ဖြည့်ပြောလိုက်သည်။

"သခင်ကြီးယွမ်၊ ကျွန်တော် မင်ဟယ်ကိုပါ ခေါ်လာပါရစေ။ သူက လိမ္မာပါတယ်၊ အလုပ်ကို နှောင့်ယှက်မှာမဟုတ်ပါဘူး။"

ယခုအချိန်မှာ ရှောက်ယွိတစ်ယောက် ဘယ်သွားသွား မင်ဟယ်ကိုပါ သူနှင့်အတူခေါ်သွားချင်သည်။ မဟုတ်လျှင် သူ စိတ်အေးရမည်မဟုတ်။

သခင်ကြီးယွမ်က မင်ဟယ်လိမ္မာကြောင်း ကောင်းကောင်းကြီးသတိပြုမိရာ ပြန်ပြောလိုက်သည်။

"ရတာပေါ့။ အဲ့ဒီရောက်လို့ မင်းအလုပ်ရှုပ်နေတဲ့အခါကျ သူ့ကိုကြည့်ပေးဖို့ ရှောင်ဖန်းကိုပြောထားလိုက်မယ်။"

ရှောက်ယွိ၏မျက်နှာထက် အပြုံးတစ်ပွင့်ပေါ်လာခဲ့3သည်။

"ကျေးဇူးအများကြီးတင်ပါတယ် သခင်ကြီးယွမ်။"

သခင်ကြီးယွမ်က ပြောလာ၏။

"ဒါဆို ငါ့မြေးလေးနဲ့ တခြားကလေးတွေ ကြိုက်လောက်မဲ့ အစားအသောက်လေးတွေကို သေချာစဉ်းစားထားပေးပါဦး။"

"မနက်ဖြန် သခင်ကြီးရဲ့အိမ်တော်ကိုရောက်မှပဲ ရှိတဲ့ ပါဝင်ပစ္စည်းတွေကို စစ်ကြည့်ပြီး သခင်လေးကို တိုက်ရိုက်မေးကြည့်လိုက်ပါ့မယ်။"

ကလေးတွေ၏ တကယ့်အကြိုက်များက လူကြီးများနှင့်မတူပေ။ သခင်ကြီးယွမ်ကက မနေ့တစ်နေ့ကမှ ချင်ရှီမြို့ကိုရောက်လာသဖြင့် သူ့မြေးအကြိုက်ကို သိဦးမည်မဟုတ်။ ထို့ကြောင့် ရှောက်ယွိလည်း ကလေးကိုတိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ။"

သခင်ကြီးယွမ်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အိတ်ထဲမှ ငွေစအချို့ကိုထုတ်လိုက်သည်။

"ဒီမှာ ငွေသုံးကျပ်၊ ဒါကို စရန်အဖြစ်ယူထားလိုက်။"

"ဒါဆို ကျွန်တော် လက်ခံရရှိကြောင်း ရေးပေးပါ့မယ်။"

ရှောက်ယွိက ကမ်လှမ်းလိုက်သည်။

"မလိုပါဘူး၊ ငါ မင်းကိုယုံပါတယ်။"

အနယ်နယ်အရပ်ရပ်ကို သွားလာဖူးသော သခင်ကြီးယွမ်က လူအမျိုးမျိုးအထွေထွေနှင့် တွေ့ဆုံဖူးရာ ရှောက်ယွိက ထက်မြက်၊ ရိုးသားပြီး ကြင်နာတတ်သောလူငယ်တစ်ဦးဖြစ်ကြောင်း သူ ပြောနိုင်ပေ၏။

"ယူထားလိုက်ပါ၊ အိမ်ပြန်ရောက်ရင် ဟင်းအမယ်တွေကို စဉ်းစားထားဦးနော်။ ဒါဆို မနက်ဖြန် တွေ့ကြတာပေါ့။"

"ဟုတ်ကဲ့ မနက်ဖြန်တွေ့ပါမယ်။"

ရှောက်ယွိက ငွေကို လက်ခံယူလိုက်သည်။

ထို့နောက်မှာတော့ သခင်ကြီးယွမ်က သီချင်းလေးညည်းရင်း အေးအေးလူလူ ထွက်ခွာသွားလေတော့သည်။

မင်ဟယ်က ရှောက်ယွိ၏ခါးပတ်ကို ဆွဲကာ ခြေဖျားလေးထောက်ရင်း စူးစမ်လိုစိတ်ဖြင့် မေးလေးကိုမော့ချီလာ၏။

"ဦးငယ်၊ သားကိုပြပါဦး၊ သားကို ပေးကြည့်ပါဦး။"

ထိုအခါ ရှောက်ယွိက ငွေများကို သူ့နားတိုးကပ်ပြလိုက်ရာ မင်ဟယ်တစ်ယောက် အလွန်ကျေနပ်သွားလေသည်။

"လာ၊ ဦးငယ်တို့ ပစ္စည်းတွေသွားဝယ်ကြစို့။"

"ဟုတ်။"

ရှောက်ယွိက အနီးနားရှိ ယန်ဇနီးမောင်နှံကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်း ၎င်းတို့က သူ့ကို ရန်မလိုကြတော့ဘဲ ၎င်းတို့၏ပေါက်စီများကိုသာ အာရုံစိုက်ပြီးရောင်းနေခဲ့ကြသည်။

သူက ၎င်းတို့၏သဘောထားပြောင်းလဲမှုကို ကျေနပ်သွား၏။ ထို့နောက် တူဝရီးနှစ်ယောက် ချင်းရှီမြို့ထဲသို့ ဝင်ကာ အဝတ်စ၊ ဝါဂွမ်း၊ ဖိနပ်အောက်ခံနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်လိုက်ကြသည်။

ဝါးခြင်းတောင်းလေးထဲမှာ ပြည့်သိပ်နေပြီဖြစ်ရာ မင်ဟယ်က ပြောလာခဲ့၏။

"ဦးငယ်၊ သားလည်းကူသယ်ပေးမယ်။"

ရှောင်ယွိက ဖိနပ်ချုပ်မည့်အစနှစ်စုံကို မင်ဟယ်ပေါ်ချိတ်လိုက်ပြီး သူ့ကို မုန်လာဥဖြူကြီးနှစ်လုံး ကမ်းပေးလိုက်သည်။

"လေးလား။"

"မလေးပါဘူး။"

မင်ဟယ်က စိတ်အားထက်သန်စွာ ပြန်ဖြေခဲ့သည်။

ရှောက်ယွိက ဝါးခြင်းတောင်းကို တစ်ဖက်ကသယ်၍ အခြားလက်တစ်ဖက်ဖြင့် အဝတ်စများကို သယ်လာခဲ့သည်။

မင်ဟယ်က မေးလာ၏။

"ဦးငယ်၊ သားတို့ အကုန်ဝယ်ပြီးပြီလား။"

"အင်း၊ အကုန်ဝယ်ပြီးပြီ။ အိမ်ပြန်ကြစို့။"

"အိမ်ပြန်ကြမယ်။"

တူဝရီးနှစ်ယောက် အိမ်ပြန်ရောက်ချိန်မှာတော့ ချွေးများစိုရွှဲနေခဲ့ကြသည်။

ရှောက်ယွိ၏အိမ်တွင်းမှုလက်ရာက ဆိုးဝါးသောကြောင့် အချုပ်အလုပ်ကျွမ်းကျင်သော အဖွားဟောက်ထံသွားကာ သူနှင့် မင်ဟယ့်အတွက် ဆောင်းဝတ်များနှင့် ဂွမ်းအင်္ကျီများချုပ်ပေးရန် ငွေစတချို့ဖြင့် အပ်နှံလိုက်သည်။

အဖွားဟောက်က ကျင်းရှို့ရွာ၌ အချုပ်အလုပ်အတော်ဆုံးဖြစ်ပြီး မြို့ထဲမှအပ်ချုပ်ဆရာများထက်တောင် တော်ပေသည်။ သူ(မ)ကလည်း ကြင်နာတတ်သူဖြစ်ပြီး ရှောက်ယွိနှင့် မင်ဟယ်တို့ တူဝရီးနှစ်ယောက်လုံး စောစောထကာ နေ့တိုင်း ပေါက်စီရောင်း၍ အသက်မွေးဝမ်းကြောင်းပြုရကြောင်း သိပေ၏။ ထို့ကြောင့် သူ(မ)က ၎င်းတို့အတွက် လက်ခအနည်းငယ်သာယူခဲ့ပြီး နှစ်ဦးသား၏ကိုယ်တိုင်းများကို ယူလိုက်သည်။

မင်ဟယ်က ပြောလိုက်သည်။

"ဖွားဖွားဟောက်က အရမ်းကြင်နာတာပဲ။"

အဖွားဟောက်က ပြုံးလိုက်သည်။

"အပြောလေးကတော့ ချိုနေရော။"

မင်ဟယ်က ပြောလိုက်၏။

"ကျွန်တော်ကြီးလာရင် ကျွန်တော်လည်း ဖွားဖွားဟောက်ကို ကောင်းကောင်းဆက်ဆံပေးပါ့မယ်။"

အဖွားဟောက်က ပို၍နွေးထွေးစွာ ပြုံးပြလာ၏။

"ဟုတ်ပါပြီ။ ဖွားဖွား အဲ့ဒီနေ့ကို မျှော်နေပါ့မယ်။"

အဖွားဟောက်၏အိမ်ကနေ ထွက်လာပြီးနောက် တူဝရီးနှစ်ယောက် အိမ်ပြန်လာခဲ့ကြသည်။ ရှောက်ယွိက လုပ်စရာရှိတာများလုပ်ရင်း ကလေးရော လူကြီးပါကြိုက်မည့် အစားအသောက်များကို စဉ်းစားနေခဲ့သည်။ နောက်တစ်နေ့မနက်၌ စီစဉ်ထားသည့်အတိုင်း သခင်ကြီးယွမ်နှင့် တွေ့ဆုံခဲ့၏။

သခင်ကြီးယွမ်က မုန်လာဥပေါက်စီ နှစ်လုံးစားပြီးနောက် ရှောက်ယွိပေါင်းစီရောင်းကုန်မည့်အချိန်ကိုစောင့်ရင်း မင်ဟယ်နှင့် စကားပြောနေခဲ့သည်၊

ထို့နောက်မှာတော့ သုံးယောက်သား ကျင်းအိမ်တော်သို့ ဦးတည်ခဲ့ကြလေ၏။

ရှောက်ယွိတစ်ယောက် မူလက သခင်ကြီးယွမ်၏ သမီးတို့မိသားစုက လူလတ်တန်းစားများသာဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ့်လက်တွေ့မှာတော့ ၎င်းတို့က ချမ်းသာကြွယ်ဝသောမိသားစုဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့၏။ မြင့်မားကျယ်ဝန်းသော အနီရောင်ဆေးသုတ်ထားသည့် တံခါးကြီး၏ဘေးတစ်ဖက်တစ်ချက်စီတွင် ခံ့ညားထည်ဝါသော ကျောက်သားဖြင့်ထွင်းထားသည့် ခြင်္သေ့ကြီးများ ရှိနေကြပြီး ခမ်းနားသောအရှိန်အဝါကို ထုတ်လွှတ်နေ၏။

"ဝိုး..."

မင်ဟယ်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့လေ၏။

၎င်းကို မြင်လိုက်ရသောအခါ သခင်ကြီးယွမ်က ရှင်းပြလာခဲ့သည်။။

"ငါ့သမက်က ထူးထူးချွန်ချွန်ကြီးတော့ မဟုတ်ပါဘူး။ သူငယ်ငယ်တုန်းက တိုင်းပြည်အတွက် အမှုထမ်းခဲ့ဖူးလို့ ဒီအိမ်တော်ကို ဆုလာဘ်အဖြစ် ချီးမြှင့်ခံခဲ့ရတာလေ။"

နှိမ့်ချတတ်တာပဲ!

ဒါကြီးက တကယ်ကို နှိမ့်ချလွန်းတာပဲ!

ရှောက်ယွိတစ်ယောက် သခင်ကြီးယွမ်၏နှိမ့်ချမှုကို အာရုံခံမိပြီး သူ့အရှေ့မှလူအိုကြီးသည် တာဝန်များမှ အနားယူထားသည့် အရာရှိဟောင်းတစ်ဦးဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူက ယခုလိုမျိုး အေးအေးဆေးဆေးစားသောက်ရင်း အချိန်ဖြုန်းနိုင်ခြင်းဖြစ်နိုင်သည်။ ထို့ပြင် သူ၏သမက်ကလည်း အရာရှိတစ်ဦး ဖြစ်ရပေမည်။

ရှောက်ယွိတစ်ယောက် အတိတ်ဘဝတုန်းက အရာရှိအရာခံများနှင့် ထိတွေ့ဆက်ဆံဖို့ အခွင့်အရေးမရှိခဲ့သလို လက်ရှိဘဝ၏ အုပ်ချုပ်ရေးစနစ်ကိုလည်း မရင်းနှီးသဖြင့် ဤအရာရှိများက မည်သည့်အဆင့်ရှိကြောင်း သူ မသိပေ။

သခင်ကြီးယွမ်က အသေးစိတ်ပြောပြခြင်းမရှိသည့်အတွက် ရှောက်ယွိအနေနှင့် ထပ်ပြီးမေးမြန်းရန် မသင့်တော်ဟု ခံစားလိုက်မိသည်။ သူ အဓိကအာရုံစိုက်ရမည်က အစားအသောက်ကောင်းများကို ပြင်ဆင်ရန်သာဖြစ်ရာ မင်ဟယ့်လက်ကလေးကိုဆွဲ၍ ဆက်လျှောက်လာခဲ့သည်။

အိမ်တော်က ဇိမ်ခံအိမ်ကဲ့သို့မဟုတ်သော်လည်း ရိုးရှင်းသပ်ရပ်ကာ ကြော့ရှင်းပြီး ကျယ်ဝန်းလှသည်။

ရှောက်ယွိ ထိုကဲ့သို့သောဗိသုကာလက်ရာများကို စာအုပ်များနှင့် အပန်းဖြေစခန်းများ၌ မြင်ဖူးခဲ့သော်လည်း မင်ဟယ်အတွက်ကတော့ ပထမဆုံးအကြိမ်ပင်။ သူအမြဲမြင်နေကျ မြင်ကွင်းများက ရွာထဲရှိ သက်ကယ်အမိုးအိမ်လေးများသာဖြစ်ပြီး သူတွေ့ဖူးသမျှထဲ အလှဆုံးအဆောက်အအုံမှာ ဝမ်ယွဲ့စားသောက်ဆိုင်ဖြစ်သည်။ ယခုလိုမျိုး ထွင်းထုထားသောထုတ်တန်းများ၊ ဆေးခြယ်ထားသောမြားတန်းများ၊ ပွဲကြည့်စင်များ၊ မျှော်စင်များ၊ ကျောက်တောင်အတုများ၊ စီးဆင်းနေသောရေများနှင့် သစ်ပက်ပန်းမန်များကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်ကာ တမေ့တမောဖြစ်နေခဲ့သည်။

သူ လုံးဝ စိတ်ညှို့ခံလိုက်ရသလိုပင်။

နောက်ဆုံးမှာတော့ သူက ပြောလာ၏။

"ဦးငယ်၊ ဒါက နတ်ပြည်လားဟင်။"

မကြာသေးမီးက သူ၏ဦးငယ်ဆီကနေ စွန်းဝူခုန်း နတ်ပြည်မှာသောင်းကျန်းခဲ့သည့်ပုံပြင်ကို မင်ဟယ် နားထောင်ခဲ့ရ၏။ သူ၏စိတ်ကူးထဲမှ နတ်ပြည်က ယခုမြင်နေရသလိုမျိုး လှပသောအိမ်များ၊ မြေများ၊ သစ်ပင်ပန်းမန်များနှင့် နေရာတစ်ခုဖြစ်ပေသည်။

၎င်းကို ကြားလိုက်ရသောအခါ သခင်ကြီးယွမ်က လှိုက်လှိုက်လှဲလှဲ ရယ်မောခဲ့လေသည်။

ထိုစဉ် ဤသည်မှာ နတ်ပြည်မဟုတ်ဘဲ တစ်စုံတစ်ယောက်၏အိမ်ဖြစ်ကြောင်း ရှောက်ယွိက မင်ဟယ်ကို တိုးတိုးတိတ်တိတ် ရှင်းပြလိုက်၏။

မင်ဟယ်က အံ့ဩတကြီး ရေရွတ်သည်။

"တစ်ယောက်ယောက်ရဲ့အိမ်?"

"မင်း သဘောကျလား။"

ရှောက်ယွိက မေးလိုက်သည်။

မင်ဟယ်က အဆက်မပြတ် ခေါင်းညိတ်ပြခဲ့သည်။

"သား သဘောကျတယ်။"

"ဒါဆို ဒီမှာ နေချင်လား။"

ရှောက်ယွိက ထပ်မေးလိုက်၏။

လှပသောအရာများကို လူတိုင်း သဘောကြသည်ဖြစ်ရာ မင်ဟယ်ကလည်း ခြွင်းချက်မဟုတ်။ သူက တောက်ပသောမျက်နှာလေးဖြင့် မော့ကြည့်ကာ မေးလိုက်၏။

"ဦးငယ်ရော ဒီမှာနေမှာလား။"

ရှောက်ယွိက ခေါင်းယမ်းပြလိုက်သည်။

"ဦးငယ်က ဒီမှာမနေနိုင်ဘူး။ ဦးငယ်က သက်ကယ်အမိုးအိမ်မှာပဲ နေနိုင်တာ။"

မင်ဟယ်က ချက်ချင်းဆိုသလို ပြောလိုက်လေသည်။

"ဒါဆို သားလည်း ဦးငယ်နဲ့အတူ သက်ကယ်အမိုးအိမ်မှာပဲနေမယ်။"

ရှောက်ယွိမှာ အံ့အားသင့်သွားခဲ့သည်။

"မင်း ဒီနေရာကို ကြိုက်တယ်မဟုတ်ဘူးလား။"

"သားက ဦးငယ်ကို ပိုကြိုက်တာ၊ ဦးငယ်ကို အကြိုက်ဆုံးပဲ။"

ထိုစကားကြောင့် ရှောက်ယွိ၏စိတ်ထဲ နွေးထွေးသွားခဲ့လေသည်။

ဘေးမှ မတော်တဆကြားလိုက်ရသော သခင်ကြီးယွမ်ကလည်း ဤတူဝရီးနှစ်ယောက်အပေါ် ပိုလို့တောင် သဘောကျသွားခဲ့၏။ သူက နွေးထွေးသောအပြုံးဖြင့် ၎င်းတို့ကို အိမ်တော်၏ ကွေ့ကောက်သောလမ်းများအတိုင်း ဦးဆောင်ခေါ်သွားခဲ့ပြီး ရံဖန်ရံခါ ရှင်းပြပေးလျက် ခြံဝင်းငယ်တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အထဲမှာ လျှော်ကြိုးများဖြင့် စနစ်တကျချည်နှောင်ထားသော အသားခြောက်များ၊ ဆားစိမ်ဘဲသားများ၊ နေတစ်လှန်းကြက်သားခြောက်များ၊ ငါးခြောက်များ၊ ပဲသီးခြောက်များ၊ တရုတ်နံနံခြောက်များနှင့် အခြားအရာများစွာ ချိတ်ဆွဲထားသည်။ အနီးနားရှိစားပွဲပေါ်မှ အရွယ်အစားအမျိုးမျိုးရှိသော ဆန်ကောဗန်းများထဲမှာလည်း ဆီးသီးခြောက်များ၊ ကိုးချီဘယ်ရီသီးများ*၊ ငရုတ်သီးများ၊ ကရဝေးရွက်များ စသည်တို့ကို အမျိုးသမီးနှစ်ဦးက ပြင်ဆင်ရင်း အလုပ်များနေကြ၏။

[T/N: ကိုးချီဘယ်ရီသီးရဲ့ပုံစံက ချယ်ရီခရမ်းချဉ်သီးလေးတွေနဲ့ တူပါတယ်။ အခြောက်လှမ်းလိုက်ရင်ကျ ဆီးသီးခြောက်လိုပုံစံပါပဲ။]

"ဝိုး၊ အရမ်းချမ်းသာတာပဲ!"

မင်ဟယ်က အံ့သြတကြီးပြောလိုက်သည်။

ရှောက်ယွိက အပြင်မှာထုတ်မပြောသော်ငြား စိတ်ထဲမှာ သူ့ဘာသာသူ တွေးနေမိ၏။

'သူဌေးအိမ်ဆိုတာ ဒါမျိုးပဲကိုး!'

"သခင်ကြီးယွမ်။"

အမျိုးသမီးနှစ်ဦးက သခင်ကြီးယွမ်ကိုမြင်သည်နှင့် တလေးတစားနှုတ်ဆက်လာကြသည်။

"ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြ၊ ငါ ဒီကို စားတော်ကဲတစ်ယောက် ခေါ်လာတယ်။"

သခင်ကြီးယွမ်က ထိုသို့ပြောကာ တူဝရီးနှစ်ယောက်ကို မီးဖိုချောင်ထဲသို့ ခေါ်သွားခဲ့ကြသည်။

အိုးခွက်ပန်းကန်များ၊ ယောက်ချိုများ၊ ပုလင်းများဖြင့် ပြည့်နှက်နေတာတောင် ထိုမီးဖိုချောင်မှာ ရှောက်ယွိနှင့် မင်ဟယ်တို့၏ သက်ကယ်အမိုးအိမ်ထက်တောင် ကျယ်နေသေးသည်။ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် စားတော်ကဲခြောက်ယောက်က အလယ်မှ စဉ်းတီတုံးကြီးနားမှာ အလုပ်ရှုပ်နေကြ၏။

သခင်ကြီးယွမ်က ရှောက်ယွိကို ၎င်းတို့နှင့် မိတ်ဆက်ခဲ့သည်။

စားတော်ကဲခြောက်ယောက်က ရှောက်ယွိ၏ စုတ်ပြတ်နေသောအဝတ်အစားများ၊ ငယ်လွန်းသောအသက်အရွယ်နှင့် ချောမောသောရုပ်ရည်တို့ကို ကြည့်ကာ ပုံမှန်စားတော်ကဲတစ်ယောက်၏ ကြံအင်များနှင့်မညီကြောင်း သတိပြုမိလိုက်ကြသည်။ သို့သော် သခင်ကြီးယွမ်၏မိတ်ဆက်ပေးမှုကို လေးစားသောအားဖြင့် ယဉ်ကျေးစွာပြုံးပြလာကြပြီး များများစားစားမပြောခဲ့ကြပေ။

သခင်ကြီးယွမ်က ရှောက်ယွိကို တက်ကြွစွာပြောလိုက်သည်။

"မင်း ဒီကပစ္စည်းမှန်သမျှကို အကုန်သုံးလို့ရတယ်။ တခြားသူတွေ ဘာလုပ်နေလဲဆိုတာ ဂရုမစိုက်နဲ့၊ ငါ့မြေးလေး ကြိုက်လောက်မဲ့ဟာကိုပဲ အာရုံစိုက်ပြီးလုပ်ပေးပါ။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ။"

"ဒီနေ့တော့ ငါတို့ မြည်းကြည့်ဖို့ ဟင်းနည်းနည်းပြင်ဆင်ပေးပေါ့။ မနက်ဖြန်ည ပွဲတော်အတွက်ကတော့ မင်း စီစဉ်နိုင်တယ်မဟုတ်လား။"

"ဟုတ်ကဲ့၊ စီစဉ်နိုင်ပါတယ်။"

"ကောင်းပြီ၊ ခဏနေရင် မင်ဟယ်ကိုကြည့်ပေးဖို့ ရှောင်ဖန်းကို လွှတ်လိုက်မယ်။ အဲ့ဒါဆို မင်း ဟင်းချက်တာကိုပဲ အာရုံစိုက်လို့ရပြီ။"

"ကျေးဇူးတင်ပါတယ် သခင်ကြီးယွမ်။"

"ကျေးဇူးတင်စရာမလိုပါဘူး၊ ကဲ မင်းမှာမေးစရာရှိသေးလား။"

သခင်ကြီးယွမ်က မေးလာခဲ့သည်။

ရှောက်ယွက တောင်းဆိုလိက်၏။

"ကျွန်တော် သခင်လေးကျင်းနဲ့ တွေ့လို့ရမလား။"

သခင်လေးကျင်းဆိုသည်မှာ သခင်ကြီးယွမ်၏ သုံးနှစ်အရွယ်မြေးလေးပင်။

"ရတာပေါ့—"

သခင်ကြီးယွမ်မှာ စကားဆုံးအောင်မပြောရသေးခင် စဉ်းတီတုံးအောက်မှ တစ်စုံတစ်ခုက ရုတ်တရက်ထွက်သွားပြီး မီးဖိုချောင်အပြင်ဘက်သို့ ပြေးသွားကြောင်း တွေ့လိုက်ရလေ၏။ သူက အံ့သြတကြီးဖြင့် ပြောလိုက်သည်။

"အဲဒါက ဘာကြီးလဲ။"

"ကလေးလေးတစ်ယောက်ပါ!"

မင်ဟယ်က ရှင်းပြလိုက်သည်။

"သွားကြည့်လိုက်စမ်း။"

သခင်ကြီးယွမ်က အမိန့်ပေးလိုက်သည်။

စဉ်းတီတုံးအောက်မှာ ကလေးတစ်ယောက်ပုန်းနေသည်ကို မည်သူမှသတိမပြုမိခဲ့ကြပေ။ အားလုံး အပြင်သို့ပြေးထွက်ကြည့်လိုက်ရာ အသက်နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးက တစ်စုံတစ်ခုကို ရင်ခွင်ထဲပိုက်ကာ ခြံဝင်းတံခါးဝဆီသို့ တန်းတန်းမတ်မတ်ပြေးသွားကြောင်း တွေ့လိုက်ကြရသည်။

ထိုစဉ် ကလေးငယ်က သတိလက်လွတ်ဖြင့် မြေပြင်ပေါ်ရှိ ဟင်းရွက်တချို့ကို တက်နင်းမိသွားပြီး ဖင်ထိုင်လျက်ချော်လဲကျသွားတော့သည်။ သူပွေ့ပိုက်လာသည့် ဟင်းသီးဟင်းရွက်များနှင့် မုန်လာဥများကလည်း သူ့ဘေးမှာ ပြန့်ကျဲကုန်၏။ သူက အော်ငိုတော့မလိုမျိုး ပါးစပ်ဟရန်ပြင်လိုက်သော်လည်း သူလဲကျသည်ကို မည်သူကမှမမြင်လိုက်ဟု ထင်လိုက်ဟန်ပင်။

ထို့ကြောင့် သူက မျက်ရည်များကိုပြန်သိမ်းကာ ထရပ်ရန်ပြင်လိုက်စဉ် ခြေသံတချို့ကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ သူ့ကိုကြည့်နေသော လူတစ်စုကို မြင်လိုက်ရလေ၏။

သူပစ်လဲတာကို အားလုံးမြင်လိုက်တာပဲ၊ ရှက်စရာကြီး။

ဟမ့်!

သူက အော်ငိုကာ ၎င်းတို့ကို စိတ်ဆိုးချင်ခဲ့သည်။ သူက မျက်လုံးလေးများကို ဖိမှိတ်ကာ မျက်ရည်များကို အနင်းညှစ်ထုတ်လိုက်၏။ နောက်ဆုံးမှာတော့ မျက်ရည်တစ်စက်ကျလာခဲ့ပြီး ပါးစပ်ကို အကျယ်ကြီးဖွင့်ဟလိုက်သည်။

သခင်ကြီးယွမ်နှင့် အိမ်တော်ထဲကနေ ပြေးထွက်လာကြသူတိုင်း ထိုမြင်ကွင်းကို မြင်လိုက်ကြရသောအခါ ချက်ချင်းလက်ငင်း ခေါင်းကိုက်လာကြတော့သည်။

ထိုစဉ် မင်ဟယ်က အရှေ့သို့ ခြေလှမ်းနှစ်လှမ်းလောက်တိုးကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။

"ကလေးလေး၊ အဆင်ပြေပါတယ်၊ အရမ်းသဘာဝကျလို့ မင်းကိုကြည့်ရတာ ပစ်လဲသွားတာနဲ့တောင် မတူဘူး!"

ကလေးငယ်က ချက်ချင်း ခေါင်းလှည့်ကြည့်လာပြီး ပါးစပ်ပြန်ပိတ်သွားလေ၏။ ထို့နောက်မှာတော့ မေးလာခဲ့သည်။

"တကယ် သဘာဝကျတာလား။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment