no

Font
Theme

အပိုင်း (၁၁)

"ဟုတ်တယ်၊ သဘာဝကျတယ်!"

မင်ဟယ်က ခေါင်းညိတ်ပြလိုက်သည်။

"တကယ်လား။ ငါ ပစ်လဲသွားတာနဲ့ တကယ်မတူဘူးလား။"

ထိုကလေးငယ်က ထပ်မေးခဲ့၏။

မင်ဟယ်က တရစပ် ခေါင်းညိတ်ပြလိုက်သည်။

"အင်း! မင်းကိုကြည့်ရတာ မြေကြီးပေါ်မှာထိုင်ပြီး ဆော့နေသလိုမျိုးပဲ!"

ထိုအခါမှ ထိုကလေးငယ်က ရှက်စိတ်များပျောက်သွားပြီး ငိုချင်စိတ်လည်း မရှိတော့ပေ။ ဖောင်းအိနေသော သူ၏ပါးပြင်ပေါ်မှ မျက်ရည်စများက ခြောက်သွေ့သွားခဲ့၏။ သူက မင်ဟယ်ကိုကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ။"

"ငါက မင်ဟယ်လေ!"

မင်ဟယ်က ပြန်ဖြေလိုက်၏။

"မင်ဟယ်?"

ကလေးငယ်က ခေါင်းလေးစောင်းကာ ထပ်မေးလာ၏။

"ငါ မင်းကို ဘာဖြစ်လို့ တစ်ခါမှမမြင်ဖူးရတာလဲ။"

မင်ဟယ်က အမှန်တိုင်းဖြေလိုက်၏။

"ငါက ဒီနေ့မှရောက်တာ၊ ငါ့ဦးငယ်နဲ့ အတူလာတာလေ။"

ထိုကလေးငယ်က ဆက်မေးခဲ့သည်။

"ဘာလာလုပ်တာလဲ။"

"ငါနဲ့ ငါ့ဦးငယ်က ဟင်းချက်ဖို့လာတာ။"

ကလေးငယ်က အံ့ဩတကြီး ရေရွတ်လိုက်၏။

"အာ၊ မင်းတို့က စားတော်ကဲတွေလား။"

မင်ဟယ်က အခိုက်အတန့်တစ်ခုလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။

"ငါ့ဦးငယ်က စားတော်ကဲ၊ ငါက အကူ။"

ကလေးငယ်က နားမလည်သောကြောင့် ပြန်မေးလိုက်၏။

"အကူဆိုတာ ဘာကိုပြောတာလဲ။"

မင်ဟယ်က စဉ်းစားကာ ရှင်းပြလိုက်သည်။

"စားတော်ကဲကို ကူညီပေးရတဲ့ အလုပ်သမားလေးလို့ ပြောတာ။"

အလုပ်သမားလေး?

ကလေးငယ်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ပင်။ သူ၏ ဖောင်းဖောင်းကစ်ကစ် လက်ကလေးနှစ်ဖက်ဖြင့် မြေကြီးကိုထောက်ကာ ခြေတံတိုတိုလေးများဖြင့်အားယူ၍ ထရပ်လိုက်သည်။ ထို့နောက် မင်ဟယ့်ဆီသို့ ပြေးသွားကာ တောက်ပသောမျက်လုံးလေးများဖြင့် မေးလိုက်၏။

"မင်းက ငယ်ငယ်လေးရှိသေးတာကို အလုပ်သမားလေး လုပ်နေပြီလား။"

မင်ဟယ်က စိတ်အားထက်သန်စွာ ပြန်ပြောလိုက်၏။

"ငါက မငယ်တော့ဘူး၊ အခုဆို သုံးနှစ်တောင်ရှိနေပြီ။"

ကလေးငယ်၏မျက်လုံးများက အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွား၏။

"ဝိုး! မင်းက သုံးနှစ်တောင်ရှိပြီလား! ငါက မနက်ဖြန်ကျမှ သုံးနှစ်ပြည့်မှာ။ အဲ့ဒါဆို မင်းက ငါ့ထက်ကြီးတာပေါ့။"

ကလေးအများစုက မိမိထက် ရက်ပိုင်း၊ လပိုင်းမျှကြီးသူများနှင့် အတူဆော့ချင်သည်။

"ဟုတ်တယ်။"

မင်ဟယ်က ခေါင်းညိတ်ပြလိုက်သည်။

ကလေးငယ်က စိတ်ဝင်တစား ထပ်မေးခဲ့ပြန်သည်။

"အဲ့ဒါဆို မင်းက ဘာတွေလုပ်တတ်လဲ။"

"ငါက ကြက်သွန်မြိတ်တွေ နှုတ်တတ်တယ်၊ ဟင်းသီးဟင်းရွက်တွေ ဆေးတတ်တယ်၊ မီးမွှေးတတ်တယ်၊ ထင်းကောက်တတ်တယ်၊ ပြီးတော့ အများကြီးပဲ လုပ်တတ်သေးတယ်။"

မင်ဟယ်က ထိုအလုပ်များလုပ်ရသည်ကို—အထူးသဖြင့် သူ့ဦးငယ်နှင့်အတူရှိနေချိန်ဆို အလွန်ပျော်ပေ၏။

"ဝိုး! မင်းက တကယ်တော်တာပဲ!"

ထိုကလေးငယ်၏မျက်ဝန်းထဲမှာ လေးစားအားကျမှုများ ပြည့်နှက်သွားခဲ့သည်။

မင်ဟယ်ကလည်း ဂုဏ်ယူစွာ ထပ်ပြောလိုက်သေးသည်။

"ငါ့ဦးငယ်က အတော်ဆုံးပဲ။ သူက အကုန်လုံးကို လုပ်တတ်တယ်!"

"ငါလည်း တကယ်တော်တာပါနော်!"

သူတစ်ပါးကို ချီးကျူးရုံသာမက ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ချီးကျူးဖို့လိုသည်ဟု ထိုကောင်လေးက တွေးမိသွားပုံပင်။ ရုပ်ရည်ကြည့်ကောင်းပြီး ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းသော ထိုကလေးငယ်က မရှိမဲ့ရှိမဲ့ ရင်ဘတ်သေးသေးလေးကိုကော့ကာ ဂုဏ်ယူဝံ့ကြွားနေသော စာကလေးငယ်တစ်ကောင်ကဲ့သို့ ပြုမူနေလေ၏။

မင်ဟယ်က မေးလိုက်သည်။

"အဲ့ဒါဆို မင်းက ဘာတွေလုပ်တတ်လဲ။"

ထိုကလေးငယ်က စိတ်အားထက်သန်စွာ ပြန်ဖြေခဲ့သည်။

"ငါက ယုန်လေးတွေ မွေးတတ်တယ်၊ ငါက အဲ့ဒီနေရာမှာ အရမ်းတော်တာ!"

မင်ဟယ်က မြေပြင်ပေါ်မှာပြန့်ကျဲနေသော မုန်လာဥနီနှင့် ဟင်းရွက်စိမ်းများကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

"မင်း ယုန်လေးတွေကိုကျွေးဖို့ ဒီမုန်လာဥနီတွေနဲ့ ဟင်းရွက်တွေကို ယူလာတာလား။"

"မင်းက ဘယ်လိုသိတာလဲ!"

ကလေးငယ်က အံ့ဩတကြီး မေးမြန်းလိုက်သည်။

"ငါက ဉာဏ်ကောင်းလို့ပေါ့!"

"ဒါဆို ငါ ဘယ်လောက်တော်လဲဆိုတာ မင်းကိုပြမယ်။ ငါ့အရည်အချင်းတွေက တကယ်အံ့သြစရာကောင်းတာနော်။ လာ၊ ငါ့ယုန်လေးတွေကို သွားကြည့်ရအောင်။"

ကလေးများ၏စိတ်က အလွန်ရိုးရှင်းပြီး စကားအနည်းငယ်ပြောရုံဖြင့် သူငယ်ချင်းများဖြစ်သွားကြသည်။ ထိုကလေးငယ်က မင်ဟယ်ကို သူငယ်ချင်းဟု သတ်မှတ်လိုက်ပြီး မင်ဟယ့်လက်ကိုဆွဲကာ ခေါ်သွားရန်ပြင်လိုက်၏။

"ငါ မလိုက်ဘူး။"

မင်ဟယ်က သူ့လက်ကိုပြန်ဆွဲကာ ငြင်းလိုက်သည်။

ကလေးငယ်က ရပ်တန့်သွားပြီး သူ၏ဖောင်းဖောင်းကစ်ကစ်မျက်နှာလေးထက် အမေးသင်္ကေတများ ပေါ်လာလေ၏။

"ဘာဖြစ်လို့လဲ။"

မင်ဟယ်က သတိပေးသည့်လေသံဖြင့် ပြောလိုက်သည်။

"ငါ မင်းကို မသိဘူးလေ။"

လူစိမ်းများနောက် လုံးဝမလိုက်ရန် သူ၏ဦးငယ်က သူ့ကို မှာထားသည်။

"ဒါပေမဲ့ ငါ့အကြောင်းတွေကို ပြောပြပြီးပြီလေ။ အဲ့ဒါကြောင့် အခု မင်း ငါ့ကိုသိသွားပြီမဟုတ်ဘူးလား။ ငါ့နာမည်က—"

"ကျင်းသာ့ပေါင်!"

သခင်ကြီးယွမ်က လှမ်းခေါ်လိုက်သည်။

ကျင်းသာ့ပေါင်ဟုအမည်ရသည့် ထိုကလေးငယ်က ခေါင်းမော့ကြည့်ကာ အော်ခေါ်လာခဲ့၏။

"ဖိုးဖိုး!"

ဖိုးဖိုး?

မင်ဟယ်က နားမလည်သည့်အမူအရာလေးဖြင့် ရှောက်ယွိကို လှည့်ကြည့်လိုက်သည်။

"ဦးငယ်။"

"သခင်ကြီးယွမ်၊ သူက သခင်လေးကျင်းလား။"

ရှောက်ယွိက ကျင်းသာ့ပေါင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ ဖောင်းဖောင်းကစ်ကစ်ပုံစံကို ဖယ်ရှားလိုက်လျှင် သူဝတ်ထားသည့် တန်ဖိုးကြီးအဝတ်အစားများက ချမ်းသာသောမိသားစုမှဖြစ်ကြောင်း သိသာပေ၏။ သူက သခင်လေးကျင်းဖြစ်နေလိမ့်မည်ဟု ရှောက်ယွိ မမျှော်လင့်ထားခဲ့ပေ။

"ဟုတ်တယ်။"

သခင်ကြီးယွမ်က ခေါင်းညိတ်ပြလာခဲ့သည်။

မင်ဟယ်က အံ့ဩတကြီးပြောလိုက်၏။

"ဘာလို့ အစကတည်းက မပြောရတာလဲ။"

သူက သခင်လေးကျင်းနှင့် စကားအများကြီး ပြောနေခဲ့သည်မဟုတ်လော။

"ငါ တမင် မပြောလိုက်တာပါ။"

သခင်ကြီးယွမ်က ပြုံးလျက် ပြောလိုက်သည်။

ယင်းက ရှောက်ယွိကိုလည်း အံ့ဩသွားစေခဲ့သည်။

ထို့နောက် သခင်ကြီးယွမ်က ရှောက်ယွိကို တိုးတိုးတိတ်တိတ် ရှင်းပြလာခဲ့၏။ ကျင်းသာ့ပေါင်က ကျင်းအိမ်တော်၏ သားဦးဖြစ်သဖြင့် လူတိုင်းဆီကနေ အလိုလိုက်အကြိုက်ဆောင်ခံရသူဖြစ်သည်။ သူကိုယ်၌ကလည်း အားလုံး၏အာရုံစိုက်မှုကို ရရှိထားကြောင်း သိနေသည့်အတွက် တော်တော်လေးဆိုးသွမ်းပြီး ခေါင်းမာသူဖြစ်နေ၏။

စောစောက သူလဲကျသွားချိန်၌ ပုံမှန်အားဖြင့် အကြာကြီးငိုယိုပြီး သောင်းကျန်းနေလိမ့်မည်သာ။ လူတိုင်းကလည်း သူ၏ဂဂျီဂဂျောင်ကျမှုကို ကြောက်ကြပေသည်။ သို့သော် မင်ဟယ်က ရဲရဲဝံ့ဝံ့ရှေ့ထွက်ကာ စကားအနည်းငယ်တည်းဖြင့် သူ့ကို စိတ်ပြေသွားအောင်လုပ်နိုင်ခဲ့ပြီး 'ကပ်ဘေးကြီး' ဖြစ်ပွားမည့်အရေးကနေ ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် သခင်ကြီးယွမ်နှင့် ကျန်သောသူများက အသံတိတ်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။

"ကျွန်တော်နားလည်ပါပြီ။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါကြောင့် ငါတို့ မင်းရဲ့မင်ဟယ်ကို ကျေးဇူးတင်ရမှာပဲ။"

သခင်ကြီးယွမ်က ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကလေးတွေက တကယ်တော့ ပြောပြရင် နားလည်ကြပါတယ်။"

'ခင်ဗျားမြေးက အလိုလိုက်ခံထားရလို့ ဆိုးနေတာ' ဟု တိုက်ရိုက်သွားပြောရန် မသင့်တော်သောကြောင့် ရှောက်ယွိက ကျင်းသာ့ပေါင်ဘက်ကနေ ကာကွယ်ပြောပေးလိုက်သည်။

သို့သော် သခင်ကြီးယွမ်က ရှောက်ယွိ၏အားနာမှုကို လက်မခံဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောလာခဲ့သည်။

"မဟုတ်တာ၊ မဟုတ်တာ၊ ကျင်းသာ့ပေါင်က တကယ်ကိုဆိုးတာ။ ဘာမဟုတ်တာလေးနဲ့ ငိုယိုပြီး သောင်းကျန်းတတ်တယ်၊ သူ့အမေကလွဲရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး။ သူ့အဖေကတော့ သူ သုံးနှစ်ပြည့်ရင် ဆုံးမစကားတွေကို နားဝင်မှာပဲဆိုပြီး မျှော်လင့်နေလေရဲ့။ သူ့အဖိုးဖြစ်တဲ့ ငါတော့ သူ့ကို မနိုင်ပါဘူး။"

ရှောက်ယွိက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။

"ဒါဆို ကျွန်တော် သခင်လေးကျင်းရဲ့အကြိုက်ကို သိရဖို့ သူ့အမေနဲ့ တွေ့ဖို့လိုအပ်တာလား။"

သခင်ကြီးယွမ်က ခေါင်းညိတ်ပြခဲ့သည်။

"အဲ့လိုပဲ ဖြစ်မယ်ထင်တယ်။"

ထိုစကားကို ကြားလိုက်ရသောအခါ မင်ဟယ်က သူ့ဦးငယ်ကို ကူညီချင်သည့်စိတ်ဖြင့် လှမ်းခေါ်လိုက်၏။

"သာ့ပေါင်။"

"အင်း?"

ကျင်းသာ့ပေါင်က တူံ့ပြန်လိုက်သည်။

"မင်း ဘာစားရတာကြိုက်လဲ။"

"ငါ ကြိုက်တာတွေက အများကြီးပဲ၊ ပေါက်စီအချိုရယ်၊ ဖက်ထုပ်ရယ်၊ ကြက်ဥရယ်..."

"ဒါဆို ငါ့ဦးငယ်ကို သွားပြောပြလိုက်။ သူက မင်းအတွက် အရသာရှိတာတွေ လုပ်ပေးလိမ့်မယ်။"

မင်ဟယ်က ကျင်းသာ့ပေါင်ကို ပြောလိုက်သည်။

"မင်းရဲ့ဦးငယ်က ဘယ်သူလဲ။"

ကျင်းသာ့ပေါင်က မေးလိုက်သည်။

"ငါ လိုက်ပြမယ်။"

မင်ဟယ်က ကျင်းသာ့ပေါင်၏လက်မောင်းကိုဆွဲကာ ရှောက်ယွိဆီသို့ပြေးလာပြီး ပြောလိုက်လေ၏။

"ဒါက ငါ့ဦးငယ်ပဲ၊ သူ့ကို ပြောပြလိုက်။"

"ဦးငယ်။"

ကျင်းသာ့ပေါင်က နာခံမှုရှိစွာခေါ်လိုက်ပြီးနောက် သူ၏အကြိုက်များကို စိတ်အားထက်သန်စွာ မျှဝေတော့သည်။

"ကျွန်တော်က ပေါက်စီအချို ကြိုက်တယ်..."

သခင်ကြီးယွမ်မှာ ကြောင်အမ်းသွားလေသည်။

စားတော်ကဲ ခြောက်ယောက်စလုံးကလည်း မျက်လုံးပြူးမျက်ဆံပြူးဖြင့် အံ့ဩတကြီးကြည့်နေခဲ့ကြ၏။ ၎င်းတို့တွေ ကျင်းအိမ်တော်၌နေလာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး ကျင်းသာ့ပေါင် မွေးကတည်းက ဤအရွယ်ရောက်သည်အထိ မျက်မြင်တွေ့ခဲ့ရသလို သူ၏ခေါင်းမာပုံကိုလည်း ကောင်းကောင်းသိထားကြသည်။

တစ်ခါကဆို ကျင်းသာ့ပေါင်တစ်ယောက် နို့အရသာပေါက်စီကို စားနေစဉ် စာကလေးတစ်ကောင်က သူ့လက်မောင်းပေါ်နား၍ သူ၏ပေါက်စီကို လာဆိတ်သွားသဖြင့် စာကလေးကိုဖမ်းမပေးမချင်း မည်သူမှ အလုပ်မလုပ်ရဟု အော်ဟစ်သောင်းကျန်းခဲ့သည်။ ထို့ကြောင့် စားဖိုဆောင်နှင့် ခြံဝင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ကာ နေ့လယ်စာပြင်ဆင်ဖို့ကိုတောင် နောက်ကျခဲ့ရသည်။

သခင်မကျင်းရောက်လာမှသာ ထိုကိစ္စကို ဖြေရှင်းနိုင်ခဲ့ကြလေသည်။

ထိုအချိန်မှစ၍ စားဖိုဆောင်အမှုထမ်းများက သခင်လေးကျင်းကို ဝေးဝေးရှောင်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြလေသည်။

သို့သော် ယနေ့ သခင်လေးကျင်းက စားဖိုဆောင်ထဲဝင်လာပြီး မုန်လာဥနီများကိုခိုးယူကာ ထွက်ပြေးရင်း ချော်လဲသွားခဲ့၏။

၎င်းတို့အားလုံး သခင်လေးကျင်းက စားဖိုဆောင်တစ်ခုလုံးကို အထက်အောက်လှန်ပစ်တော့မည်ဟု ထင်ထားခဲ့ကြသော်လည်း မင်ဟယ်ဆိုသည့်ကလေးငယ်က သခင်လေးကျင်းကို မငိုအောင်တားနိုင်ခဲ့ရုံသာမက သူ၏အကြိုက်များကိုပါ ကိုယ်တိုင်ပြောပြလာအောင် လုပ်နိုင်ခဲ့သည်။

သခင်ကြီးယွမ်နှင့် အိမ်တော်၏သခင်ကိုယ်တိုင် မလုပ်နိုင်ခဲ့သည့်အရာကို သုံးနှစ်အရွယ်ကလေးတစ်ယောက်က လုပ်ပြသွားခဲ့လေ၏။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံး မင်ဟယ်ကို အလွန်ချစ်ခင်သွားကြသလို ရှောက်ယွိအပေါ် ၎င်းတို့၏အမြင်များကလည်း နူးညံ့လာခဲ့သည်။

"နောက်ထပ်ဘာရှိသေးလဲ။"

ကျင်းသာ့ပေါင် ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ မင်ဟယ်က မေးလိုက်၏။

"အများကြီးကျန်သေးတယ်၊ ဒါပေမဲ့ အခု မမှတ်မိတော့ဘူး။"

ကျင်းသာ့ပေါင်က ပြောလိုက်သည်။

ထိုအခါ မင်ဟယ်က တိုက်တွန်းလိုက်လေ၏။

"နည်းနည်းလောက် ထပ်စဉ်းစားကြည့်လိုက်။"

"အွန်း။"

ကျင်းသာ့ပေါင်က သူ၏ခေါင်းလေးကို ကုတ်ကာ အလေးအနက် စဉ်းစားနေတော့သည်။

ရှောက်ယွိက ပြုံးပြကာ သူ့ကိုပြောလိုက်သည်။

"မစဉ်းစားပါနဲ့တော့၊ ဒါဆို ရပါပြီ။"

ကလေးများ၏အကြိုက်က ပုံစံတူတတ်ကြသဖြင့် ကျင်းသာ့ပေါင်၏အကြိုက်ကို သူ သိသွားပြီဖြစ်၏။

ကျင်းသာ့ပေါင်က မင်ဟယ်ဘက်လှည့်ကာ ပြောလိုက်သည်။

"မင်ဟယ်၊ ငါ့ဦးငယ်က ရပြီတဲ့။"

"သူက မင်းဦးငယ်မဟုတ်ဘူး၊ ငါ့ဦးငယ်။"

မင်ဟယ်က ပြင်ပေးလိုက်သည်။

ကျင်းသာ့ပေါင်က မေးလာ၏။

"ဒါဆို ငါက သူ့ကို ဘယ်လိုခေါ်ရမှာလဲ။"

မင်ဟယ်က ပြန်ဖြေလိုက်သည်။

"မင်း သူ့ကို မင်ဟယ်ရဲ့ဦးငယ်လို့ ခေါ်လို့ရတယ်။"

"ဟုတ်ပြီ၊ မင်ဟယ်ရဲ့ဦးငယ်က ရပြီတဲ့။"

"အင်း၊ အဲ့ဒါဆို ရပြီ။"

ကျင်းသာ့ပေါင်နှင့် မင်ဟယ်တို့က တစ်ယောက်တစ်ခွန်းပြောနေကြရာ အခြားသူများအတွက် ဝင်ပြောရန်ဖို့တောင် နေရာမရှိခဲ့ချေ။ ထိုကဲ့သို့သော ချစ်စရာကောင်းသည့်မြင်ကွင်းကို မြင်လိုက်ရသဖြင့် သခင်ကြီးယွမ်က ပြုံးကာ ပြောလိုက်လေ၏။

"ရှောက်ယွိ၊ မင်း လုပ်စရာရှိတာကို သွားလုပ်လိုက်တော့။ မင်ဟယ်ကိုကြည့်ပေးဖို့ ငါ ရှောင်ဖန်းကို ပြောထားလိုက်မယ်။"

"ဖိုးဖိုး၊ ကျွန်တော် မင်ဟယ်နဲ့ဆော့ချင်တယ်။"

ကျင်းသာ့ပေါင်က ဖြတ်ပြောလာခဲ့သည်။

"အဲ့ဒါဆို မင်ဟယ်က မင်းနဲ့ ဆော့ချင်လား၊ မဆော့ချင်ဘူးလားဆိုတာကို အရင်မေးရမှာပေါ့။"

သခင်ကြီးယွမ်က ပြောလိုက်၏။

ထိုအခါ ကျင်းသာ့ပေါင်က မင်ဟယ်ကို မေးလိုက်သည်။

မင်ဟယ်က ရှောက်ယွိကို ကြည့်လိုက်၏။

"ဦးငယ်။"

"မင်း သူနဲ့ ဆော့ချင်ရင် သွားဆော့လေ။"

၎င်းတို့၏ဘဝက ခက်ခဲကြမ်းတမ်းခဲ့ရာ မင်ဟယ်က သူ့ဦးငယ်ကို ပေါက်စီရောင်းကူကာ ထင်းများကူကောက်ပေးနေခဲ့ပြီး ရွယ်တူကလေးများနှင့် တစ်ခါမှမကစားဖူးချေ။ ရှောက်ယွိက မင်ဟယ်ကို သူငယ်ချင်းများရစေချင်သည်။

သို့သော် မင်ဟယ်က စိတ်ပူနေဆဲပင်။

"ဦးငယ်၊ သား ကူညီပေးဖို့ မလိုဘူးလား။"

"စိတ်မပူပါနဲ့။ ဒီမှာ လူတွေအများကြီးရှိနေတာပဲလေ၊ မင်းဦးငယ်က တစ်ယောက်တည်းကိုင်တွယ်နိုင်ပါတယ်။"

ရှောက်ယွိက မင်ဟယ့်အရှေ့မှာ ဆောင့်ကြောင့်ထိုင်ကာ သူ၏ပါးဖောင်းဖောင်းလေးကို လက်ညှိုးဖြင့်ထိုးလိုက်သည်။

"သွားဆော့လိုက်နော်။"

"ဟုတ်။"

မင်ဟယ်နှင့် ကျင်းသာ့ပေါင်တို့က မြေပြင်ပေါ်မှ မုန်လာဥနီများနှင့် ဟင်းရွက်များကို အတူတူကောက်ကာ စားဖိုဆောင်ခြံဝင်းထဲမှ ထွက်သွားကြတော့သည်။ သခင်ကြီးယွမ်၏အစေခံဖြစ်သူ ရှောင်ဖန်းကလည်း ၎င်းတို့နောက်ကနေ ထက်ကြပ်မကွာ လိုက်သွားခဲ့လေ၏။

သခင်ကြီးယွမ်ကလည်း ထွက်ခွာသွားခဲ့သည်။

ရှောက်ယွိနှင့် စားတော်ကဲခြောက်ယောက်တို့က စားဖိုဆောင်ထဲသို့ ပြန်ဝင်လာခဲ့ကြ၏။

မင်ဟယ်ကြောင့် ရှောက်ယွိအပေါ် အမြင်ကြည်သွားကြသည့် စားဖိုမှူးများက စားဖိုဆောင်ရှိ ဆန်၊ ဂျုံ၊ ဆီ၊ ဟင်းသီးဟင်းရွက်နှင့် အသားများ မည်သည့်နေရာမှာရှိကြောင်း ရှောက်ယွိကို သေသေချာချာ လိုက်ပြပေးခဲ့ကြ၏။ ရှောက်ယွိ၏အရည်အချင်းကို သေချာမသိသေးသောကြောင့် ၎င်းတို့က ယခုလိုသာ ပြောလိုက်လေသည်။

"တစ်ခုခုလိုအပ်ရင် ငါတို့ကို အကူအညီတောင်းနော်။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သော်လည်း အကူအညီ မယူခဲ့ပေ။ သူက စဉ်းတီတုံးရှေ့မှာရပ်ကာ အခိုက်အတန့်တစ်ခုလောက် အလေးအနက်စဉ်းစားပြီးနောက် ရွှေဖရုံသီး၊ ဆန်၊ ပဲစိမ်း၊ ဝဥနှင့် ပြောင်းဖူးတို့ကို စတင်ပေါင်းလေတော့သည်။

စားတော်ကဲခြောက်ယောက်က ရှောက်ယွိ ဘာလုပ်နေမှန်း လုံးဝနားမလည်ကြပေ။

ရှောက်ယွိကလည်း ရှင်းမပြခဲ့ချေ။ ပေါင်းထားသည့် ပါဝင်ပစ္စည်းများ ကျက်မည့်အချိန်ကိုစောင့်ရင်း သူက ခရမ်းချဉ်သီးခြောက်လုံးကို နုပ်နုပ်စဉ်းကာ အိုးထဲသို့ထည့်၍ သကြားခဲအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်လိုက်သည်။ အရည်များ ပျစ်လာသည်အထိ ဆက်တည်ပြီးနောက် အရသာအတွက် ရှာလကာရည်အကြည်အနည်းငယ်နှင့် အချိုဓါတ်ကို ပိုပြီးပေါ်လွင်စေရန် ဆားအနည်းငယ်ထည့်လိုက်၏။ သူက အရသာရှိသော အိမ်လုပ်ခရမ်းချဉ်သီးဆော့စ်ကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။

ဆန်နှင့် အခြားအရာများ မကျက်သေးသဖြင့် ရှောက်ယွိတစ်ယောက် ရွှေဖရုံသီးတစ်လုံးကို အခွံခွာ၍ အမျှင်လေးများအဖြစ် လှီးဖြတ်လိုက်သည်။ ထို့နောက် ပန်းကန်လုံးအနားအတိုင်း ခွက်ပုံစံရအောင်စီလိုက်ပြီး အထဲမှာ သစ်တော်သီးများ၊ ဝဥတုံးလေးများနှင့် ဆန်စေ့ အနည်းငယ်ထည့်ကာ ပန်းကန်ပြားပေါ်မှောက်၍ ပေါင်းလိုက်ပြန်၏။

ထမင်းကျက်သွားသောအခါ သူ စီစဉ်ထားသည့် ဟင်းလျာများကို စနစ်တကျပြင်ဆင်တော့သည်။

စားတော်ကဲခြောက်ယောက်က နေ့လယ်စာအတွက် ပြင်ဆင်ပြီးသွားသဖြင့် ရှောက်ယွိချက်ထားသည့် အစားအသောက်များကို လာကြည့်ကာ မှင်တက်သွားကြသည်။ ၎င်းတို့အားလုံးက တညီတညွတ်တည်း မေးလာကြလေ၏။

"ဒါတွေက စားလို့ရတာ သေချာရဲ့လား။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့၊ ရပါတယ်။"

စားတော်ကဲများက အနီးကပ်ကြည့်ရန် စုဝေးလာခဲ့ကြသည်။

ရှောက်ယွိတစ်ယောက် ရေခပ်ရန် အပြင်သို့ထွက်လာစဉ် မင်ဟယ်က ခေါင်းငိုက်စိုက်ဖြင့် ဟောင်းနွမ်းနေသောအင်္ကျီစကိုဆုပ်ကိုင်လျက် လျှောက်လာသည်ကို မြင်လိုက်ရလေသည်။ ကျင်းသာ့ပေါင်နှင့် အစေခံအမျိုးသမီးတို့လည်း ပါမလာသဖြင့် ရှောက်ယွိက သိချင်စိတ်ဖြင့် လှမ်းခေါ်လိုက်၏။

"မင်ဟယ်။"

မင်ဟယ်က မျက်ရည်များဝိုင်းနေသော မျက်လုံးလေးများဖြင့် ပြေးလာကာ ရှောက်ယွိ၏ခြေထောက်ကို ဖက်တွယ်လိုက်သည်။ သူ၏မျက်နှာလေးကို သူ့ဦးငယ်၏အဝတ်ဟောင်းများကြားထဲ မြှုပ်နှံကာ ဗလုံးဗထွေးအသံလေးဖြင့် ခေါ်လာခဲ့၏။

"ဦးငယ်။"

"ဘာဖြစ်လို့လဲ။"

မင်ဟယ် တစ်ခုခုဖြစ်နေကြောင်း ရှောက်ယွိ ချက်ချင်းရိပ်မိလိုက်သဖြင့် စိုးရိမ်တကြီးမေးမြန်းလိုက်လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment