no

Font
Theme

အပိုင်း (၂၀)

"ဝိုင်းဝိုင်းကြီးကြီးနဲ့ ဖိုးဖိုးရဲ့အလင်းရောင်ထက်တောင် ပိုပြီးတောက်ပသေးတယ်။"

သမ်းကျစ်က ထပ်ဖြည့်ပြောလိုက်သည်။

"တကယ်ပဲ မင်းရဲ့ဖိုးဖိုးထက် ပိုပြီးတောက်ပတာလား။"

အဖွားအိုက ပြန်မေးလိုက်၏။

သမ်းကျစ်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်။"

အဖွားအိုက ထပ်မံအတည်ပြုလိုသဖြင့် မေးလိုက်သည်။

"မင်း သေချာကြည့်ရဲ့လား၊ မမှားပါဘူးနော်။"

သမ်းကျစ်က ရှောက်ယွိကို သေသေချာချာ လက်ညှိုးထိုးပြလိုက်သည်။

"ဟင့်အင်း၊ ဟိုမှာလေ၊ ရုပ်အချောဆုံး သာ့ကောကောပဲ။"

ထိုလူငယ်က ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ကိုယ်လုံးကိုယ်ပေါက်ကောင်းမွန်ပြီး ရုပ်ရည်ချောမောသည့်အပြင် နှုတ်ခမ်းထက်မှာလည်း နူးညံ့သိမ်မွေ့သောအပြုံးတစ်ခု အမြဲရှိနေခဲ့သည်။ ဤဆိပ်ကမ်းလေးတင်မကဘဲ သာ့ကျင့်ပြည်တစ်ပြည်လုံးမှာတောင် သူက ဆွဲဆောင်မှုအရှိဆုံးဖြစ်ပေလိမ့်မည်။

အရေးကြီးဆုံးက သူ့မှာ ကြင်နာတတ်သောနှလုံးသားရှိ၏။ သူက စောစောလေးကမှ ၎င်းတို့ကို အသက်ဆက်ဖို့အတွက် ပေါက်စီလေးလုံးပေးခဲ့သေးသည်။ မျက်ရည်များဝဲလာသည့် အဖွားအိုက ရတနာတစ်ခုကိုတွေ့လိုက်ရသလို ခံစားလိုက်ရပြီး သူ့အနားသွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ချောင်းများပြန်ဆိုးလာခဲ့ပြန်သည်။

"အဖွား။"

သမ်းကျစ်က အဖွားဖြစ်သူ၏နောက်ကျောကို အသာအယာပုတ်ပေးရန် အမြန်ပြေးသွားခဲ့သော်လည်း သူ၏အရပ်က ပုလွန်းသဖြင့် ခြေဖျားထောက်လိုက်သော်လည်း ခါးအောက်ပိုင်းလောက်ကိုသာ လက်လှမ်းမီခဲ့သည်။

အဖွားဖြစ်သူက မြေးလေး၏သိတတ်မှုကို ကျေးဇူးတင်စွာဖြင့် ချောင်းဆိုးနေရင်း သူ့ကိုဆွဲဖက်လိုက်သည်။ ခဏအကြာမှာတော့ ချောင်းဆိုးရပ်သွားပြီး သူ(မ)က ပြုံးလျက်ပြောလိုက်လေ၏။

"သမ်းကျစ်၊ မင်း အသက်ဘေးကလွတ်ပြီ၊ မင်း ကယ်တင်ခံရပြီ။"

"သာ့ကောကောက သားတို့ကို ကယ်ပေးမှာလားဟင်။"

"ဟုတ်တယ်။ ဦးခေါင်းပေါ်မှာ ရောင်ဝါထွန်းလင်းနေတဲ့သူတွေက အမြဲတမ်း စိတ်ရင်းစေတနာကောင်းပြီး တစ်ပါးသူကို စောင့်ရှောက်တတ်ကြတယ်လို့ သခင်ကြီးယိပြောဖူးတယ်။ သူ့ရဲ့အလင်းက မင်းရဲ့ဖိုးဖိုးထက်တောင်လင်းနေတော့ သူက မင်းအားကိုးလို့ရမဲ့သူပဲ။"

အဖွားအိုက သမ်းကျစ်၏လက်ကို ဆုပ်ကိုင်ကာ ရှောက်ယွိဆီသွားချင်ခဲ့သော်လည်း သူ့နားမှာ ပေါက်စီဝယ်ယူသူများ ဝိုင်းနေသဖြင့် အနားသို့တိုးမပေါက်ခဲ့ပေ။

တစ်ဖက်တွင်လည်း ရှောက်ယွိနှင့် မင်ဟယ်တို့က ပေါက်စီများအားလုံး ရောင်းကုန်သွားသည်အထိ အလုပ်ရှုပ်နေခဲ့ကြသည်။

"ကုန်သွားပြီ! အားလုံးရောင်းကုန်သွားပြီ!"

မင်ဟယ်က ဝမ်းသာအားရအော်ပြောလိုက်ပြီး သူ၏လက်ဗလာလေးကို ထောင်ပြလိုက်သည်။

ပေါက်စီများကို အကုန်ရောင်းလိုက်ရသည့်အချိန်က စိတ်အပန်းပြေရဆုံးအချိန်ပင်။ ရှောက်ယွိက ပြုံးလျက် ဝါးခြင်းတောင်းကို သိမ်းဆည်းလိုက်သည်။

"အိမ်ပြန်ပြီး ဖက်ထုပ်လုပ်စားကြရအောင်။"

မင်ဟယ်က မေးလိုက်၏။

"ဦးငယ်၊ ဒီနေ့ မြို့ထဲ မသွားတော့ဘူးလား။"

"မသွားတော့ဘူး၊ အိမ်မှာ ဟင်းသီးဟင်းရွက်တွေ ရှိနေပြီလေ။"

ထိုအခါမှ မင်ဟယ်က သတိရသွား၏။

"မနေ့က သားတို့ လှည်းကြီးနဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီးဝယ်ခဲ့တာပဲ။"

ယခု ရာသီဥတုက အေးလာပြီဖြစ်ရာ အသားနှင့် ဟင်းသီးဟင်းရွက်များကို ကြာရှည်သိမ်းထားနိုင်ပြီး လှည်းကလည်း အများကြီးတင်နိုင်သဖြင့် ရှောက်ယွိတစ်ယောက် မနေ့ကတည်းက အများကြီးဝယ်ထားခဲ့သည်။ သူက မင်ဟယ်ကို လှည်းပေါ်တင်ပေးလိုက်၏။

"ဟုတ်တယ်၊ အိမ်ပြန်ကြစို့။"

"သခင်လေး။"

ထိုအခိုက်အတန့်၌ အဖွားအိုက သမ်းကျစ်နှင့်အတူ ရောက်လာခဲ့သည်။

၎င်းတို့ ရှိနေသေးသည်ကို မြင်လိုက်ရသောအခါ ရှောက်ယွိမှာ အံ့ဩသွားလေ၏။

"ဒေါ်လေး၊ အခုထိ ဒီမှာရှိနေသေးတာလား။"

အဖွားအိုက ပြုံးပြလိုက်သည်။

"ဟုတ်ပါတယ်၊ ဒီမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာ။"

ရှောက်ယွိက မေးလိုက်၏။

"အနီးနားမှာ ဆွေမျိုးတွေ၊ ဘာတွေ မရှိဘူးလား။"

သူက မြို့ထဲကို အစာသွားမတောင်းဘူးလားဟု မေးချင်သော်လည်း မယဉ်ကျေးရာရောက်မည်စိုးသဖြင့် စကားလုံးများကို ပြောင်းမေးလိုက်သည်။

"မရှိပါဘူး။"

အဖွားအိုက တိုက်ရိုက်ပြန်ဖြေခဲ့သည်။

"ဒါပေမဲ့ မြစ်ကမ်းဘေးမှာနေရင် အေးမှာပေါ့။"

မင်ဟယ်က ဝင်ပြောလာလေ၏။

ရှောက်ယွိကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ရပါတယ် သခင်လေးရယ်။ စောစောကပေါက်စီတွေအတွက် ကျေးဇူးတင်ပါတယ်။ အဲ့ဒါက တကယ်ကို အရသာရှိတာပါ။"

"ပေါက်စီနည်းနည်းပါပဲ။ ကျွန်တော် ဒီထက်ပိုကူညီနိုင်ရင် ကောင်းမှာပဲ။"

"သခင်လေးက အများကြီး ကူညီပေးပြီးသားပါ။"

ရှောက်ယွိပြန်တော့မည်ကို သိလိုက်သဖြင့် အဖွားအိုက အမြန်မေးလိုက်သည်။

"သခင်လေးက ဒီအနီးအနားမှာပဲ နေတာလား။"

ရှောက်ယွိက ခဏလောက်တုံ့ဆိုင်းသွား၏။

"ဟုတ်ပါတယ်။"

"အိမ်ကမိသားစုမှာ လူဘယ်နှယောက်ရှိလဲ။"

ပုံမှန်အားဖြင့် အခြားသူများသာဆို လူမှုရေးအရမေးမြန်းခြင်းဟု ယူဆနိုင်သော်လည်း ရှောက်ယွိနှင့် မင်ဟယ်တို့မှာ ဆွေမျိုးမရှိ၊ အားကိုးရာမရှိဘဲ နေထိုင်နေကြသူများဖြစ်သဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများတွင် အလွန်သတိထားတတ်ကြ၏။ ယန်စုံတွဲအတွက်တောင် ၎င်းတို့အကြောင်းစုံစမ်းရန် တော်တော်လေး အားထုတ်ခဲ့ရသည်။

ယခု အဖွားအိုက ထိုသို့မေးလာ၏။

ရှောက်ယွိတစ်ယောက် ဒုက္ခသည်အချို့က ခိုးယူခြင်း၊ ရန်ဖြစ်ခြင်းနှင့် ပြဿနာရှာခြင်းများ ရှိတတ်ကြောင်း ဒေါ်လေးလျှိုပြောခဲ့သည်များကို သတိရသွားခဲ့သည်။ ဤမြေးအဖွားနှစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကိုတောင် နာအောင်လုပ်နိုင်မည့်ပုံမပေါ်သော်လည်း ၎င်းတို့က အဖွဲ့တစ်ခုခုမှဖြစ်နေပြီး သူ့အကြောင်းစုံစမ်းပြီးနောက် လုယက်ကြမည်လောကို ရှောက်ယွိ စိုးရိမ်သွားခဲ့သည်။

သူက ချက်ချင်းဆိုသလို သတိအပြည့်ဖြစ်လာ၏။

ရှောက်ယွိ၏သံသယကို ရိပ်မိသွားပုံရသောအဖွားအိုက အမြန်ရှင်းပြလာခဲ့သည်။

"သခင်လေး၊ မကြောက်ပါနဲ့။ ကျွန်မတို့က လူကောင်းတွေပါ၊ တကယ်လူကောင်းတွေပါ။ သခင်လေးကို ဘာဒုက္ခမှ မပေးပါဘူး။ ကျွန်မက... အဟွတ်... အဟွတ်..."

ရှောက်ယွိက သတိမလျှော့သေးဘဲ ပြန်ပြောလိုက်သည်။

"ဒေါ်လေး၊ အခု မွန်းတည့်ချိန်နီးနေပါပြီ။ မြို့ထဲမှာ ဆန်ပြုတ်ဝေနေတဲ့သူတွေ ရှိပါလိမ့်မယ်။ အခုသွားရင် ဆန်ပြုတ်လည်းရနိုင်သလို နေစရာနေရာကိုတောင် စီစဉ်ပေးကြမှာပါ။"

မင်ဟယ်က သူ့ဦးငယ်ပြောနေသည့်အရာများကို သေချာနားမလည်သော်လည်း ဦးငယ်ကို အကြွင်းမဲ့ ယုံကြည်သဖြင့် ခေါင်းညိိတ်သဘောတူလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။"

ရှောက်ယွိက လက်တွန်းလှည်းကို ပင်မလမ်းမကြီးဘက်သို့ တွန်းလိုက်သည်။

"သခင်လေး!"

အဖွားအိုက လိုက်ရန်ကြိုးစားခဲ့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ချောင်းများ ပြန်ဆိုးလာခဲ့သည်။

"အဖွား၊ အဖွား။"

သမ်းကျစ်က သူ(မ)ကို အမြန်ကူတွဲလိုက်၏။

ရှောက်ယွိ နောက်လှည့်ကြည့်လိုက်သောအခါ သနားစိတ်ဖြစ်သွားသော်လည်း သူနှင့် မင်ဟယ်၏လုံခြုံရေးကို ပို၍ဦးစားပေးလိုသဖြင့် လှည်းကို ကျင်းရှို့ရွာဘက်သို့သာ ဆက်တွန်းလာခဲ့လိုက်သည်။

နေ့မွန်းတည့်ချိန်မှာ တူဝရိီးနှစ်ယောက် ဝက်သားနှင့်ကြက်သွန်မြိတ်ဖက်ထုပ်များကို အားရပါးရစားသောက်ကာ ခဏအနားယူခဲ့ကြသည်။ ညနေပိုင်းတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲ အလုပ်လုပ်ရင်း နောက်တစ်နေ့အတွက် ပေါက်စီမုန့်သားများကို ပြင်ဆင်ခဲ့ကြ၏။

နောက်တစ်နေ့တွင် ရာသီဥတုက ပိုအေးလာခဲ့သော်လည်း မင်ဟယ်က အချိန်မှန်ထခဲ့သည်။

အအေးမိမှာကိုစိုးရိမ်သဖြင့် ရှောက်ယွိက မင်ဟယ်ကို ယုန်နားရွက်ပါသော ဦးထုပ်လေးကိုဆောင်းပေးလိုက်ရာ မင်ဟယ်၏ ဖောင်းအိနေသောမျက်နှာလေးက ပို၍ဝိုင်းစက်သွားတော့သည်။

"ဦးငယ်၊ သား ကြည့်လို့ကောင်းလား။"

မင်ဟယ်က သူ၏ဦးထုပ်ကိုကိုင်ရင်း မေးလိုက်သည်။

ရှောက်ယွိက ပြုံးလိုက်၏။

"ကောင်းတာပေါ့၊ မင်ဟယ်က အရမ်းကိုကြည့်လို့ကောင်းတယ်။"

"ဦးငယ်လည်း တစ်ခုဆောင်းဦးလေ။"

"ဦးငယ်က လမ်းလျှောက်ရင် ပူလာမှာမို့လို့ မဆောင်းတော့ဘူး။"

"သားလည်း လမ်းလျှောက်ရင်ပူလာမှာပဲ၊ အဲ့ဒါဆို ချွတ်လိုက်မယ်နော်။"

မင်ဟယ်က ဦးထုပ်ချွတ်ရန်ပြင်လိုက်သည်။

ရှောက်ယွိက အမြန်တားလိုက်၏။

"မရဘူးလေ။ မင်းက ကလေးပဲရှိသေးတာ။ အရေပြားလေးတွေက နုတော့ အရမ်းအေးရင် အသားတွေ နှင်းကိုက်သွားလိမ့်မယ်။"

"ဒါဆို ပူလာတဲ့အချိန်ကျမှ ချွတ်လိုက်မယ်။"

"ဟုတ်ပါပြီ။"

ဆိပ်ကမ်းလေးမှာ ပေါက်စီရောင်းပြီးသွားသောအခါ ရှောက်ယွိနှင့် မင်ဟယ်တို့က ထိုမြေးအဖွားနှစ်ယောက်ကို ထပ်တွေ့ခဲ့ရသည်။ ရှောက်ယွိက မမြင်ချင်ယောင်ဆောင်ကာ မင်ဟယ်ကိုခေါ်ပြီး ထွက်လာခဲ့လိုက်၏။

၎င်းတို့နှစ်ယောက်ကလည်း ရှောက်ယွိတို့ကို လိုက်မမီခဲ့ပေ။

တတိယမြောက်နေ့၌ ပေါက်စီများရောင်းပြီးသွားသောအခါ ရှောက်ယွိက မင်ဟယ်နှင့်အတူ ကျင်းရှို့ရွာဘက်သို့ ပြန်လာခဲ့သည်။

ရုတ်တရက်ဆိုသလို အဖွားအိုက ချောင်းဆိုးရပ်သွားပြီး အားယူကာ ၎င်းတို့အနောက်သို့ လိုက်လာခဲ့လေ၏။

"ဦးငယ်၊ သူတို့ လိုက်လာနေတုန်းပဲ။"

မင်ဟယ်က လှည်းပေါ်ကနေ သူ့ဦးငယ်၏ပခုံးကိုကျော်ကာ ချောင်းကြည့်ရင်း ပြောလိုက်သည်။

သုံးရက်ရှိနေလေပြီ!

ဤမြေးအဖွားက စကားပြောရန် သုံးရက်တိုင်တိုင် စောင့်ဆိုင်းပြီး လိုက်လာခဲ့ကြ၏။

၎င်းတို့က မည်သည့်အရာကို လိုချင်နေကြသနည်း။

ရှောက်ယွိက အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် အနောက်လှည့်ကြည့်လိုက်ရာ အဖွားအိုက ဆောင်းလေပြင်းထဲ လဲကျလုနီးပါး အားနည်းနေသည်ကို တွေ့လိုက်ရ၏။ သမ်းကျစ်က စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားရပြီး သူ၏ခြေတံလေးများကလည်း အအေးဒဏ်ကြောင့် နီရဲနေခဲ့သည်။

လွန်ခဲ့သောလအနည်းငယ်က သူနှင့် မင်ဟယ်တို့ အရိုးပေါ်အရေတင်ဖြစ်ခဲ့သည့်ပုံစံကို ပြန်မြင်ယောင်လာပြီးနောက် ရှောက်ယွိ စိတ်ပျော့သွားခဲ့သည်။ သူက ဒုစရိုက်ဂိုဏ်းသော ဘာသော ဂရုမစိုက်တော့ဘဲ လှည်းကို ရပ်တန့်လိုက်၏။

မြေးအဖွားနှစ်ယောက် အနားရောက်လာသောအခါ ရှောက်ယွိက ဒင်္ဂါးပြားနှစ်ပြားကိုထုတ်၍ အဖွားအိုအား ကမ်းပေးလိုက်သည်။

"ဒေါ်လေး၊ အမှန်အတိုင်းပြောရရင် ကျွန်တော့်မိသားစုကလည်း အရမ်းဆင်းရဲပါတယ်။ ကျွန်တော် ရှာလို့ရသမျှက ကျွန်တော်တို့ စားဝတ်နေရေးအတွက်ပဲ လုံလောက်တာပါ။ ကျွန်တော့်နောက်ကိုလိုက်နေလည်း ဘာမှထူးမှာမဟုတ်ပါဘူး။ ဒီပိုက်ဆံကိုယူပြီး စားစရာနည်းနည်းဝယ်လိုက်ပါ။ ပြီးရင် အာဏာပိုင်တွေဆီမှာ အကူအညီသွားတောင်းလိုက်ပါ။"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပိုက်ဆံ မလိုပါဘူး... အဟွတ်... အဟွတ်..."

အဖွားအိုမှာ စကားဆုံးအောင်မပြောနိုင်ခင် ချောင်းပြန်ဆိုးလာခဲ့သည်။

"အဖွား။"

သမ်းကျစ်က အလွန်စိုးရိမ်နေခဲ့သည်။

နောက်ဆုံးမှာတော့ ရှောက်ယွိလည်း မနေနိုင်တော့ဘဲ အဖွားအို၏နောက်ကျောကို ပုတ်ပေးရန် အရှေ့သို့ တိုးသွားခဲ့သည်။

အဖွားအိုက ရှောက်ယွိ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။

"သခင်လေး၊ ကျွန်မက မကောင်းတဲ့သူမဟုတ်သလို ပိုက်ဆံလည်း မလိုချင်ပါဘူး။ ကျွန်မနဲ့ သမ်းကျစ်က နင်ကျိုးကနေ လာခဲ့တာပါ။ ကျွန်မတို့မှာ သွားစရာနေရာမရှိပါဘူး။ ကျွန်မ သခင်လေးကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။"

"ကျွန်တော် ဘာကူညီပေးရမလဲ။"

ရှောက်ယွိက မေးလိုက်လေ၏။

"အဟွတ်... အဟွတ်... အဟွတ်..."

"ဒေါ်လေး။"

ရှောက်ယွိက သူ(မ)၏ကျောကို ဆက်ပုတ်ပေးနေခဲ့၏။

အဖွားအိုမှာ အမောတကော အသက်ရှူနေခဲ့ရပြီး ဟောင်းနွမ်းနေသောဖားဖို*ကဲ့သို့ အသက်ရှူရခက်နေခဲ့သည်။ ထို့နောက် ရုတ်တရက် အားအင်ကုန်ခန်းသွားကာ သတိလစ်မေ့မြောသွားလေတော့၏။

[T/N: ဖားဖိုဆိုတာ ပန်းပဲဖိုတို့၊ အဂ္ဂိရတ်ထိုးတဲ့နေရာမှ မီးတောက်အောင် လေမှုတ်တဲ့ဟာပါ။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment