အပိုင်း (၁၈)
ရှောက်ယွိတစ်ယောက် အလုပ်များနေခဲ့သည်။ သူက လတ်ဆတ်သောကြက်သားတုံးများကို ပါးပါးလှီးထားသော မှို၊ ကြက်သွန်မြိတ်၊ ချင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် ရောနယ်လိုက်ပြီး အနည်းငယ်စေးကပ်လာပြီဆိုမှ အစိုဓါတ်ကိုထိန်းသိမ်းရန်နှင့် အသားကိုနူးညံ့သွားစေရန် ဆန်မှုန့်အနည်းငယ် ဖြူးလိုက်သည်။ ထို့နောက် ၎င်းကို ဝါးပေါင်းချောင်ထဲထည့်ကာ ပေါင်းလိုက်လေ၏။
သခင်ကြီးယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။
"ဒါက ဟင်းတစ်ခွက် ဖြစ်သွားပြီလား။"
ရှောက်ယွိက ခေါင်းညိတ်ပြလိုက်၏။
"ရေနွေးဖြစ်ဖြစ်၊ ဝိုင်ဖြစ်ဖြစ် ထည့်ဖို့မလိုဘူးလား။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ပဲပေါ့။"
"ကြက်သွန်မြိတ်၊ ချင်းနဲ့ မှိုတွေကလည်း ဟင်းခတ်အမွှေးအကြိုင်တွေပါပဲ။"
"ဒါပေမဲ့ အဲ့ဒါက အရသာရှိပါ့မလား။"
သခင်ကြီးယွမ်က သံသယဖြင့် ပြောလိုက်သည်။
"အရသာရှိပါတယ်!"
မင်ဟယ်က သူ၏ဦးငယ်ကို အကြွင်းမဲ့ယုံကြည်နေခဲ့သည်။
"ခဏနေရင် မြည်းကြည့်တာပေါ့။"
ရှောက်ယွိက ပြုံးလျက် လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့၏။
သခင်ကြီးယွမ်က နေရာအနှံ့မှ စားကောင်းသောက်ဖွယ်များကို မြည်းစမ်းဖူးသည်ဟု သူ့ကိုယ်သူ ဂုဏ်ယူလေ့ရှိသည်။ သူကိုယ်တိုင်က ပဲပင်ပေါက်နှင့် ဟင်းရွက်စိမ်းလောက်သာ ကြော်လှော်တတ်သော်လည်း စားတော်ကဲများ ချက်ပြုတ်သည်ကို တော်တော်များများ မြင်ဖူးထားရာ ပြင်ဆင်ပုံကိုကြည့်ရုံဖြင့် မည်သည့်ဟင်းလျာဖြစ်ကြောင်း ပြောနိုင်ပေ၏။
သို့သော် ရှောက်ယွိက ကြော်လိုက်၊ ပြုတ်လိုက်၊ ပေါင်းလိုက်ဖြင့်လုပ်နေခဲ့ပြီး အလွန်မွှေးကြိုင်သောရနံ့များ ထွက်ပေါ်လာသော်လည်း သူဘာချက်နေမှန်းကို သခင်ကြီးယွမ်မှာ မသိနိုင်သောကြောင့် ပို၍သိချင်လာခဲ့သည်။ ထိုစဉ် ဆွဲဆောင်မှုရှိသောရနံ့တစ်ခုက သူ့ဆီသို့ ပျံ့လွင့်လာရာ သူက မေးလိုက်၏။
"ဒီလောက်မွှေးနေတာ ဘာအနံ့လဲ။"
ရှောက်ယွိက အိုးတစ်လုံးကို ညွှန်ပြလိုက်သည်။
"မှိုနဲ့ ကြက်သားပေါင်းပါ။"
"အနံ့ကတော့ တကယ်ကို သြချလောက်စရာပဲဟေ့!"
သခင်ကြီးယွမ်က ရေရွတ်လိုက်၏။
"သာ့ပေါင်၊ မင်း သွားရည်တွေကျနေပြီ!"
ထျန်းလျို့က ရုတ်တရက် အော်ပြောလိုက်သည်။
အားလုံးလှည့်ကြည့်လိုက်သောအခါ ကျင်းသာ့ပေါင်၏ ပါးစပ်ထောင့်မှာ ကြည်လင်နေသော သွားရည်စက်လေး တစ်စက်ကို တွေ့လိုက်ရသည်။
"အီးးး!"
သခင်ကြီးယွမ်၊ ထျန်းလျို့၊ အားကွေ့နှင့် မင်ဟယ်တို့က ရွံရှာသည့်အမူအရာမျိုးကို ဖော်ပြလိုက်ကြ၏။
ရှောင်ဖန်းက လက်ကိုင်ပဝါတစ်ထည်ဖြင့် အမြန်သုတ်ပေးလိုက်ပြီး ရယ်ရခက်၊ ငိုရခက်ဖြင့် ပြောလိုက်၏။
"သခင်လေးရယ်၊ ဆန်းဆန်းပြားပြား အစားအသောက်တွေကို အများကြီးစားဖူးရဲ့သားနဲ့၊ ဘာဖြစ်လို့ အခုမှ သွားရည်တွေ ကျနေရတာလဲ။"
"အဲ့ဒါက အရမ်းမွှေးနေလို့လေ။"
ကျင်းသာ့ပေါင်က သူ၏သွားရည်များကို ပြန်မျိုချလိုက်သည်။
"အီးးး!"
သခင်ကြီးယွမ်၊ ထျန်းလျို့၊ အားကွေ့နှင့် မင်ဟယ်တို့က နောက်တစ်ကြိမ် ရွံရှာသလိုလုပ်ပြလိုက်ကြပြန်၏။
"စိတ်မပူပါနဲ့၊ ခဏနေရင် ရတော့မှာပါ။"
ရှောက်ယွိက နှစ်သိမ့်လိုက်သည်။
"မင်ဟယ်ရဲ့ဦးငယ်၊ မြန်မြန်လုပ်ပေးပါ၊ ကျွန်တော် အရမ်းဗိုက်ဆာနေပြီ။"
ကျင်းသာ့ပေါင်က သူ၏ပူလုံးနေသော ဗိုက်ကလေးကိုပုတ်ပြရင်း ပြောလိုက်၏။
"ဟုတ်ပါပြီ။"
ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ ရှောက်ယွိက ဟင်းလျာများကို လတ်စသတ်လိုက်သည်။ သူက ကြော်ထားသော ဝက်သားချောင်းများကို ခရမ်းချဉ်သီး၊ သကြား၊ ရှာလကာရည်နှင့် ဆားတို့ဖြင့်ရောစပ်ထားသော အရည်ထဲထည့်လိုက်ပြီး ခဏမွှေကြော်ကာ ပြန်ချလိုက်သည်။ ဤသို့ဖြင့် သူကိုယ်တိုင်လုပ်ထားသော ဝက်သားချိုချဉ်ကြော်ကို ရရှိသွားခဲ့လေသည်။
အိုးဆေးပြီးနောက် ခရမ်းချဉ်သီးအသားလုံးစွပ်ပြုတ်၊ တို့ဖူးဟင်းရွက်ကြော်၊ ဝက်ငရုတ်ပွစိမ်းကြော်နှင့် အခြားဟင်းလျာများကို ဆက်တိုက်ချက်ပြုတ်လိုက်ရာ များမကြာမီ စားပွဲပေါ်၌ ဟင်းလျာများဖြင့် ပြည့်နှက်သွားတော့၏။
သခင်ကြီးယွမ်က ကိုယ်တိုင်ကိုယ်ကျ ဟင်းလျာပန်းကန်များကို အပြင်ခန်းရှိစားပွဲပေါ်သို့ သယ်ပေးနေခဲ့သည်။
ရှောင်ဖန်းနှင့် အားကွေ့တို့က မီးငြှိမ်းပေးခဲ့ပြီးနောက် ရှောက်ယွိက အတွင်းခန်းရှိ အိုးအဖုံးကိုဖွင့်လိုက်ရာ မှိုကြက်သားပေါင်းကိုသာမက ကြက်ဥပေါင်းနှင့် ပေါက်စီများကိုပါ တွေ့လိုက်ရသည်။
သခင်ကြီးယွမ်၏မျက်လုံးများက မှိုကြက်သားပေါင်းပေါ်တွင်သာ စွဲမြဲနေခဲ့၏။
လူကြီးများရော၊ ကလေးများပါ စားပွဲမှာ ဝိုင်းထိုင်လိုက်ကြသည်။
ရှောက်ယွိက ပြောလိုက်၏။
"ဒါတွေက သခင်ကြီးယွမ်ဝယ်လာပေးတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ကျွန်တော်ချက်ထားတဲ့ အိမ်ချက်ဟင်းလျာလေးတွေပါ။ လူကြီးရော၊ ကလေးပါ စားလို့အဆင်ပြေအောင်လုပ်ထားတာမို့ ကျေးဇူးပြုပြီး အရသာကိုတော့ အရမ်းကြီးမဝေဖန်ကြပါနဲ့ဦး။"
"လူကြီးမင်းရှောက်၊ ရှင်က အရမ်းနှိမ့်ချလွန်းတာပဲ။"
ရှောင်ဖန်းက ပြောလိုက်သည်။
ရှောက်ယွိက အကြံပြုလိုက်၏။
"မြည်းကြည့်ကြပါဦး။"
မှိုကြက်သားပေါင်းကို မျက်စိကျနေခဲ့သော သခင်ကြီးယွမ်က ကြက်သားတစ်တုံးကို ချက်ချင်းနှိုက်ယူကာ မည်သည့်အပိုင်းလဲတောင် မကြည့်တော့ဘဲ ပါးစပ်ထဲ တန်းထည့်လိုက်သည်။ ဝါးတောင်မဝါးရသေးခင် အရည်များက သူ့ပါးစပ်ထဲပျံ့နှံ့သွားခဲ့ပြီး မှို၏ရနံ့နှင့် ကြက်သား၏အရသာတို့က အချို၊ အငန်တို့အပြင် အမွှေးရနံ့ကပါ အချိုးကျကျ ရောစပ်နေခဲ့လေ၏။
ပထမဆုံးတစ်လုတ်နှင့်တင် ဤဟင်းလျာက အလွန်အောင်မြင်ကြောင်းနှင့် အခြားစားတော်ကဲများစွာထက် သာလွန်ကြောင်း သူ ခံစားလိုက်ရသည်။ သူ ကြက်သားကို ဝါးလိုက်သောအခါ ပိုပြီးအရသာရှိသောအရည်များ စိမ့်ထွက်လာခဲ့သဖြင့် အံ့ဩတကြီးဖြစ်သွားခဲ့လေ၏။
"သခင်ကြီး၊ ဘာဖြစ်လို့လဲ။"
ရှောင်ဖန်းနှင့် အားကွေ့တို့က တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
သခင်ကြီးယွမ်မှာ ၎င်းတို့ကို ပြန်မဖြေအားဘဲ ကြက်သားကိုသာ အားရပါးရဝါးနေခဲ့သည်။ တစ်ချက်ဝါးလိုက်တိုင်း အရည်များစိမ့်ထွက်လာပြီး ကြက်သား၏နူးညံ့အိစက်မှုတို့က အလွန်ပြည့်စုံလွန်းလှ၏။
အရသာရှိလိုက်တာ!
အရမ်းအရသာရှိတာပဲ!!
တကယ်ကို အရသာရှိလွန်းတယ်!!!
ယခုလိုအရသာရှိသော မှိုကြက်သားပေါင်းကို တစ်ခါမှမစားဖူးသဖြင့် သခင်ကြီးယွမ်က ရှောက်ယွိကို အံ့ဩတကြီးကြည့်ကာ မေးလိုက်သည်။
"ရှောက်ယွိ၊ မင်း ဒီမှိုကြက်သားပေါင်းကို ဘယ်လိုချက်တာလဲ။"
"သခင်ကြီး၊ သခင်ကြီးပဲ တစ်ချိန်လုံးကြည့်နေခဲ့တာလေ။"
ရှောင်ဖန်းက ဝင်ပြောလိုက်၏။
ထိုအခါမှ သခင်ကြီးယွမ်မှာ သတိရသွားခဲ့သည်။ မှန်ပေ၏၊ သူ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ ယင်းက ကြက်သွန်မြိတ်၊ ချင်း၊ ဆား၊ မုန်လာဥနီနှင့် ဆန့်မှုန့်တို့ကိုသာ သုံးထားပြီး ရိုးရိုးရှင်းရှင်းလေး ချက်သွားခဲ့ခြင်းပင်။ ထိုအချိန်က သူသည် အလွန်ရိုးရှင်းလွန်းသည်ဟု ထင်ခဲ့သော်လည်း ယခုကဲ့သို့အရသာရှိမည်ဟု မမျှော်လင့်ထားခဲ့မိပေ။
သခင်ကြီးယွမ်၏ရှုပ်ထွေးမှုကို မြင်လိုက်ရသောအခါ ရှောက်ယွိက ရှင်းပြလိုက်သည်။
"လတ်ဆတ်တဲ့ကြက်သားမှာ သဘာဝအရသာရှိပြီးသားပါ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ နယ်လိုက်တာက အသားထဲကို အရသာဝင်ပြီး အသားကို နူးညံ့သွားစေပါတယ်။ အရေးကြီးဆုံးအဆင့်ကတော့ ဆန်မှုန့်ကိုသုံးပြီး အစိုဓါတ်ကို ထိန်းလိုက်တာပါပဲ။ အဲ့ဒါဆို ပေါင်းပေါင်း၊ ကြော်ကြော်၊ ချက်ချက် အသားက နူးညံ့နေမှာပါ။"
"ဒါက တကယ်ပဲ အဲ့လောက်ရိုးရှင်းတာလား။"
"ဟုတ်ကဲ့၊ ရိုးရှင်းပါတယ်။"
ဤကဲ့သို့သောနည်းစနစ်များကို မသိခဲ့သော သခင်ကြီးယွမ်က မေးလိုက်၏။
"မင်း ဒီဟင်းချက်ပညာကို ဘယ်သူ့ဆီက သင်ခဲ့တာလဲ။"
ရှောက်ယွိက ဟင်းချက်ခြင်းကို စနစ်တကျ မသင်ယူခဲ့ဖူးပေ။ သူငယ်ငယ်က အဖွားဖြစ်သူ ချက်ပြုတ်နေတာကိုသာ ကြည့်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ပညာသင်ရန်နှင့် အလုပ်လုပ်ရန် အခြားမြို့များသို့သွားသောအခါ ပိုက်ဆံချွေတာရန်အတွက် ကိုယ်တိုင်ချက်စားရင်းနဲ့မှ ဝါသနာပါလာခဲ့သည်။
သူက အလုပ်၌ စိတ်ဖိစီးမှုများလာချိန်တိုင်း ဟင်းချက်နည်းအသစ်များကို လေ့လာတတ်ပြီး လက်တွေ့စမ်းသပ်ခြင်းဖြင့် စိတ်အပန်းဖြေတတ်သည်။ နောက်ဆုံးမှာ သူ ဟင်းချက်နည်းအမျိုးမျိုးကို တတ်မြောက်သွားခဲ့၏။
"ကျွန်တော် ဘယ်သူ့ဆီကမှ မသင်ခဲ့ပါဘူး၊ စာအုပ်တချို့ဖတ်ပြီး ကိုယ့်ဘာသာကိုယ် လေ့ကျင့်ထားတာပါ။"
ဒါ တကယ့်ကို ပါရမီရှင်ပဲ!
သခင်ကြီးယွမ်က ပြောလိုက်သည်။
"မင်း ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခုလောက် ဖွင့်သင့်တယ်!"
ရှောက်ယွိ၏လက်ရာနှင့် ဆိုင်ဖွင့်ပါက နေ့တိုင်း လူကျိတ်ကျိတ်တိုးနေမည်မှာ သေချာပေ၏။
"နောင်တစ်ချိန်မှာ ဖွင့်ဖြစ်မှာပါ။"
ရှောက်ယွိက ပြောလိုက်သည်။
"တကယ်လား။"
သခင်ကြီးယွမ်က အံ့သြတကြီးပြောလိုက်သည်။
"ဟုတ်ကဲ့၊ တကယ်ပါ။"
အစပိုင်းတွင် ရှောက်ယွိက စားဝတ်နေရေးအတွက်သာ ရည်ရွယ်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် လူအများက သူ၏လက်ရာကို သဘောကျကြောင်း သိလာရသောအခါ လုပ်ငန်းကိုချဲ့ထွင်ရန်၊ အထူးသဖြင့် သူကိုယ်တိုင်နှင့် မင်ဟယ်တို့အတွက် ပိုမိုကောင်းမွန်သောဘဝတစ်ခုကို ဖန်တီးရန် ထိုကဲ့သို့စဉ်းစားခဲ့သည်။
"ဒါဆို ငါ အဲ့ဒီနေ့ကို မျှော်လင့်နေမယ်။ ပြီးရင် နေ့တိုင်းလာစားဖို့လည်း အာမခံတယ်။"
"အမြဲတမ်းကြိုဆိုနေမှာပါ။"
"ဒါဆို အနာဂတ်မှာ စားသောက်ဆိုင်ပိုင်ရှင်ကြီးဖြစ်လာမဲ့ ရှောက်ယွိအတွက်။"
ထိုသို့ဆိုကာ သခင်ကြီးယွမ်က ဝိုင်အစား ခရမ်းချဉ်သီးအသားလုံးစွပ်ပြုတ်ဖြင့် ရှောက်ယွိနှင့် ခွင်ချင်းတိုက်လိုက်၏။
"ကျေးဇူးတင်ပါတယ်၊ သခင်ကြီးယွမ်။"
"ဒီစွပ်ပြုတ်ကလည်း တကယ်အရသာရှိတာပဲ!"
သခင်ကြီးယွမ်က တစ်ငုံသောက်ပြီးနောက် ချီးကျူးလိုက်သည်။
"အခြားဟင်းတွေကိုလည်း မြည်းကြည့်ပါဦး။ အားလုံး အရသာရှိပါတယ်။"
ရှောက်ယွိက တိုက်တွန်းလိုက်၏။
သခင်ကြီးယွမ်က ဟင်းလျာတစ်ခုချင်းစီကို မြည်းစမ်းကြည့်ခဲ့သည်။
မင်ဟယ်၊ ကျင်းသာ့ပေါင်၊ ထျန်းလျို့၊ ရှောင်ဖန်းနှင့် အားကွေ့တို့ကလည်း ချီးကျူးမဆုံးဖြစ်နေခဲ့ကြသည်။
သခင်ကြီးယွမ်ဝယ်လာသော ပါဝင်ပစ္စည်းများက လူကြီးခုနစ်ယောက်စာ လုံလောက်သော်လည်း လူကြီးလေးယောက်နှင့် ကလေးသုံးယောက်တို့မှာ အကုန်ကုန်အောင် အပြတ်ရှင်းနိုင်ခဲ့ကြသည်။ မင်ဟယ်၊ ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က ပေါက်စီများကို ဟင်းရည်များထဲ စိမ်ပြီးစားလိုက်ကြရာ ပန်းကန်များနှင့် ဇလုံများမှာ ဆေးစရာမလိုတော့လောက်အောင် ပြောင်သလင်းခါသွားလေ၏။
"အားလုံးဝကြရဲ့လား။"
ရှောက်ယွိက မေးလိုက်သည်။
"ဝပါတယ်။"
ကလေးသုံးယောက်လုံးက လုံးဝိုင်းနေသော ၎င်းတို့၏ဗိုက်ကလေးများကို ပြသရင်း ပြန်ဖြေခဲ့ကြ၏။
၎င်းတို့အားလုံး ကောင်းကောင်းစားခဲ့သည်ကို မြင်လိုက်ရသဖြင့် ရှောက်ယွိကလည်း ဝမ်းသာသွားခဲ့သည်။
ရှောင်ဖန်းနှင့် အားကွေ့တို့က ပန်းကန်များကို ကူဆေးပေးခဲ့ကြ၏။
ထို့နောက် ရှောက်ယွိက သခင်ကြီးယွမ်နှင့် အခြားသူများကို ကျင်းရှို့ရွာထဲသို့ လိုက်ပြခဲ့သည်။ အချိန်က နောက်ကျလာပြီဖြစ်ရာ ၎င်းတို့တွေ ပြန်ကြရတော့ပေမည်။
သို့သော် ကလေးသုံးယောက်က မခွဲချင်ခဲ့ကြပေ။
"မင်ဟယ်၊ ငါ မင်းနဲ့ မခွဲချင်ဘူး!"
ကျင်းသာ့ပေါင်က မင်ဟယ်ဆီပြေးလာပြီး သူ့လည်ပင်းကို သိုင်းဖက်လိုက်သည်။ သို့သော် နှစ်ယောက်စလုံးက သုံးနှစ်သားကလေးများဖြစ်ရာ ဟန်ချက်မထိန်းနိုင်ဘဲ မြေကြီးပေါ်သို့ လဲကျသွားခဲ့ကြလေ၏။
ရှောင်ဖန်းနှင့် အားကွေ့တို့က အမြန်ပြေးကာ သွားထူပေးလိုက်ကြသည်။
"သာ့ပေါင်! မင်း ဘယ်လိုလုပ်လိုက်တာလဲ—"
သခင်ကြီးယွမ်က ကျင်းသာ့ပေါင်ကို ဆူလိုက်၏။
"ဖိုးဖိုး၊ ရပါတယ်၊ ရပါတယ်။ အဲ့ဒါက မနာပါဘူး၊ မနာပါဘူး။"
ကျင်းရှို့ရွာ၌ ဆင်းဆင်းရဲရဲနေခဲ့ရသဖြင့် သူငယ်ချင်းမရှိခဲ့သော မင်ဟယ်က ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့ကို သူငယ်ချင်းအဖြစ် အလွန်တန်ဖိုးထားခဲ့သည်။
ရှောက်ယွိတစ်ယောက် ဤအခြေအနေကိုကြည့်နေရင်း သူ၏နှလုံးသားထဲ ကြည်နူးသွားခဲ့၏။ မင်ဟယ်လေးမှာ မိသားစုမေတ္တာသာမက သူငယ်ချင်းသံယောဇဉ်ကိုပါ ရရှိလာခြင်းက ကောင်းသောကိစ္စရပ်ပင်။
"သခင်ကြီးယွမ်၊ ကလေးတွေ ကစားရင်း မတော်တဆဖြစ်တာက သဘာဝပါပဲ။"
သခင်ကြီးယွမ်က ဘာမှထပ်မပြောတော့ပေ။ အမှန်တကယ်တော့ သူဘယ်လောက်ဆူဆူ ကျင်းသာ့ပေါင်က အရေးမစိုက်ဘဲ မင်ဟယ်ကိုသာ စိုက်ကြည့်နေခဲ့သည်။
မင်ဟယ်က ပြောလိုက်၏။
"မင်းတို့ ငါနေတဲ့နေရာကို သိတာပဲ။ ငါ့အိမ်ကိုလာပြီး ကစားလို့ရတယ်လေ။"
"မင်းလည်း ငါ့ဆီ လာလို့ရတယ်!"
ကျင်းသာ့ပေါင်က ပြောလိုက်သည်။
မင်ဟယ်က ခေါင်းညိတ်ပြလိုက်၏။
ဤသို့ဖြင့် ကလေးသုံးယောက်မှာ မခွဲချင်ခွဲချင်ဖြင့် နှုတ်ဆက်လိုက်ကြလေသည်။
သခင်ကြီးယွမ်တို့အဖွဲ့ လမ်းကြားတစ်ခုထဲ ချိုးကွေ့ဝင်သွားပြီးနောက် ရှောက်ယွိနှင့် မင်ဟယ်တို့က ခြံဝင်းထဲပြန်ဝင်လာခဲ့ကြ၏။
နေဝင်တော့မည်ဖြစ်ရာ တူဝရီးနှစ်ယောက်က ဟင်းရွက်ခြောက်များကို စပြီးသိမ်းနေကြချိန်၌ အနောက်ကနေ ခေါ်သံကြားလိုက်ရကြသည်။
"ရှောက်ယွိ၊ မင်ဟယ်။"
နှစ်ယောက်စလုံး လှည့်ကြည့်လိုက်ကြ၏။
အိတ်နှစ်အိတ်ကိုသယ်ထားသော ကျန်းဝူက ခြံတံခါးရှေ့မှာရပ်နေလေသည်။ နွေးထွေးကြည်လင်ကာ အံ့ဩမှုများပြည့်နှက်နေသော ရှောက်ယွိ၏အကြည့်များနှင့် ဆုံလိုက်မိသွားသောအခါ ကျန်းဝူ၏မျက်နှာက တစ်မုဟုတ်ချင်း နီမြန်းလာခဲ့သည်။
"ကျန်းဝူ၊ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။"
ရှောက်ယွိက ပြုံးလျက် နှုတ်ဆက်လိုက်၏။
မင်ဟယ်ကလည်း အနားသို့ပြေးသွားကာ သူ၏ဖောင်းအိနေသောမျက်နှာလေးကိုမော့၍ ကျန်းဝူကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးဝိုင်းဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကလေးအသံလေးဖြင့် မေးလိုက်၏။
"ဦးလေးကျန်း၊ ဦးလေးရဲ့မျက်နှာက ဘာဖြစ်လို့ အရမ်းနီနေရတာလဲ။"
***
Aurora Novel Translation Team