အပိုင်း (၁၇)
မင်ဟယ်က အရိုးသားဆုံး ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်၊ ငါ တွန်းလိုက်တာ။"
ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က တညီတညွတ်တည်း မေးလိုက်ကြသည်။
"ဘာဖြစ်လို့ ငါတို့ကို တွန်းတာလဲ။"
"ငါ တမင်လုပ်တာမဟုတ်ပါဘူး! အဲ့ဒါ မတော်တဆဖြစ်သွားတာ!"
မင်ဟယ်က ဖောင်းဖောင်းကစ်ကစ်လက်ညှိုးလေးဖြင့် မြေပြင်ကို ညွှန်ပြလိုက်သည်။
"ငါ ကန်စွန်းဥအချပ်ကို မတော်တဆတက်နင်းမိပြီး ခြေထောက်ချော်သွားလို့ တွန်လိုက်မိတာကြောင့် မင်းတို့နှစ်ယောက်လုံး ဇလုံထဲ ခေါင်းစိုက်ကျသွားတာ။"
ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က မင်ဟယ်ညွှန်ပြသည့်နေရာကို ကြည့်လိုက်ကြရာ ကန်စွန်းဥအချပ်ကို အမှန်တကယ် တွေ့လိုက်ရသည်။ ကျင်းသာ့ပေါင်က ပြောလိုက်၏။
"အာ၊ ကန်စွန်းဥအချပ်တစ်ချပ်က တကယ်ရှိနေတာပဲ!"
ထျန်းလျို့ကလည်း အတည်ပြုပေးခဲ့သည်။
"ဒါဆို မင်းက တမင်လုပ်တာမဟုတ်ဘူးပဲ!"
မင်ဟယ်က ခေါင်းညိတ်ပြလိုက်သည်။
"အင်း၊ တမင်လုပ်တာ မဟုတ်ပါဘူး။"
"ဒါဆို ငါ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။"
ကျင်းသာ့ပေါင်က မင်ဟယ်၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
"ငါလည်း အတူတူပဲ။"
ထျန်းလျို့ကလည်း ပြောလာ၏။
ကလေးများ၏ စိတ်ခံစားချက်များက အပြောင်းအလဲလွယ်သည်။ ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းမေ့သွားကြပြီး ကန်စွန်းဥအချပ်များကို ထပ်ယူရန် ပြင်လိုက်ကြလေ၏။
"ခဏလေး!"
မင်ဟယ်က အမြန်တားဆီးလိုက်၏။
ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က မင်ဟယ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"ဘာဖြစ်လို့လဲ။"
"မင်းတို့လုပ်တာ မှားနေတယ်!"
မင်ဟယ်က ရှင်းပြလိုက်လေ၏။
"ဒီကန်စွန်းဥအချပ်တွေက စားဖို့လေ။ မြေကြီးတွေပေသွားရင် စားလို့မရတော့ဘူး။"
"မစားခင် ဆေးလိုက်ပေါ့။"
ထျန်းလျို့က ပြောလိုက်သည်။ ကျင်းသာ့ပေါင်ကလည်း ခေါင်းညိတ်ထောက်ခံခဲ့၏။
"နေပူလှန်းရင် မြေကြီးတွေက ကန်စွန်းဥမှာကပ်သွားမှာ၊ အဲ့ဒါကို ဆေးလို့မရတော့ဘူး!"
မင်ဟယ်က အလွန်လေးနက်စွာ ပြောပြနေခဲ့သည်။
"ဒါဆို ငါတို့ ဘယ်လိုလုပ်ရမှာလဲ။"
ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့က အတူတူမေးလိုက်ကြ၏။
"မပေအောင် လှန်းရမှာပေါ့။ ဟိုမှာကြည့်လိုက်။"
မင်ဟယ်က သူ၏လက်ဖောင်းဖောင်းလေးဖြင့် ခြံဝင်းထဲကို ညွှန်ပြလိုက်သည်။
ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့ လှည့်ကြည့်လိုက်သောအခါ ကန်စွန်းဥအချပ်များကို ခြံဝင်းထဲရှိ သစ်သားများပေါ်တွင်လည်းကောင်း၊ ဝါးခြင်းတောင်းများထဲတွင်လည်းကောင်း၊ စားပွဲများပေါ်တွင်လည်းကောင်း တင်ထားကြောင်း တွေ့လိုက်ကြရသည်။ သစ်သားဖြစ်စေ၊ ဝါးခြင်းတောင်းဖြစ်စေ၊ စားပွဲဖြစ်စေ အားလုံးက သန့်ရှင်းနေပေ၏။
ထိုအခါမှ နှစ်ဦးသား ၎င်းတို့၏အမှားကို သတိပြုမိသွားကြပြီး မျက်မှောင်လေးများ ကြုတ်သွားကြလေသည်။
ကျင်းသာ့ပေါင်က မေးလိုက်၏။
"ပေသွားပြီဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ။"
"ရပါတယ်၊ အဲ့ဒါတွေကို ရေပြန်ဆေးလိုက်လို့ရတယ်။ နောက်ဆို မြေကြီးပေါ် ပစ်မချကြနဲ့တော့နော်။"
မင်ဟယ်က ကန်စွန်းဥအချပ်များကို သစ်သားဇလုံထဲ ထည့်လိုက်ပြီး မြေကြီးပေါ်မှအချပ်များကို ကောက်ရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ငါလည်း ကူကောက်ပေးမယ်။"
ကျင်းသာ့ပေါင်က ပြောပြောဆိုဆိုနှင့် လိုက်ထိုင်ချလိုက် ဟန်ချက်မထိန်းနိုင်ဘဲ အားခနဲအော်လျက် မြေကြီးပေါ် ဖင်ထိုင်ကျသွားတော့၏။
မင်ဟယ်က ကျင်းသာ့ပေါင်ကို ဆွဲထူပေးရင်း ပြောလိုက်သည်။
"သတိထားဦးလေ။"
ထျန်းလျို့က အနားရောက်လာပြီး စနောက်လိုက်သည်။
"သာ့ပေါင်၊ မင်းက ဆောင့်ကြောင့်တောင် သေချာမထိုင်တတ်ဘူး၊ တော်တော်လေး လျှပ်ပျာလျှပ်ပျာနိုင်တာပဲ။"
"ထျန်းလျို့၊ သာ့ပေါင်ကို မစနဲ့တော့။ သူက ငယ်သေးတယ်။ နည်းနည်းကြီးလာရင် လုပ်တတ်သွားမှာပေါ့။"
မင်ဟယ်က ကာကွယ်ပေးလိုက်သည်။
"ဟုတ်ပါပြီ၊ ငါ မစတော့ပါဘူး။ ကန်စွန်းဥအချပ်တွေပဲ ကူကောက်ပေးတော့မယ်။"
"ငါလည်း ကောက်ပေးမယ်။"
ကျင်းသာ့ပေါင်က ပြောလိုက်သည်။
ကလေးသုံးယောက်က လူကြီးများကို ဝင်မကူခိုင်းဘဲ သူတို့ဘာသာသူတို့ အလုပ်ရှုပ်နေကြတော့သည်။ သခင်ကြီးယွမ်က မင်ဟယ်ကိုကြည့်ရင်း ရှောက်ယွိကို မေးလိုက်၏။
"မင်ဟယ်နဲ့ သာ့ပေါင်က အသက်အတူတူပဲမလား။"
ရှောက်ယွိက ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့၊ အသက်အတူတူပါပဲ။ ဒါပေမဲ့ မင်ဟယ်က သာ့ပေါင်ထက် ၁၅ ရက် ပိုကြီးပါတယ်။"
သခင်ကြီးယွမ်က မှတ်ချက်ပေးလိုက်၏။
"သာ့ပေါင်ထက်စာရင် နည်းနည်းသေးနေသလိုပဲ။"
မင်ဟယ်သည် မွေးခါစက ပိန်ပိန်လေးမဟုတ်ခဲ့ပေ။ သို့သော် မိသားစုက ကံဆိုးမှုများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့၏အခြေအနေက ဆိုးဝါးလာခဲ့ရာ သူသည် မကြာခဏ ငတ်မွတ်ခဲ့ရပြီး အာဟာရချို့တဲ့ခဲ့သဖြင့် အခြားရွယ်တူကလေးများထက် ပိုသေးနေခဲ့သည်။
သခင်ကြီးယွမ်က ထပ်ပြောလိုက်၏။
"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သူက ငယ်သေးတာပဲ။ ကောင်းကောင်းစားရရင် မကြာခင်မှာ ထွားလာမှာပါ။"
ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။"
ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့ သတိထားမိသလိုပင် မင်ဟယ်တစ်ယောက် လတ်တလောမှာ အမှန်တကယ်ကို ပြည့်လာခဲ့သည်။
သူ့မျက်နှာလေးက ဖောင်းလာရုံသာမက လက်မောင်းလေးများ၊ ခြေထောက်များနှင့် တစ်ကိုယ်လုံးကလည်း ပို၍ပြည့်လာခဲ့၏။ ဗိုက်ကလေးကလည်း နေ့တိုင်း ပူပူလုံးလုံးလေးဖြစ်နေပြီး ယခင်ကလို အရိုးပေါ်အရေတင် မဟုတ်တော့ဘဲ ညဘက်ဖက်အိပ်လျှင် အလွန်နူးညံ့နေလေပြီ။
"အချိန်ကွက်တိပဲ၊ ငါ စားစရာနည်းနည်း ယူလာခဲ့တယ်။"
သခင်ကြီးယွမ်က ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်သည်။
ရှောက်ယွိတစ်ယောက် သခင်ကြီးယွမ်၏စကားကို နားမလည်ခဲ့ပေ။
သခင်ကြီးယွမ်က ခြံဝင်းတံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ အစေခံအမျိုးသမီးဖြစ်သူ ရှောင်ဖန်းက မြင်းတစ်ကောင်ကိုဆွဲလာပြီး အစေခံငယ် အားကွေ့နှင့်အတူ တံခါးဝဆီသို့ ရောက်လာခဲ့သည်။
[T/N: တကယ်တော့ မြင်းနဲ့ လား စပ်ထားတဲ့အကောင်ပါ။ အဲ့ဒါကို ဘယ်လိုခေါ်လဲမသိလို့ မြင်းလို့ပဲ ရေးလိုက်ပါတယ်။]
သခင်ကြီးယွမ်က ညွှန်ကြားလိုက်၏။
"ရှောင်ဖန်းနဲ့ အားကွေ့၊ အကုန်လုံးကို အောက်ချလိုက်ကြ။"
နှစ်ဦးသား မြင်းပေါ်မှခြင်းတောင်းနှစ်လုံးကို အောက်ချလိုက်ရာ ထိုထဲမှာ ကြက်သား၊ ငါး၊ အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ ခေါက်ဆွဲ၊ ဆန်၊ ဆီနှင့် အခြားဟင်းခတ်အမွှေးအကြိုင်မျိုးစုံ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
ရှောက်ယွိက အံ့ဩတကြီး မေးလိုက်၏။
"သခင်ကြီးယွမ်၊ ဒါတွေက ဘာလုပ်ဖို့လဲ။"
ရှောင်ဖန်းက ပြုံးလျက် ပြန်ဖြေခဲ့သည်။
"ကျွန်မတို့သခင်ကြီးက ရှင်တို့အိမ်မှာ ထမင်းတစ်နပ်စားချင်လို့ပါတဲ့။"
ရှောက်ယွိ၏လက်ရာက ပေါက်စီများသာမကဘဲ အခြားဟင်းလျာများထိပါ အလွန်ကောင်းမွန်ကြောင်း သိသွားပြီးကတည်းက သခင်ကြီးယွမ်တစ်ယောက် ထပ်ပြီးမြည်းစမ်းကြည့်ချင်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၏ဆက်ဆံရေးက ဖောက်သည်နှင့် ရောင်းသူအဆင့်ကနေ မိတ်ဆွေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူက ရှောက်ယွိ၏လက်ရာကို မြည်းစမ်းရန် ရောက်လာခဲ့လေသည်။
ရှောက်ယွိက ပြောလိုက်၏။
"လာစားတာကို ကြိုဆိုပါတယ်၊ ဒါပေမဲ့ ဒါတွေအားလုံးကို ဘာဖြစ်လို့ ယူလာခဲ့ရတာလဲ။"
ရှောင်ဖန်းက ရှင်းပြလိုက်၏။
"ကျွန်မတို့မှာ လူကြီးသုံးယောက်နဲ့ ကလေးနှစ်ယောက်ပါပါတယ်၊ ပြီးတော့ အကုန်လုံးက အစားကြီးတဲ့သူတွေချည်းပါပဲ။ ရှင့်ရဲ့ရိက္ခာတွေကို ကုန်အောင်စားမိသွားမှာစိုးလို့ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် ပါဝင်ပစ္စည်းတွေယူလာခဲ့ကြတာပါ။"
ရှောက်ယွိမှာ ရယ်လည်းရယ်ချင်သလို စိတ်လည်းထိရှသွားခဲ့သည်။
သခင်ကြီးယွမ်က သဘောထားကြီးစွာဖြင့် ပြောလာ၏။
"ငါ ယူလာခဲ့မှတော့ အားနာမနေပါနဲ့တော့။ အကုန်သာချက်လိုက်၊ ပြီးရင် ငါတို့ အတူတူစားကြတာပေါ့။"
သခင်ကြီးယွမ်က ရိုးသားပြီး ဟန်ဆောင်မှုကင်းသူဖြစ်ကြောင်း ရှောက်ယွိ သိထားသဖြင့် အားမနာတော့ဘဲ ပြန်ပြောလိုက်လေ၏။
"ဟုတ်ကဲ့ပါ၊ ဒါဆို ကျွန်တော် အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်။"
"အလျင်မလိုပါဘူး၊ ငါတို့ ကန်စွန်းဥတွေကို အရင်နေလှန်းကြတာပေါ့။"
သခင်ကြီးယွမ်က ကျင်းရှို့ရွာသို့လာလည်ရာ၌ လယ်ယာအလုပ်များကို ကူညီလုပ်ကိုင်ပေးရန်ရည်ရွယ်၍ ရိုးရိုးရှင်းရှင်းအဝတ်အစားများကို ရွေးဝတ်လာခဲ့သည်။ သူက မင်ဟယ်တို့ရှိရာသို့ လျှောက်သွားလိုက်၏။
မင်ဟယ်က ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ဖိုးဖိုး၊ ဖိုးဖိုးလည်း ရောက်လာတာလား!"
"အို၊ ငါ နှုတ်ဆက်ဖို့တောင် မေ့တော့မလို့။ သာ့ပေါင်၊ ထျန်းလျို့၊ မင်းတို့လည်း မင်ဟယ်ရဲ့ဦးငယ်ကို နှုတ်ဆက်ကြဦးလေ။"
သခင်ကြီးယွမ်က ပြောလိုက်သည်။
နှုတ်ဆက်ပြီးနောက်မှာတော့ လူကြီးလေးယောက်နှင့် ကလေးသုံးယောက်တို့က ကန်စွန်းဥများကို အတူတူလှီးကာ နေလှန်းခဲ့ကြသည်။ များမကြာမီ ခြံဝင်းတစ်ခုလုံး ကန်စွန်းဥအချပ်များဖြင့် ပြည့်နှက်သွားလေ၏။ ထို့နောက် ရှောက်ယွိက ကြိုးအနည်းငယ်ကို ထုတ်ယူလာခဲ့ပြီး သခင်ကြီးယွမ်တို့နှင့်အတူ ကျန်ရှိနေသောကန်စွန်းဥအချပ်များကို သီကုံး၍ အဝတ်လှန်းသည့်တန်းပေါ် ချိတ်ဆွဲလိုက်ကြရာ ကန်စွန်းဥအားလုံးကို နေလှန်းလို့ပြီးသွားခဲ့သည်။
"မင်ဟယ်ရဲ့ဦးငယ်၊ ကျွန်တော်တို့ ကန်စွန်းဥတွေ အကုန်လုံးကို ချိတ်ဆွဲထားလို့ရတာလား။"
ကျင်းသာ့ပေါင်က မေးလိုက်၏။
"ဟုတ်တာပေါ့။"
ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။
ကျင်းသာ့ပေါင်က သူ၏နူးညံ့သောအသံလေးဖြင့် ထပ်မေးလာသည်။
"ဒါဆို ဘာဖြစ်လို့ အကုန်လုံးကို မချိတ်တာလဲ။"
"ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာ ကြိုးတွေအများကြီးမရှိလို့လေ။"
"ကျွန်တော့်အိမ်မှာ ကြိုးတွေအများကြီးရှိတယ်၊ ကျွန်တော် ပေးမယ်!"
"ကျေးဇူးတင်ပါတယ် သခင်လေးကျင်းရယ်။ ဒါပေမဲ့ အခု အဆင်ပြေသွားပြီမို့ မလိုတော့ပါဘူး။"
"အဲ့ဒါဆိုလည်း ကောင်းပါပြီ။"
နေ့မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ ရှောက်ယွိက သခင်ကြီးယွမ်နှင့် သူ၏အဖွဲ့တော်သားများကို အပြင်ခန်းသို့ ဖိတ်ခေါ်ကာ ရေနွေးကြမ်းဖြင့် ဧည့်ခံလိုက်ပြီး ၎င်းတို့နှင့်အတူရှိနေပေးရန် မင်ဟယ်ကို ထားခဲ့လိုက်သည်။
သူ ထမင်းချက်ရန် မီးဖိုချောင်ထဲ ဝင်လိုက်သောအခါ သခင်ကြီးယွမ်နှင့် အဖွဲ့တော်သားများက မီးဖိုချောင်လေးထဲသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး သူချက်ပြုတ်တာကို ထိုင်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
ထားပါတော့လေ။
အားလုံးက အစားအသောက်ခုံမင်တဲ့သူတွေချည်းပဲကိုး။
ရှောက်ယွိက ကြက်သား၊ ငါး၊ အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ထုတ်လိုက်ပြီး ခဏစဉ်းစားကာ ဟင်းလျာများကို စတင်ပြင်ဆင်လိုက်သည်။
သခင်ကြီးယွမ်၊ ရှောင်ဖန်းနှင့် မင်ဟယ်တို့က ကူညီပေးရန် ကမ်းလှမ်းလာခဲ့ကြ၏။
ရှောက်ယွိက ပြောလိုက်သည်။
"မီးဖိုချောင်က သေးတော့ လောလောဆယ် ဘယ်သူမှမကူပါနဲ့ဦး။ ကျွန်တော်တို့အားလုံး ပြွတ်သိပ်ကျပ်နေပြီး လှုပ်ရှားရခက်မှာစိုးလို့ပါ။"
ထိုအခါ သခင်ကြီးယွမ်၊ ရှောင်ဖန်းနှင့် မင်ဟယ်တို့က သဘောတူလိုက်ကြသည်။
ကျင်းသာ့ပေါင်က နားမလည်နိုင်စွာဖြင့် မေးလာခဲ့၏။
"မင်ဟယ်၊ မင်းတို့အိမ်က ဘာဖြစ်လို့ ဒီလောက်ထိသေးနေရတာလဲ။"
"ငါ့အိမ်က မသေးပါဘူး!"
မင်ဟယ်က သူ၏အိမ်ကို အားတက်သရော ကာကွယ်ပြောဆိုလိုက်သည်။
"မသေးဘူးလား။ ငါ့အိမ်ကတော့ တော်တော်ကြီးတာပဲ။"
"ငါ့အိမ်ကလည်း အကြီးကြီးပဲ။"
ထျန်းလျို့ကလည်း ဝင်ပြောလာခဲ့၏။
"ဟုတ်တယ်၊ မင်းတို့နှစ်ယောက်လုံးရဲ့အိမ်တွေက အကြီးကြီးနဲ့ အရမ်းလှတယ်၊ ကောင်းကင်ဘုံက နန်းတော်တွေလိုပဲ။ ဒါပေမဲ့၊ ဒါပေမဲ့ ငါကတော့ ငါ့အိမ်ကိုပဲ အရမ်း၊ အရမ်းချစ်တာ။"
မင်ဟယ်က ပြောလိုက်သည်။
ကျင်းသာ့ပေါင်နှင့် ထျန်းလျို့တို့မှာ ဆွံ့အသွားခဲ့ကြလေ၏။
ထိုစကားကို ကြားလိုက်ရသောအခါ ရှောက်ယွိက မင်ဟယ်ကို ကြည့်လိုက်ပြီး ပီတိဖြစ်သွားခဲ့လေသည်။ ထို့နောက် ဟင်းသီးဟင်းရွက်များကို ဆေးကြောလှီးဖြတ်ကာ ပါဝင်ပစ္စည်းများကိုပြင်ဆင်ရင်း ပြောလိုက်သည်။
"ကဲ အခုတော့ ကူညီလို့ရပြီ။ ဘယ်သူ မီးမွှေးပေးမလဲ။"
သခင်ကြီးယွမ်နှင့် အခြားသူများအားလုံးက ကူညီချင်နေကြသော်လည်း နောက်ဆုံးမှာတော့ အားကွေ့နှင့် ရှောင်ဖန်းတို့ကိုသာ ရွေးချယ်လိုက်သည်။
ထျန်းဖူးရန်ဆီမှ ငွေဆယ်ကျပ်ရရှိပြီးနောက် ရှောက်ယွိက အဝတ်စ၊ ဂွမ်း၊ ဆန်၊ ဆီနှင့် အခြားပစ္စည်းများကို ဝယ်ယူခဲ့သည့်အပြင် နောက်ထပ် သံဒယ်အိုးတစ်လုံးကိုပါ ထပ်မံဝယ်ခဲ့သည်။ ထို့ကြောင့် ယခု မီးဖိုချောင်မှာ အိုးနှစ်လုံးရှိနေပြီဖြစ်ရာ အားကွေ့နှင့် ရှောင်ဖန်းတို့မှာ တစ်ယောက်တစ်အိုးစီဖြင့် ကူညီပေးနိုင်ခဲ့ကြသည်။
***
Aurora Novel Translation Team