no

Font
Theme

အပိုင်း (၁၂)

"ဦးငယ်၊ သူတို့က သားကို လျှောက်ပြောနေကြတာ။"

မင်ဟယ်က ပြန်ဖြေလိုက်သည်။

"'သူတို့' ဆိုတာ ဘယ်သူတွေလဲ။ မင်းကို ဘာတွေပြောကြလို့လဲ။"

မင်ဟယ် တစ်စုံတစ်ခုကို မခံမရပ်နိုင်ဖြစ်နေကြောင်း ရိပ်မိလိုက်သဖြင့် ရှောက်ယွိက သူ၏ရေမှုတ်ကို အောက်ချထားလိုက်သည်။ ထို့နောက် မင်ဟယ်၏လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ကလေးနှင့် အရပ်ချင်းညီအောင် ဆောင့်ကြောင့်ထိုင်၍ သိမိမွေ့စွာ အားပေးလိုက်၏။

"ဦးငယ်ကို အကုန်ပြောပြပေးမလား။"

မင်ဟယ်က ခေါင်းညိတ်ပြလာ၏။

"ဟုတ်။"

ရှောက်ယွိက ဆက်ပြောလိုက်သည်။

"ကဲ၊ ဒါဆို တစ်ခုချင်းစီဖြေပေး။ ပထမဆုံး၊ 'သူတို့' ဆိုတာ ဘယ်သူတွေလဲ။"

မင်ဟယ်က နာခံမှုရှိစွာ ပြန်ဖြေလိုက်သည်။

"သူတို့က ဒေါ်လေးတွေနဲ့ ထျန်းလျို့ပါ။"

"ဒေါ်လေးတွေနဲ့ ထျန်းလျို့?"

"ဟုတ်၊ သာ့ပေါင်ရဲ့ဒေါ်လေး၊ သူ(မ)ရဲ့အစေခံနဲ့ သာ့ပေါင်ရဲ့အစ်ကို ထျန်းလျို့ပါ။"

၎င်းတို့က ကျင်းအိမ်တော်၏ဆွေမျိုးများဖြစ်ပြီး ကျင်းသာ့ပေါင်၏ သုံးနှစ်ပြည့်မွေးနေ့ပွဲအတွက် ရောက်ရှိနေကြခြင်းဖြစ်လိမ့်မည်။ ထို့ကြောင့် ရှောက်ယွိက ထပ်မေးလိုက်သည်။

"သူတို့က ဘာတွေပြောလို့လဲ။"

မင်ဟယ်က ဟောင်းနွမ်းနေသော သူ၏အဝတ်အစားများကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ဒေါ်လေးတွေက သားကို သူတောင်းစားလေးလို့ခေါ်ကြတယ်၊ ထျန်းလျို့ကလည်း အဲ့လိုပဲလိုက်ခေါ်တယ်။ ပြီးတော့ သားကို ညစ်ပတ်တယ်တဲ့။ အဲ့ဒါနဲ့ သားလည်း သားရဲ့အဝတ်တွေက သန့်ရှင်းတယ်၊ ဒီဘောင်းဘီကိုလည်း ဦးငယ်ချုပ်ပေးထားတာ၊ ဖိနပ်တွေကလည်း အသစ်တွေလို့ ပြောပြလိုက်တယ်။ ဒါပေမဲ့၊ ဒါပေမဲ့ ဒေါ်လေးတွေက သားကို ယုန်လေးတွေ ပေးမကြည့်ဘူး၊ ဥယျာဉ်ထဲလည်း ပေးမဝင်ဘူး၊ သားကို ထွက်သွားခိုင်းကြတယ်။"

ဒါက လွန်လွန်းတာပေါ့!

စိတ်ပျက်စရာကောင်းလိုက်တာ!

မင်ဟယ်က ဘာအမှားမှမလုပ်ခဲ့တာကို!

အဲ့ဒီလူကြီးတွေက တကယ်ကိုရက်စက်ကြတာပဲ!

ရှောက်ယွိ၏ရင်ထဲ ဒေါသများ ဝုန်းခနဲထွက်လာခဲ့သော်လည်း စိတ်အေးအေးထားရန် အရေးကြီးကြောင်း သူ သိပေသည်။ ကိုယ့်ကိုယ်ကိုယ် စိတ်ထိန်းလိုက်ပြီးနောက် သူက မေးလိုက်၏။

"အဲ့ဒီဒေါ်လေးတွေက အခု ဘယ်မှာလဲ။"

"ဥယျာဉ်ထဲမှာ။"

မင်ဟယ်က ပြန်ဖြေခဲ့၏။

"လာ၊ ဦးငယ်တို့ အတူတူသွားပြီး ဖြေရှင်းချက်သွားတောင်းကြမယ်။"

မင်ဟယ်က ပုံမှန်အားဖြင့် တက်ကြွသောသဘာဝရှိသော်လည်း မိဘများမရှိတော့သည့်အတွက် စိတ်မလုံခြုံမှုကို ခံစားနေရတတ်သည်။ မင်ဟယ် ကျန်းကျန်းမာမာ ကြီးပြင်းလာစေရန်အတွက် သူ့ကို စိတ်လုံခြုံမှုထောက်ပံ့ပေးရန် ရှောက်ယွိ ထို 'ဒေါ်လေးများ' ကို ထိပ်တိုက်ရင်ဆိုင်ရမည်ပင်။

"အဲ့လိုမလုပ်ပါနဲ့။"

မင်ဟယ်က အမြန်ခေါင်းယမ်းပြလာခဲ့သည်။

"ဘာဖြစ်လို့လဲ။"

ရှောက်ယွိက မေးလိုက်၏။

"သူတို့က အရမ်းကြောက်စရာကောင်းတယ်။ သူတို့ သားကိုပြောတုန်းက အရမ်းနာကျင်ရတာ။ တကယ်လို့၊ တကယ်လို့ သူတို့က ဦးငယ်ကိုပါပြောလို့ ဦးငယ်စိတ်မကောင်းဖြစ်သွားရင် သားလည်း အရမ်းဝမ်းနည်းပြီး ငိုချင်လာမှာ။"

ဒေါ်လေးများက သူ၏ဦးငယ်ကို မကောင်းပြောမည်ဟု တွေးလိုက်မိရုံဖြင့် မင်ဟယ်၏မျက်ဝန်းထဲမှာ မျက်ရည်များဝိုင်းလာခဲ့သည်။

ဒီကလေးလေးက... တကယ်ကို စိတ်ထားနူးညံ့ပြီး ကြင်နာတတ်လွန်းတာပဲ။

ရှောက်ယွိတစ်ယောက် လည်ချောင်းထဲမှာ တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရပြီး အမြင်အာရုံများ ဝေဝါးလာခဲ့၏။ သူက အမြန်ခေါင်းမော့ကာ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ အသက်ပြင်းပြင်း ရှူထုတ်လိုက်လေသည်။

အချိန်တစ်ခုကြာပြီးနောက် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခဲ့ပြီး အနည်းငယ်နီမြန်းနေသော မျက်ဝန်းများဖြင့် မင်ဟယ်ကိုကြည့်လိုက်သည်။ သူက မင်ဟယ်၏မျက်နှာလေးကို နူးညံ့သော်လည်း ခိုင်မာစွာ အုပ်ကိုင်ရင်း ပြောလိုက်လေ၏။

"မင်ဟယ်၊ တခြားလူတွေက ဦးငယ်ကို ဘာပဲပြောပြော ဦးငယ် စိတ်မဆိုးဘူး။ ဒါပေမဲ့ မင်ဟယ် အနိုင်ကျင့်ခံရတာကိုမြင်ရင်တော့ ဦးငယ် စိတ်မကောင်းဖြစ်ရမှာ။"

မင်ဟယ်က ငယ်သေးသော်လည်း တော်တော်များများကို နားလည်ပေသည်။ သူ့ဦးငယ်၏အသံထဲမှ ချစ်ခြင်းမေတ္တာကို သူ ခံစားလိုက်ရသဖြင့် ရှောက်ယွိ၏မျက်လုံးများကို သူ၏လက်ကလေးများဖြင့် ပွတ်သပ်ပေးကာ နူးညံ့သောအသံလေးဖြင့် ပြောလိုက်သည်။

"ဦးငယ် မငိုပါနဲ့။ သား ဝမ်းမနည်းတော့ပါဘူး။"

"ကောင်းပြီ၊ ဦးငယ် မငိုတော့ဘူး၊ ဒါပေမဲ့ ဦးငယ်တို့ ဖြေရှင်းချက်တော့ သွားတောင်းရမယ်။"

"သူ(မ)က အရမ်းဆိုးတယ်။"

"သူ(မ)က ဆိုင်ရှင်ယောင် ဒါမှမဟုတ် ယန်ကျိုနဲ့ သူ့ဇနီးတို့လောက် ဆိုးလို့လား။ ဦးငယ်က သူတို့ကိုတောင် ကိုင်တွယ်နိုင်ခဲ့တာလေ၊ မင်းပဲ ဦးငယ်က ဒီလောကမှာ အတော်ဆုံးဆို။"

ရှောက်ယွိတစ်ယောက် ပြဿနာများကိုဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပေ၏။

"ဟုတ်!"

မင်ဟယ်က ခေါင်းညိတ်ပြလိုက်သည်။

မင်ဟယ်၏စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်သွားမည်ကို စိုးရိမ်သဖြင့် ရှောက်ယွိက လေးလေးနက်နက် ထပ်ပြောလိုက်၏။

"မင်ဟယ်၊ ဦးငယ်ပြောတာကို နားထောင်။ မင်းက သူတောင်းစားမဟုတ်ဘူး။ မင်ဟယ်က ဒီလောက်အရွယ်လေးနဲ့ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်နေတာ။ မင်းရဲ့အဝတ်အစားတွေက အမြဲတမ်းသန့်ရှင်းတယ်။ မင်းက ကျင်းသာ့ပေါင်ရဲ့ဧည့်သည်၊ ဒီလောကမှာ အတော်ဆုံး၊ အလုပ်အကြိုးဆုံးနဲ့ အယဉ်ကျေးဆုံး ကလေးလေးပဲ။ အဲ့ဒီဒေါ်လေးတွေ ပြောသလိုမဟုတ်ဘူး။"

မင်ဟယ်က ခေါင်းညိတ်ပြလာခဲ့သည်။

"ဟုတ်!"

"သွားကြစို့။"

ရှောက်ယွိက မင်ဟယ်ကို လက်ကမ်းပေးလိုက်သည်။

မင်ဟယ်ကလည်း တွန့်ဆုတ်မနေဘဲ သူ့ဦးငယ်၏လက်ကို ဆုပ်ကိုင်လိုက်၏။ သူ၏နာကျင်မှုနှင့် ကြောက်ရွံ့မှုများက ပျောက်ကွယ်သွားခဲ့ပြီး သူ၏နှလုံးသားထဲမှာ နေရောင်ခြည်ကဲ့သို့ နွေးထွေးသွားခဲ့သည်။

"သွားကြမယ်!"

ရှောက်ယွိတစ်ယောက် မင်ဟယ့်အနောက်ကနေလိုက်ကာ စားဖိုဆောင်ခြံဝင်းထဲကနေထွက်ခွာ၍ ဥယျာဉ်ငယ်လေးတစ်ခုဆီသို့ ရောက်လာခဲ့သည်။ ဤဥယျာဉ်က အိမ်တော်အတွင်းမှ နေရာတစ်ခုမဟုတ်ဘဲ ကျင်းအိမ်တော်မှလူများ၊ အစေခံများနှင့် အလုပ်သမားများအားလုံး သွားလာနိုင်သည့်နေရာဖြစ်သည်။

၎င်းတို့တွေ ဥယျာဉ်ထဲဝင်လိုက်သည်နှင့် အထဲမှဆူညံသံများကို ကြားလိုက်ရ၏။

"မင်ဟယ်က သခင်လေးရဲ့ဧည့်သည်လေ! ရှင်တို့က ဘယ်လိုဖြစ်လို့ သူ့ကို မောင်းထုတ်ရဲရတာလဲ။"

"ဟက်၊ အဲ့လိုဝတ်ထားတာကို ဧည့်သည်လို့ ခေါ်ရမှာလား။"

"အပြင်ပန်းက သန့်ရှင်းနေရင်တောင် ရှင့်ရဲ့ညစ်ပတ်နေတဲ့စိတ်ဓါတ်ကိုတော့ ဖုံးကွယ်ထားလို့မရဘူးပဲ!"

"ရှောင်ဖန်း၊ နင်က သခင်ကြီးယွမ်ရဲ့အစေခံဖြစ်နေလို့ ငါတို့က ဘာမှမလုပ်ရဲဘူးလို့ မထင်လိုက်နဲ့နော်။"

"..."

ရှောက်ယွိနှင့် မင်ဟယ်တို့ လှမ်းကြည့်လိုက်သောအခါ ရှောင်ဖန်းက အစေခံတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့် စကားများနေကြောင်း တွေ့လိုက်ကြရသည်။ ၎င်းတို့၏ဘေးမှာတော့ ကြောင်အမ်းနေသော ကျင်းသာ့ပေါင်နှင့် ဝဝကစ်ကစ်ကလေးတစ်ယောက် ရှိနေ၏။ ရှောက်ယွိက မင်ဟယ်ကို တိုးတိုးလေး မေးလိုက်သည်။

"ရှောင်ဖန်းနဲ့ ရန်ဖြစ်နေတဲ့ အဲ့ဒီဒေါ်လေးနှစ်ယောက်က သားကို မကောင်းပြောတဲ့လူတွေလား။"

"ဟုတ်တယ်။"

မင်ဟယ်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို သာ့ပေါင်ဘေးမှာရှိနေတဲ့ကလေးက ထျန်းလျို့ပေါ့?"

"ဟုတ်။"

ထို့နောက် ရှောက်ယွိက မင်ဟယ်ကိုခေါ်ကာ ရှောင်ဖန်းရှိရာဆီသို့ လျှောက်သွားလိုက်သည်။

တစ်စုံတစ်ယောက်ရောက်လာသည်ကို ခံစားမိလိုက်သဖြင့် ရှောင်ဖန်းတစ်ယောက် အနောက်လှည့်ကြည့်လိုက်ရာ ရှောက်ယွိကိုမြင်လိုက်ရသဖြင့် သူ(မ) ယာယီ ထိတ်လန့်သွားခဲ့သည်။ စောစောက ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့ ပြေးထွက်သွားသဖြင့် သူ(မ) အနောက်ကနေလိုက်ရင်း မင်ဟယ်ကိုဂရုမစိုက်မိဘဲ ပစ်ထားခဲ့လိုက်မိသည်။ ထိုအချိန်အတွင်း ယုတ်မာသော ဤအမျိုးသမီးနှစ်ဦးက မင်ဟယ်ကို ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်ရာ ရှောင်ဖန်း အပြစ်ရှိစိတ်ကို နက်နက်ရှိုင်းရှိုင်း ခံစားနေခဲ့ရ၏။

"လူကြီးမင်းရှောက်၊ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ကျွန်မ စောစောက ဂရုမစိုက်မိဘဲ ပစ်ထားမိလို့ သူတို့တွေ မင်ဟယ်လေးကို မောင်းထုတ်လိုက်ကြတာ..."

"သူတို့က ဘယ်သူတွေလဲ။"

ရှောက်ယွိက မေးလိုက်သည်။

"ဒီအမျိုးသမီးက သခင်ကြီးယွမ်ရဲ့တူမ ယွမ်စန်းနျန်ကျစ်လို့ခေါ်ပါတယ်။ ကျွန်မတို့သခင်မလေးရဲ့ တတိယဝမ်းကွဲဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချင်းရှီမြို့ရဲ့ ထျန်းမိသားစုထဲနဲ့ လက်ထပ်ထိမ်းမြားပြီး ထျန်းဖူးရန် ဖြစ်လာခဲ့တာပါ။ အခု သူ(မ)က သူ(မ)သားနဲ့အတူ သခင်လေးကျင်းရဲ့မွေးနေ့ပွဲအတွက် ရောက်လာတာပါ။ သူ(မ)ဘေးက အမျိုးသမီးကတော့ သူ(မ)ရဲ့အစေခံ ရှန်းချွင်းလို့ခေါ်ပါတယ်။"

"ငါ နားလည်ပြီ။"

ရှောက်ယွိက ပြောလိုက်သည်။ သူက ရန်လိုနေသော ရှန်းချွင်းကို ဂရုမစိုက်ဘဲ ယွမ်စန်းနျန်ကျစ်ဘက်သို့လှည့်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"ထျန်းဖူးရန်။"

ယွမ်စန်းနျန်ကျစ်၏မျက်လုံးများက ရှောက်ယွိ၏ ရိုးရှင်းသောအဝတ်အစားများပေါ် ဦးစွာကျရောက်သွားပြီး အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သို့သော် ရှောက်ယွိ၏ ခံ့ညားသောရုပ်ရည်၊ ဖြူဖွေးနေသည့်အသားအရေနှင့် လူငယ်ဆန်သောအငွေ့အသက်တို့ကို မြင်လိုက်ရသောအခါ သူ(မ)စိတ်ထဲ အနည်းငယ်တော့ သဘောကျသွား၏။

သို့သော် ရှောက်ယွိ၏ နောက်ဆက်တွဲစကားကို ကြားလိုက်ရသောအခါ သူ(မ)၏မကျေနပ်မှုများက ပြန်လည်ဝင်ရောက်လာခဲ့သည်။

"ကျွန်တော်က မင်ဟယ်ရဲ့ဦးလေးပါ။ စောစောက ကျွန်တော်တို့မင်ဟယ်ကို သူတောင်းစားလေးလို့ခေါ်လိုက်တာ ခင်ဗျားလား။"

ရှောက်ယွိ၏အဆင့်အတန်းကို သိရှိသွားသဖြင့် ယွမ်စန်းနျန်ကျစ်က အထင်သေးစွာဖြင့် တုံ့ပြန်လိုက်သည်။

"ဪ၊ နင်က စားတော်ကဲလား။"

"ဟုတ်ပါတယ်။

ရှောက်ယွိက မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ ပြန်ဖြေလိုက်၏။

ယွမ်စန်းနျန်ကျစ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါက သူ့ကို သူတောင်းစားလေးနဲ့တူတယ်လို့ ပြောလိုက်တာ။ သူ့ကိုလည်း ကြည့်ဦးလေ—"

ရှောက်ယွိက သူ(မ)စကားကို ဖြတ်ပြောလိုက်လေ၏။

"သူက ညစ်ပတ်တယ်လို့လည်း ပြောခဲ့သေးတယ်မလား။ ပြီးတော့ သူ့ကို ယုန်လေးတွေလည်း ပေးမကြည့်ဘူး၊ ဥယျာဉ်ထဲလည်း ပေးမဝင်ဘူး၊ ပြီးတော့ မောင်းထုတ်လိုက်တယ်။"

ယွမ်စန်းနျန်ကျစ်က ဝန်ခံလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ရဲ့သခင်လေးနှစ်ယောက် ဆော့နေတာကို သူက—"

"သူကလည်း ကျွန်တော့်ရဲ့သခင်လေးပါပဲ!"

ရှောက်ယွိက ယွမ်စန်းနျန်ကျစ်၏စကားကို ထပ်ပြီးဖြတ်ပြောလိုက်ပြန်သည်။

ယွမ်စန်းနျန်ကျစ်တစ်ယောက် သူ့စကားကြောင့် ကြောင်အမ်းသွားခဲ့သည်။

ရှန်းချွင်းကလည်း ရှောက်ယွိကို အံ့ဩတကြီးစိုက်ကြည့်နေခဲ့၏။

ရှောင်ဖန်းကမူ အလွန်ကျေနပ်သွားပြီး သံယောင်လိုက်ပြောခဲ့သည်။

"မှန်တယ်၊ မင်ဟယ်ကလည်း မင်မိသားစုရဲ့သခင်လေးပဲ!"

ထိုစကားကို ကြားလိုက်ရသောအခါ မင်ဟယ်က သူ၏မျက်နှာလေးကို မော့လိုက်ပြီး တောက်ပနေသော မျက်ဝန်းနက်လေးများဖြင့် ဦးငယ်ကို မမှိတ်မသုန်စိုက်ကြည့်နေခဲ့သည်။

ရှောက်ယွိက မင်ဟယ်၏လက်ကလေးကို အားအင်များ ပေးလိုက်သကဲ့သို့ ခပ်ဖွဖွဖျစ်ညှစ်လိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

"ထျန်းဖူးရန်၊ ကျွန်တော်တို့က ကျင်းအိမ်တော်ရဲ့အစေခံတွေ မဟုတ်သလို၊ ယွမ်အိမ်တော် ဒါမှမဟုတ် ခင်ဗျားတို့ထျန်းအိမ်တော်ရဲ့ အစေခံတွေလည်း မဟုတ်ဘူးဆိုတာကို ကျေးဇူးပြုပြီး မှတ်ထားပေးပါ။ ကျွန်တော်တို့က သခင်ကြီးယွမ်ကိုယ်တိုင် အခကြေးငွေပေးပြီး စိတ်ရင်းနဲ့ဖိတ်ကြားထားတဲ့ စားတော်ကဲတွေပါ။ ကျွန်တော်တို့က သာ့ကျင့်ပြည်ရဲ့ တည်ထောင်သူ ဧကရာဇ်မင်းမြတ်ကိုယ်တော်တိုင် 'ကောင်းကင်' လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ပြည်သူတွေပါ။ ကျွန်တော်တို့ ခိုးဝှက်တာ၊ လုယက်တာ၊ လိမ်ညာတာတွေလည်း မလုပ်ပါဘူး။ ကျွန်တော်တို့က ရိုးရိုးသားသားအလုပ်လုပ်ပြီး သာမန်ပြည်သူတွေရဲ့အဝတ်အစားကို ဂုဏ်ယူစွာနဲ့ ဝတ်ထားကြတာပါ။ ခင်ဗျားမှာ ကျွန်တော်တို့ကို ဒီလိုရန်လိုတဲ့စကားတွေပြောဖို့ ဘာအခွင့်အရေးများရှိလို့လဲ။"

ယွမ်စန်းနျန်ကျစ်နှင့် ရှန်းချွင်းတို့မှာ ရှောက်ယွိ၏စကားပြောကောင်းမှုကြောင့် ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားခဲ့ကြသည်။

ရှောင်ဖန်းက ခါးထောက်လျက် ဝင်ပြောလိုက်၏။

"အဲ့ဒါအမှန်ပဲ။"

ရှောက်ယွိက ထိုမျှနှင့် မရပ်ခဲ့ပေ။

"ထျန်းဖူးရန်၊ ခင်ဗျားလည်း မိခင်တစ်ယောက်ပဲလေ။ တခြားလူကြီးတွေက ခင်ဗျားရဲ့သား ထျန်းလျို့ကို အခုလို ဆက်ဆံမယ်ဆိုရင် ခင်ဗျား ဘယ်လိုခံစားရမလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment